စကားလား၊ တရားလား၊ အမှားလား
သုံးလက်မရှိသောလျှာသည်
ခြောက်ပေရှိသော လူတစ်ယောက်ကို သေစေနိုင်၏။ ဆွံ့အနေသည် မဟုတ်သော လူတစ်ယောက် နေ့စဉ်မပြတ်လုပ်နေသော
အလုပ်တစ်ခုကို ပြောပါ၊ ပြပါဟုဆိုလျှင် စကားပြောခြင်းပင် ဖြစ်သည်ဟု ဆိုရပါတော့မည်။ တစ်နေ့တစ်နေ့
ကျွန်တော်တို့ အဘယ်မျှ လမ်းလျှောက်၍ ခရီးပေါက်ခဲ့သည်ဟု ရေတွက်ရန် စွမ်းနိုင်သော်လည်း
စကားမည်မျှ ပြောခဲ့ပြီဟူ၍ကား မှတ်သားထားရန် မစွမ်းနိုင်ချေ။စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊
ဘာသာရေး ကျွန်တော်တို့ပြောသော စကားတွေကား စုံလှသည်။
တစ်ခါတစ်ရံ ဘာရယ်မဟုတ်
တွေ့သမျှ၊ ကြုံသမျှလူနှင့် ရောက်တတ်ရာရာ ထွေရာလေးပါး စကားတွေကလည်း ပါသေးသည်။ ဒီအထဲမှာ
ကောင်းတာလည်းရှိ၊ ဆိုးတာလည်းရှိ။ မှတ်သားထိုက်တာလည်း ပါသည့်အခါပါ၊ အရေမရ အဖတ်မရ စကားတွေကလည်း
အများကြီး။ ဒီအထဲမှာမှ မိမိသူတစ်ပါး ထိခိုက်စေသော စကားတွေကလည်း စေတနာအလျောက် ပါတတ်သေးသည်။
စကားဟူသည် စရာမှ တဖြည်းဖြည်းကားတတ်သော သဘောရှိသောကြောင့် စကားဟူ၍များ ရှေးပညာရှိများ
တီထွင်ခဲ့လေသလား မပြောတတ်။ အဓိပ္ပာယ်တွေက တစ်ခါတစ်ရံ ကိုယ်ရည်ညွှန်း တာထက်ပိုပြီး အဆိုးဘက်သို့
ရောက်ချင်ရောက်သွားတတ်သဖြင့် စကားတစ်ခွန်းကြောင့် ဒုက္ခရောက်ရသူတွေလည်း မရှားချေ။
ရာဇ၀င်မှာပင် အမတ်ကြီး
ရာဇသင်္ကြန်သည် မင်းခွေးချေးကိုစောင်း၍ “ပန်းပွတ်သည်တို့၏ သားမြေးများ ကောင်းစားနေသောကြောင့်
ပန်းပွတ်မည့်သူမရှိသဖြင့် ကွမ်းခွက်အပဲ့ဖြင့်သာ နေရပါသည်” ဟု စကားကျွံမိသဖြင့် ရှင်ဘုရင်က
“အမတ်ကြီး ဘုရားတည်သည့်အခါ မည်သို့ပြုသနည်း” ဟုမေး၏။ “မှန်ပါ။ ငြမ်းဆင်ရပါသည်ဘုရား”
ဟု လျှောက်လျှင် “အမတ်ကြီးကား ငြမ်းနှင့်တူသည်။ ငါကား ဘုရားစေတီနှင့်တူ၏။ ဘုရားပြီးလျှင်
ငြမ်းကို မည်သို့ပြုသနည်း။ ဖျက်သည်ပင်မဟုတ်လော။ ထို့ကြောင့် ငြမ်းနှင့်တူသော အမတ်ကြီးကို
ငါကားဖျက်လေပြီ” ဟုဆိုကာ အရာမှချ၍ အဝေးသို့ နယ်နှင်ဒဏ်ပေးခဲ့လေသည်။ အမတ်ကြီး ရာဇသင်္ကြန်လည်း
