Friday, November 12, 2010

ဗုဒ္ဓဘာသာဆိုသည်မှာ



ဗုဒ္ဓဘာသာဆိုသည်မှာ

'ဗုဒ္ဓဘာသာဆိုသည်မှာ' ဟူသောခေါင်းစဉ်အောက်တွင် ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓဘာသာဝင် နှစ်မျိုးလုံး အကျုံး ဝင်သည်။ ဗုဒ္ဓဘာသာနှင့် စပ်လျဉ်း၍ ဗုဒ္ဓဘာသာ ဖြစ်လာဖို့ အဓိက ပဓာန အချက်အချာ ကျသောအရာမှာ ဗုဒ္ဓဘုရား ပင်ဖြစ်လေသည်။ ဗုဒ္ဓဘုရား ဆိုသည်နှင့် ဗုဒ္ဓဘုရား ဟောကြား တော်မူသည့် တရားတော်လည်း ပါဝင်ရမည် ဖြစ်ပြန်သည်။ ထို့ပြင် ဗုဒ္ဓ ဘုရားရှင်၏တပည့် သာဝက ရဟန်း သံဃာများလည်း စပ်ဆိုင်ပါဝင် ပေသည်။

ဗုဒ္ဓဘာသာသည် တရားဓမ္မ ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်သည် အသက်ရှိသော လူသားတို့ဖြစ်သည်။ လူနှင့် ပတ်သက်လာလျှင် လူ့ပတ်ဝန်းကျင် မုချရှိရပြန်သည်။ လူ့ပတ်ဝန်းကျင်တွင် (ဗုဒ္ဓဘာသာဝင်တို့၏ ပတ်ဝန်း ကျင်တွင်)ဘာတွေရှိနေသနည်း။ တော တောင် ရေ မြေဟူသော ဩကာသလောက ပတ်ဝန်းကျင်ကြီးလည်း ရှိနေသည်။ သက်ရှိ သတ္တဝါတည်းဟူသော သတ္တလောက ပတ်ဝန်းကျင်ကြီး လည်းရှိနေသည်။ နွေ၊ မိုး၊ ဆောင်း အပူအအေး စသော ဖြစ်ပျက် ပြုပြင် ပြောင်းလဲနေသည့် သင်္ခါရလောက ပတ်ဝန်းကျင်ကြီးလည်း ရှိနေသည်။

ဗုဒ္ဓဘာသာဝင်တို့၏ သက်ရှိ ပတ်ဝန်းကျင်တွင် အချုပ်အားဖြင့် လူနှင့် တိရစ္ဆာန်ဟူသော သတ္တဝါနှစ်မျိုး နှစ်စား ရှိသည်။ လူတို့တွင် ဗုဒ္ဓဘာသာဝင်တို့နှင့် ကိုးကွယ်မှုဟူသော လူ့ပတ်ဝန်းကျင်ရှိသလို ဗုဒ္ဓဘာသာဝင် တို့နှင့် ကိုးကွယ်မှု မတူသော ဘာသာခြား ပတ်ဝန်းကျင်လည်း ရှိသည်။

အခြားအရေးကြီးသော အချက်တစ်ရပ်မှာ သိပ္ပံပတ်ဝန်းကျင်ပင်ဖြစ်သည်။ ယနေ့ ဗုဒ္ဓဘာသာ ပတ်ဝန်းကျင်တွင် သိပ္ပံသဘောတရားတွေ ရှိလာသည် သိပ္ပံသဘောတရားကလည်း ခေတ်စား နေသည်။ ထိုနည်းတူ ဗုဒ္ဓဘာ သာဝင် လူသားတို့၏ ပတ်ဝန်းကျင်တွင် သိပ္ပံပစ္စည်းတို့က အလျှံပယ် အသုံးခံလာကြသည်။ လူသုံး သိပ္ပံပစ္စည်း အပြင် သိပ္ပံပညာရပ်သုံး သိပ္ပံကိရိယာတို့မှာ အံ့မခန်းလိလိ တိုးတက်နေသည်။

