Sunday, March 2, 2014

တစ်ခြမ်းပဲ့ ဝေါဟာရများ


တစ်ခြမ်းပဲ့ ဝေါဟာရများ

      “ဘာသာစကား ဝေါဟာရတွေထဲမှာ သားသမီးကောင်းမိဘ၊ တပည့် ကောင်းဆရာ ဆိုတဲ့ ဝေါဟာရတွေ ရှားပါးပြီး သူဌေးမိဘ ဆိုတာ မရှိသလောက် ဖြစ်နေတာဟာ အရုပ်ဆိုးတဲ့ ချို့တဲ့မှုကြီး တစ်ခုပဲ။     ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

       လောကသုံးပါးနဲ့ ပတ်သက်လို့ ကြောင်းကျိုးဆက်စပ်တွေးခေါ်ကြတဲ့ ပညာရှင်တို့ရဲ့ အဘိဓမ္မာများကို အကျဉ်းချုပ်လိုက်ရင် ရုပ်နာမ်နှစ်ခုကို ပဓာန အဖြစ်လက်ခံတွေးခေါ်တဲ့ “ဒွိတ္တအဘိဓမ္မာ” နဲ့ ရုပ် သို့မဟုတ် နာမ် တစ်ခုခုကိုသာ ပဓာနအဖြစ် လက်ခံတွေးခေါ်တဲ့ “အဒွိတ္တအဘိဓမ္မာ” ရယ်လို့ နှစ်မျိုးရှိပါတယ်။

        ဒီနှစ်မျိုးထဲက “အဒွိတ္တအဘိဓမ္မာ”ရယ်လို့ နှစ်မျိုးရှိပါတယ်။

        ဒီနှစ်မျိုးထဲက “အဒွိတ္တအဘိဓမ္မာ”မှာလည်း ရုပ်ကိုသာ ပဓာနအဖြစ် လက်ခံတဲ့ “ရူပဒွိတ္တ” အဘိဓမ္မာနဲ့ နာမ်တစ်ခုကိုသာ ပဓနအဖြစ် လက်ခံတဲ့ “နာမအဒွိတ္တ”အဘိဓမ္မာဆိုပြီး နှစ်မျိုး ထပ်ကွဲပါသေးတယ်။

        အဘိဓမ္မာရဲ့ ရည်ညွှန်းချက်ဟာ သတ္တလောကကြီး တိုးတက်ကြီးပွားမှုကို ဦးတည်တာဖြစ်ပါတယ်။ သတ္တလောကဆိုတဲ့ လက်ရှိလောကြီးမှာ ရုပ်၊ နာမ် နှစ်ခုလုံး ထင်ရှားရှိနေတာဖြစ်လို့ ဒီနှစ်ခုလုံးကို ပဓာနအခြေခံတဲ့ “ဒွိတ္တအဘိဓမ္မာ” သာလျှင် ကောင်းမွန် မှန်ကန်ပြည့်စုံတဲ့ အဘိဓမ္မာလို့ ဆိုနိုင်ပါလိမ့်မယ်။ မြတ်ဗုဒ္ဓရဲ့ အဘိဓမ္မာကို လေ့လာကြည့်မယ်ဆိုရင် နှစ်ခုအစုံအစုံကို အခြေခံထားတာကို တွေ့မြင်နိုင်ပါတယ်၊ ရုပ်နဲ့နာမ်၊ ကုသိုလ်နဲ့ အကုသိုလ်၊ ဒုက္ခနဲ့ ဒုက္ခချုပ်ငြိမ်းမှု စသည်တို့ဖြစ်ပါတယ်။

        အဘိဓမ္မာနယ်ပယ်မှာသာ အခုလို အစုံအစုံ နှစ်ခုစီ အခြေခံမှ ပြည့်စုံ ကောင်းမွန်တာ မဟုတ်ပါဘူး။ လူတို့ ပြောဆို သုံးစွဲနေကြတဲ့ ဝေါဟာရပညတ် တွေထဲမှာလည်းစ အစုံအစုံ ရှိမှ ကောင်းမွန်တင့်တယ်ပြည့်စုံတဲ့ ဝေါဟာရတွေ အများကြီးရှိပါတယ်။ ဥပမာ နေနဲ့လ၊ မိဘနဲ့သားသမီး၊ ဆရာနဲ့တပည့်၊ မောင်နဲ့ နှမစတဲ့ သက်၇ှိတို့ကို ခေါ်ဝေါတဲ့ ဝေါဟာရတွေ၊ အသွားအပြန်၊ အတက် အဆင်း၊ အနိမ့်အမြင့်၊ အပေးအယူစတဲ့ သက်ရှိတို့ရဲ့ အပြုအမူနဲ့ ပတ်သက်တဲ့ ဝေါဟာရတွေ များစွာရှိပါတယ်။