နယ်နှင်ခံရ၍ လှေဖြင့်သွားခိုက် ကမ်းနားတွင် လေတိုက်သဖြင့် ပဲ့ပြားပင်တို့ ယိမ်းနွဲ့နေသည်ကိုမြင်မှ
သံဝေဂရ၍ “ငါကား ပဲ့ပြားပင်ကဲ့သို့ မကျင့်၊ သစ်ပင်ကြီးကဲ့သို့ ကျင့်မိသဖြင့် ယခုအခါ
အပြစ်ရောက်ရတော့သည်” ဆိုကာ နောင်တရလေတော့သည်။
တစ်ခါက ရုံးတစ်ခုသို့
ကိစ္စတစ်ခုဖြင့် ရောက်သွားခိုက် ၀န်ထမ်းတစ်ဦး၏ စားပွဲပေါ် မှန်တစ်ချပ်အောက်တွင် စာကြောင်းလေးတစ်ကြောင်းကို
ကျွန်တော် အမှတ်မဲ့ ဖတ်ခဲ့ရဖူးသည်။ “အသုံးဝင်တန်ဖိုးရှိသော စကားတစ်ခွန်း
မပြောနိုင်လျှင် ဆိတ်ဆိတ်နေခြင်းသည်သာလျှင် မိမိအတွက် အလွန်တန်ဖိုးရှိ၏” ဟူ၍။ ဤစာစုနှင့်ပတ်သက်၍
ပုံပြင်ကလေးတစ်ခု ကျွန်တော်ဖတ်ခဲ့ရဖူးသည်။
တစ်ခါက ရသေ့ကြီးသုံးပါးသည်
တောနက်ကြီးတစ်ခုရှိ ဂူတစ်ဂူ၌ အတူတကွ သီတင်းသုံးနေကြရာ တစ်နေ့သော် မြင်းတစ်ကောင်သည်
ထိုရသေ့တို့နေသော ဂူထဲသို့ မျက်စိလည်၍ ၀င်ရောက်လာပြီး ခဏနေသော် ရသေ့တို့ကိုမြင်တွေ့၍
ပြန်ပြီးပြေးထွက်သွားလေတော့သည်။ ထိုဖြစ်ရပ် ကလေးဖြစ်ပြီး တစ်နှစ်ခန့်ကြာသောအခါ ပထမရသေ့က
“မြင်းဖြူကြီးတစ်ကောင် ဂူထဲကို ၀င်လာတယ်” ဟု မှတ်ချက်ပြု၏။ ထိုပထမ ရသေ့ပြောပြီး နောက်တစ်နှစ်ခန့်
ကြာသောအခါ ဒုတိယရသေ့က “မြင်းဟာ အဖြူမဟုတ်ပါဘူး။ အနက်ကြီးပါ” ဟု ပြန်ပြီးမှတ်ချက်ပြုပြန်သည်။
ထိုဒုတိယရသေ့ပြောပြီး နောက်တစ်နှစ်ခန့်ကြာသောအခါ၌ တတိယရသေ့က “အရှင်တို့ ဒီလိုမညီမညွတ်ဖြစ်ပြီး
စကားများနေကြမယ်ဆိုရင် တပည့်တော် ဒီဂူထဲမှာ သီတင်းသုံးဖို့ မဖြစ်နိုင်တော့တာမို့ ဒီဂူထဲက
ထွက်သွားရပါတော့မယ်” ဟု ဆိုလေ၏။
ဤပုံပြင်၌ ကျွန်တော်တို့ရလိုက်သော
အသိအမြင်တစ်ခုမှာ ဟုတ်မှန်သော်လည်း အကျိုးမရှိလျှင် စကားတစ်ခွန်းသော်လည်း အဖွဲ့အစည်းစိတ်ဓာတ်ကို
ပျက်ပြားစေတတ်သည်ဆိုသည့် အချက်ပင်။ ဒုတိယအချက်ကား အကျိုးမဲ့သော အငြင်းအခုံကို ရှောင်ပါဟု
ပြောလိုရင်းဖြစ်လေသည်။
ဗုဒ္ဓကိုယ်တော်တိုင်လည်း
ဟုတ်မှန်၏၊ သူလည်းအကျိုးရှိ နာလို၏ဟူသော စကားနှင့် ဟုတ်မှန်၏၊ သူလည်းအကျိုးရှိ၏၊ မနာလိုဟူသော
