Monday, March 31, 2014

မေတ္တာစိမ့်စမ်း မခန်းစေရန်


မေတ္တာစိမ့်စမ်း မခန်းစေရန်

လောကတွင် မိမိ၏ကိုယ်၊ စိတ်နှစ်ပါး အကျိုးစီးပွား ဖြစ်ထွန်း စေသော လုပ်ဆောင်ချက်၊ သူတစ်ပါး၏ ကိုယ်၊ စိတ် နှစ်ပါး အကျိုးစီးပွား ကို ဖြစ်ထွန်း စေသော လုပ်ဆောင်ချက် နှင့် မိမိ၊ သူတစ်ပါး နှစ်ဦး စလုံး၏ ကိုယ်၊ စိတ်နှစ်ပါး အကျိုးစီးပွား ဖြစ်ထွန်း စေသော လုပ်ဆောင်ချက် ဟူ၍ ရှိရာတွင် မိမိ၊ သူတစ်ပါး နှစ်ဦးသား၏ ကိုယ်၊ စိတ်နှစ်ပါး အကျိုးစီးပွား ဖြစ်ထွန်း စေသည့် လုပ်ဆောင်ချက် များကို ဖြစ်ထွန်း လာစေရန် အတွေး၊ အပြော၊ အလုပ် တို့ကို ထူထောင် သွားကြ ရမည် ဖြစ်သည်။

ထိုသို့ပြုမူ ဆောင်ရွက် ခြင်းဖြင့် ဗြဟ္မစိုရ် တရားလေးပါး ထွန်းကား လာမည် ဖြစ်သည်။ မေတ္တာ ရေအေးသည် သတ္တ လောကကို ရွှန်းစို စိမ်းလန်း စေ၏။ သာယာ အေးချမ်း စေ၏။ မိမိကိုယ်ကို ချစ်သလို သူတစ်ပါး ကိုလည်း ချစ်ခင် တတ်သော မေတ္တာ စိမ့်စမ်း မခန်းသရွေ့ ကမ္ဘာ မြေပြင်၌ ပူပြင်း ပေါက်ကွဲမှု မဖြစ်နိုင်ပေ။ မေတ္တာ ရေအိုင်ကြီး၊ မေတ္တာ ရေကန်ကြီး၊ မေတ္တာ မြစ်ကြီးတို့ တသွင်သွင် စီးဆင်း၍ အစဉ် အေးချမ်း နေမည် ဖြစ်သည်။ ထို့အတူ ကရုဏာ၊ မုဒိတာ နှင့် ဥပက္ခာ တည်းဟူသော တရားတို့လည်း အစဉ်တွဲလျက် ရှင်သန် လာမည် ဖြစ်သည်။

ထိုသို့ ရှင်သန် လာပါက ပေးကမ်း စွန့်ကြဲခြင်း၊ ချစ်စဖွယ်သော စကားကို ဆိုခြင်း၊ အကျိုး စီးပွားကို ကျင့်ခြင်းနှင့် ကိုယ်တူ ထားခြင်း ဟူသော လောက အလှတရား များ ပေါ်ပေါက် လာမည် ဖြစ်သည်။ ရေအလှူ၊ ပညာရေး အလှူ၊ ကျန်းမာရေး အလှူ စသည့် လူမှုရေး ပေးကမ်း စွန့်ကြဲမှု များက လူအများ၏ လူမှုရေး သောကများ ကင်းစင်ရန် ကူညီရာ ရောက်ပြီး ပြုသော သူ၌လည်း တူညီသော အကျိုးတုံ့ပြန် ခံစား ကြရသည်။ ချစ်စဖွယ်သော စကားကို ဆိုခြင်းကြောင့် နှုတ်ချို သျှိုတစ်ပါး ဆိုသကဲ့သို့ တွေ့ဆုံ ဆွေးနွေး တိုင်ပင်ရာ၌ ခါးသီးသော ဒေါသ ဘေးထွက် ဆိုးကျိုးများ နည်းပါး လာစေသည်။

အကျိုးစီးပွား အတွက် ကျင့်ကြံ ရာတွင် မိမိအကျိုး ရှိရန်အတွက် ဒေါင်ကျကျ ပြားကျကျ လုပ်ကိုင် ရယူ ရမည် ဖြစ်သော်လည်း သူတစ်ပါး အကျိုးစီးပွား မထိခိုက် စေရန် မြော်မြင် စဉ်းစား ဆင်ခြင်တတ် ရမည် ဖြစ်သည်။ ကာလမရွေး၊ ဒေသမရွေး၊ ပုဂ္ဂိုလ်မရွေး မိမိနှင့် သူတစ်ပါး အကျိုး ရှိမည့် လုပ်ဆောင်ချက် များကို လုပ်ကိုင် ခြင်းဖြင့် အကျိုးစီးပွား တိုးတက်အောင် ဆောင်ရွက် ရမည် ဖြစ်သည်။ ထိုသို့ ဆောင်ရွက် ခြင်းဖြင့် စည်းလုံး ညီညွတ်မှု ဟူသော အားအင်ကို ဖြစ်ထွန်း စေပါသည်။ ကိုယ်တူ ထားခြင်း ဟူသည်မှာ ကိုယ်ချင်းစာစိတ် အပြည့်ရှိခြင်း ကို ဆိုလိုသည်။ ကိုယ်ချင်းစာ စိတ်သည် စည်းလုံး ညီညွတ်မှုကို များစွာ အကျိုးပြု သည့် စိတ်ဖြစ်သည်။

ယနေ့ကာလ ကျင့်သုံး နေသည့် ပြည်သူကို ဗဟိုပြုသည့် စနစ်သည် ကိုယ်ချင်း စာစိတ်ကို အခြေခံသည်။ အများအတွက် စာနာ နားလည်ပြီး အများအကျိုး အတွက် အဓိကထား ၍ မိမိ အကျိုးစီးပွား ကို ဖော်ဆောင်ခြင်း မျိုးဖြစ်သည်။ ဤသို့ ဆောင်ရွက် ခြင်းဖြင့် သူ့အကျိုး၊ ကိုယ့်အကျိုး၊ မည်သူ့ အကျိုးမျှ မထိခိုက်ဘဲ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ၊ ရှဥ့်လည်း လျှောက်သာ ပျားလည်း စွဲသာ ဖြစ်၍ ပေါင်းစည်း ညီညွတ်မှုကို ပိုမိုခိုင်မာ တောင့်တင်း လာစေသည်။

လောက၌ မေတ္တာ တရားသည် မရှိမဖြစ် လိုအပ်သည်။ မေတ္တာ စိမ့်စမ်းရေကြောင့် မေတ္တာ ရေအိုင်၊ မေတ္တာ ရေကန်၊ မေတ္တာ မြစ်များ ရှင်သန်ရ၏။ ထိုမေတ္တာ အအေး ဓာတ်ကြောင့် လောကကြီး ငြိမ်းချမ်း သာယာ၏။ မေတ္တာစိမ့်စမ်း တို့သည် ယဉ်ကျေးမှု၊ ဘာသာတရား တို့မှ ပေါ်ထွက် လာခြင်းဖြစ်ရာ မေတ္တာ စိမ့်စမ်းတို့ မခန်းခြောက် ရလေအောင် ဘာသာတရား၊ အဆုံးအမများ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံ များကို မပျက်မယွင်း စေရန် ကြိုးစား ကြရမည် ဖြစ်ကြောင်း ရေးသားလိုက် ရပေသည်။


By The myawady daily

Saturday, March 29, 2014

အံ့ဖွယ် ကျေးဇူးသိသူ

အံ့ဖွယ် ကျေးဇူးသိသူ

သိင်္ဃိုကျွန်း အနုရာဓပြည်၌ သင်္ခဗောဓိမင်း မင်းပြုသောအခါ သင်္ဃတိဿအမတ်သည် မင်း၏စည်းစိမ်ကို လုမည်-ဟု စစ်အင်္ဂါလေးပါးဖြင့် ဇနပုဒ်က ချီလာသည်။
သင်္ခဗောဓိမင်းသည် စစ်ပြုပါက လူအများသေကျေ ပျက်စီးမည်ကို စိုးသောကြောင့် စစ်မပြုဘဲ ညဥ့်အခါမှာ ပြည်ကခွါ၍ ပြေးလေသည်။ မိုးသောက်လျှင် တခုသောအရပ်သို့ ရောက်၍ ပင်ပန်းလှသဖြင့် ရေဆိပ်တွင် ထိုင်လျက်နေ၏။

ထိုအခိုက် လုလင်တယောက်သည် ထမင်းထုပ်ကို တောင်ဝှေးဖျားမှာ ဆွဲ၍ လယ်ပြင်မှ တက်လာသည်။ မင်းကို မြင်လျှင် ထမင်းကို ဆက်ကပ်၏။
မင်းလည်း ထမင်းစားပြီးသော် လုလင်အား” သင် ငါ့ကို သိသလော” ဟုမေး၏။
ကျွန်ုပ်မသိ ဆိုသော် ငါသည် သင်္ခဗောဓိမင်း-ဟု  ပြန်ပြောလေ၏။

လုလင်လည်း ”အရှင်မင်းကြီး ထိုသို့ဖြစ်သော် အဘယ့်ကြောင့် တကိုယ်တည်း ကြွလာတော်မူသနည်း”ဟု မေးမြန်း၏။
ထိုအခါ မင်းက ”အမတ် သင်္ဃတိဿသည် မင်းပြုမည် ဟူ၍ ငါ့ကို စစ်ပြိုင်လာပါသည်၊ ငါသည် လူအများသေကျေမည်ကို စိုးသောကြောင့် စစ်မပြုဘဲ ထွက်ခဲ့သည်-ဟူ၍ ဆို၏။

သင်္ခဗောဓိမင်းက ”အမောင် လုလင်၊ ငါသည် သင့်ထမင်းထုပ်ကို စားရသောကြောင့် သင့်ကျေးဇူးသည် ငါ့အပေါ် တင်ရှိနေပေ၏။ ကျေးဇူးဆပ်လိုသည့်အတွက် သင်သည် ငါ့ဦးခေါင်းကိုဖြတ်၍ သင်္ဃတိဿအား ဆက်လေ၊ ဆုလာဘ်များစွာ ရလိမ့်မည်”ဟူ၍ ဆို၏။

ထိုအခါ လုလင်က ”အရှင်မင်းကြီး၊ ဤသို့ပြုမှ ရသော စည်းစိမ်ချမ်းသာ ဆုလာဘ်ကို မမြတ်နိုးပါ”ဟု ငြင်းဆိုသည်။
မင်းလည်း ”ထိုသို့တပြီးကား ငါ့အလိုလိုပင် ငါ သေအံ့”ဟု အဓိဋ္ဌာန်ုပြုလျက် ရေဖြင့် သွန်းဖျန်းတော်မူသော် မင်း၏ ဦးခေါင်းသည် အလိုလို ပြတ်လေ၏။

လုလင်သည်လည်း မင်းခန္ဓာစဲမှ ဦးခေါင်းကို ယူကာ သင်္ဃတိဿမင်းအား ဆက်လေ၏။ အလုံးစုံသော စကားကိုလည်း လျှောက်ကြား၏။ သင်္ဃတိဿမင်းသည် ”ဤလုလင်အနေဖြင့် ငါ၏ ရန်သူဖြစ်သော မင်းသည် မိမိလက်တွင်းသို့ ရောက်လျက် မသတ်ဘဲ နေသည်။ ထိုမင်း သူ့အလိုလို အနိစ္စရောက်မှ ဦးခေါင်းကိုယူ၍ ငါ့ကို ဆက်သလာပေသည်။ ဤလုလင်သည် အလွန်ပညာကြီး၏။ စိတ်နှလုံးမွန်မြတ်၏။

ငါ့ရန်သူကိုမျှ  မသတ်ဘဲ နေ၏။ ဤလုလင်အား သူကောင်းပြုသော် ငါ့ကျေးဇူးကို အလွန်လျှင် သိမည်”ဟူ၍ ဆိုကာ များစွာ ဆုလာဘ်ပေးသည်။ ထို့ပြင် အမတ်ကြီးအရာ ကိုလည်း နှင်းအပ်တော်မူလေသည်။
အကိုး။ ။ မုံရွေးဆရာတော်-ရာဇောဝါဒကျမ်း။

(၀င်းမောင်-မြိုင်သာ)
(မြတ်မင်္ဂလာ ၂၀၀၀-ပြည့် ဇန်န၀ါရီလ) 

Friday, March 28, 2014

အတုံ့အလှည့်၊ အကြောင်းအကျိုး


အတုံ့အလှည့်၊ အကြောင်းအကျိုး


“၀ဋ်မှာအမြဲ ငရဲမှာအပ” ဆိုတဲ့ စကားလေးကို ကြားဖူးကြမှာပါ။ “၀ဋ်လည်မယ် သတိထား” ဆိုတဲ့ စကားတွေလည်း လူမှုလောကကြီးထဲမှာ သုံးနှုန်းနေကြတာပါပဲ။ တကယ်တော့ ၀ဋ်ကြွေးဆိုတာ ရှောင်တိမ်းမရတဲ့ ဘေးတစ်ခုဆိုရင် မမှားပါဘူး။ ငရဲဆိုတာကြီးက သေမှသိရမှာ။ ၀ဋ်ဆိုတာက လက်ငင်းချက်ချင်း လည်နေတတ်တာတွေကို တွေ့တွေ့နေရတော့ ၀ဋ်လည်မှာကို ကြောက်တတ် ကြတာဟာ “သဘာဝ” တစ်ခုလို ဖြစ်နေခဲ့တယ်။နန်းမတော်မယ်နုကို အုတ်ကျောင်းဆရာတော် ဦးဗုဓ်က “သူ့ကြွေးရှိရင် ဆပ်ရလိမ့်မယ်” လို့ ပြောခဲ့ဖူးပါတယ်။ အဲဒီစကားဟာ ယနေ့ထိ မမှေးမှိန် သေးပါဘူး။ အကြွေးမကင်းရင်တော့ ပြန်ဆပ်ရမှာ အသေအချာ ပါပဲ။

ငရဲဆိုတာက ကုသိုလ်ကံအရှိန်ဟုန်ကောင်းရင် လွတ်နိုင်ပေမယ့် ၀ဋ်ဆိုတာကြီးကတော့ ကျွန်တော်တို့ရဲ့ မြတ်စွာဘုရားရှင်တောင် မလွတ်ခဲ့ပါဘူး။ အဲဒီတော့ ကျွန်တော်တို့အနေနဲ့ ၀ဋ်လည်စေမယ့် အလုပ်တွေ၊ အကြောင်းတရားတွေကို ဘ၀မှာ မလုပ်မိစေဖို့ပဲ လိုပါတယ်။မိတ်ဆွေ ဦးလေးကြီးတစ်ယောက်က မိသားစုနဲ့ခွဲပြီး နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်ခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့တယ်။ မိသားစုကို အပြည့်အ၀ ထောက်ပံ့ပေးခဲ့တယ်။ လည်လွန်းတဲ့ ဇနီးသည်က သားသမီးတွေကို အမျိုးမျိုးသိမ်းသွင်းပြီး စည်းရုံးထားနိုင်ခဲ့တယ်။မိတ်ဆွေဦးလေးကြီးက မြန်မာပြည်ကို အပြီးပြန် လာတဲ့ အခါမှာတော့ ဇနီးနဲ့ သားသမီးတွေက ရန်တွေ့တော့တာပါပဲ။ အဖေက ဘာရှာပေးခဲ့လို့လဲ။ ဒီလောက်အကြာကြီး နေပြီးမှ ပေါ်လာတာ။ ကျွန်မတို့အဖေမှ ဟုတ်နိုင်ပါ့မလားနဲ့။

နောက်ဆုံးတော့ မိတ်ဆွေဦးလေးကြီးက တခြားနေရာမှာ သွားနေရတဲ့ အထိပါပဲ။သူနဲ့တွေ့တိုင်း ပြောလေ့ရှိတာက “မင်းတို့ ၀ဋ်လည်တတ်တဲ့ အလုပ်တွေ မလုပ်ကြနဲ့” ဆိုတာပါပဲ။ အဲဒီစကားကို ခဏခဏ ပြောလေ့ရှိတော့ မေးခဲ့တယ်။ ဘာဖြစ်လို့ အဲဒီစကားကို ပြောရတာလဲဆိုရင် သူငယ်ငယ်တုန်းက မိခင်ဖြစ်သူ ဆုံးပါးခါနီးမှာ “ဘယ်မိထွေးကိုမှ မျက်နှာသာမပေးနဲ့၊ ဘယ်မိထွေးမှ မကောင်းဘူး” လို့ မှာခဲ့တယ်တဲ့။ အမှန်တကယ်တော့ သူ့အမေက သူ့ယောက်ျားကို နောက်အိမ်ထောင် မပြုစေချင်လို့ အဲဒီလိုပြောခဲ့တာပါ။

သူ့ရဲ့မိထွေးကို သူအရွယ်ရောက်တဲ့အထိ မျက်နှာသာမပေးခဲ့သလို သူ့အဖေဆုံးတဲ့အချိန်မှာ သူ့မိထွေးကို အိမ်ပေါ်ကနေ နှင်ချခဲ့တယ်။ သူ့မိထွေးက “သားရယ် အမေက မင်းထင်ထားတဲ့ မိထွေးမျိုး မဟုတ်ပါဘူး” လို့ သူ့ကိုပြောခဲ့တဲ့ စကားဟာ ခုချိန်ထိ ရင်ထဲက မထွက်သေးဘူးတဲ့။ သူ့အပေါ်ကောင်းတဲ့ မိထွေးကို အိမ်ပေါ်ကနှင်ချခဲ့မိလို့ သူလည်းအခုလို ၀ဋ်လည်နေရတာပါလို့ ရှင်းပြခဲ့တော့မှ သူပြောနေတဲ့ ၀ဋ်လိုက်တတ်တယ်ဆိုတာကို နားလည်မိ၊ ခံစားမိခဲ့တယ်။

နောက်ထပ် မိတ်ဆွေသူငယ်ချင်းတစ်ယောက်ပြောတဲ့ ၀ဋ်က တစ်မျိုးပါ။ ရည်းစားတွေ အများကြီးထားပြီး တစ်ယောက်ပြီးတစ်ယောက် တွဲချင်တာနဲ့ အကြောင်းမရှိ အကြောင်းရှာ အပြစ်ရှာပြီး အဆက်ဖြတ်ခဲ့တာတွေ၊ အသည်းခွဲခဲ့တဲ့သူတွေဟာ တကယ်တမ်း အိမ်ထောင် အတည်ကျပြီး သားသမီးတွေ မွေးလာတဲ့အခါမှာ ကိုယ့်သားသမီးတွေလည်း အချစ်ရေးမှာ ၀ဋ်လိုက်တော့တာပဲတဲ့။

သားသမီးတွေရဲ့ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ကံဆိုးတာတွေနဲ့ကြုံပြီး သားသမီးတွေနဲ့ ပတ်သက်ပြီး “အပူလုံးကြွ” နေရတော့တာပဲတဲ့။ သူပြောတဲ့ ၀ဋ်ဆိုတာကလည်း တချို့လူတွေ အတွက် ဟုတ်နေသလိုလိုပါပဲ။ ရည်းစားများတဲ့သူတွေ သတိပြုရမှာပေါ့လို့ တွေးခဲ့မိတယ်။ မောင်နှမနှစ်ယောက်ရဲ့ ၀ဋ်လည်ပုံလေးက တစ်မျိုးပါပဲ။ အစ်မဖြစ်သူရဲ့ သားသမီးတွေ ညံ့ဖျင်းတာကို လက်ညှိုးတထိုးထိုးနဲ့ အပြစ်ပြောတတ်တဲ့ မောင်ဖြစ်သူက အစ်မဖြစ်သူကို ကြိမ်းမောင်း ပြောဆိုလေ့ရှိတဲ့ စကားက “ကျုပ်သားဆို ခင်ဗျားလို ညံ့ဖျင်းတဲ့ သားသမီး မမွေးဘူး” လို့ တူ၊ တူမတွေနဲ့ စိတ်အခန့်မသင့်တိုင်း ကြိမ်းမောင်းလေ့ ရှိပါတယ်။ သူအိမ်ထောင်ကျတဲ့ အခါမှာတော့ သားသမီးမရပါဘူး။ အဲဒါ ငါ့ကို ဟိုတုန်းကပြောခဲ့လို့ အခုလို ၀ဋ်လည်တာလို့ ကျွန်တော်နဲ့တွေ့တိုင်း အစ်မဖြစ်သူ အန်တီကြီးက ပြောပြလေ့ ရှိပါတယ်။ ဒါလည်းဖြစ်နိုင်တာပဲလို့ ကျွန်တော်မှတ်ချက်ချခဲ့ ဖူးပါတယ်။

ဟိုတစ်လောက စာစောင်တစ်ခုမှာ ဖတ်လိုက်ရတဲ့ ၀ဋ်လည်ခြင်းတစ်မျိုးက ထူးဆန်းခဲ့တယ်။ ပုဂ္ဂလိက သတင်းစာတွေ၊ ဂျာနယ်တွေမှာ အစိုးရအဖွဲ့ဝင်တွေရဲ့ အားနည်းချက်တွေ၊ မကောင်းတဲ့ အပြုအမူတွေ၊ လိုအပ်ချက်တွေကို ကာတွန်းတွေ၊ ဆောင်းပါးတွေ၊ သရော်စာတွေနဲ့ မကြာခဏ သရုပ်ဖော်ခံနေကြရတာဟာ နိုင်ငံရေး ၀ဋ်လည်တာပါတဲ့။စစ်အစိုးရ လက်ထက်တုန်းက နိုင်ငံရေးသမားတွေကို အပုပ်ချပြောခဲ့တာတွေ၊ နာမည်ဖျက် အကောက်ကြံခဲ့တာတွေ၊ အမျိုးမျိုး လုပ်ခဲ့ကြတော့ ဒီနေ့လို ခေတ်ပြောင်းမှာ ဖော်ကောင်အလုပ်ခံရတာ၊ ဝေဖန်အပြစ်တင် ခံရတာတွေဟာ ၀ဋ်လိုက်ခြင်း၊ နိုင်ငံရေးဝဋ်လည်ခြင်း တစ်မျိုးပဲဆိုတာကို ရေးသားထားတာကို ဖတ်လိုက်ရတော့ “ဟုတ်တာပဲ အဲဒီလို ၀ဋ်ဆိုတာလည်း ရှိတာပါပဲလို့ မှတ်ချက်ချခဲ့မိတယ်။

