လိမ်ညာခြင်းသည် လိမ်လည်ခြင်း
(၁)အမှန်မှာ မုသားဆိုခြင်း (၀ါ) လိမ်ညာပြောခြင်းနှင့် လိမ်လည်မှုပြုခြင်းမှာ သဘောလက္ခဏာ အတူတူပင် ဖြစ်၏။ မိမိအကျိုးရှိမှု၊ သို့မဟုတ် သူတစ်ပါးအကျိုးမဲ့မှုအတွက် မရိုးသားသော ပြောဆိုပြုမူမှုသာ ဖြစ်၏။ ၀စီကံမှုနှင့် ကာယကံမှုသာ ခြားနား၏။
အင်တာနက်ခေတ်တွင် နည်းပညာများ ပိုမိုဆန်းသစ်လာသဖြင့် လိမ်ညာမှုများလည်း ဆန်းပြားလာ၏။ တစ်ပါးသူ၏ အကြွေးကတ် (credit card) နံပါတ်များ၊ အသုံးပြုသူအမည် (usernames) ၊ လျှို့ဝှက်စကား (passwords) စသည်တို့ကို အင်တာနက်မှတစ်ဆင့် ရအောင်ယူလာကြ၏။
ပြုလုပ်ပုံမှာ အီးမေးလ် (e-mails) များ၊ ကွန်ရက်အတု (fake websites) များသုံး၍ တစ်ပါးသူ၏ သတင်း အချက်အလက်များ ရယူစုဆောင်း၏။ သို့မဟုတ်ပါက ထိုသူ ဆက်သွယ်နေသောဘဏ်မှ သတင်းအချက်အလက် ပြန်လည်တောင်းခံသည့်ဟန်ဖြင့် လှည့်ဖြားရယူ၏။
လိုအပ်သော သတင်းအချက်အလက်များ ရရှိလျှင် ထိုသူ၏ အကြွေးကတ်ကို အလွဲသုံးစား ပြု၍ ပစ္စည်းများစွာ ၀ယ်ယူသုံးစွဲနိုင်မည် ဖြစ်ပြီး ကျသင့်ငွေအတွက် မူလအကြွေးကတ်ပိုင်ရှင်ကသာ တာဝန်ရှိမည် ဖြစ်ပါသည်။
၎င်းနည်းကို phishing ဟု ခေါ်၏။
ထို့ပြင် ကွန်ရက်စာမျက်နှာအတု (bogus web page) ကို အသုံးပြုလျက် ဒုက္ခပေးလိုသူ၏ ကွန်ပြူတာစနစ်ကို ဗိုင်းရပ်စများ (viruses) များ၊ ထရိုဂျန်များ (trojan horses) ၊ ၀ါးမ်များ (worms) ၊ မရိုးသားသော ကြော်ငြာများ (dishonest adware) စသည့် ကွန်ပြူတာ ပရိုဂရမ်များကိုသုံး၍ ဖျက်ဆီးပစ်တတ်၏။ ဤနည်းကို malware ဟု ခေါ်၏။
Spear Phishing ဟူသော နည်းဖြင့်လည်း အင်တာနက်မှတစ်ဆင့် အီးမေးလ် (e-mail) ဖြင့် တစ်ဖက်သား၏ အလုပ်ရှင်ဟန်ဆောင်ကာ သတင်းအချက်အလက်များ လိမ်လည် တောင်းခံတတ်သေး၏။
၎င်းပြင် Botnets ဟူသော နည်းဖြင့်လည်း ဓားစာခံကွန်ပြူတာ (zombie computer) ကို အသုံးပြု၍ ကွန်ပြူတာ ထောင်ပေါင်းများစွာမှ အချက်အလက် (data) များကို ခိုးယူနိုင်၏။
ထို့အတူ အီးမေးလ်များကို အသုံးပြု၍ ဈေးပေါပေါဖြင့် ၀ယ်ထားသော စတော့ရှယ်ယာများကို ဈေးကြီးကြီးဖြင့် လိမ်ညာရောင်းတတ်သေး၏။ ဤနည်းကို Pump and Dump ဟု ခေါ်ပါသည်။
