ပါရမီဆယ်ပါး ဘုရားဟော မဟော
သို့ဖြစ်၍ ပါရမီတရားသည် ဗုဒ္ဓဟောသောတရား မဟုတ်ဘဲ ဗုဒ္ဓကို အရိယာပုဂ္ဂိုလ်များနှင့် ခွဲခြားရန် နောက်မှ ပိဋကတ်ထဲသို့ ၀င်လာသော တရားဖြစ်တန်ရာ၏။
ရှေးသက္ကဋပိဋကတ်၌ ဒါန၊ သီလ၊ ခန္တီ၊ ၀ီရိယ၊ ပညာ၊ ဈာန-ဟူ၍ ပါရမီအပြား ၆ ပါးလာ၏။ ထေရ၀ါဒီတို့ကမူ ဈာနပါရမီကို ဖြုတ်၍ နိက္ခမ၊ သစ္စာ၊ အဓိဋ္ဌာန၊ မေတ္တာနှင့် ဥပေက္ခာကို ဖြည့်စွက်ကာ ပါရမီ ၁၀-ပါး ပြုလုပ်ထားလေ၏။”
အထက်ပါကောက်နှုတ်ချက်သည် ဦးအေးမောင် (စာပေဗိမာန်) ၏ “ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ” ကျမ်းစာအုပ်မှ ဖြစ်၏။ ပါရမီ-ဟူသော ဝေါဟာရနှင့် ရင်းနှီးကျွမ်းဝင်နေကြပြီးဖြစ်ကုန်သော ဗုဒ္ဓဘာသာဝင် သူတော်စင်တို့အဖို့ကား အထက်ပါမှတ်ချက်သည် အံ့သြစရာ ထိတ်လန့်စရာကြီးဖြစ်၏။
“ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ” ကျမ်းပြုဆရာက ပါရမီ-ဟူသောပုဒ် ပါရှိသော ပါဠိတော်စာရင်းကို စရိယာပိဋကနှင့် ဗုဒ္ဓ၀ံသ-ဟု နှစ်ကျမ်းသာ ထုတ်ပြ၏။ ထိုကျမ်းများသည် ပိဋကတ်ထဲ နောက်ကျမှ ရောက်လာသော ကျမ်းများဖြစ်သောကြောင့် ပါရမီတရားသည် မူလက ဗုဒ္ဓဟောကြားသော တရား မဖြစ်နိုင်ဘဲ နောက်ကျမှ ဗုဒ္ဓကို ကျန်အရိယာပုဂ္ဂိုလ်များနှင့် ခွဲခြားရန် ပိဋကတ်ထဲသို့ ၀င်လာသော တရားများဖြစ်ရမည်-ဟု ကောက်ချက်ချထား၏။
စရိယာပိဋက နှင့် ဗုဒ္ဓ၀ံသ ပါဠိတော်များကို ပိဋကတ်ထဲသို့ နောက်ကျမှ ၀င်လာသော ကျမ်းများပါဟု သူကိုယ်တိုင် ခိုင်မာသော ငြင်းဆိုဖို့ခက်ခဲသော အကြောင်းပြချက်များ မပေးနိုင်ဘဲ အနောက်နိုင်ငံမှ ဗုဒ္ဓဘာသာဝင်မဟုတ်သူ စာရေးဆရာအချို့၏ ကောက်ချက်ချမှုကို အခိုင်အမာယူဆ၍ ပြောဆိုနေခြင်း ဖြစ်၏။
တဖန် ဗုဒ္ဓကို သာမန်ပုဂ္ဂိုလ်အဖြစ် သူကိုယ်တိုင် ယူဆ၏၊ သူတစ်ပါးတို့ကိုလည်း ယူဆစေလို၏။ ထိုသို့ ဗုဒ္ဓအား သာမန်ပုဂ္ဂိုလ်အဖြစ်ယူဆချက် ခိုင်မာဖို့ရာ “ဗုဒ္ဓသည် ဘုရားဖြစ်ဖို့ရန် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဆယ်ပါး