Sunday, July 20, 2014

အသာဆုံး အလှူ


အသာဆုံး အလှူ 

ဓမ္မဒါနသည် ဒါနအားလုံးကို အောင်နိုင်၏ ၊
တရားအရသာသည် အရသာအားလုံးကို အောင်နိုင်၏ ၊
တရားဖြင့် မွေ့ လျော်ခြင်းသည် မွေ့ လျော်ခြင်းအားလုံးကို အောင်နိုင်၏ ၊
တဏှာကုန်ခြင်းသည် ဒုက္ခအားလုံးကို အောင်နိုင်၏ ၊ ( ဓမ္မပဒ ဂါထာ - ၃၅၄ )

ဤဖော်ပြပါ ဒေသနာ၌ -
ဓမ္မဒါနသည် ဒါနအားလုံးကို အောင်နိုင်၏ ဟူသော စကားကို စာရေးသူ ဆွေးနွေး တင်ပြလိုပါသည် ။
ဒါနသည် လိုရင်းချုပ်အားဖြင့် - အာမိသဒါန ၊ ဓမ္မဒါန ဟု နှစ်မျိုးရှိသည် ။

ခန္ဓာရရှိထားသော သတ္တ၀ါတိုင်း စာရေး ၊ ၀တ်ရေး ၊ နေရေး ၊ ကျန်းမာရေး နှင့် မကင်းနိုင်ကြ ။
စား၊ ၀တ်၊ နေရေး၊ ကျန်းမာရေးအတွက် လိုအပ်နေကြသည်။ ရှာကြံနေ ကြသည် ။
ဤအရေး ၄-ခုကိုပင် ဆွမ်း ၊ သင်္ကန်း ၊ ကျောင်း ၊ ဆေး ဟူသော ပစ္စည်း ၄-ပါးအဖြစ် သာသနာ့ဝန်ထမ်းများအတွက် မြတ်စွာဘုရား ခွင့်ပြုခဲ့သည် ။ ( ၀ိ ၊ ၂ ၊၁၃၃ )

ထိုတွင် -
၁ ။ ဆွမ်းပစ္စည်းဖြင့်  မျိုသုံးစားသောက်စရာအားလုံးကို ညွှန်ပြသည် ၊
၂ ။ သင်္ကန်းပစ္စည်းဖြင့်  ၀တ်ရုံ ဖုံးကာ စသည်နှင့်ဆိုင်ရာ အားလုံးကို ညွှန်ပြ သည် ၊
၃ ။ ကျောင်းပစ္စည်းဖြင့် လျောင်း ၊ ထိုင် ၊ သွား ၊ ခိုနားမှု ဆိုင်ရာ အားလုံးကို ညွှန်ပြသည် ၊
၎ ။ ဆေးပစ္စည်းဖြင့်  လိမ်းဆေး ၊ သောက်ဆေး ၊ သောက်ဆေး ၊ ရှူဆေး ၊ ထိုးဆေး စသော ဆေး အားလုံးကို ညွှန်ပြသည် ။

ထို့ ကြောင့်  -
၁ ။ ဆွမ်းအလှူ ၊ သင်္ကန်းအလှူ ၊ ကျောင်းအလှူ ၊ ဆေးအလှူဟူသော အာမိသ အလှူဒါန ၊
၂ ။ တရားဓမ္မကို ဟောပြောခြင်း ၊ ပို့ချခြင်း ၊ ရေးသားခြင်း စသည်ဖြင့် တရားဆိုင်ရာပေးလှူသော ဓမ္မဒါန စသဖြင့်  ၂-မျိုးရှိသည် ဟု ဆိုခဲ့သည် ။
ဓမ္မ