ထို့ကြောင့် နည်းပညာများ တိုးတက်မှုသည် ကောင်းကျိုးဆိုးကျိုး ဒွန်တွဲလျက် ရှိ၏။ အင်တာနက်ကို ကျယ်ပြန့်စွာ သုံးစွဲလာသောအခါ အင်တာနက်မှတစ်ဆင့် လိမ်လည်မှုများကို ဆန်းပြားသော နည်းလမ်းများ သုံးစွဲ၍ ကျူးလွန်လာ ကြ၏။
ဤလိမ်လည်နည်းများကို cyber scams ဟု အင်္ဂလိပ်ဘာသာဖြင့် ခေါ်ဝေါ်ပါသည်။
(၂)
အထက်ပါ စာများမှာ ၂၀၁၁-ခုနှစ်၊ ဧပြီလထုတ် ဓမ္မရတနာမဂ္ဂဇင်းပါ စာရေးဆရာ ကြည်လွင် (မြန်မာစာ)၏ “လိမ်ညာခြင်းနှင့် လိမ်လည်ခြင်း” ဆောင်းပါးမှ ကောက်နှုတ်ချက် ဖြစ်၏။
ယင်းဆောင်းပါးမှ “အမှန်မှာ မုသားဆိုခြင်း (၀ါ) လိမ်ညာပြောခြင်းနှင့် လိမ်လည်မှုပြုခြင်းမှာ သဘောလက္ခဏာ အတူတူပင် ဖြစ်၏။ မိမိအကျိုးရှိမှု၊ သို့မဟုတ် သူတစ်ပါးအကျိုးမဲ့မှုအတွက် မရိုးသားသော ပြောဆိုပြုမူမှုသာ ဖြစ်၏။
ဝစီကံမှုနှင့် ကာယကံမှုသာ ခြားနား၏။” ဟူသော စကားရပ်ကို သံသယဖြစ်ကြသော အယ်ဒီတာများက ၎င်းဆောင်းပါး အဆုံးတွင် “မုသာဝါဒဟူသည် နှုတ်ဖြင့်ပြောဆိုသော ၀စီကံဖြစ်ကြောင်း ကျမ်းဂန်လာရှိပါသည်။
ဤဆောင်းပါး၌ ပါရှိသော နှုတ်မြွက်မှုမပါသည့် လိမ်ညာမှုများသည် မုသာဝါဒကံ ထိုက်-မထိုက် ပညာရှင်များ စိစစ်ဝေဖန်ပေးပါရန် ပန်ကြားအပ်ပါသည်။” ဟု ဖော်ပြထားပါသည်။
၎င်းဆောင်းပါးပါ နှုတ်မြွက်မှုမပါသည့် လိမ်ညာမှုများသည် ထိုဆရာရေးသားသည့်အတိုင်း ကာယကံမှုနှင့် ၀စီကံမှုသာ ခြားနား၏။ လိမ်လည်မှုသာ ဖြစ်သောကြောင့် မုသာဝါဒကံ ထိုက်ပါသည်။
အဘိဓမ္မတ္ထသင်္ဂဟကျမ်းတွင် --
“မုသာဝါဒေါ ပိသုဏ၀ါစာ ဖရုသ၀ါစာ သမ္ဖပ္ပလာပေါစေတိ ၀စီဝိညတ္တိသင်္ခါတေ ၀စီဒွါရေ ဗာဟုလ္လ၀ုတ္တိတော ၀စီကမ္မံ နာမ။”
“မုသာဝါဒ ပိသုဝါစာ ဖရုသ၀ါစာ သမ္ဖပ္ပလာပ- အားဖြင့် လေးပါးသောတရားတို့သည် ၀စီဝိညတ်ဟု ဆိုအပ်သော ၀စီဒွါရ၌ များစွာဖြစ်သောကြောင့် ၀စီကံ မည်၏။” ဟု ဆိုထားရာ “၀စီဒွါရေ ဗာဟုလ္လ၀ုတ္တိတော ၀စီကမ္မံ နာမ- ၀စီဒွါရ၌
များစွာဖြစ်သောကြောင့် ၀စီကံ မည်၏။” ဟူသော စာပိုဒ်အရ ၀စီဒွါရ၌သာ ဖြစ်နိုင်သောကြောင့် မုသာဝါဒ-စသည်ကို ၀စီကံဆိုသည် မဟုတ်၊ ၀စီဒွါရ၌ အဖြစ်များသောကြောင့်သာ ၀စီကံဟု ဆိုထားခြင်းဖြစ်၏။ အနည်းငယ်အားဖြင့်
ကာယဒွါရ၌လည်း ဖြစ်နိုင်သေး၏-ဟု အဓိပ္ပါယ်ရ၏။
