လူသားနှင့် principle
”အတွေးအခေါ်ပညာရှင်
တစ်ယောက် ရဲ့ အဆိုအရ ကမ္ဘာပေါ်မှာ ကျင့်သုံးနေကြတဲ့ principle ကို နှစ်မျိုး
နှစ်စား ခွဲခြားနိုင်တယ် ဘုရား။ အဲဒါတွေက ဘာတွေလဲဆိုရင်
၁။ Win-Win
principle
၂။ Win-Lost principle တို့ ဖြစ်ပါတယ်ဘုရား။
Win-Win principle
ဆိုတာ အနိုင်အရှုံးမတွက်ဘဲ တန်း တူညီတူရှိမှုကိုဖြစ်စေလိုတဲ့ သဘောထားမျိုး
ဖြစ်ပြီး သူပြုံးနေမှငါပျော်၊ ငါတော်ရင် သူထက်မြက်ရမယ်လို့ နှလုံးသွင်းပြီး
အရာရာကို လုပ်ကိုင်ပြောဆိုကျင့်ကြံတတ်တဲ့ ဝါဒမျိုးပေါ့။
Win-Lost
principle ဆိုတာကတော့ အနိုင် အရှုံးကို ရလိုပိုင်ဆိုင်လိုတဲ့ သဘောထားမျိုး
ဖြစ်ပြီး သူရှုံးရင်ငါပျော်၊ ငါတော်ရင် သူညံ့ရမယ်လို့ နှလုံးသွင်းပြီး
အရာရာကို လုပ်ကိုင် ပြောဆို ကျင့်ကြံတတ်တဲ့ ဝါဒမျိုးပါ။ Win-Win principle
သမားကတော့ ဖြစ်သင့်မှု သမ္မာဆန္ဒနှင့် မေတ္တာကို ထွေးပိုက်ထားတယ်။
Win-Lost
principle သမားက ဖြစ်ချင်မှု လောဘတဏှာနဲ့ဒေါသတို့ကို ထွေးပိုက်ထား တယ်။
အဲဒီလိုနှစ်မျိုးရှိတဲ့အနက် ကမ္ဘာပေါ်ရှိ လူသားအားလုံးနီးပါးက Win-Lost
principle ကိုသာ ကျင့်သုံးခဲ့ကြတယ်။ အခုလည်း ကျင့်သုံးနေကြဆဲပါပဲ။
ဒါကြောင့်လည်း ကမ္ဘာကြီးဟာ ထိခိုက်မှုဒဏ်ရာရမှုများစွာနဲ့ နာကျင် နေရတာ
အရှင်ဘုရားတို့အသိပဲ။ မီးလောင် မြှိုက်ခံရတဲ့ သားကောင်တစ်ကောင်လို
ပူလောင်မှုတွေနဲ့ ငိုညည်းနေရတယ်လေ။ ကြည့်လေ..စစ်ပွဲအာဃာတတွေနဲ့
ခါးသီးတဲ့အရသာကို ကြိတ်မှိတ်ခံစား နေရတာတွေ။
လောဘဒေါသမာန်မာန
အငွေ့အသက်တွေနဲ့ မွန်းကျပ် ပိတ်လှောင် နေရတာတွေ၊ အေးငြိမ်းချမ်းသာမှုကို
ကမ္ဘာကြီးက မခံစားရသလောက်ပါပဲ။ အရွယ်နဲ့ မမျှအောင် ဒုက္ခခံစားနေရတဲ့
သူငယ်တစ်ယောက်လို ကမ္ဘာကြီးဟာ သူ့ရဲ့ အတိုင်းအတာနဲ့ မမျှအောင်
ဒုက္ခပေါင်းစုံနဲ့ စိုးရိမ်မှုသောကတွေကို ရင်ထဲမချိမဆံ့ ထွေးပိုက်ထားရတာပါ။
ဒါတွေဟာ ဘာ့ကြောင့်လဲ ဆိုရင် Win-Lost principle ဆိုတဲ့ သဘော
