Friday, January 31, 2014

Happy Chinese New Year 新年快樂



လူတော် လူကောင်း


လူတော် လူကောင်း

 “တော်” တယ်ဆိုတာ ပညာအရည်အချင်းကိုပြောတာ၊ “ကောင်း” တယ်ဆိုတာ အကျင့်စာရိတ္တပိုင်း ဆိုင်ရာကောင်းတာကို ပြောတာ၊ လူတွေက လူတစ်ယောက်ကို “လူတော်” လို့ပြောတာ သူ့ရဲ့ပညာအရည်အချင်းကို ရည်ညွှန်းပြီးပြောတာ၊ “လူကောင်း” လို့ ပြောတာကျတော့ အကျင့်စာရိတ္တပိုင်းကို ရည်ညွှန်းတာ၊ပညာလည်းတော်တယ်၊ ကိုယ်ကျင့်တရား လည်း ကောင်းတယ်ပေါ့။

သို့သော်လူတွေထဲမှာ ပညာတော်တယ်၊ ကိုယ်ကျင့်တရားမကောင်းဘူး၊ ကိုယ်ကျင့်တရားကောင်း တယ်၊ ပညာမတော် ဘူးဆို သူတွေလည်းရှိနိုင်တယ်၊ကိုယ်ကျင့်တရားကောင်းတယ်၊ ပညာ မတော်ဘူး၊ ပညာတော်တယ်၊ ကိုယ်ကျင့်တရားမကောင်းဘူးဆိုရင်တစ်ခြမ်းပဲ့နေတယ်၊ မပြည့်စုံဘူး။

♣ အရည်အချင်း(၂) ရပ် ♣

အဲဒီတော့ ဒီ (၂) ခုဟာ လူတစ်ဦးတစ်ယောက်အတွက် အခြေခံအားဖြင့်ရှိရမယ့်အရည်အချင်း ဖြစ်တယ်၊ ဒီ (၂)ခုအောက် လျော့လို့မဖြစ်ဘူး၊ သို့သော် မဖြစ်မနေတစ်ခုကိုသာရွေးချယ်ရမယ်ဆိုရင် ကိုယ်ကျင့်တရားကို ရွေးရမှာဖြစ်တယ်၊ ကိုယ်ကျင့်တရားကောင်းဖို့ကပိုပြီးအဓိကကျတယ်၊ “သီလမေ၀ သုတာ သေယျော”တဲ့၊ ကိုယ်ကျင့်သီလက အကြားအမြင်ပညာထက် ပိုပြီးချီးမွမ်း ထိုက်တယ်လို့ ဆိုတယ်။

သို့သော်ကိုယ်ကျင့်တရားကောင်းသော်လည်း အသိပညာနည်းပါးသူဟာ အများအကျိုးအတွက် လုပ်နိုင်စွမ်းသိပ်မရှိဘူး။ပညာအရည်အချင်းက တော်ပါရဲ့၊ ကိုယ်ကျင့်တရားက မကောင်းဘူး ဆိုရင်တော့ ဒီပုဂ္ဂိုလ်မျိုးကအန္တရာယ်များတဲ့ ပုဂ္ဂိုလ်ဖြစ်လာတတ်တယ်။ အဲဒါကြောင့် သီလနှင့် ပညာလို့ဆိုတဲ့ ဒီအရည်အသွေး(၂)မျိုး လုံးရှိရမယ်။ ဒီအရည်အသွေး (၂) မျိုးလုံး ရှိတယ်ဆိုရင် အလွန်တန်ဖိုးရှိတဲ့လူဖြစ်တာပေါ့။

ဒီအရည်အသွေး(၂)ခုထဲမှာ တစ်ခုမှ လျှော့ပစ်လို့မရဘူး၊ သီလရှိမှ ပညာရှိနိုင်တယ်၊ ပညာရှိမှ သီလရှိနိုင်တယ်၊ သီလပရိဓောတာ ပညာ-ပညာကိုသီလနဲ့ဆေးကြောရတယ်၊ ပညာပရိဓောတံ သီလံ-သီလကိုပညာနဲ့ ဆေးကြောရတယ်။

အေး သူတော်ကောင်းဆိုတာကိုယ်ကျင့်တရားလို့ခေါ်တဲ့ သီလလည်းကောင်းတယ်၊ ပညာလည်း တော်တယ်ဆိုတဲ့ ပုဂ္ဂိုလ်မျိုးပဲ၊သို့သော် အဆင့်အမြင့်ဆုံးသူတော်ကောင်းဆိုတာကတော့ ဘုရား ရဟန္တာသာ ဖြစ်တယ်။

အခြေခံအားဖြင့်သီလနဲ့ပညာရှိသူကို သူတော်ကောင်းလို့ပြောရတယ်၊ ဒီနေရာမှာ သီလဆိုတာ သုစရိုက်တရား (၁၀)ပါးကို ကျင့်သုံးခြင်းပဲ၊ သုစရိုက်တရား ကျင့်သုံးတဲ့သူကို လူကောင်းလို့ ပြောရမယ်၊ ကံကံ၏အကျိုးကို သိမြင်တဲ့ ကမ္မဿကတာ သမ္မာဒိဋ္ဌိ၊ ၄င်း သမ္မာဒိဋ္ဌိထက် အဆင့်မြင့်တဲ့ ၀ိပဿနာ သမ္မာဒိဋ္ဌိဆိုတဲ့ အသိဥာဏ်မျိုးရှိရင်တော့ “လူတော်” လို့ ပြောရမယ့် အဆင့်ရောက်တယ်။ ဒါ အခြေခံစံအားဖြင့်ဒီလို သတ်မှတတာ။

♣ နတ်တွေပြောတဲ့ သူတော်ကောင်း♣

သူတော်ကောင်းဆိုတဲ့ အဓိပ္ပါယ်ကို တာဝတိံသာနတ်တွေကအမျိုးမျိုးဖွင့်ဆို သတ်မှတ်ကြသေး တယ်၊ နတ်တွေက သတ်မှတ်တဲ့ အရည်အသွေးတွေဟာ မှတ်သားစရာကောင်းတယ်။

တာဝတိံသာနတ်တွေကသူတော်ကောင်းလို့ ဘယ်ပုဂ္ဂိုလ်မျိုးကိုခေါ်တာလဲ၊ အရည်အသွေး (၇) ရပ်ကို သူတို့က ထုတ်ဖော်သတ်မှတ်ပြထားတာ၊ ဒီအရည်အသွေး (၇) ရပ်ကိုပြပြီး ပြဋ္ဌာန်း ပြောဆိုတာလည်း သူတို့နတ်တို့ရဲ့ဘုရင်နတ်တို့ရဲ့ခေါင်းဆောင် သိကြားမင်းကိုယ်တိုင် လူ့ဘ၀ တုန်းက ကျင့်သုံးခဲ့တဲ့ ကျင့်ဝတ်တွေကိုရည်ညွှန်းတာပါ။

သိကြားမင်းကြီးလူ့ဘ၀တုန်းက ကိုယ်တိုင် ကျင့်သုံးခဲ့တဲ့ ကျင့်ဝတ်တရားတွေကို ကျင့်တဲ့ပုဂ္ဂိုလ်ကို သူတော်ကောင်းလို့တာဝတိံသာနတ်တွေက သတ်မှတ်ကြတာ။ အဲဒါဘာတုန်းဆိုရင်…

(၁) လူ့ဘ၀ရောက်လာတဲ့အခါလူတွေရဲ့ ပထမဆုံးကျေးဇူးရှိတဲ့ပုဂ္ဂိုလ် ဘယ်သူတုန်းဆိုရင် အမေနှင့်အဖေပဲ။ မိဘနှစ်ပါးဟာကျေးဇူးအရှိဆုံးပုဂ္ဂိုလ်တွေ၊ အဲဒီကျေးဇူးအရှိဆုံး ပုဂ္ဂိုလ်တွေကို ကျေးဇူး ဆပ်တတ်လို့ရှိရင်ဒါ သူတော်ကောင်းပဲ၊ မာတာ ပေတ္တိဘရော- အသက်ထက်ဆုံး မိဘ နှစ်ပါးကို လေးလေး စားစားနဲ့ပြုစုစောင့်ရှောက်တတ်တဲ့ သားသမီးကို သူတော်ကောင်းလို့   တာဝတိံသာ နတ်တွေက သတ်မှတ်တယ်၊

ဒါတင်မကဘူး၊
(၂) ကုလေ ဇေဋ္ဌာပစာယီ – ဆွေထဲမျိုးထဲမှာ အမေ့ဘက်ကတော်တဲ့အမျိုးတွေ၊အဖေ့ဘက်က တော်တဲ့အမျိုးတွေရှိတယ်၊ ကိုယ့်မိသားစုထဲမှာ ကိုယ့်ထက်အသက်ကြီးတဲ့ အကိုတွေအမတွေ ဆိုတာ ရှိတယ်၊ အဲဒီကိုယ့်အမျိုးထဲက ရိုသေလေးစားထိုက်တဲ့ ပုဂ္ဂိုလ်တွေကို လေးစားတာလည်း သူတော်ကောင်းပဲ။

အဲဒီမှာ အပြန်အားဖြင့်ပြောမယ်ဆိုရင် အမေအဖေကို မပြုစုဘူးဆိုရင် သူယုတ်မာ၊ ၀သလသုတ္တန် မှာ ဒီလိုပဲဟောထားတယ်၊ သူတော်ကောင်းရဲ့ ဆန့်ကျင်ဘက်က သူယုတ်မာ၊အမေအဖေ ပြုစုမယ်ဆိုရင် သူတော်ကောင်း၊ ဆွေထဲမျိုးထဲက ကြီးတဲ့ပုဂ္ဂိုလ်ကို ရိုသေလေးစားတဲ့ အဲဒီပုဂ္ဂိုလ်ဟာလည်း သူတော် ကောင်းပဲတဲ့။ အဲဒီတော့ သူတော်ကောင်းလို့သတ်မှတ်တဲ့ အဂါင်္ (၂)ချက်ရတယ်၊

နောက်တစ်ခုကဘာတုန်းဆိုရင်
(၃) စကားပြောတဲ့အခါမှာယဉ်ယဉ်ကျေးကျေးသိမ်သိမ်မွေ့မွေ့ ပြောတဲ့ ပုဂ္ဂိုလ်ဟာလည်း သူတော် ကောင်းပဲ။ နူးညံ့ သိမ်မွေ့တဲ့စကားပြောရမယ်တဲ့။

ကြမ်းတမ်းတဲ့စကားမျိုးကို ဖရုသ၀ါစာ လို့ခေါ်တယ်။ ဖရုသ၀ါစာ ပြောလို့ရှိရင် မိစ္ဆာဝါစာ ဖြစ်တယ်။ ဒါကြောင့်မို့ ကြမ်းတမ်းတဲ့စကားမျိုးမပြောရဘူးတဲ့။ ဒါကြောင့်မို့ ကြမ်းတမ်းတဲ့စကားမျိုး မပြောရဘူးတဲ့။

ဘယ်လိုစကားမျိုးပြောရတုန်းဆိုလို့ရှိရင် ယာသာဝါစာ နေလာ-ကိုယ်ပြောလိုက်တဲ့ စကား တစ်ခု ဟာ အပြစ်မပါဘူး၊ အပြစ်ကင်းရမယ်။

ကဏ္ဏသုခါ- ကြားလိုက်ရတဲ့ ပုဂ္ဂိုလ်ရဲ့နားမှာချမ်းသာရမယ်။ နားချမ်းသာတယ်ဆိုတာ တင်စားပြီး တော့ပြောတာ။ စိတ်ချမ်းသာမှုကို ဖြစ်စေတယ်။

ပေမနီယာ- ဒီစကားကို လူတိုင်းက နှစ်မြို့ကြတယ်။ဟဒယင်္ဂမာ- စိတ်နှလုံးထဲမှာ ရောက်သွားတယ်။
ဗဟုဇနကန္တာ- လူအများက ကြိုက်တယ်။ ပေါရီ – တကယ်ယဉ်ကျေးတဲ့ မြို့သူမြို့သားတွေ သုံးတဲ့စကားလုံးဖြစ်တယ်။ အဲဒီလို စကားပြော လို့ရှိရင် ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့နဲ့ နားထောင်ရတဲ့သူ နားချမ်းသာတယ်လို့ စိတ်ထဲနှလုံးထဲမှာ စိမ့်ဝင်သွားတဲ့စကားမျိုးတဲ့၊

ဒါက ချွဲချွဲပျစ်ပျစ်ပြောတာမျိုးမဟုတ်ဘူးတဲ့။ အဲဒါမျိုးကိုပြောတာပေါ့။ သူပြောတဲ့ စကားလေးက တန်ဖိုးရှိလိုက်တာ၊တစ်ဖက်သား စိတ်ချမ်းသာစရာဖြစ်တယ်။ ကြားလိုက်ရတဲ့စကားကလည်း တန်ဖိုးရှိ တယ်။ အနှစ်သာရရှိတယ်။ဒီစကားမျိုးကိုဆိုလိုတာ။

အဲဒီစကားမျိုးကိုပြောလို့ရှိရင် ဖရုသ၀ါစာ ကင်းသည့်အတွက်ကြောင့် သဏှာ-သိမ်မွေ့တယ်။ သခိလာ-ပြေပြေပြစ်ပြစ် ပြောတတ်တယ်။ အဲဒီလို ပုဂ္ဂိုလ်မျိုးကိုလည်း တာဝတိံသာနတ်တွေက သူတော်ကောင်းလို့ သတ်မှတ်တယ်။

နောက်တစ်ခုက…
(၄) အရပ်ထဲမှာနေလို့ရှိရင် အချို့ပုဂ္ဂိုလ်တွေက အရပ်ထဲကလူတွေ တစ်ယောက်နှင့်တစ်ယောက်၊ တစ်အိမ်နှင့်တစ်အိမ်၊မိသားစုတစ်ဦးနှင့်တစ်ဦး မတည့်အောင် အတင်းအဖျင်းပြောတတ်တဲ့ အလေ့အထ ရှိတယ်ဆိုတာ အားလုံးသိတယ်နော်။

လူနှစ်ယောက်ဆုံမိလို့ရှိရင် နောက်တစ်ယောက်အကြောင်းကို ပြောမိတတ်ကြတယ်။ ပြောတယ် ဆိုတာ အကောင်းပြောတာထက်အဆိုးပြောတာက ပိုများတတ်တယ်နော်။ ဒါ လူ့ရဲ့သဘာဝကို ပြောတာ။ အဲဒီလိုပြောတဲ့အခါမှာ ဒါအတင်းအဖျင်းပြောတယ်ခေါ်တာပေါ့။

သူတို့နှစ်ယောက်ကကျန်တဲ့သူတစ်ယောက်ရဲ့အတင်းတွေ ပြောပြီးတော့တစ်ယောက်က သွားစရာ ရှိလို့ထသွားလို့ရှိရင်ကျန်ရစ်တဲ့သူတစ်ယောက်က ဘာလုပ်တုန်းဆိုလို့ရှိရင် မေးငေါ့လိုက်တယ်။ သူလည်း တူတူပါပဲတဲ့။ အဲဒီတော့ လူတွေရဲ့အကျင့်ဟာ အတင်းအဖျင်းပြောတာမျိုး၊ ကုန်းတိုက်တာမျိုး၊ တစ်ယောက်နဲ့တစ်ယောက်မတည့်အောင် လုပ်ချင်တဲ့စိတ်ဓာတ်မျိုးတွေ။
အဲဒီလို စိတ်ဓာတ်မျိုးကင်းပြီဆို လို့ရှိရင်သူတော်ကောင်းတဲ့။

အေး အဆင်မပြေလို့တစ်ယောက်နဲ့ တစ်ယောက် အထင်အမြင်တွေလွဲပြီး မတည့်ဘူးဆိုရင် ဘိန္နာနံသန္ဓာတာ- ကွဲနေတဲ့သူတွေကို စေ့စပ်ပေးတယ်။ ညီညွတ်အောင် လုပ်ပေးတယ်။သံဟိတာနံ အနုပ္ပဒါတာ- ခင်ခင်မင်မင်ရှိနေတဲ့ပုဂ္ဂိုလ်တွေ ပိုပြီးခင်မင်အောင် ရင်းနှီးအောင် လုပ်ပေးတယ်။

သမဂ္ဂကရဏိံဝါစံ ဘာသိကာ- ညီညွတ်တဲ့ စကားလုံးတစ်ဦးနှင့်တစ်ဦး ညီညွတ်အောင်သာ ပြော ပေးတယ်၊ ကွဲမယ့်ပြဲမယ့်စကားမျိုး၊ တစ်ယောက်နဲ့တစ်ယောက်အထင်လွဲမယ့်စကားမျိုး ဘယ်တော့ မှ မပြောဘူးတဲ့။ သိကြားမင်းကြီးကိုယ်တိုင်လူ့ဘ၀လူ့လောကမှာနေတုန်းက  ဒီကျင့်ဝတ် တရားတွေကို တလေး တစား လိုက်နာကျင့်သုံးခဲ့တယ်။

အို အရပ်ထဲမှာဆိုလို့ရှိရင်အတင်းအဖျင်းပြောပြီး တစ်ယောက်နှင့်တစ်ယောက် မတည့်အောင် လုပ်တဲ့ပုဂ္ဂိုလ်မျိုးရှိရင်ညီညွတ်ရေးပျက်ပြားစေတာပေါ့၊ အဖွဲ့အစည်းတစ်ခုမှာလည်း ဒီလိုပုဂ္ဂိုလ်ပါရင် ညီညွတ်ရေး ပျက်ပြားစေတာပေါ့။ညီညွတ်မှုပျက်စီးသွားတာဟာ မေတ္တာပျက်စီးသွားစေတာပဲ။

ရင်ထဲ နှလုံးထဲကမေတ္တာတွေ ခန်းခြောက်သွားတယ်။ မေတ္တာခန်းခြောက်သွားတော့ တစ်ယောက် နှင့် တစ်ယောက် အကောင်းမမြင်တော့ဘူးလေ၊အဲဒါမျိုးမဖြစ်ရအောင် ညီညွတ်တဲ့စိတ်ဓာတ်ကို ဖြစ်ပေါ် စေတာ၊ အဲဒါဟာ သူတော်ကောင်းပဲတဲ့၊ဒါ တာဝတိံသာနတ်တွေက အသိအမှတ်ပြုတဲ့ သူတော်ကောင်း။

(ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ)
သူတော်ကောင်းတို့၏ စိတ်နေသဘောထား စာအုပ်မှကောက်နှုတ်ချက်
Thant Gyi

Thursday, January 30, 2014

အကြည့်များ


အကြည့်များ

ပန်းတွေ ပွင့်နေတာပဲဖြစ်ဖြစ်၊ ပန်းတွေ ညှိုးနေတာပဲဖြစ်ဖြစ်၊ ကောင်ကင်ယံတစ်ခုလုံး သာယာနေတာပဲဖြစ်ဖြစ်၊ မိုးတိမ်တွေ အုံ့ဆိုင်းနေတာပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် အကြည့်များနှင့်သာ မြင်နိုင်လေသည်။ ထိုအကြည့်များကို သင့်နေ့စဉ် ဘ၀များတွင် တွေ့နိုင်သလို သင့်မျက်ဝန်းများတွင်လည်း ထိုအကြည့်များ ရှိနေနိုင်ပါသည်။ အကြည့်များ၏ ရိုက်ခတ်မှုကို သင်ခံရဖူးသလို သင့်မျက်ဝန်းမှ အကြည့်များ၏ ရိုက်ခတ်မှုကိုလည်း အခြားသူများ ခံစားနေရနိုင်ပါသည်။

