“နိဗ္ဗာန် မြင်ကွင်း”
ဒါပေမယ့် နိဗ္ဗာန်ဆိုတာဘာလဲ .. ဆိုရင်တော့ ဝေဝေ၀ါးဝါး၊ ကြားဖူးပြီး နားမဝ၊ နားဝလည်း အဓိပ္ပာယ်ငတ် ဖြစ်နေကြတယ်၊ လက်လှမ်း မီသမျှ နာကြားနေ ဖတ်ရှုနေ ရတာ တွေကလည်း နိဗ္ဗာန်ဆိုတာ “အမတ”မသေရာပြည်၊ ခေမ-ဘေးမဲ့ပြည်၊ သန္တိသုခ -ငြိမ်းအေး ချမ်းသာတဲ့ အရာ၊ ပြီးတော့ နိဗ္ဗာန်ဟာ အရောင်အလင်းရှိတယ် နိဗ္ဗာန်ဟာ ရုပ်ထူး နာမ်ထူးဖြစ်တယ် ဆိုတဲ့ သဘောတွေ ဖြစ်နေတော့ တချို့က နိဗ္ဗာန် ဆိုတာ ခမ်းနား ကြီးကျယ်တဲ့ နေရာကြီးပါလေ ဆိုပြီး မိမိနဲ့ ပိုဝေးရာ ပို့ထား လိုက်ကြတယ်။
တစ်ချို့ကြတော့လည်း “ ချမ်းသာတဲ့ ဘုံဋ္ဌာန ” တစ်ခုထင်မှတ်ပြီး ရောက်လို
စောကြတယ်၊ နိဗ္ဗာန်ကို ရက်တိုတိုနဲ့ ရောက်ရပါလို၏လို့တောင် ဆုတောင်းကြတယ်။
တကယ်
နိဗ္ဗာန်ရဲ့သဘော အနှစ်သာရကိုသိရင် တော်တော်တန်တန်လူဟာ လိုချင်ပါ့မလားလို့
သံသယ ဖြစ်မိ တယ်၊ တခါက ကျောင်းရိပ်ကန်ရိပ် ဟာသလေးတစ်ခုလို “ ရွာဦးကျောင်း
ဆရာတော်က နိဗ္ဗာန်ဆိုတာ ငြိမ်း၍အေးကြောင်း၊ တကယ် ချမ်းသာစစ် ဖြစ်ပြီး
ဘာမှပြုဖွယ် လုပ်ဖွယ်တွေ မရှိကြောင်း ဟောတော့၊ ဆေးလိပ်ကြိုက်တဲ့ ဒါယကာမကြီး
တစ်ဦးက “ ဆေးလိပ်လေးမှ မဖွာရရင် ကိုယ်တော့် နိဗ္ဗာန်မလိုချင်ပေါင်” လို့
ထလျှောက်သတဲ့။
တိုင်းတရားသူကြီး ဟောင်းတစ်ဦးက မေးဖူးတယ်၊ နိဗ္ဗာန်ဆိုတာ ဘာလဲတဲ့၊ နိ+ဝါန
နာမနှစ်ပုဒ်ကို သဒ္ဒါထုံးနဲ့ “ နိဗ္ဗာန” လို့ပြုထားတာ၊ ပါဠိသက်ဝေါဟာရ
နိဗ္ဗာန်၊ အဓိပ္ပါယ်က ဝါန = လိုချင်တောင်းတ (တဏှာ)မှုမှ (တောင်းတမှုကို
အခြေခံတဲ့ အကြောင်းရင်း အကြောင်းဖျား အားလုံးမှ)၊ နိ = မရှိခြင်း၊
ကင်းခြင်းလို့ ပြောပြလိုက်တော့ သူသဘောကျ သွားတယ်၊ စာရေးသူရဲ့
မိခင်ကြီးနှလုံးသွင်းတဲ့ “ဘာမျှမလိုချင်သူအတွက် အားလုံး
ပြည့်စုံသွားတာပေါ့” ဆိုတဲ့ အလင်္ကာ စကားလေး ကိုလည်း ဥပမာပြုလိုက်တယ်၊
နောက်ပြီး ဂျပန်ဘုန်းတော်ကြီး ‘ဆိုးဂီ’ ရဲ့ ...