ဝဋ်ဆိုတာ မလည်သေးတာဘဲ ရှိတယ်။ မလည်ဘူးဆိုတာ မရှိဘူးဆိုတဲ့ “နိယာမတစ်ခု” ကို မှတ်သားထားခဲ့မိတယ်။ဟာသသရုပ်ဆောင် တစ်ယောက်ရဲ့ ၀ဋ်လိုက်ခြင်းကတော့ ရယ်စရာ လေးပါ။ ငယ်စဉ်က နာမည်ကြီး ဟာသသရုပ်ဆောင်တွေ အငြိမ့်ကပြီးရင် သူများတွေက ပွဲပြီးရင် ပြန်ပေမယ့် သူကမပြန်ဘဲ လူရွှင်တော်တွေ ရုံထဲကထွက်လာတဲ့အထိ ပုန်းပြီးစောင့်နေပါသတဲ့။ လူရွှင်တော်တွေ ထွက်လာပြီဆိုတာနဲ့ နောက်ကနေချောင်းပြီး တစ်ခိခိနဲ့ ရယ်နေတော့တာပါပဲတဲ့။ သူကိုယ်တိုင် လူရွှင်တော် ဟာသသရုပ်ဆောင် ဖြစ်လာတဲ့အချိန်မှာတော့ ကောင်မလေးတွေက သူ့ကိုတွေ့တာနဲ့ ရယ်နေကြတော့ ကောင်မလေးတွေကို ကောင်းကောင်းမပိုးရတော့ဘူးတဲ့။ အဲဒီတော့ သူဝဋ်လည်တယ်ဆိုတာကို နားလည်သွားခဲ့တယ်တဲ့။စေ့စေ့တွေးမှ ရေးရေးပေါ် ဆိုသလိုပါပဲ။

တချို့တချို့သော အကြောင်းအရာတွေ၊ လုပ်ရပ်တွေဟာ ပေါ့ပြက်ပြက် လုပ်ခဲ့ကြပေမယ့် ကိုယ့်အလှည့်ကျမှ ကြောက်နေတတ်ကြတာ၊ စိုးရိမ်နေတတ်ကြတာဟာ သဘာဝမကျပါဘူး။ ကိုယ့်ရဲ့အပြုအမူတိုင်းမှာ သူတစ်ပါးကို ထိခိုက်မှု ရှိမရှိ၊ သူတစ်ပါးအပေါ်မှာ နာကျင်စေမှု ရှိမရှိ စဉ်းစားတတ်ဖို့ပါပဲ။ သူတစ်ပါးအပေါ်မှာ နာကျင်စေမယ်၊ ထိခိုက်စေမယ်ဆိုရင်တော့ အတုံ့အလှည့် ဆိုတာ ရှိလာတာပါပဲ။ ဗုဒ္ဓရဲ့ တရားစကားနဲ့ဆိုရင်တော့ ၀ဋ်ကြွေးလို့ ဆိုရမှာပါပဲ။

ကျွန်တော်တို့ လူသားတွေအနေနဲ့ နိုင်ငံရေးမှာပဲဖြစ်ဖြစ်၊ လူမှုရေးမှာပဲဖြစ်ဖြစ်၊ စီးပွားရေးမှာပဲဖြစ်ဖြစ်။ မကောက်ကျစ်ဖို့၊ မညစ်ပတ်ဖို့၊ မယုတ်မာမစော်ကားဖို့ လိုပါတယ်။ ဓမ္မနဲ့ အဓမ္မ ဘယ်လောက်ပဲ အားပြိုင်မှုရှိရှိပါ။ နောက်ဆုံးမှာ ဓမ္မ-မှန်ကန်ခြင်း သဘောတရားရဲ့ အဆုံးအဖြတ်ကို ဘယ်သူမှလွန်ဆန်လို့ မရပါဘူး။ ကျွန်တော်တို့ဘ၀မှာ ၀ဋ်လည်စေမယ့် အကြောင်းတရားမျိုး၊ အပြုအမူမျိုး မရှိဖို့၊ မလုပ်ခဲ့ဖို့ လိုတယ်ဆိုတာကိုတော့ တိုက်တွန်းချင်ပါတယ်။

Written by:  ညီအောင်ညီ

http://www.news-eleven.com/

Thursday, March 27, 2014

ဝေါဟာရမာသ (ခ) မြန်မာလများ



ဝေါဟာရမာသ (ခ) မြန်မာလများ 


လူတို့သုံးနှုံးနေသော လ သို့မဟုတ် ပြက္ခဒိန်၌ ဖော်ပြထားသော လ ကို ဝေါဟာရမာသ ဟု ခေါ်၏ ။ ဝေါဟာရမာသ များမှာ တန်ခူးလ အစ တပေါင်းလ အဆုံးဖြစ်ပါသည် ။ ဝေါဟာရ နှစ်တစ်နှစ်သည် တန်ခူး လဆန်း ၁ ရက်နေ့တွင် စတင်ပြီး တပေါင်းလကွယ်နေ့တွင် ဆုံးသည် ။ သို့သော်လည်း ဤလများမှာ လက်တွေ့ပြက္ခဒိန်ထဲ၌ ဖော်ပြထား သည့်လနှင့် အနည်းငယ် ကွာသည် ။ အဘယ်ကဲ့သို့ကွာသနည်းဟူမူ ပြက္ခဒိန်ထဲမှ မြန်မာနှစ်တစ်နှစ်၏ အစသည် တန်ခူးလဆန်းတစ်ရက်နေ့မဟုတ် ။ သက္ကရာဇ်နှစ်တစ်နှစ်သည် နှစ်ဆန်းတစ်ရက်နေ့ (သင်္ကြန်အတက်နေ့၏ နောက်တစ်ရက်) တွင် စသည် ။ နောက်လာမည့် သင်္ကြန်အတက်နေ့သည် ထိုနှစ်၏ နောက်ဆုံးရက်ဖြစ်၏ ။


ဝေါဟာရလများမှာ အောက်ပါအတိုင်း ဖြစ်၏ ။

တန်ခူးလ

တန်ခူးလကို တန်းခူးဟူ၍ရေးသည်လည်း ရှိ၏ ။ တစ်ခါတစ်ရံ ပျို့ကဗျာတို့၌ တာကူးလဟူ၍ ရေးသည်ကိုလည်း တွေ့ရ၏ ။ တာကူးဟူသော အရေးအသားမှာ မိန်ရာသီမှ မိဿရာသီသို့ တနင်္ဂနွေဂြိုဟ် ပြောင်းခြင်းကို စွဲ၍ရေးသား ကြောင်း ဝေါဟာရလိနတ္ထဒီပနီကျမ်း ပြုစုသူ လှေသင်းအတွင်းဝန်မင်းက ဆိုသည် ။ ဤအဆိုကိုလိုက်၍ ဝေါဟာရ ၏ ဇာစ်မြစ်ကိုရှာဖွေ သူတို့က တာကူးမှ တန်ခူးသို့ရွေ့လျားသည်ဟု ကြံဆကြ၏ ။ သို့ရာတွင် ပုရံကျောက်စာ၏ အရေးအသားတို့ကို အခြေခံ၍ သုတေသနပြုသော ဦးဖိုးလတ်ကမူ တာကူးဟူသော အသုံးအနှုန်းနှင့် တန်ခူးဟူ သော အသုံးအနှုန်းသည် သူ့အဓိပ္ပါယ်နှင့်သူ တခြားစီ ဖြစ်သည်ဟု ဆိုသည် ။ “တာ” ဟူသည် အချိန်အခါ ၊ ရာသီဥတု ၊ နှစ်စသည် တို့ကိုဟောရာ ဤတာကူးဟူသော ဝေါဟာရ၌ နှစ်ကိုရည်ရွယ်သည် ။

ထို့ကြောင့် “တာကူးလ” သည် “နှစ်ကူးသောလ” ဟု အဓိပ္ပါယ်ရသည် ဆို၏ ။ တန်ခူးဟူသော ဝေါဟာရ၌ “တန် (၀ါ) တန်း” သည် ပါဠိ ကာလနှင့်အနက်တူ သော “ထန်း” ဖြစ်သည် ။ “ခူး” ကား “ဆွတ်ခူးသည်” ဟုအဓိပ္ပါယ်ရ သည် ။ ထို့ကြောင့် တန်ခူးလ ဆိုသည်မှာ ထန်းသီးဆွတ်ခူးသောလ ဟု မှတ်ယူရမည် ဆိုသည် ။ ဤနည်းတူ တပို့တွဲ ၊ တပေါင်း တည်း ဟူသော ဝေါဟာရတို့၌ ပါသော “တ” ပုဒ်ကို “ထန်း” မှ ပျက်လာသော ပုဒ်ဟု ဆိုကြောင်းကို ရှေ့၌တွေ့ရဦးမည် ။

ကဆုန်လ
ပုဂံကျောက်စာတို့တွင် ကုဆုန်ဟူသော အရေးအပြင် ခူဆုန်၊ ခုဆုန် ဟူသော ကွဲလွဲချက်များတွေ့ရသော်လည်း သဘောမှာ အတူတူချည်းဖြစ်သည် ။ “ကုဆုန်” ဟူသောစကား၌ “ကု” သည် “ရေ” ကိုဟော၏ ။ “ဆုန်” ကား “စုန်ဆင်းခြင်း ၊ စီးဆင်းခြင်း ၊ သွန်းလောင်းခြင်း” ကိုဟောသည် ။ ကု မှ က သို့ ရွေ့လျောသည် ။ အဓိပ္ပါယ်ကား ရေသွန်းလောင်းသောလ ဟူ၏ ။ လှေသင်းအတွင်းဝန်ကမူ ကဆုန်ကို ၀ိဂြိုဟ်ပြုသောအခါ “ဥဒကံ၊ ရေကို၊ ဆိန္ဒတိ၊ ဖြတ်တတ်၏” ဟုဆို၍ယင်းလကို ရေပြတ်သောလ ဟု အဓိပ္ပါယ်ဖွင့်သည် ။ သို့ရာတွင် ဆယ့်နှစ်လရာသီဘွဲ့များတွင် ကဆုန်ညောင်ရေသွန်းခြင်းကို ပဓာနပြု၍ ဖွဲ့ဆိုကြသောကြောင့် ရေသွန်းလောင်းခြင်းဟူသည် ညောင်ရေသွန်းလောင်း ခြင်းပင်ဖြစ်သည် ဟူ၍ မှတ်ယူခြင်းသည် သဘာဝကျလိမ့်မည် ။

နယုန်လ

နယုန်လဟူသော ဝေါဟာရ၏အနက်ကို ကြံဆရာ၌ “နံ” သည် အချိန်ကာလကို ဟောသောပုဒ်ဖြစ်သည် ။ “ယုန်” ဟူသော ဝေါဟာရ၏ ဇာစ်မြစ်ကို မြန်မာစကားနှင့် အနွယ်တူသော တိုင်းရင်းသား ဘာသာစကားထဲတွင် လိုက်လံ ရှာဖွေကြည့် သောအခါ “ယုန်” ဟူသည် မိုးကိုလည်းကောင်း ၊ စီးဆင်းခြင်းကိုလည်းကောင်း ဟောသည်ကို တွေ့ရသည် ။ ထို့ကြောင့် နယုန်လ ဟူသည် မိုးရွာသောလကို ဆိုလိုသည်။ ဝေါဟာရလိနတ္ထဒီပနီကျမ်း၌ “နရယုဂ” မှ “နယုန်” ဖြစ်သည်ဟု ဆိုသည်။ ဤသည်မှာ ယုတ္တိမတန်ဟု ဦးဖိုးလတ်က ယူဆသည်။ “နရယုဂ” ၏ အဓိပ္ပါယ်မှာ “ယောက်ျား၊ မိန်းမအစုံ” ဖြစ်၏။ သို့သော် နရယုဂသည် ပါဠိဘာသာစကားအရင်း မဟုတ်ချေ။

ဝါဆိုလ

ဝါဆိုလဟူသောအမည်၌ ရှေးနှင့်နှောင်းပညာရှင်တို့ ၀ိဝါဒကွဲပြားခြင်း မရှိချေ ။ “၀ါ” ဆိုသည်မှာ ပါဠိ “၀ါသ” မှ တိုက်ရိုက်လာသောစကားဖြစ်၍ “နေခြင်း” ဟု အဓိပ္ပါယ်ရသည် ။ “ဆို” ဟူသည်မှာ “ရွတ်ဆိုခြင်း” အနက်ရသည် ။ မိုးတွင်း သုံးလအတွင်း ရဟန်းတော်များ ကျောင်း၌နေပါမည်ဟု အဆိုပြုသောလကို ၀ါဆိုလဟု ခေါ်သည် ပုဂံ ကျောက်စာအဦးပိုင်းတွင် ၀ါဆိုလကို ဟူ၍လည်းကောင်း၊ “မြွယ်တာ” ဟူ၍လည်းကောင်း ရေးသည်။ နှောင်းပိုင်း တွင် “နွယ်တာ” ဟူ၍လည်းကောင်း၊ “နွေတာ” ဟူ၍လည်းကောင်း ရေးလာကြသည်။ သို့သော် သာလျှင် အရင်းခံစကားဖြစ်သည်။ ကား “လယ်ယာမိုးမြေ” ကိုဟောသည်။ “တာ” ကား “တိုင်းတာခြင်း” ပင် ဖြစ်သည်။ လယ်ယာမြေတို့ကို တိုင်းတာသောလ ဟု အဓိပ္ပါယ်ရ၏။

ဝါခေါင်လ

ကျောက်စာတို့၌ ၀ါခေါင်လ အရေးအသားကို တွေ့ရန် ခဲယဉ်းသည် ။ ထို့ကြောင့် ၀ါခေါင်လကို ယခုခေတ်သုံး စကားနှင့် ပင် ကြံဆ၍ ရနိုင်သည် ။ “ခေါင်” ဟူသော ဝေါဟာရသည် “အထက်၊ အလယ်၊ ဗဟို၊ အတွင်း” ဟု အဓိပ္ပါယ်ရသည် ။ ထို့ကြောင့် “၀ါတွင်းသုံးလ၏ အလယ်” ဟု အဓိပ္ပါယ်ကောက်ယူနိုင်သည် ။ ၀ါခေါင်လသည် ၀ါလယ်လပင် ဖြစ်၏ ။ လှေသင်းအတွင်းဝန်မင်းကမူ “ခေါင်” ကို “မိုးခေါင်သည်” (မိုးမရွာ)ဟူသောအနက် ကဲ့သို့ကောက်ယူ၍ ၀ါခေါင် ဆိုသည်မှာ ၀ါမဆို ၊ ၀ါမကပ် ၊ ၀ါနှင့်ဝေးသည်ဟု အဓိပ္ပါယ်ရကြောင်း ဖွင့်ဆိုသည် ။

ဤလ၌ ၀ါမကပ်ဟူသော သဘော သက်ရောက်သည် ။ စင်စစ် ၀ါခေါင်လပြည့်ကျော် တစ်ရက်နေ့၌ ရဟန်းတော် တို့သည် ပစ္ဆိမ၀ါ ကပ်နိုင်သည် ။ ၀ါခေါင်လကို ကျောက်စာများ၌ “နံကာ” ဟု အရေးများသည် ။ “နံ” ဟူသည် “အချိန်ကာလ” ကိုပြသည် ။ “ကာ” ကို ကြံဆသောအခါ “လယ်လုပ်ငန်း” ဟု ပြဆိုသည် ။ ထို့ကြောင့် “နံကာ” ဟူသည် “လယ်လုပ်ချိန်၊ လယ်ထွန်ချိန်နှင့် ဆိုင်သော လ” ဟု အဓိပ္ပါယ်ရသည်။ ဝေါဟာရ လိနတ္ထဒီပနီ၌ကား “နံကာ” သည် နိက္ခမနိယ ဟူသော ပါဠိမှလာသည် ဟု ဆိုသည်။ အဓိပ္ပါယ်မှာ “နေသည် အတွင်းခရီးမှ အပြင် ခရီးသို့ထွက်ခြင်း” ဟု ဖြစ်၏ ။ သို့သော် ယုတ္တိမတန်လှပါ။

တော်သလင်း


တော်သလင်း၏ ဇာစ်မြစ်ကို သက္ကတ၊ ပါဠိ ဘာသာစကားတို့၌ လိုက်ရှာရန်မလိုတော့ချေ ။ မြန်မာစကားသက်သက် နှင့်ပင် အဓိပ္ပါယ်ထွက်သည် ။ “တော်” ဆိုသည်မှာ “မြင့်မြတ်သည် ၊ အထွတ်အထိပ်ဖြစ်သည် ၊အထက်ကောင်းကင် ဖြစ်သည်” ဟူ၍ လည်းကောင်း ၊ “သလင်း” ဆိုသည်မှာ “သာလင်း” မှလာ၍ “သာယာထွန်းလင်းသည်” ဟူသော အဓိပ္ပါယ်ရှိသည်ဟု ကြံဆကြသည် ။ သို့သော် အင်းဝခေတ်နှောင်းပိုင်းတွင် သစ်ဆင်းလဟူသော အရေးအသားကို ပျို့၊ ကဗျာများ၌ တွေ့ရပြန်သည်။ ယင်းကိုအချို့သောပညာရှင်တို့က “သစ်ဖောင်၊ ၀ါးဖောင်များစုန်ဆင်းသောလ” ဟု အဓိပ္ပါယ်ကောက်ကြ၏။ သို့ရာတွင် ဦးအောင်ကြီး၏ လူးတား၌ တိုင်လေးစင်၏ ထိပ်ဖျားမှ ပိုက်ခင်းထားသော ရေပြင်ပေါ်သို့ ခုန်ဆင်းသည့် ပျော်ပွဲသဘင်ကို အခိုင်အမာဖော်ပြထားခြင်းကြောင့် “ပန်းလုသဘင် ၊ သစ်ဆင်းရင်” သော ပွဲတော်ကို အစွဲပြု၍ သစ်ဆင်းလဟု ခေါ်ကြောင်း အဆိုကို အများက လက်ခံကြသည် ။

 သို့သော် ဤအဆိုကို လှေသင်းအတွင်းဝန်မင်းက သဘောမတူသည့်အပြင် တော်သလင်း၏ ဇာစ်မြစ်ကို ကြံဆရာ၌ “ကောသိတုံအလံ” ဟူသောပါဠိမှ ဆင်းသက်၍ “တော်သလင်း” ဟူသောစကား ဖြစ်လာသည်ဟု ဆို၏ ။ တော်သလင်းကို ရာသီအား ဖြင့် ကန်ရာသီဟု ခေါ်သည် ။ ကန်ရာသီကား ကညာကိုစွဲ၍ ခေါ်ခြင်းဖြစ်သည် ။ ကညာသည် ယောက်ျားကို နှစ်သက် စေတတ်သည် ။ ယင်းသို့ ယောက်ျားကိုနှစ်သက်စေခြင်း သဒ္ဒါသည် ပါဠိ၌ “တောသ” ဟူ၍လည်း ရှိသည် ။ တောသ မှ တော်သလင်းသို့ ရွေ့လျားသည်ဟု လှေသင်းအတွင်းဝန်က မိန့်ဆိုသည် ။ သို့သော်လည်း ဤအဆိုမှာ အတွေးခေါင်လွန်း လှသည် ။

သီတင်းကျွတ်

သီတင်းကျွတ်လကို ပုဂံကျောက်စာတို့တွင် သီတင်းကျွတ်ဟူသော ဝေါဟာရကို မတွေ့ရပဲ “သန်တူလ၊ သန္တူလ” ဟူ၍ တွေ့သည် ။ အင်းဝခေတ်ကျောက်စာတို့တွင်မူ “သတင်းကျွတ်” ဟူ၍တွေ့နိုင်သည် ။ လှေသင်းအတွင်း ၀န်မင်းက “သတင်းကျွတ်လဟု ခေါ်ဆိုသည်မှာ ၀ါဆိုလပြည့်နေ့မှစ၍ သတင်းကျွတ်လပြည့် ကျော်တစ်ရက်နေ့ အထိ သတင်း ၀ါလ ကျွတ်သောကြောင့် ခေါ်သည်” ဟု ရေးသားခဲ့၏ ။ ယင်းကို ဦးဖိုးလတ်က ထောက်ခံ၍ “သတင်း” ဟူသော ဝေါဟာရ၏ အနက်မှာ နေထိုင်ခြင်း ဖြစ်သည် ။ ယင်းအနက်မှ “သီလကိုကျင့်သုံးဆောက်တည် နေထိုင်ခြင်း” ဟူသော အနက်သို့ ထပ်မံရွေ့ လျောလာသည် ဟု ဆိုသည် ။ ဤအနက်သည် ၀ါကျွတ် ဟူသော အနက်နှင့်လည်း ကိုက်ညီသည်ဟု ဆိုသည် ။

