Friday, March 21, 2014

အသွင်မတူသော မျဉ်းပြိုင်နှစ်ခု


အသွင်မတူသော မျဉ်းပြိုင်နှစ်ခု

 

အနီးနှင့်အဝေး သုံးနှင့်လေးဟူသော စကားစုသည် ဓမ္မကထိကဆရာတော်များရဲ့ အသုံးအနှုန်းများ အနက်မှ တစ်ခုဖြစ်ပါသည်။ သုံးနှင့်လေးသည် အနီးကပ်ရှိပါသော်လည်း ဆန့်ကျင်ဘက်သဘောကို ဆောင်သောကြောင့် အသွင်မတူ သော မျဉ်းပြိုင်နှစ်ခုဟု ပြောလျှင် မှားမည်မထင်ပါ။

လောက၌ ထိုသို့ သဘောရှိသော ကိစ္စရပ်များလည်း ရှိပါသေးသည်။ ဥပမာ မြေ`လု´ နှင့် မြေ`လှူ´ ဟူသော ဤ စကားရပ်နှစ်ခုသည် အသံအားဖြင့် နီးကပ်သည်ဟု ထင်ရသော်လည်း အလွန်ဝေးကွာသော ထင်ဟပ်၍ မရနိုင်သော အသွင်မတူ မျဉ်းပြိုင်နှစ်ခုပင် မဟုတ်ပါလော။ မျဉ်းပြိုင်များကို သရုပ်ဖေါ်ရမည်ဆိုပါလျှင်-- အပြည့်အစုံကို အောက်၌ဆက်လက်ဖတ်ရှူရန်

လောက၌ မိမိပိုင်ဆိုင်သော ပစ္စည်းများကို အပြီးအတိုင် စွန့်လွတ်ခြင်းသည် အပြောလွယ်သလောက် လက် တွေ့အရာတွင် အလွန်ခက်ခဲလှပါသည်။ ထိုသို့ ခက်ခဲသော အရာများကို လွယ်လင့်တကူ လုပ်ဆောင်ခဲ့သော လူသား များအတွက် အတုယူထိုက်သော ဖြစ်ရပ်တစ်ခုကား--

၂၀၀၇ ခုနှစ်၊ ဂျူလိုင်လ၏ နေ့တစ်နေ့၊ အချိန် နံနက်၊ နေရာကား မြိတ်မြို့ ၊ ကလွင်ရပ်၊ ပရိယတ္တိ သာသာနာတော်ကြီး အရှည်တည်တန့်နိုင်ရန်အတွက် မြေ(၃.၆)ဧက ကို၎င်း။ စာသင်ကျောင်းအတွက် မြေနေရာကို ၄င်း။ မီးသတ်ဓမ္မာရုံအတွက် မြေနေရာကို၎င်း။ အခွန်လွတ်ဈေးအတွက် မြေနေရာကို၎င်း ၊ အသီးသီးပိုင်းခြားကာ အမျိုးဘာသာ သာသနာအတွက် ရည်ရွယ်၍ လှူဒါန်းခဲ့ပြီး သံဃာတော် အပါး နှစ်ဆယ်ကျော်တို့အား တစ်ပါးလျှင် လေးသောင်း ကျပ်ခန့် တန်ဖိုးရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်း၍ ရောက်လာကြကုန်သော မြို့မိမြို့ဖ ပရိသတ် အားလုံးတို့အား ဧည့်ခံကျွေးမွေးကာ ရက်ရောစွာ လှူဒါန်းသည့် ဒါနပွဲကြီး တစ်ခုသည် ဆိုင်းသံ ဗုံသံမပါ တိတ်ဆိတ်ညင်သာစွာ ပြီးဆုံးခဲ့သည်မှာ ကြည်နူးစရာ ကောင်းလိုက်ပါဘိတော့။

မြေလှူပွဲကြီးကျင်းပခဲ့သူကား မြိတ်ျြမို့၊ကလွင်ရပ်ရှိ ကုမ္ပဏီတစ်ခု၏ မိသားစုဖြစ်ပါသည်။ ဤကဲ့သို့ လှူနိုင်ရန် မလွယ်ကူပါ။ အပြောလွယ်သလောက် အလုပ်ခက်သည်။ ထိုသို့ လုပ်ဆောင်နိုင်ခြင်းသည် ထိုသူတို့၏ သဏ္ဍာန်၌ တန်ဖိုးမဖြတ်နိုင်သော ယုံကြည်မှု `သဒ္ဓါ´ တရားကြောင့်ဖြစ်သည်။ ၄င်းနှင့်တူညီသော အဘိဓမ္မာဝေါဟာရတစ်ခုကား `အလောဘ´ဖြစ်ပြီး အဓိပ္ပါယ်ကား ပိုင်ဆိုင်သည့်အပေါ်၌ မတွယ်တာဘဲ ရက်ရက်ရောရော စွန့်လွတ်မှုပင်တည်း။