ဓမ္မ- ဟူသည်မှာလည်း
သတ္တ၀ါတို့ကို ဒုက္ခမှ လွတ်မြောက်အောင် ရွက်ဆောင် ပေးသော မဂ် ၄ ပါး ၊
မဂ်၏ လုပ်ဆောင်ချက်ကို ထပ်မံဆောင်ရွက်ပေးသော မဂ်၏ အကျိုး ဖိုလ် ၄-ပါး ၊
မဂ် ၊ ဖိုလ် တို့ ၏ ဦးတည်ချက် နိဗ္ဗာန် ၁ ပါး ၊
မဂ် ၊ ဖိုလ် လမ်းပြ ပရိယတ် ၁ ပါး ၊
ဤ ၁၀-ပါးသော တရားတို့ ကို ဤ၌ ဓမ္မ ဟု ယူဆရမည် ။ ( ဒီ ၊ ဌ ၊ ၁ ၊ ၂၀၅။ ဋီကာကျော် ၇၂ စသည် )

ဓမ္မဒါန

ဓမ္မကို ပေးလှူဟူရာ၌ ဓမ္မကို ကျင့်သုံးလိုက်နာရန် ဟောပြောပေးခြင်း၊ ညွှန်ပြ ပေးခြင်း၊ သင်ပြပေးခြင်း၊ ပို့ချပေးခြင်း၊ တိုက်တွန်းပေးခြင်း၊ အားပေး ကူညီ ခြင်း ၊ သရဏဂုံ သီလဆောက်တည်စေခြင်း စသည်သည် လည်းကောင်း၊ စာပေးရေးသားခြင်း၊ စာအုပ်၊ စာတမ်း ဖြန့်ဝေခြင်း၊ လှူဒါန်းခြင်း ၊ အသိပညာ ပေးခြင်း၊ သံဝေဂ ရစေခြင်း စသည်သည် လည်းကောင်း ဓမ္မဒါနများပင် ဖြစ်သည်။

အာမိသဒါနသည်ပင် မလွယ်ကူ၊ မိမိပိုင်ဆိုင်သည့်ပစ္စည်းကို သူတစ်ပါးအား စွန့်နိုင်ဖို့သည် လွယ်ကူသောအရာ မဟုတ်၊ အလွန်ခဲယဉ်းသော အရာဖြစ် သည်။ သူတစ်ပါးပေးလိုက်လျှင် မိမိမှာ ကုန်ဆုံးသွားတော့သည်။ ဆုံးရှုံးမှုကို မလိုလားသူက များသည်၊ ထို့ ကြောင့်  စွန့် ခြင်းကြီး ၅-ပါးကို အလွန်ပြုနိုင်ခဲ သောအရာအဖြစ် မှတ်တမ်းတင်ထားခဲ့ ကြသည် ။

မိမိသိရှိထားသော တရားဓမ္မကို ပေးစွန့် ခြင်းသည် မိမိမှာ ကုန်ဆုံးသွားခြင်း၊ ယုတ်လျော့သွားခြင်း မဟုတ်ရုံမက ပိုလို့ပင် ကျွမ်းကျင်လာသေးသည်။ ပြည့်စုံလာသေးသည် ။ ထို့ ကြောင့်  တရားဓမ္မကို ပေးလှူခြင်းသည် ခဲယဉ်း သောအရာမဟုတ်ဟု ထင်စရာရှိသည် ။
အဘယ်ကြောင့် ဓမ္မဒါနက ဆွမ်း ၊ သင်္ကန်း ၊ ကျောင်း ၊ ဆေး ဟူသော ပစ္စည်းအာမိသအလှူထက် သာလွန်ရပါသနည်းဟု မေးစရာရှိသည် ။

ဓမ္မဒါနက သာလွန်ကြောင်း
ပါဠိတော်တို့ ၌ ဓမ္မဒါနက ဒါနအားလုံးကိုသာ လွန်၏ ဟုသာ ဆိုထားသည်။ သာလွန်ခြင်း၏အကြောင်းကို ဖွင့်ဆိုထားချက် သိပ်မတွေ့ရ၊ ဓမ္မပဒ အဋ္ဌ ကထာ ဒုတိယအုပ်စသည်၌ ဓမ္မဒါနက သာလွန်ကြောင်း အနည်းငယ် တွေ့ရသည် ။