နွေဦး ကျွန်ုပ်တဲ
ဘာမျှမရှိ အဟုတ်ပဲ
အားလုံးရှိတာပဲ
.. ဆိုတဲ့ ဟိုက္ကူ ကဗျာလေးကိုလည်း ရွတ်ပြလိုက်သေးတယ်၊ စာကိုအခြေခံပြီး
အနုမာနနဲ့ ပြောလိုက်ရတဲ့၊ ခန့်မှန်း နိဗ္ဗာန်၊ အနုမာနနိဗ္ဗာန်လို့
ဆိုနိုင်ပါတယ်၊ ရရှိသူတိုင်း မိမိတို့ ကိုယ်တိုင်ခံစား စံစားမှုအသီး
အသီးဖြစ်တဲ “ပစ္စတ္တံ ဝေဒိတဗ္ဗ” သဘောဖြစ်ပါတယ်၊ မျက်မှောက် ပြုပုံခြားပေမဲ့
နိဗ္ဗာန်ကတော့“ လိုလားတောင်း တမှုတို့ရဲ့ အရင်း မူလတဏှာမှ အပြီးအပိုင်
ကင်းခြင်းပါပဲ။
ဒီနေရာမှာလည်း “ဘာမျှ မလိုချင်ခြင်း သဘောကို လိုချင်ခြင်းဟာ သမ္မာဆန္ဒနဲ့
အောက်ခြေ ငြိမ်းအေးမှုဖြစ်ပြီး” “ ဘာမျှ မလိုချင်ခြင်းကိုပင် မလိုချင်တော
့ခြင်းကမှ ထာဝရငြိမ်းအေးမှု” ဖြစ်တယ်ဆိုတာကို သဘောပေါက်ဖို့လို ပါတယ်၊ ဒါမှ
နိ+ဝါန အစစ်ဖြစ်တယ်။ အဲဒီသဘော ကိုလည်း မျက်မှောက် ဆိုက်ကာ
(သစ္ဆိကရဏ)ဖြစ်ပြီး မလိုချင်မှုကို ဆိုလိုတာပါ။ မျက်မှောက်မပြုဖူးဘဲ
မလိုချင်မှုကတော့ အန္ဓတို့ ထုံးစံသာပါ။
ဒီလိုအနုမာနနဲ့ သိလိုက်ရတာကိုပဲ၊ ခန္ဓာငြီးငွေ့Óဏ် ရင့်သန်တော်မူကြတဲ့
သူတော်ကောင်း များအဖို့ နိဗ္ဗာန်ကို ရလိုကြ တယ်၊ သိလို၊ မျက်မှောက်
ပြုလိုကြပါတယ်။ အဲဒါကြောင့် ဗုဒ္ဓဝစန - ဘုရားစကား တော်တွေထဲမှာ
ရှာဖွေမှတ်သား လိုက်နာ ကျိုးကုတ်ရင်း ဝါနကင်းရေးကို အားထုတ်
တော်မူခဲ့ကြတယ်၊ ကျင့်တဲ့အတိုင်းသိသမျှ ကျင့်ပုံကျင့်နည်းကိုလည်း ဆင့်ကမ်း
ငှဝေ သွန်သင် တော်မူခဲ့ကြပါတယ်။
အဲဒါကြောင့်လည်း “နိဗ္ဗာန်” ဆိုတဲ့ ဝေါဟာရကို ဘိုးဘွားပိုင် အမွေပစ္စည်း
တစ်ခုလိုကို ဗုဒ္ဓဘာသာဝင်တွေဟာ ရင်နှီးနေကြပါတယ်။ ဒါပေမယ့် မကျင့်တတ်
မယူတတ်လေတော့ “လူရိုင်းလက် ပတ္တမြားငမောက် ရောက်ဆိုသလို ဖြစ်နေတယ်”
ပြည်တန်မှန်း မသိရုံမက အရောင်ဖြာ တာကိုပင် တောက်စားတယ် ထင်ပြီး ချောက်နက်ထဲ