စွန့်လွတ်မှုဟူသော ဤ `အလောဘ´ မျဉ်းကြောင်းသည် တွယ်တာတတ်မက်သော လောဘမျဉ်းကြောင်းကို ချေမုန်းနိုင်သကဲ့သို့ လောဘ၏ စွမ်းပကားသည်လည်း ` အလောဘ´ကို ၀ါးမျိုခဲ့သော အခြေအနေ တစ်ခုလည်း ရှိနေသေးသည်။
ထိုအရာကား မိမိပိုင်ဆိုင်သည့် တစ်လံမျှလောက်သော မြေကွက်လေးကို သူရထိုက်ငါရထိုက် မြေလုပွဲကြီး ဆင်နွဲကျင်းပနေကြခြင်းပင်။

တစ်ခါက ရွာတစ်ရွာ၌ အိမ်ထောင်စုတစ်ခု နဲ့ တစ်ခု အိမ်မြေကွက်တစ်ခုကို သူပိုင်ငါပိုင် အငြင်းပွားခဲ့ရာ တရားရုံးသို့ ရောက်ပြီး တရားရင်ဆိုင်ရသည်။ နိုင်သောသူက နိုင်သောကြောင့် ၀မ်းသာပေမယ့်။ တစ်ဖက်က ရှုံးနိမ့်သောကြောင့် ၀မ်းနည်း စိတ် မကောင်းဖြစ်ကြရသည်။ ထိုမြေကိစ္စသည် ပြီးသွားပြီဟု ထင်မှတ်ထားပေမယ့် နောက် တစ်နှစ်၌ ရှူံးတဲ့သူဖက်မှ တရားပြန်စွဲ၍ နှစ်ဖက်စလုံး တရားရုံး ပြန်ရောက်ရပြန်သည်၊ ဤအတိုင်းဆိုလျှင် ထိုမြေကိစ္စ ပြီးနိုင်တော့မည် မဟုတ်ချေ။ နှစ်ဖက်စလုံးသည် လောဘ မျဉ်းကြောင်းပေါ်ရောက်နေသောကြောင့် အမှန်တရားကို မည်သို့မျှမမြင်နိုင်တော့ပါ။

“ဆင်ကန်း တောတိုး” ဆိုသကဲ့သို့ အမှန် မမြင်နိင်၊ ထိုမြေကွက်ကို ပိုင်ဆိုင်ချင်သောကြောင့် ရင်ဆိုင်ဖြေရှင်း၍ ထင်သည့်အတိုင်း မဖြစ်လာလျှင် မခံသာသော ဒေါသမျဉ်းကြောင်းပေါ် ရောက်သွားကြလိမ့်မည် ။ ဤကိစ္စသည် တစ်ဖက်ဖက်မှ့ အနိုင်ရမည် မှာသေချာသည်၊ အနိုင်ရသော သူသည် အတ္တမာန အပြုံးနဲ့သရော်ပြုံး၊ ပြုံးနေပေမယ့် ရှူံးသူဖက်က ငွေလည်းကုန် မြေနေရာလည်းဆုံးရှုံး နှလုံးမသာယာ စိတ်မကောင်းဖြစ်မည်မှာ သေချာလှပါသည်။

(Let one speak the truth and let one not get angry, when asked, let one give though there be little; with these, three, one goes near the (god)devas.) မှန်သောစကားကို ပြောဆိုရာ၏။ အမျက်ဒေါသ မထွက်ရာ။ တောင်းခံလာသည်ရှိသော် အနည်းငယ်မျှကို ဖြစ်စေ၊ ပေးလှူရာ၏။ ဤအကြောင်းသုံးရပ်တို့ကြောင့် နတ်ပြည်သို့ ရောက်ရာ၏။ လို့ ဓမ္မပဒ၌ မြတ်ဗုဒ္ဓဟောတော်မူခဲ့သော `ဓမ္မ´ လမ်းကြောင်းအတိုင်း လိုက်နာကျင့်သုံးမည်ဆိုလျှင် မြေလုပွဲကြီး ဖြစ်လာမည် မဟုတ်ပေ။

သူပိုင်ကိုယ်ပိုင် ငြင်းခုန်သော်ငြားလည်း စင်စစ် မည်သူမျှ ပိုင်သည့်အရာမဟုတ်ပါ။ ကိုယ်သေရင် ကိုယ့် အတွက်သုဿန်၌ ပိုင်ဆိုင်သော မြေကွက်ကား တစ်လံမျှသာတည်း။

…………. သူပိုင်ငါပိုင် အနိုင်လိုမှု
ငြင်းခုံပြုလည်း မလွဲမုချ
မရဏသို့ သွားရသူငါ
မှန်စွာမုချ ခြောက်ပေမျှ ပိုင်ကြမြေကွက်တည်း။