မိုးလင်းပြီဆိုသည်နှင့် သင့်မျက်ဝန်းကို သင် ဆေးကြောသုတ်သင်လိုက်ပေမယ့် မျက်ဝန်း၏ အနက်ရှိုင်းဆုံး အခန်းကို သင်ဆေးကြောခြင်း ပြုမိပါသလား။ မျက်ဝန်းနှစ်စုံ ပွင့်ပြီဆိုတာနဲ့ သင် တစ်စုံတစ်ရာကို ကြည့်ရတော့မည်။ ထိုအကြည့်များ၏ နက်ရှိုင်းမှု၊ အရေးပါမှုကို သင် စောင့်ကြည့်အကဲဖြတ်ဖူးပါသလား။
နေ့စဉ်နဲ့အမျှ သင်သည် သင့်ပတ်ဝန်းကျင်က လူများကို ကြည့်နေရသည်။ သင့်ပတ်ဝန်းကျင်က အရာဝတ္ထုများကို ကြည့်နေရသည်။ ထိုအကြည့်များဖြင့် သင့်ဘ၀ ရပ်တည်ချက်များ၊ သင့်အနာဂတ်ဘ၀များကို သင်ကိုယ်တိုင် ဖန်တီးနေတယ်ဆိုတာကို သင် စဉ်းစားမိပါသလား။

သင့်နှလုံးသား အတက်အကျ အနိမ့်အမြင့် လှုပ်ရှားမှုများသည် သင့်မျက်ဝန်း အကြည့်များမှ တစ်ဆင့်၊ အဆင့်ဆင့် ပြုပြင်စေခိုင်းနေသည်ကို သင် သတိပြုမိလျှင် အကြည့်များ၏ အရေးပါမှုကို သင် သတိထားနေမိလိမ့်မည်။ “လျှပ်တပြတ်ကြည့်တယ်။ (ဖာသိဖာသာ) နမော်နမဲ့ကြည့်တယ်။ အကြည်ဆိုက်တယ်။ စူးစူးစိုက်စိုက်ကြည့်တယ်။ စောင်းကြည့်တယ်။ ဒဲ့(တည့်တည့်)ကြည့်တယ်။ မကြည်ကြည့် ကြည့်တယ်။ မိုက်ကြည့်ကြည့်တယ်။ တည်တည်ငြိမ်ငြိမ် ကြည့်တယ်။ မြတ်မြတ်နိုးနိုး ကြည့်တယ်။ ခါးခါးသီးသီး ကြည့်တယ်။ ယဉ်ယဉ်ကျေးကျေး ကြည့်တယ်။ မိုက်မိုက်ရိုင်းရိုင်း ကြည့်တယ်။ ….. ကြည့်တယ်။ ….. ကြည့်တယ်”။ သင် ကြည့်နေမိခဲ့သော အကြည့်များ ဖြစ်ပါသည်။ သင် ကြည့်ခဲ့ပါသည်။ သင် ဆက်လက် ကြည့်ရအုံးမည်။ သို့ရာတွင် ထိုအကြည့်များကြောင့် သင့်နှလုံးသားလေး ဖြစ်သို့ ဖြစ်သွားခဲ့သည်ကို သင် သတိပြုမိဖူးပါသလား။

သင့်အနေနှင့် လူတစ်ယောက်ကို ကြည်ကြည်နူးနူး ကြည့်ဖူးမှာဖြစ်သလို ခါးခါးသီးသီးလည်း ကြည့်ဖူးလိမ့်မည်။ ပတ်ဝန်းကျင်အပေါ် သင့်အကြည့်များက တစ်ခါတစ်ရံ စိမ်းကားနေမှာဖြစ်သလို တစ်ခါတစ်ရံ ရင်းနှီးကျွမ်းဝင်နေလိမ့်မည်။ သင့်မျက်ဝန်းများကြောင့် သင့်မျက်နှာ လှပနေတတ်သလို သင့်မျက်ဝန်းများကြောင့်ပဲ ရုပ်ဆိုးအကြည်တန်နေလိမ့်မည်။ အကြည့်များက သင့်မျက်နှာပုံရိပ်၊ သင့်မျက်နှာက အရေးအကြောင်းများကို ဖန်တီးနေသည်။ ထိုမှတစ်ဆင့် သင့်နှလုံးသား၏ မွန်းကြပ်မှု၊ လွတ်လပ်မှု တစ်ခုခုကို ဖြစ်စေလိမ့်မည်။

မည်သို့ပင် အကြည့်များ ကွဲပြားနေပါစေ၊ ယေဘုယျ ခွဲခြားလိုက်လျှင် နှစ်မျိုးသာ ရပါလိမ့်မည်။ အေးချမ်းသောအကြည့်နှင့် ပူလောင်သောအကြည့်။ ဤကဲ့သို့ အကြည့်များ၏ အနှစ်သာရကို သင်ခွဲခြားသိပြီဆိုလျှင် ကိုယ်ကိုယ်တိုင်၏ အကြည့်များကို သင်သတိပြုနေပါလိမ့်မည်။ မိုးလင်းပြီဆိုသည်နှင့် သင့်အခန်းအပေါ်က မျက်နှာကျက်ကို သို့မဟုတ် ခြင်ထောင်မိုးကို သို့မဟုတ် သင့်အိပ်ယာနှင့် အနီးဆုံးတစ်စုံတစ်ရာကို သင်ကြည့်မိလိမ့်မည်။ ထိုသို့ ကြည့်လိုက်သောအခါ ခံစားလိုက်ရသော ခံစားမှုကို သင် ဘယ်နှစ်ကြိမ် သတိပြုကြည့်ရှုဖူးပါသနည်း။

မျက်ဝန်းနှစ်စုံ ပွင့်ပြီဆိုတာနဲ့ သင့်ခေါင်းထဲသို့ မကြာခင် ကြုံတွေရတော့မည့် အခက်အခဲများကိုသာ မြင်ယောင်ပြီး ပစ္စုပ္ပန်တည့်တည့်မှ အကြည့်များ၏ ကျေးဇူးကို သင် ဥပေက္ခာပြုနေမိပါလိမ့်မည်။ သင် မျက်နှာသစ်သောအခါ၊ သင် မနက်စာ စားသောအခါ၊ သင် အိမ်ရှင်မကို သားသမီးများကို နှုတ်ဆက်သောအခါ ……….သင့် အလုပ်ခွင်မှ သူငယ်ချင်းများကို တွေ့သောအခါ …… သင် အလုပ်ဆင်း၍ လုပ်ဖော်ကိုင်ဖက်များကို နှုတ်ဆက်သောအခါ ….. သင် အိမ်ပြန်ရောက်သောအခါ …..သင့် ဇနီးကို တွေ့သောအခါ …. သင် တီဗွီ ကြည့်သောအခါ ….သင် အိပ်ယာဝင်သောအခါ ….နေ့တစ်နေ့၏ နိစ္စဓူဝ ကိစ္စများကို သင့်အကြည့်များဖြင့် လုပ်ဆောင်နေရသည်ဟု ဆိုသောအခါ သင်အနေဖြင့် မထူးဆန်းဟု ဆိုနိုင်ကောင်းသော်လည်း ထိုအကြည့်များနှင့် သင့်စိတ် ဘယ်နှစ်ကြိမ်လောက် အတူရှိခဲ့ဖူးပါသလဲဟု မေးလျှင် သင့်အနေနှင့် ငုတ်တုတ်မေ့သွားနိုင်ပါသည်။

သင် နေ့စဉ်နှင့်အမျှ ကြည့်ခဲ့သော သင့်အကြည့်များနှင့်အတူ “အေးမြခြင်းနှင့် ပူလောင်ခြင်း”နှစ်ခုအနက် ဘယ်အရာဖြင့် ကြည့်နေခဲ့သည်ကို သင် အမှတ်ရပါသလား။ ထိုမေးခွန်းကို သင် နက်နက်နဲနဲ တွေးမိပြီဆိုလျှင် သင့်အကြည့်များနှင့်အတူ သင်ရှိနေသင့်သည်ဟူသော အတွေးတစ်ခု ရကောင်းရသွားပေလိမ့်မည်။

သင့်အကြည့်များနှင့်အတူ ပစ္စုပ္ပန်တည့်တည့်မှာ သင့်စိတ်ကို ထားနိုင်ပြီဆိုလျှင် “အေးမြခြင်းနှင့် ပူလောင်ခြင်း”နှစ်ခုအနက် ဘယ်အရာကို သင် ရွေးချယ်လိမ့်မည်နည်းဟု စဉ်းစားနေတော့မည်မဟုတ်ဟု ယုံကြည်မိသည်။ သင့်အိမ် တံခါးပေါက်ကို စောင့်ဖို့အတွက် ဒရမ်ဝမ် ငှါး၍ရနိုင်သော်လည်း သင့်မျက်လုံးကို စောင့်ကြပ်ဖို့ကား သင့်စိတ်သာလျှင် ရှိပါသည်။

သင့်အနေနှင့် ပုထုဇဉ်လူသားဖြစ်၍ အမြဲထာဝရ စောင့်ကြပ်နိုင်မည် မဟုတ်သော်လည်း ကြည့်ဆဲခဏမှာ သိလိုက်ရခြင်းအတွက် အကျိုးကျေးဇူး မည်မျှ ကြီးမားသည်ကို သင်အနေနှင့် စမ်းသပ်ကြည့်ဖို့ သင့်ကို တိုက်တွန်းချင်ပါသည်။ သင့်မျက်ဝန်းရှေ့က အကြည့်ခံအရာက အေးမြသောအရာဖြစ်နေသော်လည်း သင့်အနေနှင့် သတိမပြုမိလျှင် ထိုအေးမြမှုကို သင်ခံစားရဖို့ မလွယ်ကူပါ။

အေးမြမှုကို ခံစားရသည်ဟုဆိုသော် သတိမပါဘဲ အေးမြမှုကို မည်သို့မျှ မရနိုင်ပါဟု ဆိုလျှင် ငြင်းမည့်သူ ရှိမည် မထင်ပါ။ သတိပြုကြည့်ခြင်း၏ အကျိုးထူးတစ်ခုမှာ သင်ကြည့်သောအရာက ပူလောင်စရာဖြစ်နေသော်လည်း သင်က သတိကလေးဖြင့် ကြည့်နိုင်လျှင် ထိုပူလောင်မှုက သင့်ရင်တွင်းသို့ ရောက်မလာနိုင်သဖြင့် သင့်အနေနှင့် အေးမြမှုကိုသာ ခံစားရပေလိမ့်မည်။

စာစကားဖြင့်ဆိုရလျှင် မေတ္တာကြည့်၊ ကရုဏာကြည့်၊ မုဒိတာကြည့်၊ ဥပေက္ခာကြည့်များ ဖြစ်ဖို့ လိုပါသည်။ လောကစကားဖြင့် ပြောရလျှင် နားလည်မှုဖြင့် ကြည့်ခြင်းဟု ဆိုနိုင်ပါလိမ့်မည်။ ထိုအကြည့် သို့မဟုတ် ထိုနားလည်မှုကို ရဖို့ကလည်း သတိဖြင့် ကြည့်ခြင်းဟူသော နည်းတစ်နည်းသာ ရှိပါသည်။ မြတ်စွာဘုရားရှင်၏ “ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာယ ၀ိသုဒ္ဓိယာ = ငြိမ်းချမ်းဖို့အတွက် ဒီ (သတိ) တစ်လမ်းပဲ ရှိတယ်”ဟု မြွတ်ကြားခဲ့ခြင်း ဖြစ်ပါသည်။

 ဤစကားက မည်မျှ မှန်ကန်ကြောင်း လူပြောသူပြော များသော်လည်း သင့်အနေဖြင့် လက်တွေ့ သတိမထားသရွေ့တော့ အဓိပ္ပာယ်တစ်စုံတစ်ရာ သိရှိနားလည်ဖို့ ဖြစ်နိုင်လိမ့်အုံးမည် မဟုတ်ပါချေ။ အကြည့်များနှင့်သတိ ယှဉ်တွဲအောင် သာမန်လေးမျှ အားထုတ်နိုင်ပြီဆိုလျှင် ဒီထက် ပိုလွန်သော သတိကျင့်စဉ်များက သင့်ကို စောင့်ကြိုနေလိမ့်အုံးမည်။ မည်သည့်အရာကို ကြည့်ကြည့် ကြည့်စ၊ ကြည့်ဆဲ၊ ကြည့်ဆုံး…သုံးဌာနစလုံး သတိကပ်နေနိုင်ပြီဆိုလျှင် ဘ၀လွတ်မြောက်မှုပန်းတိုင်ဆီ နီးကပ်လာနိုင်ပေလိမ့်မည်။

အခု စာရေးနေစဉ်မှာ ကွန်ပြူတာကို ကြည့်နေပါသည်။ ကွန်ပြူတာထဲမှ စကားလုံးများ ဆင့်ကာဆင့်ကာ ပေါ်နေသည်ကို ကြည့်နေပါသည်။ ထိုစကားလုံးများမှတစ်ဆင့် စာဖတ်သူများကို ကြည့်နေပါသည်။ ထိုအကြည့်များတွင် စာဖတ်သူကို အေးမြစေချင်သောစိတ်ဆန္ဒသာ ပါရှိသဖြင့် အေးအေးမြမြ ခံစားရပါသည်။ 

မိုးလင်းသည်နှင့်တစ်ပြိုင်နက် လောကကြီးကို ချစ်သောမျက်ဝန်းများဖြင့် ထာဝစဉ် ကြည့်ရှုနိုင်သူဖြစ်ဖို့ ဆန္ဒပြုနေရပါသည်။ ကြည့်စ၊ ကြည့်ဆဲ၊ ကြည့်ဆုံး အားလုံးမှာ အသိရှိနေဖို့တော့ ကြိုးစားရပေအုံးမည်။

အရှင်ကုသလသာမိ (ပျော်ဘွယ်)

Wednesday, January 29, 2014

မှန်မှန်ကန်ကန် ရောင့်ရဲတတ်ကြပါမှ

မှန်မှန်ကန်ကန် ရောင့်ရဲတတ်ကြပါမှ


အသက် ၇၀-ဝန်းကျင်ရှိ ကျွန်တော့် မိတ်ဆွေ တစ်ယောက်သည် ကျွန်တော့်အိမ်သို့ ရောက်လာပါသည်။
သူသည် ကျောင်းသားဘဝက စ၍ နိုင်ငံရေးနှင့် နိုင်ငံရေး စာပေကိုသာ ထက်သန်သူ ဖြစ်ပါသည်။ သို့သော် ဗုဒ္ဓဘာသာ အယူဝါဒနှင့် စပ်လျဉ်း၍ကား လေ့လာမှု အလွန် အားနည်းပါသည်။ မိဘများက ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြ၍သာ မိရိုးဖလာ ဗုဒ္ဒဘာသာဝင် အမည် ခံခဲ့သူ ဖြစ်ပါသည်။     
                       
ထွေရာလေးပါး ပြောဆို ကြရာတွင် မြန်မာ နိုင်ငံ တိုးတက်သင့် သလောက် မတိုးတက်သည်မှာ ဗုဒ္ဓဘာသာ အယူဝါဒ ကြောင့်များလားဟု ဝေဖန်ပါသည်။ အဘယ်ကြောင့် ဤသို့ ပြောရသနည်းဟု မေးကြည့်ရာ “ရောင့်ရဲရမည်”ဆိုသည့် အယူအဆ ကြီးက ဟန့် တားရာ ရောက်နေသလားဟု ထင်မြင်မိကြောင်း ပြောပြ ပါသည်။ ကျွန်တော်က “ရောင့်ရဲခြင်း”၏ အဓိပ္ပာယ်ကို မှန်မှန် ကန်ကန် နားမလည်ကြဘဲဖြစ်နေကြကြောင်း၊ ၃၈-ဖြာ မင်္ဂလာ တရားတော်၏ နံပါတ် ၂၀-မြောက်မှာ ပါသော“သန္တုဋ္ဌိစ ကတညု တာ”ဆိုသော “ရသမျှနှင့် မျှတရောင့်ရဲ လွယ်နိုင်ရမည်”ဆိုသည်ကို ကျကျနန ရှင်းပြလိုက်သည့် အခါမှ သူ မှားသွားကြောင်း ဝန်ခံသွားပါသည်။
                                                                                                                                 ကျွန်တော် ရှင်းပြလိုက်သည်မှာ ဤသို့ ဖြစ်ပါသည်။“ရောင့်ရဲလွယ်ရမည်”ဆိုသည်မှာ မိမိ လုပ်ကိုင်နေသော စီးပွားရေး လုပ်ငန်းများ မတိုးချဲ့ ရဘူးဟု ဆိုလိုခြင်း မဟုတ်။ မိမိ လေ့လာ ဆည်းပူးနေသော ပညာရေးကို အဆင့်မြင့် ဆက်လက် မလေ့လာ ရဘူးဟု ဆိုလိုခြင်း မဟုတ်။ သင့်တင့်ရုံပဲ ကြိုးစား လုပ်ဆောင်ရမည်ဟု ဆိုလိုခြင်း မဟုတ်ကြောင်း ပြောပြ လိုက်ပါသည်။ အမှန်မှာ အချို့ လူများသည် သူ့ အိုး သူ့ ဆန် တန်ရုံ မလုပ်တတ်၍ ငွေတစ်ပဲနှင့် ရွှေလှည်းစီးချင်နေသူတွေ ကိုယ့်အထွာ နှင့်ကိုယ် လှမ်းကြဖို့ ဝင်ငွေ ထွက်ငွေ မျှတအောင် သုံးတတ်ကြဖို့ အထိ နားလည်ကြဖို့ လိုအပ်ကြောင်း ပြောပြပါသည်။

“အထူးသဖြင့် အိမ်မှာ “အချို”ချက်ထားလျှင်“အချဉ်”စားချင်နေတာ၊ အချဉ် ချက်ထားလျှင် အချို စားချင်နေတာ၊ကြက်သားဟင်း ချက်ထား ပြန်လျှင် ကြက်ကြော်မှ စားချင်တယ်လို့ ဆိုနေတာ၊ အစပ် မပါလို့ ဆိုပြီး ပြဿနာ ရှာတာတွေဟာ မရောင့်ရဲနိုင်တဲ့ သဘောတွေ ပါပဲ။”                                                                                                                                                          ယင်းကိစ္စနှင့် ပတ်သက်၍ တစ်ခါက အညာသား တစ်ယောက်သည် ထမင်းပွဲမှာ ငရုတ်သီးအစပ် မပါ၍ ဆိုပြီး ငရုတ်သီး ရှာရန် ထမင်းပွဲက ထသွားလိုက်သည်မှာ အောက်ပြည် အောက်ရွာ အထိ ရောက်သွားကြောင်း၊ အိမ်ထောင်ကျသွားသည့် အဖြစ်မျိုး အထိ ရှိခဲ့ဖူးကြောင်း ပြောပြ လိုက်ပါသည်။                      



ထို့ ပြင် ကျွန်တော့် ကိုယ်တွေ့ ကိုလည်း ပြောပြလိုက်ပါသည်။ ကျွန်တော့်မှာ“ဂျစ်ဂျစ်”ဆိုသော ညီတစ်ယောက်နှင့်“မော်စီ ဆိုသော ညီတစ်ယောက် ရှိကြောင်း၊ ဂျစ်ဂျစ် ဆိုသော ညီက “အညာမုန့်ပျားသလက်”စားချင်သည်ဆို၍ သူ့ မိန်းမက သွားဝယ် ပေးကြောင်း၊ အညာ မုန့် ပျားသလက်၏ ထုံးစံမှာ အသားထူကာ အလယ်မှာ အနည်းငယ် မို့ မောက်လျက် ရှိရာ ခပ်ပြားပြားမှသာ စားချင်သည် ဆို၍ ထပ်မံ၍ ခပ်ပြားပြား လုပ်ပေးရကြောင်း၊ သို့ သော် မုန့် ပျားသလက် ဖင်က ကြွပ်နေမှဟု ဆိုပြန်၍ သူ့ မိန်းမ ကိုယ်တိုင် လုပ်ပေးရကြောင်း၊ တစ်ခါ မော်စီဆိုသော ညီကျပြန်တော့ အသားဟင်းချက်လျှင် ဆီပြန်မှ၊ အတုံး ကြီးကြီးလည်း မစား ချင်ဘူး၊ အနေတော် အတုံးအရွယ်မှသာ စားချင်သည် ဆို၍ အမေ့မှာ စိတ်ရှည်ရှည်ဖြင့် ကျွေးခဲ့ရကြောင်း၊ ထမင်းစားလျှင် ဘာပါမှ ညာပါမှ ဆိုသည်နှင့် ပတ်သက်၍ နိပါတ်တော်မှာ ပါသော နိကြေဓသမင်မင်း ဇာတ်တော်ကို သတိရမိကြောင်း ပြောပြ လိုက်ပါသည်။         