 ရဟန်းတော်တို့ သီတင်းသုံး နေထိုင်ကြသည်မှာ အကျင့်သီလနှင့် တကွ နေထိုင်ကြသည်ဖြစ်ရာ သီတင်းသုံးခြင်းကို စွဲယူခြင်းမပြုဘဲ သီလကိုစွဲယူခြင်းပြု၍ သီတင်းကျွတ် ဟူသော အရေးအသားကို ယခုအခါ အတည်ပြုလာကြသည် ။ ပုဂံကျောက်စာတွင်ရေးသားသော “သန်တူ” မှ “သန်” ကို “ကောက်ပင်” ဟု အဓိပ္ပါယ်ယူသည်။ “တူ” ကိုမူ မြန်မာ စကားနှင့်နှီးနွယ်သော အခြားဘာသာစကားတို့မှ အရင်းအမြစ်ကိုလိုက်၍ “ထူသည် ၊ ထောင်သည် ၊ ပေါက်ပွားသည်” ဟူသော အနက်ကို ယူသည် ။ ထို့ကြောင့် “သန်တူလ” ဆိုသည်မှာ “ကောက်ပင်များထွက်၍ ထောင်မတ်လာသောလ” ဟု အဓိပ္ပါယ် ရသည် ။ လှေသင်းအတွင်းဝန်ကမူ “သန်” သည် “၀သန္တ” မှလာ၍ “မိုး” ကိုဟောသည် ၊ “တူ” ကား “တူရာသီ” ကိုရည်ညွှန်း သည် ၊ ထို့ကြောင့်အဓိပ္ပါယ်မှာ “၀သန္တဥတု၊ တူရာသီ” ဖြစ်သည်ဆို၏ ။ ဤအဆိုကို ဦးဖိုးလတ်က လက်မခံချေ ။

တန်ဆောင်မုန်းလ

တန်ဆောင်မုန်းလကို ရှေးက တန်ဆောင်မှုန်း ဟူ၍ မီးရှုးမီးတိုင် ထွန်းလင်းတောက်ပသည်ကို အကြောင်းပြု၍ ရေးသားကြသည်ဟု ဆိုသည် ။ “တန်ဆောင်” ကား “မီးရှူးမီးတိုင်တို့မှပေးသော အလင်းရောင်” ၊ မုန်း နှင့် မှုန်း ဝေါဟာရက “မှုန်း” သည် “ထွန်းလင်းတောက်ပစေသည်” ဟု အဓိပ္ပါယ်ရကြောင်း ဦးဖိုးလတ်က ဖွင့်ဆိုသည် ။

နတ်တော်လ

နတ်တော်လကား နတ်ကိုပူဇော်သောလဖြစ်သည် ။ စကားဇာစ်မြစ်တို့ကို စစ်ဆေးရာတွင် ရှေးခေတ် နှင့် နှောင်းခေတ် သဘောထားကွဲပြားခြင်းမရှိပဲ မည်သည့်နတ်ကို ကိုးကွယ်သည် ဆိုရာ၌ အယူအဆ နှစ်မျိုးရှိသည် ။ လှေသင်းအတွင်းဝန်က နတ်တော်လတွင် မဟာပိန္နဲနတ်မင်းအား ပူဇော်ပသည်ဟု ပထမဆို၏ ။ တဖန် မဟာဂီရိ နတ်မောင်နှမအား ပူဇော်ပသသည်ဟု ဒုတိယစကားကို ဆိုပြန်သည် ။ ဤအချက်ကို ၀ိဝါဒကွဲပြားအောင် ဦးဖိုးလတ်က ရှင်းပြရာတွင် “ မင်းမဟာဂီရိနတ်မောင်နှမကို ပူဇော်သည်ကား အရင်းခံဖြစ်သည် ။ ယင်းသို့ပူဇော် သည့်အခါ လူတို့က နှစ်စဉ် ကြက်၊ ၀က်၊ ဆိတ်၊ နွားတို့၏ အသက်ဖြင့် သတ်ဖြတ်ပူဇော်လေ့ရှိသည် ။ ဟံသာဝတီ ဆင်ဖြူရှင် လက်ထက်သို့ ရောက်သောအခါ ယင်းသို့ပူဇော်ခြင်းသည် သာသနာနှင့် ဆန့်ကျင်ဘက်ဖြစ်သည်ဆိုကာ ပိတ်ပင်သည် ။ ထိုအခါ မဟာပိန္နဲနတ်ကို ရထားတင်ဆွဲ၍ ပူဇော်စေသည် ဟူ၍ ဖြစ်လေသည် ။

ပြာသိုလ


ပြာသိုလ ဟုခေါ်ဆိုရခြင်း အရင်းအမြစ်ကို စိစစ်သော် ပ္လသိုဝ် - ပ္လာသိုဝ် - ပြသိုဝ် - ပြာသိုဝ် စသည်ဖြင့် ပြာသို သို့ဆင်းသက်လာသည်ဟု အလွယ်နှင့် ပြဆိုနိုင်သော်လည်း ထိုဝေါဟာရကို ဓာတ်ခွဲကြည့်ရာ၌မူ လွန်စွာ ခက်ခဲ သည် ။ “ပ္လာသိုဝ်” ၌ ပါသော “ပ္လာ” သဒ္ဒါကို မြန်မာနှင့်နွယ်တူသော ဘာသာစကားတို့တွင်လိုက်လံရှာဖွေရာ “ပျားဖယောင်း” ဟူသော ပုဒ်ရင်းကို ရ၏ ။ “သို” ၏ အနက်ကား “သိုလှောင်ခြင်း” ဖြစ်သည် ။ ထို့ကြောင့် “ပြာသိုလ” ဟူသည် “ပျားဖယောင်းကိုစု၍ အရဆုံးလ” ဟု အဓိပ္ပါယ်ရကြောင်း ဦးဖိုးလတ်ကဆိုသည် ။ လှေသင်း အတွင်းဝန်မင်းကမူ ပြာသိုလသည် သက္ကတ “ပေါသျှီ” မှလာသည် ။ “ပေါသျှီ” ကား ဖုသျှနက္ခတ် ဖြစ်၏ ။ ပြာသိုလ ၊ မကာရရာသီတွင် ဖုသျှနက္ခတ်နှင့်ယှဉ်၍ လပြည့်သည်ကို အကြောင်းပြုလျှက် ပြာသိုဟု ခေါ်ကြောင်း ဖွင့်ဆိုသည်။

တပို့တွဲလ

တပို့တွဲလဟူသော ဝေါဟာရ၌ပါသည့် “တ” မှာ “ထန်း” ကို ဟောကြောင်းအထက်တွင်ဆိုခဲ့ပြီးဖြစ်၍ ဦးဖိုးလတ်က “တပို့” မှာ “ထန်းပို့” ဖြစ်၍ ထန်းဖူး ၊ ထန်းခိုင်ဟု အဓိပ္ပါယ်ရသည် ။ “တွဲ” ကားမြန်မာစကားသက်သက်“တွဲကျခြင်း” ကိုဟောသည် ။ ထို့ကြောင့် တပို့တွဲလဟူသည် ထန်းဖူး ၊ ထန်းခိုင်တို့ကို အောက်သို့တွဲကျအောင်ပြုလုပ်ခြင်းဖြစ်၍ “ထန်းရည်နင်းလ” ဟု အဓိပ္ပါယ် ရကြောင်း ဖွင့်ဆိုသည် ။

 ဝေါဟာရတ္ထပကာသနီကျမ်း၌ ဒုတိယကျော်အောင်စံထား ဆရာတော်က တပို့တွဲမှာ လယ်ယာလုပ်သားတို့ ထမ်းပိုးကို ဆွဲထားသာ် ဟူသော အနက်မှလာသည်ဟု ဆိုသည် ။ လှေသင်းအတွင်းဝန်ကမူ ဤအဆိုကိုပယ်၍ တပို့တွဲသည် ပါဠိ ၊ သက္ကတ ၌ ရှိသော “ပူပန်ခြင်း” အနက်ရှိသည့် “တပါ” သဒ္ဒါမှလာသည် ဟူ၍လည်းကောင်း ၊ “တပံသူရီယာ တပဌာနံ၊ ဓာဝယတိ၊ ပလာယတိ” ဟူသော ၀ိဂြိုဟ် ကိုထောက်ပြီး “တပဓာယ၀” ပုဒ်မှလာ၍ “နေပူရာ၊ နေရောင်ပျို့ရာ အရပ်သို့ ပြေးသွား စေတတ်ခြင်း” ကို အစွဲပြု၍ ခေါ်သည် ဟူ၍လည်းကောင်း ဖွင့်ဆိုသည် ။ ဒုတိယကျော်အောင်စံထား ဆရာတော်က ဝေါဟာရ၏ ဗျူပ္ပတ်ကို ရှာရာ၌ မြန်မာစကားသက်သက်ကို အခြေခံ၍ ကြံဆဘိသကဲ့သို့ လှေသင်းအတွင်းဝန်မင်းက သက္ကတနှင့် ပါဠိဂတိကိုလိုက်၍ ကြံဆလေသည် ။

တပေါင်းလ

တပေါင်းလဟူသည်မှာ “ထန်းရည်ကိုကျို၍ ထန်းလျက်ချက်သောလ” ဟု ဦးဖိုးလတ်က ဆိုသည် ။ “တ” သဒ္ဒါကို သိကြပြီးဖြစ်သည် ။ “ပေါင်း” ဟူသည်ကား မြန်မာစကားရိုးရိုး “ပေါင်းသည် ၊ ကျိုသည် ၊ ချက်သည်” ဟူ၍ အဓိပ္ပါယ်ရသည် ။ လှေသင်း အတွင်းဝန်မင်းကမူ ပါဠိကို လိုက်တတ်သည့်အတိုင်း “တပေါင်း” ဆိုသည်မှာ “တပသျှား” မှလာ၍ “ပူပန်ခြင်း ကောင်းသောလ (ပြင်းထန်သောလ) ” ဖြစ်သည်ဟု ဆိုသည် ။ ၀န်ကြီးပဒေသ ရာဇာ၏ ထန်းတက်သမားဘွဲ့၌ နွေဦးကာလ (တပေါင်းလ) တွင် ထန်းတက်၍ ထန်းရည်သိမ်းဆည်းပြီးလျှင် ထန်းလျက်ချက်သည်ကို ဖွဲ့ဆိုထားသည် ။ ဤသည်ကို ကောက်၍ “ထန်းချက်သောလ” ဟူသောအဆိုက ပို၍ယုတ္တိတန်သည်ဟု မှတ်ယူရန် ရှိပါသည် ။

မြန်မာလများဖော်ပြရာတွင် ပိုမိုပြည့်စုံစေရန် လအလိုက်ပွင့်သောပန်းများနှင့် ပွဲတော်လများကိုပါ ဖြည့်စွက်ဖော်ပြ လိုက်ပါသည်။

မြန်မာလ လင်္ကာ

၁။ တန်ခူး မိဿ၊ စိတြ၊ လနှင့်ယှဉ်ပြိုင်ထွန်း။

ရင်ခတ်၊ ကံ့ကော်၊ ထုံသင်းပျော်၊ ပွဲတော်အခါညွှန်း။

၂။ ကဆုန် ပြိဿ၊ ကောင်းကင်ဝ၊ ထွန်းပ ၀ိသာခါ။

စကားပွင့်ဆဲ၊ ညောင်ရေပွဲ၊ သွန်းမြဲအချိန်သာ။

၃။ နယုန်မာသာ၊ မေထုန် ကျ၊ ဇေဌရောင်စုံကျင်း။

စံပယ် မြတ်လေး၊ ရနံ့မွှေး၊ စာမေးသဘင်ခင်း။

၎။ ၀ါဆို ကြကဋ်၊ လပြဿဒ်၊ တည့်မတ် အာသဠီ။

ပုန်းညက်ငုံကင်း၊ စပ္ပယ်သင်း၊ ပဉ္စင်းခါတော်မီ။

၅။ ၀ါခေါင်သိမ်းမွန်၊ အာကာစွန်၊ သရ၀ဏ် ရောင်စွေးစွေး။

ခတ္တာဖူးလျှံ၊ စာရေးတံ၊ ညတန်ဆောင် ဖွေးဖွေး။

၆။ တော်သလင်းမီ၊ ကန်ရာသီ၊ ထွန်းချီ ဘဒြာ။

ယင်းမာလှိုင်မြဲ၊ ခိုင်လုံးတွဲ၊ လှေပွဲသဘင်ပ။

၇။ သီတင်းကျွတ်ပြီ၊ တူရာသီ၊ အဿဝဏီ ရှိန်ဝါရွှန်း။

ကြာမျိုးလည်းစို၊ မီးမြင့်မိုရ်၊ ဗဟိုအချာထွန်း။

၈။ တန်ဆောင်မုန်း ဗြိစ္ဆာ၊ ကြတ္တိကာ၊ ရောင်ဝါရှိန်လို့ဖြိုး။

ခ၀ဲပွင့်ချိန်၊ ခင်းကထိန်၊ ရွှေအိမ်ပိုးလည်စိုး။

၉။ နတ်တော်ခါမီ၊ ဓနုချီ၊ မိဂသီ ရောင်တစ်ဆန်း။

သဇင်ဖူးယဉ်၊ ဂမုံးအင်၊ သဘင်ဆင်တော်ပန်း။

၁၀။ ပြာသို မကာရ၊ ကြယ်ဖုသျှ၊ ယှဉ်ထ တူနှစ်ဖော်။

ခွာညိုနွယ်ရင်း၊ ၀တ်မှုံကင်း၊ မြင်းခင်း သဘင်တော်။

၁၁။ တပို့တွဲလ၊ ကုံသို့ကျ၊ မာဃထွန်းစမြဲ။

ပေါက်လဲပွင့်တုံ၊ ဆူးပန်းငုံ၊ မီးပုံ ယာဂုပွဲ။

၁၂။ တပေါင်းခါချိန်၊ ရာသီမိန်၊ တောက်ထိန် ဖဂ္ဂုဏ။

သရဖီ ဖူးဆဲ၊ ပိတောက်ပွဲ၊ သဲပုံစေတီပ။ ။

ဗဟုသုတအလို့ငှာ အင်္ဂလိပ်လများကိုလည်း ထည့်သွင်းဖော်ပြလိုက်ပါသည်။

ဇန္န၀ါရီလ

မျက်နှာနှစ်ဖက်ရှိသော ကောင်းကင်ဘုံ၏ တံခါးဝကို စောင့်သည့် ဂျေနပ် (Janus) နတ်ကို အစွဲပြု၍ ခေါ်သည် ။

ဖေဖော်ဝါရီ

မူရင်းအမည် Februo မှလာသည်။ သန့်ရှင်းစင်ကြယ်ခြင်း ဟု အဓိပ္ပါယ်ရ၏ ။

မတ်

Mars အမည်ရှိ စစ်ကိုအစိုးရသော ရောမနတ်ကို အစွဲပြု၍ ခေါ်သည် ။

ဧပြီ

Aperire မှလာသည်။ လက်တင်ဘာသာဖြစ်ပြီး ဖူးငုံရာမှ ပွင့်လာခြင်း ဟု အဓိပ္ပါယ်ရသည် ။

မေ

Maia ဟူသည့် သီးပင်စားပင်များကြီးထွားခြင်းကို အစိုးရသောရောမနတ်သမီးကို စွဲ၍ခေါ်သည် ။

ဇွန်

ဂျူပီတာနတ်မင်းကြီး၏ ကြင်ယာတော် Juno နတ်သမီးကို အစွဲပြု ခေါ်ဝေါ်သည် ။

ဇူလိုင်

မူလက ဤလကို ကွင်းတီးလစ်ဟု ခေါ်သည် ။ နောက်မှ ယခင်ပြက္ခဒိန်ဟောင်းအား ပြုပြင်ရေးဆွဲသူ Julius Caesar ကို ဂုဏ်ပြုကာ ဇူလိုင်ဟု ခေါ်ခြင်းဖြစ်သည် ။

သြဂုတ်

မူလက ဤလကို ဆက္ကတီလစ်ဟု ခေါ်သည်။ နောက်မှ Augustus ကို ဂုဏ်ပြုကာ သြဂုတ်လဟု ခေါ်ခြင်း ဖြစ်သည် ။

စက်တင်ဘာ

Septem မှလာပြီး လက်တင်ဘာသာဖြင့် ၇ (ခုနစ်) ဟု အဓိပ္ပါယ်ရသည် ။

အောက်တိုဘာ

Octo မှလာပြီး လက်တင်ဘာသာဖြင့် ၈ (ရှစ်) ဟု အဓိပ္ပါယ်ရသည် ။

နိုဝင်ဘာ

Novem မှလာပြီး လက်တင်ဘာသာဖြင့် ၉ (ကိုး) ဟု အဓိပ္ပါယ်ရသည် ။

ဒီဇင်ဘာ

Decem မှလာပြီး လက်တင်ဘာသာဖြင့် ၁၀ (တစ်ဆယ်) ဟု အဓိပ္ပါယ်ရသည် ။

မှတ်ချက်။ ။ စက်တင်ဘာ သည် ၇ ၊ အောက်တိုဘာသည် ၈ ၊ နိုဝင်ဘာသည် ၉ ၊ ဒီဇင်ဘာသည် ၁၀ ဖြစ်နေရခြင်းမှာ မူလပြက္ခဒိန်တွင် ဇန္န၀ါရီ နှင့် ဖေဖော်ဝါရီမရှိသေး။ မတ်လမှ စတင်ရေတွက်သည် ။ ထို့ကြောင့် မတ်လမှ စတင်ရေသော် စက်တင်ဘာလသည် ၇ လ မြောက် ဖြစ်နေသောကြောင့်တည်း ။ အောက်တိုဘာ စသည်တို့မှာလည်း အလားတူပင်ဖြစ်၏။ ထို့နောက် ဇန္န၀ါရီ နှင့် ဖေဖော်ဝါရီတို့ ထပ်ထည့် လိုက်သော်လည်း လ လအမည်များကို မပြောင်းဘဲ ယခင်ကအတိုင်း ဆက်လက် သုံးစွဲနေခြင်း ဖြစ်သည် ။

ဤလအမည်နှင့် အဓိပ္ပါယ် ရှင်းလင်းချက်များမှာ “မောင်ထင်” ၏ “မြန်မာ့ဆယ့်နှစ်လ အကြောင်း” စာအုပ်မှ ထုတ်နုတ်ဖော်ပြ ထားခြင်း ဖြစ်ပါသည် ။

ကိုးကား ဦးအေးငြိမ်း ။ ။ မြန်မာပြက္ခဒိန်တွက်နည်း ။

သျှင်လေညင်း( ၁၅ ၊ ၃ ၊ ၂၀၁၄ ) ။

Wednesday, March 26, 2014

အချိန်လွန်မှ ရတတ်သည့် မိဘတန်ဘိုး


အချိန်လွန်မှ ရတတ်သည့် မိဘတန်ဘိုး

"သမီးရေ.......အိပ်ယာထတော့လေ။ ကျောင်းသွားရမယ်မလား။ "

အမေ့ရဲ့ အော်သံကြောင့် မျက်စိများ ပွင့်ခဲ့ရပါပြီ။ အမြဲတမ်း လုပ်နေကျအတိုင်း အိပ်ယာကနေ နိုးနိုးချင်း မှန်တွေ ကွဲအက်နေတဲ့ နံရံကပ် နာရီကို လှမ်းကြည့်လိုက်ပါတယ်။ နာရီကို ကြည့်ပြီးတာနဲ့ ကျွန်မဟာ မျက်မှောင်ကြုတ်ရင်း အမေ့ကို ဘာလို့ ခုမှ နှိုးတာလဲ..နောက်ကျကုန်ပြီ...စိတ်တိုဘို့ ကောင်းလိုက်တာ ဆိုပြီး အော်ပြောလိုက်ပါတယ်။ ပြီးတော့ အခန်းတံခါးကို ဒုန်းခနဲ မြည်အောင်ဆောင့် ပိတ်ပြီး ကျောင်းသွားဘို့ အလောတကြီးနဲ့ ပြင်ဆင်နေခဲ့ပါတယ်။ (မှတ်ချက်။ ကိုရီးယားမှ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်းများမှာ ကျောင်းနောက်ကျလျှင် ပြင်းပြင်းထန်ထန် အပြစ်ပေးတတ်ပါသည်။) အားလုံးပြင်ဆင်ပြီး ကျောင်းသွားဘို့ အိမ်ကထွက်မည်အလုပ်တွင် ကျွန်မနောက်ကနေ အမေ့အသံကို ကြားလိုက်ရပါတယ်။


"သမီး~~တောင်းပန်ပါတယ်ကွယ်...အမေ သိပ်နေမကောင်းလို့ပါ။ "

ဒီအသံကို ကြားတာနဲ့ ကျွန်မလဲ သိပ်စိတ်မရှည်တာနဲ့...

