တူ သုံးမျိုး ဖြစ်လာသောအခါ...
လူကြီးသူမတွေ ပြောတတ်ကြတဲ့ စကားလေး တစ်ခုကို စာရေးသူ ကြားဖူးတယ်။ လောကကြီးမှာ
တူ သုံးမျိုး ဖြစ်လာရင် လောကကြီးဟာ ပျက်စီးလာပြီ တဲ့။
အဲဒီ တူ သုံးမျိုးကတော့
(၁) ယောက်ကျားနဲ့ မိန်းမ တူလာသောအခါ
(၂) ရဟန်းနဲ့ လူနဲ့ တူလာသောအခါ
(၃) ဘုန်းကြီးကျောင်းနဲ့ အိမ်နဲ့ တူလာသောအခါ
အဲဒီ တူ သုံးမျိုးကို စာရေးသူ သေသေချာချာ စဉ်းစားမိတော့မှ အနက် အဓိပ္ပာယ်ကို ထင်ရှားလာတော့တယ်။
ပထမ တူ တစ်မျိုးကတော့ ယောက်ကျားနဲ့ မိန်းမနဲ့ တူလာသောအခါ တဲ့။
ယောက်ကျားတွေရဲ့ နေပုံထိုင်ပုံ၊ အပြုအမူတွေကို မိန်းမတွေက လိုက်လုပ်ကြတဲ့ အခါမှာ
မဖြစ်သင့်တာတွေ ဖြစ်လာတတ်တော့တာပဲ။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီးတွေရဲ့ သဘောသဘာဝဟာ
အမျိုးသားတွေနဲ့ ထပ်တူ လုံးဝ မဖြစ်သင့်လို့ ပါပဲ။
အိန္ဒိယ၊ ဒေလီတက္ကသိုလ်မှာ စာရေးသူကို မဟာယာနဗုဒ္ဓဘာသာ နိုင်ငံ တစ်နိုင်ငံက သီလရှင်
တပါးက ပြောဖူးတယ်။
“မြတ်စွာဘုရားက မတရားဘူး’’ တဲ့။
ဟော ဘယ့်နှယ်ဖြစ်ရတာပါလိမ့်။ မြတ်စွာဘုရားက မတရားဘူး ဆိုပါလား။ ဒါနဲ့ပဲ စာရေးသူက
အဲဒီ သီလရှင်ကို အကျိုးအကြောင်း မေးကြည့်တော့။
“မြတ်စွာဘုရားက ၀ိနည်းတွေ ချမှတ်ခဲ့တာ။ အမျိုးသမီး ရဟန်းမတွေကျတော့ အမျိုးသား
ရဟန်းတွေထက် ၀ိနည်းစည်းကမ်းတွေက ပိုများနေတယ်”
ဒါနဲ့ပဲ စာရေးသူလည်း ပြန်ပြောပြရတော့တယ်။
“မြတ်စွာဘုရားက တရားမမျှတတာ မဟုတ်ပါဘူး ဆရာလေး။ အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့
သဘော သဘာဝချင်းက မတူညီကြလို့သာ ဘုရားက ၀ိနည်းစည်းကမ်းတွေကို ခွဲခြားပြီး သတ်မှတ်ခဲ့ရတာပါ။
ဒါပေမဲ့လည်းပဲ နိဗ္ဗာန်ကိုတော့ ယောက်ကျား၊ မိန်းမ မခွဲခြားဘဲ ကျင့်ကြံတဲ့ လူတွေ
အားလုံး ရောက်နိုင်တယ် မဟုတ်လား။ ယောက်ကျားတွေပဲ နိဗ္ဗာန် ရောက်တယ်လို့ မဟောကြားခဲ့ဘူးလေ။
အဲဒါကို ကြည့်ရင် မြတ်စွာဘုရားက တရားပါတယ်”
