တရားရှာ ကိုယ်မှာတွေ့
ဒီနေ့ဘုန်းကြီးဟောကြားမယ့်တရားတော် တရားရှာကိုယ်မှာတွေ့ တရားတော် ဖြစ်ပါတယ်။
ဒီတရားတော်ကို မြတ်စွာဘုရား အင်္ဂုတ္တိုပါဠိတော် ရောဟိတဿသုတ်မှာ ဟောကြားတော်မူခဲ့ပါ တယ်၊ မြတ်စွာဘုရားက ဒုက္ခသစ္စာ စတဲ့ သစ္စာ လေးပါး တရားတွေကို မိမိခန္ဓာကိုယ်မှာပင် တွေ့ရှိနိုင် တယ်လို့ ဒီသုတ်မှာ မိန့်ဆိုတော် မူခဲ့ပါတယ်။
၁. ဒုက္ခသစ္စာဆိုတာ ဆင်းရဲအစစ်အမှန်တရား ဖြစ်ပါတယ်၊ ဘ၀အသစ်ဖြစ်ခြင်း သည်တည်း ဆင်းရဲပေတည်း၊ ချစ်စရာ ပုဂ္ဂိုလ်သင်္ခါရအာရုံတို့နှင့် ကွဲကွာခြင်း၊ မချစ်အပ်သော ပုဂ္ဂိုလ် သင်္ခါရ အာရုံ တို့နှင့် တွေ့ဆုံ ယှဉ်တွဲရခြင်း သည် ဆင်းရဲပေတည်း၊ လိုချင်တောင့်တ နေသည် ကိုမရခြင်း သည်လည်း ဆင်းရဲ ပေသည်း၊ အကျဉ်းအားဖြင့် ငါးပါးကုန်သော စွဲလမ်း နိုင်သော ဥပါဒါန်၏ အာရုံဖြစ်သော ရုပ်နာမ်ခန္ဓာတို့သည် ဆင်းရဲတို့ပေ တည်း။
၂. သမုဒယသစ္စာဆိုတာ ဆင်းရဲဖြစ်ကြောင်း အစစ်အမှန်တရား ဖြစ်ပါတယ်၊ အကြင် ဆာလောင်မှုတဏှာသည် တဖန်ဘ၀သစ်ကို ဖြစ်စေတတ်၏။ နှစ်သက် တပ်စွဲခြင်းနှင့်တကွဖြစ်၏။ ထိုတဏှာသည်ကား လိုချင်စရာ ကာမဂုဏ်၌ဖြစ်သော ဆာလောင်မှုကာမတဏှာ၊ ဘ၀အမြဲရှိနေသည်ဟုထင်လျက် နှစ်သက် ဆာလောင်မှု ဘ၀တဏှာ သေပြီးလျှင် ဘ၀ မရှိတော့ဘူးထင်လျက် နှစ်သက်မှု ၀ိဘ၀ တဏှာ၊ ဒီတဏှာ သုံးမျိုးဟာ ဆင်းရဲဖြစ်ကြောင်း သမုဒယသစ္စာပေတည်း။ ဘ၀တဏှာကိုဖြစ်စေ တတ်သည့် သဿတဒိဋ္ဌိအယူမှာ ရုပ်နာမ်ခန္ဓာမှအပ အတ္တလိပ်ပြာ၊ အသက် ၀ိညဉ် ပုဂ္ဂိုလ်သတ္တ၀ါသည် သေပြီးနောက် မပျက်စီးဘဲ သီးသန့်တည်ရှိနေသည်ဟု ထင်မြင်လွဲမှား သော အယူဖြစ်သည်။
ဝဘ၀တဏှာကို ဖြစ်စေတတ်သည့် ဥစ္ဆေဒဒိဋ္ဌိအယူမှာ ပုဂ္ဂိုလ်သတ္တ၀ါသည် သေပြီးနောက် လုံးဝ ပြတ်စဲသည်ဟု ယုံကြည်စွဲလန်းသည့်မှားသော အယူဖြစ်သည်။ ဤအယူသည် သေပြီးနောက် ကောင်းကျိုး ဆိုးကျိုးမရှိဟု ယုံကြည်သဖြင့် အကုသိုလ်အမှုများကို ပြုရန် အားပေးသကဲ့သို့ ဖြစ်၏။
၃. နိရောဓသစ္စာဆိုတာ ဆင်းရဲငြိမ်းရာ အစစ်အမှန်တရားပေတည်း၊ သမုဒယသစ္စာ ဆိုတဲ့ တဏှာချုပ်ငြိမ်းလို့ ဒုက္ခသစ္စာဆိုတဲ့ ဆင်းရဲချုပ်ငြိမ်းပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုသွားခြင်းဖြစ်ပါသည်။ လူတိုင်းလူတိုင်း ဒီပန်းတိုင်ကို ရောက်အောင် ကြိုးစားအားထုတ်ကြရန် ဖြစ်ပါသည်။
