အယူသီးကြသူများ
ကမ္ဘာဦးအစက လူတွေဟာ အားကိုးရာကင်းမဲ့သလို
ခံစားနေရတဲ့အတွက် တော၊ တောင်၊ သစ်ပင်၊ နေ၊ လ အစရှိတာတွေကို အားကိုးရာအဖြစ် ကိုးကွယ်
ပူဇော်ခဲ့ကြတယ်။ အဲဒီနောက်မှာတော့ ဆင့်ကဲဖြစ်စဉ်နဲ့ အသိဥာဏ် တိုးတက်လာတာနဲ့အမျှ ယဉ်ကျေးမှု
တစ်ဆင့်တက်ပြီး ဒီလို သဘာဝကဖြစ်လာတဲ့ အရာတွေမဟုတ်ဘဲ လူတွေဖန်တီးထားတဲ့ နတ်ဘုရားတွေကို
ကိုးကွယ် အားကိုးလာကြတယ်။ ဒီနတ်ဘုရားတွေဟာ ရာသီဥတုတွေ၊ ရောဂါကပ်ဘေးတွေ၊ အစာ ရေစာ ပေါကြွယ်ဝမှု၊
စစ်မက် အစရှိတဲ့ ကိစ္စအ၀၀ကို ဖန်တီးတယ်လို့ ယူဆကြရာကစလို့ အတိတ် နိမိတ်တွေကောက်ပြီး
အဖြစ်အပျက် အကောင်းအဆိုးတွေကို ခန့်မှန်းကြတယ်။ အဆိုးတွေ ဖြစ်လာမယ်လို့ထင်ရင် ယဇ်ပူဇော်တာလိုမျိုးတွေနဲ့
ချေဖျက်ဖို့ ကြိုးစားကြတယ်။
သူ့ခေတ်သူ့အခါ ဖန်ဆင်းရှင် အစွဲအလမ်း၊ အတိတ်နမိတ်နဲ့ ယဇ်ပူဇော်မှုတွေ အားကောင်းနေတဲ့ အချိန် ဘီစီ ၆ ရာစုဝန်းကျင်မှာ အစဉ်အလာတွေ အကုန်လုံးကို ရဲရဲဝံ့ဝံ့ဖောက်ထွက်ငြင်းပယ်ခဲ့တဲ့ မဟာလူသား ဗုဒ္ဓ ပွင့်တော်မူခဲ့တယ်။ အံ့သြစရာကောင်းတာက လူထက်သာလွန်ကဲတဲ့ နတ်ဒေ၀ တာ တစ်ပါးမဟုတ်ဘဲ ဘုရားရှင်ကိုယ်တော်တိုင်ဟာ လူသားစင်စစ် ဖြစ်နေတယ်။ ဖန်ဆင်းရှင်ဝါဒ (Creationism) ကိုပယ်တဲ့ တစ်ခုတည်းသော ဘာသာကြီးဖြစ်တဲ့အပြင် သိပ္ပံနည်းကျ စကြ၀ဠာ များစွာရှိတဲ့ အယူအဆကိုလည်း သိပ္ပံပညာ မပေါ်ခင်ကတည်းက ဟောကြားတော်မူခဲ့တယ်။
ဘုရားရှင်ရဲ့ သက်တမ်းတစ်လျှောက်မှာ လူသား၊ တိရစ္ဆာန် တစ်စုံတစ်ဦးကိုမှ နာကျင်ထိခိုက်အောင် ပြုလုပ်ခဲ့ခြင်း မရှိသလို ဘာသာတရားအကြောင်းပြုပြီး စစ်ပွဲတွေဖြစ်ပွားခဲ့တာလည်း မရှိဘူး။ ဘုရားရှင်က သူ့ခေတ်သူ့အခါက အိန္ဒိယမှာ အင်မတန်အရေးပါတဲ့ ဇာတ်အနိမ့်အမြင့် ခွဲခြားမှုကို တိုက်ဖျက်ပေးခဲ့ရုံသာမက မိန်းမတွေဟာ ယောက်ျားထက် တစ်ဆင့်နိမ့်ပါတယ်ဆိုတဲ့ အရိုးစွဲနေတဲ့ အယူအဆ၊ ယဇ်ပူဇော်ခြင်း အယူအဆတွေကိုပါ ပယ်ဖျက်ပေးသွားတယ်။