စွန့်ပစ်ချင် ကြသူတွေ တောင် ရှိမယ်ထင်တယ်၊ ဒါဟာ နိဗ္ဗာန်နဲ့ ဆံ့တဲ့
ဥာဏ်ခံနည်းလို့ ဆိုရမှာပါ၊
ဥာဏ်မရှိက နိဗ္ဗာန်စကားအလွန်ခါး၏ ” ဆိုသလိုမျိုး။
နိဗ္ဗာန်နဲ့ ဝါနလို့ခေါ်တဲ့ တဏှာဟာ ရင်နဲ့ကျောလို ကပ်နေတာမျိုးလို့ ဆရာတော်
တစ်ပါးက ဥပမာပြုတာလည်း မှတ်သားရပါတယ်၊ အဝိဇ္ဇာဆိုတဲ့ အလွှာခြားမှုကြောင့်
ကြည့်လေ .. ဝေးလေ .. ဝေးလေ ... ကြည့်လေ ပတ်ခြာလည် နေရ တာလို့
ဆိုလိုပုံရပါတယ်။
တကယ်တော့
နိဗ္ဗာန်ကို ဘုရားရှင်က တရားဦးမှာ နိရောဓသစ္စာအဖြစ် စတင်သိစေခဲ့တာပါ၊
အဲဒီသစ္စာကို ဆိုက်ရောက်ဖို့ ကျင့်စဉ်လမ်းကြောင်း၊ မဂ္ဂသစ္စာကိုလည်း
တချိန်တည်း ဟောခဲ့တာပါ၊
အဲဒီလမ်းစဉ်က
(၁) မှန်ကန်တဲ့ အသိအမြင်၊
(၂)
မှန်ကန်တဲ့ အတွေးအကြံ၊
(၃) မှန်ကန်တဲ့ အပြော၊
(၄) မှန်ကန်တဲ့ ဆောင်ရွက်မှု၊
(၅) မှန်ကန်တဲ့ အသက်မွေးမှု၊
(၆)မှန်ကန် တဲ့ လုံ့လ၊
(၇) မှန်ကန်တဲ့
အောက်မေ့ဆင်ခြင်မှု၊
(၈) မှန်ကန်တဲ့ တည်ကြည်မှု တွေပါဘဲ၊ ဒါကို
စင်ကြယ်သူ(အရိယာ)တို့ရဲ့ လမ်းလို့ ဆိုပါတယ်။
တရားဦးဓမ္မစကြာမှာ အဲဒီလို ဟောပြတော်မူခဲ့သလို တရားနှောင်း မဟာပရိနိဗ္ဗာနသုတ်
မှာလည်း .. ဒီမဂ္ဂင် ရှစ်ပါးကို ကျင့်ကြံပွားများ နေကြသရွေ့ နိဗ္ဗာန်ကို
ဆိုက်ရောက်သည့် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာတွေ မကင်းဆိတ်နိုင် လို့
နောက်ဆုံး သာဝက သုဘဒ္ဒပရိဗိုဇ်ကို ဟောတော်မူခဲ့ပြန်တယ်။
ဒီလမ်းစဉ်အတိုင်း ခိုင်ခိုင်မတ်မတ် လျှောက်ရင် ဘယ်သူနဲ့မဆို နိဗ္ဗာန်ဟာ
အနီးကလေးပါဘဲ၊ စာမှာတော့ မဂ္ဂသစ္စာကို ပွားများရာလို့ ဟောပါတယ်၊ အကြိမ်ကြိမ်
ထပ်ကာထပ်ကာ လုပ်ရမယ် ဆိုတဲ့သဘောပါဘဲ။ အစဉ်ကိုယ်နှုတ်နှလုံး ကံသုံးပါး
အမူရာတိုင်းမှာ ယှဉ်ထားရမယ်လို့ ဆိုလိုတာပါ။
ဒါကြောင့် ရှေ့က သွားနှင့်ကြတဲ့ ပညာရှိကြီးတွေ၊ သူတော်မြတ်ကြီးတွေ