သူတို့ နှစ်ဦး၏သဏ္ဍာန်၌ ရလိုမှု ၊ မလိုမုန်းထား အာဃာထားမှုတို့ကြောင့် အလွန်ဆင်းရဲကြမည် ဤအခြင်းအရာကို ကာယကံရှင်များ သိနိုင်ပါမည်လော? ဤအတိုင်းသာဆိုလျှင်- ဥာဏ်မျက်စိမပါဘဲ အကုသိုလ်တောထဲသို့ တိုးရင်းတိုးရင်း အကုသိုလ်တောနက်ထဲသို့ရောက်မှန်း မသိ ရောက်ပြီး တ၀ဲလည်လည်နဲ့ ယောင်ချာချာဖြစ်ကာ သူတို့၏ ဘ၀ နစ်မွန်းကြရပေတော့မည်။ အဆုံးတော့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနေကြခြင်းပင်။

အသွင်မတူသည့် စွန့်လွတ်နိုင်မှုဟူသော အလောဘမျဉ်းကြောင်း နှင့် ရအောင်ယူတတ်သော လောဘ မျဉ်းကြောင်း တို့သည် အနက်အဓိပ္ပါယ် မတူသည့်အပြင်။ အမဲနှင့်အဖြူ ၊ အရှေ့နှင့်အနောက်၊ တောင်နှင့်မြောက် ၊ အောက်နှင့်အထက်၊ အနီးနှင့်အဝေး ၊သုံးနှင့်လေး အလွန်ဝေးကွာလွန်းသောကြောင့် ဆက်စပ်မရနိုင်သော မျဉ်းပြိုင်နှစ်ခုဖြစ်သည်။

ထိုမျဉ်းပြိုင်နှစ်ကြောင်း မတူညီသကဲ့သို့ ယခုဘ၀ နောင်ဘ၀တွေကို အဆင့်အတန်း အနိမ့်အမြင့် ဖြစ်အောင်ခွဲခြားပေးသည်မှာလည်း လောဘနှင့်အလောဘ (ဒေါသနဲ့အဒေါသ။ မောဟနဲ့အမောဟ) ကုသိုလ်ဟိတ်နှင့်အကုသိုလ်ဟိတ်တရားများဖြစ်သည့်အပြင် မြင့်သော အထက်တန်းကျသော ဘ၀ကို ရရှိရန်အတွက် ကိုယ်ကျင့်တရားကို အခြေခံသော အလောဘစသော ကုသိုလ်မျဉ်းကြောင်းပေါ်သို့ များများရောက်ရှိရန် ဖြစ်သည်။ ကိုယ်ကျင့်တရားကို တနည်းပြောလျှင် ကိုယ်ချင်းစာနာတတ်သော တရားဖြစ်သည်ဲ။ ကိုယ်ချင်းစာနာစိတ်ရဲ့ နောက်ကွယ်၌ မေတ္တာ တရားသည် အရိပ်ပမာ လိုက်ပါလာကြစမြဲပင်။

ဤကမ္ဘာကြီး၌ တစ်ဦးနှင့်တစ်ဦး။ တစ်အိမ်ထောင်နဲ့တစ်အိမ်ထောင်။ တစ်ရွာနဲ့တစ်ရွာ၊ တစ်မြို့နဲ့တစ်မြို့။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ။ ကိုယ်ချင်းစာတရားဖြင့် နားလည်မှုပေးပြီး ဘ၀ကို အဓိပ္ပါယ်ရှိရှိနေထိုင်သွား ကြမည်ဆိုလျှင် ငြိမ်းချမ်းပြီး သာယာသော ကမ္ဘာကြီးကို တည်ဆောင်နိုင်မည် ဖြစ်ပါကြောင်း။

အချူပ်ဆိုရသော် အလောဘမျဉ်းကြောင်းကို အခြေခံသည့် မြေ`လှူ´ဆိုသည့် ဝေါဟာရသည် ဘ၀တိုးတက် သာယာရေ်း တရားဖြစ်သော်လည်း၊ လောဘမျဉ်းကြောင်းကို အခြေခံသည့် မြေ`လု´ဆို သည့် ဝေါဟာရသည်ကား ဘ၀မတိုးတက်သည့်အပြင် တဖြေးဖြေးဆုတ်ယုတ်လျှက်ရှိရာ ဆက်စပ်၍လည်းမရ အသွင်လည်းမတူသော မျဉ်းပြိုင်နှစ်ခုပင်ဖြစ်ပါကြောင်း။

စိတ်အနေသန့်ရှုင်း ဘေးရန်ကင်း လွန်မင်းချမ်းသာကြပါစေ
ဦးကောဝိဒ(မြိတ်)