        သက်ရှိတို့ကို ခေါ်ဝေါ်တဲ့ အစုံအစုံဝေါဟာရတွေဟာ တစ်ခုခုချို့တဲ့ပြီး တစ်ခြမ်းပဲ့နေမယ်ဆိုရင် ဒီသက်ရှိလောကနဲ့ ဘာသာစကားဟာ အကျည်းတန် အရုပ်ဆိုးတဲ့ ချိုတဲ့မှုကြီးတစ်ခု ဖြစ်နေတတ်ပါတယ်။

        ဝေါဟာရ ဘာသာစကားတွေထဲမှာ မကောင်းဖခင်သား၊ဆရာကောင်း တပည့်၊ သူဌေးသားသမီး ဆိုတာတွေ ရှိနေပြီး၊ သားသမီးကောင်းမိဘ၊ တပည့် ကောင်းဆရာ ဆိုတဲ့ ဝေါဟာရတွေ ရှားပါးနေတာ၊ သူဌေးမိဘ ဆိုတာ မရှိသ လောက်ဖြစ်နေတာတွေဟာ အကျည်းတန် အရုပ်ဆိုးတဲ့ ချို့တဲ့မှုတွေပါပဲ။

        ဟုတ်တယ်။ တချို့ ဝေါဟာရတွေဟာ သူ့ပင်ကို သဘာဝအတိုင်း ရှိနေ တုန်းမှာ အစုံလိုက်အစုံလိုက်တွေနဲ့ အတော်ပြည့်စုံတင့်တယ်ပါတယ်။ မိဘ နဲ့ သားသမီး၊ ဆရားနဲ့တပည့် စသဖြင့်ပေါ့။ အဲ-- ဒါပေမယ့် အဲဒီဝေါဟာရတွေကို ပိုပြီး တင့်တယ်စေမယ့် “ကောင်း”ဆိုတဲ့ နာမ၀ိသေသနမျိုးနဲ့ တွဲဖက်လိုက်တဲ့ အခါမှာတော့ အပြန်အလှန် အစုံလိုက် အစုံလိုက် ဖြစ်မလာကြတော့ဘဲ တစ်ခြမ်း ပဲ့ ကွက်လပ်ကြီးတွေ ဖြစ်နေပြီး အကျည်းတန် အရုပ်ဆိုးနေတာကို တွေ့နေရ ပါတယ်။

        လူအများ ပြောဆိုသုံးစွဲနေတဲ့ ဝေါဟာရတွေထဲမှာ “မိကောင်းဖခင်သား သမီး”ဆိုတဲ့  ဝေါဟာရ ထင်ထင်ရှားရှား ရှိပါတယ်။ ဒီဝေါဟာရစကားလုံးဟာ မျိုးရိုးအကျင့်စာရိတ္တ စသည် ကောင်းမွန်တဲ့ မိဘတို့ရဲ့ ဂုဏ် ကို ဖော်ညွှန်းပြီး သားသမီးများဂုဏ်မြောက်အောင် ပြောဆိုကြတဲ့ စကားပါ။ ဒါပေမယ့် သားသမီး တို့ရဲ့ ဂုဏ်ကို ဖော်ညွှန်းပြီး မိဘများဂုဏ်မြောက်စေဖို့အတွက်“သားသမီးကောင်း မိဘတွေ”လို့ ပြောဆိုနိုင်တာမျိုးကတော့ ကြားရခဲပါတယ်။ အလားတဲပဲ “ဆရာ ကောင်းတပည့်”လို့သာ ပြောသံကြားရပြီး “တပည့်ကောင်းဆရာ”ဆိုတဲ့ ပြောသံ ကိုလည်း တယ်ကြားဖူးလှမယ် မဟုတ်ပါဘူး။

        ဒီလို တစ်ခြမ်းပဲ့ပြီး ချို့တဲ့နေတဲ့ဝေါဟာရတွေအစား “သားသမီးအကျိုးပေး တဲ့မိဘ၊ တပည့်အကျိုးပေးတဲ့ဆရာ” ဆိုတဲ့ ဝေါဟာရမျိုးနဲ့တော့ အစားထိုးပေး နိုင်ဖို့ လိုအပ်ပါလိမ့်မယ်။ မိဘတို့၊ ဆရာတို့ ဆိုတာ ကျေးဇူးကြီးမားတဲ့ ကျေးဇူး ရှင်များဖြစ်ပြီး သားသမီးတို့ တပည့်တို့ဆိုတာက ကျေးဇူးတုံ့ပြုကြရမှာ ဖြစ်ပါ တယ်။

        စဉ်းစားကြည့်ရင် ကျေးဇူးရှင်ဖြစ်ဖို့ကသာ ပင်ပန်း ခက်ခဲပြီး ကျေးဇူးတုံ့ပြန် ရတာက အလွန် သက်သာ လွယ်ကူပါတယ်။ ကြည့်လေ မိဘတွေမှာ “မိကောင်း ဖခင်” ဆိုတဲ့ဂုဏ်နဲ့ ပြည့်စုံဖို့အတွက် ဘာသာတရား ကိုင်းရှိုင်းမှု၊ ကိုယ်ကျင့် စာရိတ္တ ကောင်းမွန်မှုတို့နဲ့ ပြည့်စုံ ရိုးသားကြရသလို စားဝတ်နေမှုနဲ့ လူမှုတာဝန်၊ နိုင်ငံ့တာဝန်တွေကိုလည်း မလစ်ဟင်း ပြည့်စုံအောင် ကြိုးစားနိုင်မှ ဒီဂုဏ်သိက္ခာ ကို ရရှိနိုင်ကြတာပါ။ ဒီလိုကြိုးစားရမှာလည်း ကိုယ့်အကျိုး၊ကိုယ့်အရေးအတွက် သာမကဘဲ သားသမီတို့အကျိုး၊သားသမီးတို့အရေးကိုလည်း အဓိကတွေးပြီး ကြိုးစားခဲ့ကြတာပါ။

        သားသမီးတို့ စားဝတ်နေရေး ပြည့်စုံစေရုံသာမက အရွယ်အလျောက် ဖြည့်ဆည်းပေးရမယ့် ပညာရေး၊ အသက်မွေးမှုအတတ်၊ ဘာသာတရား၊ ကိုယ် ကျင့်တရား၊ အဘက်ဘက်က ပြည့်စုံကောင်းမွန်အောင် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိ သမျှ အစွမ်းကုန်ထုတ်ကြရသလို အချို့ဆိုရင် ကိုယ်ရေးကိုယ်တာ စားဝတ်နေမှု ကို အချို့တဲ့ခံပြီးတော့ကို ကြိုးစားကြရတာဖြစ်ပါတယ်။

        သားသမီးတို့က မိဘအပေါ် ကျေးဇူးတုံပြုရာမှာတော့ ဒီလောက်အထိ ကိုယ်ကျိုးစွန့် အနစ်နာခံစရာ မလိုကြပါဘူး။ မိဘတို့ရဲ့ ဆုံးမစကားကို လေးစား လိုက်နာပြီး ကိုယ်ကျိုးအတွက် ပညာရှာချိန်မှာရှာ၊ အသက်မွေးဝမ်းကျောင်း အတွက် စီးပွားရှာချိန်မှာ စီးပွားရှာကြပြီး အချိန်တန် အရွယ်ရောက်တော့ ကိုယ့် အိုး ကိုယ့်အိမ် ထူထောင်စရာရှိတာ ထူထောင်ခွင့်ရကြတာပါပဲ။ ဒီလို ထူထောင်

ပြီူတော့လည်း မိဘစိတ်ဆင်းရဲစရာဖြစ်အောင် မလုပ်ကြဘဲ ကိုယ့် စားဝတ်နေမှု အတွက် လူတန်းစေ့စေ့ လူရာဝင်အောင် ကိုယ့်ဘ၀ကိုယ် တည်ထောင်နေနိုင်ကြ တယ်ဆိုရင်ကို မိဘများက ကျေနပ်နေကြပြီး၊ ဒီလိုသားသမီးမျိုးရျိတယ်ဆိုရင်ပဲ “ သားသမီးအကျိုးပေးတယ်”လို့ မိဘများ ကိုယ်တိုင်ကလည်း ခံယူကြတယ်။ ပတ်ဝန်းကျင်ကလည်း ဒီလိုပဲ အသိ အမှတ်ပြုကြတာပါပဲ။