၎. မဂ္ဂသစ္စာဆိုတာ ဆင်းရဲငြိမ်းရာသို့ ဆိုက်ရောက်ကြောင်း အကျင့်လမ်းကောင်း အစစ်အမှန်တရား ပေတည်း၊ ဒုက္ခသစ္စာနှင့် သမုဒယသစ္စာများ ငြိမ်းရာ နိဗ္ဗာန် အငြိမ်းဓာတ်သို့ ဆိုက်ရောက်ကြောင်း အရိယမဂ္ဂင်ရှစ်ပါး အကျင့် လမ်းမှန်တရား ဖြစ်ပါသည်။ မဂ္ဂသစ္စာဆိုတာ -
(က) သမ္မာဒိဋ္ဌိ - မှန်စွာမြင်ခြင်း၊ (ခ) သမ္မာသင်္ကပ္ပေါ - မှန်စွာကြံခြင်း၊ (ဂ) သမ္မာဝါစာ - မှန်စွာပြောခြင်း၊ (ဃ) သမ္မာကမ္မန္တော - မှန်စွာပြုခြင်း၊ (င) သမ္မာအာဇီဝေါ - မှန်စွာအသက်မွေးခြင်း၊ (စ) သမ္မာဝါယာမော - မှန်စွာအားထုတ်ခြင်း၊ (ဆ) သမ္မာသတိ - မှန်စွာအမှတ်ရခြင်း၊ (ဇ) သမ္မာသမာဓိ - မှန်စွာတည်ကြည်ခြင်း တဲ့။
အဲဒီမဂ္ဂင်ရှစ်ပါးတရားများကို အားထုတ် ပွားများသင့်ပါတယ်၊ ဘုန်းကြီးတို့ ယောဂီများဟာလဲ ၀ိပဿနာ ဘာဝနာကို ပွားများအားထုတ်နေတာဟာ ဒီမဂ္ဂင်ရှစ်ပါးကို ကြိုးစားပွားများ နေတာပါဘဲ။
ယောဂီများ စင်္ကြံသွားပြီး ရှုမှတ်ရာမှာ ဘယ်ခြေလှမ်းတာကို ဘယ်လှမ်းတယ်လို့ အမှန်အတိုင်းသိတာဟာ သမ္မာဒိဋ္ဌိမဂ္ဂင်၊ ခြေလှမ်းလှုပ်ရှားမှုကို ရှုမှတ်နေတာဟာ သမ္မာသင်္ကပ္ပမဂ္ဂင်၊ ခြေလှမ်းရန် အားထုတ်မှုက သမ္မာဝါယာမ မဂ္ဂင်၊ လှုပ်ရှားမှုတိုင်းကို အမှတ်သတိ ဖြစ်နေတာက သမ္မာသတိ၊ ခြေလှမ်းမှုနှင့် မှတ်စိတ် အစဉ်လိုက် ကိုက်ညီတည်ကြည်မှုက သမ္မာသမာဓိ၊ ဒီငါးပါးဟာ ပုဗ္ဗဘာဂ မဂ္ဂင်ဖြစ်ပါသည်။ တရားစခန်းဝင်ရောက်ချိန်မှစ၍ ဆောက်တည်ကျင့်သုံးနေသော (၈)ပါးသီလကြောင့် သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ မဂ္ဂင် (၃)ပါး ပြည့်စုံနေပြီးဖြစ်ပါတယ်။
ဒါကြောင့်ယောဂီဟာ စင်္ကြံလျှောက်၍ ခြေလှမ်းလှုပ်ရှားမှုကို ရှုမှတ်ခြင်း၊ ထိုင်၍ ၀မ်းဗိုက်မှ ဖောင်းမှု ပိန်မှုစသည့် ကိုယ်အမူအရာကို ရှုမှတ်ခြင်းတို့သည် မဂ္ဂင်ရှစ်ပါးကို ပွားနေခြင်းဖြစ်ပေသည်။ အဲဒီလို ပေါ်ရာ အာရုံကို စဉ်ဆက်မပြတ် ရှုမှတ်ခြင်းဖြင့် မှတ်ချက်တိုင်းမှာ မဂ္ဂင်ရှစ်ပါးကို ပွားများနေခြင်းဖြစ်၍ ဒုက္ခသစ္စာကို ပိုင်းခြားသိခြင်း၊ သမုဒယသစ္စာကိုပယ်ခြင်းနှင့် နိရောဓသစ္စာကို ဆိုက်ရောက်၍ နိဗ္ဗာန်ကို မျက်မှောက်ပြုသွား နိုင်ပါသည်။ "တရားရှာကိုယ်မှာတွေ့"ဆိုတာ မိမိခန္ဓာကိုယ်မှာရှိတဲ့ နာမ်တရားနှင့် ရုပ်တရားတွေကို အားသွန်ခွန်စိုက် ရှုမှတ်ခြင်းဖြင့် သစ္စာလေးပါးတရားများကို သိမြင်သွားခြင်းပင် ဖြစ်ပါသည်။
