ဝိပဿနာ နှင့် ဒါန
ဗုဒ္ဓဘာသာဝင်များ ဒါနပြုကြရာတွင် အကျိုးကြီးမားသော ဒါနဖြစ်စေရန် ပြည့်စုံရမည့် အချက်များကို ကျမ်းဂန်များတွင် ဖတ်ရှုရသလို သံဃာတော်များဟောသည့် တရားများတွင်လည်း နာကြားမှတ်သားရပါသည်။ထိုတွင် လှူသူနှင့် အလှူခံသူတို့ သီလပြည့်စုံမှု၊ အလှူပစ္စည်း၏ စင်ကြယ်မှု၊ လှူသူမှာ စေတနာ၊ သဒ္ဓါနှင့် ပြည့်စုံထက်သန်မှု လိုအပ်သည်များကို နားလည်၍ ကြိုးစားဖြည့်ဆည်းနိုင်ပါသည်။
သို့ရာတွင် လှူသူ၊ အလှူခံသူနှင့် အလှူပစ္စည်းတို့၏ မမြဲခြင်းသဘောကိုပါ ၀ိပဿနာရှု၍ လှူဒါန်းရမည် ဆိုရာတွင် အလှူအပေါ် စေတနာသုံးတန် ပြဋ္ဌာန်းရင်း ၀ိပဿနာဖြစ်အောင် တပါတည်းရှုရမည့် ကိစ္စကို မကျွမ်းကျင်နိုင်ပါ၍ နည်းလမ်းညွှန်ပြကြပါရန် တောင်းဆိုလိုက်ရပါသည်။
ဦးဌေး (တောင်ဥက္ကလာပ)
“အလှူအပေါ် စေတနာသုံးတန် ပြဋ္ဌာန်းရင်း ၀ိပဿနာဖြစ်အောင် တပါတည်းရှုရမည့် ကိစ္စကို မကျွမ်းကျင်နိုင်ပါ၍ နည်းလမ်းညွှန်ပြကြပါရန်” ဟူရာ၌ ၀ိပဿနာရှုနည်းသည် အထူးနည်း သီးသန့်နည်း မရှိပါ။ ရိပ်သာများတွင် ညွှန်ပြသည့်နည်းအတိုင်း ရေရှည်အားထုတ်ထားဖို့ လိုပါသည်။ အလေ့အကျင့်များမှ ကျွမ်းကျင်နိုင်ပါမည်။ ကျွမ်းကျင်လာလျှင် အချိန်မရွေး နေရာမရွေး ရှုမှတ်နိုင်လာပါလိမ့်မည်။
ဒါနမှုတစ်ခုကို ပြုရာတွင် -ဤအလှူဝတ်သည် ငါတို့၏ မျိုးရိုးစဉ်ဆက် ပြုကျင့်လာခဲ့သော အလှူဝတ်ဖြစ် ၏ ဟု နှလုံးသွင်း လှူဒါန်းလျှင် သီလကုသိုလ်ဖြစ်၏။ ဤလှူဖွယ် ၀တ္ထုသည် ကုန်ခြင်း ပျက်ခြင်းသို့ ရောက်လတံ့ဟု ကုန်ခြင်းပျက်ခြင်း(ခယ၀ယ) သဘောကို ဆင်ခြင်၍ လှူဒါန်းလျှင် ဘာဝနာကုသိုလ်ဖြစ်ကြောင်း ကျမ်းဂန်များတွင် လာရှိပါ၏။ (အဘိ၊ဋ္ဌ၊၁၊ ၁၁၉)
သို့ရာတွင် ထိုသို့ရှုခိုက်တွင် ၀ိပဿနာဉာဏ်အစစ်ဖြစ်ဖို့ကား အထက်၌ဆိုခဲ့သည့်အတိုင်း ဖြတ်လမ်းနည်း မရှိပါ။ အလေ့အကျင့်များပြီး ပါရမီပါမှ ဖြစ်နိုင်ပါလိမ့်မည်။
“အနိစ္စာဒိဝသေန ၀ိဝိဓေန အာကာရေန ပဿတီတိ ၀ိပဿနာ၊ (အဘိ၊ဋ္ဌ၊၁၊ ၉၅) အနိစ္စာဒိဝသေန၊ အနိစ္စ-အစရှိသည်တို့၏ အစွမ်းအားဖြင့်။ ၀ိဝိဓေန အာကာရေန၊ အမျိုးမျိုးသော အခြင်းအရာအားဖြင့်။ ပဿတိ၊ ရှုမြင်တတ်၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ ၀ိပဿနာ၊ ၀ိပဿနာမည်၏။
