Sunday, November 28, 2010

တရား ချိန်ခွင် ( သို့ ) မဟာပဒေသ ၄ ပါး



ချစ်သားရဟန်းတို့၊ နောင်တချိန်ငါဘုရားမရှိတော့တဲ့သာသနာနောက်ပိုင်းမှာ ဓမ္မ ၀ိနယနဲ့ ပက်သက်လို့ သံသယဖြစ်စရာကြုံခဲ့မယ် ဆိုရင် အခု ငါဘုရား ဟောကြားတော်မူမယ့် မဟာပဒေသ လေးပါး နဲ့ ချိန်ညှိပြီး သင်တို့ ဆုံးဖြတ်နိုင်ပါတယ်။

ဒီနိဒါန်းစကားကို အခြေခံ မိန့်တော်မူနေတဲ့ ဘုရားရှင်ကတော့ ဘောဂ အမည်ရှိတဲ့မြို့အနီး အာနန္ဒာစေတီ နတ်ကွန်းမှာ သီတင်းသုံးတော်မူနေချိန်ဖြစ်ပါတယ်။


၁။ တကယ်လို့များ နောင်အနာဂါတ်ကာလမှာ ရဟန်းတပါးက ဒါက ဓမ္မပဲ၊ ဒါက ၀ိနယပဲ၊ ဒါကတော့ ဘုရားရှင် အဆုံးအမပဲ၊ ဒါတွေ အားလုံးကို ငါကိုယ်တိုင် ဘုရားရှင်ဆီက တိုက်ရိုက် သင်ယူခဲ့တာပါ လို့ အဆို တင်သွင်းလာတယ်
ဆိုပါစို့၊


အဲဒီအချိန်မှာ ချစ်သားတို့ဟာ ၀မ်း မသာပါနဲ့အုံး၊ ကဲ့ရဲ့လည်း မကဲ့ရဲ့ ပါနဲ့၊ သူပြောတဲ့ အက္ခရာ ပုဒ် ပါဋ္ဌ် အပြည့်အစုံကို ကောင်းကောင်း မှတ်သားပြီး ငါဘုရား ဟောထားတဲ့ သုတ္တန်တွေထဲကို သွင်းကြည့်ပါ၊ ၀ိနည်း တွေနဲ့ ချိန်ကြည့်ပါ၊
အကယ်၍များ သုတ္တန်ထဲမှာလဲ ထည့်သွင်းလို့ မရဘူး၊ ၀ိနည်းနဲ့
လဲ မကိုက်ညီဘူး ဆိုလျင်ဖြင့် ဒါဟာ ဘုရားစကားတော် အဆုံးအမ မဟုတ်ဘူး၊

ဒီရဟန်းဟာ သေသေချာချာ မသင်ယူလို့ လွဲချော်နေတာ ဖြစ်ရမယ် လို့ တထစ်ချ ဆုံးဖြတ်ပြီး
ပယ်သာ ပယ်လိုက်ပါတော့။


ပြောင်းပြန်အနေနဲ့ သုတ္တန် ၀ိနည်းတွေ နဲ့ ကိုက်ညီနေလျင် လက်ခံ ရပါမယ်။


(မှတ်ချက် ၁ ) သာမာန် ရဟန်းတပါးကြောင့်လဲ ဓမ္မဥပဒေသ ကို မချိုးဖောက်ပါနဲ့ ဆိုတာ ဖော်ပြနေပါတယ်။



၂။ တကယ်လို့များ နောင်အနာဂါတ်ကာလမှာ အားလုံးက ရိုသေ လေးစားလောက်တဲ့ သံဃထေရ်ကြီးတွေ အကြီးအမှုးတွေ ပါဝင်နေတဲ့ သံဃာ အုပ်စု တစုစုက ငါဘုရားရှင်ဆီက သူတို့ ကိုယ်တိုင် သင်ခဲ့ပါတယ် ဆိုပြီး အထက်က နည်းအတိုင်းပဲ အယူတွေကို တင်သွင်းလာရင် စောစောကလို
သုတ္တန်တွေ ၀ိနည်းတွေနဲ့ ညှိနှိုင်း ကြည့်ကြပါ၊ အားလုံး ကိုက်ညီရင် လက်ခံပြီး
မကိုက်ညီဘူး ဆိုရင်တော့ မထေရ်ကြီးအပါအ၀င် ဒီသံဃာအုပ်စုဟာ
သေသေချာချာ မသင်ယူလို့ ဖြစ်ရမယ် လို့ တထစ်ချ ဆုံးဖြတ်ပြီး ပယ်သာ ပယ်လိုက်ပါတော့။


ပြောင်းပြန်အနေနဲ့ သုတ္တန် ၀ိနည်းတွေ နဲ့ ကိုက်ညီနေလျင် လက်ခံရပါမယ်။


( မှတ်ချက် ၂ ) တစ်ပါးထည်းမဟုတ်ပဲ သံဃာ အုပ်စု အများ ကြောင့်လဲ ဓမ္မဥပဒေသ ကို မချိုးဖောက်ပါနဲ့ ။