  သမင်သားကိုမှ မက်မောလှသော၊ သမင်သား မပါလျှင် ပွဲတော်မတည်သော ဗြဟ္မဒတ်မင်းကြောင့် သမင်များ သေကြေရသည့်အပြင် လူတို့၏ လုပ်ခင်းကိုင်းခင်းများပါ ပျက်စီးရသောကြောင့် သမင်အားလုံး ဥယျာဉ်တွင်း သွင်းပြီး တစ်နေ့ လျှင် တစ်ကောင်ကျစီ လည်စင်းပြီး အသတ်ခံကြရသည်။ တစ်နေ့ သော် ကိုယ်ဝန်ရှိနေသည့် သမင်မမှာ ရင်သွေးအတွက် ကြေကွဲရသော ကြောင့် အလောင်းတော် သမင်မင်းထံ အသနားခံသည်။ ထိုအခါ အလောင်းတော်က သမင်မ၏ ကိုယ်စား စဉ်တီတုံးတွင် လည်စင်းပြီး ပေးခဲ့သည်။ ထိုအခါတွင်မှ ဗြဟ္မဒတ်မင်းက အလောင်းတော်၏ ပရဟိတစိတ်ကို ကြည်ညိုလှသဖြင့် သမင်အားလုံး ဘေးမဲ့ ချမ်းသာ ပေးခဲ့သည်။                                                                                                                                           အမှန်မှာ“ရောင့်ရဲလွယ်နိုင်ရမည်”ဆိုသည်မှာ ရောင့်ရဲတင်းတိမ်မှု အလွန်အားနည်းကြသူများ ဆင်ခြင်တုံတရား ထားနိုင်ကြဖို့ ဖြစ်ပါသည်။ ရောင့်ရဲလွယ်သည့် နေရာတွင် စံပြုလောက်သော ဆရာတော် တစ်ပါးရှိခဲ့ဘူးပါသည်။ မတ္တရာ ဆရာတော်သည် မည်သည့်ဟင်း၊ ထမင်းနှင့်ဆွမ်းကပ်သည် ဖြစ်စေ၊ အစဉ်အမြဲ အကောင်းဘက်ကသာ ပြောလေ့ ရှိပါသည်။ အကယ်၍ ဟင်းက ငန် နေလျှင် အစာကြေတာပေါ့ဟု ပြောတတ်၍ ဟင်းက ပေါ့နေလျှင် ရေငတ်ပြေတာပေါ့ဟု ပြောတတ်ပါသည်။

အကယ်၍ ထမင်းက ပျော့နေလျှင် အစာကြေတာပေါ့ဟု ပြောတတ်၍ ထမင်းက မာနေလျှင် ခပ်တောင့်တောင့်လေး စားရတာပေါ့ဟု ပြောပါသည်။ ဆရာတော်သည် ကောင်းသောဘက်မှ  တွေးလေ့ ရှိပြီး၊ ရှိတာနှင့် ကျေနပ်သော သဘော ရှိပါသည်။ မရောင့်ရဲ နိုင်သူများ အဖို့ ကိုယ်လည်း ဒုက္ခရောက်၊ ပတ်ဝန်းကျင်လည်း ဒုက္ခရောက်ကြ ရပါသည်။     
ထို့ ပြင် ရောင့်ရဲခြင်းတွင် လေးစားလောက်သော အဘိုးကြီး တစ်ယောက်နှင့်လည်း ကြုံတွေ့ ခဲ့ဖူးပါသည်။
 တောင်ဥက္က လာတွင် ဗေဒင်ဟောသော အဘိုးကြီး တစ်ယောက် ရှိပါသည်။ သူ့ ကိုယ်ပိုင် နှစ်ထပ် ပျဉ်ထောင်အိမ်ကြီး ပေါ်တွင် တစ်ဦးတည်း အေးအေးချမ်းချမ်း နေထိုင်ပါသည်။ သူ စောင့်ရှောက်ထားသော လင်မယား နှစ်ယောက်က အောက်ထပ်မှာ နေပါသည်။ ယင်း လင်မယားက ထမင်း-ဟင်း ချက်ပြုတ် ကျွေးပါသည်။ အဘိုးကြီးသည် ထို လင်မယား ချက်ကျွေးသည်ကိုသာ စားပါသည်။ အဘိုး ကြီးက “ဘာစားချင်သည်၊ ဘာချက်ကျွေးပါ”ဟု မည်သည့် အခါမျှ မပြောပါ။

 အကယ်၍ ကျန်းမာရေးနှင့် မသင့်သည့် ဟင်း ပါလာပါ က ထိုဟင်းကို မစားဘဲ သူ့ တွင် အသင့်ဆောင်ထားသော နှမ်းဆီကို ဆမ်းကာ ဆားဖြူး၍သာ စားပါသည်။ ယင်းသို့ ရောင့်ရဲလွယ်သည့်အတွက် ကိုယ်လည်း ဒုက္ခ မများသည့် အပြင် သူတစ်ပါးလည်း ဒုက္ခ မများရတော့ပါ။ သို့ သော် ထပ်မံ ဖြည့်စွက် တင်ပြရပါလျှင် ရောင့်ရဲခြင်း ဆိုသည်ကို ငါးပိချက်နှင့်ပင် အမြဲ စားနေရမည်။ ငါးပိချက်နှင့်ပင် တင်းတိမ် နေရမည်။ အသားဟင်း စားနိုင်အောင် မကြိုးစားရဘူးဟု တလွဲ အဓိပ္ပာယ် အကောက်မမှား ကြရန် အထူး လိုအပ်ပါ သည်။ 

“မိန်းကလေးပဲ…ရေးတတ်ဖတ်တတ်လျှင်၊ ၄-တန်းလောက် အောင်လျှင် တော်ရောပေါ့၊ အဆင့်မြင့် ပညာသင်စရာ မလိုပါ ဘူး ”(ရောင့်ရဲခြင်း ဆန်ဆန်)သဘောထား လွဲမှား နေသည်တို့ကိုလည်း တွေ့ ရတတ် ပါသည်။ ဗုဒ္ဓဘာသာသည် ဘဝကြီးမား တိုးတက်ရေး အတွက် ၃၈-ဖြာ မင်္ဂလာ တရားတော်ပါ “ရောင့်ရဲခြင်း”ဆိုသည်ကို မှန်မှန် ကန်ကန် နားလည်ကြပါမှ အကျိုးထင် အရာရောက်ကြမည် ဖြစ်ပါသည်။

အနှစ်ချုပ် ရပါက ဗုဒ္ဓတရားတော်၏ အဆီ အနှစ်ကို သေသေချာချာ သိရှိပြီး ၃၈-ဖြာ မင်္ဂလာတရားတော်ပါ “ ရောင့်ရဲ ခြင်း”ဆိုသည်ကို မှန်မှန်ကန်ကန် နားလည်ကြပါမှ အကျိုးထင်အရာရောက်ကြမည် ဖြစ်ပါသည်။ 
                                         
  စိုးဝင်း(ချောက်)                                                                                 
 မြတ်မင်္ဂလာ-(၂၀၁၂-ခုနှစ်၊ဧပြီလ)  

Tuesday, January 28, 2014

ခြေဆေးရေ ဥပမာ


"ခြေဆေးရေ ဥပမာ"

တစ်ချိန်က မြတ်စွာဘုရား ရာဇဂြိုဟ် ဝေဠုဝန်ကျောင်း သီတင်းသုံးခိုက်၊ ဝေဠုဝန်ကျောင်းတိုက် အထဲမှာ ရှင်ရာဟုလာသာမဏေ ၇-နှစ်အရွယ် သာမဏေငယ်သည် ကမ္မဋ္ဌာန်းကျောင်းရဲ့ရှေ့ သရက်ပင်ပျိုလေးအောက်မှာ ညနေချမ်း တရားနှလုံး ကျင့်သုံးနေပြီးတော့၊ မြတ်စွာဘုရား ဂန္ဓကုဋိ တိုက်တော်က ကျောင်းတိုက်ထဲ လှည့်ကြည့်သလို ကြွလာတော့ ဘုရားရဲ့ခြေလှမ်းကို မြင်သဖြင့် ခြေလှမ်းထဲမှာ ကာယ၀ိညတ် ပါတယ်။ ထိုကာယ၀ိညတ်က ၀ိညတ်ရှင်ရဲ့အလိုကို မြင်တဲ့ပုဂ္ဂိုလ်များ သိစေတယ်။ ဒီသဘောအတိုင်း မြတ်စွာဘုရား လှမ်းလာတဲ့ ခြေလှမ်းကို ကြည့်သဖြင့် ရှင်ရာဟုလာ အနေနဲ့ ဘုရားရဲ့ ကာယ၀ိညတ်က ဖော်ပြတယ်။

မြတ်စွာဘုရားဟာ ငါ့ဆီတိုက်ရိုက်လာတာပဲလို့ အဲဒီလို သူသိတယ်။ မပြောပဲနဲ့ သိပြီးတော့ တစ်ခါတည်း ဘုရားဖို့နေရာခင်း၊ တစ်ခါ ခြေဆေးရေ ခြေဆေးအင်းပြင် အဲဒီလို အသင့်ပြင်ထား။ မြတ်စွာဘုရားသည် ကြွလာ၊ ခြေတော်ဆေး၊ ပြီးတော့ ရှင်ရာဟုလာခင်းထားတဲ့ ဗုဒ္ဓနေရာ ထိုင်ပေါ်မှာ ထိုင်ပြီးတော့ မြတ်စွာဘုရားသည် ခြေဆေးအင်တုံထဲက ခြေဆေးတဲ့ခွက် ကလေးကို နမူနာပြုပြီးတော့ မုသားမပြောဖို့ သြ၀ါဒလေးချက် ပေးပါတယ်။



ဘယ်လိုလဲဆိုတော့ အဲဒီခြေဆေးတဲ့ခွက်ကလေးထဲ ရေလေးနည်းနည်း ချန်ပြီးတော့ -

၁။ ချစ်သား - ဟောဒီခြေဆေးတဲ့ခွက်ကလေးထဲမှာ ခြေဆေးရေ နည်းနည်းချန်ထားတာ မြင်ရဲ့ လားတဲ့။ ပြပြီးတော့ မေးတယ်။
"မြင်ပါတယ် မြတ်စွာဘုရား"
"ချစ်သားရာဟုလာ - မုသားပြောရမှာ မရှက်တဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ကိလေသာငြိမ်းကြောင်း ရဟန်းတရားကောင်းဟာ ဟောဒီရေခွက်ထဲ ရေကလေး နည်းနည်းရှိသလို အဲ- ရဟန်းတရားဟာ နည်းနည်းပဲ ရှိတော့တယ်။ ပြုတ်လုပြီ။ ကုန်လုပြီ" ဒါက သြ၀ါဒတစ်ခု။

၂။ တစ်ခါ ဒီရေနည်းနည်းကလေးကိုပဲ တစ်ခါ သွန်ပစ်လိုက်၊ ရှင်ရာဟုလာ မြင်အောင်ပြပြီး - ရာဟုလာ ကြည့်၊ ဒီရေလေးသွန်ပစ်လိုက်၊ သွန်ပစ်တဲ့ ရေလေးကို အကြောင်းပြုပြီးတော့ -
"ချစ်သားရာဟုလာ - ခုနကကျန်နေတဲ့ ရေကလေးကို ငါဘုရား စွန့်ပစ်လိုက်တာ မြင်ရဲ့လား ရာဟုလာ"
"မြင်ပါတယ် မြတ်စွာဘုရား"
"ချစ်သား - မုသားပြောရမှာ မရှက်တဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ကိလေသာငြိမ်းကြောင်း ရဟန်းရဲ့ တရားကောင်းဟာ စွန့်ပစ်ပြီးသား ဖြစ်နေတယ်" အေး- မုသားမပြောနဲ့လို့ ဆိုလိုတယ်ပေါ့။

၃။ တစ်ခါ မြတ်စွာဘုရားက အဲဒီရေခွက်ကလေး မှောက်လိုက်။ မှောက်ပြီးတော့ ဒီရေခွက်ကလေးကို လက်ညှိးထိုးပြပြီးတော့ -
"ချစ်သားရာဟုလာ - ဒီခြေဆေးရေခွက်ကလေးကို မှောက်ထားတာ မြင်ရဲ့လား"
"မြင်ပါတယ် မြတ်စွာဘုရား"
"ချစ်သား ရာဟုလာ - မုသားပြောရမှာ မရှက်တဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ကိလေသာငြိမ်းကြောင်း တရားကောင်းတွေဟာ အကုန်လုံး မှောက်နေတယ်" သပိတ်မှောက်ခံနေရတယ်ပေါ့။ အဲဒီလို ဆိုလိုတယ်။

၎။ တစ်ခါ အဲဒီရေခွက်ကလေးကို တစ်ခါ လှန်လိုက်တယ်။ လှန်လိုက်တော့ ရေဘာမှ မရှိတော့ဘူး။ ဟိုစောစောကတော့ နည်းနည်းရှိတယ်။ အဲ- အခုမှောက်ထားလိုက်တာပြ၊ မှောက်ပြီးတော့ လှန်လိုက်တော့ ဘာမှမရှိဘူး။ အဲဒီမရှိတဲ့ ရေခွက်ကလေး ပြပြီးတော့ -
"ချစ်သားရာဟုလာ - ဒီရေခွက်ကလေးထဲမှာ လုံးလုံးရေတစ်စက်မှ  မရှိတာ ချစ်သားမြင်ရဲ့လား၊ မရှိတဲ့ရေခွက်ကို မြင်ရဲ့လား"
"မြင်ပါတယ် မြတ်စွာဘုရား"
"ချစ်သား ရာဟုလာ - မုသားပြောရမှာ မရှက်တဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာဆိုရင် ကိလေသာငြိမ်းကြောင်း တရားကောင်းတွေဟာ အကုန်လုံး ဆိတ်သုဉ်းနေတယ်"တဲ့။ ဘာမှ မရှိဘူး။

ဟောဒီလို ခြေဆေးခွက်ကလေးနဲ့ ဥပမာပြပြီး မုသားမပြောဖို့ သြ၀ါဒ ပေးတော်မူခဲ့ပါတယ်။

( တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီး )


by Treasures: Buddha, Dhamma & Sangha

Monday, January 27, 2014

လူဖြစ်ရကျိုး နပ်ပါစေ

လူဖြစ်ရကျိုး နပ်ပါစေ

နှစ်ဟောင်းကုန်လို့  နှစ်သစ်တစ်ခုကို ရောက်လာခဲ့ပြန်ပါပြီ။ ပြီးခဲ့တဲ့ နှစ်ဟောင်းမှာ ၀မ်းသာစရာတွေနဲ့  ကြုံတွေ့ ခဲ့ရသလို။ ၀မ်းနည်းစရာတွေ အမြောက်အများနဲ့ လည်း ဆုံတွေ့ ခဲ့ရပြီးပါပြီ။ နောက်ဆုံးမှာ အနှစ်ပြန်ချုပ်လိုက်တော့ ဘာမှ မယ်မယ်ရရ မရှိခဲ့ပါဘူး။ ၀မ်းသာစရာ၊ ၀မ်းနည်းစရာတွေရဲ့အပေါ်မှာ ဖြစ်ပြီး၊ ပျက်တယ်ဆိုတဲ့ သဘောတရားလေးက အချိန်ခဏလေးနဲ့  နှုတ်ဆက်ခံသွားရတဲ့ သူတွေရှိသလို၊ အချိန်ပေါင်း ကြာညောင်းစွာ အစွဲခံရတဲ့သူတွေလည်း ရှိနေပါသေးတယ်။

ကံတရားဆိုတာ နှစ်သစ်တွေ၊ နှစ်ဟောင်းတွေနဲ့  ခြားနားမထားပါဘူး။ ကိုယ်က မကောင်းတာတွေ တစီတတန်းကြီး လုပ်ခဲ့မယ်ဆိုရင် အဲဒီ ကိုယ်ကိုယ်တိုင် ပြုလုပ်ခဲ့တဲ့ ကံရဲ့အရိပ်က ပစ္စုပ္ပန်အချိန်မှာလည်း ကြောက်လန့် ၊ စိုးရိမ်နေရသလို၊ နောင်အနာဂတ်ကာလ တမလွန်ဘ၀ အဆက်ဆက်မှာလည်း ကြောက်လန့် စိုးရိမ်မှုတွေ တဖွားဖွား ဖြစ်နေအုံးမှာ သေချာပါပဲ။ ကောင်းတာတွေလုပ်ခဲ့တဲ့ သူလည်း ဒီအတိုင်းပါပဲ။ ကြိုးစားပြီး စိုက်ပျိုးခဲ့ရတဲ့ ကောင်းမှုမျိုးစေ့တွေဟာ ပျော်ရွှင်ခြင်း အသီးအပွင့်တွေ၊ ချမ်းသာခြင်း အသီးအပွင့်တွေနဲ့  အသင့်ခူးဆွတ်စားသုံးဖို့  လက်တစ်ကမ်းမှာ အမြဲရှိနေမှာပါပဲ။

ကိုယ့်အတွက် ရောက်ရှိလာတဲ့ နှစ်သစ်ဟာ ပန်းပေါင်းဝေဆာ သာယာမယ့်နှစ်တစ်ခုလား၊ ဒုက္ခတွေမြောက်များစွာနဲ့ စိတ်မအေးရတဲ့ နှစ်တစ်နှစ်လားဆိုတာဟာ ကိုယ်ကိုယ်တိုင်ဖန်တီး ထုဆစ်ထားတဲ့ ကံအကြောင်းတွေပေါ်မှာပဲ မူတည်နေပါလိမ့်မယ်။ လက်ရှိအချိန်မှာ ပျော်ရွှင်စရာတွေ ဓာတ်သက်အားကောင်းကောင်းနဲ့  ရချင်ရင် ရှေးရှေးက အဲဒီအကျိုးရဲ့ အကြောင်းတရားတွေကို ဖန်တီးခဲ့ဖြစ်ဖို့ ပါပဲ။ နောက်နောင်ကာလမှာ ရချင်သေးတယ်ဆိုရင် အခုကတည်းက ကြိုးစားအားထုတ်လိုက်ဖို့ ပါပဲ။ ပစ္စုပ္ပန်မှာ အကောင်အထည်ဖော်၊ ဆစ်ထုဖြစ်နေတဲ့ ရုပ်လုံးလေးဟာ နောင်အနာဂတ်ကာလရဲ့ အရင်းမြစ်ဆိုတာ သေချာပါပဲ။

လူ့ ဘ၀ကို ရရှိထားတဲ့ အချိန်လေးမှာ စိန်ခေါ်မှုတွေ၊ အဆုံးမသတ်နိုင်သေးတဲ့ တိုက်ပွဲတွေ ဘယ်လိုပဲဆုံတွေ့ ကြုံတွေ့ နေပါစေ၊ အသိဉာဏ်တွေတိုးပြီး၊ လူဖြစ်ရကျိုးလေး နပ်သွားရအောင်တော့ ကြိုးစားလုပ်သွားရမှာပါပဲ။ လူ့ ဘ၀ဇာတ်ခုံပေါ်မှာ ကိုယ်က ရိုးသားဖြောင့်မတ်တဲ့သူ၊ ကိုယ်ကျိုးမရှာ၊ တဖတ်သတ်မဆန်တဲ့သူ အဖြစ်နဲ့ သာ သရုပ်ဆောင်သွားနိုင်ဖို့ ပါပဲ။

