ဘဝဟူသည်
စာမရေးဖြစ်တာ ငါးပတ် တိတိတောင် ကြာသွားခဲ့ပါပြီ။ ခုတလော အလုပ်ကလည်း နည်းနည်း ရှုပ်နေပါသည်။
ရှုပ်နေသည့် အလုပ်ကြောင့် စာရေးချင်စိတ်လည်း မရှိလှပါ။ ထို့ကြောင့် ဘာမှ အသစ်မရေးဖြစ်ပါဘူး။
လာပြီး စာဖတ်ကြသူတွေကို အမှန်တကယ် အားနာနေမိပါသည်။
သို့ပေမဲ့ ဘဝအကြောင်း စာတွေတော့ ခုတလော ဖတ်ဖြစ်နေသည်။ ဒီတော့ ဘဝ အကြောင်းများ
ရေးရမလားလို့ စဉ်းစားမိပါသည်။ ဘဝ အကြောင်း ဆိုလို့ ထူးထွေ ဆန်းပြားလှတဲ့ နေ့စဉ် ရုန်းကန်နေရတဲ့
ဘဝများ၊ ပျော်ရွှင် ကြည်နူးရတဲ့ ဘဝများ၊ အထီးကျန်းကာ ဆဲရဲမှု လှိုင်းလုံးကြီးတွေ ကြားက
ဘဝမျိုးများနှင့် ဘဝထိုထို အတွင်းမှ အတွေ့အကြုံများကို ရေးဖို့ ပြောတာတော့ မဟုတ်ပါ။
စာပေထဲက ဘဝကိုသာ ပြောတာပါ။
ဘဝအကြောင်း နည်းနည်း ရေးမယ်ဆိုတော့ ၁၉၉၈ ခုနှစ်လောက်က တက်ခဲ့ရသည့် သင်တန်း တစ်ခုကို
သတိယမိပါသေးသည်။ သင်တန်းက ရဟန်းတော်များ အတွက် မြန်မာစာ၊ အခြေခံ အင်္ဂလိပ်စာနှင့် ကွန်ပျူတာ
သင်တန်းပါ။ (စကားစပ်လို့ ပြောရလျှင် ကွန်ပြူတာ သင်တန်း ဆိုလို့ အထင်မကြီးလိုက်ပါနှင့်။
ဝါသနာ နည်းတော့ ယခုထိ ကွန်ပြူတာ ပညာ မတတ်ပါ။) သင်တန်းဖွင့်တာက ရန်ကုန်၊ အင်းစိန်မြို့နယ်၊
ဗိုလ်ကုန်းရပ်က မဟာသွံသာရကျောင်းမှာ ဖြစ်ပါသည်။
သင်တန်း ဆရာတွေက နှစ်ဖက်လှ ဦးကျော်လွင်၊ မြန်မာစာ ဆရာကြီး ဦးစံတင် (ရန်ကုန်တက္ကသိုလ်)
စတဲ့ နာမည်ကြီး ဆရာကြီးတွေပါ။ သင်တန်းမှူးလည်းဖြစ်၊ အဲဒီ သင်တန်းမှာ တစ်ပါးတည်းသော
ဘုန်းကြီး ဆရာလည်း ဖြစ်သူကတော့ မဟာသွံသာရ ဘုရားကျောင်း ဆရာတော် ဦးကုမာရ ဖြစ်ပါတယ်။
ဆရာတော်က စာသင်သည့် အခါ တက္ကသိုလ် ဘုန်းနိုင်၏ စာတစ်ပိုဒ်ကို မကြာခဏ ရွတ်ဆိုပြပါတယ်။
သူဟာ ရန်ကုန်တက္ကသိုလ်မှ BSC ဘွဲ့ယူခဲ့ရာ ပညာရေး စနစ်လည်း ပျက်သုဉ်း၊ တက္ကသိုလ်ကြီးလည်း
ခြောက်ကပ်ကပ် ဖြစ်နေသည်ကို စိတ်မကောင်း ဖြစ်မိလေသလား မသိ။ ထိုစာကို ရွတ်ပြတော့မည့် အခါ
တက္ကသိုလ် ကျောင်းတော်ကြီး၏ ဂုဏ်ရောင်နှင့် ခမ်းနားမှုတို့ကို ပြောပြတတ်ပါသေးသည်။
တက္ကသိုလ်
ဝန်းကျင်ကို ဖွဲ့ဆိုထား သည့် စာတွေဖတ်၍ ငယ်စဉ်က တက္ကသိုလ်ကို တက်ရောက်လိုသည့် ဆန္ဒ ကြီးမားလှကြောင်းကိုလည်း
ပြောပြခဲ့ ပါသည်။ တက္ကသိုလ်နှင့် ဆိုင်သည့် စာရေးဆရာ အချို့၏ အရေးအဖွဲ့တို့ကိုလည်း ရွတ်ဆိုပြတတ်ပါသေးသည်။
ဆရာတော် ရွတ်ဆိုပြသည့် စာရေးဆရာ အသီးသီး၏ ထိုထိုသို့သော စာ အဖွဲ့အနွဲ့ကောင်းတို့ကို
မမှတ်မိတော့သော် ငြားလည်း ဆရာ တက္ကသိုလ် ဘုန်းနိုင်၏ “ဘဝတစ်လွှာ”ကိုမူ မှတ်မိနေပါသေးသည်။
ဘဝတစ်လွှာ အဖွဲ့က -