ဤအဋ္ဌကထာလာဝိဂြိုဟ်၏ အရအားဖြင့် အနိစ္စ အစရှိသော အမျိုးမျိုးသော အခြင်းအရာအားဖြင့် ရှုမြင်သော သမ္မသနအစ အနုလောမ အဆုံးရှိသော ဉာဏ် (၁၀) ပါးသည်သာလျှင် ၀ိပဿနာ အစစ်မည်၏၊ အဘယ်ကြောင့်ဆိုသော် ထိုသမ္မသနအစ အနုလောမအဆုံးရှိသော ဉာဏ် (၁၀) ပါးသည်သာလျှင် အနိစ္စအစရှိသော အခြင်းအရာအားဖြင့် ရှုမြင်နိုင်သောကြောင့်ပေတည်း။” (၀ိပဿနာလမ်းညွှန်ကျမ်း၊ မဟာစည်ဆရာတော်)
အထက်ပါဖွင့်ဆိုချက်အရ သမ္မသနစသော ဉာဏ်စဉ်များ ရရှိထားသူမှသာ ဒါနမှုကို ပြုရင်း ၀ိပဿနာဉာဏ်အစစ်ဖြစ်အောင် တပါတည်း ပွားများနိုင်ပါလိမ့်မည်။ အလေ့အကျင့်မရှိ၍ ၀ိပဿနာဉာဏ်အစစ် မဖြစ်သည့်တိုင် လှူဒါန်းသည့်အခိုက် အလှူဝတ္ထုစသည်တို့၏ ကုန်ခြင်းပျက်ခြင်းသဘော မမြဲခြင်းသဘောတို့ကို ရှုမှတ်ဆင်ခြင်၍ လှူဒါန်းနိုင်ပါသည်။ လှူဒါန်းသင့်ပါသည်။ ယခုလောလောဆယ်တွင် ၀ိပဿနာဉာဏ်အစစ် မဖြစ်သည့်တိုင် နောက်ဖြစ်ဖို့ရာ အထောက်အပံ့ဖြစ်ပါသည်။
မေးခွန်းနှင့်ဆက်စပ်မှုရှိသော ဖားအောက်ဆရာတော်ကြီး၏ လမ်းညွှန်ချက်ကို ဖော်ပြချင်ပါသည်။
“အကယ်၍ ၀ိပဿနာသမ္မာဒိဋ္ဌိဉာဏ်များ ခြံရံ၍ ကံတစ်ခုကို ပြုစုပျိုးထောင်နိုင်လျှင်ကား လူတွင် လူမြတ် နတ်ထက်နတ် ဖြစ်နိုင်၏။ သို့သော် ရုပ်နာမ်ကို --- ဤကျမ်း ရုပ်ကမ္မဋ္ဌာန်းပိုင်း, နာမ်ကမ္မဋ္ဌာန်းပိုင်းတို့၌ တင်ပြရေးသားထားသည့်အတိုင်း ပရမတ်သို့တိုင်အောင် ဉာဏ်အမြင်ဆိုက်ဖို့ကား လိုအပ်ပါသည်။ ထိုသို့ ပရမတ်သို့တိုင်အောင် ဉာဏ်အမြင်ဆိုက်နေသော သူတော်ကောင်းတစ်ဦးက --- ဆွမ်းဒါန ကောင်းမှုကုသိုလ် တစ်ခုကို ပြုသော အခါဝယ် ---
၁။ အလှူပေးနေသော မိမိ၏သန္တာန်၌ တည်ရှိသော ရုပ်-နာမ်-ပရမတ်တရားတို့ကို သိမ်းဆည်းလျက် ဉာဏ်ဖြင့်
ပိုင်းခြားယူလျက် ယင်း ရုပ်-နာမ်တို့ကို အနိစ္စ-ဒုက္ခ-အနတ္တ လက္ခဏာရေးသုံးတန်တင်ကာ ၀ိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းလျက်လည်းကောင်း ---
၂။ အလှူခံပုဂ္ဂိုလ် များထိုထို၏ သန္တာန်၌ တည်ရှိသော ရုပ်-နာမ်-ပရမတ်တရားတို့ကိုလည်း ဗဟိဒ္ဓချင်း တူညီ၍ သာမန် ပေါင်းစုခြုံငုံလျက် သိမ်းဆည်းပြီးလျှင် ယင်း ရုပ်-နာမ်တို့ကို လက္ခဏာရေးသုံးတန်တင်ကာ ၀ိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကို စီးဖြန်းလျက်လည်းကောင်း ---