၃။ တကယ်လို့များ နောင်အနာဂါတ်ကာလမှာ စွယ်စုံတတ်ကျွမ်းတဲ့ ဗဟုဿုတဂုဏ်၊ ပါဠိတော်တွေ အာဂုံဆောင်ထားတဲ့ အာဂတာဂမဂုဏ်၊ ဓမ္မဓရဂုဏ်၊ ၀ိနယဓရဂုဏ်၊ မာတိကာဓရဂုဏ် စတဲ့ ဂုဏ်ပေါင်းများစွာ ပြည့်စုံတဲ့ မထေရ်ကြီးတွေ( ရဟန်းတော်တွေ ) အုပ်စုလိုက်က ငါဘုရားဆီက
သူတို့ကိုယ်တိုင် သင်ယူခဲ့တာပါ ဆိုပြီး အယူတွေ တင်သွင်းလာရင်လဲ ရှေးနည်းအတိုင်း တိုက်ဆိုင်ကြည့်ကြပါ၊
သုတ္တန် ၀ိနည်းနဲ့ ကိုက်ညီရင် လက်ခံပါ၊ မညီရင် ပယ်သာ ပယ်လိုက်ပါတော့။


(မှတ်ချက်၃) လောကီလောကုတ္တရာ ဘွဲ့ထူးဂုဏ်ဒြပ်တွေကြောင့်ဖြစ်စေ၊ မထေရ်ကြီးတွေမျက်နှာကြောင့်ဖြစ်စေ၊ သံဃာအုပ်စု ကြောင့်ဖြစ်စေ ဓမ္မဥပဒေသ ကို မချိုးဖောက်ပါနဲ့ ။



၎။ တကယ်လို့များ နောင်အနာဂါတ်ကာလမှာ အထက်က ဂုဏ်ဒြပ်တွေ အားလုံး ပြည့်စုံတဲ့ မထေရ်တပါးပါး (သို့) ရဟန်းတပါးပါး ဟာ ငါဘုရား ဆီကနေ ကိုယ်တိုင် တိုက်ရိုက် သင်ယူခဲ့ပါတယ် ဆိုပြီး အဆို တင်သွင်းလာတယ် ဆိုပါစို့၊ အဲဒီအချိန်မှာ ၀မ်း မသာပါနဲ့အုံး၊ ကဲ့ရဲ့လည်း
မကဲ့ရဲ့ ပါနဲ့အုံး၊


သူပြောတဲ့စကားကို ကောင်းကောင်း မှတ်သားပြီး သုတ္တန်တွေထဲကို သွင်းကြည့်ပါ၊ ၀ိနည်း တွေနဲ့ ချိန်ကြည့်ပါ၊ အကယ်၍များ သုတ္တန်ထဲမှာလဲ ထည့်သွင်းလို့ မရဘူး၊ ၀ိနည်းနဲ့ လဲ မကိုက်ညီဘူး ဆိုလျင်ဖြင့် ဒါဟာ ဘုရားစကားတော်
အဆုံးအမ မဟုတ်ဘူး၊ ဒီမထေရ် ရဟန်းဟာ သေသေချာချာ မသင်ယူလို့ လွဲချော်နေတာ
ဖြစ်ရမယ် လို့ တထစ်ချ ဆုံးဖြတ်ပြီး ပယ်သာ ပယ်လိုက်ပါတော့။


ပြောင်းပြန်အနေနဲ့ သုတ္တန် ၀ိနည်းတွေ နဲ့ ကိုက်ညီနေလျင်ဖြင့် လက်ခံ ပြီး ဆက်လက် ကျင့်သုံးနိုင်ပါတယ်။


(မှတ်ချက် ၄ ) ပရိသတ် အခြံအရံတွေ၊ ဘွဲ့ထူးဂုဏ် ဒြပ်တွေ၊ ဆိုတဲ့ အကြောင်းတရားတွေကြောင့် ငါဘုရားရဲ့ ဓမ္မ ဥပဒေသတွေကို မချိုးဖောက် မဖျက်ဆီးပါနဲ့။


ဓမ္မကို ချစ်မြတ်နိုးကြကုန်သော သူတော်ကောင်းအပေါင်းတို့ အတွက် စစ်မှန်သော တ၇ားတော် ဟုတ် မဟုတ်ကို ချိန်ထိုး ကြည့်နိုင်ဖို့ တင်ပြလိုက်ပါတယ်။


ကျမ်းကိုး။


(မဟာပဒေသ သုတ်၊ သဉ္စေတနိယ ၀ဂ်၊ စတုက္ကနိပါတ၊ အင်္ဂုတ္တရပါဠိတော်။)