“ဘဝ ဟူသည်ကို သစ်ရွက်နှင့် ပမာပုံခိုင်း၍ နှိုင်းစတမ်း ဆိုပါလျှင် -တစ်ရိုးတံ အလွှာငယ် တစ်ဆယ်မကနှင့် ကြွယ်လှသော စိမ်ပန်းရွက်နှယ် ဘဝမျိုးလည်း ရှိသည်။တစ်ညှာတွင် တစ်လွှာရှိ၍ ဤတစ်လွှာပင် တစ်ရွက်မည်သော ညောင်ရွက်ကဲ့သို့ ဘဝမျိုးလည်း
ရှိပါ၏။ ခိုင်နှင့် ကျွန်တော့် ဘဝမှာမူ နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်ရသည့် စွယ်တော်ရွက်
ပမာသာ ဖြစ်ခဲ့ရသည်။ တစ်လွှာ ကြွေခဲ့လေပြီမင့်၊ တစ်ရွက် မမည်လေတော့သော အထီးကျန် ဤ ဘဝဝယ်
…” ဟု ဘဝကို သရုပ်ခွဲပြထားသည့် စာဖြစ်ပါသည်။
ဆရာကြီး ဘုန်းနိုင်သည် နာမ်နှင့် ရုပ် ပေါင်းစည်းထားသည့် တနည်းဆိုရသော် ခန္ဓာ ငါးမျိုးဖြင့်
ဖွဲ့စည်းအပ်သည့် လူ့ဘဝ၊ အမျိုးမျိုးသော အကြောင်းတရားတို့ စိုးမိုးခြယ်လှယ်အပ်သည့် ဘဝ၊
အညမည သဘောတရားတို့ ယှက်နွယ်လျှက် ထောက်ပံ့ထားအပ်သည့် လူ့ဘဝ အဖြစ်သနစ်ကို ဝတ္ထုဖြင့်
ဖွဲနွဲ့ကာ ဖော်ကျူးလိုဟန် ရှိသည်။ ဘဝ၏ သဘောကို ဖွင့်ပြလိုဟန် ရှိသည်ဟု ထင်ပါသည်။ သို့ဖြင့်
ကျယ်ပြောလှသည့် ဘဝပင်လယ်ကို ကြည့်ကာ သရုပ်ခွဲကြည့်သည်။ နာမည် မှည့်ကြည့်သည်။ သူ တွေ့ရသည့်
ဘဝတွေက စိမ်ပန်းရွက်နှင့် တူသည့် ဘဝ၊ ညောင်ရွက်လို ဘဝနှင့် စွယ်တော်ရွက်ပမာ ဘဝတွေပါတဲ့။
ဆရာ ခွဲပြထားသည့် ဘဝသရုပ်နှင့် နာမည်တွေက အတော် စွဲမက်ဖွယ် ကောင်းသည်။ အဖွဲ့အနွဲ့ကလည်း
ဆွဲဆောင်မှု အပြည့်။ ယင်းအဖွဲ့ကို ကြည့်ပြီး ဆရာ့ ဝတ္ထုကို ခံစားမှု အပိုင်းက မဟုတ်ပဲ
ဒဿန ရှုဒေါင့်မှ ချဉ်းကပ်ခါ ဖတ်ကြည့်ရသော် ကောင်း၏ဟု တွေးမိပြီး စာအုပ် ရှာလိုစိတ်ပင်
ပေါက်မိလိုက်ပါသေး၏။ သို့သော် မိမိက ဆရာကြီး၏ ထိုဝတ္ထုကို ဝေဖန်ဖို့လည်း မဟုတ်၊ ဖွင့်ဆို
ရှင်းပြဖို့လည်း မရည်ရွယ်။
ထို့ပြင် မိမိ၏ လက်ရှိ အခြေအနေ၊ အချိန်အခါနှင့်လည်း မကိုက်ညီ။
ဝတ္ထုဖတ်ဖို့ အခွင့်ရသည့် အသိုင်းအဝိုင်းတွင် မနေခဲ့ရသဖြင့် ဖတ်လိုသည့် ဆန္ဒကလည်း နည်းပါးလှရာ
ထိုအတွေးကို အဝေးမှာပဲ စွန့်ပစ်လိုက်ရပါသည်။ (ဖတ်ဖူးသူတွေ ဆွေးနွေးပြ လျှင်တော့ သိပ်ကောင်းမည်ဟု
တွေးမိပါသေးသည်။)
မိမိ ရေးလိုသည့် ဘဝ အကြောင်းကတော့ ဗုဒ္ဓဒဿန နယ်ပယ်မှ ရှုမြင်ထားသည့် ဘဝအကြောင်း
တစေ့တစောင်းပင် ဖြစ်ပါသည်။ ယင်း ဘဝအကြောင်းကို မရေးမီ စပ်ဆိုင်လာသဖြင့် တက်ခဲ့ဖူးသည့်
သင်တန်း အကြောင်းကို သတိယပြီး နိဒါန်းပျိုးသည့် သဖွယ် စ-ရေးလိုက်ခြင်းပါ။
လာမည့် ပို့စ်တွေမှာ ဗုဒ္ဓဒဿနမှာ လာတဲ့ ဘဝအကြာင်းကို အထိုက် အလျှောက်မျှ ဆွေးနွေးကြည့်နိုင်မည်
ဟု မျှော်လင့်ပါသည်။ ထောက်ပြ ဝေဖန် အကြံပြုကြမည် ဆိုလျှင် ဝမ်းမြောက်စွာ ကြိုဆိုပါမည်။
ဖတ်တဲ့အတွက် ကျေးဇူးတင်ပါသည်။
ဘုန်းဉာဏ်