တရားရှာရာမှာ နည်းလမ်းမှန်ကန်ဖို့ အလွန်အရေးကြီးပါတယ်၊ မြတ်စွာဘုရား သာသနာမှာ ပရိယတ္တိ၊ ပဋိပတ္တိနှင့် ပဋိဝေဓဟူ၍ အခန်းကဏ္ဍသုံးပိုင်း ရှိပါတယ်၊ ပရိယတ္တိမရှိရင် ပဋိပတ္တိမရှင်သန်နိုင်၊ ပဋိပတ္တိမရှိရင် ပဋိဝေဓကို မဆိုက်ရောက်နိုင်ပါဘူး၊ ပရိယတ္တိက ကန်ဘောင်ရိုးနှင့် တူတယ်၊ ပဋိပတ္တိက ရေနှင့်တူပြီး ပဋိဝေဓက ကြာပန်းနှင့်တူပါတယ်၊ ကန်ပေါင်ရိုးမရှိရင် ရေမတည်နိုင်ဘူး၊ ရေမရှိရင် ကြာလဲမပွင့်နိုင်ဘူး၊ နောက်ဥပမာတစ်ခုက ပရိယတ္တိဆိုတာ ဆေးဖော်စပ် နည်း၊ ပဋိပတ္တိက ဆေးကုသခြင်း၊ ပဋိဝေဓက ရောဂါပျောက်ကင်းတာနှင့် တူတယ်၊ ဆေးဖော် စပ်နည်းမသိရင် ဆေးကုသမှု မပြုနိုင် ဆေးမကုနိုင်ရင် ရောဂါလဲ မပျောက်နိုင်ဘူး၊ ဒါကြောင့် နည်းလမ်းမှန်ကန်ဖို့ဆိုတာ ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ စံညွှန်းနှင့် ညီညွတ်ဖို့ပါပဲ။
အဲဒီနောက် မှန်ကန်တဲ့နည်းလမ်းအတိုင်း အောင်မြင်စွာ တရားအားထုတ်ဖို့ ဇွဲလုံ့လနှင့် ကြံ့ခိုင်စွမ်းအင် ပြည့်စုံရပါတယ်။
ခန္ဓာကိုယ်ဆိုတာဘာလဲ ? သညာအပါအ၀င် နာမ်တရားနှင့် ရုပ်တရားအစုအပေါင်း အလျှား (၆)ပေ၊ အနံ (၆)လက်မမျှသာဖြစ်တယ်၊ "တရားရှာ ကိုယ်မှာတွေ့" ဆိုတာ မိမိကိုယ်မှာရှိတဲ့ နာမ်တရား ရုပ်တရားတွေကို တိကျ မှန်ကန်စွာ ရှုမှတ်ပွားများခြင်းဖြင့် သစ္စာလေးပါးတရားများကို သိမြင်သွားခြင်းဖြစ်သည်။ အင်္ဂုတ္တိုရ် ပါဠိတော်မှာ ဒီတရားတော် ဖြစ်ပေါ်လာပုံကို အခုလိုပြဆိုထားပါတယ်။
တချိန်က မြတ်စွာဘုရားဟာ သာဝတိပြည် ဇေတ၀န်ကျောင်းမှာ သတင်းသုံးနေတော်မူစဉ် ညဥ့်သန်းခေါင် ယံအချိန်၌ ဗြဟ္မာ့ပြည်မှ ရောဟိတဿအမည်ရှိသော ဗြဟ္မာတစ်ဦး ကိုယ်ရောင် ကိုယ်ဝါ တောက်ပစွာနှင့် ရောက်ရှိလာကာ ရိုသေစွာ လက်အုပ်ချီမိုး ရှိခိုးပြီးနောက် သင့်တင့်လျှောက်ပတ်သော နေရာ၌ ထိုင်နေ၍ ဤစကားဖြင့် မြတ်စွာဘုရားအား မေးလျှောက်ပါသည်။ ရှင်တော်ဗုဒ္ဓဘုရား ပုဂ္ဂိုလ်တစ်ယောက်သည် မအို၊ မနာ၊ မသေရာ လောကရဲ့အဆုံးသို့ ခြေကျင်လျှောက်၍ ရောက်နိုင်ပါမည်လား ? ဘုရား၊ မြတ်စွာဘုရားက "ရောဟိတဿဗြဟ္မာ၊ လောကရဲ့အဆုံး မအို၊ မနာ၊ မသေရာ ဆိုတဲ့ နိဗ္ဗာန်ကို ခြေကျင်လျှောက်ခြင်းဖြင့် မရောက်နိုင်၊ မဖြစ်နိုင်"ဟု ဖြေကြားတော်မူပါသည်။
ွှသစ သ် စေါနသြအအသာ သ် စေါန
ဒီနေရာမှ ရောဟိတဿဗြဟ္မာရဲ့ အမေးက သြကာသလောက အဆုံး ဖြစ်ပြီးမြတ်စွာဘုရားရဲ့အဖြေက သင်္ခါရ လောက အဆုံး ဖြစ်ပါတယ်၊ သို့သ်ေလည်း သင်္ခါရလောကရဲ့ အဆုံးကိုရောက်ရင် သြကာသလောကရဲ့ အဆုံးရောက်နိုင်၍ အမေးနှင့်အဖြေ ဆန့်ကျင်မှု မရှိပါ၊ အဲဒီအခါ ရောဟိတဿဗြဟ္မာက မြတ်စွာဘုရားကို ခုလိုလျှောက်ထားပါတယ်၊ ရှင်တော်ဘုရားရဲ့ လောကအဆုံးဖြစ်တဲ့ နိဗ္ဗာန်ကို ခြေကျင်လျှောက်လို့ မရောက်ဘူး၊ ဆိုတဲ့ ဒီအဖြေဟာ အလွန်အံ့သြဘွယ် ကောင်းလှပါတယ်၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေတယ် ဘုရား၊ တပည့်တော် အတိတ်က ဖြစ်ရပ်တစ်ခုကို လျှောက်ထားပါရစေဘုရား။
တချိန်က တပည့်တော်ဟာ ရောဟိတဿအမည်ရှိတဲ့ မုဆိုးတစ် ယောက်ရဲ့သား ဖြစ်ခဲ့ပြီး အိမ်ယာမထောင် လူ့ဘောင်မှ တောထွက်ပြီး ရသေ့ပြုခါတရားများ ကျင့်ကြံအားထုတ်ခဲ့ရာ ဈာန်အဘိညဉ်တန်ခိုးများ ရရှိခဲ့ပါသည်။ အဲဒီအချိန်မှာ သက်တန်း နှစ်တစ်ရာကျန်ပါသေးသည်။ တပည့်တော်သည် ကျွမ်းကျင်သော လေးသမားပြစ်လွှတ်သည့် လျှင်မြန်သောမျှားသည် ထန်းပင်ရိပ်ကိုဖြတ်သွား ချိန်မှာ စကြာဝဠာ တခုဆုံးမိအောင် ပြေးသွားနိုင်ပါသည်။ တပည့်တော်သည် သမုဒ္ဒရာ၏ အရှေ့ဘက်ကမ်းမှ အနောက်ဘက်ကမ်းသို့ ခြေတစ်လှမ်းဖြင့် ရောက်နိုင်ပါသည်။
တပည့်တော်သည် မမျိုသိပ်နိုင်သည့် စိတ်ကူးဆန္ဒကြောင့် စားသောက်ချိန် အခင်းကြီးငယ်စွန့်ချိန်ကို ချန်လှပ်၍ လျှင်မြန်သော တန်ခိုးအဟုန်ဖြင့် လောကရဲ့အဆုံးသို့ မနေမနားပြေးသွားခဲ့ရာ၊ ရည်မှန်းရာသို့ မရောက်ပဲ အနှစ်တစ်ရာ အကြာတွင် စကြာဝဠာတစ်ခု၏ အနားစွန်း၌ သေလွန်ခဲ့ရပြီး ဗြဟ္မာ့ပြည်တွင် ရောဟိတဿ အမည်ရှိသောဗြဟ္မာဖြစ်ရပါသည် မြတ်စွာဘုရား၊ အခုတပည့်တော်၏ အတွေ့အကြုံက ရှင်တော်မြတ်ဘုရား ဟောကြးတော်မူသော "မအို၊ မနာ၊ မသေရာ သင်္ခါရ လောက၏ အဆုံးနိဗ္ဗာန်ကို ခြေကျင်လျှောက်၍ မရောက်နိုင်"ဟုသည့် အချက်ကို အလွန်မှန်ကန်ကြောင်း ထောက်ခံနေပါသည်ဘုရား။