ဗုဒ္ဓဟာ အကြောင်းကြောင့် အကျိုးဖြစ်တယ်ဆိုတဲ့ ကမ္မ၀ါဒကို ဟောကြားခဲ့တယ်။ အဖြစ်အပျက် မှန်သမျှဟာ ဆက်စပ်ဖြစ်ပေါ်တယ်။ အကြောင်းမရှိဘဲ အကျိုးမရှိလာဘူး ဆိုတာကို ဟောပြခဲ့တယ်။ ဗုဒ္ဓရဲ့ အယူအဆဟာ သိမ်မွေ့နူးညံ့ပြီး ရုပ်ဝတ္ထု သိပ္ပံပညာနဲ့ ယှဉ်ကြည့်တဲ့အခါမှာလည်း လိုက်လျော ညီထွေ ရှိတယ်။ သိပ္ပံပညာဆိုတာက အဖြစ်အပျက်တစ်ခု ဖြစ်လာတဲ့အခါ ဘာ့ကြောင့်ဖြစ်ရတာလဲ ဆိုတာကို သက်သေထူရတာဆိုတော့ အကျိုးပေါ်မူတည်ပြီး ဆက်စပ်ဖြစ်ပေါ်ရတဲ့ အကြောင်း တရားကို ရှာဖွေတာပဲ။ ဗုဒ္ဓ ချမှတ်ခဲ့တဲ့ လမ်းစဉ်တွေကို လိုက်နာကျင့်သုံးကြသူတွေကို ဗုဒ္ဓဘာသာ ၀င်လို့ ခေါ်ကြတယ်။

ကံဆိုတဲ့ အကြောင်းတရားကြောင့်
ဖြစ်ပေါ်လာတဲ့ အကျိုးတရားကို တခြားလူမဆိုထားနဲ့ အနန္တတန်ခိုးတော်ရှင် ဗုဒ္ဓတောင် တားမြစ်နိုင်ခြင်း
မရှိဘူး။ ဗုဒ္ဓကိုယ်တော်တိုင် ၀ိပါက်တော် ၁၂ ပါးကို ခံစားခဲ့ရတယ်။ ပြုခဲ့ဖူးတဲ့ အကြောင်းတရားကြောင့်
မလွဲမသွေ သတ်ဖြတ်ခံရခြင်းဘေးနဲ့ ရင်ဆိုင်ရတော့မယ့် သူတွေကိုလည်း တရားပြခြင်းသာ ပြုလုပ်ခဲ့ရတယ်။
ဗုဒ္ဓက အကြောင်းနဲ့ အကျိုး ဆက်စပ်ဖြစ်ပေါ်မှုကို ဟောခဲ့ပါလျက် ကိုယ့်ကိုယ် ကိုယ် ဗုဒ္ဓဘာသာလို့
ခံယူထားတဲ့ သူအချို့ကတော့ အကြောင်းနဲ့အကျိုး ဆက်စပ်ဖြစ်ပေါ်မှုကို မဆင်ခြင်နိုင်ဘူး။
တစ်စုံ တစ်ယောက်က ဖန်ဆင်းပေးလိုက်သလိုမျိုး စွဲကြတယ်။
လူတိုင်း တစ်နေ့သွားရမယ့်လမ်းဆိုတာ
သိပေမယ့် သေဆိုတဲ့စကားကို မပြောရဲဘူး။ နိဗ္ဗာန်ယာဉ်တွေ့ရင် မကြည့်ဘူး။ ကိုယ့်အိမ်ရှေ့
နိဗ္ဗာန်ယာဉ်ရပ်ရင် မကြိုက်ဘူး။ ဌာနဆိုင်ရာတွေမှာ ခုံခေါက်ရင် အလုပ်ရှုပ်တတ်တယ်။ ဆေးရုံတွေမှာ