အပြားသုံးဆယ်တို့ကို ဖြည့်ကျင့်ခဲ့ရသည်”ဟူသော ဗုဒ္ဓဘာသာဝင်တို့၏ ယုံကြည်ချက်ကို ချေဖျက်ပစ်ဖို့ လို၏။ ထို့ကြောင့် “ဗုဒ္ဓသည် ပါရမီတော်တို့ကို ဖြည့်ကျင့်ပြီးမှ ဘုရားဖြစ်လာသော ထူးခြားမြင့်မြတ်သော ပုဂ္ဂိုလ်မဟုတ်၊ ထိုသို့ထူးခြားမြင့်မြတ်သော ပုဂ္ဂိုလ်မဟုတ်ပါပဲလျက် အခြားအရိယာများထက် ထူးခြားမြင့်မြတ် သယောင် ဟန်ဆောင်လုပ်ကြံလိုကြသူတို့က ဗုဒ္ဓနှင့် သာဝကတို့ကို အဆင့်အတန်း ခွဲခြားရန် ပါရမီ-ဟူသော ပေတံကို လုပ်ကြံဖန်တီးကြကုန်၏-ဟု အဆိုပြု၏။
သူပြောသလို ပါရမီ-ဟူသောပုဒ်သည် စရိယာပိဋကနှင့် ဗုဒ္ဓ၀ံသတွင်သာ ပါပါသလော။ မဟုတ်ပါ။ ပရိဝါပါဠိတော်၊ အပါဒါန်ပါဠိတော်နှင့် မိလိန္ဒပဉှာတို့တွင်လည်း ပါရှိပါသည်။ နမူနာ တစ်ခု ထုတ်ပြပါမည်။
ဒုက္ကရံ ၀ိဝိဓံ ကတွာ၊ ပူရယိတွာန ပါရမီ။
ဥပ္ပဇ္ဇန္တိ မဟာဝီရာ၊ စက္ခုဘူတာ သဗြဟ္မကေ။ (၀ိ၊ ၅၊ ၁၅၇)
ဝိ၀ိဓံ- အထူးထူးသော အပြားရှိသော၊ ဒုက္ကရံ - ခဲယဉ်းသဖြင့် ပြုအပ်သော စွန့်ခြင်းကြီးငါးပါး အစရှိသည်ကို၊ ကတွာ- ပြုတော်မူပြီး၍လည်းကောင်း၊ ပါရမီ- ဆယ်ပါးသော ပါရမီတော်တို့ကို၊ ပူရယိတွာန- ဖြည့်တော်မူပြီး၍လည်းကောင်း၊ သဗြဟ္မကေ- ဗြဟ္မာနှစ်ဆယ်နှင့်တကွသော သတ္တလောက၌၊ စက္ခုဘူတာ- ပညာမျက်စိသဖွယ် ဖြစ်တော်မူကြကုန်သော၊ မဟာဝီရာ- ကြီးမြတ်သော လုံ့လရှိတော်မူသော ဘုရားရှင်တို့သည်၊ ဥပ္ပဇ္ဇန္တိ- ပွင့်တော်မူကြကုန်၏။ (ပရိဝါ-ဘာဋီ၊ ၃၉၈)
မိလိန္ဒပဉှာ (ပထ၀ီစလနပဉှာ) တွင်လည်း ပါရမီဟူသော စကားလုံး ပါရှိပါသေးသည်။
စရိယာပိဋကပါဠိတော် (နှာ-၃၉၈) အပဒါန်ပါဠိတော် (အပ၊၁၊၃၅၉။ အပ၊၂၊ ၂၆၉) တို့တွင်လည်း ကြည့်နိုင်ပါသည်။ ကိုယ်တိုင် ပါဠိ-အဋ္ဌကထာ-ဋီကာ မကြည့်နိုင်ဘဲ သူများပြောစကား တဆင့်ကြားဖြင့် အခိုင်အမာ မဆိုသင့်ပါ။ ဘုရားရှင်၏ အကြောင်းခြင်းရာနှင့် ပတ်သက်၍ ဗုဒ္ဓ၀ံသနှင့် စရိယာပိဋကတွင် တသီးတသန့် ပြည့်စုံစွာ ပြဆိုပြီး ဖြစ်၍ ဒသုတ္တရသုတ်စသည်တို့၌ မပါရုံမျှဖြင့်လည်း ဘုရားဟော မဟုတ်ဟု မဆိုနိုင်ပါ။ ၀ိနည်းပညတ်ချက်များကို ၀ိနယပိဋကတွင် သီးသန့် ပြည့်စုံစွာ ပြဆိုထားပြီးဖြစ်၍ အခြားသော သုတ္တန် အဘိဓမ္မာတို့၌ ၀ိနည်းသိက္ခာပုဒ်များ မပါရှိသဖြင့် ၀ိနည်းသည် ဘုရားဟော မဟုတ်ဟု မဆိုနိုင်သကဲ့သို့တည်း။