လက်ရှိအချိန်ကစပြီးတော့ မိမိရဲ့ အတွေးတွေကို ဂရုစိုက်ပေးပါ၊ အပြောတွေကို ဂရုစိုက်ပေးပါ၊ အလုပ်တွေကို ဂရုစိုက်ပေးပါ။ ခြေတစ်လှမ်းမှားလိုက်ရင် သက်ရောက်မှုကလည်း ကောင်းမှာ မဟုတ်တဲ့အတွက် ကိုယ်လှမ်းမယ့် ခြေလှမ်းဟာ ကုဋေတစ်သန်းမက တန်တဲ့ ခြေလှမ်းတွေပဲ ဖြစ်အောင်ကြိုးစားပေးပါ။


“ဘယ်လိုနေရာမျိုးပဲ ဖြစ်ဖြစ် မိမိ နေထိုင်ခွင့်ရတဲ့ နေရာမှာ ရေကန်တူးပြီး ကြာပေါက်လာအောင်လုပ်ရမယ်” (ဓမ္မဘေရီ အရှင်ဝီရိယ)

“ ပူရေန္တု သမ္မာသင်္ကပ္ပါ။
ဘိဇ္ဇန္တု မိစ္ဆာသင်္ကပ္ပါ”
“မှန်ကန်သော အတွေးအကြံများပြည့်စုံကြပါစေ။
မှားယွင်းသော အတွေးအကြံများ ပျက်စီးကြပါစေ။”
(သီတဂူဆရာတော်)

“ချစ်ကြည်ရင်းနှီးစွာ နေထိုင်ခြင်းသည် မေတ္တာတရားကို အလင်းမြှင့်ခြင်းပင် ဖြစ်ပါသည်။ ဗြဟ္မစိုရ်လက်ဖြင့် ထုဆစ်လိုက်သောအခါ ကမ္ဘာမြေ၏ နေ့ရက်များသည် မြတ်နိုးမှုဖြင့် ရုပ်လုံးကြွလာခဲ့၏။ တစ်ခါတစ်ရံ၌မူ မျှဝေစာနာခြင်းဖြင့် လေးလံရ၏။ တစ်ခါတစ်ရံ၌မူ မျှဝေဂုဏ်ယူခြင်းဖြင့် ပေါ့ပါးရ၏။ တစ်ခါတစ်ရံ၌မူ ဥပေက္ခာဖြင့် ရင့်ကျက်ရ၏။ ထိုသို့ဖြင့်ပင် သန္တရသမြစ်ကြီး စီးဆင်းစေသတည်း။”
(ဓမ္မဂင်္ဂါ)

နေရာတိုင်းမှာ ဆရာသမားကောင်း
သူတော်ကောင်း၊ မိတ်ဆွေကောင်းတွေကို မှီခိုနိုင်ကြပါစေ။
ကောင်းတဲ့ အလုပ်တိုင်း အစပြုလုပ်နေလျက်သား ဖြစ်ကြပြီး
အဆုံးစွန်ထိ ပေါက်မြောက် အောင်မြင်နိုင်ကြပါစေ။

မော်ကွန်းသစ် 

၁၈.၄.၂၀၁၀

Sunday, January 26, 2014

ဗုဒ္ဓလမ်းစဉ် လိုက်စေချင်

ဗုဒ္ဓလမ်းစဉ် လိုက်စေချင်

တစ်ခါတုန်းက ဗုဒ္ဓမြတ်စွာကို အက္ကောသဘာရဒွါဇအမည်ရှိတဲ့ပုဏ္ဏားတစ်ဦးက အမျက်ဒေါသချောင်းချောင်းထွက်ပြီးတော့ အလွန်တရာ နားမခံသာစရာ နှလုံးမသာယာစရာကောင်းတဲ့ ရိုင်းပျကြမ်းတမ်းတဲ့ ဆဲနည်းမျိုးစုံနဲ့ ဆဲဆိုပါတယ်။
ဗုဒ္ဓမြတ်စွာက ပြုံးတော်မူလိုက်ပြီး ပုဏ္ဏားကြီးကို အခုလိုမေးတော်မူပါတယ်။

ဗုဒ္ဓ။ ။ ပုဏ္ဏားကြီး သင့်အိမ်ကို ဧည့်သည်မိတ်ဆွေများ လာရောက်ကြပါသလား။

ပုဏ္ဏား။ ။ လာတာပေါ့ အရှင်ကြီးဂေါတမ။

ဗုဒ္ဓ။ ။ ပုဏ္ဏားကြီး သင်၏ မိတ်ဆွေအပေါင်းအသင်း ဆွေမျိုးဧည့်သည်တွေ သင့်အိမ်ကို လာရောက်တဲ့အခါ သင်ဘာတွေလုပ်သလဲ။

ပုဏ္ဏား။ ။ အရှင်ဂေါတမ ကျွန်ုပ်အိမ်ကို မိတ်ဆွေအပေါင်းအသင်း ဆွေမျိုးဧည့်သည်တွေ လာရောက်တဲ့အခါမျိုးဆိုရင် စားကောင်းသောက်ဖွယ်တွေနဲ့ ဧည့်ခံကျွေးမွေးပါတယ်။

ဗုဒ္ဓ။ ။ ပုဏ္ဏားကြီး သင်ကျွေးမွေး ဧည့်ခံတဲ့ စားကောင်းသောက်ဖွယ်တွေကို အဲဒီသင်၏ မိတ်ဆွေအပေါင်းအသင်း ဆွေမျိုးဧည့်သည်တွေက လက်မခံ မစားသုံးဘူးဆိုရင် အဲဒီစားကောင်းသောက်ဖွယ်တွေကို သင်ဘယ်လိုလုပ်မလဲ။ အဲဒီစားကောင်းသောက်ဖွယ်တွေဟာ ဘယ်သူထံ ပြန်ပြီးရောက်သလဲ။

ပုဏ္ဏား။ ။ အရှင်ကြီး ဂေါတမ၊ ကျွန်ုပ် ဧည့်ခံကျွေးမွေးတဲ့ စားကောင်းသောက်ဖွယ်တွေကို ဧည့်သည်တွေက မသုံးဆောင်ဘူးဆိုရင် စွန့်မပစ်ဘဲနဲ့ ကျွန်ုပ်ကိုယ်တိုင်ပဲ သုံးဆောင်စားသောက်မှာပေါ့။ ကျွန်ုပ်ထံသိုပဲ ပြန်လည်ရောက်ရှိပါတယ်။

ဗုဒ္ဓ။ ။ ကောင်းပြီ ဒီအနည်းအတိုင်းပဲ ပုဏ္ဏားကြီး၊ အခု သင်က င့ါကို ညစ်ညမ်းတဲ့ စကားမျိုးစုံနဲ့ မဆဲဆိုအပ်သော စကားကြမ်းတွေဖြင့် င့ါကို ဆဲဆိုကြိမ်းမောင်းတယ်၊ သင်ရဲ့ အလွန်ညစ်ညမ်းကြမ်းတမ်းတဲ့ ဆဲရေးစကားတွေကို ငါ လက်မခံဘူး။ သင်ပေးတဲ့ ဒီ ညစ်ညမ်းကြမ်းတမ်းတဲ့ စကားတွေကို ငါလက်မခံတဲ့အတွက် သင်ကိုယ်တိုင်ပဲ ပြန်ပြီး လက်ခံရမှာ ဖြစ်ပါတယ်။

ဗုဒ္ဓမြတ်စွာသည် ဘယ်သူက ဘယ်လောက်ပဲ ကြမ်းတမ်းတဲ့ စကားတွေနဲ့ ဆဲဆိုကြိမ်းမောင်းနေပါစေ ယဉ်ကျေးသိမ်မွေစွာပဲ မေတ္တာတရားနဲ့ တုန့်ပြန်တော်မူခဲ့ပါတယ်။ ယဉ်ယဉ်ကျေးကျေးပဲ ပုဏ္ဏားကြီး ပေးအပ်ခဲ့တဲ့ ကြမ်းတမ်းတဲ့စကားတွေကို ပြန်ပေးအပ်ခဲ့တာပါ။ 

“အမုန်းတရားတွေ ရန်ငြိုးအာဃာတတွေကို တူညီတဲ့ အမုန်းတွေ ရန်ငြိုးအာဃာတတွေနဲ့ ပြန်လည်တုန်ပြန်နေမယ်ဆိုရင်တော့ ငြိမ်းချမ်းမှုဆိုတာကို ဘယ်တော့မှ ရရှိနိုင်မှာ မဟုတ်ပါဘူး။ တကယ်တော့ ထိုအမုန်းတွေ ရန်ငြိုးအာဃာတတွေကို မေတ္တာတရားနဲ့ပဲ အနိုင်ယူပြီး ငြိမ်းချမ်းမှုကို ရယူနိုင်ပါတယ်။ ဒါဟာ ဘယ်သူမှ မငြင်းဆန်နိုင်တဲ့ အားလုံးလက်ခံနိုင်တဲ့ လောကအမှန်တရားတစ်ခုပါပဲ”

စာရေး/ဖတ်သူတို့ ဘ၀မှာလည်း တစ်ပါးသူ၏ ဆဲဆိုကြိမ်းမောင်းခြင်း၊ ရန်လိုခြင်း၊ ကြမ်းတမ်းစွာ ဆက်ဆံခြင်းတွေကို ခံနိုင်ရနိုင်ပါတယ်။ ဒီလို အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတဲ့အခါမှာ ဒေါသအားလျော်စွာ မတုန်ပြန်လိုက်ပါနဲ့။ ဗုဒ္ဓ၏ လမ်းစဉ်အတိုင်း နည်းအတိုင်း နားလည်သဘောပေါက် လက်ခံပြီးတော့ မေတ္တာတရားနဲ့သာ အနိုင်ယူပြီး ငြိမ်းချမ်းရေးကို ရယူစေချင်ပါတယ်။ အမျက်ဒေါသထွက်နေတဲ့ ရိုင်းပျစော်ကားလာသူကို အနိုင်ယူနိုင်တာဟာလည်း မေတ္တာလက်နက်တစ်ခုတည်းပဲရှိပါတယ်။ 

ကိုယ့်ကိုလာကိုက်တဲ့ခွေးကို ပြန်ပြီးလိုက်ကိုက်နေမယ်ဆိုရင် ကိုယ်ပါ သူ့လိုမျိုးဖြစ်သွားနိုင်ပါတယ်။ ဒီဥပမာအတိုင်းပါပဲ။ သူနဲဖက်ပြိုင် မမိုက်မိပါစေနဲ့၊ သူမိုက်မဲတိုင်းသာ ကိုယ်ကလိုက်မိုက်မဲနေမယ်ဆိုရင် ကိုယ်တိုင် သုံးစားမရတဲ့ အချည်းအနှီး လူမိုက်လုံးလုံးဖြစ်သွားမှာပါ။

ဗုဒ္ဓမြတ်စွာ၏ လမ်းစဉ်ဆိုတာဟာ ငြိမ်းချမ်းမှုကို ဦးတည်တဲ့ ရှေရှုတဲ့ လမ်းစဉ်ပါ၊ သန္တိသုခဆိုတဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေး နိဗ္ဗာန်ကို လျှောက်လှမ်းနေတဲ့ တစ်ခုတည်းသော ငြိမ်းချမ်းရေးလမ်းစဉ်ပါ။ ဒီတော့ ငြိမ်းချမ်းရေးကို မြတ်နိုးတယ်ဆိုရင် ငြိမ်းချမ်းခြင်းကို လိုလားတယ်ဆိုရင် ငြိမ်းချမ်းရေးလမ်းစဉ်ဖြစ်တဲ့ ဗုဒ္ဓမြတ်စွာ၏ လမ်းစဉ်ကို ထာဝရလျှောက်လှမ်းလိုက်ဖို့ပါပဲ။

ကျမ်းကိုး။   ။ သံယုတ္တနိကာယ်၊ သဂါထ၀ဂ္ဂသံယုတ်ပါဠိတော်၊ အရဟန္တ၀ဂ်၊ အသုရိန္ဒကသုတ်

(ဥယျာဉ်မှူးလေး)

Saturday, January 25, 2014

တောင်ဖီလာဆရာတော်၏ သီလဂုဏ်

တောင်ဖီလာဆရာတော်၏ သီလဂုဏ် 

တစ်ခုသော နေ၀င်ဖျိုးဖျ အကာလအချိန်မဲ့တွင်မှ ဆံပင်ဖားလျား အ၀တ်အစား အစုတ်အပြတ်နှင့် ဒကာမကလေးတစ်ယောက် တောင်ဖီလာတောရကျောင်းဆီသို့  အမောတကော ပြေးလာနေ၏။ ရုပ်ရည် သနားကမား၊ ရုပ်လက္ခဏာနှင့် အ၀တ်အစားသည် တစ်ခြားစီဖြစ်နေ၏။

ဆရာတော်သည် တောင်ကျရေခံရန် တူးထားသော ကန်အနီးလမ်းလျှောက်နေရာမှ ဘုရား ၀တ်ပြုရန် ဟန်ပြင်ခိုက် “ကယ်တော်မူပါ ဆရာတော်ဘုရား” အသံနှင့် ဖက်တော့မယောင် ပြေးဝင်လာ၏။ နေ၀င်သွားသော်လည်း လရောင်ကလေးရှိနေ၍ ဒကာမရုပ်သွင် ကို ပြဲ့ပြဲ့ထင်ထင် မြင်နေရ၏။ “အင်း…ဒုက္ခပါတကား” ဟု ဆရာတော်ညည်းတွားခိုက် -
“တပည့်တော်မ လမ်းခရီးကြားမှာ ဒုက္ခတွေ့ လာ၍ ဆရာတော် ကျောင်းမှာ နေပါရစေဘုရား” ဟု ငို၍ လျှောက်၏။ ဆရာတော်မှာ ဒုက္ခသည်အား ညအခါ တောတောင်ကြီးအတွင်း နှင်လွှတ်ရအခက် လက်ခံရအခက် ဖြစ်နေသည်။


“ဘုန်းကြီးကျောင်းမှာ ဒကာမနေ၍ ဘယ်မှာ ဖြစ်မည်လဲ” ဟု နှုတ်ကပင်ထွက်လိုက်ရသော်လည်း
လုံးဝရှောင်၍ မရနိုင်သည်ကိုကား သိနေသဖြင့် အကြံရခက်နေလေသည်။
“တစ်ညတာပါဘုရား” ဟူသော ဒကာမကလေး၏ အသံမှာ မျက်ရည်နှင့်အတူ အားကိုးလွန်းသော အမူအရာကို ဆောင်နေပြန်၏။ ဆရာတော်သည် အတန်ကြာ စကားဆိတ်၍ သက်ပြင်းချကာ စဉ်းစားပြီးနေ၏။

အကြံတစ်ခုရကာ စိတ်သက်သက်သွားသော အမူအရာဖြင့် ကျောင်းအပြင်ဘက် စင်္ကြန်၌အိပ်ရန် ခွင့်ပြုရလေတော့သည်။ ဆရာတော်ကား နေရာပေး ညွှန်ပြီးနောက် တောင်ဖီလာစေတီရင်ပြင်တွင် ဘုရားဝတ်ပြု၍ တောင်စောင့်နတ်တို့ အား အမျှဝေ မေတ္တာပို့ နေလေတော့သည်။ ကျောင်းငယ်သို့  မပြန်လည်းခက် ပြန်လည်းခက်ဖြစ်နေ၍ နောက်ဆုံးကျောင်းကလေးသို့ ပြန်ကြွကာ
 “ဒကာမ အဲဒီမှာ အိပ်လေ” ဟု တုံးတိတိ ပြောဆိုကာ တံခါးမင်းတုပ်ကို ချ၍ ကျောင်းကလေးအတွင်း၌ ကမ္မဋ္ဌာန်းဘာဝနာပွားလေ၏။ ဤညတွင် လုံးဝမအိပ်စက်မိစေရန် သတိကို ဆောင်ထားရ၏။

ဝိနည်းတော်က – “တစ်မိုးတစ်ရံတည်း၌ ဒကာမနှင့်အတူ မအိပ်ကောင်း”။
သင်လာ၍ ငါညလုံးပေါက် တရားရှုရပေသည်”ဟု ဖြေဆည်အားတင်းလျက် အကျိုးကိုသာ ရှုမြင်၍ တစ်ညလုံး တရားရှုမှတ်ရန် ပြင်ဆင်ရ၏။ ဆရာတော်တရားရှုမှတ်၍ သမာဓိရစအချိန်မှာပင် တံခါးကို လက်ဝါးနှင့်ပုတ်သံ ကြားရ၏။

ဒကာမကလေးမှာ ကြောက်လွန်းချမ်းလွန်း၍ ကျောင်းထဲသို့ အိပ်ခွင့်ပြုရန် ခိုက်ခိုက်တုန်သော အသံဖြင့် အသနားခံလာ၏။ အမျိုးမျိုးစဉ်းစားသော်လည်း သတ္တ၀ါနှင့် ကရုဏာစိတ်တို့ သည် အလေးချိန် လျှာညီနေ၍ အိပ်ခွင့်ပြုရပြန်လေသည်။
ဆရာတော်ကား ကျောင်းအပြင်ဘက် စင်္ကြန်သို့ ထွက် တရားထိုင်ရလေ၏။ မကြာမီ မအိပ်ဝံ့ဆို၍ အထဲသို့  ပြန်ဝင်လာရပြန်၏။

“နင် အဲဒီမှာနေ .. နောက်ထပ် လျှာမရှည်နှင့်” ဟုလည်း ထောင့်ချိုးတွင် နေရာချရင်း
အသံမာဖြင့် မိန့် တော်မူ၏။ ဒကာမကလေးကား စုပ်ပြဲနေသော အကျီင်္နှင့် ရင်ကွဲထမီးကလေးကို ဟိုလှည့်သည်လှည့် ဖုံးဖိရင်း ကျောင်းကလေးထောင့်ကွေး၌ ကုပ်၍နေရရှာ၏။

ဆရာတော်ကား မျက်နှာလွှဲကာ ကျောပေးနေရာယူ၍ ထွက်လေ၀င်လေကိုသာ ပွတ်ကြိုးဆွဲသကဲ့သို့ ရှုနေရ၏။ တုံးလုံးလှဲခြင်း လမ်းလျှောက်ခြင်း ပြုလိုသော်လည်း မျက်စိကို စုံမှိတ်ကာ သံဝေဂဖြစ်ဖွယ်၊ အသုဘဖြစ်ဖွယ်များကို နှလုံးသွင်း ရှုမှတ်နေ၏။ တစ်ချက်တစ်ချက်တွင် ဒကမကလေး၏ ညည်းသံ ပေါ်လာပြန်သည်။ ဆရာတော်ကား ဘာမျှမေးတော်မမူ။ ဥပေက္ခာရှု၍သာ နေလိုက်ရ၏။

ကျားသစ်ရဲတို့ ဘေးကြောင့် ခွေးအနှင့် သားသမင်တို့ ၏ အော်မြည်ပြေးလွှားသံများကိုလည်း ကြားနေရပြန်သည်။ ကျားကိုက်၍သေမူ တစ်ဘ၀မျှသာတည်း ဟု ဆင်ခြင်နေမိ၏။ ၀မ်းမီး ကောင်းသူအတွက် စားသမျှ အစာသည် အားဖြစ်၏။ သတိဥာဏ် ရှိသူအတွက် တွေ့ သမျှ အာရုံသည် တရားချည်းပင်တည်း။ မိုးလင်းရန် တဖြည်းဖြည်း နီး၍လာသဖြင့် ဆရာတော်မှာ တအးတက်လာ၏။ ပုညရှင်စေတီမှ ကျောက်စည်ထိုးသံကိုပင် သဲ့သဲ့ကြားနေရသည်။