"ဒီတခါလည်း အအေးမိပြန်ပြီလား..အအေးကလည်း မိဘဲ မိနိုင်လွန်းတယ်။ "

ဒီတော့ အမေက ကျွန်မကို အားနာသောဟန်ဖြင့်

"နောက်ကျမှ နှိုးမိတဲ့အတွက် အမေ စိတ်မကောင်းပါဘူး......ဒီမှာ သမီးအတွက် ထမင်းဘူး ယူသွားဦးနော်။ "

ကျွန်မက ကျောင်းကလည်းနောက်ကျ စိတ်ကလည်းတိုနေတော့ အမေ လှမ်းပေးတဲ့ ထမင်းဘူးကို ကြမ်းပြင်ပေါ်ကို ပစ်ချပြီး တော်ပြီ..မစားတော့ဘူး..ကျောင်းဘဲ သွားတော့မယ် ..ဆိုပြီး ကျွန်မ အိမ်မှ ထွက်လာခဲ့ပါတယ်။ အမေ့ကို ဂရုမစိုက်ဘဲ ကျွန်မ ကျောင်းသွားမယ့် လမ်းကို ပြေးထွက်လာရင်း နောက်ကို တချက် ပြန်ကြည့်လိုက်တော့ အမေဟာ တိတ်တိတ်ဆိတ်ဆိတ်လေး ကျွန်မ ပစ်ချခဲ့တဲ့ ထမင်းဘူးကို ပြန်လည် ကောက်ယူနေတာကို တွေ့ရပါတယ်။ အမေ့မျက်နှာက တကယ်ဘဲ ဖြူစွတ်နေတာကိုလည်း တွေ့လိုက်ပါတယ်။ ဒါပေမယ့် အမေက အမြဲတမ်း ဖျားနာနေကျမို့ ကျွန်မလည်း သိပ် စိတ်မပူဘဲ ကျောင်းသို့သာ ဦးတည်ပြီး သွားခဲ့ပါတော့တယ်။

ကျောင်းစတတ်တဲ့ အချိန်မှာ သတင်းတစ်ခုကို သိရပါတယ်။ ဒီအပတ် စနေနေ့ကို လေ့လာရေးခရီး ထွက်ရပါမယ်တဲ့။ ကျွန်မလည်း အရမ်းကို သွားချင်ခဲ့ပါတယ်။ သူငယ်ချင်းများနဲ့လည်း အတူတူ လျှောက်လည်ချင်သလို ဆင်းရဲခြင်းဆိုတာကိုလည်း တခဏလောက် မေ့ထားချင်ပါတယ်။ နောက်တခုက အမြဲတမ်း အိပ်ယာထဲ လဲနေတဲ့ အမေ့ကို လည်း ခဏလောက် မေ့ထားပြီး သူငယ်ချင်းများနဲ့ ပျော်ပျော်ရွှင်ရွှင် ဆော့ကစားချင်ပါတယ်။ ညနေ ကျောင်းဆင်းလို့ အိမ်ကို ပြန်ရောက်တော့ အမေ့ကို ထုံးစံအတိုင်း အိပ်ယာထဲမှာ လှဲနေတာကို မြင်ရပါတယ်။ အမေ့ကို မြင်တာနဲ့ စိတ်ထဲမှာ မကြေနပ်ချက်တွေ ပေါ်လာတော့တာပါဘဲ။ အမေကတော့ ကျောင်းကပြန်လာတဲ့ ကျွန်မကို ပြုံးပြုံးလေး လှမ်းကြည့်ပြီး သမီးလေး....ပြန်လာပြီလား လို့မေးပါတယ်။ အမေက မေးတာကို ပြန်မဖြေဘဲ

"အမေ...ဒီအပတ် စနေနေ့ ကျောင်းက သူငယ်ချင်းတွေနဲ့ လေ့လာရေးခရီးထွက်တာ သမီးလည်း လိုက်ချင်တယ်.... ပို့ပေးနော်။ "

"ဟင်..လေ့လာရေးခရီး...ဟုတ်လား သမီး...ဘယ်လောက်ကုန်မှာတဲ့လဲကွယ်။ "

အမေက ကုန်ကျစရိတ်ကို အရင်မေးတယ်။ ကျွန်မလည်း ကျွန်မတို့ မိသားစု အခြေအနေကြောင့် သွားရကောင်းမလား မသွားရကောင်းမလား ဝေခွဲမရ ဖြစ်နေပြီးမှ ၈ သောင်းပါ..အမေ လို့ ပြန်ဖြေခဲ့တယ်။ (မှတ်ချက်။ကိုရီးယားနိုင်ငံသည် ငွေကြေးဖောင်းပွသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။) ကျွန်မအဖြေကို ကြားတော့ ကျွန်မအမေက ၈...၈သောင်းကြီးများတောင် ဟု ပြန်၍မေးသည်။ ကျွန်မက အမေ့ကို အသံကျယ်ကြီးနှင့် ဘာလဲ...၈သောင်းတောင် မရှိဘူးလား ဟူ၍ ပြန်မေးလိုက်ပါတယ်။

ကျွန်မ ဒီလို ဆင်းရဲတာမျိုးကို အရမ်းမုန်းပါတယ်။ လူတန်းစေ့ မနေနိုင်တဲ့ ကျွန်မဘ၀ကို စဉ်းစားမိတိုင်း စိတ်ပျက်အားငယ်မိပါတယ်။ အမေ့ကိုလည်း မုန်းတယ်။ ကျွန်မရဲ့ မိသားစုဝင်ဟာ အမေတစ်ယောက်တည်းသာ ရှိတယ်ဆိုတဲ့ အမှန်တရားကိုလည်း မုန်းမိပါတယ်။ အမေက ခဏတာ သက်ပြင်းချပြီး စောင်အောက်ကနေ ဘဏ်စာအုပ်တစ်ခုကို ထုတ်ပေးပါတယ်။ ဒီမှာ အမေ တစ်ပြားနှစ်ပြား စုထားတဲ့ ငွေလေးတွေ....ဒီထဲကနေ ၈သောင်းထုတ်ပြီးသွားချေ။ ကျွန်မ မွေးကတည်းကစပြီး ပထမဆုံးအကြိမ် မြင်ဘူးတဲ့ ဘဏ်စာအုပ်ကို ကြည့်ပြီး ကျေနပ်စွာ ပြုံးလိုက်ပါတယ်။ ပြီးတော့ အမေ့ကို ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားတစ်ခွန်းတောင် မပြောဘဲ မြို့ထဲမှာ ရှိတဲ့ ဘဏ်ကို အပြေးလေး သွားခဲ့ပါတယ်။

ဘဏ်စာအုပ်ကို ဖြန့်ကြည့်လိုက်တော့ ၁၀သိန်းရှိနေတာကို တွေ့လိုက်ရပါတယ်။ ကျွန်မအတွက်ကတော့ အရမ်းကို ပမာဏများတဲ့ ငွေပါဘဲ။ ဒီအချိန်အထိ ဒီငွေတွေကို ဘာလို့ မသုံးတာပါလိမ့်ဆိုတဲ့ အတွေးနဲ့ အမေ့ကို နည်းနည်း အမြင်ကတ်မိလိုက်ပါသေးတယ်။ ပြီးတော့ လေ့လာရေးခရီးအတွက် ၈သောင်းထုတ်လိုက်ပါတယ်။ ဘဏ်ထဲမှာ ၉သိန်း၂သောင်း ကျန်ပါသေးတယ်။ ၉သိန်း၂သောင်းတောင် ရှိတာ ထပ်ထုတ်လဲ ဘာမှ မဖြစ်ပါဘူးဆိုတဲ့ အတွေးဝင်လာခဲ့ပါတယ်။ ခုခေတ်က လူတိုင်း လက်ကိုင်ဖုန်းကိုင်နေတဲ့ ခေတ်ဖြစ်ပေမယ့် ကျွန်မမှာ လက်ကိုင်ဖုန်းမရှိတာကို သတိရမိတာနဲ့ လက်ကိုင်ဖုန်းကောင်းကောင်း တစ်ခု ၀ယ်ဘို့ ဆုံးဖြတ်လိုက်တယ်။

ဒါနဲ့ ဘဏ်ထဲကနေ နောက်ထပ် ၄သိန်း ထုတ်လိုက်ပါတယ်။ အနီးအနားမှာ ရှိတဲ့ လက်ကိုင်ဖုန်းအရောင်းဆိုင်ကို သွားပြီး နောက်ဆုံးပေါ် လက်ကိုင်ဖုန်းတစ်ခု ၀ယ်လိုက်တယ်။ ပျော်လိုက်တာလေ..ကျွန်မဘ၀မှာ တခါမှ မရဘူးတဲ့ ပျော်ရွှင်မှုမျိုးကို ကျွန်မ ခံစားခဲ့ရပါတယ်။ ဒါနဲ့ ဖုန်းအသစ်ကလေးကို ကိုင်ပြီး မြို့ထဲကို လျှောက်လည်နေခဲ့မိတယ်။ အဲဒီမှာ အရောင်အသွေးတွေကလည်း စုံ၊ ဒီဇိုင်းတွေကလည်း မိုက်တဲ့ အ၀တ်အစားလှလှလေးတွေကို မြင်တော့ ကျွန်မ ၀ယ်ချင်ပြန်ရော။ ဒါနဲ့ ဘဏ်ကို နောက်တစ်ခါ ထပ်သွားပြီး ၂သိန်းထပ်ထုတ်လိုက်တယ်။ အင်္ကျီတွေအများကြီး ၀ယ်လိုက်တယ်။ တထည်ပြီး တထည် စမ်းဝတ်လိုက် မှန်ကြည့်လိုက်နဲ့ အရမ်းကို ကျေနပ်နေခဲ့တယ်။ မှန်ကြည့်နေရင်းက သဘောမကျစရာတစ်ခု မျက်စိထဲကို ၀င်လာတယ်။

အဲဒါကတော့ အမေ ညှပ်ပေးတဲ့ ဆံပင်ပုံစံကြီးပါဘဲ။ တောဆန်ပြီး ပုံတုန်းလိုက်တာ လွန်ရော။ ဒီဆံပင်ပုံစံကို ပြောင်းဘို့ ဆုံးဖြတ်လိုက်တယ်။ နောက်တခေါက် ဘဏ်ကို သွားတယ်။ ၅သောင်းထပ်ပြီး ထုတ်လိုက်တယ်။ ဆံပင်ပုံစံ လှလှလေး ညှပ်တယ်။ ကဲ...အားလုံး အိုကေပြီ။ စနေနေ့ လေ့လာရေး ခရီးထွက်ရန် လိုအပ်တဲ့ ပစ္စည်းတွေ ၀ယ်ဘို့သာ လိုအပ်တော့တာမို့ ကျွန်မ ဘဏ်ထဲမှာ ကျန်တဲ့ ငွေတွေနဲ့ လိုအပ်တာတွေအားလုံးကို စွတ်ဝယ်ခဲ့ပါတယ်။ အားလုံးဝယ်ပြီးတော့ ၉သောင်းသာ ကျန်ပါတော့တယ်။ ကျွန်မလည်း သူများနည်းတူ ၀တ်နိုင်စားနိုင်ပြီမို့ အတိုင်းထက်အလွန် ၀မ်းသာနေခဲ့မိပါတယ်။ ကျွန်မကြိုက်တာတွေအားလုံး လုပ်ပြီးပြီဖြစ်၍ စိတ်ပျက်စရာကောင်းသော အိမ်သို့ ခြေလှမ်းခဲ့ပါတယ်။

အိမ်ရောက်တော့ အမေအိပ်နေတာကို တွေ့လိုက်ရတယ်။ အဟွန်း..အဟွန်း ကျွန်မ တမင်တကာ အသံပြုလိုက်ပါတယ်။ ကျွန်မအသံကို ကြားတော့ အမေ နိုးလာတယ်။ ကျွန်မလည်း အမေ့ကို ဘဏ်စာအုပ်လေး ပြန်ပေးလိုက်တော့ အမေက ဘဏ်ထဲ ငွေဘယ်လောက်ကျန်သည်ကိုပင် ကြည့်မနေဘဲ ဘဏ်စာအုပ်လေးကို စောင်အောက်ထဲ ထိုးထည့်ထားလိုက်ပါတယ်။ ဒါနဲ့ဘဲ စောင့်မျှော်နေခဲ့တဲ့ စနေနေ့ကို ရောက်လာခဲ့ပါတယ်။ လှလှပပ သားသားနားနား ၀တ်စားသွားတဲ့ကျွန်မကို သူငယ်ချင်းတွေက အားကျနေတာကို မြင်ပြီး ကျွန်မ ကျေနပ်နေမိပါတယ်။ ၂ညအိပ်၃ရက်ခရီးကို သူငယ်ချင်းများနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ပါတယ်။ ဒီရက်ပိုင်းတွေ မှာတော့ ဆင်းရဲခြင်းနဲ့ အမြဲတမ်းမမာနေသော အမေ့ကို ခဏတာ မေ့ထားနိုင်ခဲ့ပါတယ်။ တကယ်ကို ပျော်စရာကောင်းခဲ့တဲ့ နေ့ရက်တွေပေါ့။

ခုတော့ ၂ညအိပ် ၃ရက်ခရီးဟာ ပြီးဆုံးခဲ့ပါပြီ။ ဒီလို ပျော်စရာကောင်းတဲ့ အချိန်တွေဟာ မြန်မြန်ဆန်ဆန်နဲ့ ပြီးဆုံးသွားခဲ့ပါပြီ။ ထပ်မံပြီး စိတ်ပျက်စိတ်ညစ်စရာကောင်းသော အိမ်ကို ပြန်ရအုံးမှာပါလားဆိုတဲ့ အတွေးနဲ့ ကျွန်မ ခြေလှမ်းတွေ လေးနေခဲ့ပါတယ်။ ခြေလှမ်းလေးလေးနဲ့ဘဲ အိမ်ကို ပြန်လာခဲ့ပါတယ်။ အိမ်ကို ပြန်ရောက်တာနဲ့ ကျွန်မက အမေ...သမီး ပြန်လာပြီ။ ဟု အော်ပြောလိုက်တယ်။ ဒါပေမယ့် အိမ်ကြီးဟာ ထူးဆန်း အံ့သြစရာကောင်းလောက်အောင် တိတ်ဆိတ်နေခဲ့ပါတယ်။ ဒါနဲ့ ထပ်ပြီး အမေ..သမီး ပြန်လာပါပြီဆိုနေမှ ဟူ၍ ထပ်မံ အော်လိုက်တယ်။ ဒါလည်း ဘာအသံမှ မကြားတာနဲ့ ကျွန်မ တော်တော် စိတ်တိုသွားတယ်။ စိတ်တိုတိုနဲ့ အိပ်ခန်းတံခါးကို ဒုန်းခနဲ မြည်အောင် စောင့် ဖွင့်လိုက်တော့ အမေက အိပ်ယာထဲမှာ လှဲနေတာကို တွေ့လိုက်ရပါတယ်။

 အမြဲတမ်း ကျွန်မ ပြန်လာလျှင် ပြုံးပြီး ကြိုတတ်တဲ့ အမေက ယခု ကျွန်မ ပြန်လာတာကို ဘာစကားမှ ပြန်မပြောခဲ့ပေ။ ကျွန်မ ပိုက်ဆံတွေအများကြီး သုံးခဲ့လို့ အမေ စိတ်ဆိုးနေတယ် အထင်နှင့် အမေ့ကို လှုပ်နှိုးလိုက်တဲ့ အခါမှာတော့ အမေ့ တစ်ကိုယ်လုံး အေးစက်နေတာကို တွေ့လိုက်ရပါတယ်။ ကျွန်မရဲ့ မျက်လုံးတွေထဲမှာ ခန်းခြောက်ခဲ့ပြီ ဖြစ်တဲ့ မျက်ရည်တွေဟာ ထူဆန်းစွာဘဲ ကျဆင်းလာခဲ့သလို ကျွန်မရဲ့ နှလုံးသားတွေဟာလည်း ရပ်တန့်သွားမတတ် လန့်သွားခဲ့ပါတယ်။

ကျွန်မ ဒီလောက်မုန်းခဲ့တဲ့ အမေ အေးစက်နေတာကို တွေ့လိုက်တော့ ကျွန်မ အရမ်းကို ၀မ်းနည်းခဲ့ရပါတယ်။ ယုံလည်း မယုံနိုင်ဘူး ဖြစ်နေခဲ့တယ်။ ဒါနဲ့ အမေ့ကို အတင်း လှုပ်၍သာ နှိုးနေခဲ့မိပါတယ်။ ဒါပေမယ့် အမေဟာ ကျွန်မ ဘယ်လောက်ဘဲ နှိုးနှိုး နိုးထမလာခဲ့တော့ပါဘူး။ ဒါနဲ့ စောင်ထဲက ဘဏ်စာအုပ်ကို ယူပြီး အမေ့ မျက်စိနားကို ကပ်ကာ အမေ...သမီး နောက်ကို ဒီလို မလုပ်တော့ပါဘူး ....ဒီလိုဘယ်တော့မှ မလုပ်တော့ပါဘူး...မျက်စိလေး ဖွင့်ကြည့်ပါ အမေရယ်....ဆိုပြီး ကျွန်မ အော်ဟစ်ငိုနေခဲ့မိပါတယ်။ ဒီအချိန်မှာဘဲ ဘဏ်စာအုပ်ထဲက တစုံတခု ထွက်ကျလာတာကို မြင်လိုက်ပါတယ်။ အဲဒါကတော့ အမေ့ရဲ့ နောက်ဆုံးစာပါဘဲ။ ကျွန်မ မရဲတရဲနဲ့ ဖြန့်ကြည့်မိပါတယ်။

________________

သို့

အမေ့ရဲ့ အချစ်ဆုံး သမီးလေး ကြည့်ရန်

သမီးလေး...အမေ့ကို မုန်းတယ်မလားဟင်...

ဆင်းရဲတွင်းကိုလည်း သေလောက်အောင်မုန်းတယ်မလား သမီးလေး....

အမေတောင်းပန်ပါတယ် သမီးလေးရယ်...အမေ တောင်းပန်ပါတယ်...

ဒီအမေက ပညာကလည်း မတတ် ပိုက်ဆံကလည်း မရှိ...

ငါ့သမီးလေးကို ပေးဘို့ အမေ့ရဲ့ မေတ္တာကလွဲပြီး မရှိတဲ့ သူပါ သမီးလေး...

အမေ အခုလို သမီးလေးကို လူ့လောကမှာ တစ်ယောက်တည်း ထားခဲ့ရတာကို အမေ စိတ်မကောင်းပါဘူး သမီးလေးရယ်...

အမေက ရောဂါဖြစ်ပြီး သမီးလေးကို အခုလို ထားခဲ့ရတာပါ...

တကယ်တော့ ခွဲစိတ်ကုသရင် ပျောက်နိုင်တယ်တဲ့...ဒါပေမယ့် ခွဲစိတ်ကုသစရိတ်က နည်းတာမဟုတ်ဘူးလေ....

ဒါနဲ့ အမေ စဉ်းစားလိုက်တယ်... အမေသာ ခွဲစိတ်ကုသမှု မခံရင် ငါ့သမီးလေး ကြိုက်တာဝယ် ကြိုက်သလို သုံးနိုင်တယ်..ဒီတော့ အမေ ခွဲစိတ်ကုသမှုမခံဘို့ ဆုံးဖြတ်လိုက်တယ်။

ဒါပေမယ့် သမီးလေးရယ်..ရက်တွေကြာလာတာနဲ့အမျှ တဖြည်းဖြည်း ဆိုးလာတာကြောင့် ခုတော့ အမေ့ သမီးကို ထားခဲ့ရတော့မယ်။

ဒီလောက် အသုံးမကျတဲ့အမေ့ကို အမေလို့ သတ်မှတ်ပေးတဲ့ အတွက် ငါ့သမီးလေးကို ကျေးဇူးတင်ပါတယ်...

အမေက ဒီကမ္ဘာပေါ်မှာ ငါ့သမီးလေးကို အချစ်ဆုံးဆိုတာကို သိတယ်မလား သမီး....

အမေ့ရဲ့ စောင်ကို သေသေချာချာ ရှာကြည့် ဘဏ်စာအုပ်တစ်ခု ထွက်လာလိမ့်မယ်...အမေ အနှစ်နှစ်အလလ စုဆောင်းခဲ့တယ့် ငွေလေးတွေပါ။

သိန်း၂၀၀လောက်ရှိမယ်...

ငါ့သမီးလေးတော့ ဆင်းဆင်းရဲရဲမနေရတော့ဘူးပေါ့...