ထားမှုတွေကြောင့်ပေါ့။ သမိုင်းမတင်ရသေးတဲ့ ကျောက်ခေတ် လူသားကစပြီး
အခုအချိန်အထိ လူသား တွေရဲ့ အတိတ်ကမ္ဘာကို ပြန်ပြောင်းတူးဆွ ကြည့်ကြမလား။
Win-Lost principle ရဲ့ သာဓကပေါင်း မြောက်မြားစွာကို တွေ့မြင်ကြ ရမှာပါ။
ဟိုး..လွန်ခဲ့တဲ့ ဘီစီ (၃ဝဝဝ) သို့မဟုတ် (၂၅ဝဝ) ခန့်က အီဂျစ်နိုင်ငံရဲ့
နိုင်းမြစ် တစ်လျှောက်မှာ ကြီးကျယ်ခမ်းနားပြီး လက်ရာမြောက်လွန်းလှတဲ့
နန်းတော်လို အဆောက်အအုံတွေနဲ့ သိပ်ကို စည်ကားခဲ့တယ်ဆိုပဲ။ အဆောက်အအုံရဲ့
တချို့တိုင်လုံးတွေဆိုရင် လူပေါင်း တစ်ရာကျော်ကျော်လောက်ကို
တက်ရပ်နေနိုင်တဲ့အထိ ကြီးမားတာပေါ့။ တိုင်မှာထုထွင်းထားတဲ့
ရုပ်လုံးရုပ်ကြွတွေကလည်း အတွင်းအပြငခ်နှစ်ထပ်တောင် ရှိတယ်တဲ့ဘုရား။
တပည့်တော်တို့ နိုင်ငံမှာရှိတဲ့ ဆင်စွယ် ပန်းပုတွေလိုပေါ့။
အဲဒီလောက်ကြီးမားပြီး သိပ်ကိုကြီးကျယ်ခမ်းနားခဲ့တာဆိုတော့ ဘယ်တော့မှ
ပျက်စီးနိုင်မှာ မဟုတ်တော့ဘူးလို့ တွေးထင်စရာပါပဲ။
တိုက်တန်းနစ်သင်္ဘော ဟာ
ဘယ်တော့မှ နစ်မြုပ်မှာမဟုတ်ဘူးလို့ တွေးထင်ထားကြသလိုပေါ့။ ဒါပေမဲ့
အဲဒါတွေကို လူမျိုးတစ်စုက ဖျက်ဆီးပစ်လိုက်တာ ကုန်ပါလေရောလား။ သူတို့ကလည်း
အဲဒီနေရာမှာပဲ အီဂျစ်တွေလို ကြီးကျယ်ခမ်းနားတဲ့ လက်ရာတွေကို တည်ဆောက်
ခဲ့ကြပြန်တယ် တဲ့ဘုရား။ ကြေးသားအစစ်နဲ့တောင် ၁၂-မိုင်လောက်ရှည်တဲ့
မြို့ရိုးကြီးကို ပြုလုပ်ခဲ့ကြတယ်လေ။ တပည့်တော်တို့နိုင်ငံမှာလည်း အဲဒီလို
ရှိခဲ့တာပဲလေ။
ရှေးတုန်းကဆိုရင် ပျူတွေဟာ လူမျိုးရေး ဘာသာရေး နိုင်ငံရေး
လူမှုရေး စီးပွားရေးတွေမှာ တိုးတက်မြင့်မားခဲ့တဲ့ လူမျိုး ပါ။ ဒါပေမဲ့
အခုတော့ ပျူလူမျိုးဆိုတာ မရှိတော့ဘူးလေ။ ဒဏ္ဍာရီတစ်ပုဒ် လိုလိုတောင်
ဖြစ်သွားရပြီ မဟုတ်လားဘုရား။ နိုင်ငံနဲ့ချီ ပြောရရင်ရော ဘာထူးလို့လဲဘုရား။
တပည့်တော်တို့ မြန်မာနိုင်ငံဟာ ကိုယ့်မင်းကိုယ်ချင်း နဲ့ နေထိုင်ရာကနေ
နှစ်တစ်ရာနီးပါး သူ့ကျွန် ဖြစ်ခဲ့ရတယ်မဟုတ်လား။ အဲဒါတွေ