ဗုဒ္ဓ၀ါဒကျမ်းဆရာက ပါရမီဟူသောပုဒ်ပါရှိရာ အဋ္ဌကထာကို ဇာတကအဋ္ဌကထာ တစ်အုပ်သာ ထုတ်ပြ၏။ အခြားဝိဘတ်များမပါဘဲ ပါရမီ-ဟူသော ပုဒ်ချည်းသက်သက် အဋ္ဌကထာရှစ်အုပ်တွင် နှစ်ဆယ့်သုံးနေရာ ပါပါသည်။
အဋ္ဌကထာ ဋီကာများတွင် ဘုရားဟောဟု ညွှန်းဆိုထားသော ပါရမီဟူသော စကားလုံးကို မသုံးဘဲ အခြားစကားလုံးများဖြင့် သုံးနှုန်းဟောကြားတော်မူသော ပါရမီတရား ဆယ်ပါးပါဝင်သော ဒေသနာများလည်း ရှိပါသေးသည်။
ကတိ နု ခေါ ဘန္တေ ဗုဒ္ဓကာရကာ ဓမ္မာ၊ ဒသ ခေါ သာရိပုတ္တ ဗုဒ္ဓကာရကာ ဓမ္မာ။ ကတမေ ဒသ၊ ဒါနံ ခေါ သာရိပုတ္တ ဗုဒ္ဓကာရကော ဓမ္မော၊ သီလံ - နေက္ခမ္မံ- ပညာ- ၀ီရိယံ ခန္တိ သစ္စံ အဓိဋ္ဌာနံ မေတ္တာ ဥပေက္ခာ ဗုဒ္ဓကာရကော ဓမ္မော။ ဣမေ ခေါ သာရိပုတ္တ ဒသ ဗုဒ္ဓကာရကာ ဓမ္မာ။ (စရိယာ၊ဋ္ဌ၊၂၇၀။ ဒီ၊ဋီ၊၁၊ ၆၈၊ သီ၊ဋီ၊သစ်၊၁၊ ၂၄၈။)
(ဘုရားအဖြစ်ကို ပြုတတ်ကုန်သော တရားများ မည်မျှရှိပါသနည်း-ဟု ဘုရားရှင်အား အရှင်သာရိပုတ္တရာက မေးလျှောက်ရာ ဒါန သီလ (ပ) မေတ္တာ ဥပေက္ခာ-ဟူသော တရားဆယ်မျိုးသည် ဘုရားအဖြစ်ကို ပြုတတ်ကုန်သော တရားတို့တည်း-ဟု ပါရမီဆယ်ပါးကို ထုတ်ပြတော်မူသော သုတ်ဖြစ်သည်။ ယခုလက်ရှိ ဆဋ္ဌမူ ပါဠိတော်တွင်ကား ရှာမတွေ့ပါ။)
“ကတိ ပန ဘန္တေ ဗောဓာယစရန္တာနံ ဗောဓိသတ္တာနံ အဇ္ဈာသယာတိ။
ဒသံ ခေါ သာရိပုတ္တ ဗောဓာယစရန္တာနံ ဗောဓိသတ္တာနံ အဇ္ဈာသယာ၊ ကတမေ ဒသ၊ ဒါနဇ္ဈာသယာ သာရိပုတ္တ ဗောဓိသတ္တာ မစ္ဆေရ ဒေါသဒဿာဝိနော၊ သီလဇ္ဈာသယာ သာရိပုတ္တ ဗောဓိသတ္တာ အသံဝရေ ဒေါသဒဿာဝိနော၊ နေက္ခမ္မဇ္ဈာသယာ သာရိပုတ္တ ဗောဓိသတ္တာ ကာမေသု ဒေါသဒဿာဝိနော၊ ယထာဘူတဉာဏဇ္ဈာသယာ သာရိပုတ္တ ဗောဓိသတ္တာ ၀ိစိကိစ္ဆာယ ဒေါသဒဿာဝိနော၊ ၀ိရိယဇ္ဈာသယာ သာရိပုတ္တာ ကောသဇ္ဇေ ဒေါသဒဿာဝိနော၊ ခန္တိဇ္ဈာသယာ သာရိပုတ္တ ဗောဓိသတ္တာ အက္ခန္တိယံ ဒေါသဒဿာဝိနော၊ သစ္စဇ္ဈာသယာ သာရိပုတ္တ ဗောဓိသတ္တာ ၀ိသံဝါဒနေ ဒေါသဒဿာဝိနော၊ အဓိဋ္ဌဇ္ဈာသယာ သာရိပုတ္တ အနဓိဋ္ဌာနေ ဒေါသဒဿာဝိနော၊ မေတ္တာဇ္ဈာသယာ သာရိပုတ္တ ဗောဓိသတ္တာ ဗျာပါဒေ ဒေါသဒဿာဝိနော၊ ဥပေက္ခာ အဇ္ဈာသယာ သာရိပုတ္တ ဗောဓိသတ္တာ သုခဒုက္ခေသု အာဒီန၀ဒဿာဝိနော။ (ဒီ၊ဋီ၊၁၊ ၇၃။ သီ၊ဋီ၊သစ်၊ ၂၆၀) (ပေယျာလဖော်ထားသည်)
(ဘုရားအလောင်းတို့၏ အဇ္ဈာသယ ဆယ်ပါးအဖြစ် ပါရမီဆယ်ပါးကို ထုတ်ပြထားသော သုတ်တည်း။ ထိုသုတ်လည်း ယခုလက်ရှိပါဠိတော်တွင်ကား ရှာမတွေ့ပါ။ အာဂုံဆောင်ခေတ်က အသိများပြီး မထူးခြားသောသုတ်များကို အလေးမထားသောကြောင့် ပျောက်ပျက်ကုန်ခြင်းလည်း ဖြစ်နိုင်သည်။ သံယုတ္တနိကာယ်တွင် သုတ်ပေါင်း ၇၇၆၂-ပါရှိသည်ဟု အဋ္ဌကထာ၌ ဆိုထားသော်လည်း ယခုလက်ရှိ ဆဋ္ဌမူတွင် သုတ်ပေါင်းသုံးထောင်ကျော်သာ ရှိတော့၏။)
“ရှေးသက္ကဋပိဋကတ်၌ ဒါန၊ သီလ၊ ခန္တီ၊ ၀ီရိယ၊ ပညာ၊ ဈာန-ဟူ၍ ပါရမီအပြား ၆ ပါးလာ၏။ ထေရ၀ါဒီတို့ကမူ ဈာနပါရမီကို ဖြုတ်၍ နိက္ခမ၊ သစ္စာ၊ အဓိဋ္ဌာန၊ မေတ္တာနှင့် ဥပေက္ခာကို ဖြည့်စွက်ကာ ပါရမီ ၁၀-ပါး ပြုလုပ်ထားလေ၏။” ဟု ဆိုလာပြန်၏။
သူပြောပုံအရ သက္ကဋပိဋကတ်က အရင်ပေါ်ပြီး ထေရ၀ါဒီတို့၏ ပါဠိပိဋကတ်က နောက်မှ ပေါ်ပေါက်သကဲ့သို့ ဖြစ်နေ၏။
ပါရမီခြောက်ပါးယူနည်းမှာ အထူးအဆန်း မဟုတ်ပါ။ ထေရ၀ါဒီတို့၏ ပါဠိပိဋကတ်တွင်လည်း ဖော်ပြပါရှိပါသည်။ ဆယ်ပါးအနေဖြင့် ဘုရားဟော တိုက်ရိုက်ရှိခြင်းကြောင့် ထေရ၀ါဒီတို့က ဆယ်ပါးကိုသာ အတည်ပြု ဟောပြောရေးသားကြပါသည်။ ဆယ်ပါးကို ခြောက်ပါးအဖြစ် ဆွဲငင်သိမ်းယူနိုင်ပုံကို ပိဋကတ်တွင် အောက်ပါအတိုင်း ဖော်ပြထား၏။
ကော သင်္ဂဟောတိ ဧတ္ထ ပန ယထာ ဧတာ ၀ိဘာဂတော တိံသ၀ိဓာပိ ဒါနပါရမီအာဒိဘာဝတော ဒသ၀ိဓာ၊ ဧ၀ံ ဒါနသီလခန္တိဝီရိယဈာနပညာသဘာဝေန ဆဗ္ဗိဓာ။ (ပ) အဓိဋ္ဌာနပါရမီ သဗ္ဗာဟိပိ သင်္ဂဟိတာတိ။ (ဒီ၊ဋီ၊၁၊ ၉၄)
“ဒါနစသော ပါရမီတို့သည် သုံးဆယ်မှ ဆယ်ပါးဖြစ်သကဲ့သို့ ဤအတူ ဒါနပါရမီ, သီလပါရမီ, ခန္တီပါရမီ, ၀ီရိယပါရမီ, ဈာနပါရမီ, ပညာပါရမီ-ဟူ၍ သဘာဝအားဖြင့် ခြောက်မျိုးရှိ၏။