သမီးလေးကို အမြဲတမ်းချစ်နေမယ့် အမေ

________________

ဒီစာကို ဖတ်ပြီးတဲ့ အခါမှာ ကျွန်မကိုယ် ကျွန်မ မုန်းတီး စက်ဆုတ်လာမိပါတယ်။ အမေ့ကို မုန်းခဲ့တာထက် အဆ၁ထောင် ၁သောင်းမက ကျွန်မကိုယ်ကျွန်မ မုန်းတီးမိပါတယ်။ သမီး သုံးခဲ့တဲ့ ငွေတွေက ခွဲစိတ်ခတွေ..ခွဲစိတ်ခတွေ အမေရယ် ဘာလို စောစောက မပြောခဲ့တာလဲ။ သမီးလို အမေ့ စေတနာကို နားမလည်တဲ့ လူကို ဒီလောက်တောင် ချစ်ရလား။ နောက်ဆို ကျောင်းသွားဘို့ နှိုးပေးတဲ့ အမေ့ အသံကို လည်း မကြားနိုင်တော့ဘူး။

အမေ ထုတ်ပေးတဲ့ ထမင်းဘူးလေးကိုလည်း မစားနိုင်တော့ဘူး။ အိပ်ယာထဲမှာ လှဲနေတဲ့ အမေ့ကိုတောင် မမြင်နိုင်တော့ဘူးဆိုတဲ့ အသိတွေနဲ့ ကျွန်မ ရူးမတတ် ၀မ်းနည်းခံစားနေရပါတယ်။ အမေရယ် နောင်ဘ၀ဆိုတာရှိခဲ့ရင် သမီး အမေနဲ့ ပြန်တွေ့ချင်ပါတယ်။ အမေ့ကို မပေးခဲ့ရတဲ့ သမီးရဲ့ မေတ္တာတွေကိုလည်း ပေးချင်ပါတယ်။ ဒီလို အတွေးတွေကို တွေးရင်း ကျွန်မ အတော်ကြာအောင် ငိုပြီးမှ အမေ့ကို တစ်ခါမှ မပြောဘူးတဲ့ စကားလေး တစ်ခွန်းကို ပြောဘို့ သတိရခဲ့ပါတယ်။ သတိရရချင်း ကျွန်မ အမေ့ကို ကြည့်ပြီး ပြောလိုက်ပါတယ်။

"အမေ.....သမီးလည်း အမေ့ကို အရမ်းချစ်ပါတယ်။ "

အမေနဲ့ ကတောက်ကဆ ဖြစ်တဲ့ အခါမှာဘဲ ဖြစ်ဖြစ်၊ အမေ့ကို စိတ်ဆိုးမိတဲ့ အခါမှာ ဘဲ ဖြစ်ဖြစ်၊ အမေ့ကို နာကြည်းမိတဲ့ အခါမှာ ဒီစာလေးကို ပြန်သတိရပြီး စိတ်ထားလေးတွေကို ပြောင်းနိုင်ကြပါစေ။ အမေတွေအားလုံးဟာ ကိုယ့်သားသမီးကို အသက်နဲ့ရင်းပြီး ချစ်ခင်တယ်ဆိုတာကို သတိရစေဘို့ ဖော်ပြပေးလိုက်ပါတဲ့ ကိုရီးယား ၀ထ္ထုတိုလေး တစ်ပုဒ်ဖြစ်ပါတယ်။


Tuesday, March 25, 2014

ရှင်ရာဟုလာအတွက် မြတ်ဗုဒ္ဓ၏အဆုံးအမ


ရှင်ရာဟုလာအတွက် မြတ်ဗုဒ္ဓ၏အဆုံးအမ

အကျိုးရှိတာတွေမှတ်ဖို. အကျိုးမရှိတာတွေမမှတ်ဖို. သားတော်ရာဟုလာကို စောင့်ရှောက်တဲ့ အနေနဲ. ဂဏန်းမှတ်နည်းဖြင်. တရားဓမ္မကိုသင်ပြပေး၍ ရှင်ရာဟုလာကို ငယ်ငယ်လေးတည်းက မြတ်စွာဘုရားက တရားလမ်းကြောင်းပေါ်ရောက်အောင် ပို.ပေးထားခဲ.သည်။

ရာဟုလာ -
၁။ တစ်ခုဆိုတာ ဘာလဲ
၂။ နှစ်ခုဆိုတာ ဘာလဲ
၃။ သုံးခုဆိုတာ ဘာလဲ
၎။ လေးခုဆိုတာ ဘာလဲ
၅။ ငါးခုဆိုတာ ဘာလဲ
၆။ ခြောက်ခုဆိုတာ ဘာလဲ
၇။ ခုနစ်ခုဆိုတာ ဘာလဲ
၈။ ရှစ်ခုဆိုတာ ဘာလဲ
၉။ ကိုးခုဆိုတာ ဘာလဲ
၁၀။ ဆယ်ခုဆိုတာ ဘာလဲ

၁။ ရာဟုလာ တစ်ခုဆိုတာ ဘာလဲ - လူတိုင်းလူတိုင်းဟာ နေ.စဉ်နဲ.အမျှ ရှောင်လို.မရတဲ. တစ်ခုဟာ အစာအာဟာရ တဲ.။
သတ္တ၀ါတွေအားလုံးဟာ အစာကြောင်. အသက်ရှင်ရတယ်။ အစာစားလို. အသက်ရှင်ကြတယ်။ သတ္တ၀ါအားလုံးဟာ တညီတည်း အမှီပြုပြီး အသက်ရှင်ကြရတဲ.တစ်ခုကို ပြောခြင်းဖြစ်သည်။ နေ.စဉ်နှင်.အမျှ ရှောင်လွှဲလို.မရအောင် မှီခိုအားထားနေရတာသည် အာဟာရ ဖြစ်သည်။ ဒါကြောင်. ဒီလိုနေ.စဉ်နဲ.အမျှ မှီခိုအားထားစားနေရခြင်းကို တရားသံဝေဂရစိမ်.သောငှာ မြတ်စွာဘုရားက ကလေးလေးကို စိတ်ဝင်စားဖွယ် ဂဏန်းနှင်. တွဲဖက်သင်ပေးထားခြင်းဖြစ်သည်။

၂။ နှစ်ခုဆိုတာ ဘာလဲ - ရာဟုလာ နှစ်ခုဆိုတာ ရုပ် နဲ. နာမ် ဖြစ်တယ်တဲ.။
အကျိုးရှိတာတွေမှတ်ဖို. အကျိုးမရှိတာတွေမမှတ်ဖို. သားတော်ရာဟုလာကို စောင့်ရှောက်တဲံ အနေနဲ. ငယ်ငယ်လေးတည်းက မြတ်စွာဘုရားက တရားလမ်းကြောင်းပေါ်ရောက်အောင် ပို့ပေးထားတာ။ လူတွေရဲ.သန္တာန်မှာ ရုပ်နဲ.နာမ် ဒီနှစ်ခုပဲရှိတယ်။

၃။ သုံးခုဆိုတာ ဘာလဲ - ရာဟုလာ သုံးခုဆိုတာ တခြားမဟုတ်ဘူး။ အာရုံနဲ.တွေ.တဲ.အချိန်မှာ ခံစားချက် သုံးမျိုးရှိတယ် တဲ.။ ကောင်းတာနဲ.တွေ.ရင် ကြိုက်တယ်ဝမ်းသာတယ်၊ မကောင်းတာနဲ.တွေ.ရင် မကြိုက်ဘူးစိတ်ညစ်တယ်၊ ကောင်းမကောင်းမဟုတ်ဘူးဆိုရင် ပျော်တာလည်းမဟုတ်စိတ်ညစ်တာလည်းမဟုတ်ဆိုတာရှိတယ်။ ဒါကြောင်.ခံစားမှုဟာသုံးမျိုးရှိတယ်တဲ.။ သုခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေက္ခာဝေဒနာ။ အဲဒီသုံးခုရှိတာကိုရည်ညွှန်းပြီး သုံးခုဆိုတာ ခံစားမှုသုံးမျိုးဖြစ်တယ်ဟု ဝေဒနာသုံးမျိုးကို သင်ပေးတယ်။

၎။ လေးခုဆိုတာ ဘာလဲ - ရာဟုလာ လေးခုဆိုတာ သစ္စာလေးပါး တဲ.။ အမှန်တရားလေးမျိုးရှိတယ် ရာဟုလာတဲ.။ ဒုက္ခရယ်၊ သမုဒယရယ်၊ နိရောဓရယ်၊ မဂ္ဂရယ်။ လောကမှာကြည်.လိုက်ရင် တကယ်.အမှန်တရားဆိုတာ ဒီလေးမျိုးပဲရှိတယ်တဲ.။ သစ္စာလေးပါးကို သင်ပေးတယ်။

၅။ ငါးခုဆိုတာ ဘာလဲ - လူတွေမှာ တဏှာတို. ဒိဋ္ဌိအမြင်နဲ.စွဲလမ်းတဲ. ဥပါဒါနက္ခန္ဓာ ငါးမျိုးရှိပါတယ်တဲ.။
ရုပ်၊ ဝေဒနာ၊ သညာ၊ သခါင်္ရ၊ ၀ိဥာဏ် ဆိုတဲ.ဒီခန္ဓာငါးပါးအပေါ်မှာ စွဲလမ်းတဲ. ၊တဏှာအမြင် ဒိဋ္ဌိအမြင်တွေနဲ. စွဲလမ်းနေတဲ. ဥပါဒါနက္ခန္ဓာငါးပါး။ အဲဒီ ၅ ဂဏန်းကို မြတ်စွာဘုရားကသင်ပေးတယ်။

၆။ ခြောက်ခုဆိုတာ ဘာလဲ - ခြောက်ခုဆိုတာ ဘာလဲဆိုတော. ပြင်ဘက်က အာရုံတွေနဲ.ဆက်သွယ်ဖို.ရာအတွက် ခြောက်ခုဆိုတာ ရှိတယ်တဲ.။ အဂါင်္ရပ်ခြောက်ခုရှိတယ်။ အဲဒါဘာလဲဆိုတော. မျက်စိ၊ နား၊ နှခေါင်း ၊ လျှာ၊ ကိုယ်၊ စိတ် ဆိုတဲ. အဂါင်္ခြောက်ခု။ ဒါတွေနဲ.ပဲ အာရုံခြောက်မျိုးကို နေ.စဉ်ဆက်သွယ်နေကြတယ်။ အာရုံတွေရဲ.အခြေခံ၊ စိတ်ပေါ်ရာ ခြောက်ခုရှိတယ်ဆိုပြီးတော. ၆ ဂဏန်းကို သင်ပေးတယ်။

၇။ ခုနစ်ခုဆိုတာ ဘာလဲ - ခုနစ်ခုဆိုတာ အသိဥာဏ်ဖြစ်ဖို.ရာ အကြောင်းတရားခုနစ်ခုရှိတယ်တဲ.။ ဗောဇ္ဈင် (၇) ပါးပေါ.။ ဗောဇ္ဈင်ဆိုတာ ဗောဓိအဂါင်္လို.ခေါ်တဲ. စကားလုံးကနေဖြစ်ပေါ်လာတာ။ ဗောဓိဆိုတာ အသိဥာဏ်၊ အဂါင်္ဆိုတာ ရရှိခြင်းရဲ.အကြောင်းတရား။ အသိဥာဏ်ဖြစ်ဖို.ရာအတွက် ဒီစွမ်းရည်သတ္တိတွေနဲ. ကိုယ်.သန္တာန်မှာ အသိဥာဏ်ဖြစ်ပေါ်အောင်လုပ်ရမယ်တဲ.။
ဒါတွေကိုလိုက်ကြည်.မယ်ဆိုလို.ရှိရင် အဆင်.ဆင်.ကမ္မဋ္ဌာန်းပွားလို.ရလာတဲ. သဘောတွေကို မြတ်စွာဘုရားကဟောနေခြင်းဖြစ်တယ်။ ကလေးလေးနဲ.တန်ရုံ ဂဏန်းသဘောတွေကို မြတ်စွာဘုရားက မှတ်ခိုင်းထားတာ။

၈။ ရှစ်ခုဆိုတာ ဘာလဲ - မဂ္ဂင်ရှစ်ပါးတဲ.။ မဂ္ဂဆိုတာ လမ်းကြောင်းပဲ။ ဘယ်သွားမယ်.လမ်းကြောင်းဆိုတော. နိဗ္ဗာန်သွားမယ်.လမ်းကြောင်းဖြစ်တယ်။ အဲဒီမဂ္ဂဆိုတာ ရှစ်ခုနဲ. ဖွဲ.စည်းထားတဲ.အရာဖြစ်တယ်။ သမ္မာဝါစာ၊ သမ္မာကမ္မန္န၊ သမ္မာအာဇီဝ၊ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယမ၊ သမ္မာသတိ၊ သမ္မာသမာဓိ၊ လို. ခေးတဲ. မဂ္ဂင်ရှစ်ပါး။ အဲဒီမဂ္ဂင်ရှစ်ပါး ဒီစွမ်းအားတွေ မိမိတို.သန္တာန်မှာပြီဆိုရင် နိဗ္ဗာန်ထိအောင် ပေါက်မြောက်ပြီးသွားနိုင်တယ်တဲ.။ အဲဒါ (၈)ဂဏန်းအနေနဲ. မြတ်စွာဘုရားက သင်ပေးတာ။
ဆိုလိုတာက ဗောဇ္ဈင် (၇)ပါးပွား၊ မဂ္ဂင်(၈)ပါးပွားပြီးသွားရင် နိဗ္ဗာန်ကိုရောက်မယ်ဆိုတဲ. အကြောင်းကို သင်ပေးတဲ.သဘောပေါ.။ ကလေးလေးစိတ်ဝင်စားအောင်လို. ဂဏန်းနဲ.သင်ပေးတာ။

၉။ ကိုးခုဆိုတာဘာလဲ - သုံးဆယ်.တစ်ဘုံသတ္တ၀ါတွေကို ခြုံငုံပြီးတော. ကြည်.လိုက်မယ်ဆိုရင် သတ္တ၀ါတွေဟာ ကိုးမျိုးပဲ ရှိနိုင်တယ်တဲ.။ သတ္တ၀ါတွေနေတဲ.ဘုံဟာ ကိုးမျိုးပဲရှိနိုင်တယ်တဲ.။ အဲဒါကို သတ္တာဝါသလို.ခေါ်တယ်။ သတ္တ၀ါတွေရဲ. နေထိုင်ရာဘုံလို.ပြောတယ်။ ကိုးမျိုးဆိုတာ သဘာဝအားဖြင်.ခွဲခြားပြီးတော. ပြောတယ်။ ဆိုပါစို. လူတွေဆိုတာ မွေးလာတဲ.စိတ်တွေလည်းကွဲပြားခြားနားကြတယ်၊ ရုပ်တွေလည်းကွဲပြားခြားနားကြတယ်။

လူတွေဟာ ရုပ်ခန္ဓာကြီးကလဲ အမျိုးမျိုး၊ စိတ်တွေကလည်းအမျိုးမျိုး၊ တိရစ္ဆာန်လောကလည်းကြည်.ဦး၊ ခွေးကတစ်မျိုး၊ ကြောင်ကတစ်မျိုး ၊ ကြက်ကတစ်မျိုး ကိုယ်ခန္ဓာတွေ ကွဲပြားခြားနားမှုတွေနဲ. မတူညီကြဘူး။ အဲလိုမတူညီတဲ. သတ္တ၀ါတွေရှိတဲ.ဘုံတွေကိုစုပြီးတော. တစ်ခုယူတယ်။ ကိုးခုဆိုတာ သတ္တ၀ါတွေဖြစ်ရာ ဘုံကိုးမျိုးလို.ပြောလိုက်တယ်။

သတ္တ၀ါတွေဖြစ်ရာ ဘုံကိုးမျိုးဆိုတာ ရုပ်ခန္ဓာတို. ၊ ပဋိသန္ဓေစိတ်၊ အမှတ်သညာတို. ကွဲပြား ခြားနားနဲ. သတ္တ၀ါတွေတည်ရှိရာ ဘုံကတစ်မျိုး။ အဲဒါကိုပဲ လှည်.ပတ်ကြည်.လိုက်တဲ.အခါ ရုပ်ခန္ဓာကွဲပြားပေမယ်လို. ပဋိသန္ဓေစိတ် အမှတ်သညာချင်း တူတဲ. သတ္တ၀ါတွေရဲ. နေရာဋ္ဌာနက တစ်မျိုး။ နောက်ပဋိသန္ဓေသညာတူပြီးတော. ရုပ်ခန္ဓာကွဲပြားတဲ. သတ္တ၀ါတွေရဲ. ဘုံဋ္ဌာနကတစ်မျိုး။ ပဋိသန္ဓေလည်းတူတယ်၊ ရုပ်ခန္ဓာလည်းတူတယ်ဆိုတဲ. သတ္တ၀ါတွေရဲ. ဘုံဌာနက တစ်မျိုး။

ပါဠိစာပေနဲ.ပြောမယ်ဆိုရင် နာနတ္တကာယ၊ နာနတ္တသညီ ဒါက တစ်၊ နာနတ္တကာယ ဧကတ္တသညီ ဒါက နှစ်၊ ဧကတ္တကာယ နာနတ္တသညီ ဒါက သုံး၊ နံပါတ်လေးကျတော. ဧကတ္တကာယ ဧကတ္တသညီလို. ဒီလိုလေးမျိုးရတယ်။ နောက်တစ်ခါ အမှတ်သညာကင်းမဲ.တဲ. သတ္တ၀ါဆိုတာ လောကမှာရှိသေးတယ်။ အဲဒါကို အသညသတ်ဘုံလို.ပြောတယ်။ အဲဒါက တစ်ဦး။ နောက်တစ်ခါ နာမ်ချည်းဖြစ်တဲ. အရူပဘုံဆိုတာ တစ်မျိုး။ အားလုံးပေါင်းလိုက်တဲ.အခါ သတ္တာဝါသဘုံးကိုးဝလို. ခေါ်တယ်။

သုံးဆယ်.တစ်ဘုံဆိုတာ ငြီးငွေ.စရာချည်းပဲ၊ မငြီးငွေ.လို. သုံးဆယ်.တစ်ဘုံထဲမှာ ကျင်လည်နေမယ်ဆိုရင် ဒုက္ခတွေရောက်မှာပဲလို. ငြီးငွေ.စေခြင်းငှာ ၉ ဂဏန်းကိုထုတ်တယ်။

၁၀။ ဆယ်ခုဆိုတာ ဘာလဲ - ငြီးငွေ.ပြီး တရားအားထုတ် တရားကျင်.ကြံလိုက်ရင် ရဟန္တာဖြစ်သွားမယ်။ အဲဒီရဟန္တာဖြစ်သွားမယ်ဆိုလို.ရှိရင် ရဟန္တာမှာရှိနိုင်တဲ. အရည်အချင်းဟာ ဆယ်မျိုးရှိတယ်တဲ.။ အဲဒီဆယ်မျိုးကိုရည်ညွှန်းပြီးတော. မြတ်စွာဘုရားက ၁၀ ဂဏန်းကိုသင်ပေးတယ်။


၁၀ခုဆိုတာ ဘာလဲဆိုတော. ရဟန္တာပုဂ္ဂိုလ်တွေဟာ အဂါင်္ ၁၀ ပါးနဲ.ပြည်.စုံတယ်။ တရားဓမ္မကို မှန်မှန်ကန်ကန်နဲ.ကျင်.သုံးဆောက်တည်သွားတဲ. ရဟန္တာပုဂ္ဂိုလ်တွေမှာ အ၈ါင်္ရပ်ဆယ်မျိုးရှိတယ်တဲ.။ ဘာတွေလဲဆိုတော. မဂ္ဂင်ရှစ်ပါး ရယ် နောက်နှစ်ခုက သမ္မာဥာဏနဲ. သမ္မာဝိမုတ္တိ။

(ပါမောက္ခချုပ်ဆရာတော် အရှင်နန္ဒမာလာဘိဝံသ ဟောကြားတော်မူသော
ရှင်ရာဟုလာ၏ဘဝ နှင့်မြတ်ဗုဒ္ဓ၏အဆုံးအမ တရားတော်မှ )

Monday, March 24, 2014

ဗုဒ္ဓ၀ါဒီတွေရဲ့ ဆုတောင်း


ဗုဒ္ဓ၀ါဒီတွေရဲ့ ဆုတောင်း

လျှောက်ထားပါရစေ ဆရာတော် အရှင်မြတ် ဘုရား။
ဗုဒ္ဓဘာသာမှာ ဖန်ဆင်းရှင် ထာဝရဘုရား (ဂေါဒ်) မရှိဟု ဆိုပါသည်။ သို့ဖြစ်ပါက ဆုတောင်းလျှင် တောင်းသည့်ဆုကို မည်သူက ပြည့်အောင် လုပ်ပေးပါသနည်း။ ဗုဒ္ဓကိုယ်တိုင်ကကော တပည့် သာဝကများအား ဆုတော်ကို ပေးခဲဘူးပါသလား။ ကိုယ်လုပ်တဲ့ ကုသိုလ်က ဧကန်အကျိုးပေးမည်ဖြစ်၍ အထူးဆုတောင်းဖွယ် လိုပါသလား ဘုရား။ ဆုတောင်းတာနဲ့ ပတ်သက်ပြီး ထေရ၀ါဒဗုဒ္ဓဘာသာက မည်သို့ လက်ခံထားသ
⋯⋯ည်ကို သိလိုပါသည်။

ခြားနားချက်

ဗုဒ္ဓ၀ါဒဟာ ဣဿရ (စကြ၀ဠာ ကမ္ဘာမြေကို စိုးပိုင်) နိမ္မာန (စကြ၀ဠာတစ်ခုလုံးကို ဖန်ဆင်း) တဲ့ ထာဝရတည်မြဲတဲ့ တစ်ဆူတည်းသော ဘုရားသခင်ရှိဝါဒကို လက်မခံတာ မှန်ပါတယ်။ အဲဒါကြောင့် ဗုဒ္ဓ၀ါဒီတို့ ဆိုတောင်းရာမှာ ဘာမှမလုပ်ဘဲ အဲဒီတစ်ဆူတည်းသောဘုရားကို မျက်စိမှိတ် ယုံကြည်ရုံမျှနဲ့ လိုတာတွေ အားလုံးကို ရတယ်ဆိုပြီး လက်ဖြန့် တောင်းခံတဲ့ အဓိပ္ပာယ်မျိုး မဟုတ်ဘူး။

အကြောင်းဖြစ်တဲ့ ကုသိုလ်ကောင်းမှု အလုပ်တစ်ခုခုကို လုပ်ပြီးမှ ဆုတောင်း ပတ္ထနာပြုရင် တောင့်တတဲ့အတိုင်း ဖြစ်တယ်လို့ ယုံကြည်ပြီး ဆုတောင်းတာပါ။ တစ်နည်းအားဖြင့် ဆုတောင်းခြင်း ဆိုတာ လက်တွေ့ လုပ်ရပ်နဲ့ ရင်တွင်းက ဆန္ဒကို ပေါင်းစပ်ခြင်းလို့ ဆိုနိုင်မလားပဲ။။