စကားနှစ်ခွန်းကိုသာပြောရန် တိုက်တွန်း၏။ ထို့ကြောင့် ဟုတ်မှန်၍ အကျိုးရှိရာကိုသာ ပြောသောစကားသည်သာလျှင်
မိမိသူတစ်ပါးတို့အတွက် ကောင်းသောစကားဟုသာ ဆိုရန်ရှိပေတော့သည်။တစ်ခါသော် ဘိုးတော်ဘုရားသည်
မိမိအကျိုး အတွက်ငှာ “သဿမေဓ” အခွန်တော်ကိုသုံးစွဲရန် ဆိုင်ရာအမှူးအမတ်တို့ကို အမိန့်တော်မှတ်၏။
အမတ်ကြီး ဦးပေါ်ဦးကြားသော် “မင်းတို့ရှင်ဘုရင် ရှင်ဘုရင်ပါး မ၀သေးပါဘူး” ဟု ကဲ့ရဲ့စကားဆို၏။
မင်းကြီးသိသော် “သည်အကောင် အရူးအရူးနဲ့ အိမ်ဦးတက် ချေးပါမယ့်အကောင်” ဟုဆိုကာ အမျက်တော်ရှသဖြင့်
သိန္ဒီသို့အရာချကာ ပို့လေ၏။
နောင်သော် ဘိုးတော်ဘုရားသည်
မိမိလုပ်ရပ် အလွဲကို ပြန်ပြီးဆင်ခြင်မိသဖြင့် “ကိုယ်တို့ အမှူးအမတ်တွေဟာ စိတ်တော်သိဗောင်းတော်
ညိတ်တွေချည်းလိုလို ဖြစ်နေတော့တာပဲ။ ငါကိုယ်တော် မသင့်တာ၊ မတော်တာရှိရင်လည်း ဖြောင့်မပေးကြဘူး။
ပေါ်ဦးကတော့ ဒီလိုမဟုတ်ဘူး။ ငါ့အမှားတွေ့ရင် ငါမကြိုက်သော်လည်း ထောက်ပြပြောဆို ဖြောင့်မှတ်ပေးရဲပေတယ်။
သူ့အကျိုးထက် ငါ့အကျိုးစီးပွားကိုသာ ပိုပြီးလိုလားရှာတယ်” ဟု ညီလာခံ၌ သူ့အမှားကိုဝန်ခံ၍
အမတ်ကြီးဦးပေါ်ဦးကို သိန္ဒီမှပြန်ခေါ်ပြီး စားကျေးစားလက်နှင့်တကွ မူလအဆောင်အယောင် ရာထူးများကို
ပြန်လည်ပေးအပ် ချီးမြှင့်တော်မူလေသည်။
ဤဖြစ်ရပ်ကိုကြည့်ခြင်းဖြင့်
ဟုတ်မှန်၍ အကျိုးကိုမြင်လျှင် ဘုရင်ကိုသော်လည်း ဖြောင့်မတ် ပေးရဲသော ဦးပေါ်ဦး၏စကားကို
စကားကောင်းဟုဆိုရန်မှတစ်ပါး မရှိတော့ချေ။ သို့သော် ဒီလို စကားကောင်း၊ စကားမှန်ကို သူတစ်ပါးနာလိုအောင်
ပြောတတ်ဖို့ဆိုရန်မှာမူ စင်စစ် မလွယ်ကူလှချေ။ သူလိုငါလို အချင်းချင်းဆိုလျှင် မထောင်းတာလှ။
အာဏာသွေး နားထင်ရောက်နေသူများ ဆိုပါမူ ပြောမိသူအတွက် အန္တရာယ်ပင် ကျရောက်နိုင်၏။
ပြောရလျှင် ဒီကမ္ဘာ၌ အတ္တအကြီးဆုံး
သတ္တ၀ါသည် လူပင်ဖြစ်လေသည်။ တောထဲကကျား၊ ကျားသစ်၊ ခြင်္သေ့ စသော သတ္တ၀ါတို့သည် အစာအလို့ငှာ
သမင်၊ ဒရယ် အစရှိသည်တို့ကို ဖမ်းယူ၍ ၀မ်းဗိုက်ပြည့်မျှလောက် စားပြီးလျှင် ထားပစ်ခဲ့ကြသည်ချည်း