‘အမလေး ကယ်တော်မူပါ ဆရာတော်ဘုရား၊ တပည့်တော်မ သေရပါလိမ့်မယ်” အသံကြောင့် ဆရာတော်မှာ -
“ဟဲ့ ဒကာမ ဘာဖြစ်ရပြန်တာလဲ”ဟု ငေါက်ရင်း မီးအိမ်ကိုဖြုတ်ကာ အနီးသို့ သွားရပြန်ရာ
နေမကောင်းသော အမူအရာဖြင့် တဟီးဟီး တုန်ခိုက်နေသည်ကို တွေ့ ရ၏။
“အလို – ဘုရား ဘုရား” ဟု ရေရွတ်ကာ မျက်နှာလွှဲ၍ -
ငါ့ မှာ ဘာဆေးမျှ မရှိ၊ မိုးလင်းတော့မည်၊ သည်းခံပြီး ဘုရားအာရုံပြုလေ” ဟု မိန့် တော်မူ၏။

ဒကာမကလေးမှာလည်း သိမ်းကြုံး ပွေ့ဖက်တော့မည့်ဟန် ပြင်နေသဖြင့် ရုတ်တရက် ကျောင်း နံရံတွင် ထိုးစိုက်ထားသော ဒန်ပူသတ်သည့် ဓားမောက်ကို သွား၍ ယူလိုက်၏။ ပြီးလျှင် မိမိခြေသလုံးအား ဓားနှင့် မွှန်းလေတော့သည်။ သွေးစိမ်းရှင်ရှင် ပန်း၍ ထွက်ကျလာ၏။  ဒကာမကလေးမှာ ဓားယူစဉ်ကပင် ကြောက်ရာမှ သွေးများကို မြင်ရလျှင် အံ့အားသင့် ထိတ်လန့် သွားရှာ၏။

တပည့်တော်မအား ခွင့်လွှတ်ပါဘုရား၊ တပည့်တော်မ မှားပါပြီ” ဟု ကန်တော့လေ၏။ မကြာမီ မိုးစင်စင်လင်း၍ ဒကာမကလေးအား ပြန်ထွက်သွား၏။ ပြန်ထွက်သွား၍ မကြာမီပင် ခပ်လှမ်းလှမ်းမှ မကြားစဖူး လူသံများလည်း ကြားယောင်နေရ၏။ မကြာမီ အသံများတိတ်သွားသည်။

အဖြစ်အပျက်ကား ဆန်းကြယ်လေ၏။ ကြံကြီးစည်ရာဟု ထင်ဖွယ်ရှိသည်။ အကြောင်းကား မိုးခေါင်ခြင်းသည် တောင်ဖီလာဆရာတော် အကျင့်သီလပြင်းထန်၍ဟု အမတ်အချို့ က သံတော်ဦး တင်ကြသည်။ နောက်ဆုံးတွင် မင်းကြီးပါ သဘောတူရ၍ အမူအရာကောင်း ရုပ်ချောမင်းသမီး တစ်ပါးကို သွန်သင်၍ အဖော်များထည့်ကာ စေလွှတ်ခြင်းဖြစ်လေသည်။

မဖြစ်သင့်သော နေရာမှ မဖြစ်ထိုက်သောကိစ္စများ ဖြစ်တတ်သည်မှာ ဓမ္မတာပင်တည်း။ မင်းသမီးလည်း စေခိုင်းသည့်အတိုင်း တောင်ဖီလာဆရာတော်အား သီလအကျင့်ကို ဖြားယောင်း ဖျက်ဆီးခဲ့ပါပြီ ဟု အပြစ်မှ လွတ်ရန် သံတော်ဦး တင်ရ၏။

ထိုသတင်းမျိုးသည် ကြော်ငြာခမကုန်သော သတင်းမျိုး ဖြစ်သည့်အတိုင်း တမုဟုတ်ချင်း ပြန့်ကားသွားတော့သည်။ ယုံသူလည်းယုံ မယုံသူလည်း မယုံကြ။ ထိုအခါ အလှူအတန်း ပြုလိုဟန်ဖြင့် လာသော မင်းကြီးနှင့် ပရိတ်သတ်တို့ အား သင်္ကန်းစုတ် ပတ်တီးစည်းထားသော ခြေထောက်ပြရင်း ဓားမောက်ကို ယူကာ -
“ငါ၏ သီလပျက်စီးပါမူ ဤဓားမောက်သည် ချသောခဏ ရေ၌ မြုပ်ပါစေသား။ စင်ကြယ်ပါမူ ရေ၀ယ်ကူးစေသား”ဟု တောင်ဖီလာကန်၌ပင် သစ္စာအဓိဋ္ဌာန်၍ ပြတော်မူလေသည်။ ဓားမောက်လည်း ရေတွင်ဖြတ်သန်း၍ ငါးကဲ့သို့ တလန်းလန်း ကူးသော ဟူ၏။

ဆရာတော်ကား ၁၀၁၂ ခုနှစ် သက်တော် ၇၂နှစ်တွင် ပျံလွန်တော်မူခဲ့သတည်း။ ယခုတိုင် ထိုတောရ၌ ဓားမကူးကန် ဟူ၍ ရှိနေသေးသည်။ ၁၂၂၈ ခုနှစ်တွင် မင်းတုန်းမင်း၏ မြောက်သားတော် စိန်တုံးမိဖုရားက ကန်ဟောင်းကို ထပ်မံ၍ ပြင်ဆင်ကြောင်း ကျောက်စာ ထိုးထားသည်ကို ရေကူးမှတ်သားခဲ့ရပါ၏။

ဓမ္မာစရိယ ဦးဋ္ဌေးလှိုင်
(ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ - ရွှေဥမင်နှင့် တောင်ဖီလာပုဂ္ဂိုလ်အကျော် မှ)
ကောက်နုတ် ဝေမျှပါသည်။

မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ


Friday, January 24, 2014

အူမနှင့် သီလ


အူမနှင့် သီလ

အာဠာဝကဘီလူးက “အရှင်ဘုရား – ဘယ်ပုံဘယ်နည်း အသက်မွေးခြင်းဟာ အကောင်းဆုံးပါလဲ” လို့ ဘုရားကို မေးလျှောက်တော့ ဘုရားက “ပညာနဲ့အသက်မွေးတာ အကောင်းဆုံး” လို့ ဖြေတော်မူခဲ့ပါတယ်။ အဌကထာဆရာက ပညာနှင့် အသက်မွေးခြင်းဟူသည် နှစ်ဖက်မြင် ပုဂ္ဂိုလ် တို့၏ အသက်မွေးခြင်းလို့ ဖွင့်ဆိုပါတယ်။ နှစ်ဖက်ဟူသည် လက်ရှိပစ္စုပ္ပန်ဘ၀နဲ့ နောင်တမလွန် ဘ၀ကို ဆိုလိုတာပါ။ နောက်တစ်နည်းအနေနဲ့ သူ့ဘက်၊ ကိုယ့်ဘက်၊ သူ့ဖို့၊ ကိုယ့်ဖို့ ကိုလည်း ဆိုလိုပါတယ်။ သူသူကိုယ်ကိုယ် အသက်မွေးကြ၊ ၀မ်းကျောင်းကြရမှာ ပစ္စုပ္ပန်အရေးနဲ့ တမလွန် အရေးဆိုပြီး နှစ်ဖက်မျှတွေးဖို့လိုပါတယ်။ နှစ်ဖက်မျှမြင်ရမယ်။ သူ့ဖို့ကိုယ့်ဖို့ နှစ်ဖက်မျှတွေးရပါမယ်။

လူဆိုတာ တစ်ယောက်တည်းနေတော့ တစ်ဝမ်းတစ်ခါးသာ ရှိပါတယ်။ နှစ်ယောက်ပေါင်းမိတော့ နှစ်ဝမ်းနှစ်ခါး။ ဒီလိုနဲ့ ၀မ်းတွေခါးတွေက တိုးပွားများပြားလာမယ်။ ၀မ်းတွေရှိတော့ ၀မ်းစာရှာကြရပါရော။ ဒီလို ၀မ်းစာရှာကြရာမှာ တချို့က ၀မ်းသာဝတယ်၊ ကုသိုလ်က မရ။ တချို့ကျ ကုသိုလ်သာရတယ်၊ ၀မ်းက မ၀။ ပီတိစားပြီး အားရှိနေကြရတယ်။ တချို့က ကုသိုလ်လည်းမရ၊ ၀မ်းလည်းမ၀။ တချို့များ ကျတော့ ကုသိုလ်လည်းရ၊ ၀မ်းလည်းဝကျပါတယ်။ ပညာနဲ့ အသက်မွေး ၀မ်းကျောင်းသူဟာ ကုသိုလ်လည်းရ၊ ၀မ်းလည်းဝတဲ့အမျိုးပါပဲ။

ဒီနေရာမှာ ပညာဆိုတာ အသိပညာ၊ အသိစိတ်ဓါတ်၊ အသိတရား ဖြစ်ပါတယ်။ အသိစိတ်ဓါတ် ရှိသူဟာ ကောင်းတဲ့အပြုအမူ၊ ကောင်းတဲ့ အလေ့အထရှိတယ်။ ကောင်းတဲ့အပြုအမူ၊ ကောင်းတဲ့ အလေ့အထဟာ သီလသိက္ခာ ပါပဲ။ အသိစိတ်ဓါတ်ရှိသူဟာ ကောင်းတဲ့စိတ်ထား ရှိတယ်။ စိတ်ထား ကောင်းတယ်ပေါ့။ ကောင်းတဲ့စိတ်ထားရှိလို့ စိတ်ထားကောင်းတာဟာ သမာဓိသိက္ခာဖြစ်ပါတယ်။ သမာဓိမျာ ‘သံ’ က ကောင်းခြင်းလို့ အဓိပ္ပါယ်ထွက်ပြီး ‘အဓိ’ က စိတ်ထားလို့ အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် သမာဓိဆိုတာ စိတ်ထားကောင်းခြင်းပဲ ဖြစ်ပါ တယ်။ အသိစိတ်ဓါတ်၊ အသိတရား၊ အသိပညာကိုယ်တိုင်ဟာ ပညာသိက္ခာ ဖြစ်ပါတယ်။

အဲဒီတော့ အသိစိတ်ဓါတ်၊ အသိတရားရှိသူမှာ ရိက္ခာနဲ့ သိက္ခာက တစ်သားတည်းကျနေပါတယ်။ အူမနဲ့ သီလ ထပ်တူမျှနေပါတယ်။ ဘုရားရှင်မိန့်တော်မူတဲ့ ပညာနဲ့အသက်မွေးတာ အကောင်းဆုံး ဆိုတာက ဒီလို ရိက္ခာနဲ့ သိက္ခာ တစ်ထပ်တည်းကျတဲ့ အသက်မွေးခြင်း၊ အူမနဲ့သီလ ထပ်တူမျှနေတဲ့ အသက်မွေးခြင်းကို ဆိုလိုပါတယ်။ ဒီလို အသက်မွေးနိုင်သူဟာ တော်လည်းတော်၊ ကောင်းလည်း ကောင်းတဲ့ အတွက် သူတော်ကောင်း မည်ပါတယ်။

အူမနဲ့သီလကို တစ်သီးတစ်ခြားခွဲထားလို့မရ၊ တစ်ဖက်ဖက် အစွန်းထွက်လို့မရ၊ မျှနေမှသာ သဘာဝကျပါတယ်။ လူတိုင်းမှာ အူမရှိပြီး အူမတိုင်းလည်း တောင့်ဖို့လိုပါတယ်။ အူမတောင့်ခြင်းဟာ သီလစောင့်ခြင်းကို ကျေးဇူးပြုနိုင်သလို သီလစောင့်ခြင်းကလည်း အူမတောင့်ဖို့အတွက် ကျေးဇူးပြု နိုင်ပါလိမ့်မယ်။ သီလဆိုတာ ကောင်းသောအလေ့အထ၊ ကောင်းသောအပြုအမူဖြစ်တဲ့အတွက် ကောင်းသောအလေ့အထတွေရှိရင် ကောင်းတဲ့အပြုအမူတွေပြုမူကြရင် အူမတွေ တောင့်လာကြမှာ မလွဲပါပဲ။

အရှင်သံဝရာလင်္ကာရ


Thursday, January 23, 2014

ကြံတိုင်းအောင်၊ ဆောင်တိုင်းမြောက်မည့်လက်နက်များ


ကြံတိုင်းအောင်၊ ဆောင်တိုင်းမြောက်မည့်လက်နက်များ


မနုဿလူသားတို့၌ အားထုတ်မှုဝီရိယတရားသည် နတ်တို့ထက် သာလွန်မွန်မြတ် သော အချက်ပင်ဖြစ်၏။ ထို့ကြောင့် ၀ီရိယတရားဖြင့် ကြိုးစားအားထုတ်မှုရှိလျှင် သူဌေးကြီး ဖြစ်ချင်လျှင် ဖြစ်နိုင်၏။ ဈာန်အဘိညာဉ် ရလိုလျှင် ရနိုင်၏။ နိဗ္ဗာန်ကို မျက်မှောက်ပြုလိုလျှင် ပြုနိုင်ပေသည်။ မဆုတ်နစ်သော ၀ီရိယတရားဖြင့် သတိပဋ္ဌာန်တရားအားထုတ်လျှင် မိမိတို့အလိုရှိသော မဂ်ဖိုလ် နိဗ္ဗာန်သည် လျင်မြန်စွာ ဆိုက်ရောက်နိုင်ကြောင်း ကိုလည်း ဘုရားရှင်ဟောကြားတော်မူခဲ့ပါသည်။

ဝီရိယရှိလျှင် ဘာမဆို အောင်မြင်နိုင်၏။ ဘာမဆိုရယူနိုင်၏။ ထို့ကြောင့် ၀ီရိယ၏စွမ်းပကားကို အသုံးချတတ်ဖို့လိုပေသည်။ အဘယ့်ကြောင့်မူ မှားယွင်းသောလမ်းကြောင်းတွင် အားထုတ်ရာ၌ ၀ီရိယအားကြီးသူ ဆင်းရဲကြီးမည်ဖြစ်ပြီး မှန်ကန်သောလမ်းကြောင်းတွင် အားထုတ်ရာ၌ ၀ီရိယအားကြီးသူ ချမ်းသာမည်ဖြစ်သည်။ တဖန် မှားယွင်းသောလမ်းကြောင်းတွင် အားထုတ်ရာ၌ ၀ီရိယအားနည်းသူ ချမ်းသာပြီး မှန်ကန်သောလမ်းကြောင်းတွင် အားထုတ်ရာ၌ ၀ီရိယအားနည်းသူ ဆင်းရဲမည်ဖြစ်ကြောင်း ဓမ္မပဒပါဠိတော်တွင် ဘုရားရှင်ဆုံမတော်မူခဲ့၏။

ဝီရိယရှိက ဘာမဆိုရတာပဲဆိုပြီး မှားသည်၊ မှန်သည် မစဉ်းစားတော့ဘဲ မိမိချမ်းသာပြီးရောဆိုပြီး မသမ္မာသောနည်းလမ်းတို့ဖြင့် ချမ်းသားအောင် စီးပွားရှာက ရသမျှစည်းစိမ်ဥစ္စာများမှာ ငရဲမီးမြိုနေရသလို ဖြစ်နေပေသည်။ ထိုသို့ရရှိသော စီးပွါးကား မိမိအားလောင်မြိုက်ရန် မိမိကိုယ်တိုင် ပျိုးနေသောမီးတို့နှင့်တူ၏။ ယခုဘ၀၌ အတိတ်က ကုသိုလ်ကံအကျိုးပေးရှိ၍ ချမ်းချမ်းသာသာ နေရကောင်းနေရနိုင်မည်။

သေလျှင်ကား မိမိရှာခဲ့သမျှသော အကုသိုလ် အကြောင်းတရားတို့က အကျိုးပေးအပါယ်ငရဲသို့ ဇောက်ထိုးမိုးမျှော်ကျအောင် တွန်းချ ပေတော့သည်။ ငရဲသို့ရောက်ချိန်ကျကာမှ လူ့ဘ၀မှာ မသမ္မာသောနည်းလမ်းတို့ဖြင့် စီးပွါးဥစ္စာ ရှာဖွေစုဆောင်းထားခဲ့သမျှ မှားလေစွဟု နောင်တ ရနေလို့မတော်ပေ။ ယခုဘ၀၌ မှန်ကန်သောနည်းဖြင့်သာ စည်းပွားရှာတတ်ဖို့၊ မသေရာနိဗ္ဗာန်သို့ အမြန်ဆုံးရောက်အောင်လှမ်းဖို့ လိုအပ်ပါသည်။

ထို့ကြောင့် နှိုင်းနှိုင်းဆဆလုပ်ဆောင်တတ်သော ဉာဏ်ပညာလည်း ရှိရမည်ဖြစ်သည်။ အမှားအမှန်၊ အကြောင်းအကျိုး၊ အကောင်းအဆိုးကို ခွဲခြား၍ပေးသောအရာမှာ ဉာဏ်ပညာပင်ဖြစ်သည်။ ဉာဏ်မရှိက ဆင်းရဲရပေမည်။ စာဘူးတောင်းငှက်သည်ကား မိုးရွာသည့်အခါ မိုးမစိုအောင် အိမ်တည်ဆောက်တတ်သော ဉာဏ်ပညာရှိသောကြောင့် မိုးစိုရမည့်ဆင်းရဲမှ လွတ်မြောက် ရပေသည်။ ဉာဏ်ပညာရှိသောကြောင့် ၀ိမုတ္တိသုခ-လွတ်မြောက်သည့်ချမ်းသာကို ခံစားရ၏။ ထို့ကြောင့် ဉာဏ်ပညာသည်ကား လွတ်မြောက်ရာ ချမ်းသာကိုဆောင်သောကြောင့် ဉာဏ်ပညာ နှင့်တွေး၊ ဉာဏ်ပညာနှင့်ပြော၊ ဉာဏ်ပညာနှင့်လုပ်ရမည်ဖြစ်သည်။

တွေဝေမည်းမိုက် မောဟအမှောင်တိုက်မှာနေပြီး ကိုယ်ကြံသမျှအမှန်၊ ကိုယ်ပြောသမျှ အချော၊ ကိုယ်ပြုသမျှ အဟုတ်ချည်းထင်ပြီး ငါတကောကောကာ လောကအတွက်ကောင်းကျိုးမပြု၊ ငါ့အတွက်သာ ရှေ့ဆောင်မှုဖြင့် လုပ်ဆောင်နေက ကိုယ်လည်းဆင်းရဲကြောင်း၊ သူတစ်ပါးလည်း ချမ်းသာနည်းကြောင်းဖြစ်သောကြောင့် မိမိသူတစ်ပါးမှာ အကျိုးထူးများဝေးကွာ၊ အဆိုးထူးများသာ ပွါးများကြမည်သာ။ ဉာဏ်ပညာမရှိခြင်းကြောင့် ရရှိသောဆိုးကျိုးများကား အနန္တပင်။ လူဖြစ်လျက် ဓမ္မနှင့်အဓမ္မ မခွဲခြားတတ်၍ မိမိလူ့ဘ၀ရသည်ကိုပင် တန်ဘိုးမထားတတ်တော့ဘဲ အချိန်ကို ဖြုန်းတီးနေကြတော့သည်။ လူ့ဘ၀ရသည့်ရည်ရွယ်ချက် ဘာအတွက် မသိကြတော့ပေ။ အသုဘ အပုပ်ကောင်ကို ရုပ်ဆောင်ကာနေကြတော့သည်။ မာနဖြင့်တလွှားလွှား ၀င့်ကြွားကာနေ နေကြတော့သည်။