သို့ဖြစ်၍ အသိအမြင်ရှိသော ဗုဒ္ဓဘာသာဝင်တို့သည် မိမိတို့ လက်ရှိနေထိုင် မိုးလင်းမိုးချုပ် နေကြ ရသော ဘဝပတ်ဝန်းကျင်ကို ကောင်းစွာ သတိပြုတတ်ကြရပေမည်။ ဤသို့ သတိပြု ဆင်ခြင်တတ်ပြီး မိမိတို့၏ ဗုဒ္ဓ ဘာသာနှင့် ဗုဒ္ဓဘာသာဝင်တို့၏ ပြုမူဆောင်ရွက်ချက်တို့ကို ပစ္စက္ခပတ်ဝန်းကျင်နှင့် အံဝင်ခွင်ကျဖြစ်အောင် ပဲ့ကိုင်ထိန်းကျောင်း နေထိုင်တတ်ကြရမည် ဖြစ်ပေသည်။

ဤကဲ့သို့ အသိအမြင်မရှိသော (ဝါ) မရှိဘဲလျက် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေသော ဗုဒ္ဓဘာသာဝင်တို့မှာ မူကား ပတ်ဝန်းကျင်၏ ဝါးမျိုမှုကို နေ့စဉ်နေ့တိုင်း ခံနေကြရသည်။ အနည်းငယ် ဖော်ပြရလျှင် ထိုသို့သော အသိမဲ့သတိလွတ်နေသူ ဗုဒ္ဓဘာသာဝင်မျိုးကို ဘာသာခြားတို့က ဝါးမျို နေကြမည်ဖြစ် သည်။ သိပ္ပံပညာက ပြောင်လှောင်နေမည် ဖြစ်သည်။

'မြေမျို၍ လူမျိုးမပျောက်၊ လူမျိုမှ လူမျိုးပျောက်မည'် ဟူသော ဆောင်ပုဒ်ကို အချို့နေရာ၌ ဖတ်ရှု တွေ့မြင်နိုင်ကြသည်။ အသိမဲ့ သတိမဲ့သော ဗုဒ္ဓဘာသာဝင်တို့၏ မျိုးဆက်များဖြစ်ကြသည့် သမီးကညာတို့သည် ဘာသာ ခြားတို့၏ ဝါးမျိုခြင်းကို ခံနေကြရမည် ဖြစ်သည်။ ဗုဒ္ဓဘာသာ ယဉ်ကျေး မှုသည်လည်း ဝါးမျိုခြင်းခံနေကြရမည် ဖြစ်သည်။ တိုင်းရင်းသားစစ်စစ်ဖြစ်ကြသော ပင်မဌာနေ ဗုဒ္ဓ ဘာသာဝင်တို့၏ မွေးရာပါ အခွင့်အရေးတို့သည် လည်း ဝါးမျိုခြင်းခံရ၍ လက်လွတ်ဆုံးရှုံးကြမည် ဖြစ်သည်။

ဤသည်တို့မှာ မိမိတို့၏ ဘဝပတ်ဝန်းကျင်ကို မမြင်တတ် မသိတတ်မှုကြောင့် ဖြစ်ပေါ်နေရသော အကျိုးနည်း မှုများ၊ အကျိုးယုတ်နေမှုများ ဖြစ်သည်။ ဤသည်တို့မှာ အသိမဲ့ သတိမဲ့ ဗုဒ္ဓဘာသာဝင် တို့၏ အရှုံးထွက်မှု အနန္တထဲမှ တချို့သာ ဖြစ်ပေလိမ့်မည်။ ယင်းသို့ဖြင့် လုံးပါးပါးပြီး ရေတိမ်နစ်သွား ကြပေလိမ့်မည်။

အသိမဲ့ သတိမဲ့ ဗုဒ္ဓဘာသာဝင်တို့ထဲမှ အများစုမှာ သနားစရာကောင်းလှသည်။ သူတို့ကို အသိပေးမည့်သူ မရှိရှာ။ သူတို့ခမျာ တနေ့လုပ်မှ တနေ့စားရသည်။ လက်လှုပ်မှ ပါးစပ် လှုပ်ကြရရှာသည်။ သူတို့အဖို့ ဒါနတရား ကလည်း အံမဝင်၊ ကမ္မဠာန်းတရားကလည်း အလှမ်းကွာ၊ သူတို့အတွက် လိုနေသော အသိပေး သြဝါဒမျိုး၊ လမ်းညွှန်မှုမျိုးကလည်း မရ။