ဂျူတီညအင်္ကျီအနက်ဝတ်ရင် လူနာများတယ်။ အနီဝတ်ရင် သွေးထွက်သံယို ဖြစ်တယ်။ လူသေပြီးမှ ရပ်ရွာထဲ
ပြန်သွင်းရင် ခိုက်တတ်တယ်။ ငှက်ဆိုးထိုးသံကြားရင် လူသေတတ်တယ်။ လမ်းဦးတိုက် လှေဦးတိုက်နေရင်
စီးပွားကျတယ်။ ခရီးသွားရင် အချိန်မမေးကောင်းဘူး၊ ဂြိုဟ်စီးဂြိုဟ်နင်း အတက်အကျ ဆိုတာမျိုးတွေပေါ့။
ဒါတွေဟာ ဘာ့ကြောင့်ဆိုတဲ့ အကြောင်းတွေကို မသိဘူး။ ဒီလိုပဲ အကြောက်တရားနဲ့ပဲ ယုံကြည်လက်ခံနေခဲ့ကြတာ။
တစ်နည်းအားဖြင့် အယူသီးနေခဲ့တာပေါ့။ ဒီလိုအယူအဆတွေဟာ အရမ်းအားကောင်းလာတဲ့အခါ အကြောင်းနဲ့
အကျိုး ဆက်စပ်ဖြစ်ပေါ်မှုကို ပယ်လိုက်သလို ဖြစ်သွားတယ်။ အကြောင်းနဲ့အကျိုး ဆက်စပ်ဖြစ်ပေါ်မှုကို
ပယ်တဲ့အခါ ဥစ္ဆေဒဒိဋ္ဌိ သဘော သက်ရောက်သွားတယ်။
ကိုယ့်ဘာသာ ယုံကြည်ရာ အယူသီးတာ ဘယ်သူ့ကိုမှ ထိခိုက်တာ မဟုတ်ဘူးလို့ ထင်မြင်တဲ့ သူတွေလည်း ရှိကောင်းရှိနိုင်ပါလိမ့်မယ်။ ဆရာဝန်အဖြစ် လုပ်ကိုင်ခဲ့တဲ့အချိန် ခဏလေး အတွင်းမှာကိုပဲ မဟုတ်တာကိုစွဲပြီး အယူသီးခြင်းကြောင့် ကြားထဲက လူတွေခမျာ မချိမဆံ့ ခံစားကြရတဲ့အဖြစ်အပျက် သုံး၊ လေးခုထိ မနည်းကို ကျွန်တော်ကိုယ်တိုင် မြင်တွေ့ခဲ့ရဖူးပါတယ်။ လှေကားပေါ်ကနေ ပြုတ်ကျတာကြောင့် လည်ပင်း ကျောရိုး ထိခိုက်သွားပြီး တစ်ကိုယ်လုံး အကြောသေသွားတဲ့ လူနာတစ်ယောက်ကို သူ့အိမ်သားတွေက ဖုတ်ဝင်နေတယ်လို့ ယူဆပြီး ဒီအတိုင်းပစ်ထားတယ်။ ပစ်ထားလို့ ခါးမှာဖြစ်လာတဲ့ အိပ်ရာနာ (Bedsore) ဟာ လက်တစ်ဝါးစာမက ဖြစ်လာတဲ့အပြင် အတွင်းထိအောင်လည်း လှိုက်စားနေတာကြောင့် အစာဟောင်း အိမ်နဲ့ တစ်ဆက်တည်းဖြစ်ပြီး ရွှဲရွှဲစိုနေတယ်။