တရားဖြင့်နေခြင်းသည် မိမိလည်းချမ်းသာ၊ သူတစ်ပါးလည်း ချမ်းသာပွားနိုင်သောအလုပ်ဖြစ်၏။ သူ့အသက်မသတ်တော့ဟု သီလမှုပြုလိုက်သည်ပင် ကိုယ့်ကြောင့် သူတစ်ပါးအသက်တို့ မသေရတော့ဘဲ ချမ်းသာရာ ရကြတော့သည်။ ထိုသီလတစ်ခု ဥပမာပြု၍ မွန်မြတ်သောသီလတို့ကို ဆောက်တည်ခြင်းသည် သူတစ်ပါးတို့ကို ဘေးမဲ့အလှူကြီးပေးသော အဘယဒါနကို ပြုနေသည် လည်းဖြစ်သည်။ ထို့ကြောင့် ဉာဏ်ပညာအလင်းဓာတ်သည် မောဟအမှောင်ကိုခွင်းနိုင်သဖြင့် လောကအတွက် သာယာအောင် စွမ်းဆောင်နိုင်သောတရားပင်ဖြစ်၏။

လက်ထိပ်ထိက လက်သည်းနာ၊ ကိုယ့်အပေါ်စော်ကားတာ ကိုယ်မခံချင်လို၊ ကိုယ့် အပေါ်မော်ကြွားတာ ကိုယ်မမြင်ချင်လိုကြပေ။။ ထိုသို့ပင် သူကလည်း သူ့အပေါ်စော်ကားတာ သူမခံချင်လို၊ သူ့အပေါ်မော်ကြွားတာ သူမမြင်ချင်လိုကြသည်သာဖြစ်၏။ ထိုကဲ့သို့ မြော်တွေးစာနာ၊ အချင်းချင်း ကြင်နာသနားကြရာ၏။ ကိုယ့်ကြောင့် သူတစ်ပါးတို့ကို မဆင်းရဲလို၊ ချမ်းသာ သည်ကိုသာ မြင်လိုကြသော မေတ္တာတရားများ အချိန်တိုင်းမှာ ပွားကြရမည်။ မေတ္တာ၏ စွမ်းပကားမှာ မြွေနှင့်ဖား၊ သမင်နှင့်ကျားတို့ပင် အမုန်းမရှိ အပြုံးဖြင့်ကြည့်နိုင်ကြ၏။

ဒေါသနှင့် အာဃာတတို့ ရင်ဝယ်ပိုက်ကာထားနေက အေးချမ်းမှုတို့ဆိတ်သုဉ်း၊ ကိလေသာအပူမီးတို့ တဟုန်းဟုန်းတောက်လောင်ဖို့သာဖြစ်သည်။ ထို့ကြောင့် သံသရာခရီးသွား ဘ၀ဖော်အတူတူ၊ ဒုက္ခတွေထူထပ်နေသူအချင်းချင်း အပြန်အလှန် ဒုက္ခပေးချင်နေကြသောစိတ်တွေကို မောင်းထုတ်၊ တွဲလက်တွေ ခိုင်ခိုင်ဆုပ်၍ သေခြင်းဟူသော ဘေးဆိုးကြီးဝေးရာ ထာဝရအေးချမ်းခြင်းနိဗ္ဗုတာသို့ မပြတ်အတူလှမ်းနိုင်ကြအောင် မေတ္တာ၊ ကရုဏာတရားများ ကိုယ်စီပွားများကြခြင်းသည်လည်း အောင်မြင်မှုသရဖူ အားလုံးအတူ ရယူနိုင်ကြမည်ဖြစ်သည်။

လောက၌ သည်းခံခြင်းထက် လွန်မြတ်သောတရားသည်မရှိ။ သည်းခံခြင်းသည် မြတ်သော အကျင့် တရားဖြစ်၏။ ဒါနပြုကလည်း ခန္တီရှိမှ၊ သီလဆောက်တည်ကလည်း ခန္တီရှိမှ၊ ဘာဝနာ ပွားများကလည်း သည်းခံခြင်း ခန္တီရှိမှသာလျှင် အောင်မြင်နိုင်ပေသည်။ သို့မဟုတ်ပါက အဆုံး ထိအောင် မလှမ်းနိုင်၊ လမ်းတစ်ဝက်တွင် ယိမ်းယိုင်နေပေမည်။ တောင်တက်သမားသည် မောခြင်း ဟူသောဆင်းရဲကို သည်းခံနိုင်မှသာလျှင် တောင်ထိပ်သို့ရောက်နိုင်သလို နိဗ္ဗာန်သို့သွားနေသည့် ယောဂီသည်လည်း ကြုံရသမျှသော လောကဓံတို့ကို သည်းခံခြင်းခန္တီစတရား ရှိမှသာလျှင် မိမိအားထုတ်နေဆဲတရားတို့သည် မပျက်မကွက်ဘဲ သွက်သွက်ကြီး ခရီးနှင်နိင်မည်ဖြစ်သည်။

ထို့ကြောင့် ကြံတိုင်းအောင်၊ ဆောင်တိုင်းမြောက်မည့်လက်နက်တို့သည်ကား အခြားမဟုတ်။ ပြဆိုခဲ့သော တရားများဖြစ်သည့်-
(၁) ပြင်းထန်သော လုံ့လ၀ီရိယရှိခြင်း၊
(၂) သနားကြင်နာကိုယ်ချင်းစာမှု (မေတ္တာ၊ ကရုဏာ)ရှိခြင်း၊
(၃) ကြီးမားသော သည်းခံစိတ်(ခန္တီတရား)ရှိခြင်း၊
(၄) နှိုင်းနှိုင်းဆဆ လုပ်ကိုင်နိုင်မှု(ပညာ)ရှိခြင်းတို့ပင်ဖြစ်၏။

စာဖတ်သူတို့အားလုံး ကြံတိုင်းအောင်၊ ဆောင်တိုင်းမြောက်မည့်လက်နက်များကို ကိုင်ဆောင်ပြီး လျှင် ကိလေသာရန်သူပုန်ကို အကုန်အစင် တွန်းလှန်ကြပါကုန်။


စာရေးသူ - ထွန်းထွန်းလှိုင်

Wednesday, January 22, 2014

သာမာဝတီ မိဖုရား (၂)

သာမာဝတီ မိဖုရား (၂)
မာဂဏ္ဍီ၏ ရန်ငြိုး
မာဂဏ္ဍိဟာ ဗုဒ္ဓအပေါ်ရန်ငြိုးကြောင့် နောက်တကြိမ် အကောက်ကြံပြန်ပါတယ်။
တစ်နေ့ ဥတေနမင်းကြီး အရက်သောက်နေ့စဉ် မာဂဏ္ဍီမိဖုရား အခစားဝင်ကာ ကြက်အသေရှစ်ကောင် ဆက်သပါတယ်။

ဥတေနမင်းကြီးက ဝမ်းသာလို့ ဘယ်သူချက်ခိုင်းရင်းကောင်းမလဲလို့မေးရာ မာဂဏ္ဍီက သာမာဝတီတို့မှာ အလုပ်မရှိဘူး သူတို့ကို ချက်ခိုင်းလိုက်ပါလား ဟုပြောရာ.. မင်ကြီးကလည်း သဘောတူလိုက်ပါတတယ်။

ထိုနောက် မာဂဏ္ဍီရဲ့ ဦးလေးက ပရိယာယ်ဖြင့် လှည့်ပတ်ကာ မာဂဏ္ဍီရဲ့ အကြံအတိုင်း ကြက်အရှင် ရှစ်ကောင်ကို သာမာဝတီတို့ထံသွားပြီး ဘုရင်အတွက် စီမံတော်မူပါလို့ ခိုင်းပါတယ် သာမာဝတီတို့က ကြက် အရှင်တွေဖြစ်နေတာကြောင့် သူတပါးအသက်ကို မသက်လိုကြောင်း ငြင်းဆိုခဲ့ပါတယ်။

ဒီစကားကို ဘုရင်ထံ သံတော်ဦးတင်ပြီး မာဂဏ္ဍီက အကောက်ကြံကာ “တွေ့တယ် မဟုတ်လား မင်းကြီး ၊ သာမာဝတီဟာ မင်းကြီး အပေါ်မှာ မေတ္တာမရှိတော့ဘူး သူတို့မှာ အကြံတစ်ခုရှိနေတယ်”ဟု
ငေါ့တော့တော့ ပြောလိုက်ပါတယ်။

“ မင်းကြီး .. ဗုဒ္ဓဂေါတမအတွက် ဒီကြက်တွေကို ချက်ခိုင်းကြည့်ပါလားလို့ အကြံပေးတော့ မင်းကြီးလည် ကောင်းပြီလေ ချက်ခိုင်းကြည်ပေါ့ဟု ပြောလိုက်ပြန်ပါတယ်။

မာဂဏ္ဍီက မင်းကြီးအား လှည့်ပတ်ခါ သူ့ဦးလေးကို ကြက်သေများကို ယူသွားစေပြီး မင်းကြီးရဲ့အမိန်နဲ့ သာမာဝတီတို့အား ကြက်သေ ရှစ်ကောင်ကို ဗုဒ္ဓအတွက် ဆွမ်းဟင်း ချက်ခိုင်ပြန်ပါတယ်။ ကြက်တွေက အသေတွေဆိုတော့ သာမာဝတီတို့လည်း ကောင်းကောင်း ဆွမ်းချက်ကပ်ပါတယ်။

မာဂဏ္ဍီက ဒီတစ်ခါ အကွက်မိတာနဲ့ “ မင်းကြီးတွေ့တယ် မဟုတ်လား ၊ မင်းကြီးအတွက်တော့ ချက်မပေးဘူး၊ ဗုဒ္ဓအတွက်တော့ ချက်ပေးတယ် ဒါသွေးရိုးသာရိုးကော ဟုတ်ရဲ့လား” လို့ မင်းကြီး ခနဲ့လိုက်ပြန်ပါတယ်။ သို့သော်လည်း မင်းကြီးက သာမာဝတီအပေါ်မှာ ဘာမှထူးထူးခြားခြား သံသယ မပြခဲ့ပါဘူး။

နောက်တကြိမ် မာဂဏ္ဍီအကြံထုတ်ပြန်ပါတယ်။

တစ်နေ့သောအခါ မင်းကြိး သာမာဝတီတို့ရဲ့ အဆောင်ကို သွားရောက်စဉ် မာဂဏ္ဍီဟာ မင်းကြီးအား စိတ်မချဟုဆိုကာ နောက်ကလိုက်သွားပါတယ်။

ဒီတခေါက်မှာတော့ မာဂဏ္ဍီရဲ့အကြံ ဦးလေးအစီအမံဖြင့် အဆိပ်ထုတ်ထားတဲ့ မွေဟောက်တစ်ကောင်ကို မင်းကြီးနှစ်သက်မြတ်နိုးတဲ့ ဟတ္တိကန္တစောင်းမှာ ထည့်ယူကာ နောက်က လိုက်သွားပါတယ်။

သာမာဝတီတို့ မင်းကြီးကို ကောင်းစွာပြုစုစောင့်ရှောက်ပြီး နောက် တရေးတမော ဟတ္တကကန္တစောင်းကို ခေါင်းခုအိပ်စက်အနားယူရာ.. မာဂဏ္ဍီရဲ့လုပ်ဆောင်မှုကြောင့် စောင်းတွင်း သုံးရက်လောက် ကြာအောင် အောင်းနေတဲ့ မွေဟောက်ဟာ ဒေါသတကြီးထွက်လာပါတယ်။

ဒီမှာတင် မာဂဏ္ဍီက “ အောင်မလေး အရှင် ..မြွေကြီး၊ မြွေကြီးဟု တအားကြုံးအော်သံ၊ သာမာဝတီတို့ကို ပြင်တင် ချုတ်ချသံတို့ကို ကြားတော့ ဘုရင်းမင်းမြတ် ရုတ်တရက်စိတ်ဆိုးသွားပါတယ်။

သာမာဝတီတို့နှင့် ပတ်သတ်လို့ မင်းကြီး လုပ်ကြံခံရတာလည်း သုံးကြိမ် သုံးခါရှိပြီဆိုတော့ မင်းကြီး အမျက်ဒေါသထွက်ကာ သာမာဝတီနှင့်အတွ မောင်းမ ငါးရာကို ပစ်သတ်ဖို့ တန်းစီခိုင်းလိုက်ပါတယ်။

ဒီအချိန်မှာ သာမာဝတီက တပည့် မောင်းမအပေါင်းအား “ အမိတို့ ၊ ငါတို့အတွက် တခြားအားကိုးစရာ မရှိဘူး ၊ မင်းကြီးကိုလည်း စိတ်မဆိုးနဲ့၊ မာဂဏ္ဍီကိုလည်း စိတ်မဆိုးနဲ့ ကိုယ်နဲ့အတူ မေတ္တာထားပါ ၊ (မင်းကြီး ၊ မဏ္ဍီ ၊ မိမိကိုယ်” သုးံယောက်အပေါ်မှာ မေတ္တာအတူထားပါ၊ ဒေါသတရား မကျရောက်စေပါနဲ့လို့ ဆုံးမစကားပြောပြီး မေတ္တာစိတ်နဲ့ အားလုံး ငြိမ်နေလိုက်ကြပါတယ်။

မင်းကြီးလည်း ဒေါသတကြီးဖြင့် .. အရှိန်ဟုန်းပြင်တဲ့ မြှားကို ပစ်ခွန်းလိုက်ရာ မင်းကြီး ပစ်တဲ့မြှားဟာ ဘာအကာအရံမှ မရှိပဲ သာမာဝတီတို့ထံ မသွားပဲ မင်းကြီးရဲ့ ရင်ဝတဲ့တဲဆီကို ဦးတည်လားပါတယ်။

ထိုအချင်းအရာကို မြင်တော့ မင်းကြီးဟာ တုန်လှုပ်ခြောက်ခြားပြီး “ သက်မဲ့ဖြစ်တဲ့ မြှာက သူတော်ကောင်း သာမဝတီရဲ့ကျေးဇူးတရားကို သိတတ်ပါလားဆိုကာ မင်းကြီးဟာ ပြစ်မှားမိတာတွေကို ခွင့်လွှတ်ဖို့ သာမာဝတီ ရှေ့မှာ ဒူထောက်တောင်းပန်ပါတော့တယ်။

သာမာဝတီက “ အရှင်မင်းကြီး ကျမကို အားကိုးရာအဖြစ် မသတ်မှတ်ပါနဲ့ ဗုဒ္ဓကိုသာ အားကိုးရာ”ဟု သတ်မှတ်တော်မူပါလို့ ပြောပါတယ်။

သုံးကြိမ်တိုင်အောင် သာမာဝတီကို တောင်းပန်သော်လည်း ဘုရားကိုသာ အားထားဖို့အကြောင်း ပြောနေတော့ မင်းကြီးက “ အိမ်း.. ကောင်းပြီး မင်းကိုလည်း အားကိုးပါတယ်၊ ဗုဒ္ဓကိုလည်း ကိုးကွယ်ပါတယ်၊ မင်းကိုလည်း လိုရာဆုပေးပါတယ်” လို့ပြောလိုက်ပါတယ်။

သို့သော်လည်း သာမာဝတီက အဘယ်ဆုရယ်ဟု မတောင်းဆိုခဲ့သေးပါဘူး

နောက်တနေ့ .. ဥတေနမင်းကြိး ဗုဒ္ဓထံသို့ ချဉ်းကပ်ခါ “ ရှင်တော် မြတ်ဘုရားကို ကိုးကွယ်ရာ အဖြစ် ဆည်းကပ်ပါ၏လို့” လျှောက်ထားပြီး ဘုရားအမှူးရှိသောသံဃာတော်များကိုနန်တော်မှာ ဆွမ်းပင့် ကပ်ပါတယ်။

အလှူပွဲကြီး ခုနစ်ရက်တိုင်တိုင်ကျင်းပအပြီးမှာ “ကဲ.. သာမာဝတီ..သင်လည်း လိုရာ ဆုကို တောင်းပါလော့”ဟု မင်းကြီးက အမိန့်ရှိသောအခါ…။

“ တပည့်တော် ရွှေ၊ ငွေ ရတနာ လက်ဝတ် တန်ဆာ အဖြာဖြာကို မယူလိုပါ တပည့်တော်မ ယူလိုတဲ့ ဆုက .. မြတ်စွာဘုရားနှင့် သံဃာတော်များ နန်းတွင်းမှာ မပြတ်ကြွလာပါစေ တပည့်တော်များ တရားနာချင်ပါတယ် ဤဆုကို ပေးတော်မူပါလို့” တောင်းတော်မူပါတယ်။

နောက်နေ့များမှာ .. မင်းကြီးရဲ့ ခွင့်ပြုချက်နဲ့ နန်းတွင်းမှာ အရှင်အာနန္ဒာ ဦးဆောင်ပြီးသံဃာတော်များ မပြတ်ကြွရောက်ခါ တရာတော်များ ဟေားကြားပါတယ်။

သာမာဝတီတို့ မီးတိုက်ခံရ

သာမာဝတီတို့အဖွဲ့ဟာ ဗုဒ္ဓနှင့်သံဃာတော်တည်းဟူသော သူတော်ကောင်းများနှင့် ပေါင်းသင်းဆက်ဆံရ၍ စိတ်ကောင်းနှလုံးကောင်းများရှိပြီး မေတ္တာဘာဝနာ အပြည့်ဖြင့်နေနိုင်ကြပါတယ်။ မင်းကြီးလည်း သာမာဝတီရဲ့ ကျေးဇူးကြောင့် စိတ်ကောင်းနှလုံးကောင်းရှိသော မင်းတစ်ပါးဖြစ်လာပါတယ်။

သို့သော်လည်း ဒေါသရဲ့ ကျေးကျွန်ဖြစ်နေသော မဏ္ဍီမှာ သူရဲ့လုပ်ရပ်များ မအောင်မြင်လို့ စိတ်ထဲမှာ မကျေနပ်နိုင် နောက်တကြိမ် သာမာဝတီကို ဘယ်လို အပြတ်ခြေမှုန်းရမလဲဆိုတာတွေးတောနေပါတယ်။

တနေ့ မင်းကြီးဥယျာဉ်တော် ကစားသွားတာကို အခွင့်ကောင်းယူကာ သူကိုယ်တိုင်း မင်းကြီး နောက်လိုက်ပါသွားပြီး ဦးရီးတော်အား တိတ်တဆိတ် သာမာဝတီတို့နေသော အဆောင်း မီတိုက်ရန် မှာခဲ့ပါတယ်။

သာမာဝတီတို့အဖွဲ့လည်း ကြမ္မာဝဋ်ကြွေး ပြေးမလွတ်သာ ဆိုသကဲ့သို့ အဆောင်တွင်းမှာ ကမ္မဋ္ဌာန်း စီဖြန်းရင်းဖြင့် သောတာပန် ၊ အနာဂါမ်၊ စသည်အဆင့်ဆင့်ရောက်ကာ ဘဝနိဂုံးချုပ်ရပါတယ်။

သာမာဝတီရဲ့အတိတ်ကံကြမ္မာ
ရှေးအခါက ဗာရာဏသီပြည်မှာ မင်းကြီးရဲ့ နန်တွင်းမှာ မပြတ်ဆွမ်းရပ်တော်မူတဲ့ ပစ္စေဗုဒ္ဓါ ၈-ပါးရှိခဲ့ဖူးပါတယ်။ သာမာဝတီလောင်း မောင်းမငါးရာတို့လည် ထိုပစ္စေကဗုဒ္ဓါရှစ်ပါးကို ဆွမ်းလောင်းလှူရပါတယ်။