သူတို့ခမျာ ဗုဒ္ဓဘာသာ အမည်ခံနေကြသော်လည်း ဗုဒ္ဓဘုရားအကြောင်း ကိုပင် ချေချေငံငံ မသိရှာကြ။ သိအောင်လုပ်ပေးမည့် သူလည်းမရှိ။ ထို့ကြောင့် 'ဘုရားဆိုတာ တစ်ဆူတည်းရှိတာပါ၊ အလကား ဥပါဒါန်စွဲပြီး သူ့ဘုရား ငါ့ဘုရား လုပ်နေတာပါ' ဟု ပြောခြင်းမျိုးကိုပင် ဟုတ်လိမ့်နိုးနိုး ထင်ရှာကြသည်။ တစ်ဆူတည်းသော ဘုရား ဆိုသည်မှာ ဗုဒ္ဓဘုရားကို ရည်မှန်းခြင်း မဟုတ်ဘူး ဆိုသည်ကိုတော့ မသိရှာကြ။ ဤသို့ဖြင့် ဘာသာရေး နားလည့်ခံကြရပြီး သမီးဆုံး၊ ပစ္စည်းဆုံး၊ နောက်ဆုံးကျတော့ 'ပေါက်တဲ့နဖူး မထူးတော့ ပါဘူး' ဟူသော မထူး ဇာတ် ခင်းနေကြရရှာသည်။

ဤသည်တို့မှာ အချို့သော ဗုဒ္ဓဘာသာဝင်တို့နှင့် သူတို့၏ ပတ်ဝန်းကျင်တွင် ပူပူနွေးနွေး ဖြစ်ပျက်နေသော အခြင်းအရာများသာ ဖြစ်သည်။ ရှေးက ဖြစ်ခဲ့သော ပုံပြင်မဟုတ်၊ နောင်ဖြစ်လာမည့် စိတ်ကူးယဉ်မဟုတ်။

သို့ဖြစ်သောကြောင့် အမျိုး ဘာသာ-သာသနာကို အသက်တမျှ မြတ်နိုးကြသော အသိရှိ၊ သတိရှိ ဗုဒ္ဓဘာသာ ဝင်တို့ အနေဖြင့် အသိမဲ့ သတိမဲ့နေသော ဗုဒ္ဓဘာသာဝင်တို့အား အသိပေး သတိပေးဖို့ အထူးလိုအပ်နေသည်။ ဇာတိသွေး ဇာတိမာန်တွေ လျော့ရဲ ကျဆုံးနေကြသူတို့အား တည့်မတ် ထူထောင်ပေးဖို့ အရေးတကြီး လိုအပ် နေသည်။

ယခုဆိုလျှင် ဗုဒ္ဓဘာသာဝင်တို့၏ သားသမီးကလေး များသည် အများအားဖြင့် နာမည်ပျက်နေလေပြီ။ ဘယ်လို နာမည်ပျက်နေသလဲ ဆိုပါလျှင် အထူး သဖြင့် မြန်မာဆိုပါက 'မြန်မာကလေးတွေဟာ အလုပ်မကြိုးစားကြဘူး' တဲ့။ မြန်မာထဲမှာ ကျွန်တော့်သားလည်း ပါသည်၊ ဟုတ်လှသည်။ စာမကြိုးစားချင်၊ အလုပ်မလုပ်ချင်၊ ဂီတာ လေးတဒေါင်ဒေါင်နှင့် နေသော ဗုဒ္ဓဘာသာကလေးတွေကို အားကျနေသဖြင့် မနည်းတားထားရသည်။

ယခု ဘယ်လို ဖြစ်လာသလဲဆိုလျှင် 'မြန်မာတွေဟာ မြန်မာဖြစ်လို့ အလုပ် မကြိုးစားတာလား၊ ဗုဒ္ဓဘာသာဖြစ်လို့ အလုပ်မကြိုးစားတာလား၊ မြန်မာတွေဟာ မြန်မာဖြစ်လို့ တစ်ယောက်ကိုနဲ့တစ်ယောက် မနာလို ဝန်သိုတွေ များပြီး ပူးပေါင်းညီညွှတ်မှု မရှိတာလား၊ ဗုဒ္ဓဘာသာဖြစ်နေကြလို့ ဒီလိုဖြစ်တာလား' ဤသို့ စဉ်းစားသူများပင် ရှိနေ၏။ ဤအတွေးအခေါ်သည် တွေးသင့်-ဆင်ခြင်သင့်ပေ၏။