(တော၌ ကျင်လည်ကျက်စားမှုများသောကြောင့် မုဆိုးကို ပါဠိလို ၀နစရက (တော၌ ကျက်စားသူ) ဟု ခေါ်၏။ သို့သော် မုဆိုးသည် ရွာ၌လည်း နေလေ့ရှိသည်သာ။ ပုဏ္ဏားလူမျိုး များစွာရှိသော ရွာကို ဗြာဟ္မဏဂါမ (ပုဏ္ဏားရွာ) ဟု
ခေါ်လေ့ရှိ၏။ သို့သော် အခြားလူမျိုးများလည်း အနည်းငယ် ရှိနိုင်သည်သာ။ အဖြစ်များသောကြောင့် “ချစ်ခြင်းအစ မျက်စိက” ဟု ပြောလေ့ရှိကြ၏။ သို့ရာတွင် မျက်စိကန်းသူများလည်း ချစ်တတ်သည်သာ။)
ထို့ကြောင့် သင်္ဂြီုဟ်ဘာသာဋီကာတွင် အောက်ပါအတိုင်း ရေးသားဖော်ပြထား၏။
“မုသာဝါဒ။ ။ မုသာသဒ္ဒါသည် မဟုတ်မမှန်သော ၀တ္ထုကို ဟောသောနိပါတ်ပုဒ်တည်း၊ မဟုတ်မမှန်သော ၀တ္ထုဟူသည် “သင်္ကန်းရှိသလား”ဟုမေးရာ၌ ရှိလျက် မရှိဟု ပြောဆိုအပ်သောသင်္ကန်း၊ မရှိဘဲလျက် ရှိသည်ဟု ပြောဆိုအပ်သော သင်္ကန်းပင်တည်း၊ တစ်စုံတစ်ခုသော သတင်းစကားကို ကြားရာ၌ “ဟုတ်သလား”ဟု မေးလျှင် ဟုတ်လျက် မဟုတ်ဟု ပြောဆိုအပ်၊ မဟုတ်ဘဲလျက် ဟုတ်သည်ဟု ပြောဆိုအပ်သော သတင်းစကားတည်း၊
ဤသို့လျှင် အရာဝတ္ထုက ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ပြောတိုင်းမဟုတ်သည်ကိုပင် “မုသာ”ဟု ဆိုသည်၊ မုသာ+၀ဒန္တိ+ဧတေနာတိ မုသာဝါဒေါ၊ ဧတေန-ဤစေတနာဖြင့်၊ မုသာ- မဟုတ်မမှန်သော ၀တ္ထုကို၊ ၀ဒန္တိ-
အမှန်လုပ်၍ ပြောဆိုတတ်ကုန်၏၊ ဣတိ- ထို့ကြောင့်၊ သော- ထိုစေတနာတရားသည်၊ မုသာဝါဒေါ- မုသာဝါဒ မည်၏၊ နှုတ်ဖြင့် ပြောရသော မုသာကများ၍ “မုသာဝါဒ”ဟု ဆိုသည်၊ ကိုယ် နှုတ် တစ်ခုခုဖြင့် ညာဝါး ဖြန်းသန်း ရေးသားမှု
အရပ်ရပ်တို့မှာ မုသာဝါဒမည်သည်သာတည်း။ (ဘာ-ဋီ၊ ၃၇၂)
(၃)
ငွေရလိုခြင်းကြောင့် သာမာန်လိမ်လည်မှုများသည် တစ်ဘ၀စာသာ ဒုက္ခရောက်စေနိုင်ကြ၏။ နာမည်ကြီးလိုမှု စသည်ကို အခြေခံသော ပဋိပတ်နှင့်စပ်သော အရိယာမဖြစ်ဘဲလျက် အရိယာဖြစ်နေကြောင်း လိမ်လည်မှု၊ သူတို့ထံ တပည့်ခံပါက ဘယ်နှစ်ရက် ဘယ်နှစ်လအတွင်း အရိယာဖြစ်အောင် ပြုလုပ်ပေးနိုင်ကြောင်း လှည့်ဖြားမှုများသည် လိမ်လည်လှည့်ဖြားခံရသူ များအား ဘ၀ပေါင်းများစွာ ဒုက္ခရောက်ရသည်အထိ ဖြစ်စေနိုင်ကြ၏။
“သစ္စာတရား တစ်ခုကို လွန်၍ မုသားစကားကို ဆိုလေ့ရှိသော နောင်ဘ၀အတွက် ဆင်ခြင်စဉ်းစားခြင်း အလျင်းမရှိသော သူအား မပြုနိုင်မည့် မကောင်းမှု အကုသိုလ်မည်သည် မရှိ။” (ဓမ္မပဒ၊ ၁၇၆) ဟူသည့်အတိုင်း ထိုပုဂ္ဂိုလ်များသည် အရိယာဖြစ်ပြီးသူအား ကုသိုလ် အကုသိုလ်များကို ပယ်သတ်ပြီးဖြစ်သောကြောင့် အကုသိုလ် လုပ်သော်လည်း အကုသိုလ် မဖြစ်တော့ဟု သင်ကြားပေးကြ၏။