ဘာ့ကြောင့်ဖြစ်ရတာလဲဆိုရင် Win-Lost principle ကို ကျင့်သုံးကြလို့ပေါ့။
ဘာသာရေးသမိုင်းမှာ ကြည့်ဦးမလား။ အဲဒီအကြောင်းတွေ အများကြီးပါပဲဘုရား။
အိန္ဒိယမှာ သန္ဓေတည်ပေါက်ဖွားခဲ့တဲ့ အိန္ဒိယ ဇာတိစစ်စစ် ဗုဒ္ဓဘာသာဟာ အခုတော့
သူ့ မွေးရပ်ဇာတိမြေမှာ အငွေ့အသက်မျှသာ ကျန်တော့တယ်မဟုတ်လား။ပြီးတော့ နာလန္ဒ
ကျောင်းတော်ထဲက ရဟန်းတော်တွေ ဘာကြောင့် ဇီဝိန်ကြွေသွားခဲ့ရတာလဲ။
ဗုဒ္ဓအထိမ်းအမှတ် ကျောက်တိုင်တွေရော ဘာလို့ အဖျက်ဆီးခံခဲ့ရတာလဲ။
အဆိုးဆုံးကတော့ ဘာသာရေး ခရူးဆိတ်စစ်ပွဲပေါ့ဘုရား။ ဟော.. သိပ် မကြာသေးခင်က
ဖြစ်ပွားခဲ့တဲ့ World Trade Center ကြီး တိုက်ခိုက်ခံရမှု၊ မဆုံးနိုင်သေးတဲ့
အစ္စရေးနဲ့ပါလက်စတိုင်း အရေးအခင်းတွေ၊ အို..ပြောရရင် အများကြီးပေါ့ဘုရား။
ဒါတွေဟာ ဘာ့ကြောင့်လဲဆိုရင် တပည့်တော် ပြောခဲ့တဲ့ Win-Lost principle
ပေါ့။အဲဒါတွေ ထောက်ဆသောအားဖြင့် Win-Lost principle ဟာ
ကမ္ဘာရဲ့ငြိမ်းချမ်းရေးကို ဘယ်တော့မှ တည်ဆောက်ပေးနိုင်မှာ မဟုတ်ဘူးဆိုတာ
ထင်ရှားပါတယ်ဘုရား။ ဒါကြောင့် ငြိမ်ချမ်းရေးကို တကယ်မြတ်နိုးပြီး
တကယ်လိုချင်ကြတယ်ဆိုရင် Win-Win principleကို ပြောင်းလဲကျင့်သုံးဖို့
လိုအပ်ပါတယ်။ ဒီလိုပြောင်းလဲ ကျင့်သုံးဖို့ဆိုတာကလဲ ပထမဆုံး ထေရဝါဒကို
လေ့လာရပါလိမ့်မယ် ဘုရား။ ထေရဝါဒဟာ တကယ်ပဲ Win-Win principleကို
ကျင့်သုံးတဲ့ တစ်ခုတည်းသော ဘာသာဖြစ်တယ်လေ။ အရှင်ဘုရားတို့လည်း သိမှာပါ။
ထေရဝါဒရဲ့ အနှစ်ချုပ်လို့ဆိုနိုင်တဲ့ ဓမ္မပဒမှာ သူတစ်ပါးကို မိမိနှင့်ထပ်တူ
ထပ်မျှ ကိုယ်ချင်းစာစိတ် မေတ္တာထားရမယ်၊ သူတစ်ပါးကို မညှဉ်းဆဲ မသတ်ဖြတ်ရ၊
သူတစ်ပါးကို ညှဉ်းဆဲအနိုင်ယူတဲ့ ပုဂ္ဂိုလ်ဟာ ဆင်းရဲစွာ အသက်မွေးရ တတ်တယ်လို့
ဘုရားရှင်ဟောထားသလို၊ ဒီဃီတိကောသလဇာတ်ကို ကြည့်ရင်လည်း လက်ရုံးရည်နဲ့
ပြဿနာကို မဖြေရှင်းရ၊ မဖြေ ရှင်းသင့်၊ ပြဿနာကို လက်ရုံးရည်နဲ့