ဓမ္မဒါနက သာလွန်ကြောင်းကို စာရေးသူ စဉ်းစားရသလောက် တင်ပြရမည် ဆိုလျှင် -
ပစ္စည်းအာမိသ နှင့် ဓမ္မ ၂ မျိုးတွင် ဓမ္မက သာလွန်ခြင်းမှာ -
၁။ ပစ္စည်းအာမိသသည် ဥပါဒါန် စက်ကွင်း မလွတ်သည့် ရုပ်ဝတ္ထု လောကီ တရားဖြစ်သည် ၊
၂။ ဓမ္မသည် ဖော်ပြပြီးခဲ့သည့်အတိုင်း မဂ် ၊ ဖိုလ် ၊ နိဗ္ဗာန် ဟူသော လောကု တ္တရာ တရားနှင့် လောကုတ္တရာ လမ်းပြ ပရိယတ် တရားများသာဖြစ်သည် ၊ ဥပါဒါန် လက်လှမ်းမမီသော အရာဖြစ်သည် ။ ထို့ကြောင့် ဓမ္မက သာလွန် သည် ။

တစ်ဖန် ပစ္စည်း အာမိသ ဒါနကို မည်သူမဆိုပေးလှူနိင်သည်။ ဓမ္မဒါနကို ကား သာမန်ပုဂ္ဂိုလ် မပေးလှူနိုင်၊ အရည်အချင်းရှိသူသာ ဓမ္မဒါနကို ပေး လှူနိုင်သည်။ အလှူပေးပုဂ္ဂိုလ်က သာလွန်သောကြောင့်လည်း ဓမ္မဒါနက သာလွန် မြင့်မြတ်သည်။

ထို့ အတူ ပစ္စည်းအာမိသ ဒါနကို မည်သူမဆိုခံယူနိုင်သည်။ ဓမ္မဒါနကိုကား သာမန်ပုဂ္ဂိုလ် မခံယူနိုင်၊ အရည်အချင်းရှိသူသာ ခံယူနိုင်သည်။ ကေသရာဇာ ခြင်္သေ့မင်းတို့၏ အဆီအသွေးသည် သိင်္ဂီ ရွှေခွက်နှင့်သာ ထိုက်တန်သကဲ့သို့ တည်း။

ထိုသို့ အလှူခံပုဂ္ဂိုလ် သာလွန်သောကြောင့်လည်း ဓမ္မဒါနက သာလွန်မြင့် မြတ်သည် ။ ကုသိုလ်အဆင့်သည် ဒါန ၊ သီလ ၊ ဘာဝနာ ဟု သုံးဆင့် ရှိသည် ။ ဒါနထက် သီလက အဆပေါင်းများစွာ သာလွန်သည်၊ သီလထက် ဘာဝနာက အဆ ပေါင်း များစွာ သာလွန်သည် ၊ ပစ္စည်းအာမိသဒါနသည် ဒါနအဆင့်သာ ဖြစ် သည် ။

ဓမ္မဒါနသည်ကား အမြင့်မြတ်ဆုံး ဘာဝနာအဆင့်၌ ၀င်သည်။ ဘာဝနာ၌ အကျုံးဝင်သော ဓမ္မဒေသနာ ပုညကြိယာဝတ္ထုသည် ဓမ္မဒါနပင် ဖြစ်သည်။
ထို့ ကြောင့် ရှေးဆရာများက -
ဒါန သီလာ၊ ဘာဝနာ ၊ သုံးဖြာ စီ၍ခင်း ။
စ နှစ် လယ်မှာ၊ လယ် စမှာ ၊ နောက်မှာ နောက်သုံးသွင်း ဟု ဆိုခဲ့ကြသည်။ (ပရမတ္ထသရူပဘေဒနီ )