၁။ နေက္ခမ္မပါရမီကို ရှင်ရဟန်းဖြစ်နေခိုက် သီလပါရမီဖြင့်လည်းကောင်း, နီဝရဏတို့မှ ကင်းဆိတ်မှုဖြစ်နေချိန်၌ ဈာနပါရမီဖြင့်လည်းကောင်း, ကုသိုလ်တရားများဖြစ်နေသော် ဒါနစသော ပါရမီခြောက်မျိုးလုံးတို့ဖြင့်လည်းကောင်း သိမ်းယူပါ။
၂။ သစ္စပါရမီကို ၀စီသစ္စာ ၀ိရတီသစ္စာအဖို့၌ ပါဝင်လျှင် သီလပါရမီဖြင့် သိမ်းယူ၍ ဉာဏသစ္စာ အဖို့၌ ပါဝင်ခိုက်ဖြစ်လျှင် ပညာပါရမီဖြင့် သိမ်းယူပါ။
၃။ မေတ္တာပါရမီကို ဈာနပါရမီဖြင့် သိမ်းယူပါ။
၎။ ဥပေက္ခာပါရမီကို ပညာပါရမီဖြင့် သိမ်းယူပါ။
၅။ အဓိဋ္ဌာနပါရမီကို ဒါနစသော ပါရမီခြောက်ပါးတို့ဖြင့် သိမ်းယူပါ။
မည်သို့ပင်ဖြစ်စေ ဗုဒ္ဓဘာသာဝင်မှန်သမျှ (ထေရ၀ါဒရော မဟာယာနပါ) “ပါရမီပါမှ ဘုရားဖြစ်သည်၊ ဘုရားဖြစ်ဖို့ရာ ပါရမီတော်တို့ကို ဖြည့်ကျင့်ရသည်” ဆိုသည်ကို လက်ခံယုံကြည်ကြပါသည်။
“အကြောင်းအကျိုး သဘောတရားကိုမျှ လက်မခံနိုင် နားမလည်နိုင်သော၊ ကံနှင့် ကံ၏အကျိုးကို ပယ်လိုသော၊ ရှေးဘ၀ နောက်ဘ၀တို့ကို မယုံကြည်လိုသော၊ ဘုရားကိုပင် သာမန် ဉာဏ်ကြီးရှင်တစ်ယောက်အဖြစ်သာ ယူဆလိုသော သူတို့သည်သာ” ပါရမီတရားနှင့် ဘုရားလောင်း၏ ပါရမီဖြည့်ကျင့်ရပုံတို့ကို လှောင်ပြောင်ရှုတ်ချနေကြသည်ကို တွေ့မြင်ရ၏။
အဂုင်္တ္တိုရ်ပါဠိတော်တွင် ---
“ဧကပုဂ္ဂလဿ ဘိက္ခဝေ ပါတုဘာဝေါ ဒုလ္လဘော လောကသ္မိံ၊ ကတမဿ ဧကပုဂ္ဂလဿ၊ တထာဂတဿ အရဟတော သမ္မာသမ္ဗုဒ္ဓဿ၊ ဣမဿ ခေါ ဘိက္ခဝေ ဧကပုဂ္ဂလဿ ပါတုဘာဝေါ ဒုလ္လဘော လောကသ္မိန္တိ။” (အံ၊၁၊၂၂)
“ရဟန်းတို့၊ သတ္တလောက၌ တစ်ယောက်သောပုဂ္ဂိုလ်၏ ထင်ရှားဖြစ်ပေါ်လာခြင်းသည် အလွန်ရခဲ၏။ အဘယ်မည်သော တစ်ယောက်သောပုဂ္ဂိုလ်၏ ထင်ရှားဖြစ်ပေါ်လာခြင်းသည် အလွန်ရခဲသနည်းဟူမူကား…။
ပူဇော်အထူးကို ခံတော်မူထိုက်သော မဖောက်မပြန် သယမ္ဘူဉာဏ်ဖြင့် အမှန်သိတော်မူသော သဗ္ဗညုမြတ်စွာဘုရား၏ ထင်ရှားဖြစ်ပေါ်လာခြင်းသည် အလွန်ရခဲ၏” ဟူ၍ အဂုင်္တ္တရနိကာယ် ဟောတော်မူထား၏။