ဗုဒ္ဓရဲ့ နှုတ်မြွက်

သင်္ဂီတိသုတ် (ဒီ ၃၊ ၂၁၄) မှာ မြတ်ဗုဒ္ဓက အလိုရှိရာကို တောင့်တ (ဆုတောင်း) ပြီး သမဏဗြဟ္မဏတို့ကို ထမင်း အဖျော်စသည့် လှုဖွယ်ဝတ္ထုကို ပေးလှုလျှင် လူနတ်ချမ်းသာကို ရနိုင်သာမက ဗြဟ္မာဘ၀ကို ရရှိရန်ပါ အထောက်အပံ့ ပြုနိုင်၏ (အပိုဒ် ၃၃၇ အနှစ်ချုပ်) လို့ မိန့်ပါတယ်။ တရားမျှတမှုကို ပြုလေ့ရှိသူသည် ကွယ်လွန်ပြီးနောက် လူ့ဘ၀ နတ်ဘ၀ကို တောင့်တ (ဆုတောင်း) ပါက ရရှိနိုင်၏ (မ ၁၊ ၃၅၉)။ အလှုပေးခြင်း၊ သီလဆောက်တည်ခြင်း၊ ကိုယ်နှုတ် နှလုံးကို စောင့်စည်းခြင်း၊ ဣနြေ္ဒတို့ကို စောင့်စည်းခြင်းဟူသော ရွှေအိုးကို မြုပ်နှံ၍ လည်းကောင်း၊ စေတီ သံဃာ ပုဂ္ဂိုလ် ဧည့်သည် အစ်ကို အစ်မတို့အား ပေးလှုခြင်း ကိစ္စကြီးငယ်ကို ဆောင်ရွက်ပေးခြင်းဟူသော ရွှေအိုးကို မြှုပ်နှံ၍ လည်းကောင်း အလိုရှိသော ချမ်းသာသုခကို တောင့်တ (ဆုတောင်း) ပါက တောင့်တသည့် ဆုကို ရနိုင်၏

သုဂတိ ဘ၀တစ်ခုကို တောင့်တ္က (ဆုတောင်း၍) ကုသိုလ် ပြုအံ့၊ ယင်း တောင့်တအပ်သော ဘ၀၌ ဖြစ်နိုင်၏ (တတြူပပတ္တိယာ သံဝတ္တတီတိ ယံ ပတ္ထေတွာ ကုသလံ ကတံ၊ တတ္ထ တတ္ထ နိဗ္ဗတ္တ နတ္ထာယ သံဝတ္တတိ၊ ဒိ ဋ္ဌ ၃၊ ၂၂၇) ။ ပတ္ထေတွာ ပုဒ်ရဲ့ နိဿယပြန်အနက်က တောင့်တ၍ ဖြစ်ပေမယ့် ဆုတောင်း၍ ဆိုတာနဲ့ အတူတူပါ။

ဗုဒ္ဓ ဆုပေးခြင်း

ပဉ္စသီခနတ်သား၊ ကောင်းပေပြီ။ အခြွေအရံ ပရိသတ်နှင့်တကွ နတ်တို့သနင်း (သင်တို့၏အရှင်) သိကြားမင်းသည် ချမ်းသာပါစေသတည်း ( ဒီ ၂၊ ၂၁၅) လို့ ဗုဒ္ဓက သိကြားမင်းကို ဆုတော် ပေးဖူးပါတယ်။

မြတ်ဗုဒ္ဓသည် တစ်စုံတစ်ယောက် မိမိထံ လာရောက် ရှိခိုးသောအခါ ရွှေမရိုးစည်နှင့်တူသော မိမိ၏ လည်တိုင်တော်ကို မော့၍ နားချမ်းသာဖွယ် နှစ်သက်ဖွယ်ရှိသော၊ အမြိုက်ရေစင် သွန်းလောင်းသည်နှင့်တူသော အသံတော်ကို မြွက်ဟလျက် ကိုယ်စိတ် နှစ်ဖြာ ချမ်းသာပါစေ ဟု ထိုပုဂ္ဂိုလ်၏ အမည်ကို ခေါ်ဝေါ်လျက် ဆုပေးစကား မြွက်ကြားတော်မူ၏ (အ-ဋ္ဌ ၁၊ ၁၈၅) ။

ဗုဒ္ဓ၀ါဒ ဆုတောင်း

ဗုဒ္ဓ၀ါဒီတို့ လက်ခံတဲ့ ဆုတောင်းခြင်းရဲ့ အဓိပ္ပာယ်မှန်က သူသူငါငါ လောကသားတွေ အလိုအကြိုက် အမျိုးမျိုး စရိုက်အထွေထွေ ရှိကြရာမှာ မိမိလိုလားတဲ့ ရည်မှန်းချက် ပန်းတိုင်ကို ရရှိနိုင်ဖို့ ရည်ညွှန်း ခြင်း စိတ်ညွတ်ခြင်း စိတ်ကို ဆောက်တည်ခြင်း စိတ်မှာ ထားခြင်း စိတ်ကို ပွားများစေခြင်း တောင့်တခြင်းကို ဆုတောင်းခြင်း (အဓိကာရ ပဓာန) လို့ ဆိုပါတယ်။

အဲဒီလို ဆုတောင်းရာမှာ ဗုဒ္ဓ၀ါဒီတွေဟာ ဒါန သီလ ဘာဝနာ ကုသိုလ် တစ်ခုခုကို လုပ်ပြီးမှ ဆုတောင်းပါတယ်၊ အနည်းဆုံး ရတနာ သုံးပါးကို ရှိခိုးကန်တော့ခြင်း (ပဏာမ) ကုသိုလ်လောက်ကို ပြုပြီးမှ ဆုတောင်းကြတာပါ။ ရှေးရှေးက ကျမ်းပြုမထေရ်ကျော်တွေဟာ ကျမ်းမပြုခင် ရတနာသုံးပါးကို ရှိခိုးပြီးတဲ့အခါ ‘တဿာနုဘာဝေန တတန္တရာယော = ဤပဏာမ(ရတနာသုံးပါးရှိခိုး) ကုသိုလ်ကြောင့် အန္တရာယ်ကင်းပျောက် (ကျမ်းပြီးမြောက်ပါစေ) ‘ လို့ မိမိပြုစုနေတဲ့ ကျမ်းစာ အောင်မြင်စွာ ပြီးမြောက်ဖို့ ဆုတောင်းခဲ့ကြပါတယ်။

ပထမ ကုသိုလ်ကောင်းမှု တစ်ခုခုကို ပြုရမယ်၊ အဲဒီနောက် လိုရာအကျိုးကိုရဖို့ ဆုတောင်းတယ်လို့ အဆင့် နှစ်ဆင့်ပါ၊ ဆုမတောင်းပေမယ့် ကုသိုလ်ကံက ကောင်းကျိုးကို ပေးမြဲပါပဲ၊ ဒါပေမယ့် စိတ်ညွတ်ပြီး လိုချင်တဲ့ဆုကို အထူးးပြုပြီး ပန်ဆိုလိုက်တဲ့အခါမှာ မိမိရဲ့ စိတ်စွမ်းရည် စိတ်ကိုင်းညွတ်မှု စိတ်ဦးတည်ချက်ဟာ ပိုမို ပီပြင်သွားတာပေါ့၊ ဦးတည်ချက်ရှိတဲ့ လမ်းဟာ ပိုမို ဖြောင့်ဖြူးသလိုပါပဲ။

ဆုတောင်းပြည့်

ပြောပြထားတဲ့အတိုင်း ဆုတောင်းတယ်ဆိုတာ ကိုယ့်အလုပ်ရဲ့ ဦးတည်ချက်ကို ဖော်ညွှန်းတာဖြစ်လို့ ဆုတောင်းပြည့်ခြင်း မပြည့်ခြင်းဟာ စေတီ ရုပ်ပွား ဆင်းတုတွေနဲ့ မဆိုင်ပါဘူး။ သီလပြည့်စုံ စင်ကြယယ်နေခိုက် စင်ကြယ်တဲ့ဒါနကို ပြုပြီး အဓိဋ္ဌာန်ပြု ဆုတောင်းရင် စေတီဆင်းတု မပါဘဲလည်း ဆုတောင်းပြည့်နိုင်ပါတယ်။

ဒါပေမယ့် ဘာမဆို ဒါမှ ဒါပဲ ဟိုဟာဆိုရင် ဟင့်အင် ဆိုတာမျိုးတော့ မဖြစ်သင့်ချေဘူး။ ဆုတောင်းပြည့်ဘုရား ဆိုတဲ့ နာမည်က အနည်းဆုံး အိပ်မောကျ သို့မဟုတ် အိပ်မပျော့်တပျော် ဖြစ်နေတဲ့ ဗုဒ္ဓ၀ါဒီတစ်ယောက်ကို လှုပ်နှိုးလိုက်နိုင်တယ်ဆိုရင် အကျိုးရှိတာပဲ။

အနာထပိဏ်သူဋ္ဌေးဟာ သားမောင် ကာဠကို အသပြာပေးပြီး ဘုရားဆီကို သွားဖို့ ဖျားယောင်းခဲ့တဲ့ ထုံးရှိပါတယ်။ သာသနာပြု ပုဂ္ဂိုလ်တွေက ဂြိုဟ်ကြီးကိုးလုံး ပူဇော်မှု လွှမ်းမိုးတဲ့နေရာမှာ ဘုရား ကိုးဆူ ပူဇော်မှုနဲ့ အစားထိုးပေးခဲ့တာကိုလည်း ဓမ္မနဲ့ မဆန့်ကျင်လို့ လက်ခံနိုင်တာပေါ့။ ဒါကြောင့် အခက်အခဲတွေနဲ့ မွမ်းကျပ်နေသူတစ်ယောက်ကို ဒီကုသိုလ်လေးပြု၊ ဘုရားဂုဏ်တော် ပွားများပြီး၊ အဓိဋ္ဌာန်ပြု ဆုတောင်းပါလား လို့ ဗုဒ္ဓ၀ါဒီအချင်းချင်း အကြံပေးကောင်းပါတယ်။

တိုက်ဆိုင်မှုရဲ့ ရလာဒ်တစ်ခုခုကြောင့် အဲဒါနောက်ကိုပဲ လိုက်ပြီး လက်တွေ့ ကျင့်ကြံမှုကို မေ့လျော့နေရင်လည်း မသင့်နိုင်ပါဘူး။

ဘာပဲဖြစ်ဖြစ် ဘာသာတရား ကိုးကွယ်ရာမှာ ယောနိသော မနသိကာရ (သင့်အောင် နှလုံးသွင်းခြင်း) နဲ့ အစွန်း မရောက်ခြင်းတို့ဟာ အခြေခံလည်း ကျတယ်။ အရေးလည်း ကြီးပါတယ်။


ဓမ္မနာဝံ သမာရုယှ။

သန္တာရေဿံ သဒေ၀တံ

လူမျိုးပုံယင်၊ လှေပြည့်တင်၍၊ သင်္သရာကျယ်

မြစ်ပင်လယ်မှ၊ ဆယ်ကယ်အားသွန်

ပြည်နိဗ္ဗာန်သို့၊ မကျန်ပို့ရလို၏တည်း။

(ဆုတောင်းခန်းပျို့၊ ပိုဒ် ၁၈၅)

ဓမ္မ အမေးအဖြေများ ၊ အရှင်ကေလာသ ဓမ္မာစရိယ၊ B.A (Philo) M.A (Buddhism) ဖြေဆိုသည်။


Sunday, March 23, 2014

သမိုင်းကျောက်စာက ပြောသော ဘုရင်အသောက၏ပုံရိပ် တစ်စိပ်တစ်ဒေသ

သမိုင်းကျောက်စာက ပြောသော ဘုရင်အသောက၏ပုံရိပ် တစ်စိပ်တစ်ဒေသ

 (နိဂုံးပိုင်း)


ဗုဒ္ဓစာပေ၌ ဘာသာတရားနှင့် ပတ်သက်သည့် သည်းခံစိတ်ဓာတ်ကို ဗုဒ္ဓကိုယ်တော်တိုင် တည့်သာဝကများအား ဟောကြားတော်မူခဲ့ပြီးဖြစ်သည်။ မဇ္ဈိမနိကယ် ဥပါလိသုတ်တွင် နာလန္ဒာမြို့သား အထင်ကရ သူဌေးကြီး ဥပါလိသည် နိဂဏ္ဍနာဋပုတ္တခေါ် (မဟာဝီရ) အခြားဂိုဏ်းဆရာကြီး၏ တပည့်တစ်ဦးဖြစ်သည်။ မဟာဝီရ၏ တပည့်ဖြစ်သူ သူဌေးကြီး ဥပါလိသည် မြတ်ဗုဒ္ဓ၏ တပည့်သာဝကတစ်ဦး ပြောင်းလဲဖြစ်လိုကြောင်း မြတ်ဗုဒ္ဓအား လျှောက်ထားလာသည်ကို ပါဠိတော်၌ ဤကဲ့သို့မှတ်တမ်းတင်ထားသည်။

ရှင်တော်ဗုဒ္ဓက ဥပါလိသူကြွယ်အား မြတ်ဗုဒ္ဓ၏ တပည့်တစ်ဦး(ဗုဒ္ဓဝါဒီ) ဖြစ်လာပြီးနောက်ပိုင်းမှာပင် ယခင်ဆရာဟောင်း နိဂဏ္ဍတို့အား လိုအပ်သည့် ပစ္စည်းများဖြင့် ဆက်လက်ထောက်ပံ့မှုများကို ဆက်လက်ပြုလုပ်ရန် တိုက်တွန်းတော်မူခဲ့သည်။ ဘုရင်အသောကသည် ဘာသာရေးနှင့် ပတ်သက်သည့် အလားတူ သည်းခံနားလည်မှုကို နက်ရှိုင်းစွာ ခံယူထားသည်မှာ သူ၏ ကျောက်စာမှတ်တမ်းများက သက်သေပြနေကြာင်း သေချာပေသည်။

ဘုရင်အသောကသည် မိမိတိုင်းသားပြည်သူများ ကိုယ်ကျင့်တရားကောင်းမွန် တိုးတက်ရေး အတွက် နည်းမျိုးစုံ အသုံးပြုခဲ့သည်။ ကျောက်စာအမှတ် (၇) အရ ဘာသာတရားအဆုံးအမများကို သင်ကြားပြီး လက်တွေ့အသုံးချမှုများကို ပြုလုပ်ခဲ့သည်။ မင်းကြီးသည် ဗုဒ္ဓဝါဒီ၊ဂျိန်းဝါဒီ၊ အာဇီဝကနှင့် အခြားဘာသာဝါဒီများ ဖြစ်ကြသည့် ရဟန်းရှင်လူ ပြည်သူများအကြား မိမိ၏မေတ္တာရှေ့သွားပြုသည့် သင်ကြားချက်များကို ပြန့်ပွားစေရန် ဓမ္မမဟာမတ္တ (တရားရေး ရာဝန်ကြီး)များနှင့် ရာထူးအဆင့်အမျိုးမျိုးရှိသည့် အရာရှိများကို ခန့်ထားသည်။ ပြည်သူများ၏ ကိုယ်ကျင့်တရား စာရိတ္တရေးရာ ကောင်းမွန်မှုအတွက် ရည်ရွယ်သည့် ယင်းဓမ္မမဟာမတ္တဌာန (တရားရေးရာဝန်ကြီးဌာန)သည် အသောကမင်းကြီး၏ ကိုယ်ပိုင်ဆန်သည့် ဆန်းသစ်တီထွင်မှုလုံးဝ ဖြစ်ပေသည်။

အသောကမင်းကြီးသည် ရှေးခေတ်ဘုရင်များ လုပ်လေ့လုပ်ထရှိခဲ့သည့် တောကစားထွက်ခြင်းနှင့် အပန်းဖြေခရီး ထွက်ခြင်းတို့အစား တိုင်းသားပြည်သူများအား အကြံဥာဏ် ပေးရန် နှင့် ဗုဒ္ဓဝင်နေရာများကို ဖူးမျှော်ရန် ဘုရားဖူးခရီးထွက်ခြင်း များပြုလုပ်ခဲ့ပုံများကို ကျောက်စာ အမှတ်(၈) အရ သိရသည်။ ကျောက်စာအမှတ် (၃)တွင် မင်းကြီးသည် သူကိုယ်တိုင် ဘုရားဖူးခရီး ထွက်သည်သာမက အဆင့်မြင့်အရာရှိများအားလည်း တာဝန်တစ်ရပ်အနေနဲ့ မိမိ၏စံနမူနာကို ယူကြရန် (ဘုရားဖူးခရီးထွက်ရန်) လမ်းညွှန်ခဲ့သည်။

တိုင်းသူပြည်သားများ ဘာသာတရား အသိစိတ်ဓာတ်များ ပြည့်ဝလာစေရန် ကိုယ်ကျင့် ကောင်းမွန်သည့် ဘဝသို့ နိုးကြားလာစေရန် ဘုရင်အသောကသည် (ဗုဒ္ဓဝါဒီဖြစ်လာပြီးနောက်) ဘိုးဘေးစဉ်ဆက်များကကဲ့သို့ စစ်မက်ရေးရာ အင်အားဖြင့် ဆောင်ရွက်ခြင်းအစား ဆင်ပြောင်ကသည့် နတ်ရထားများ၌ နတ်သား နတ်သမီးရုပ်ပုံ ခင်းကျင်းပြသမှုများ၊ (ဗုဒ္ဓဝင်) သရုပ်ဖော်မှုများပါဝင်သည့် နှစ်သက်ဖွယ် နတ်လောက အသွင်အပြင်များဖြင့် ပြည်သူအပေါင်းအား ဆွဲဆောင်စည်းရုံးလုပ်ဆောင်ခဲ့ပုံများကို ကျောက်စာအမှတ် (၃)တွင် ဖော်ပြထားသည်။ Bhabru Edict (ဘာဗြု) ကျောက်စာအမှတ်(၄) ၌ ဖော်ပြချက်အရ ဗုဒ္ဓကျမ်းစာများကို ဟောကြားခြင်းကိုပင် ဘာသာရေးဆိုင်ရာ ပွဲလမ်းသဘင်များဖြင့် ဆောက်ရွက်ခဲ့ပုံရသည်။

Bhabru Edict (ဘာဗြု) ကျောက်စာနှင့် မိဂဒါဝုန်၊ ကောသမ္ဗီ၊ ဆန်ချီစေတီ ရှိရာအရပ်တို့၌ တွေ့ရသည့် ကျောက်စာတိုင်တို့၌ ဖော်ပြချက်အရ ယခုအချိန်တွင် ဗုဒ္ဓဝါဒသည် ဘုရင်အသောက၏ အဓိကကိစ္စဖြစ်လာသည်။ အသောကသည် ဗုဒ္ဓဝါဒကို အိန္ဒိယ၏ နိုင်ငံတော်ဘာသာ ဖြစ်စေခဲ့သည် ပထမဆုံးသော ဘုရင်ဖြစ်ပေသည်။ မိဂဒါဝုန်၊ ကောသမ္ဗီ၊ ဆန်ချီစေတီ ရှိရာအရပ်တို့၌ တွေ့ရသည့် ကျောက်စာတိုင်တို့၌ ဖော်ပြချက်အရ သံဃာအသင်းကွဲမှုကို ဖြစ်ပေါ်စေသည့် ဘိက္ခု ဘိက္ခုနီမများကို လူဝတ်လဲရမည်ဖြစ်ပြီး ဘုန်းကြီးကျောင်းများ၌ ဆက်လက်နေထိုင်ခွင့်မပြုရန် အမိန့်ထုတ်ပြန်ထားသည်။ ဤသို့ဖြင့် အသောကမင်းကြီးသည် ဗုဒ္ဓဝါဒ၏ လောကီရေး ဆောင်ရွက်မှုကို လက်ခံလျှက် ဗုဒ္ဓဝါဒ ဗုဒ္ဓဘာသာ ကောင်းကျိုးအတွက် သက်ဝင်လှုပ်ရှားသည့် စိတ်ဝင်စားမှုကို ရယူခဲ့သည်။

သက်ရှိလူနှင့် တိရစ္ဆန်များအတွက် လိုအပ်သည့် ဆေးခန်းများတည်ထောင်ခြင်း၊ လမ်းဘေးများ၌ ရေတွင်းရေကန်များတူဖော်စေခြင်း၊ သစ်ပင်စိုက်ပျိုးစေခြင်း စသည့် ကြီးမားကျယ်ပြန့်သည့် လူမှုရေး ကောင်းကျိုးဆောင်ရွက်မှုများသည် ဘာသာတရားလေးစားပြီး စာရိတ္တ နက်ရှိုင်းသူ ဘုရင်အသောက၏ စိတ်ကို အားရကျေနပ်မှု မဖြစ်စေနိုင်သေးပေ။ ပြုပြီးသမျှ လူမှုရေး ကောင်းကျိုးဆောင်ရွက်မှုများသည် မတည်မြဲဘဲ ရုပ်ပိုင်းဆိုင်ရာ အကူညီထောက်ပံသာဖြစ်ပြီး ယင်းလှူဒါန်းထောက်ပံမှုများ (ရေတွင်းပေါင်း ရှစ်သောင်းလေးထောင် ရေကန်ပေါင်း ရှစ်သောင်း လေးထောင် စေတီပေါင်း ရှစ်သောင်းလေးထောင်)စသည်များမှာ လောကုတ္တရာဓမ္မရေးရာနှင့် နှိုင်းယှဉ်ပါက မဆိုစလောက်သာ ဖြစ်သည်။