        တကယ်တော့ သားသမီးတို့ရဲ့ ဒီဖြစ်စဉ်ဟာ မိဘအပေါ်ကို ဘယ်လိုအကျိုး မှ ပြန်ပေးနိုင်ခဲ့ သေးတာ မဟုတ်ပါဘူး။ ကိုယ့်ကျိုးအတွက်သာ ကောင်းကောင်း မွန်မွန် လုပ်ကိုင်ကြိုးစားနေကြတာ ဖြစ်ပါတယ်။ ဒါကိုပဲ မိဘတွေကတော့ ဒီအကျိုးတွေကို သူတို့ကိုယ်တိုင် ခံစားနေသလို သဘောထားပြီး “သားသမီးကျိုး ပေးတယ်”လို့ပဲ ခံယူဝမ်းမြောက်ကြပြီး ကျေနပ်နေကြ တယ်ဆိုတော့ မိဘကျေနပ် အောင် ကျေးဇူးတုံ့ပြုရတာ ဘယ်လောက်များ လွယ်ကူလိုက်သလဲလို့။

        ဒီအထဲကမှ တစ်ခါတလေ သားသျွးများက သိသိမှတ်မှတ်နဲ့ စားစရာ၊ ၀တ်စရာလေး များများနဲ့ပေးပို့ပြီး  ကျေးဇူးတုံပြုလုပ်တဲ့အခါမှာတော့ ဘာပြော ကောင်းမလဲ။ မိဘတွေခများ သားသမီးက ကျွေးမွေးလို့ သူတို့တစ်တွေ အသက် ရှင်နေကြတယ်လို့များ ထင်မှတ်နေရော့ သလားတောင် မပြောတတ်ဘူး ကျေနပ် ၀မ်းမြောက် ဂုဏ်ယူလို့ မဆုံး သားသမီးဂုဏ်တွေ ဖော်လို့မဆုံးတော့ဘူး။

        မိမိနေတဲ့အရပ်က ဒကာကြီးတစ်ယောက်ဆိုရင် သူတို့ရဲ့ သားကလေး တစ်ယောက်ကို  ဘွဲ့ရတဲ့အထိ ပညာသင်နိုင်အောင် ကြိုးစားပြီး ကျောင်းထားပေး ရှာတယ်။ သားက အင်ဂျင်နီယာဘွဲ့ ရပြီးတဲ့အခါ ကြင်ရာရော အလုပ်ပါ တစ်ပြိုင် နက်ရတာကြောင့် မင်္ဂလာ ဆောင်ပြီးတာနဲ့ အလုပ်တာဝန်ကျရာအရပ်မှာပဲ နေတော့တယ်။ မိဘအိမ်ပြန်မကပ်နိုင်တော့ဘူး။ မိဘများကို ပုံမှန် ပြန်လည် ထောက်ပံ့နိုင်တယ်ရယ်လို့လည်း မရှိပါဘူး။ လူကြုံကောင်းမှ ဆေးဖိုးဝါးခလေး၊ အ၀တ်အစားလေးတွေ ပို့ပေးတာပဲ ရှိနိုင်ရှာပါတယ်။

        တစ်ခါက ရှမ်းပြည်နယ်ဘက်မှာ တာဝန်ကျေနေတဲ့ သူ့သားက အနွေး ထည်နဲ့ ခေါင်းစွပ်တစ်ခု လူကြုံပါးလိုက်တယ်။ အဲဒီဒကာကြီးဟာ ဆောင်း နွေ မိုး မရျောင် ကျောင်းကန် အလှုအတန်းသွားတိုင်း အဲဒီအင်္ကျီ နဲ့ ခေါင်းစွပ်ကို အမြဲ ၀တ်ဆင်လေ့ရှိတယ်။ သူများတွေက နွေအခါကြီးမှာ ဒါတွေဝတ်ထားရမလား ဆိုပြီး ပြောကြတဲ့အခါ “သားက တကူးတက ပို့လုက်တာလေးမို့ သူကုသိုလ်ရ အောင် ၀တ်ပေးရတာဗျ” လို့ ပြောလေ့ရှိပါတယ်။