ဖြေရှင်းတာထက် နှလုံးရည်နဲ့ဖြေရှင်းတာဟာ ပိုကောင်းတယ်လို့
အလောင်းတော်ကိုယ်တိုင် ပြောခဲ့တာပဲလေ။ ရန်လိုရင် ရန်ပိုတတ်သလို
ရန်မလိုမှရန်ပြိုတဲ့အတွက် ရန်ကိုရန်ချင်း မတုံ့နှင်းဘဲနေထိုင်ကြဖို့
နည်းလမ်းပေးထားပါတယ် ဘုရား။
ကမ္ဘာ့သာသနာပြု ဆရာတော် ဦးသေဋ္ဌိလလည်း ကိုယ့်ဘာသာ
တိုးတက်ပြန့်ပွား စေချင်ရင် သူများဘာသာ မကောင်းကြောင်း ဘာမှမပြောပါနှင့်၊
မိမိဘာသာက ဘာကိုပေးစွမ်းနိုင်သလဲဆိုတာကိုသာ ပြောပါ လို့ ပြောခဲ့တာလည်း
ရှိပါတယ်။ ဒါတွေအား လုံးဟာ Win-Win principle ရဲ့ ပြယုဂ်တွေ ပဲပေါ့ဘုရား။
ဒါတင်မကသေးပါဘူး၊ ဗုဒ္ဓဘာသာဝင် လူဒကာ၊ ဒကာမတွေအတွက် အရေးပါတဲ့ ငါးပါးသီလ၊
ရဟန်းတွေအတွက် အရေးကြီး တဲ့ ဝိနည်းသိက္ခာပုဒ် တွေကို ကြည့်မယ်ဆိုရင် လည်း
ထေရဝါဒဟာ Win-Win principle သဘောထားစစ်စစ်ကို စွဲကိုင်ထားတယ်ဆိုတာ
ထင်ရှားလှပါတယ်ဘုရား။
ဗုဒ္ဓဘာသာ ကို စတင်တည်ထောင်သူ မြတ်စွာဘုရား သာမက
အရှင်မဟာကဿပအစရှိတဲ့ တပည့်သာ ဝကအလယ်၊ဇီဝကစတဲ့လူဝတ်ကြောင်ပုဂ္ဂိုလ် တွေအဆုံး၊
အာလုံးအားလုံးဟာ Win-Win principle ကိုသာကျင့်သုံးခဲ့ကြပါတယ်။
အဲဒီလိုမျိုး ဗုဒ္ဓဘာသာဟာ သမိုင်းစာမျက်နှာမှာ အစွန်းအထင်းမရှိဘဲ
သန့်သန့်ရှင်းရှင်း ရပ်တည်နိုင်ခဲ့ပါတယ်ဘုရား။ ဒါ့ကြောင့်လည်း
ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ စိတ်ငြိမ်းချမ်းရေးကို အလိုရှိကြတယ်ဆိုရင် Win-Win
principle ကိုသာ ကျင့်သုံးလိုက်နာကြစေဖို့ ဝိုင်းဝန်းကြိုး
ပမ်းသင့်တာပေါ့ဘုရား”။
နန္ဒာသိန်းဇံ
မှတ်တမ်းတင်
၂ဝဝ၃ခုနှစ်က ရန်ကုန်မြို့၊ ကမ္ဘာအေး၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်တွင် ဆရာ ဒေါက်တာနန္ဒာသိန်းဇံ၏ ပို့ချချက်အား နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်၊ ပိဋကတ်တိုက်ဌာန၊ ဌာနစုမှူးဆရာတော် အရှင်ကောလိယ (မြိုင်နန်းမြေ-ရဝေသျှင်) က မှတ်တမ်းတင် ရေးသားပေးပို့ခြင်းဖြစ် ပါသည်။