အကျိုးလည်း သာလွန်သည် ပစ္စည်းအာမိသကြောင့် အလှူခံပုဂ္ဂိုလ်မှာ သုံးစွဲရုံမျှ အကျိုးရသည်၊ သတိ သမ္ပဇဉ်ဖြင့် သုံးစွဲတတ်လျှင် အထိုက်အလျောက် အကျိုးအမြတ် ရှိနိုင်သော် လည်း သတိသမ္ပဇဉ်ဖြင့် မသုံးစွဲတတ်လျှင် ဘေးပင် ဖြစ်နိုင်သည် ။

သုံးတတ်လျှင် ဆေး ၊ မသုံးတတ်လျှင် ဘေး ဟု ဆိုရိုး စကားရှိခဲ့သည်။ တဏှာဥပါဒါန်ဖြင့် သုံးစွဲမိလျှင် သို့မဟုတ် ကာမဂုဏ် လိုက်စားဖို့ ၊ ဒုစရိုက် ပြုဖို့  စသည့် အကုသိုလ်အတွက် သုံးမိလျှင် ဘေးအမျိုးမျိုးနှင့် တွေ့ ကြုံနိုင် သည်၊ အရှုံးပေါ်နိုင်သည် ။

ဓမ္မဒါနကို လက်ခံကျင့်သုံးနိုင်လျှင်ကား ဘေးမဖြစ်ရုံမက ဘေး အမျိုးမျိုးမှပင် လွတ်မြောက်နိုင်သည်။ ဒဏ္ဍဘေး၊ ဒုဂ္ဂတိဘေး၊ ပစ္စုပ္ပန်ဘေး ၊ သံသရာဘေး မည်သည့် ဘေးမဆို လွတ်မြောက်နိုင်သည်။ နိဗ္ဗာနသုခသို့ပင် ပို့ဆောင်ပေး နိုင်သည် ။ ထို့ ကြောင့်  သဂါထာဝဂ္ဂ သံယုတ်ပါဠိတော်၌ -
တရားဓမ္မ ဟောပြောညွှန်ပြ ဆုံးမခြင်း ဟူသော ဓမ္မဒါနသည် မသေရာ အမြိုက် နိဗ္ဗာန်ကို ပေးလှူသည် မည်သည် ဟု ဟောထားသည် ။ ( သံ ၊ ၁ ၊ ၂၉ )

နိဗ္ဗာန်မရောက်မီ လောကီချမ်းသာကိုလည်း ပြောင်ပြောင်မြောက်မြောက် ပေးစွမ်းနိုင်သည်။ အလှူခံပုဂ္ဂိုလ် အကျိုးရမှု ကြီးကျယ် မြင့်မြတ်လျှင် ကြီး ကျယ်မြင့်မြတ်သည့် အကျိုးကို ရစေနိုင်သည့် ဓမ္မဒါနကို ပေးလှူသူမှာလည်း ကြီးကျယ် မြင့်မြတ်သောအကျိုး ရနိုင်မည်မှာ ဧကန်မလွဲပင် ။
လောက၌ မိဘများသည် သားသမီးများအပေါ်ဝယ် အလွန်မတန် ကျေးဇူး များသည်၊ မိဘများ၏ ကျေးဇူးများပုံကို -
မြင်းမိုရ်တောင်ဦး ၊ မကကျူးသည့်၊ ကျေးဇူးကြီးလှ ၊ မိနှင့် ဘ ဟု ဆိုရိုးပြု ခဲ့ကြသည် ။
ကျေးဇူးများလှသည့် မိဘတို့ကို ပစ္စည်းအာမိသဖြင့် ကျေးဇူးဆပ်လျှင် မည် သည့် နည်းနှင့်မျှ ဆပ်၍ မကျေနိုင်၊ တစ်သက်လုံး ပခုံးထက်ပေါ် ထမ်းပြီး လုပ်ကျွေးသော်လည်း ကျေးဇူး မကျေနိုင် ဟု မြတ်စွာဘုရား ဟောကြားခဲ့ သည် ။ ( အံ ၊ ၁ ၊ ၆၃ )