ဖြစ်သော်လည်း လူမူကား ပစ်ခတ်ဖမ်းဆီး၍ ရမိသမျှ အကောင်တို့ကို အရိုး၊ အရေမျှပင်မချန်
အိမ်ကိုအကုန်ထမ်း၍ သယ်၏။ အပြစ်ပြောဝေဖန်လျှင် နှစ်သက်၍ခံနိုင်သူ မရှိသလောက်ပင် ဖြစ်သည်။
ဤနေရာ၌ ကျွန်တော်တို့တစ်တွေနှင့်
ရှင်ရာဟုလာကား အပုံကြီးကွာ၏။ ရှင်ရာဟုလာကား နံနက်စောစောတွင် အိပ်ရာမှထ၍ သဲကိုလက်တစ်ခုပ်ဖြင့်ကျုံးကာ
“ဘုရားရှင်အထံမှသော် လည်းကောင်း၊ ဥပဇ္ဈာဆရာ အရှင်သာရိပုတ္တရာ၊ ရှင်မဟာကဿပတို့ထံမှ လည်းကောင်း
ဤသဲလုံးအမျှလောက်သော သြ၀ါဒစကားကို ယနေ့ရပါမူကား ငါ့အားကောင်းရာ၏ဟု တောင့်တလိမ့်ရှိသော်လည်း
ရှင်ဒေ၀ဒတ်ကား “အချည်းနှီး မဂ်ဖိုလ်မှ ကင်းသောရဟန်း” ဟုဆိုမိသည်နှင့် ဘုရားရှင်ကို
သတ်ရန်ကြံလေတော့၏။ ဆိုရသော် မိမိအကျိုးကို လိုလား၍ ပြောသောစကားပင် ဖြစ်သော်လည်း နာယူတတ်သူက
အကျိုးကိုရ၍ မနာယူတတ်သူ မနာယူနိုင်သူကား ပျက်စီးရခြင်းသာလျှင် အဆုံးသို့ ရောက်ရတတ်ချေ၏။
ဒီကနေ့ခေတ်ကား အတန်ပင်
လွတ်လပ်ပွင့်လင်းလာ၏။ ထို့ကြောင့် ပြောရေးဆိုခွင့်ရှိသူရော၊ မရှိသူတွေပါ စကားများစွာ
ပြောကြ၏။ အင်တာနက်ထဲမှာလည်းပြော၏။ လူထူထူလူစုစုမှာလည်း ပြော၏။ သတင်းစာ ဂျာနယ်ထဲမှာလည်းပြော၏။
စေတနာအလျောက် ကောင်းစေလိုတာ လည်းပါ၏။ သာသာထိုးထိုး နှိပ်လိုက်တာတွေလည်းပါ၏။ ဟုတ်တာမှန်တာတွေလည်းပါ၏။
မဟုတ်တာ မမှန်တာတွေလည်းပါ၏။ ပြောသင့်တာလည်းပါ၏။ မပြောသင့်တာတွေလည်းပါ၏။ သို့သော် သူတို့စကားတွေက
စာမျက်နှာတွေထဲ ရောက်လာတော့ ကြိုက်သူ၊ မကြိုက်သူ၊ လက်ခံသူ၊ လက်မခံသူဟူ၍ စာဖတ်သူနှစ်မျိုး
ပေါ်လာလေတော့သည်။
တစ်နေ့က အရာရှိကြီးတစ်ယောက်နှင့်
တွေ့ဆုံစကားပြောခဲ့ရဖူးသည့် ဖြစ်ရပ်တစ်ခုနှင့်ပတ်သက်ပြီး သူ့အမြင်၊ သူ့သဘောထားကို မေးစမ်းကြည့်ရာ
သူက အင်တာနက်တွေ၊ စာစောင်တွေကို ဖတ်ရှုလေ့လာပြီး နှစ်ဖက်စကားကို နားထောင်ကြည့်ရာ နှစ်ဖက်စလုံးပင်
မှန်နေသည်ကို တွေ့ရသောကြောင့် မည်သို့မျှ မပြောတတ်အောင်ဖြစ်နေကြောင်း ၀န်ခံပါသည်။ ဒါဖြင့်
အဲဒီဖြစ်ရပ်အပေါ်မှာ ဖြစ်သင့်၊ မဖြစ်သင့် ဆရာ့အမြင်ကလေး ပြောပါဦးဆိုတော့မှ မဖြစ်သင့်ဟုထင်ကြောင်း