ထိုသုတ်၏ အဖွင့်အဋ္ဌကထာ၌လည်း “ကသ္မာ ဒုလ္လဘောတိ= (အဘယ်ကြောင့် အလွန်ရခဲသနည်း) ဟု အမေးပုစ္ဆာထုတ်ကာ “ဒါနပါရမီကို တစ်ကြိမ်သာဖြည့်၍ ဘုရားဖြစ်နိုင်သည် မဟုတ်၊ နှစ်ကြိမ် ဆယ်ကြိမ် အကြိမ်နှစ်ဆယ် အကြိမ်ငါးဆယ် အကြိမ်တစ်ရာ အကြိမ်တစ်ထောင် အကြိမ်တစ်သိန်း အကြိမ်တစ်ကုဋေ အကြိမ်ကုဋေတစ်ရာ အကြိမ်ကုဋေတစ်ထောင် အကြိမ်ပေါင်း ကုဋေတစ်သိန်း ဒါနပါရမီကိုဖြည့်၍ ဘုရားဖြစ်နိုင်သည်မဟုတ်၊ ထို့အတူ တစ်ရက် နှစ်ရက် ဆယ်ရက် (ပ) ရက်ပေါင်း ကုဋေတစ်သိန်း ဒါနပါရမီကို ဖြည့်၍ ဘုရားဖြစ်နိုင်သည် မဟုတ်။ တစ်လနှစ်လ လပေါင်းကုဋေတစ်သိန်း၊ တစ်နှစ် နှစ်နှစ် နှစ်ပေါင်းကုဋေတစ်သိန်း၊ မဟာကပ်ကြီးတစ်ကပ် နှစ်ကပ် မဟာကပ်ကြီးပေါင်း ကုဋေတစ်သိန်း၊ မဟာကပ်ကြီးပေါင်း တစ်သင်္ချေ နှစ်သင်္ချေ သုံးသင်္ချေ ဒါနပါရမီကို ဖြည့်၍ ဘုရားဖြစ်နိုင်သည် မဟုတ်။ (သီလပါရမီ နေက္ခမ္မပါရမီ ပညာပါရမီ ၀ီရိယပါရမီ ခန္တီပါရမီ သစ္စာပါရမီ အဓိဋ္ဌာနပါရမီ မေတ္တာပါရမီ ဥပေက္ခာပါရမီတို့၌လည်း ဤနည်းအတူပင်။) စင်စစ်သော်ကား အောက်ထစ်ဆုံးအပိုင်းအခြားအားဖြင့် ကမ္ဘာပေါင်း ဤရွေ့ဤမျှဟု မရေတွက် မပိုင်းခြားနိုင်သည့် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလပတ်လုံး ပါရမီအဆောက်အဦ အလုံးစုံတို့ကို တစ်ခုမကျန် အခါမပြတ် ဘ၀မလပ်အောင် လေးမြတ် စုံမက် နှစ်သက် ကြည်ညို အလွန်ရိုသေစွာ ဖြည့်ကျင့်ဆည်းပူး ပွားများတော်မူမှ သဗ္ဗညုမြတ်စွာဘုရား ဖြစ်တော်မူနိုင်သည်။ ဤအကြောင်းကြောင့် ဘုရားသဗ္ဗညုတည်းဟူသော တစ်ယောက်သော ပုဂ္ဂိုလ်ကို သတ္တလောက၌ အလွန် ရခဲလှ၏။”ဟု ဖွင့်ပြတော်မူသည်။
ထိုသုတ်၏ အဖွင့်ဋီကာ၌လည်း…
“အောက်အစွန်းအားဖြင့် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလကြာအောင် ဘ၀မပြတ် ပါရမီတို့ကို ဖြည့်ကျင့်မှသာ သဗ္ဗညုဘုရားဖြစ်နိုင်သည်။ တစ်ပါးသော နည်းလမ်းဖြင့် မဖြစ်နိုင်။ ဤအကြောင်းကြောင့် ဘုရားရှင်တို့၏ ထင်ရှားဖြစ်ပွင့်တော်မူခြင်းကို အလွန်ရခဲလှ၏” ဟု ဖွင့်ပြလေသည်။ (မဟာဗုဒ္ဓ၀င်၊ပတွဲ၊၂၉-၃၁)