မြတ်စွာဘုရားက "ရောဟိတဿဗြဟ္မာ လောကအဆုံးကို မရောက်လျှင်လဲ ဒုက္ခမငြိမ်းသေး ငြိမ်းအောင် ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ၊ သစ္စာလေးပါးတရားကို ခန္ဓာကိုယ်မှာသာ တွေ့ရှိနိုင်သည့်တရားကို ခန္ဓာမှာ ရှာမှသာလျှင် လမ်းမှန်ပေသည်။"ဟု ရောဟိတဿဗြဟ္မာကို ဟောကြားတော်မူပါသည်။
ဒုက္ခသစ္စာဆိုတာ အကျဉ်းအားဖြင့် ခန္ဓာငါးပါးသာဖြစ်ပါသည်။ အခုဒီက ယောဂီတွေ ရှုမှတ်နေတဲ့ ဘယ်လှမ်းတာညာလှမ်းတာ၊ ဖောင်းမှုç ပိန်မှုç မြင်မှုç ကြားမှု များဟာ ဒုက္ခသစ္စာတွေပါဘဲ တရားအားမထုတ်မီက ယောဂီများဟာ ဒါတွေကို ဒုက္ခသစ္စာရယ်လို့ မသိကြဘူး၊ တဏှာရဲ့လှည့်စားမှုကြောင့် သာယာနှစ်သက်ဖွယ်ဟုပင် ထင်မှတ်ကြသည်။ မြင်မှု ကြားမှုသာမက အားလုံးသော အာရုံခံစားမှုများကို ကောင်းတယ်၊ နှစ်သက်သာ ယာဖွယ်ဟူ၍ ယူဆပြီး ထပ်မက်စွဲလန်းနေကြပါသည်။
သာယာတပ်မက်တဲ့တဏှာဟာ သမုဒယသစ္စာပါပဲ၊ ဒုက္ခသစ္စာနှင့် သမုဒယသစ္စာကို ပယ်သတ်ဖို့ ယောဂီဟာ မဂ္ဂသစ္စာကို ပွားများရပါတယ်၊ ၀ိပဿနာအလုပ် အားထုတ်ပြီး ရုပ်နာမ် သဘောတရားတွေကို ရှုမှတ်နေတာဟာ မှတ်ချက်တိုင်းမှာ မဂ္ဂသစ္စာပွားနေတာပါပဲ၊ အဲဒီလို မနေမနား ကြိုးစားပွားများခြင်းဖြင့် ယောဂီဟာ တဖြေးဖြေး ၀ိပဿနာဿဏ်အဆင့်ဆင့် တိုးတက်လာပြီး နောက်ဆုံး ရုပ်နာမ်သဘောတရားများ ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို မျက်မှောက်ပြုသွားပါတော့တယ်၊ ဒါကြောင့် မြတ်စွာဘုရားက "တရားရှာ ကိုယ်မှာတွေ့"လို့ ဟောကြားတော်မူခဲ့ပါတယ်။
ဒီနေရာမှာ အချို့ ဝေဖန်ရေးသမားများရဲ့ တလွဲ ကောက်ချက်ချမှုကို သတိပြုကြရမည်။ သူတို့က သစ္စာလေးပါး တရားဟာ ခန္ဓာကိုယ်ထဲမှာ ရှိတယ်လို့ မြတ်စွာဘုရား ဟောကြားခဲ့တာမို့ ဘာမှ ထူးထူးထွေထွေ ကျင့်ကြံ အားထုတ်စရာ မလိုဘူးလို့ လွဲမှားစွာ ပြောဆိုနေကြပါတယ်၊ ဒီလိုယူဆ ပြောဆိုနေကြတာ မမှန်ပါဘူး၊ မြတ်စွာဘုရား တရားတော်တွေဟာ သိမ်မွေ့နက်နဲပါတယ်၊ တချို့တရားတော်များဟာ မှန်ကန်စွာ ဖွင့်ဆိုရန် လိုပါတယ်။