သူတစ်ပါးသားမယားနှင့် လွန်ကျူးသည့်တိုင် နှစ်ဦးသဘောတူလျှင် အပြစ်မဖြစ်ဟု တပည့်များအား နှစ်သိမ့်ကြ၏။ သူတို့ကိုယ်တိုင်လည်း ကျူးလွန်ကြ၏။
ထိုပုဂ္ဂိုလ်များသည် ဘုရားဟောတရားကိုပင် ပြင်လိုပြင် ဖျက်လိုဖျက် လုပ်ချင်သလို လုပ်ကြကာ ဘုရားကိုပင် မျက်ကွယ်ပြုသူများ အလေးမထားသူများဖြစ်သောကြောင့် သံဃာကိုကား ရိုသေလေးစားဖို့ဝေးစွာ့၊ စာရင်းထဲပင် ထည့်ကြသူများမဟုတ်။
သို့ရာတွင် ထိုပုဂ္ဂိုလ်များ မည်မျှပင် ယုတ်မာဆိုးဝါးစေကာမူ အချောင်ကြိုက် အလွယ်လိုက်သူများ၊ ပညာ အားနည်း သဒ္ဓါသည်းသူများလည်း များစွာရှိသောကြောင့် အားပေးထောက်ခံသူ မရှားပဲ သူ့ပရိသတ်များအကြား
သူဘုရားလုပ်ကာ လှည့်လည်နေထိုင်ကြ၏။
“အကြင်သူသည် ရဟန္တာ မဟုတ်ဘဲလျက် ရဟန္တာဟု ၀န်ခံ၏၊
ဤသူသည်သာလျှင် ဗြဟ္မာနှင့်တကွသော လောက၌ အယုတ်မာဆုံးဖြစ်သော ခိုးသူကြီးပေတည်း။”
(သုတ္တနိပါတ်၊ ၀သလသုတ်) ဟု မြတ်ဗုဒ္ဓဟောတော်မူ၏။ အဘယ်ကြောင့် အယုတ်မာဆုံး ခိုးသူကြီး ဖြစ်သနည်း- ဟူမူ အရိယာမဟုတ်ပဲလျက် အရိယာဟု လိမ်လည်လှည့်ဖြားထားမှုကြောင့် ထိုသူ့အား အရိယာဟုံကြည်မိသူ အားလုံးက ကိုးကွယ်ဆည်းကပ်ကြ၏။ လှူဒါန်း ပူဇော်ကြ၏။
ထိုလာဘ သက္ကာရ သိလောကတို့ကို ထိုပုဂ္ဂိုလ်သည် အမှန်တကယ် ခံစားထိုက်သည် မဟုတ်။ သူ့၌ မရှိသောဂုဏ်ကို သူ့ပြောစကားအရ တကယ်ရှိသည်ဟု ထင်မှတ်ကြ ၍သာ လှူဒါန်းပူဇော်ကြခြင်းဖြစ်၏။
အမှန်တကယ် မရှိမှန်းသိလျှင် ပေးလှူကြမည် မဟုတ်။ ထိုသို့ မရသင့်သော ပေးလှူမှု ပူဇော်မှု ကျော်ကြားမှု များကို လှည့်ဖြားလိမ်ညာ၍ ယူထားခြင်းကြောင့် အယုတ်မာဆုံးသော ခိုးသူကြီးနှင့် တူခြင်းဖြစ်၏။
ထိုသို့သော ပုဂ္ဂိုလ်များ၏ လိမ်ညာလှည့်ဖြားမှုကို ခံရလျှင် ဤဘ၀တွင်လည်း မိမိတို့၏ ပစ္စည်းဥစ္စာများ ခိုးယူခံ ရနိုင်ပြီး သံသရာတွင် နစ်မွန်းစေနိုင်သော အယူဝါဒအမှားများကိုလည်း သင်ကြားပေးခံရနိုင်ဖွယ် ရှိသောကြောင့် ထိုသို့သော အယုတ်မာဆုံး သူခိုးကြီးများလက်မှ လွတ်အောင် ရှောင်းရှားနိုင်သူများဖြစ်ဖို့ သတိကြီးကြီး ထားကြရမည်ဖြစ်ပါသည်။
အရှင်ကောဝိဒ (ယော)