“မမံ ၀ါ ဘိက္ခဝေ ပရေ အ၀ဏ္ဏံ ဘာသေယျုံ၊ ဓမ္မဿဝါ အ၀ဏ္ဏံ ဘာသေယျုံ၊ သံဃဿ ၀ါ အ၀ဏ္ဏံ ဘာသေယျုံ၊ တတြ တုမှေဟိ အဘူတံ အဘူတတော နိဗ္ဗေဌေတဗ္ဗံ- “ဣတိပေတံ အဘူတံ၊ ဣတိပေတံ အတစ္ဆံ၊ နတ္ထိ စေတံ အမှေသု၊ န စ ပနေတံ အမှေသု သံဝိဇ္ဇတီ”တိ။ (ဒီ၊၁၊ ၃။)
“ရဟန်းတို့ သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ တရား၏ အပြစ်ကိုဖြစ်စေ သံဃာ၏ အပြစ်ကိုဖြစ်စေ ပြောကြရာ၌ “ဤစကားသည် ဤအကြောင်းကြောင့်လည်း မဟုတ်၊ ဤအကြောင်းလည်း မမှန်၊ စင်စစ်အားဖြင့် ဤအပြစ်သည် ငါတို့၌ ထင်ရှားမရှိ” ဟု မဟုတ်သည်ကို မဟုတ်သည့်အတိုင်း သင်တို့ ဖြေရှင်းရမည်။” - ဟူသော ဗြဟ္မဇာလသုတ်တော်လာ မြတ်စွာဘုရားရှင်၏ မိန့်ခွန်းတော်အတိုင်း ဘုရားတရားသံဃာ ရတနာသုံးပါးနှင့် ပတ်သက်သော မဟုတ်မမှန် လုပ်ကြံစွပ်စွဲမှုများ အထင်မှားအမြင်မှားဖြစ်ကာ တဖက်သတ် လိုသလိုဆွဲကာ ရေးသားဟောပြောမှု များကို အမှန်ရောက်အောင် ဖြေရှင်းပေးရမည့် တာဝန်သည် သာသနာ့ဝန်ထမ်း ရဟန်းသာမဏေတိုင်းတွင် ရှိပါသည်။
ထိုသို့ အမှန်ရောက်အောင် ဖြေရှင်းနိုင်ဖို့အတွက် ပါဠိပိဋကတ်ကို ကျွမ်းကျင်နှံ့စပ်ဖို့ လိုပါသည်။ ပါဠိစာပေ ကျွမ်းကျင်နိုင်နင်းတော်မူသော ပိဋကတ်တော် နှံ့စပ်လိမ်မာတော်မူသော ပါဠိအကျော်အမော် မြစေတီဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ၀ိမလဗုဒ္ဓိ အရှင်မြတ်ကြီး၏ ခြေတော်ရင်းဝယ် ပညာရင်နို့ သောက်စို့ခွင့်ရကြကုန်သော တပည့်အပေါင်းတို့သည် ဆရာသခင်၏ စနစ်တကျ သင်ပြလမ်းညွှန်မှုတို့ကြောင့် လျင်မြန်စွာ ပါရဂူမြောက် တတ်မြောက်ကြလိမ့်မည်ဟု ယုံကြည်မိပါသည်။ တတ်မြောက်ကျွမ်းကျင်ပြီးနောက် သာသနာ့ရန်စွယ် အန္တရာယ်ဟူသမျှတို့ကိုလည်း ကာကွယ်ဖြေရှင်းနိုင်ကြလိမ့်မည်ဟု မျှော်လင့်မိပါသည်။
အရှင်ကောဝိဒ (ယော)
(မော်လမြိုင်မြို့၊ မြစေတီကျောင်းတိုက်၊ ငွေရတုစာစောင်အတွက် ရေးပေးသော ဆောင်ပါး)