သို့သော် ဗုဒ္ဓဘာသာ (ဗုဒ္ဓသာသနာ) အတွက် အန္တရာယ်ကြီးလှသည်။ ထိုသို့တွေးမိသူတို့သည် ဗုဒ္ဓဘာသာ (ဗုဒ္ဓသာသနာ) မှာ ယင်းသို့ ဖြစ်စေသည့် တရားမျိုး တစ်ခုမျှ မပါသည်ကို မသိရှာကြ။ ဗုဒ္ဓတရား (ဝါ) ပိဋ ကတ်ပညာ မတတ်ရှာကြ။ ထို့ကြောင့်သာလျှင် ဤသို့သော အတွေးများကို တွေးမိခြင်းဖြစ်ပေမည်။

ဗုဒ္ဓတရား၌ အလုပ်မကြိုးစေသည့် တရားမပါ။ တစ်ယောက်ကိုနဲ့တစ်ယောက် မနာလို ဝန်သိုမှုတွေများပြီး ပူးပေါင်းညီညွှတ်မှု မရှိစေသည့်တရား တစ်ပုဒ်မျှ မပါ။ တကယ်တော့ ယနေ့ ဗုဒ္ဓဘာသာဝင်အချို့၏ လုပ် ဆောင်ချက်မှာ ဗုဒ္ဓတရားနှင့် တောင်နှင့်မြောက်ကဲ့သို့ ဖြစ်နေ၏။ ယင်းအချက်ကို ရေရေလည်လည် မသိ သူများက 'ဗုဒ္ဓဘာသာကြောင့် မြန်မာတွေ ဒီလိုဖြစ်တာ' ဟု မှားမှားယွင်းယွင်း ကောက်ချက်ချသော် ဗုဒ္ဓ ဘာသာပျက်စီးတော့မည်မှာ သေချာသည်။

ဗုဒ္ဓဘာသာဝင်တို့၏ ဘဝနှင့်ပတ်ဝန်းကျင်ကို ဆက်စပ်ပြီး ဤသို့ဤနှယ် စဉ်းစား သုံးသပ်မိလေသောအခါ 'အသိမဲ့ သတိမဲ့ ဗုဒ္ဓဘာသာဝင်များကို အသိပေး သတိပေးဖို့ အထူးလိုနေပြီ' ဟူ၍ သဘောပေါက်လျက်ရှိပေ၏။ ထို့ကြောင့် မိမိလက်လှမ်းမီသော ဗုဒ္ဓဘာသာဝင်များကိုတော့ အသိပေး နေပါ၏၊ သတိပေးနေပါ၏။ မည်သူ့
ကိုမျှမထိပါးစေဘဲ ကိုယ့်လူတွေကိုတော့ ပြောရဟော ရမည်။ ပြောနိုင် ဟောနိုင်သေးသည် မဟုတ်ပါလော။

ကျွန်ုပ်တို့သည် မိမိတို့၏မိသားစု၊ ဆွေမျိုးစု၊ မိတ်ဆွေစုထဲမှဘာသာရေးသန်းခေါင်စာရင်း ပြုလုပ်ထားသင့်၏။ နှစ်ချုပ်လျှင် 'တို့ ဗုဒ္ဓဘာသာထဲသို့ ဘယ်နှစ်ယောက် ဝင်ရောက်လာသလဲ၊ တို့ ဗုဒ္ဓဘာသာထဲမှ ဘယ်နှစ်ယောက် ထွက်ခွာသွားသလ'ဲ ဟု စာရင်း ပြုလုပ်သင့်၏။ ထိုသို့ ဝင်ရောက် လာခြင်း ထွက်ခွာသွားခြင်း၏ အကြောင်းရင်း ကိုလည်း ဆင်ခြင်သုံးသပ် ဆွေးနွေးသင့်ကြ၏။
တစ်ဆက်တည်းပင် ဆက်လက် တွေးခေါ်မြော်မြင်ကြည့်သင့်သည်မှာ-
ဗုဒ္ဓဘာသာဝင်ထဲက လျော့သွားလေသမျှ ဘယ်မှာတိုးတိုးသွားသလဲ။
လျော့ပါများလျှင် တိုးပါများလျှင် ဘာဖြစ်လာမလဲ ဟူ၍ ဖြစ်ပါသတည်း။


နှစ်ဖက်လှ
၁၉၉၀၊ဇန်နဝါရီလ၊ အမှတ် ၁။