ဒီလမ်းကြောင်းကို ဘယ်လိုလျှောက် ကြသလဲ .. ဘယ်လို ပွားကြသလဲ .. ဆိုတာ နည်းယူ
အတုယူကြရမှာဖြစ်ပါတယ်။
သည်အတွက်
ဖွေနည်စုဆောင်း သုတေသနပြုကာ ငှဝေဆင့်ကမ်းသွားတဲ့ ကျေးဇူးတော်ရှင် တွေထဲက
တစ်ပါး ကတော့ ဝါးချက်၊ လှေသင်းအတွင်းဝန် မင်းကျောင်း ဆရာတော်ဖြစ်ပါတယ်၊
ဆရာတော် ဘဒ္ဒန္တသောမာဘိဓဇ(၁၂၁၅- ၁၂၈၈)ပါ၊ ဆရာတော် ကိုယ်တော်တိုင်
ပိဋကတ်တော်လာနှင့် အာစရိယဝါဒတွေကို မှတ်တမ်းပြုကာ အနှစ်အဆီအဖြစ်
ထုတ်ဆောင်ထားခဲ့တဲ့ နိဗ္ဗာန်နဲ့စပ်တဲ့ မှတ်ဖွယ် ကျင့်ဖွယ် လင်္ကာလေးတွေကို
စာဖတ် သူတို့ကိုလည်း ကျေးဇူးပြုလို၊ မင်းကျောင်း ဆရာတော်ကိုလည်း
ပူဇော်လိုတာကြောင့် ကူးယူ ဆင့်ကမ်း လိုက်ပါရစေ ..
(၁) ရတနာသုံးဆိုင်၊ ငုံကြာခိုင်၊ ဆုံပြိုင် ဝန္ဒနာ။
နှစ်ဆီရသ၊ မြတ်ဓမ္မ၊ မှတ်ကြ စဉ်အလာ။
ပရိနိဗ္ဗာန၊ မြတ်ဗုဒ္ဓ၊ မိန့်ထညောင်စောင်းမှာ။
နိဗ္ဗာန်လိုက၊ သင်္ခါရ၊ နေ့ ည မမေ့ရာ။
(၂) ပုတြာမည်ရှိ၊ ရှင်သာရိ၊ အန္တိမိန့်ခဲ့ရှာ။
နိဗ္ဗာန်လိုလား၊ သဒ္ဓါပွား၊ မခြားနေသင့်ရာ။
(၃) ဆရာတော်ရေငုံ၊ ကျင့်အထုံ၊ မှာပုံ သင့်လှပါ။
နိဗ္ဗာန်လိုက၊ လိုသမျှ၊ ကျင့်ကြကောင်းရာရာ။
(၄) ဝံသာအရိ၊ သားမုနိ၊ ထားရှိသူ့အမှာ။
နိဗ္ဗာန်လိုက၊ ကိုယ်ဧက၊ နေထ သင့်လျော်ရာ။
(၅) ညောင်ကန်ဆရာတော်၊ ဦးဗုဒ်ခေါ်၊ ထုတ်ဘော်မိန့်ခဲ့ရာ။
လူ နတ်ဗြဟ္မာ၊ ကဲ့ရဲ့မှာ၊ ဆိတ်စာ မကြောက်ရာ။
ဘုရားကဲ့ရဲ့၊ ကြောက်သူကွဲ့၊ ရောက်မဲ့ နိဗ္ဗူတာ။
(၆) ငခုံကဝိ၊ မြတ်ဗောဓိ၊ ဟောရှိ သည်အမှာ။
စိတ်ဆိုး စိတ်ညစ်၊ ကိုယ့်ကြောင့်ဖြစ်၊ ပယ်လှစ် သူတကာ။
စိတ်ညစ်ပယ်ချိုး၊ စိတ်မဆိုး၊ ရောက်ရိုး နိဗ္ဗာန်သာ။
(၇) မန်ကျည်းတောခေါ်၊ ဆရာတော်၊ ထုတ်ဖော် မှတ်စရာ။
နိဗ္ဗာန်ကိုရည်၊ ကုတ်နှင့်ကီ၊ ကြောက်သည် မရှိရာ။
(၈) ကျင့်ကျော်ထွဋ်ခေါင်၊ နှုတ်တော်ဆောင်၊ သိအောင် မိန့်ခဲ့ရာ။
