အောင့်မြဲအောင့်တော့တယ်
ဘ၀ရဲ့ "မရှိမဖြစ်အရည်အသွေး"တွေထဲမှာ သတ္တိဟာ ထိပ်ဆုံးက ပါပါတယ်။ သတ္တိထဲမှာလည်း ပြုလုပ်ရဲတဲ့ သတ္တိထက် ခံနိုင်ရည်ရှိမှု သတ္တိက ပိုပြီးအဆင့်အတန်း မြင့်တာပါ။ ပြုရဲတဲ့သတ္တိကို ပါဠိဘာသာနဲ့ "၀ီရိယ"လို့ခေါ်ပြီး၊ ခံယူရဲတဲ့ သတ္တိကိုတော့ "ခန္တီ"လို့ ခေါ်ပါတယ်။ အဲဒီ (၂)ခုလုံးစာ မြင့်မြတ်သူတို့လျှောက်လှမ်းရာ ပါရမီလမ်း ခရီးမှာတော့ မပါရင်မပြီးတဲ့ အရာတွေဖြစ်ပါတယ်။
"ခန္တီပရမံ တပေါတိ တိက္ခာ၊ = အထက်တန်းကျမြင့်မြတ်တဲ့ အကျင့်တွေထဲမှာ ခန္တီဟာ အသာလွန်ဆုံးလို့ သြ၀ါဒပါတိမောက်မှာ ဗုဒ္ဓမြတ်စွာ ဟောမိန့်တော်မူခဲ့ပါတယ်။ ခန္တီတရားဟာ တကယ်တော့ ဘ၀ရဲ့မင်္ဂလာပါ။ သူ့မှာမြင့်မားတဲ့ ဂုဏ်သိက္ခာနဲ့ ထည်ဝါတဲ့ကျက်သရေရှိပါတယ်။ ကုသိုလ်ကောင်းမှုမှန်သမျှရဲ့ မူလရေသောက်မြစ်ဟာခန္တီပါ။ မြင့်မြတ်မှု အသီးအပွင့် မှန်သမျှဟာ ခန္တီပေါ်မှာ မှီတည်ပြီးမှ ရှင်သန်ပေါက်ဖွား လာကြရတာပါ။ သူတော်သူမြတ်တစ်ဦးရဲ့ ဂုဏ်ရည်ကို ဒီပေတံနဲ့ တိုင်းတာသတ်မှတ် ဆုံးဖြတ် နိုင်ပါတယ်။
ခန္တီကိုသည်းခံခြင်းလို့ တိုတိုကျဉ်းကျဉ်း မြန်မာပြန်ဆိုနိုင်ပေမယ့် သူရဲ့ အနက် အဓိပ္ပါယ်ဟာ အလွန်ကျယ်ပြန့်ပါတယ်။ ပါဠိကျမ်းစာတွေကတော့ ခန္တီရဲ့ ပင်ရင်းအနက် အဓိပ္ပါယ်ကို "အဒေါသ=ဒေါသမရှိတဲ့ အခြေအနေ"လို့ ဖွင့်ဆိုပြောဆိုဖော်ပြကြပါတယ်။ ဆိုလိုတာကတော့ သာမန် ပုထုဇဉ်တွေမှာ မိမိကိုမိမိ ချစ်သူတွေကို၊ မိမိရဲ့ အခွင့်အရေး တွေကို သူတစ်ပါးက မတရားစော်ကား လွန်ကျူးလာရင် ဒေါသနဲ့လက်တုံ့ပြန်တတ်ကြ ပါတယ်။ သူတော်ကောင်းတွေမှာတော့ အဲဒီလိုမျိုး အစော်ကားခံရတဲ့အခါ ဘ၀နဲ့ လောကရဲ့သဘာဝ ဖြစ်ရပ်မှန်တွေကို နောကျေအောင် သိထားကြတာမို့"[B]အရာအားလုံးကို ခွင့်လွှက်ခြင်းဟာ အရာအရားလုံးကို နားလည်ခြင်းပဲဖြစ်တယ်"[/B] ဆိုတဲ့စကားပုံအတိုင်း အခြေအနေ အရပ်ရပ်ကို ဒေါသမထွက် မေတ္တာမပျက်ဘဲ သည်းခံနားလည် ခွင့်လွှတ်နိုင်ကြပါတယ်။