ဥပမာအားဖြင့် ကျွန်းပင်တွေ များစွာ ရှိတဲ့တောကို "ကျွန်းတော"လို့ ခေါ်ကြတယ်၊ ဒါပေမယ့် ဒီတောထဲမှာ ကျွန်းပင်တွေသာရှိတယ်၊ အခြားအပင်မရှိဘူးလို့ မဆိုလိုပါဘူး၊ ကျွန်းတောထဲမှာ အခြားအပင်တွေလဲ ရှိပါတယ်၊ ဒါယေဘူယျဘဲ နောက်တစ်မျိုးက သမ္မတကြီး တိုင်းခန်း လှည့်လည်လာပြီလို့ဆိုရာမှာ သမ္မတကြီး တစ်ယောက်ထဲ မဟုတ်ပါဘူး၊ သူ့ရဲ့ကိုယ်ရံတော် လက်ထောက်အတွင်းဝန် စသည်တို့ အသိုင်းအ၀ိုင်းနှင့် ဖြစ်ပါသည်။ သို့သော်လည်း အရေးကြီးသည့် သမတကြီး ရည်ညွှန်း ဖော်ပြခြင်း ဖြစ်ပါသည်။ အဲဒါ ပဓာနနည်းခေါ်ပါသည်။
"ဖလာနုမာန နည်း" လည်းရှိပါသေးသည်၊ အကျိုးတရားကို ကြည့်၍ အကြောင်း တရားကို မှန်းဆ သိပုံ နည်းဖြစ်ပါသည်။ မြစ်ချောင်းများ ရှောင်တခင် ရေလျှံလာလျှင် မြစ်ဖျားဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းနေ ကြောင်း ခန့်မှန်းသိနိုင်သကဲ့သို့ ဖြစ်ပါသည်။ မိုးရွာသွန်းခြင်းသည် အကြောင်းရင်း၊ ရေလျှံမှုသည် အကျိုးဆက် ဖြစ်ပါသည်။
တတိယဥပမာကတော့ "အတာပန္နနည်း" ဖြစ်ပါသည်။ ဒေ၀ဒတ္တသည် နေ့အခါ၌ အစာမစားပဲ ၀နေသည် နေ့အခါ အစာမစားဝနေသည်ဟု ဆိုရာ၌ နေ့အခါ အစာမစားပဲ ၀နေသည်မှာ ညဥ့်အခါက အ၀စားထားခြင်းကြောင့်ဟု ကောက် ချက်ချနိုင်ပါသည်။
မြတ်စွာဘုရားက သစ္စာလေးပါးတရား မိမိကိုယ်တွင်းမှာ ရှိသည် မိန့်ကြားတော်မူရာ၌ သစ္စာလေးပါးဟာ အတုံးလိုက် အတစ်လိုက် ရှိနေသည်ဟု မဆိုလိုပါ၊ ဤခန္ဓာကို အရင်းတည်၍ မဂ္ဂသစ္စာကို ပွားများမှသာလျှင် ဒုက္ခသစ္စာမှန်း သိ၍ သမုဒယသစ္စာကို ပယ်နိုင်ပါမည်။ အကြောင်းဖြစ်တဲ့ ခန္ဓာ၏ နာမ်နှင့် ရုပ်တရားများကို ရှုမှတ်မှသာလျှင် အကျိုးတရားဖြစ်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သည်ကို ဆိုလိုခြင်းဖြစ်ပါသည်။
ဒါကြောင့် ဘုန်းကြီးတို့ ယောဂီသူတော်စင်များသည် မြတ်စွာဘုရား ဟောကြားသည့် "တရားရှာ ကိုယ်မှာတွေ့"ဆိုသည့်အတိုင်း မိမိတို့ ခန္ဓာကိုယ်မှာ ၀ိပဿနာ တင်၍ သစ္စာလေးပါးတရားတော်များကို သိမြင်ကြလျှက် ဆင်းရဲခပ်သိမ်း ငြိမ်းရာသို့ အချိန် တိုတိုနှင့် မျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်း။
သာဓု... သာဓု... သာဓု...
မဟာစည်ဆရာတော် ဦးဇဋိလ