ဒါပေမဲ့လည်း အဲဒီအညစ်အကြေးတွေကို ရှင်းလင်းသုတ်သင်ပေးတာ၊ အနာကို ဆေးထည့်ပေးတာမျိုးတွေ မလုပ်ပေးဘူး။ အကြောင်းပြချက်က ဖုတ်ဝင်နေတော့ မထိရဲမကိုင်ရဲ ကြောက်လို့ပါတဲ့။ ခေါင်းကလွဲလို့ ဘာမှလှုပ်လို့မရတဲ့ လူနာမှာ ပါးစပ်က ညည်းညူနေရုံကလွဲလို့ အားကိုးစရာမရှိရှာဘူး။ ခံစားနေရတဲ့ ဝေဒနာကြောင့် ညဘက်ဆို ညည်းညူနေတတ်တဲ့ လူနာကို အိမ်နီးနားချင်းတွေကလည်း ဖုတ်ဝင်နေလို့ပါဆိုပြီး ၀ိုင်းပြောတတ်ကြတယ်။ ဖြစ်နေတဲ့ ရောဂါအခြေအနေတွေအရ ဒီလူနာဟာ နောက်ထပ် ရက်ပိုင်းထက် ပိုမခံနိုင်တော့ဘူးဆိုတာ သိသာပါတယ်။
ဒါပေမဲ့ ကံဆိုးမှုတွေ မကုန်သေးတဲ့လူနာခမျာ နောက်တစ်နေ့မှာ
ပယောဂဆရာနဲ့ ဖုတ်နှင်ခံရပြန်ပါသေးတယ်။ ပယောဂနှင်ပြီး သိပ်မကြာဘူး။ လူနာလည်း ဆုံးပါးသွားပါတော့တယ်။
သရက်ရွက်ကင်ဆာ (Pancreas Cancer) ဖြစ်နေတဲ့ လူနာတစ်ယောက်လည်း ဒီအတိုင်းပါပဲ။ အားနည်း
ချည့်နဲ့နေပြီမို့လို့ ပိန်ချုံးနေတဲ့ လူနာကို ဖုတ်ဝင်တယ်ဆိုပြီး အမှောင်ထဲမှာ ထားတယ်။
လှုပ်တောင် မလှုပ်နိုင်တဲ့ လူနာကိုယ်ပေါ်မှာ ခြင်တွေမှ သီးလို့။ ပယောဂနှင်တယ်ဆိုပြီး တစ်ကိုယ်လုံး
အရှိုးရာတွေနဲ့ ဆေးခန်းရောက်လာတဲ့ မိန်းကလေးငယ်တစ်ယောက်လည်း ရှိခဲ့ဖူးတယ်။ ဒီလိုပဲ အိမ်တစ်အိမ်မှာ
အသုဘဖြစ်တော့ လာသယ်တဲ့ နိဗ္ဗာန်ယာဉ်ကို အိမ်ရှေ့အရပ်မခံကြလို့ အလောင်းကို လမ်းထိပ်ထိ
ထမ်းထုတ်ရတာကိုလည်း မြင်ခဲ့ရဖူးတယ်။
ဗုဒ္ဓဟာ အကြောင်းကြောင့်
အကျိုးဖြစ်တယ်ဆိုတဲ့ ကမ္မ၀ါဒကို ဟောကြားခဲ့တယ်။ အဖြစ်အပျက်မှန်သမျှဟာ ဆက်စပ်ဖြစ်ပေါ်တယ်။
အကြောင်းမရှိဘဲ အကျိုးမရှိလာဘူး ဆိုတာကို ဟောပြခဲ့တယ်။ ဗုဒ္ဓရဲ့အယူအဆဟာ သိမ်မွေ့နူးညံ့ပြီး
ရုပ်ဝတ္ထု သိပ္ပံပညာနဲ့ ယှဉ်ကြည့်တဲ့အခါမှာလည်း လိုက်လျောညီထွေရှိတယ်။ သိပ္ပံပညာဆိုတာက
အဖြစ်အပျက် တစ်ခုဖြစ်လာတဲ့အခါ ဘာ့ကြောင့်ဖြစ်ရတာလဲဆိုတာကို သက်သေထူရတာဆိုတော့ အကျိုးပေါ်မူတည်ပြီး
ဆက်စပ်ဖြစ်ပေါ်ရတဲ့ အကြောင်းတရားကို ရှာဖွေတာပဲ . . .