ဒါကြောင့် ခန္တီစစ်စစ်ဟာ တန်ခိုးအလွန်ကြီးပါတယ်။ တကယ်တော့ စိတ်နေ သဘောထားကြီးမားခြင်းကို အလယ်မှာထားပြီး မေတ္တာ၊ ကရုဏာနှင့် ဉာဏ်ပညာတို့ကို တစ်ဖက်တစ်ချက်စီမှ ခြံရံကာ ထွက်ပေါ်လာတတ်တဲ့ ဒီ "ခန္တီ နတ်မင်းကြီး"ဟာ လောကပါလ- လောကကို စောင့် နတ်မင်းကြီး အစစ်ဖြစ်ပါတယ်။
ဒီနတ်မင်းကြီးကပဲ လောကမှာ အဓမ္မ၀ါဒတွေ မထွန်းကားအောင် အစွန်းမထွက်တဲ့ နည်းနဲ့ တားဆီးကာကွယ် ပေးနိုင်မှာပါ။ အဓမ္မကို ဓမ္မနဲ့ပဲ အောင်မြင်နိုင်ပါတယ်။ ဒီအတွက် မတရားမှုတွေကို သည်းခံမှုနဲ့ပဲ သူတော်သူမြတ် အစဉ်အဆက်တို့ဟာ ပျောက်ကွယ် ချုပ်ငြိမ်းသွား စေခဲ့ကြ တာဖြစ်ပါတယ်။
သည်းခံခြင်း-ခန္တီတရားဟာ သူတော်ကောင်းတရားကို အင်အားဖြစ်စေပြီး ဘ၀ကို ချမ်းမြေ့စေပါတယ်။ ပတ်ဝန်းကျင်နဲ့ ဆက်သွယ်ကူးလူးမှုကို ချောမွေ့စေပြီး စိတ်ဓာတ်နဲ့ အသိဉာဏ်ကိုလည်း လွတ်လပ်ပွင့်လင်း ကြွယ်ဝပြည့်စုံစေပါတယ်။ သို့သော်ခန္တီဆိုတာ ပါရမီစခန်း အကျင့် လမ်းဖြစ်တာမို့ အလွယ်တကူနဲ့တော့ ဖြစ်ပေါ်ရိုးထုံးစံမရှိပါ။ ပါရမီဆိုတာကလည်း အဆန်သဘောဖြစ်တာကြောင့် သူလိုငါလို လူတွေ အဖို့တော့ သည်းခံခြင်းဆိုတာ အပြောလွယ်သလောက် လက်တွေ့လိုက်နာဖို့ မလွယ်ကူတဲ့ကျင့်စဉ် တစ်ခုအဖြစ် မှတ်ယူနိုင်ပါတယ်။ ဒါပေမယ့် သူတော်ကောင်း ရာဇ၀င်မှာ နာမည်တွင်ကျန်ရစ် ခဲ့တဲ့ ပုဂ္ဂိုလ်မြတ်တွေကတော့ သည်းခံခြင်းတရားကို လက်တွေ့ ကျင့်သုံး အကောင် အထည်ဖော် သွားကြတာပဲဖြစ်ပါတယ်။
ရင့်ကျက်မှုအနေအထားအရ သည်းခံပုံအနေအထားအမျိုးမျိုး ကွဲပြားနိုင်ပါတယ်။ အပြုံးနဲ့သည်းခံခြင်း။ အမုန်းနဲ့သည်းခံခြင်း၊ ချုပ်တည်း သည်းခံခြင်းလို့ သည်းခံပုံ(၃)မျိုးမှာ အပြုံးနဲ့ သည်းခံနိုင်ခြင်းဟာ ခန္တီအစစ်ဖြစ်ပါတယ်။ အမုန်းနဲ့သည်းခံခြင်းကတော့ "မနိုင်လို့သာသည်း ခံလိုက်ရတယ်၊ စိတ်ထဲမှာ နည်းနည်းမျှ မကျေနပ်ဘူး"ဆိုတဲ့ အငြိုး အတေး၊ "အာဃာတ"အမြစ်တွယ်နေတာမို့ ခန္တီအစစ်မဖြစ်နိုင်ပါ။ တစ်ခါတစ်ရံမှာ ဖြစ်ပေါ်လာတဲ့ အခြေအနေကို စိတ်တိုင်းမကျ မကြိုက်နှစ်သက်ပေမယ့် "ပညာရှိအမျက် အပြင်မထွက်"ဆိုတာမျိုးလို အောင့်အည်းသည်းခံ လိုက်ရတာလည်း ရှိတတ် ပါတယ်။ ဒါမျိုးကိုလည်း ခန္တီလို့ မခေါ်နိုင်ပါ။ အက္ကောဓ=အမျက်မထွက် (စိတ်မဆိုးမှု) လို့သာပဲ ခေါ် ဆိုနိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ် သူလို ငါ့လို ပုဂ္ဂိုလ်များထက် မြင့်မြတ်လိုသူတွေကတော့ သည်းခံခြင်း ခန္တီတရားကို မလွဲမသွေ ကြိုးစားကျင့်ကြံနိုင်ဖို့လိုပါတယ်။ သည်းခံခြင်းနဲ့ မြင့်မြတ်ခြင်းဟာ အကျိုးအကြောင်း နိယာမ အနေနဲ လည်ပတ်နေတဲ့ စက်ဝန်းဖြစ်ရပ် တစ်ခုပါ။ သည်းခံခြင်းကြောင့် မြင့်မြတ်ပြီး၊ မြင့်မြတ်ခြင်းကြောင့်လည်း သည်းခံရပါတယ်။ ဒါကြောင့်ဘယ်သူမဆို မိမိတို့ရောက်နေတဲ့နေရာကစပြီး ခန္တီပါရမီ လမ်းမပေါ်ရောက်အောင် ဖြည်းဖြည်းချင်း ကြိုးစားလျှောက်လှမ်းကြရမှာပဲ ဖြစ်ပါတယ်။
"စောင့်ဆိုင်းသည်းခံခြင်းကို နားလည်တာဟာ အောင်မြင်ခြင်းရဲ့ အကြီးမားဆုံး လျှိုဝှက်ချက်ပါပဲ"လို့လည်း ပညာရှင်တစ်ဦးက ဆိုမိန့်ခဲ့ဖူးပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး၊ အမရပူရ(တောင်မြို့) မဟာဂန္ဓာရုံဆရာတော်(အရှင်ဇနကာဘိဝံသ)ပြော ပြခဲ့ဖူးတဲ့ ပုံပြင်တစ်ပုဒ်ကို သတိရမိပါတယ်။
တစ်ခါတုန်းက နေပြည်တော်ကြီးတစ်ခုရဲ့ ရွှေနန်းတော်ထဲမှာ ဇာတ်ပွဲသဘင် တစ်ခု ခင်းကျင်ကပြသတဲ့။ အဲဒီညီလာခံကပွဲကို ဘုရင် မင်းမြတ်နဲ့တကွ မိဖုရား၊ မင်းညီမင်းသား၊ နန်းတွင်းသူ၊ နန်းတွင်းသားတွေ အားလုံးစုံညီလာရောက် ကြည့်ရှု ကြတာပေါ့။
ဇာတ်အဖွဲ့ဟာ တစ်ညလုံးကြိုးစားပြီး ကပြကြပေမယ့် ဘယ်သူကမျှ ဆုတော်လာဘ်တော်များ မချဘူးတဲ့။ သန်းခေါင်ကျော်လို့ မိုးကဖြင့်လင်းခါနီးနေပြီ၊ ဒီတော့မင်းသမီးလုပ်တဲ့သူက အငြိမ့်ကရာကနေပြီးတော့ ၀မ်းနည်းတဲ့လေသံကလေးနဲ့ ထေ့စကား ငေါ့စကားများ ပြောကြားပါတယ်။
ဒီအခါမှာ အငြိမ့်ပွဲထဲ မင်းသားလုပ်တဲ့သူက အားပေးတာပေါ့လေ။ ဘယ့်နှယ်တုံးဆိုတော့"အို ကွာ….ပရိသတ်တွေက ဆုတော်လာဘ်တော်များ မချလည်း ၀မ်းမနည်းပါနဲ့ ၊ တို့များ ကြိုးစားပြီး ကပြလာတာ ပွဲပေါင်းလည်းမနည်းတော့ပါဘူး။ အခုပွဲလည်း မိုးလင်းခါနီး နေပါပြီ။ အားပေးတာပေါ့။ အဲဒီအခါ မင်းသမီးက အသံကလေး စာစာ စာစာနဲ့ " အောင့်မြဲဆက်ပြီး အောင့်ပါတော့မယ်"ဆိုတဲ့ အဓိပ္ပါယ်ပါတဲ့ သီချင်းကလေးတစ်ပုဒ်ကို ဟစ်ပြီးတော့ ဆိုလိုက်ပါသတဲ့။