အဲဒီလို ပြောပြလိုက်မှပဲ အဲဒီ ဆရာလေးလည်း ဘာမှ ပြန်မပြောတော့ဘူး။
တကယ်လို့သာ မိန်းမတွေဟာ၊ ယောက်ကျားတွေအတိုင်း နေထိုင်ကုန်ကြမယ် ဆိုရင် အဲဒါရဲ့
နောက်ဆက်တွဲ ဆိုးကျိုးကတော့ မဖြစ်သင့်တာတွေ ဖြစ်လာကြတော့မှာပါ။ အပြောအဆို၊ အနေအထိုင်
တွေက အစပေါ့။
ဥပမာ - ယောက်ကျားတွေက စွပ်ကျယ်နဲ့ပဲ ဖြစ်ဖြစ်၊ ဘောင်းဘီတိုဖြစ်ဖြစ်၊ ပုဆိုးကို
ခါးတောင်းကျိုက်ပြီး ဖြစ်ဖြစ် နေရင် ဘာမှ မဖြစ်နိုင်ပေမဲ့ မိန်းမတွေ အတွက်ကတော့ ငါလည်း
လူ့အခွင့်အရေးပဲ လုပ်လို့ ရတယ် ဆိုပြီး လိုက်လုပ်ရင် မဖြစ်သင့်ဘူးပေါ့။ ကျန်တာတွေကတော့
စာရှုသူတို့ ဆက်ပြီး တွေးကြပေတော့။
ဒုတိယ တူ တစ်မျိုးကတော့ ရဟန်းနဲ့ လူနဲ့ တူလာသော အခါ တဲ့။
စာရေးသူ ကြားဖူးတဲ့ ပုံပြင်လေး တစ်ပုဒ် ရှိတယ်။ တောနေ ရသေ့ တစ်ပါးရဲ့ တစ်နေ့တာ
လုပ်ဆောင်ရမယ့် တာဝန်တွေက တရားကိုသာ ကျင့်ကြံအားထုတ်ဖို့ပါ။ ဒါပေမဲ့ ရသေ့က တောထဲက ရွက်ဖျင်တဲ
ကျောင်းလေးမှာ သီတင်းသုံးရင်း တရားအားထုတ်နေရာကနေ ကျောင်းပတ်ဝန်းကျင်မှာ စားစရာ သစ်ပင်လေးတွေ
စိုက်ပျိုးလာတော့တယ်။
အဲဒါပြီးတော့ အချိန်ကြာလာတာနဲ့ အမျှ သစ်ပင်စိုက်ရင်း စီးပွားဖြစ်ထွန်းလာပြီး တရားအားထုတ်မှု
လျော့ရဲ လာတော့တယ်။ နောက်ထပ်ဖြစ်လာတာက ယခင်က တရားအားထုတ်နေတဲ့ တဲကျောင်းလေးမှာ မွေးကင်းစ
ကလေးငယ်ရဲ့ အူဝဲ အူဝဲ အော်သံက ကြားလာရတယ်။ ဆိုလိုတာက အဲဒီ ပုဂ္ဂိုလ်ဟာ အိမ်ထောင်ကျသွားပြီလို့
ဆိုလိုတာပါ။
အဲဒီ ဥပမာလိုပါပဲ ရဟန်းတွေကလည်း ဂန္ထဓုရ - ပိဋကတ်စာပေကို သင်ယူခြင်း၊ ပို့ချခြင်း
အလုပ်၊ ၀ိပဿနာဓုရ - ရဟန်းတို့ရဲ့ တရားအားထုတ်ခြင်း အလုပ် အဲဒီ သာသနာပြု အလုပ်တစ်ခုခုကို
လုပ်နေရတယ်။
အခုခေတ်မှာတော့ ရဟန်းတွေဟာ လူမှုကယ်ဆယ်ရေး ပရဟိတ အလုပ် ဆိုတဲ့ အများအကျိုးပြု လုပ်ငန်းတွေကို
လုပ်ဆောင်လာကြတာကို တွေ့ရတယ်။ အခုခေတ် သာသနာပြုနည်းမှာ တတ်စွမ်းတဲ့ ရဟန်းသံဃာတော်တွေကလည်း