        အဲဒီဒကာကြီး သေရွာညောင်စောင်း လဲလျောင်းရတဲ့အချိန်မှာ သူ့သားက ပြန်မလာနိုင်ပါဘူး။ ဆေးဖိုးဝါးခလေးတော့ အနည်းအပါး ပို့ပေးပါတယ်။ သေခါ နီးမှာ ဒကာကြီးက သူသေရင် သူ့သားပေးတဲ့ အင်္ကျီ နဲ့ ခေါင်းစွမ်းကလေးကို သူနဲ့ တစ်ပါတည်း ဆင်မြန်းပြီး သင်္ဂြိုဟ်ဖို့ မှာခဲ့ရှာတယ်။ ဘေးလူတွေက ဒါတွေကို အစွဲ အလမ်းမထားဖို့ ပြောကြတဲ့အခါ “ ဒီအ၀တ်အစားတွေကို စွဲလမ်းလို့မဟုတ်ဘူး၊ ခုအချိန် သူ့သားမလာတာကို ဘေးလူတွေ အပြစ်မြင်မှာစိုးလို့ သူ့သားလေး မိဘ ကျေးဇူးသိတတ်တာကို ဒီအ၀တ်တွေမြင်ပြီး သိကြရအောင် ကျေးဇူးတုံ့ပြုရတာ ဘယ်လောက်များ လွယ်ကူလိုက်ပါသလဲ။ မိဘတို့ရဲ့ ဗြဟ္မစိုရ်စိတ်ထား ဟာ အဲ သလို ကြီးမားကြတာ။ (ဒီလောက်ဆို မိဘကျေးဇူးကျေပြီလို့ ပြောတာ မဟုတ် ဘူး နော်။ မိဘတို့ဘက်က ခံယူပုံကိုသာပြောတာ)


        ဆရာနဲ့တပည့် အပြန်အလှန်အစုံမှာလည်း အတူတူပါပဲ။ ဆရာကောင်း တစ်ယောက် ဖြစ်ဖို့ဆိုတာ ပညာ အရည်အချင်း၊ကိုယ်ကျင့်တရား၊ စေတနာ၊ စာနာ၊ ၀ါသနာတွေအပြင် အနစ်နာခံမှုပေါင်းများစွာနဲ့ တည်ဆောက်ရတာမို့ အလွန်ခံယဉ်းပါတယ်။ ဒါပေမယ့် “ဆရာကောင်း”ဆိုတာက ခဲယဉ်းပေမယ့် မရှားပါးလှဘူး။ လောကီနယ်မှာရော၊ သာသနာတော်မှာပါ ဆရာကောင်းတွေ အများကြီးရှိနေပါတယ်။

        တပည့်ကောင်းတစ်ယောက်အဖြစ်နဲ့ ဆရာကို ကျေးဇူးတုံ့ပြန်ရာမှာတော့  အလွန် လွယ်ကူပါ တယ်။ ကျိုးနွံ ရိုသေစွာနဲ့ ဆရာသင်ပေးသမျှ ကြိုးစားပြီး တိုးတက် အောင်မြင်သွားမယ်ဆိုရင် ဆရာတိုင်းလိုလိုသာ သူတို့ထောင်ပေးတဲ့ လှေကားနဲ့ အထက်ကို ရောက်ရောက်သွားတဲ့ တပည့်တွေကို လှေကားကိုင်ပေး ရင်း မော့ကြည့်ပြီး ကျေနပ်ဂုဏ်ယူတတ်ကြတာပါ။ ဒီလိုတပည့်မျိုး ထွန်းပေါက် လာရင်“တပည့်ကျိုးပေးတယ်” လို့ ခံယူတာပါပဲ။ ပညာရဲ့အကျိုါ်ကို လက်တွေ့ ခံစားနေရသူက တပည့်တွေသာ ဖြစ်ပေမယ့် ဒါကိုပဲ ဆရာတွေရင်ထဲမှာ“တပည့် ကျိုး ပေးပါသတဲ့” လေ။ ဒဃထက်များ နည်းနည်းပိုပြီး သိတတ်မယ်ဆိုရင် ဘာ ပြောစရာရှိတော့မလဲ။ ဒါကြောင့် ကျေးဇူးတုံ့ပြန်ရတာဟာ လွယ်ကူပါတယ်။ ဒီလို မိဘ ဒီလို ဆရာမျိုးတွေကို “သားသမီးကောင်းမိဘ၊ တပည့်ကောင်းဆရာ” လို့ ပြော ရင်လည်း သူတို့ ၀မ်းသာကြ၊ ကျေနပ်ကြမှာပါပဲ။