တစ်နေ့ ပစ္စေဗုဒ္ဓါ ၈-ပါးတွင် ၇-ပါးက ဟိမဝန္တာတောကို ကြွသွားပြီး ကျန်တစ်ပါးက မြစ်ကမ်းနားရှိ မြက်ချုံပုတ်ကြီး တခုမှာ ဈာန်ဝင် စားကာ နေရစ်ခဲ့ပါတယ်။

နောက်တစ်နေတွင် မင်းကြီးဟာ မောင်းမငါးရာကို ခေါ်ရာ မြစ်ဆိပ်ကိုရေ ကစားထွက်ကြပါတယ်။ မောင်းမတို့ဟာ တစ်နေလုံးရေကစားရတာ အလွန်တရာချမ်းအေးသည့်အတွက် မီးလှုံဖို့ရာ နေရာရှာရင်းက ပစ္စေကဗုဒ္ဓါအရှင်သူမြတ် ဈာန်ဝင်စားရာ ချုံပုတ်ကို မီးရှို့မိရာ မြက်များ လောင်၍ ပြာကျပြီးမှ ဈာန်ဝင်စားနေသော အရှင်မြတ်ကို တွေ့မြင်ကြပါတယ်။

ထိုနောက် .. ငါတို့ဘုရင်မင်းမြတ် တွေ့ရင် ငါတို့တော့ သတ်ခံရမှာပဲဟု တွေးတောကာ ပစ္စေကဗုဒ္ဓါကို ဆက်လက်၍ မိးရှို့ လိုက်ကြပါတယ်။

ပထမအကြိမ် မသိ၍ မီးရှို့မိခြင်းက ကံမမြောက်သေးသောလည်း နောက်တကြိမ် စိတ်ပါလက်ပါ မီးရှို့လိုက်ရာ စေတနာပါသေကြောင့် အကုသိုလ်ကံ မြောက်သွားပါတယ်။

ဈာန်ဝင်စားနေသော ဘုရား၊ ရဟန္တာ ၊ဗုစ္စေကဗုဒ္ဓတို့မည်သည်ကား မည်သို့ပင် မီးရှို့သည်ဖြစ်စေ လောင်မြိုက်ခြင်း မရှိပါ။ နောက် ၇-ရက်မြောက်သောနေ့တွင် ဈာန်သမာပတ်မှ ထကာ လိုရာသို့ ကြွသွားပါတယ်။

ဤကဲ့သို့ ပစ္စေကဗုဒ္ဓါကို မီးရှို့ခဲ့တဲ့ အကုသိုလ်ကံကြောင့် ယခုပစ္စုပ္ပန်ဘဝတွင် မောင်းမငါးရာနှင့်တူ အဆောင်တွင်းမှာ သာမာဝတီတို့ မီးရှို့ခံရခြင်းဖြစ်ပါတယ်။

သို့သော်လည်း သာမာဝတီနှင့် မောင်းမများဟာ မမေ့မလျောသော သတိတရားဖြင့် နေထိုင် သွားသောကြောင့် နိဗ္ဗာန်ချမ်းသာကို ရရှိသွားကြပါတယ်။

သာမဝတီကို နှလုံးမှု၍ မေတ္တာတရာ၊ အပ္ပမာဒတရားတို့ဖြင့် လူဘဝကို ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်ကြပါစေ။

 from
မြန်မာဗုဒ္ဓသာသာအသင်း၊ ကနေဒါ ·

Tuesday, January 21, 2014

သာမာဝတီ မိဖုရား

သာမာဝတီ (၁)

သာမာဝတီမိဖုရားဟာ ဗုဒ္ဓသမိုင်းတွင် မှတ်တမ်းတင်ခံရတဲ့ အမျိုးကောင်းသမီး တစ်ယောက်ဖြစ်ပါတယ်။ သူရဲ့မေတ္တာစွမ်းအား ၊ သူရဲ့စိတ်နေစိတ်ထားဟာ ယနေ့ထက်တိုင် ဗုဒ္ဓဘာသာအမျိုးသမီးများ စံထားထိုက်တဲ့ အမျိုးသမီးတစ်ယောက်ပါပဲ။

ဗုဒ္ဓလက်ထက်က ကောသမ္ဗီပြည်မှာ ဃောသက သူဌေးနှင့် ခေတ်ပြိုင် ဘဒ္ဒဝတီမြို့မှာလည်း ဘဒ္ဒဝတီဆိုတဲ့ သူဌေးတစ်ဦးရှိခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်ယောက်နှင့် တစ်ယောက်လူခြင်း မမြင်ဘူးကြပေမယ့် လုပ်ငန်
ခြင်း ဆက်စပ်ကာ မိတ်ဆွေ
တွေဖြစ်နေကြပါတယ်။

ခရီးသွားကုန်သည်များမှတဆင့်လည်း တစ်ယောက်နှင့်တစ်ယောက် လက်ဆောင်ကဏ္ဏာများ ပေးလေ့ရှိပါတယ်။
ထိုသို့နေလာခဲ့ရာ ဘဒ္ဒဝတီ သူဌေးအိမ်မှာ ကူးစက်ရောဂါ ကျရောက်လာပါတယ်။ အဲဒီရောဂါဟာ ယခုခေတ် H1N1 ကြက်၊ ငှက်တုပ်ကွေးရောဂါလို တိရစ္ဆာန်မှ တဆင့်လူတွေကို ကူစက်တက်ရောဂါ ဖြစ်လာပါတယ်။

ဒါကြောင့် ဘဒ္ဒဝတီသူဌေးဇနီမောင်တို့ တစ်ဦးတည်သော သမီး သာမာဝတီကို လက်ဆွဲခေါ်ကာ ထွက်ပြေလာခဲ့ကြပါတယ်။

စောစောပိုင်းက ခြေဦးတည့်ရာ ထွက်ပြေးကြပေမယ့် ရက်တွေအနည်းငယ်ကြာလာတဲ့ အခါ မိတ်ဆွေ ဃောသက သူဌေးရှိရာ ကောသမ္ဗီပြည်ဘက်ကို ထွက်ပြေးသွားကြပါတယ်။ ဒီလိုနဲ့ သားမိသားဖ သုံးယောက်သဘာအန္တာရာယ်တွေကိုကြံ့ကြံ့ခံရင်းနဲ့
ကောသမ္ဗီပြည်နားကို ရောက်သွားပါတယ်။

ထိုနောက် စိတ်အေးလက်အေး အနီးနာမှ ဇရပ်တစ်ခုဝင်ကာ ရေမိုးချိုးရန် အနားယူလိုက်ကြပါတယ်။

ထို့နောက် လင်ယောက်ျားဖြစ်သူက “ညီမ.. ငါတို့ ဒီလို စုတ်စုတ်ပြက်ပြက် အာဟာရပြတ်နဲ့သွားရင် မွေးထားတဲ့ မိခင်ရင်းတောင် ကြည့်ချင်မှာ မဟုတ်ဘူး ၊ မိတ်ဆွေဃောသက သူဌေး အမြဲတန်း အလှူပေးနေတယ် ကြားဖူးတယ် အဲဒီအလှူမဏ္ဍပ်ကို သမီးလေးကို ထမင်းယူခိုင်းပြီး နှစ်ရက်သုံးရက်လောက် ဒီဇရပ်မှာ အာဟာရဖြည့်
တင်းပြီးမှ သွားကြရင် မကောင်းဘူးလာ”လို့ တိုင်းပင်တော့ အားလုံးပဲ သဘောတူလိုက် ကြပါတယ်။

နောက်တစ်နေ့ သာမာဝတီက ဃောသကရဲ့အလှူပေးမဏ္ဍပ်မှာ ထမင်းသွားတောင်းရာ .. မိတ္တသူကြွယ်က “ ဘယ်နှစ်ယောက်စာလဲ သမီးလို့” မေ့တော့ သုံးယောက်စာပါဟု ပြေသောကြောင့် သုံးယောက်စာ ထည့်ပေးလိုက်ပါတယ်။
ဇရပ်ကိုရောက်တော့ ပထမ သားမိသာဖသုံးယောက်သားအတူစားဖို့ပါပဲ ။ ဇနီးဖြစ်သူက လင်ယောက်ျားကို ငဲ့လို့ ရှင်သာအရင်စားပါ ၊ မကုန်တော့မှ သားမိနှစ်ယောက်စားပါမယ့်ဟု ဆိုသဖြင့် သူဌေးကြီ ငတ်ငတ်နဲ့ စားလိုက်တာ အာသာမဖြတ်နိုင်ပဲ ဗိုက်ကွဲအောင်စားလို့ နောက်နေ့နံက်မှာ အစာမချက်နိုင်ပဲ သေဆုံးသွားခဲ့ပါတယ်။

နောက်တစ်နေ့ အလှူခံမဏ္ဍပ်မှာ သမီဖြစ်သူက နှစ်ယောက်စာတောင်းပြီး မိခင်ကြီး အရင်စားစေရာ .. မိခင်ကြီးလည်း ဖခင်နည်းတူ အစာမချက်နိုင်ပဲ
သေဆုံးရပြန်ပါတယ်။

နောက်နေ့မှာ တစ်ယောက်တည်း အလှူခံမဏ္ဍပ်မှာ တစ်ယောက်စာ သွားယူတော့ ထမင်းဝေတဲ့ သူဌေးကြီး သာမာဝတီရဲ့ ဇာတ်လမ်းစုံကို သိရလို့ သမီးအရာထား မွေးစားလိုက်ပါတယ်။

သာမာဝတီ တစ်ယောက် သူဌေးအိမ်ရောက်အပြီးမှာ အားလုံးစည်းကမ်းတကျရှိပြီး အလှူခံမဏ္ဍပ်မှာလည်း အရင်ကလည်း ဆူဆူညံညံမရှိတောပဲ ငြိမ်ငြိမ်သက်သက်နဲ့ စိတ်ချမ်းသာစရာ အလှူပွဲကြီးဖြစ်လာပါတယ်။

သာမာဝတီရဲ့ မူလနာမည်ဟာ “ သာမာ” ပဲဖြစ်ပါတယ်။ စိတ္တသူကြွယ်အိမ်ရောက်ပြီး အလှူပေးမဏ္ဍပ်မှာ အကာအရံတွေဖြင့် .. စည်းကမ်းရှိရှိ စီမံတတ်လို့ ( ဝတီ) တစ်လုံးထပ်တိုးကာ “ သာမာဝတီ” ဆိုတာဖြစ်လာရ ပါတယ်။

ထို့နောက် ဃောသက သူဌေးက အိမ်ရှေ့အလှူခံမဏ္ဍပ်မှာ ဆူဆူညံညံ မကြားရလို့ ဘယ်လိုဖြစ်တာလဲလို့ မေးတော့ သမီးသာမာဝတီရဲ့ စီမံခန့်ခွဲမှုကြောင့်ဟု ပြောကြရင်းနဲ့ သာမာဝတီတို့ရဲ့ဘဝ ဖြစ်စဉ်ကိုပြောပြရာ.. သူဌေးဃောသကမှ " ဒါငါ့မိတ်ဆွေ သမီးပဲ ငါမွေးစားမယ်ဆိုကာ အခြံအရံများနှင်တကွ သမီးအရာကို တင်မြောက်လိုက်ပါတယ်။

တစ်နေ့သောအခါ ကောသမ္ဗီပြည်မှာ နက္ခတ်သလဘင်ပွဲ ခြိမ့်ခြိမ့်သဲ ရှိလို့ သာမာဝတီ ပျိုကညာတို့ တစ်စု ရေချိုးဆင်းရာမှ ဥတေနမင်းကြီး သာမာဝတီကိုမြင်လို့ သဘောကျကာ တော်ကောက်လိုက်ပါတယ်။

နန်းတော်သို့ရောက်တော့လည်း အဘိသိက် သွန်းလောင်ကာဖြင့် အဂ္ဂမဟေသီ မိဖုရာကြီးအရာမှာ ထားတော်မူပါတယ်။

သာမာဝတီဟာ ဗုဒ္ဓတရားတော်များကို ပန်းဆက်သနေတဲ့ ခုဇုတ္တရာမှ တဆင့်နာကြားရလို့ ဗုဒ္ဓရဲ့ တပည့်မတွေဖြစ်နေပါတယ်။

သာမာဝတီနဲ့ မောင်းမငါးရာတို့ ခုဇုတ္တရာဆီမှ တဆင့်တရားနာရတာ အားမရလို့ ဗုဒ္ဓကို ဖူးတွေချင်ကြောင်း၊ ပန်းနံ့သားများလည် လှူဒါန်းလိုကြောင့်တောင်းဆိုလာပါတယ်။ နန်းတွင်း မိဖုရားတွေဆိုတော့ ဗုဒ္ဓကို ဖူးတွေ့ဖိုရာ ခက်ခဲတာကြောင့် ခုဇုတ္တရာရဲ့ အစီအမံနဲ့ မြတ်စွာရား မြို့တွင်း သူဌေးသုံးဦးထံ ကြွသောအခါ ဖူး မျှော်ဖို့ မိမိတို့တဲအခန်းမှာ အပေါက်ကလေးတွေ ဖောက်ထားကြပါတယ်။ မြတ်စွာဘုရားကြွလာတဲ့ အခါ အဲဒီ အပေါက်ကလေးတွေက ဖူးမျှော်ပြီး ပန်းနန့်သာများလည် ပူဇော်ကြပါတယ်။

တစ်နေသောခါ မာဂဏ္ဍီမိဖုရာ သာမာဝတီတို့အဆောင် အလည်လာရင်း အပေါက်ကလေးတွေမြင်တော့ “ အဲဒါ ဘာလုပ်တဲ့ အပေါက်တွေလဲ” လို့ မာဂဏ္ဍီကမေးပါတယ်။ သာမာဝတီတို့လည်း ရိုးရိုးသားသား မာဂဏ္ဍီနဲ့ဗုဒ္ဓတို့ ရန်ငြိုရှိတာကို မရိပ်မိတာနဲ့ အမှန်တိုင်း ဗုဒ္ဓကိုဖူးမျှော်ဖို့ဆိုတာ ပြောလိုက်ပါတယ်။

ဆက်ရန် ( ၂)

Shared from Burmese Buddhist Society, BC

Monday, January 20, 2014

ပြာသိုလပြည့် အမေနေ့


ပြာသိုလပြည့် အမေနေ့ 


ယခင်ကဆို ပြာသိုလမှာ တရားပွဲစီစဉ်သူများက "အမေနေ့" အထူးတရားပွဲဆိုပြီး သတ်မှတ်ကာ ပင့်ကြတယ်။
  
ဆရာကြီးဦးသုခက ပြာသိုလပြည့်နေ့ကို အမေနေ့ရယ်လို့ပြောပြီး ဟောပြောပွဲတွေနဲ့ လမ်းဖောက်ခဲ့လို့ "အမေနေ့" ဆိုတာဖြစ်လာခဲ့တာ။
  
ဆရာကြီးက အေးချမ်းတဲ့ရာသီမို့ အမေ့မေတ္တာကို ကိုယ်စားပြုပြီး အမေနေ့လို့သတ်မှတ်ကာ မိဘဂုဏ်ကျေးဇူးတွေကို အောက်မေ့အမှတ်ရလျက် ကျေးဇူးဆပ်ကြဖို့၊ မပြစ်မှားကြဖို့ ခေတ်လူငယ်တွေကို အသိပေးချင်ပုံရပါတယ်။
ဗုဒ္ဓဒေသနာတော်မှာတော့ ပြာသိုလပြည့်နေ့ကို အမေနေ့ရယ်လို့ တသီးတသန့် ဟောထားတာမရှိပါ။
  
မိဘကျေးဇူးကို သိတတ်ခြင်းကား လူသာဓုခေါ်၊ နတ်သာဓုခေါ် ကောင်းတဲ့ကိစ္စပါ။ မြန်မာတို့ရဲ့လူမှုနယ်ပယ်မှာ မိဘဆိုတာအိမ်ဦးခန်းမှာ အပိုင်စားနေကြရသူတွေ၊ စားဦးစားဖျားကိုလည်း ဦးချခံစားကြရသူတွေ ဖြစ်ပါတယ်။ မိသားစုထမင်းဝိုင်းမှာ မိဘကိုဦးချပြီးမှ စားကြရတဲ့ဓလေ့ အမှန်ရှိခဲ့ပါတယ်။ ကြက်သားဟင်းချက်ရင် မိဘဟာ အလေးအမြတ်ထားဦးချခံဖြစ်လို့ အသည်းအမြစ်ကို စားကြရသူတွေဖြစ်ပါတယ်။ မိသားစုထမင်းဝိုင်းနဲ့ ကြက်သားဟင်း သူစိမ်းပြင်ပြင် အလှမ်းဝေးကွာလှတဲ့ ယနေ့ခေတ်မှာတော့ မိဘတို့ ဦးချခံ စားဦးစားဖျား ယဉ်ကျေးမှုရှိနိုင်ကြသေးရဲ့လားမသိ။

မင်္ဂလသုတ်မှာ "မာတာပိတုဥပဋ္ဌာနံ- မိဘတို့ကို ပြုစုလုပ်ကျွေးခြင်းသည် စီးပွားချမ်းသာကို ပြီးစေတတ်သဖြင့် ကောင်းမြတ်တဲ့မင်္ဂလာ" လို့ ဟောကြားတော်မူပါတယ်။ မိဘကိုမပြုစု၊ မလုပ်ကျွေးတဲ့ သားသမီးကို ၀သလ-လူယုတ်မာလို့လည်း မိန့်တော်မူပါတယ်။ (၃၈) ဖြာ မင်္ဂလာတရားနဲ့ ယဉ်ပါးနေတဲ့ မြန်မာလူမျိုးတို့အဖို့ မိဘကိုပြုစုလုပ်ကျွေးခြင်းဟာ တသီးတသန့်ရယ်လို့ ပြောနေစရာကို မလိုပါ။ (၃၈) ဖြာမင်္ဂလာနဲ့ ဝေးကွာလာတဲ့အပြင် ကျပ်တည်းဆင်းရဲလှတဲ့ ယနေ့ခေတ်မှာတော့ မိအိုဖအိုတို့လမ်းပေါ် ကိုယ့်ဝမ်းစာကိုယ်ရှာပြီး တောင်းရမ်းစားသောက်နေကြတာကို ဂျာနယ်တို့၊ သတင်းစာတို့မှာ တွေ့နေရပါတယ်။
  
အမေဆိုတာ သားသမီးကို နို့ချိုတိုက်ကျွေးသူ၊ သားသမီးကို မြတ်နိုးယုယသူဖြစ်ပါတယ်။ အဖေဆိုတာကတော့ သားသမီးကို စောင့်ရှောက်တတ်သူဖြစ်ပါတယ်။
  
အလှပျက်မှာစိုးလို့ သားသမီးကို နို့မတိုက်တဲ့အမေနဲ့၊ သားသမီးကို မစောင့်ရှောက်တဲ့အဖေတို့ကို မိဘဆိုတဲ့အသိနဲ့ ကျေးဇူးသိတတ်တဲ့ သားလိမ္မာ၊ သမီးလိမ္မာတွေ အမြောက်အမြားရှိကြသလို ကျကျနန မွေးမြူစောင့်ရှောက်ပါလျက်နဲ့ ကျေးဇူးမသိတတ်တဲ့ သားဆိုးသမီးမိုက်တွေလည်း ပေါမှပေါရယ်။
  
မိဘကို ပြုစုလုပ်ကျွေးခြင်းဆိုတာ ခြေဆေးပေးခြင်း၊ နှိပ်နယ်ပေးခြင်း၊ ရေချိုးပေးခြင်း၊ စားသောက်ဖွယ်ရာ၊ နေထိုင်စရာ၊ ဆေးဝါးကုသပေးခြင်း၊ အ၀တ်အထည်ဆင်မြန်းပေးခြင်းတို့ ဖြစ်ပါတယ်။
  