အယူသီးတယ်ဆိုတာဟာ ပညာတတ်ခြင်း၊
မတတ်ခြင်းနဲ့ မသက်ဆိုင်ဘဲ ကိုယ်ကြီးပြင်းလာခဲ့တဲ့ ပတ်ဝန်းကျင် ဆုံးမသွန်သင်ခံရတဲ့ အနေအထားတွေပေါ်မှာ
မူတည်နေတတ်ပါတယ်။ သားသမီးတွေဟာ မိဘစကားကို နားထောင်တတ်ကြတာကြောင့် အုပ်ချုပ်တဲ့ မိဘတွေရဲ့
ဓလေ့စရိုက်တွေဟာ သားသမီးမြေးမြစ်တွေအထိ ကူးစက်တတ်လေ့ရှိတယ်။ မိဘတွေ အယူသီးတတ်ရင် သားသမီးတွေလည်း
အယူသီးတတ်ကြတယ်။
ကိုယ့်ကိုသွန်သင်ခဲ့တဲ့သူတွေရဲ့
အဆုံးအမဆိုတော့ ဖြစ်နိုင်သည် မဖြစ်နိုင်သည် ဖောက်ထွက် စဉ်းစားဖို့ မ၀ံ့ရဲကြတော့ဘူး။
ဌာနဆိုင်ရာတွေမှာလည်း အထက်လူကြီးက အယူသီးတဲ့အခါ လက်အောက်ငယ်သားတွေကပါ အလိုလိုအစွဲဝင်သွားတယ်။
ဆေးရုံမှာ အလုပ်သင်ဆရာဝန်အဖြစ် လုပ်တဲ့အချိန်မှာ ခုံလုံးဝမခေါက်ရဲအောင် ဖြစ်ရ၊ အင်္ကျီအနီ၊အနက်
မ၀တ်ရဲအောင် ဖြစ်ရ၊ ပေါင်ချိန် သိချင်လို့မှ ပေါင်မချိန်ရဲအောင် ဖြစ်ရတဲ့ အဖြစ်အပျက်လေးတွေ
ရှိခဲ့ဖူးတယ်။ ကြည့်လိုက်ရင်တော့ ဘာမှမဟုတ်တာလေး တွေပေမယ့် စိတ်ဖိစီးမှုတွေတော့ အထိုက်အလျောက်
ခံစားခဲ့ရတယ်။
တကယ်တော့ အယူသီးတယ်ဆိုတာ ဘယ်သူ့ကိုမှ မထိခိုက်ဘူးလို့ ထင်မြင်ရပေမယ့် ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်က လူတွေအပေါ်မှာ သက်ရောက်မှုတွေ ရှိနေပါတယ်။ အဲဒီသက်ရောက်မှု တွေမှာ စိတ်ဖိစီးမှုတွေ၊ မလိုအပ်ဘဲ အလုပ်ရှုပ်ရတာတွေကစလို့ တစ်ခါတလေမှာ အပြင်းအထန် ထိခိုက် နာကျင်ရတာတွေ ဖြစ်စေနိုင်ပါတယ်။ ဘာသာရေးအရလည်း ဘယ်လိုမှ လက်သင့်မခံသင့်တဲ့ အစွဲအလမ်းတွေဖြစ်သလို အယူအစွဲတွေ သိပ်ပြင်းထန်လွန်းတဲ့အခါ သရဏဂုံညှိုး နွမ်းတာမျိုးအထိ ဖြစ်ရတယ်။

ဗုဒ္ဓဟောကြားခဲ့ခြင်း မရှိတဲ့အရာတွေအပေါ်မှာ
အယူသီးနေမယ်ဆိုရင် ဗုဒ္ဓဘာသာဝင်တစ်ယောက် ဖြစ်ရကျိုးမနပ်ဘဲ ရှိပါလိမ့်မယ်။
Written by: သူရိန်လှိုင်ဝင်း