အဲဒီတော့မှ ပွဲကြည့်ပရိသတ်ထဲက ရှင်ဘုရင်သားတော်က ထပြီးဆုတစ်ဆုချသတဲ့။ ဘာလို့ဆုချ ရတာလဲ ဆိုတော့ အကြောင်းရှိပါသတဲ့။ "သူဟာ ခမည်းတော် ဘုရင်ကြီးကို လုပ်ကြံဖို့ ဘယ်တော့မှစိတ်မကူးပါဘူးလို့ ငယ်စဉ်ကတည်းက အဓိဋ္ဌာန်လာခဲ့တာ။ ဒါပေမယ့် ခမည်းတော်က အခုအချိန်ထိ နန်းတော်ကို မလွှဲအပ်သေးလို့ ဒီညတော့လုပ်ကြံမယ်လို့ စိတ်ကူးနေပြီး။ ဒီလိုစိတ်ကူးနေဆဲမှာပဲ မင်းသမီးရဲ့ ဒီသီချင်းကို ကြားဖူးလိုက်ရလို့ ဖခင်ဘုရင်ကြီးကို မလုပ်ကြံတော့ပါဘူး။ ရှေးကလိုပဲ ဆက်လက်ပြီး အောင့်မြဲ အောင့်ပါတော့မယ်လို့ ဆုံးဖြတ်ပြီး ကိုယ့်အဓိဋ္ဌာန်ကို ခိုင်မြဲစေ တာကြောင့် မင်းသမီးကို ဆုချရတာပါ"တဲ့ အင်းအောင့်နိုင်လို့ တော်သွားတာပဲ။ မအောင့်နိုင်လို့ လုပ်ကြံမိသွားရင် ပြဿနာတွေ အများကြီး တက်သွားမယ်။ အောင့်နိုင်တာ အကောင်းဆုံးပဲ။
တစ်ခါ ရှင်ဘုင်ရဲ့ သမီးတော်ကထပြီး ဆုချပြန်ရောတဲ့ ။ ဘာလို့ဆုချတာလဲ ဆိုတော့ "ကျွန်မဟာ တစ်သက်လုံး ယောင်္ကျားမယူဘဲ အပျိုစင်ဘ၀နဲ့ နေသွားတော့မယ်လို့ အဓိဋ္ဌာန်လာခဲ့တာ။ ဒါပေမယ့် မနေနိုင်လို့ ဒီကနေ့ညတော့ အမတ်ကြီးတစ်ဦးရဲ့ သားနဲ့ ခိုးရာလိုက်ပြေးမယ်လို့ အထုပ်ပြင်ထားပြီးပြီ၊ အခုတော့ ဒီသီချင်းသံကြားရလို့ သတိပြန်ပေါ်လာပြီး ဆက်ပြီးတော့ပဲ အောင့်မြဲအောင့်တော့မယ်။ ခိုးရာဖြင့် မလိုက်တော့ ပါဘူး"ဆိုပြီး မိမိရဲ့ အဓိဋ္ဌာန်မြဲသွားစေတဲ့အတွက် မင်းသမီးကို ဆုချရတာ ပါတဲ့။
အဲသည်နောက် ပွဲကြည့်ပရိသတ်ထဲက လူပျိုကြီးတစ်ယောက်ကလည်း ထပြီးဆုချပြန်ရောတဲ့ ။ သူကရော ဘာလို့ဆုချရတာလဲဆိုတော့ သူကလည်း ဒီဘ၀အိမ် ထောင်မပြုဘဲ လူပျိုကြီးဘ၀နဲ့ တစ်သက်လုံးနေတော့မယ် ဆုံးဖြတ်ပြီး အဗြဟ္မစရိယ သိက္ခာပုဒ် စောင့်ထိန်းလာခဲ့တာ။ ဒီကနေ့တော့ အခြေအနေအရ ကျူးလွန်မိတော့မလို့ အခုမင်းသမီးရဲ့ သီချင်းသံကြားရမှ သတိဝင်လာတာနဲ့ ဆက်ပြီးတော့ အောင့်မြဲအောင့်ပါ တောမယ်"လို့စိတ်ကို ပြင်လိုက်ရတယ်။ ကံကောင်းလို့ သိက္ခာပုဒ်မပျက်တာကိုတွေးမိပြီး ၀မ်းသာလို့ ဆုချရတာပါတဲ့။ ပုံပြင်ကတော့ ဒီနေရာပဲ အဆုံးသတ်သွားပါတယ်။