မိဘတို့ကို ပြုစုစောင့်ရှောက်လုပ်ကျွေးခြင်းဖြင့် ဘေးရန်ကင်းပုံ၊ အကျိုးခံစားရပုံကို ဟောကြားခဲ့တဲ့ ဇာတ်တော်တွေ ပိဋကတ်တော်မှာ များစွာတွေ့ရပါတယ်။
  
ဆော့ကစားတဲ့အရွယ်မှာ ဖုန်များ အညစ်အကြေးများနဲ့ ပေကျံနေဦးတော့ မြတ်မြတ်နိုးနိုးနဲ့ သားသမီးကို ပွေ့ပိုက်နမ်းရှုပ်တတ်တာ အမေများသာဖြစ်ပါတယ်။
  
"မြင်းမိုရ်တောင်ဦး၊ မကကြူးသား" ဆိုတာဟာ မိဘတို့ဂုဏ်ကို အမှန်တကယ်မြင်သူတို့ ချီးကျူးခဲ့တာပါ။ ရုပ်ဝတ္ထုတို့ အဆန်းတကြယ် တိုးတက်ခေတ်မီလာတဲ့ ယနေ့ခေတ်မှာ ခေတ်ကိုလိုက်ပါရင်းနဲ့ မိဘတို့အပေါ် မေတ္တာစေတနာ အားပျော့လာတာတွေကိုလည်း ရိပ်စားမိကြမယ်ထင်ပါတယ်။
  
"မြစ်ရေမှန်သမျှ ရေချိုများသာဖြစ်ပြီး အမြဲစီးဆင်း၏။ ပင်လယ်သမုဒ္ဒရာသို့ရောက်သွားသော် သောက်မရဖြစ်သွား၏။ မိဘဂုဏ်ကျေးဇူးသည်လည်း ကျေးဇူးတရားနားလည်သူများမှာသာ အမှန်ဂုဏ်ဖြစ်၏။ ကျေးဇူးဂုဏ်ကို မသိသူများသို့ရောက်ပါက အပြစ်သာဖြစ်ရတော့သည်" ဟု နီတိမှာဆိုပါတယ်။
  
သားသမီးတို့ကို ဖ၀ါးလက်နှစ်လုံး ပခုံးလက်နှစ်သစ်အရွယ်မှစ၍ ရှင်သန်ကြီးထွားစေရန် နည်းမျိုးစုံနဲ့ ပြုစုစောင့်ရှောက်ကြတယ်။ မိခင်က နို့ချိုတိုက်ကျွေးတယ်။ ၀ါးဖတ်ကလေးတွေ ခွံ့ကျွေးတယ်။ အမေရဲ့နှလုံးသားမှ စီးဆင်းတဲ့သွေးဟာ အမေ့မေတ္တာကြောင့် အရောင်နဲ့အရသာပြောင်းလျက် နို့ရည်ဖြစ်တာလို့ ဆိုပါတယ်။
သားသမီးတွေကို လောကကြီးအကြောင်းသိအောင်၊ မြင်အောင်၊ နေတတ်၊ ထိုင်တတ်၊ ပေါင်းတတ်၊ သင်းတတ်ရှိအောင် လက်ညှိုးညွှန်ပြ ဆုံးမကြပါတယ်။ သားသမီးတို့ကို လူဖြစ်အောင် ထုဆစ်ပေးလိုက်သူများဟာ မိဘတို့သာဖြစ်ပါတယ်။ သားသမီးဆိုတာ မိဘရှိမှဖြစ်ကြရတာပါ။ ဒါနဲ့တင် မိဘတို့ရဲ့ဂုဏ်ကျေးဇူးကို သိနိုင်ပါတယ်
သားသမီးတွေကို လောကကြီးအကြောင်းသိအောင်၊ မြင်အောင်၊ နေတတ်၊ ထိုင်တတ်၊ ပေါင်းတတ်၊ သင်းတတ်ရှိအောင် လက်ညှိုးညွှန်ပြ ဆုံးမကြပါတယ်။ သားသမီးတို့ကို လူဖြစ်အောင် ထုဆစ်ပေးလိုက်သူများဟာ မိဘတို့သာဖြစ်ပါတယ်။ သားသမီးဆိုတာ မိဘရှိမှဖြစ်ကြရတာပါ။ ဒါနဲ့တင် မိဘတို့ရဲ့ဂုဏ်ကျေးဇူးကို သိနိုင်ပါတယ်။
  
ဗြဟ္မာတို့သည် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားလေးပါး မကင်းကွာဘဲနဲ့ နေကြသလို မိဘများကလည်း သားသမီးတို့အပေါ် ဗြဟ္မစိုရ်တရားလေးပါး မကင်းဆိတ်ဘဲနဲ့ အမြဲနေနိုင်ကြပါသတဲ့။ ထို့ကြောင့် မိဘတို့ကို "ဗြဟ္မစိုရ် နှလုံးသားပိုင်ရှင်များ" လို့လည်း ဆိုပါတယ်။
  
ကိုယ်ဝန်ဆောင်ထားရပြီလို့သိကတည်းက မိဘတို့ဟာ "သားကလေး၊ သမီးကလေးတွေကို ခြေလက်အင်္ဂါပြည့်စုံ ကျန်းကျန်းမာမာနဲ့ မွေးဖွားလာဖို့ကို မေတ္တာစိတ်နဲ့ ကြိုတင်မျှော်တတ်ကြသတဲ့။ အင်္ဂါခြေလက်ပြည့်စုံစွာနဲ့ မွေးဖွားလာပြီဆိုတော့ မိဘတို့ရဲ့မေတ္တာစိတ်ဟာ တိုင်းဆမဲ့ဖြစ်ကြရသတဲ့။ အကယ်၍ အင်္ဂါခြေလက်မပြည့်စုံတဲ့ သားသမီးဖြစ်ခဲ့ရင်လည်း မေတ္တာမပျက်၊ ကရုဏာဖက်လျက် အသနားပင် ပိုကြရပြန်ရောတဲ့။
  
မွေးကင်းစအရွယ်၊ ပက်လက်စောင်း ယိုင်မထနိုင်တဲ့ နုနယ်မွေးကင်းစအရွယ်မှာ မှက်၊ ခြင်၊ ယင် မသန်းရလေအောင်၊ အအိပ်အနေ မဆင်းရဲရလေအောင်၊ ဆာလောင်မှုမဖြစ်ရလေအောင်၊ ချေးသေးတို့ စိုရွှဲမနေရလေအောင် ကရုဏာနဲ့ စောင့်ရှောက်ကြသတဲ့။ သားသမီးငိုသံကြားတယ်ဆိုရင်ပဲ ကြားတဲ့နေရာကပြေးလာတာ အမေပါ။ ကရုဏာက တိုက်တွန်းလို့ဖြစ်ပါတယ်။
  
ပြေးနိုင်၊ လွှားနိုင်၊ ဆော့ကစားနိုင်တဲ့အရွယ်၊ အတတ်ပညာ ပြည့်စုံတတ်မြောက်၊ စီးပွားဥစ္စာလည်း ကုံလုံကြွယ်ဝတဲ့ သားသမီးတို့ကို မုဒိတာနဲ့ကြည့်ပြီး ကြည်နူးကျေနပ်နေကြတာကလည်း မိဘများသာ ဖြစ်ပါတယ်။ သားသမီးတို့ ပြည့်စုံခြင်းကို မရှုဆိတ်တဲ့မိဘဆိုတာ လောကမှာမရှိပါ။
  
တစ်အိုးတစ်အိမ်ထူထောင်ပြီး၊ တသီးတခြားဖြစ်သွားတဲ့ သားသမီးတို့ကိုကြည့်ကာ "ငါ့သားကလေး၊ ငါ့သမီးကလေး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ပေပြီ အသက်မွေးဝမ်းကျောင်းနိုင်ပေပြီ" လို့ ကျေနပ်စွာနဲ့ ကြည့်ရှုတဲ့သဘောလည်းဖြစ်ကြသတဲ့။ ဒါကြောင့် "မိဘဆိုတာ ဗြဟ္မာကြီးတွေနဲ့တူတယ်လို့" ဟောခဲ့တာပါ။
  
သားသမီးတို့က အသက်ကြီးသွားတဲ့မိဘတို့ကို ပြန်လည်တုံ့ပြန်ကျွေးမွေးရမယ်။ မိဘတို့ရဲ့ကိစ္စကြီးငယ်အသွယ်သွယ်ကို စိတ်ပါဝင်စားစွာနဲ့ လိုက်ပါဆောင်ရွက်ကြရမယ်။ မိဘတို့ကျန်ရစ်ခဲ့တဲ့ အမွေအနှစ်ကို ခံစားထိုက်တဲ့သားလိမ္မာ။ သမီးလိမ္မာလေးများဖြစ်ကြရမယ်။ မိမွေဖမွေတို့ကို မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်စွမ်းရှိကြရပါမယ်။ (မိဘက ဒါန၀တ်ရှိခဲ့ရင် အဲဒီဒါန၀တ်ကိုမပျက်စေရပါဘူး။) ကွယ်လွန်သွားတဲ့ မိဘတို့ကို ရည်ညွှန်းပြီး ကုသိုလ်ပြု၊ အမျှပေးဝေကြရပါမယ်။
  
မသေခင်မိဘကို ကျွေးရမယ်။ သေမှငိုနေလို့ အကျိုးမထူးဆိုတာကို သိကြပါတယ်။ အိမ်ဦးခန်းမှာ အိမ်မှာမိဘရှိနေတာကိုက ကျက်သရေရှိတယ်လို့ လက်ခံထားကြတဲ့ လူမျိုးဖြစ်ပါတယ်။ ဒါပေမဲ့ ကရင်ဒုံးယိမ်းကသလိုမျိုး တစ်မိသားစုလုံး လှုပ်ရှားနေကြရတဲ့ ဒီခေတ်ကြီးမှာ မိဘကိုစိတ်တိုင်းကျပြုစုဖို့ရာမှာ အခွင့်မသာ၊ အခါမသင့်ဖြစ်နေကြရရှာပါတယ်။ အမေကိုရှိခိုးပြီးမှအိပ်၊ အဖေကိုရှိခိုးပြီးမှအိပ်၊ မိဘရှေ့မှာ အနေအထိုင် ဂါရ၀ရှိပါစေ။ ကုန်းပြီးတော့သွား၊ ရိုသေနှိမ်ချပြောဆိုကြဆိုတဲ့ အလေ့အကျင့်ကောင်းတွေ ဒီကနေ့ခေတ်မှာ မတွေ့ရသလောက်ဖြစ်လာပါတယ်။ "အမေနေ့" တရားပွဲများပင် ယခုမရှိတော့၊ အထူးတရားပွဲဆိုပြီး လုပ်နေကြလေရဲ့။
  
အခြေအနေအရ မိဘကို ကျေးဇူးမဆပ်နိုင်ကြသေးပေမယ့် ကျေးဇူးတော့ မကန်းကြနဲ့၊ မိဘကို မျက်ရည်တစ်စက်ကျစေခြင်းဟာ သားသမီးတစ်သက်လုံး ဆင်းရဲစေဖို့ဖြစ်ပါသတဲ့။ မိဘကိုစော်ကားတဲ့သားသမီး မြေမျိုတတ်တယ်လို့ပင် ရှေးက အယူအစွဲရှိကြပါတယ်။
  
မိတ္တ၀ိန္ဒကအမည်ရသူဟာ ပင်လယ်ခရီးကို မသွားရန်တားနေတဲ့ အမေ့ရင်ဝခြေထောက်နဲ့ စုံကန်ထွက်ခဲ့လို့ ပင်လယ်ပြင်မှာပင် မုန်တိုင်းမိပြီး ဒုက္ခရောက်ခဲ့ရတယ်။ အဆုံးမှာတော့ ဦးခေါင်းကိုခွဲတဲ့ငရဲပန်းကို ရွှေပန်းထင်ပြီး ခေါင်းပေါ်ကို ကိုယ်တိုင်တင်ထားတာ သွေးစိမ်းရှင်ရှင်ထွက်ပြီး ပြင်းထန်စွာခံစားရပါတယ်။
  
သားသမီးဘ၀မှာ သားကောင်းသမီးမွန် မဖြစ်ခဲ့သူများဟာ မိဘဖြစ်တဲ့အခါ သားဆိုးသမီးဆိုးနဲ့ ကြုံရတတ်ပါတယ်။ ကာလ၀ိပါက် နောက်ပိုးတက်လို့ ဆိုတယ်မို့လား။
  
မိဘရဲ့မေတ္တာကို အေးမြတဲ့ရေစင်နဲ့နှိုင်းယှဉ်ဖွဲ့ဆိုသလို ဂုဏ်ကျေးဇူးကို ခြေဖျက်တတ်တဲ့ သားသမီးဆိုးတို့အတွက် မိဘတို့ဟာ မီးနဲ့လည်း ဥပမာပေး ဆုံးမတော်မူခဲ့ပါတယ်။ မီးဟာ ရိုသေစွာသုံးစွဲသူတို့အတွက် အကျိုးပြုသလို မရိုမသေပေါ့ဆစွာ သုံးစွဲသူများအဖို့ လောင်ကျွမ်းခြင်းကို ဖြစ်စေပါတယ်။ သို့နှယ် မိဘတို့အပေါ် ဖောက်ဖောက်ပြန်ပြန် မှားမှားယွင်းယွင်း စော်ကားရင်တော့ ပစ္စုပ္ပန်မှာ ကသိကအောက် ဒုက္ခရေက်ကြရသလို သံသရာမှာလည်း ငရဲစတဲ့ဆိုးရွားတဲ့ ဘ၀တို့၌ ကျရောက်စေနိုင်ပါတယ်။
  
အရှင်မောဂ္ဂလာန်ဟာ ဘ၀တစ်ကွေ့မှာ မိဘကို ကိုယ်တိုင်ရိုက်သတ်ခဲ့တဲ့ပြစ်မှုကြောင့် နောက်ဆုံးတန်ခိုးရှင် ရဟန္တာအဖြစ်ရောက်သည့်တိုင်အောင် လူအရိုက်ခံရပြီး ပရိနိဗ္ဗာန် စံဝင်ခဲ့ရပါတယ်။ ငရဲကျရုံမျှမက သံသရာတစ်လျှောက်လုံး လူအရိုက်ခံရပြီး သေခဲ့ရပါတယ်။ ကံကြီးထိုက်ရင် ပရိတ်ရဲ့စွမ်းရည်ကိုပင် မခံစားရပါဘူး။
  
ဆင်းရဲနွမ်းပါးတဲ့ မိဘနှစ်ပါးကို ဆွမ်းခံကျွေးနေတဲ့ ရဟန်းတစ်ပါးကို ရဟန်းအများစုက ဒကာ၊ ဒကာမတွေ လှူဒါန်းတဲ့ ဆွမ်း၊ ဆွမ်းဟင်းကို မိဘတို့ကို ကျွေးရသလားလို့ ကဲ့ရဲ့ကြပေမယ့် မြတ်စွာဘုရားက သာဓုခေါ်တော်မူပြီး ဗုဒ္ဓကိုယ်တော်တိုင် မိဘကိုမြတ်မြတ်နိုးနိုးနဲ့ ပြုစုစောင့်ရှောက်တဲ့အကြောင်း သုဝဏ္ဏသျှံဇာတ်တော်ကို ဟောကြားခြင်းဖြစ်ပါတယ်။
  
သုဝဏ္ဏသျှံ ဇာတ်တော်မှာ မြားဆိပ်သင့်နေတဲ့ အလောင်းတော်ကို လာရောက်ကူညီတဲ့ ဗဟုသုန္ဒရီနတ်သမီးဟာ လွန်ခဲ့တဲ့ ခုနစ်ဘ၀က အမေတော်ဆပ်ခဲ့ဖူးသူ ဖြစ်ပါတယ်။ သေအံ့မူးမူးဖြစ်နေတဲ့ အလောင်းတော်ရဲ့ ကိုယ်အနှံ့ပျံ့နှံ့နေတဲ့ မြားဆိပ်ကို သစ္စာဆိုခြင်းနဲ့ ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။ မိခင်ဟောင်းနဲ့ မိဘနှစ်ပါးတို့ သစ္စာဆိုကြတဲ့ စကားတွေထဲမှာ "သုဝဏ္ဏသျှံဟာ မိဘကို အမှန်ပြုစုလုပ်ကျွေးနေသူ ဖြစ်ပါတယ်။ ဤမှန်ကန်တဲ့ သစ္စာစကားကြောင့် တက်နေတဲ့ အဆိပ်လျှောကျပါစေ" လို့ ဆိုကြခြင်းဖြစ်ပါတယ်။ ဇာတ်တော်အလို မိဘကို ပြုစုလုပ်ကျွေးခြင်းနဲ့ မိဘတို့သစ္စာပေါင်းစပ်ပြီး အဆိပ်သင့်ခြင်းကို ဖယ်ရှားဖျောက်ဖျက်နိုင်စွမ်းရှိတာကို မှတ်သားရပါတယ်။ မေတ္တသုတ်မှာ မေတ္တာကို အမေ့နဲ့တူတယ်လို့ မိန့်တော်မူခဲ့ပါတယ်။
  
မိဘမေတ္တာနဲ့ နှိုင်းယှဉ်ရင် မြေကြီးရဲ့ကျယ်ပြန့်ခြင်းဟာ ၀ါးရွက်လောက်ပဲရှိသတဲ့။ မြင်းမိုရ်တောင်ရဲ့ မြင့်မားခြင်းဟာ နွားဦးချိုမျှဖြစ်သတဲ့။ မဟာသမုဒ္ဒရာရဲ့ နက်ရှိုင်းခြင်းဟာ နွားခြေရာခွက်ထဲက ရေလောက်သာရှိသတဲ့။ မိဘတို့ရဲ့ မေတ္တာဟာ ရေထုမြေထုတို့ထက်မက ကြီးကျယ်သတဲ့။ အတိုင်းအဆမဲ့၊ အကန့်အသတ်မဲ့ခြင်း ဖြစ်ပါသတဲ့။
  
မိဘများရဲ့ကျေးဇူးကို ကျေအောင်ဆပ်ဖို့ရာမှာတော့ မိဘတို့ကို သီလဆောက်တည်ဖြစ်အောင်၊ လှူဒါန်းဖြစ်အောင်၊ ရတနာမြတ်သုံးပါးကို ဆည်းကပ်ဖြစ်အောင်၊ ပညာတိုးစေဖို့ တရားနာ၊ တရားအားထုတ်ဖြစ်အောင် ဆောင်ရွက်ပေးနိုင်ကြရပါမယ်။ သို့မှသာ ကျေးဇူးအကျေအမြတ်ဆုံး ကျေးဇူးဆပ်နည်း ဖြစ်ပါတယ်။ မိဘတို့ရဲ့ ကျေးဇူးဂုဏ်ကို သိမြင်ကြတဲ့ သားလိမ္မာ၊ သမီးလိမ္မာတို့သည် မိဘတို့ကို ပြုစုလုပ်ကျွေးခြင်းနဲ့ ကျေးဇူးဆပ်ကြပါတယ်။ အဲလိုကျေးဇူးသိခြင်းကို ပညာရှိသူတော်ကောင်းတွေက ချီးမွမ်းကြပါတယ်။ ဒါ့အပြင် သေရင်လည်း အာရုံကောင်းတွေနဲ့ ပေါင်းစုရတဲ့ အထက်တန်းဘ၀တို့သို့ ရောက်ကြရကြောင်း ဗုဒ္ဓကိုယ်တော်တိုင် ဟောတော်မူခဲ့ပါတယ်။ သားသမီးတိုင်း မိဘတို့ရဲ့ဂုဏ်ကျေးဇူးကို သိကြတဲ့သားလိမ္မာ၊ သမီးလိမ္မာများ ဖြစ်နိုင်ကြပါစေ-ဟူ၍သာ။

အရှင်ပညာသီဟာဘိဝံသ (တရားဦးဓမ္မစကြာ)