        ခုပြောခဲ့တာတွေကတော့ ရှားပါးပြီး ချို့တဲ့မှု ဖြစ်နေရုံသာဖြစ်တဲ့ ဝေါဟာရ မျိုးပါ။ လုံးဝမရှိတဲ့ ဝေါဟာရတွေတော့လည်း မဟုတ်ပါဘူး။ လုံးဝမရှိသလောက် ချို့တဲ့နေတဲ့ ဝေါဟာရကတော့ “သူဌေးမိဘ” ဆိုတဲ့ ဝေါဟာရပဲလို့ ထင်ပါတယ်။

        လောကထဲမှာ “သူဌေးသားသမီး”လို့ အသိအမှတ် ပြုပြောဆိုကြတာဟာ မိဘဖြစ်တဲ့ သူဌေးများ ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကို သားသမီးတွေက ကိုယ် ပိုင်လို သဘောထားပြီး သုံးစွဲနိုင်၊ ခံစားနိုင်ကြသူတွေကိုမှ ခေါ်ကြတာပါ။ မိဘများ မှာ ပစ္စည်းဥစ္စာတွေ ရှိနေပေမယ့် သုံးဆောင် ခံစားခွင့်မရတဲ့ သားသမီးများဟာ သူဌေးသား သမီးအဖြစ် အများက အသိအမှတ်ပြုကြမှာ မဟုတ်သလို သူတို့ ကိုယ်တိုင်လည်း ၀မ်းမြောက်ဂုဏ်ယူကြမယ် မဟုတ်ပါဘူး။ ဒါက သဘော အဖြစ်နဲ့သာ ပြောတာပါ။ မိဘချမ်းသာလျက်နဲ့ သားသမီးတွေ သုံးဆောင်ခံစား ခွင့် မရဘူး ဆိုတာလည်း မရှိကြပါဘူး။

သူဌေးသားမီးတိုင်း သူဌေးသားဆိုတဲ့ အခွင့်အရေးကို ရကြတာချည်းပါပဲ။ တချို့ဆို သူဌေးသားသမီးက သူဌေးထက် တောင် ပိုပြီးသုံးစွဲခွင့် ရကြပါသတဲ့။ ပဲခူးမြို့က ဆေးလိပ်ခုံ သူဌေးကြီးတစ် ယောက် ပြောတာ ကြားဖူးတယ်။ သူတို့ လုပ်ငန်းက ဆိုက်ကားတွေအသုံးပြုပြီး ဟိုဟိုဒီဒီ ပို့ခိုင်းရတာများလို့ သူတို့အိမ်နားမှာ ခိုင်းနေကျ ဖောက်သည် ဆိုက်ကား တွေ လေး ငါးစီးအမြဲအသင့်ရှိနေတာတဲ့။

တစ်နေ့တော့ သူဌေးကြီးက ဆိုက်ကား တစ်စီးခေါ်ပြီး ခိုင်းတဲ့အခါ ဆိုက်ကားခပေးတော့ ပိုတဲ့ငွေ ၂၀ ကို ပြန်အမ်းဖို့ပြော တာ ဆိုက်ကားသမားက အံ့အားသင့်သလို ကြည့်ပြီး “အဘ ၊ အဘသားတွေ ကျွန်တော်တို့ကို ခိုင်းတဲ့အခါ ဒီလောက်ငွေလေး ပြန်အအမ်းမခိုင်းဘူး၊ ဒီအတိုင်း ထားခဲ့တာပဲ။ ဘကြီးကျတော့မှ အအမ်းခိုင်းတယ်” လို့ ပြောတာပေါ့။ ဒီတော့ သူဌေးကြီးက “အေးသူတို့ကတော့ သူဌေးသားတွေဆိုတော့ သုံးနိုင်ဖြုန်းနိုင် တယ်ကွ၊ ဒီလောက်ငွေကို နှမြောရကောင်းမှန်း ဘယ်သိမလဲ၊ ငါက သူဌေးသား မဟုတ်ဘူး၊ သူဌေးဖြစ်အောင် ကိုယ်တိုင်ကြိုးစားနေရတာ၊ သူတို့လို မဖြုန်းနိုင်ဘူး” လို့ ပြန်ပြောလိုက်ပါသတဲ့။