ဒီပုံပြင်ကလေးနဲ့ စပ်ယှဉ်ပြီး ပြောပြချင်တာကတော့ လောကမှာ လူရယ်လို့ဖြစ် လာရင် ကလေးဘ၀ကတည်းကစပြီး ဖွားဖက်တော် လောကဓံနဲ့ ကစားရတော့တာပါပဲ၊ နှိမ်ချီတစ်ခါ မြှောက်ခှတစ်လှည့်၊ ချော့လိုက် ခြောက်လိုက်နဲ့ပဲ ကောင်းကောင်း ဆိုးဆိုး အမျိုးမျိုးသော ဒီလောကဓံတွေဟာ တော်တော်ပဲ ပေါင်းရသင်းရ ခက်ခဲလှပါတယ်။ မလွဲသာမရှောင်သာ တွေ့ကြုံရမြဲဖြစ်တဲ့ ဒီလောကဓံတွေကို အထိုက်အလျောက် သင့်တင့်အောင်ပေါင်းသင်းနိုင်မှသာ လောဘ၊ ဒေါသတို့ အဖြစ်နည်းပြီး မိမိတို့ဘ၀ လည်း သာယာချမ်းမြေ့နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အကြောင်းအားလျော်စွာတွေ့ကြုံ လာတတ်တဲ့ ဒီလောကဓံတရားတွေကို "မတည့်အတူနေ"သဘောမျိုး၊ အရှုံးပေးအညံ့ခံတဲ့ စိတ်သဘောထား မျိုးမထားဘဲ သဘောထားမှန်မှန်နဲ့ လက်ခံပေါင်းသင်းတတ်ဖို့ အရေးကြီးပါတယ်။
ကောင်းဆိုးနှစ်တန် လောကဓံတွေနဲ့ ဆက်ဆံရာမှာသည်းခံခြင်း ခန္တီကအခရာကျပါတယ်။ သည်းခံလေ့ မရှိသူတွေဟာ လောကဓံနဲ့ ကြုံတဲ့အခါမှာ အလွယ်တကူပဲ စိတ်ကြွ၊ စိတ်ကျလေ့ရှိပါတယ်။ သည်းမခံ စိတ်မရှည်ခြင်းဟာ မိမိရဲ့နှလုံးသားနဲ့ အသိဉာဏ်ကို အကျဉ်းကျစေပြီး စိတ်ဓာတ်နဲ့အသိဉဏ်ဖွဲ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေပါတယ်။ သူတော်ကောင်းတရားနဲ့ ဘ၀အောင်မြင်မှုကိုလည်း ပျက်စီး ပျောက်ကွယ်စေပါတယ်။ သည်းခံခြင်း ခန္တီကတော့ နှလုံးသားနဲ့ အသိဉာဏ်ကို လွတ်လပ်ပွင့်လင်း ဖြူစင်စေပြီး ဘ၀ကို သူတော်ကောင်းတရားနဲ့ ကြွယ်ဝပြည့်စုံစေပါတယ်။
စစ်မှန်တဲ့ အောင်မြင်မှုဆီကိုလည်း ရှေးရှုဦးတည်စေပါတယ်။ ဒါကြောင့် ပါရမီအဖြစ် မရင့်ကျက်သေးရင်တောင်မှ ဘာပဲဖြစ်ဖြစ် ပုံပြင်ထဲက လူတွေလို "အောင့်မြဲအောင့်နိုင်" တာဟာ မိမိတို့အတွက် ခန္တီပါရမီရဲ့ အခြေခံဖြစ်ကြောင်း ပြောပြချင်ပါတယ်။
တော်ဝင်နွယ်