မင်းကြီးအနေဖြင့် ဓမ္မဒါနနှင့်တူသော ဒါနမရှိဟု ပြင်းပြစွာခံစားနားလည်ထားသည်။ (ကျောက်စာအမှတ် (၁၁) နာ သတိ ဧတာရိသံ ဒါနံ၊ ယာရိသံ ဓမ္မဒါနံ) နှင့် သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ- ဓမ္မပဒ ဂါထာ ၂၁)။ ။ ထို့ပြင် အရှင်မဟာမောဂ္ဂလိပုတ္တတိဿ မဟာထေရ်မြတ်၏ သွန်သင်ချက်များကြောင့် ဘုရင်မင်းကြီးသည် စစ်မှန်သည့် သာသနဒါယာဒ (သာသနမွေခံ) ဖြစ်စေရန် မိမိ၏ ရင်နှစ်သည်းချာ သားတော် မဟိန္ဒမင်းသားနှင့် သမီးတော် သင်္ဃမိတ္တာ မင်းသမီးကိုတို့ သာသနဘောင်သွတ်သွင်းခဲ့လေသည်။ ။ အသောက မင်းကြီးသည် မြတ်ဗုဒ္ဓဓမ္မပြန့်ပွားရေး ရည်ရွယ်ချက်ဖြင့် ယခင်က မကြားဖူး မရှိခဲ့ဖူးသေးသည့် (န ဘူတပြုဗ္ဗ) (ပါဠိ-န ဘူတ ပုဗ္ဗံ) ဓမ္မမဟာမတြ ခေါ်သည့် သာသနာပြုဌာနသစ်တစ်ခု ဖွင့်လှစ်ခဲ့သည်ကို ကျောက်စာအမှတ် (၅) တွင် အတိအလင်း ဖော်ပြထားသည်။ ယင်းကျောက်စာအမှတ် (၅) ၌ ဓမ္မမဟာမတြများကို ဓမ္မတည်တံ့ ပြန့်ပွားရေးနှင့် ဘာသာတရားကို ချစ်မြတ်နိုးသူများ၏ ကောင်းကျိုးချမ်းသာရေးအတွက် ဘာသာရေးဂိုဏ်းဂဏအသီးသီး၌ ခန့်ထားကြောင်း ပြဆိုထားသည်။

အဆိုပါ ဓမ္မမဟာမတြ(တရားရေးရာအမတ်ကြီး) များကို ယောနက၊ ကမ္ဗောဇ၊ ဂန္ဓာရနှင့် မင်းကြီး၏ အနောက်ဖက်နယ်ခြားဒေသရှိ အခြားလူမျိုးများအကြား ခန့်အပ်ထားသည်။ ဓမ္မကို လိုက်နာကျင့်သုံးသူများ၏ ကောင်းကျိုးချမ်းသာနှင့် ဆင်းရဲမွဲတေခြင်းများမှ လွတ်မြောက်ခြင်းတို့ အတွက် ယင်းအမတ်များကို စစ်သားများ၊ စစ်ဗိုလ်ချုပ်များ၊ ဗြဟ္မဏဘာသာ ဂိုဏ်းကွဲများ၊ ဂဟပတိများ၊ ခိုကိုးရာမဲ့သူများ၊ အိုမင်းမစွမ်းသူများ သက်ကြီးရွယ်အိုများအကြား၌ ခန့်အပ်ထား လေသည်။ ထိုအမတ်များသည် အကျဉ်းသား ဖြစ်မှုဆန့်ကျင်ရေး ဆောင်ရွက်ရန်၊ မွေးကင်းစကလေး များစွာရှိသူများ သို့မဟုတ် အသက်အရွယ်ကြောင့် ကံမကောင်း အကြောင်းမလှဘဲ ဆင်းရဲဒုက္ခရောက်နေသူများအား လွတ်လပ်ခွင့် (လွတ်ငြိမ်းချမ်းသာခွင့်) ပေးခြင်းတို့အတွက်လည်း လုပ်ပိုင်ခွင့်အာဏာအပြည့်အဝ ရှိသည်။

ကျောက်စာအမှတ် (၁၃) တွင် "အဓိက အောင်မြင်မှုဟု မင်းတရားကြီးက ယူဆပြီး သူ၏အင်ပါယာ အတွင်းအပြင်ရှိ လူအပေါင်းတို့အား ကြိမ်ဖန်များစွာ အောင်မြင်ပြီးဖြစ်သည့် ဓမ္မဝိဇယခေါ် တရားဖြင့် အောင်မြင်မှုကြီးအကြောင်းကို ဖော်ပြထားသည်။ အသောကမင်းကြီး၏ ဓမ္မဝိဇယသည် ဆီးရီးယားဘုရင် အန္တီယိုချပ်စ်(Antiochus)၊ အီဂျစ်ဘုရင် ပတိုလေမီ(Ptolemy)၊ မက်ဆီဒန် ဘုရင် အန္တီဂိုနပ်စ်(Antigonus of Macedon)၊ အိုင်ရီနီ ဘုရင် မဂါ့စ် (Magas of Eyrene)၊ အီပီရပ်စ် ဘုရင် အလက်ဇန္ဒား (Alexander of Epirus) ဘုရင်များနှင့် စောဠ၊ ပန်ဒျာ(ပန်ဂျပ်) (Pandyas) မှသည် တမ္ဗပဏ္ဏိခေါ် သီဟိုဠ်(သီရိလကာင်္ာ)နိုင်ငံများအထိပင် ကျယ်ပြန့်ခဲ့သည်။ မင်းကြီးက ဆက်လက် ဖော်ပြသည်မှာ " နေရာတိုင်း၌ လူအများသည် မင်းတရားကြီး၏ ဘာသာတရား သွန်သင်ဆုံးမမှုကို လိုက်နာကျင့်သုံးလျက်ရှိ၏။

အသောကမင်းကြီးလက်ထက်တွင် သံဃာတော်များအတွင်း မလိုလားအပ်သည့် အကျင့်ပျက်မှုများ ဖြစ်ပေါ်လာမှုကြောင့် သံဃာတ်ေများ ညီညွတ်မှုနှင့် ငြိမ်းချမ်းရေးကို အနှောက်ယှက်များ ဖြစ်စေသည်။ ထေရဝါဒက လက်ခံထားသည့် ယူဆချက်များ ကျင့်စဉ်များနှင့် ဆန့်ကျင်သည့် ဂိုဏ်းအမျိုးမျိုးပေါ်ပေါက်ခဲ့သည်။ ယင်းအခြေအနေသည် အသောကဘုရင်အား ပါဋလိပုတ်မြို့တော်၌ တတိယသင်္ဂါယနာတင်ရန် တွန်းအားပေးခဲ့သည်။ (ဝိဌ၁၊ ၄၅၊ မဟာဝံသ ၅၊ ၂၂၈ ဂါထာ)။

ရည်ရွယ်ချက်မှာ ပိဋကတ်သုံးပုံကို စင်ကြယ်စေရန်နှင့် အဓမ္မဝါဒီများကို သုတ်သင်ရန်ရန်ဖြစ်ပြီး အသောက၏ အဓိကစိုးရိမ်မှုမှာ မည်သည့် တွေးခေါ်မြော်မြင်မှု သို့မဟုတ် ဘာသာဝါဒရေးရာ တရားဓမ္မထက်မဆို နိုင်ငံတော်က တည်ဆောက်ထားသည့် ဘာသာရေး အဆောက်အအုံက ပိုပြီးအဓိက ဖြစ်သည် (Sir John Marahall: The Monument of Sanchi, P -22)။ ။ ထေရဝါဒ အသိုက်အမြုံကို ငြင်းဆိုသူများသည် ရာဇဂြိုဟ်မြို့အနီး နာလန္ဒာမြို့၌ စင်ပြိုင် သီးခြားသင်္ဂါယနာတစ်ခု တင်ကြလေသည်။ ဤသည်မှာ မဟာယာနအုပ်စု အသစ်စတင်ဖြစ်ပေါ်လာခြင်းဖြစ်ပေတော့သည်။ ယင်းအုပ်စုအသစ်မှ ယင်းတို့၏ ကိုယ်ပိုင် ကျမ်းဂန်များကို ရေးသားလျှက် ဂိုဏ်းကိုးဂိုဏ်း စတင်ဖြစ်ပေါ်ခဲ့လေသည်။ (နိကာယသင်္ဂဟ၊ စာ ၇-၈)။ ။

မိဂဒါဝုန်၊ ကောသမ္ဗီနှင့် ဆန်ချီ ကျောက်စာများတွင် အသောကမင်းကြီးသည် သံဃာစည်းလုံး ညီညွတ်မှုနှင့် ပတ်သက်၍ ကျောက်စာတိုင်တို့ဖြင့် တိကျသည့် အမိန့်အာဏာများ၊ သံဃာ သင်းကွဲမှုကို ဖြစ်ပေါ်စေသူ ရဟန်းမည်သူမဆို လူထွက်ရမည်ဖြစ်ပြီး ဘုန်းတော်ကြီးကျောင်းမှ ထွက်ခွာသွားရမည်ဟု ထုတ်ပြန်ထားသည်အထိ အလွန်စိုးရိမ်သည်။ ယေဘုယျယူဆချက်အရ အသောကမင်းကြီး၏ အထောက်အပံ့ဖြင့် ဖြစ်ပေါ်လာသည့် ပိဋကတ်တော် တတိယပါဋလိပုတ္တ သင်္ဂါယနာကို ဖြစ်ပေါ်စေသည့် ပါဠိအစဉ်လာ၏ စစ်မှန်မှုကို အတည်ပြုသည်။ (Barua: Inscriptions of Asoka, II, p. 379) ။ ။

တတိယသင်္ဂါယနာတင်ပြီး ယင်းသင်္ဂါယနာ၏ သံဃာ့ဥသျှောင် အမြှော်အမြင်ကြီးမားတော်မူသည့် အရှင်မဟာမောဂ္ဂလိပုတ္တတိဿမဟာထေရ်၏ လမ်းညွှန်မှုဖြင့် မြတ်ဗုဒ္ဓသာသနာ အရှည်ခံ့တည်တံ့ ပြန့်ပွားရေးအတွက် ကိုးတိုင်း ကိုးနိုင်ငံတို့သို့ သာသနာပြုအာဇာနည်အရှင်မြတ်များကို စေလွှတ်တော်မူခဲ့သည်။(ဝိ-ဌ ၁၊ ၄၇၊ မဟာဝံသ ၇၊ ၁ ဂါထာ)။ ။ အသောကမင်းကြီး၏ သားတော် အရှင်မဟာမဟိန္ဒမထေရ်မြတ်သည် (သီရိလင်္ကာ) သီဟိုဟ်ကျွန်း၌ ဗုဒ္ဓသာသနာ တည်တံ့ရေး အတွက် တာဝန်ပေးခြင်းခံရသည်။ အိန္ဒိယမှ မင်းကြီးသာသနာပြုစေလွှတ်မူခဲ့သော ဗုဒ္ဓသာသနာပြု ကိုးဖွဲ့လုံး သွားလေရာရာ နိုင်ငံ ဒေသတိုင်း၌ အောင်မြင်ခဲ့သည်။ ယောနကဓမ္မရက္ခိတ မထေရ်ကဲ့သို့သော ဂရိလူမျိုးများပင် ဗုဒ္ဓဝါဒီရဟန်းတော်များ ဖြစ်သွားကြသည်။

ဤသို့အားဖြင့် အသာကမင်းကြီးသည် သူ၏ ဓမ္မဝိဇယနိုင်ငံတော် အတွက် လောကီလောကုတ္တရာ နှစ်ဖြာသော တိုးတက်သောစီမံကိန်းများဖြင့် ပီပြင်စွာ အကောင်ထည်ဖော်နိုင်ခဲ့သောကြောင့် နှောင်းလူတို့ အတွက် အလွန်ပင် စံနမူနာ အတုယူလေးစားထိုက်ပါကြောင်း တင်ပြအပ်ပါသည်။

မှတ်ချက်။ ။ သီရိလင်္ကာဆရာတော် ပညာရှင်ကြီး ဝါလ်ပိုလာ ရာဟုလာ၏ ပါရဂူဒေါက်တာဘွဲ့အတွက် တင်သွင်းခဲ့သည့် History of Buddhism in Cylon written by Wapola Rahula (သီရိလင်္ကာ ဗုဒ္ဓဘာသာသမိုင်း စာအုပ်မှ ကောက်နှတ်ဖော်ပြအပ်ပါသည်။ ။

မှတ်ချက်။ ။ မေ့သားလှ ဆိုဒ်မှကူးယူဖော်ပြထားပါသည်။


Saturday, March 22, 2014

ဥပေက္ခာ အတု+ အစစ်

ဥပေက္ခာ အတု+ အစစ်

လူအားလုံးနှင့် ရင်းနှီးနေသော စကားလုံးတစ်လုံးရှိသည်၊ ထိုသည်ကား ဥပေက္ခာပြုသည် ဆိုခြင်းပင်၊ မိမိနှင့် အတူလုပ်ဖော်ကိုင်ဖက်များ၊ သူငယ်ချင်းများ၊ မိတ်ဆွေများ၊ မိဘများ၊ ဆရာသမားများသည် ရည်ရွယ်ချက်၊ ဆန္ဒ၊ ခံယူချက်အမျိုးမျိုးတို့ကြောင့်မိမိတို့နှင့် ဘက်မတူ တော့လျင်၊ ဆန့်ကျင်ဘက်လုပ်နေပြီဆိုလျင် “ မည်သူ့ကိုတော့ဖြင့် ပြောမနေပါ နဲ့တော့ ၊ ဥပေက္ခာ ပြုထား လိုက်ပါ…ဟူ၍၄င်း၊ ဒီကလေးသိပ်ဆိုးတယ်၊ လွှတ်ပေးထားလိုက်စမ်း၊ သူ့ထိုက်နဲ့ သူ့ကံပဲ၊ ဥပေက္ခာ သာ ပြုလိုက်တော့ ” စသည်ဖြင့် ဥပေက္ခာစကားဆိုတတ်ကြသည်။

လူတို့ပါးစပ်ဖျားတွင်တွင်တွင်ကျယ်ကျယ်သုံးနှုံးနေသောထိုဥပေက္ခာသည် အမျိုးအစားအားဖြင့် (၁၀)မျိုးအထိရှိ ကြောင်း ကျမ်းဂန်များတွင် ပြဆိုထားသည်၊ ထိုဥပေက္ခာဟူသော စကားလုံးကို သာမာန်လူများသာ သုံးသည်မဟုတ်၊ အတုလ မြတ်ဘုရား သည်လည်း အင်္ဂုတ္တရနိကာယ်၊ ကေသိသုတ္တန်၌ တပည့်သာဝကတို့အား ဆုံးမတော်မူစဉ် အစပထမ အနုနည်းဖြင့် ချော့မော့ ဆုံးမကြောင်း၊ အဆင်မပြေလျင် အကြမ်းနည်းဖြင့် ဆုံးမကြောင်း၊ နှစ်နည်းလုံးဖြင့် အဆင်မပြေ ပါက လျစ်လျူရှုကာ ဥပေက္ခာပြုလိုက် တော့ကြောင်း ဟောကြားတော်မူသည်။

♦ မြတ်ဘုရား၏ ဥပေက္ခာနှင့် ပက်သက်၍ သတိရစရာ အဖြစ်အပျက်တစ်ခုကား တောထွက်စဉ်အခါ ကတည်းက အတူပါလာခဲ့သော "ဆန္နအမတ်" အဖြစ်မှ သာသနာ့ဘောင်ဝင်ခဲ့သော ဆန္နရဟန်း အကြောင်းပင်၊ ထိုဆန္နရဟန်းသည် သိဒ္ဓတ္ထမင်းသားဘ၀မှ ဗုဒ္ဓအဖြစ် မရောက်ခင် ဖွားဖက်တော် ဖြစ်သည်က တစ်ကြောင်း၊ ငယ်ကျွမ်းလူယုံဖြစ်သည် ကတစ်ကြောင်း၊ မွေးဖွားပြီး ငယ်ရွယ်စဉ်မှစ၍ သံယောဇဉ်အရင်းခံရှိသည်ကတစ်ကြောင်းစသော အကြောင်းများ ကြောင့် သာသနာ့ဘောင် ၀င်လာသောအခါ မာနထောင်လွှား ကာ ရဟန္တာဖြစ်အောင် မကျင့်ပဲ အချိန်ကုန်နေလေ့ရှိ၏၊

ဘုရားရှင်က တိုက်တွန်းသော်လည်း မည်သို့မျှ နားမ၀င်၊ သံဃာ့ပရိသတ်၊ လူပရိသတ်များ ကြားတွင် ဘုရားရှင်၏ လူယုံလူရင်း၊ ဖွားဖက်တော် ဟူသော စိတ်ဖြင့် ဆောင့်ကြွားကြွားနေ သည်ကို အခြားသော သံဃာများလည်း မထိန်းနိုင်တော့ပေ။

ထိုအကြောင်းကို သိတော်မူသော မြတ်ဘုရားသည် ဆန္နရဟန်း၏ မာန်မာနကို ရိုကျိုးသွားစေရန် ရည်ရွယ်ချက်ဖြင့် “ ဆန္နရဟန်း ဘာလုပ်လုပ်၊ ဘာတွေပဲ ပြောပြော၊ သံဃာများနှင့်လုံးဝမသက် ဆိုင်၊ မည်သူမျှလဲ ဆန္နကို ပြောစရာ ဆုံးမစရာ မလို ” ဟူသော အဓိပ္ပါယ်ဖြင့် ဗြဟ္မဒဏ္ဍ- ဗြဟ္မဒဏ်အပြစ်ပေးတော်မူသည်။

နောက်ပိုင်းတွင် ဆန္နရဟန်းသည် သံဃာထုက ရှောင်ကြဉ်လာသောအခါ တစ်ပါးတည်း အထီးကျန်ဆန်လာသည်၊ မိမိဘ၀မှန်ကို သဘောပေါက်ပြီး မာနတရားများ ခ၀ါချကာ ၀ိပဿနာ တရားကို ကြိုးကြိုးစားစား အားထုတ်သည်တွင် ရဟန္တာဖြစ် သွားတော့သည်၊ ဤကား မြတ်ဘုရား ၏ ပရိယာယ်ပါသော ဥပေက္ခာလမ်းစဉ်၏ ထိရောက်မှုဟု ဆိုရပါမည်။ ဥပေက္ခာ ဟူသော ဗြဟ္မဒဏ်ကြောင့် တပည့်သာဝကတပါး အရိယာဖြစ်သွားသည်မှာ အနုတ္တရော ပုရိသဒမ္မသာရထိ- မယဉ်ကျေး၊ မလိမ္မာသူ လူနတ်ဗြဟ္မာသတ္တ၀ါတို့အား ယဉ်ကျေးလိမ္မာအောင် ဆုံးမတော်မူ နိုင်ခြင်းဂုဏ်တော်ဟုလည်း ဆိုနိုင်သည်။

♦ ဥပေက္ခာအပြား (၁၀) ပါး ♦
---------------------------------------
၁။ ဆဠဂုင်္ပေက္ခာ - ( ဆဠင်္ဂ- ဥပေက္ခာ ) စက္ခုနာ ရူပံ ဒိသွာ နေ၀ သုမနော ဟောတိ၊ န ဒုမ္မနော၊ ဥပေက္ခကော စ ၀ိဟရတိ -စသည်ဖြင့် အဆင်းရူပါရုံအား မျက်စိဖြင့် မြင်ခိုက် တွင် တပ်မက်သာယာစရာဣဋ္ဌာရုံဖြစ်သော ကြောင့်လည်း မသာယာ၊ အနိဋ္ဌာရုံဖြစ်သောကြောင့်လည်း ဒေါသမဖြစ်၊ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ-ဟူသောဒေသနာတော် အတိုင်း “ မြင်ကာမတ္တ၊ မြင်ရုံမျှသာ” ဟူသော မှတ်စိတ်ဖြင့် ဥပေက္ခာပြုထားနိုင်ခြင်းဖြစ်သည်။

ထိုနည်းဖြင့် မိမိ၏ မျက်စိ၊ နား၊ နှာ၊ လျာ၊ ကိုယ်၊ စိတ်ဟူသောဒွါရခြောက်ပါးတွင် ရူပါရုံစသော အာရုံခြောက်ပါးတို့ မည်သို့ပင်တိုက်ခိုက် ကြုံလာစေကာမူ မြင်ကာမတ္တ၊ ကြားကာမတ္တ၊ နမ်းရှုကာမတ္တအားဖြင့် စင်ကြယ်သော ပကတိ သဘောကို မစွန့်လွှတ်ပဲ နှလုံးသွင်းနိုင်ခြင်းမျိုး ဖြစ်သည်၊ အထူးအားဖြင့် လူသာမာန်တို့အတွက် ခဲယဉ်းနေပါလိမ့်မည်၊ အဘယ့်ကြောင့်ဆိုသော် ထိုကဲ့သို့ ကြုံလာသမျှ အာရုံခြောက်ပါးတို့ကြောင့် တုန်လှုပ်ခြင်း ကြံ့ကြံ့မခံနိုင်ခြင်းသည် အယုတ်ဆုံး သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်များအထိ ရှိနိုင်သေး၏၊ အရိယာစစ် ရဟန္တာဖြစ်မှသာ အာရုံခြောက် ပါးကို ကြံ့ကြံ့ခံနိုင်၏၊ မည်သို့မျှ မတုန်လှုပ်တော့ဟု ဆိုသည်။

၂။ ဗြဟ္မ၀ိဟာရုပေက္ခာ ( ဗြဟ္မ၀ိဟာရ-ဥပေက္ခာ) ဥပေက္ခာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ၀ိဟရတိ- စသည်ဖြင့် ဗြဟ္မစိုရ်လေးပါးကို ပွားများခြင်းကြောင့် ဈာန်စိတ်များဖြစ်ပေါ်လာ သောအခါ ထိုဈာန်စိတ်ကြောင့် ရသော ချမ်းသာဖြင့် မေတ္တာစိတ်လဲ မဖြစ်တော့၊ ကရုဏာ၊ မုဒိတာစိတ်များလဲ မဖြစ်တော့၊ အလယ်အလတ်နှလုံးသွင်းမှု ဥပေက္ခာစိတ်ဖြင့် ချမ်းသာစွာနေထိုင် ခြင်းသည်ပင် ဗြဟ္မ၀ိဟာရုပေက္ခာ မည်၏။