နိဗ္ဗာန်လိုလျှင်း၊ သူ့အတင်း၊ ပြောခြင်း ပယ်ချိုးပါ။
(၉) ရွှေရင့်မာရှင်၊ ဆရာပင်၊ မှာတွင် သိစရာ။
ဟောတိုင်းပြောတိုင်း၊ ချင့်စာနှိုင်း၊ ရေးတိုင်း မယုံရာ။
နိဗ္ဗာန်လိုက၊ ဝိရာဂ၊ မိန့်မှ ယုံသင့်ပါ။
(၁၀) မြင်းဝန်ဆရာတော်၊ မိန့်ြွမက်ဖော်၊ မြင်မြှော် မှတ်စရာ။
နိဗ္ဗာန်လိုလစ်၊ မုန်းအချစ်၊ ဆုံးပစ် ပယ်ချပါ။
(၁၁) ဝိနည်းကျော်လှ၊ ဗန်းမော်က၊ ဖော်ပြ မိန့်ခဲ့ရာ။
နိဗ္ဗာန်ကို မက်၊ ကိုယ့်အသက်၊ ငဲ့ကွက် မပြုရာ။
(၁၁) လှေသင်းမင်းကျောင်း၊ နေတ္တိကောင်း၊ သိကြောင်းအစဉ်မှာ။
နိဗ္ဗာန်လိုက၊ သည်းခံကြ၊ တွင်းပ အရာရာ။
သုံးဘုံမကိုဋ်၊ တရားမြိုက်၊ သားနှိုက် ဤနည်းသာ။
အချုပ်စကား၊ ဆုံးတရား၊ သုံးထား မြဲမြံစွာ။
အဓိပ္ပါယ်နက်၊ အသိခက်၊ ထည့်စွက် ဥာဏ်ဝိဇ္ဇာ။
ကျင့်သုံး ဗိုလ်လူ၊ ပြည်နိဗ္ဗူ၊ လွယ်ကူ ရောက်မည်သာ။
ဗုဒ္ဓမြတ်စွာ၊ ရှင်သာရိပုတြာ အစ၊ ရေငုံဆရာတော်၊ ရှင်အရိယာဝံသ၊ ဆရာတော်
ဦးဗုဓ်၊ ငါးခုန်ဆရာတော်၊ မန်ကျည်းတော ဆရာတော်၊ ရွှေရင်းမာဆရာတော်၊
မြင်းဝန်ဆရာတော်၊ ဗန်းမော်ဆရာတော်တို့ အလယ် မင်းကျောင်း
ကိုယ်တော်တိုင်အဆုံး ရေးသားဆုံးမခဲ့ကြတဲ့ နိဗ္ဗာန်နဲ့ စပ်သမျှကို
“သံခိပ်သီတံ” ပြုစီထားခဲ့ပါတယ်။
ဒီသံပေါက်လင်္ကာတွေကို မင်းကျောင်းဆရာတော်ဟာ ကိုယ်တိုင်မှတ်တမ်းပြု
သီကုံးခဲ့ရုံမက၊ သာမှု နာမှုတိုင်း မှာလည်း ရွတ်ဆိုကာ
ဟောပြောတော်မူလေ့ရှိပါသတဲ့။
အကျယ်ဖွင့်ပြဖို့ပင် မလိုလှအောင် ရှင်းလင်းလွယ်ကူလှတာမို့
ရွတ်ပွားဆင်ခြင်နေကြရင် နိဗ္ဗာန်နဲ့ နိဗ္ဗာန်လမ်းကို သိလိုသူ တိုင်းအတွက်
အားကြီးတဲ့ အထောက်အပံ့ဖြစ်မှာ ဧကန်လို့ ဆိုလိုက်ရင်း နိဂုံးချုပ်ပါရစေ။
ကျမ်းကိုး-
- ဓမ္မစက္ကပဝတ္တနသုတ်။
- မဟာပရိနိဗ္ဗာနသုတ်။
- ယမိုက်။
- ထေရဝံသာစာရက္ကမပဒီပိကာ။
ကံထွန်းသစ်