လူမှုကယ်ဆယ်ရေး ပရဟိတ လုပ်ငန်းတွေပါ လုပ်ဆောင်ပေးနိုင်မှသာ ကိုယ့်သာသနာအတွက် စိတ်ချရမယ်။
အဲဒီ သာသနာပြု လုပ်ငန်း တစ်ခုခုကို ရဟန်းတွေက မလုပ်ကြရင် ရဟန်းတွေဟာ လူအလုပ်တွေဖြစ်တဲ့
လောကီကာမဂုဏ် အာရုံ အလုပ်တွေကို လုပ်ချင်လာကြလိမ့်မယ်။ လူတွေလိုပဲ အပျော်အပါးတွေကို
လေ့လာလိုက်စားချင်လာရော။
ရဟန်းဆိုတာ ဒကာ၊ ဒကာမတွေ လှူဒါန်းလိုက်တဲ့ ၀တ္ထုပစ္စည်းတွေကို သာသနာအတွက် ဘယ်နေရာမှာ
ပြန်ပြီး အသုံးပြုရမလဲ ဆိုတာ အမြဲတမ်း တွေးနေရတယ်။ ငွေကြေးတွေကိုလည်း သာသနာရဲ့ လိုအပ်တဲ့
နေရာတွေကို ပြန်အသုံးချဖို့ကိုသာ ပြုလုပ်နေရတယ်။ ဒီလိုမှ မဟုတ်ရင် ဒကာ၊ ဒကာမတွေ လှူဒါန်းတဲ့
လာဒ်လာဘတွေ အပေါ်မှာလည်း သာယာပြီး လောဘ
တက်နေတတ်တယ်။
ဒါဆိုရင် ရဟန်းတွေဟာ လူစိတ်ဖြစ်လာပြီး သင်္ကန်းဝတ်၊ ဦးခေါင်းဆံပင် ရိတ်ထားတဲ့ ပုဂ္ဂိုလ်တွေ
အဆင့်လောက်သာ ဖြစ်သွားနိုင်တယ်။ အဲဒါဟာ ရဟန်းနဲ့ လူနဲ့ တူလာတာပါပဲ။
နောက်ဆုံး တူ တစ်မျိုးကတော့ ဘုန်းကြီးကျောင်းနဲ့ အိမ်နဲ့ တူလာသောအခါ တဲ့။
ဘုန်းကြီးကျောင်း ဆိုတာက လောကုတ္တရာ အလုပ်တွေကို လုပ်နေရမယ့် နေရာတစ်ခုပါ။ ဘုန်းကြီးကျောင်းဆိုတာက
လောကီအလုပ်တွေ ၀င်ရောမနေဖို့ လိုပါတယ်။
ဆိုလိုတာက လူတွေရဲ့ အလုပ်ဖြစ်တဲ့ လူမှုရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး၊ သားရေး သမီးရေးများ
အစရှိတဲ့ အကြောင်းအရာတွေနဲ့ ဘုန်းကြီးကျောင်းမှာ ပြည့်လာပြီဆိုရင် ဘုန်းကြီးကျောင်းက
အိမ်နဲ့ တူနေပါပြီ။
အဲဒီလို တူ သုံးမျိုး မဖြစ်အောင် ဘယ်သူ့တွေမှာ တာဝန်ရှိသလဲ ဟု ဆိုလျှင် ရဟန်းရော
လူတွေပါ တာဝန်ကိုယ်စီ ရှိကြတယ် လို့ ပြောရမှာပင်။ ရဟန်းကလည်း ရဟန်းအလုပ်၊ လူကလည်း လူအလုပ်
ကဏ္ဍအသီးသီး ခွဲခြားပြီး လုပ်ကြမယ် ဆိုရင် လောကကြီးလည်း မပျက်စီးဘဲ သာသနာတော် ဟာလည်း
ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည် နေရမယ်ဆိုတာ သေချာပါတော့တယ်။