        မိဘတွေက ချို့ချို့တဲ့တဲ့ဖြစ်နေကြပြီး သားသမီးတွေ သူဌေးဖြစ်ကြတာမျိုး လည်း ရှိပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ မိဘတွေက သူဌေးမိဘ ဆိုတဲ့ အခွင့်အရေးမျိုး မရကြတာများ ရှိပါသလား။ သားသမီးတို့ရဲ့ပစ္စည်းကို မိဘတွေက ကိုယ့်ပစ္စည်းလို သဘောထားပြီး သုံးစွဲနိုင်ဖို့ မဆိုထားနဲ့ စားဝတ်နေမှု လူတန်းစေ့ ရုံလောက် မှန်မှန်ထောက်ပံပေးတယ် ဆိုတာမျိုးတောင် ရှိမှ ရှိပါလေစ။ အနည်း ဆုံး အိမ်စောင့်ခွေးမောင်း၊ ကလေးထိန်း ဆိုသလို တစ်ခုခု ကူညီလုပ်ကိုင် မပေး နိုင်ရင် စားဝတ်နေရေးတောင် မျက်နှာငယ်ကြရတဲ့ မိဘတွေကအတော်ကလေး တွေ့ရဖူးပါတယ်။


တချို့ဆို သူဌေးဖြစ်နေတဲ့ သားသမီးတွေရဲ့  ခါးဝတ်တစ်ဆင်စာဟာ မိဘတွေအတွက် တစ်သက်တာ တင့်တင့်တယ်တယ် နေထိုင်စရာ အိုးအိမ် နေ့စဉ်စားဝတ်နေမှုအတွက် လုံလောက်တဲ့ ပမာဏ ရှိတယ်။ တချို့ဆို ဒီလောက် ပမာဏမျိုးကို တစ်နေ့တည်း အပေါင်း အသင်းများနဲ့ ပျော်ပါး သုံးစားပစ်ကြတာ လည်းရှိတယ်။ ဒါပေမယ့် မိဘတွေမှာတော့ အိမ်ကုပ်၊ အ၀တ်နွမ်း၊ အစားကြမ်း ဘ၀က မပြောင်းလဲဘူး။ ဒီလိုလည်းရှိကြတယ်။ မရှိသလောက် ဖြစ်နေတဲ့“သူဌေး မိဘ”ဆိုတဲ့ ဝေါဟာရချို့တဲ့မှုကြီးကို ကွယ်လပ် ဖြည့်ပေးဖို့ဆိုတာ သူတို့အတွက် တစ်နေ့သုံး တစ်ဆင်စာလောက် စွန့်လွှတ်လိုက်ရုံနဲ့တောင် လွယ်လွယ်ကလေး ဖြစ်နိုင်တာကငို ပြောတာပါ။

        ဘာပဲဖြစ်ဖြစ် အစုံအစုံလိုက်ရှိမှ တင့်တယ်လှပမယ့် ခုလိုဝေါဟာရချို့တဲ့မှု ကွက်လပ်ကြီး တွေကို မဖြည့်ဆည်းပေးနိုင်သမျှ ဘာသာစကားမှရော၊ ဒီဘာသာ စကားပြောဆိုသုံးစွဲနေတဲ့ လူမျိုးမှာရော၊ ဒီလိုလူမျိုးတို့ နေထိုင်ရာ အရပ်ဒေသ နိုင်ငံမှာရော ပြည့်စုံတင့်တယ်တဲ့ ကျက်သရေ မင်္ဂလာတစ်ခု ချို့တဲ့နေတာက ကတော့ အမှန်ပါပဲ။

        ဒါကြောင့် မိမိတို့ဘ၀၊ မိမိတို့လူမျိုး၊ မိမိတို့နိုင်ငံနဲ့ မိမိတို့ရဲ့ ဘာသာစကား များ ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံတင့်တယ်အောင် ဒီကွက်လပ်များကို ဖြည့်ဆည်းပေးကြပါစို့ လို့ အဖော်ညှိ တိုက်တွန်းလိုက်ပါတယ်။

        ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။

       ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)