၃။ လှူဖွယ်ဝတ္ထု အစုစုကို ဓာတ် (၄)ပါး စိုက်ရှုလိုက်ပါက ရုပ်ကလာပ်အမှုန်များကိုသာ တွေ့ရှိမည် ဖြစ်၏။
ယင်းရုပ်ကလာပ်တို့ကား ရုပ်ကလာပ်တစ်ခု၏ အတွင်း၌ တည်ရှိသော တေဇောဓာတ် = ဥတုကြောင့် ဆင့်ကဲဆင့်ကဲ ဖြစ်ပွားနေကြသော သြဇာလျှင် (၈)ခုမြောက်ရှိသော သြဇဋ္ဌမကရုပ်တို့သာတည်း။ ယင်းသြဇဋ္ဌမကရုပ်တို့ကို ဉာဏ်ဖြင့် ပိုင်းခြားယူပြီး သိမ်းဆည်းပြီးလျှင် ယင်းရုပ်တရားတို့ကို လက္ခဏာရေး သုံးတန်တင်ကာ ၀ိပဿနာဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းလျက်လည်းကောင်း ---
၎။ ပေးလှူကြောင်း ကုသိုလ်စေတနာဦးဆောင်သည့် မဟာကုသိုလ် မနောဒွါရိကဇောဝီထိစိတ်အစဉ် နာမ်တရားစုတို့ကိုလည်း သိမ်းဆည်း၍ ယင်းကုသိုလ်တရားတို့ကို လက္ခဏာရေးသုံးတန်တင်ကာ ၀ိပဿနာ ဘာဝနာ ကမ္မဋ္ဌာန်း စီးဖြန်းလျက်လည်းကောင်း ---
ဤသို့သော ၀ိပဿနာဉာဏ်များ ခြံရံလျက် ဒါနကောင်းမှု ကုသိုလ်တစ်ခုကို ပြုစုပျိုးထောင်ပါက ထိုဒါနကံမှာ အဆင့်အတန်း အမြင့်မားဆုံးသော ၀ိပဿနာဉာဏ်များ ခြံရံထားသဖြင့် ထိုဒါနကံမှာ အကျိုးပေးဖို့ရန် အခါအခွင့် သင့်၍ ပဋိသန္ဓေ၏ အစွမ်းဖြင့် ဘ၀တစ်ခုကို ဖြစ်စေရာဝယ် ၀ရဇိန်လက်နက် မိုးကြိုးစက်ပမာ အလွန်ထက်မြက် စူးရှသော ဉာဏ်ပညာနှင့် ပြည့်စုံရသူ ဖြစ်ရပေ၏။ (နိဗ္ဗာနဂါမိနီပဋိပဒါကျမ်း)
“ရဟန်းတို့ သတ္တ၀ါတို့သည် လှူဒါန်းဝေဖန်ခြင်း၏ အကျိုးကို ငါဘုရား သိသကဲ့သို့ သိကြကုန်မူ မပေးလှူဘဲ မစားကုန်ရာ၊ ၀န်တိုမှုနှင့် ငြူစူမှုစသော အကုသိုလ်အညစ်အကြေးသည် ထိုသူ၏ စိတ်ကို သိမ်းကျုံးလွှမ်းမိုး၍ မတည်နိုင်ရာ၊ အလှူခံ ပုဂ္ဂိုလ်ရှိကုန်မူ ထိုသူတို့သည် နောက်ဆုံးဖြစ်သော ထမင်းလုတ် ထမင်းဆုပ်မှသော်လည်း မခွဲခြမ်း မဝေဖန်မူ၍ မစားကုန် ရာ။
ရဟန်းတို့ သတ္တ၀ါတို့သည် လှူဒါန်း ဝေဖန်ခြင်း၏ အကျိုးကို ငါဘုရား သိသကဲ့သို့ မသိကုန်သောကြောင့် သာ မပေးလှူဘဲ စားကြကုန်၏။ ၀န်တိုမှုနှင့် ငြူစူမှုစသော အကုသိုလ်အညစ်အကြေးသည် ထိုသူ၏ စိတ်ကို သိမ်းကျုံးလွှမ်းမိုး၍ တည်လေ၏” (ဣတိဝုတ်၊ ဒါနသုတ်) ဟု ဘုရားရှင်ဟောတော်မူသည့်အတိုင်း ၀န်တိုမှုနှင့် ငြူစူမှုဟူသော အကုသိုလ်အညစ်အကြေးများ ကို အနိုင်ယူနိုင်သော ပေးကမ်းခြင်း၌ ရဲရင့်သူများ ဖြစ်နိုင်ကြပါစေ။
အရှင်ကောဝိဒ (ယော)