၃။ ဗောဇ္ဈဂုင်္ပေက္ခာ ( ဗောဇ္ဈင်္ဂ-ဥပေက္ခာ ) ဥပေက္ခာသမ္ဗောဇ္ဈင်္ဂံ ဘာဝေတိ ၀ိဝေကနိဿိတံ- စသည်ဖြင့် ၀ိပဿနာ ရှုပွားစဉ် ရုပ်နာမ်တို့၏ ဖြစ်ခြင်းပျက်ခြင်းများ မြင်လာကာ ငြီးငွေ့ခြင်း၊ စိတ်ကုန်ခြင်း၊ ဥပေက္ခာပြုထားလိုခြင်းစသော စိတ်များဖြစ်ပေါ် လာတတ်၏၊ ထိုစိတ်သာမက အတူဖြစ်ဖက် သဟဇာတ နာမ်တရားများကိုလည်း ဥပေက္ခာပြု လိုခြင်းသဘောကိုပင် ဗောဇ္ဈင် တရားများလည်း ဖြစ်ပွားနေသည်၊ ဥပေက္ခာတရားလည်း ဖြစ်ပွားနေသည်ဟု ဆိုရ သည်။

၎။ ၀ီရိယုပေက္ခာ ( ၀ီရိယ-ဥပေက္ခာ ) ကာလေန ကာလံ ဥပေက္ခာနိမိတ္တံ မနသိ ကရောတီတိ ဧ၀မာဂတာ အနစ္စာ ရဒ္ဓနာတိသိထိလ၀ီရိယသင်္ခါတာ ဥပေက္ခာ- စသည်ဖြင့် အခါအားလျော်စွာ ဥပေက္ခာနိမိတ်ဖြင့် တရားနှလုံးသွင်း နေထိုင်ခြင်း ဟူသော ၀ီရိယကို မတင်းလွန်း၊ မလျော့လွန်း၊ အလယ်အလတ်ထားကာ အားထုတ်ခြင်းသည်ပင် ၀ီရိယု ပေက္ခာဖြစ်ပါသည်။

၅။ သင်္ခါရုပေက္ခာ ( သင်္ခါရ-ဥပေက္ခာ ) နီဝရဏာဒိပဋိသင်္ခါသန္တိဋ္ဌနာဂဟဏေ မဇ္ဈတ္တဘူတာ ဥပေက္ခာ- စသည်ဖြင့် နီဝရဏစသော ကိလေသာတရား သင်္ခါရတို့အား တဖန်ပြန်လည်သုံးသပ် ဆင်ခြင်သည်တွင် တပ်မက်သာယာခြင်း၊ နှလုံးမသာယာခြင်း၊ အလိုမကျခြင်းတို့ မဖြစ်ပဲ အလိုအလျောက် သူ့သဘောအတိုင်း ဖြစ်ပျက်နေကြသည် ဟု ရုပ်နာမ်သင်္ခါရတရားတို့ကို သူ့အလိုလို နားလည်လက်ခံကာ သုံးသပ်နိုင်ခြင်းကို သင်္ခါရုပေက္ခာဟု ဆိုရသည်။

၆။ ဝေဒနုပေက္ခာ ( ဝေဒနာ-ဥပေက္ခာ) ယသ္မိံ သမယေ ကာမာဝစရံ ကုသလံ စိတ္တံ ဥပ္ပန္နံ ဟောတိ ဥပေက္ခာ သဟဂတန္တိ ဧ၀မာဂတာ အဒုက္ခမသုခသညိတာ ဥပေက္ခာ- စသည်ဖြင့် ကုသိုလ် ကောင်းမှုပြုနေစဉ်တွင် အချို့သူတို့ သည် သောမနဿစိတ်ဖြင့် လှူဒါန်းကြပြီး၊ အချို့ကား ဥပေက္ခာစိတ်ဖြင့် လှူဒါန်းခြင်းမျိုးကို ဆိုလိုပေသည်၊ ထိုကဲ့သို့ ဒုက္ခဝေဒနာဟုလည်းမဆိုသာ၊ သုခဟုလည်းမပြောနိုင်သော ဝေဒနာနှစ်မျိုးမှ လွတ်သော ဥပေက္ခာစိတ်ကိုပင် ဝေဒနု ပေက္ခာ ဟု ဆိုရသည်။

၇။ ၀ိပဿနုပေက္ခာ ( ၀ိပဿနာ-ဥပေက္ခာ) ယဒတ္ထိ၊ ယံ ဘူတံ၊ တံ ပဇဟတိ၊ ဥပေက္ခံ ပဋိလဘတီ တိ ဧ၀မာဂတာ ၀ိစိနနေ မဇ္ဈတ္တဘူတာ ဥပေက္ခာ- စသည်ဖြင့် ထင်ရှားရှိနေသော ရုပ်တရား နာမ်တရားတို့အား ရှုကြည့်ခြင်းဖြင့် ဖြစ်ပျက်မြင်သည်ဖြစ်၍ ပယ်စွန့်လိုသော ဥပေက္ခာစိတ်ကို ၀ိပဿနာစိတ်ကြောင့်ဖြစ်သော ဥပေက္ခာဟု ခေါ်ဆို ရသည်။

၈။ တတြမဇ္ဈတ္တုပေက္ခာ ( တတြမဇ္ဈတ္တ-ဥပေက္ခာ ) ယာ ပန ဆန္ဒာဒီသု ယေ၀ါပနကေသု အာဂတာ သဟဇာတာနံ သမ၀ါဟိတဘူတာ ဥပေက္ခာ- စသည်ဖြင့် ဆန္ဒစေတသိက်စသော အတူဖြစ်ဖက် နာမ်တရားတို့အပေါ်၌ လွှမ်းမိုးကာ ဖြစ်သော ဥပေက္ခာစိတ်မျိုးဖြစ်သည်။

၉။ ဈာနုပေက္ခာ ( ဈာန-ဥပေက္ခာ) ဥပေက္ခကော စ ၀ိဟရတီတိ- စသော စတုတ္ထဈာန် အဖွင့်၌လာရှိသည့်အတိုင်း ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်အားဖြင့် အစဉ်အတိုင်းအား ကောင်းသော သမာဓိအစွမ်းဖြင့် စတုတ္ထဈာန် အထိ ၀င်စားနိုင်ပါက ဥပေက္ခာ၏ အရသာကိုလည်း အလိုအလျောက်ခံစားနိုင်လာတော့၏၊ ထိုဥပေက္ခာကိုပင် ဈာန်ဝင်စားခြင်းကြောင့်ရသော ဈာနုပေက္ခာဟု ခေါ်ဆိုရသည်။ ဤစကားနှင့်စပ်လျင်း၍ ကျေးဇူးရှင်မဟာစည် ဆရာတော်ကြီး ကလည်း စတုတ္ထဈာန်နှင့် သင်္ခါရုပေက္ခာဥာဏ်သည် အဆင့်တူဖြစ်ကြောင်း၊ စတုတ္ထဈာန်ကို ၀င်စား နိုင်လျင် သင်္ခါရုပေက္ခာဥာဏ်လည်း ရရှိထားပြီ ဟု မှတ်သားနိုင်ကြောင်း မိန့်ကြားခဲ့ဖူးသည်။

၁၀။ ပါရိသုဒ္ဓုပေက္ခာ ( ပါရိသုဒ္ဓိ-ဥပေက္ခာ ) ဥပေက္ခာသတိပါရိသုဒ္ဓိံ စတုတ္ထံ ဈာနန္တိ ဧ၀မာဂတာ သဗ္ဗပစ္စနီကပရိသုဒ္ဓါ ပစ္စနီက၀ူပသမနေပိ အဗျာပါရဘူတာ ဥပေက္ခာ- ဤတွင်လည်း စတုတ္ထဈာန် နှင့် စပ်ဆက်သော ဥပေက္ခာစိတ်ပင် ယူရပါမည်၊ ကာယကံ ၀စီကံများအပါအ၀င် ထိုခဏတွင် ဖြစ်ပေါ်နေသော စိတ်၊ စေတသိက်တရားများ အသီးအသီး တစ်ခုစီတစ်ခုစီစင်ကြယ်သန့်ရှင်း နေခြင်း၊ တစ်စိတ်ချင်းတစ်စိတ်ချင်း ငြိမ်းချမ်းနေခြင်းဖြင့် ပူပင်သောက မရှိသော ငြိမ်းအေးသော စိတ်စင်ကြယ်ခြင်းကြောင့်ခံစားအပ်သော ဥပေက္ခာစိတ်သည် ပါရိသုဒ္ဓုပေက္ခာ မည်၏။

♦ တူရာတူရာ ဥပေက္ခာများကို ပေါင်းစုခြင်း ♦
---------------------------------------------
ဥပေက္ခာအပြား (၁၀) ပါးရှိသော်လည်း အဓိပ္ပါယ်တူရာတူရာကို ပေါင်းလိုက်ပါက (၅) ပါးသာ ကျန်တော့သည်၊ ဆဠဂုင်္ပေက္ခာ၊ ဗြဟ္မ၀ိဟာရုပေက္ခာ၊ ဗောဇ္ဈဂုင်္ပေက္ခာ၊ တတြမဇ္ဈတ္တုပေက္ခာ၊ ဈာနုပေက္ခာ၊ ပါရိသုဒ္ဓုပေက္ခာ ဟူသော (၆) မျိုးသည် ဆိုလိုရင်းအနက်အဓိပ္ပါယ်အားဖြင့် တူညီကြ သောကြောင့် တတြမဇ္ဈတ္တုပေက္ခာ ဟူသော ခေါင်းစဉ်အောက် သို့ အကျုံးဝင်သွားကြ သည်၊ အဓိပ္ပါယ်တူပါလျက် အဘယ့်ကြောင့် ဆယ်မျိုးပြားရသနည်း ဟု စောဒကတက်ဖွယ်ရှိ၏၊ သီးခြားနာမည်တစ်မျိုးစီအားဖြင့် ခွဲထုတ်ပြရန် လိုအပ်သောကြောင့်သာတည်း။

ဥပမာအားဖြင့် ပြရလျင် လူတစ်ယောက်အား အရွယ်အပိုင်းအခြားကို လိုက်၍ ကလေးငယ်၊ မင်းသား၊ လုလင်ပျို၊ စစ်သူကြီး၊ ရှင်ဘုရင်၊ မထေရ်ကြီး စသည်ဖြင့် တစ်ယောက်ထည်းဖြစ်သော် လည်း နာမည်မျိုးစုံခေါ်နိုင်သကဲ့သို့၊ နာမည်များ ပြောင်းလဲသော် လည်း လူက တစ်ယောက်သာ ဖြစ်သကဲ့သို့တည်း။

ထိုတွင် မှတ်ဖွယ်ကား မင်းသားငယ်ကို ရှင်ဘုရင်ဟု ခေါ်ဆိုခွင့်မရသကဲ့သို့ ဆဠဂုင်္ပေက္ခာ စိတ်ဖြစ်ပေါ်နေချိန်တွင် ဗြဟ္မ၀ိဟာ ရုပေက္ခာစိတ် မဖြစ်နိုင်ပေ၊ ထို့အတူ ဗြဟ္မစိုရ်စိတ် ဖြစ်နေချိန် တွင် အာရုံခြောက်ပါးအပေါ် ဥပေက္ခာထား နိုင်သောစိတ်လဲ မဖြစ်နိုင်တော့ပေ။

♦ ၀ိပဿနုပေက္ခာနှင့် သင်္ခါရုပေက္ခာ ခြားနားပုံ ♦
-------------------------------------------------------
အထက်ပါ ဥပေက္ခာများ နာမည်ကွဲပြားသကဲ့သို့ ၀ိပဿနုပေက္ခာစိတ်နှင့် သင်္ခါရုပေက္ခာတို့ ကွဲပြားစွာ သိမြင်ကြပုံ၊ မတူညီကြပုံကို ပြအုံးမည်၊ အမှန်ဆိုရလျင် နှစ်မျိုးလုံးသည် ၀ိပဿနာရှု ခြင်းကြောင့် ရရှိအပ်သော ဥပေက္ခာချင်း တူသောကြောင့် ခံစားချက်ခြင်း၊ အမြင်ခြင်း၊ နှလုံးသွင်းပုံအခြင်းအရာတို့သည်လည်း တူသင့်သည် ဟု ဆိုသင့်လှ သည်။ နှစ်မျိုးလုံးကို အရ ကောက်လျင် ပညာကို ယူရမည်ဖြစ်သော်လည်း အလုပ်လုပ်ပုံ ကိစ္စအားဖြင့် မတူညီ ကြကြောင်း အောက်တွင်ပြလတံ့သော ဥပမာများဖြင့် သိနိုင်ပါသည်။

ဥပမာအားဖြင့် နေ၀င်အပြီးမှောင်ရီပျိုးစအချိန်တွင် ယောင်္ကျားတစ်ယောက်သည် ဒုတ်ချောင်းကို ကိုင်ကာ အိမ်အတွင်းဝင်လာစဉ် ဖွဲပုံပေါ်တွင် ခွေအိပ်နေသော မြွေအား “ မြွေတစ်ကောင် ဖြစ်လေမလား၊ တခြားသတ္တ၀ါ ဖြစ်လေမလား ” ဟု ယုံမှားသံသယရှိနေစဉ် လည်ရစ်သုံးခုကို တွေ့မြင်သည်နှင့်တပြိုင်နက် မြွေတစ်ကောင်ပေပဲ ဟု ဆုံးဖြတ်ချက်ချနိုင်၏။

ထို့အတူ ၀ီရိယဖြင့် ၀ိပဿနာတရားကို ကြိုးကြိုးစားစားအားထုတ်သော ယောဂီပုဂ္ဂိုလ်အား သင်္ခါရတရားတို့၏ အနိစ္စစသော လက္ခဏာရေးသုံးပါးကို မြင်ရာ၌ ကွဲပြားစွာမဟုတ်ပဲ စူးစမ်း ဆင်ခြင်သော အခြေအနေတွင် ဖြစ်ပေါ်လာသော ၀ိပဿနာ ဥာဏ်ကြောင့်ရအပ်သော ဥပေက္ခာ စိတ်ကို ၀ိပဿနုပေက္ခာ ဟု ခေါ်ဆိုရသည်။ အလွယ် ဆိုရလျင် ရုပ်နာမ်တရား တို့၏ ဖြစ်ပျက်ကို မြင်နိင်ပြီဖြစ်သော်လည်း စူးစမ်းသော အခြေအနေတွင် ရှိသေးသည်ဟု ဆိုရပါမည်။

အထက်ပါ ယောင်္ကျားသည် မြွေကိုတွေ့မြင်ပြီး၍ ဒုတ်ချောင်းဖြင့် ကော်ယူကာ “ ဤမြွေကို မနာကျင်မထိခိုက်အောင်၊ ငါ့ကိုလည်း မကိုက်အောင် ဘယ်လိုနည်းဖြင့် လွှတ်ပေးရပါအံ့နည်း ” ဟု လွတ်စေလိုသောနည်းလမ်းကိုသာ ကြံစည် စိတ်ကူး သကဲ့သို့ ယောဂီသည်လည်း အနိစ္စစသော လက္ခဏာတို့ကို ရှင်းလင်းပြတ်သားစွာ မြင်ပြီးဖြစ်သောကြောင့် ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ လူအဖြစ်၊ နတ်အဖြစ်ဟူသော ကာမဘ၀၊ ဗြဟ္မာအဖြစ်ဟူသော ရူပဘ၀၊ အရူပဘ၀ အားဖြင့် ဘ၀သုံးပါးတို့ တွင် မည်သည့်ဘုံဋ္ဌာန၊ ဘ၀ကိုမျှ မတပ်မက်မတွယ်တာတော့ပဲ လွတ်လိုကျွတ်လိုသော စိတ်ထား များဖြင့် သုံးဆယ့်တစ်ဘုံလုံးတဟုန်း ဟုန်းတောက် လောင်နေသော လောင်စာပြင်ကဲ့သို့ ထင်မြင် လာကာ သင်္ခါရတရားတို့မှ ကျွတ်လွတ်လိုသောစိတ်သည် သင်္ခါရုပေက္ခာမည်၏။

ခြုံငုံသုံးသပ်ရလျင် ဖြစ်ပျက်မြင်ကာစ နုသေးသော စူးစမ်းဆင်ခြင်စိတ်ရှိသေးသောအခြေအနေကို ၀ိပဿနုပေက္ခာ စိတ်ဟု ခေါ်ဆိုနိုင်ပြီး ရှုမှတ်ပါများသဖြင့်လက္ခဏာရေးသုံးပါးကို အကြိမ်ကြိမ်အခါ ခါ မြင်ပြီးသော ယောဂီအတွက် ကား သင်္ခါရုပေက္ခာဟု ဆိုရမည်။ ဖြစ်ပေါ်လာသော စိတ်အခြေ အနေပေါ် မူတည်ကာ နာမည်ပညတ် ကွဲပြားခြင်း သာထူးခြား၏၊ အမှန်အားဖြင့် ၀ိပဿနုပေက္ခာ ကိုရလျင် သင်္ခါရုပေက္ခာကိုလည်း ရနိုင်သည်၊ အနုပိုင်း၊အရင့်ပိုင်း ကွဲပြားသည်သာ ထူးလိမ့်မည်။

♦ (အကျဉ်းချုပ်မှတ်ရန် ဂါထာ) ♦
-------------------------------------
မဇ္ဈတ္တ ဗြဟ္မ ဗောဇ္ဈင်္ဂ၊ ဆဠင်္ဂ ဈာနသုဒ္ဓိယော၊
ဝိပဿနာ စ သင်္ခါရ၊ ဝေဒနာ ၀ီရိယံ ဣတိ၊

♦ အထက်ပါ ဥပေက္ခာဆယ်ပါးလုံးတို့သည် ၀ိပဿနာဥာဏ်ကြောင့် ရအပ်သော လေးနက်တည်ငြိမ် ခြင်း Equanimity အဆင့်ထိ ရောက်နိုင်ခံစားနိုင်သော ဥပေက္ခာဥာဏ်စစ်စစ်များဖြစ်၏၊ လူတို့ပါးစပ်ဖျားတွင် သုံးနှုံးပြောဆိုနေကြသော ဥပေက္ခာသည်ကား အစစ်ပမာ လိုက်နာကျင့်သုံး နေကြသော နှုတ်ဖျားပေါ်က
ဥပေက္ခာများသာ ဖြစ်သည်။

စစ်မှန်သောဥပေက္ခာ၏ဂုဏ်ရည်များတွင် ကြောက်မက်ဖွယ်ရာအာရုံများကြောင့် မတုန်လှုပ် မထိန့်လန့် တော့ခြင်း၊ တပ်မက်သာယာဖွယ်အတိဣဋ္ဌာရုံများကြောင့်လည်း အလွန်အကျူး မနှစ်သက်တော့ ခြင်း၊ စိတ်ရောကိုယ်ပါ ချမ်းသာ သည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ ယောနိသော မနသိကာရဖြင့် တူညီသောစိတ်ရှိနေတတ်ခြင်း၊ တကူးတက ကြောင့်ကြစိုက်စရာမလိုပဲ ဣရိယာပုတ်လေးပါးလုံး အမှတ်သတိလွယ်ကူစွာထားနိုင်ခြင်း၊ သတိ၊ သမာဓိများ အချိန်ကြာ သည်ထက်ကြာအောင် တည်တံ့ခိုင် မြဲနေတတ်ခြင်း၊ အချိန်ကြာလာသည်နှင့်အမျှ အရှုခံနှင့် ရှုစရာအားလုံး တို့သည် သိမ်မွေ့ နုးညံ့လာတတ်ခြင်း၊ အာရုံတစ်ပါးသို့ ပျံ့လွင့်ချိန် နည်းသည် ထက်နည်းလာခြင်း စသော အကျိုးထူး များလည်း ထင်ရှားလာတတ်သည်။

♦ ပုထုဇဉ်လူသားတို့ ပါးစပ်ဖျားတွင်သုံးနှုံးနေကြသော ဥပေက္ခာ ဆိုသည်မှာ အမှန်စင်စစ် ဥပေက္ခာ မဟုတ်သေးပဲ မပြတ်သားသော သံယောဇဉ်များ၊ ဥပေက္ခာပြုနေစဉ် ဘေးရန် တစ်စုံတရာ ကျရောက်လေမည်လား ဟူသော စိုးရိမ်ကြောင့်ကြမှု၊ အကယ်၍ဘေးရန်တစ်ခုခုကျရောက်ခဲ့သော် ဖြစ်ပေါ်လာတတ်သော ၀မ်းနည်းမှု သောက၊ ပရိဒေ၀ စသော နောက်ဆက်တွဲ တရားများနှင့် တွယ်ငြိခြင်း ဥပါဒါန်များ ရှိနေသေးကြောင်း သတိချပ်ရပေမည်။

အချုပ်အားဖြင့် မြတ်ဘုရား၏ ဆန္နရဟန်းအပေါ်မိန့်ဆိုခဲ့သော ဥပေက္ခာသည်ပင် အရိယာဖြစ် သည်အထိ ထိရောက်သည်ဆိုလျင် မဂ်ဖိုလ်လမ်းကြောင်းတွင် ရှိနေသော ဈာနုပေက္ခာ၊ ၀ိပဿနုပေက္ခာ၊ ဗြဟ္မစိုရ်ဥပေက္ခာ စသောမြင့်မြတ်သော ဥပေက္ခာတို့ သည်ကား အထူးပြောဖွယ် လိုတော့မည်မထင်ပေ။

အမှန်စင်စစ် ငြိမ်းအေးခြင်း နိဗ္ဗာန်ချမ်းသာဆီသို့ ရောက်ရှိပို့ဆောင်ပေး နိုင်မည်မှာ အမှန်ပင် ဖြစ်ပါတော့သည် …

[အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ)]
အကိုး။ ။ ပဋိသမ္ဘိဒါမဂ္ဂ အဋ္ဌကထာ ၊ ဥာဏကထာအဖွင့်။


Credit ► Honey Lay