သူ့အမြင်ကို ပြောပြလေသည်။
အမှန်လည်း မဖြစ်သင့်ကြောင်း
အခြားအချက်အလက်များနှင့် ကိုးကားပြီး ပြောပြနေသည်ကို နားထောင်ရတော့မှ ဗုဒ္ဓ၏ “ကာလာမသုတ္တန်”
ကို ဖျတ်ခနဲ ကျွန်တော်သတိရမိတော့သည်။ “ကြားကာမျှနှင့် ရှေးအစဉ်အဆက် လက်ခံလာသည် ဆိုရုံမျှနှင့်
ဆရာသမားဆိုရုံမျှနှင့် ကိုယ်တိုင်မချင့်ချိန် မဝေဖန်ဘဲ လက်ခံယုံကြည်ခြင်း မပြုထိုက်။
ဤအရာသည် ကောင်း၏၊ မှန်၏။ သင့်သည်မသင့်သည်ကို ကိုယ်တိုင်ကိုယ်ကျ လိုက်နာသိရှိ၍ စဉ်းစားဝေဖန်
ချင့်ချိန်သုံးသပ်၍ သာလျှင် လက်ခံယုံကြည်ခြင်း ပြုအပ်၏” ဟု ဆိုထားလေရာ အရာရာကို မိမိနှစ်သက်၍
မိမိအကြိုက်နှင့် အလိုက်သင့်၍ လက်ခံရယူခြင်းထက် စိစစ်ဝေဖန်ပိုင်းခြား၍ အကျိုးအပြစ်တို့ကို
မိမိကိုယ်တိုင်နားလည်ပြီး လက်ခံယုံကြည်နိုင်ဖို့ ကြိုးစားရတော့မည်သာဖြစ်သည်။
ယခုခေတ်တွင် စကားတွေကို
စာဖြင့်မှတ်တမ်းတင်လာကြပြီ ဖြစ်သောကြောင့် သတင်းစာ၊ ဂျာနယ်တို့တွင် ပုံနှိပ်ဖော်ပြကြလေသည်။
စကားပြောသူ၊ စာရေးသူတို့က မိမိပြောသောစကား၊ မိမိရေးသောစာတွင် စေတနာထည့်၍ ရေးကြ၊ ပြောကြသည်ဖြစ်သောကြောင့်
စေတနာကောင်းနှင့် အမှန်တရားကိုပြောခြင်း၊ ရေးခြင်းကား မထောင်းတာလှ။ စေတနာဆိုးနှင့်
မဟုတ်တာ၊ မမှန်တာကို အဟုတ်အမှန်ဖြစ်အောင် ရေးခြင်း၊ ပြောခြင်းမျိုးကား မဖြစ်သင့်ချေ။
“အက္ခရာစာပေ ချို့ယွင်းလျှင်
အနက်အဓိပ္ပာယ်ပျက်မည်”“အနက်အဓိပ္ပာယ်ပျက်လျှင် အယူအဆ လွဲမည်”“အယူအဆလွဲလျှင် အလုပ်စခန်းမှားမည်”
အလုပ်စခန်းမှားလျှင် လိုအပ်သော အကျိုးမှောက်ရုံမက အဓမ္မ၀ါဒီဘက်သို့ပင် သက်ရောက်နိုင်သည်။“အက္ခရာတစ်လုံးဖျက်လျှင်
ဘုရားတစ်ဆူကို ဖျက်ရာကျသည်” ဟု ကျေးဇူးရှင် လယ်တီဆရာတော်ကြီးက ဆိုဖူး၏။
သို့ဆိုလျှင် စကားတစ်လုံး မှားယွင်းချွတ်ချော်လျှင်ကော
ထိုအတိုင်းပင် မဖြစ်နိုင်ပါပြီလော။ ထို့ကြောင့် စကားလည်းပြောကြပါ။ တရားလည်း လက်မလွှတ်ကြပါနှင့်ဟု။
-
Written
by: ဘစံကောက်
By http://www.news-eleven.com/