လူ့ ဘုံဌာန၊ ဤလောက၌၊ ဖကို လက်ယာ၊ မိ မှာ လက်ဝဲ၊ အမြဲဆောင်ရွက်၊ ပခုံးထက်တွင်၊ တင်လျက် လုပ်ကျွေး၊ မပြတ်မွေးလည်း၊ ကျေးဇူးဂုဏ်ဆိုင်၊ မကုန်နိုင်ဘူး။ ( မဃဒေ၀၊ ပိုဒ်ရေ- ၂၄၄ )
တစ်သက်လုံး ပခုံးထက်ပေါ် ထမ်းပြီး လုပ်ကျွေးစေကာမူ ကျေးဇူးမကျေနိုင် ဟုဆိုသော်လည်း -
၁။ သဒ္ဓါတရားမရှိသော မိဘများကို သဒ္ဓါတရားရှိအောင် ၊
၂။ သီလမရှိသော မိဘများကို သီလရှိအောင် ၊
၃။ နှမြောသူ မိဘများကို စွန့် ကြဲပေးကမ်းအောင် ၊
၎။ ပညာမရှိသူ မိဘများကို ပညာရှိအောင် -
ကျေးဇူးဆပ်လျှင် ကျေးဇူးကျေနိုင်သည် ။ ( အံ ၊ ၁ ၊ ၆၃ )

ယင်းသို့  သဒ္ဓါ ၊ သီလ ၊ စာဂ ၊ ပညာ တို့ ဖြင့် ချီးမြှောက်ခြင်းသည် ဓမ္မဒါနပင်
ဖြစ်သည်။ ဓမ္မဒါနသည် ကျေးဇူးဆပ်၍ မကုန်နိုင်သည့် မိဘများကိုပင် ကျေးဇူး ကျေစေနိုင်သော သတ္တိထူးရှိသည်။

ဤကဲ့သို့ ကြီးကျယ် မြင့် မြတ်သော အကျိုးကို ရစေနိုင်ခြင်းကြောင့်လည်း ဓမ္မဒါနက အာမိသဒါနထက် သာလွန်မြင့် မြတ်ခြင်း ဖြစ်သည်။ ဤသို့ လျှင် အလှူခံပုဂ္ဂိုလ်အတွက်ရော၊ အလှူပေးပုဂ္ဂိုလ်အတွက်ပါ ၂-ဦးလုံး အကျိုးများ သည် ဟု ဆိုလိုသည်။

၁။ ဒါန၀တ္ထုဖြစ်သည့် အာမိသ နှင့် ဓမ္မ နှိုင်းယှဉ်လျှင် ဓမ္မက သာလွန်မြင့်မြတ် သည် ။
၂။ အလှူပေးပုဂ္ဂိုလ်ဖြစ်သည့် အာမိသ နှင့် ဓမ္မပေးနိုင်သူ နှိုင်းယှဉ်လျှင် ဓမ္မကို ပေးနိုင်သူက သာလွန်မြင့်မြတ်သည် ။
၃။ အလှူခံပုဂ္ဂိုလ်ဖြစ်သည့် အာမိသ နှင့် ဓမ္မ ခံယူနိုင်သူ နှိုင်းယှဉ်လျှင်လည်း ဓမ္မကို ခံယူနိုင်သူက သာလွန်မြင့်မြတ်သည် ။
၎။ အလှူခံ အလှူပေး ၂-ဦးစလုံးအတွက် အကျိုးများခြင်းကြောင့်လည်း ဓမ္မဒါနသည် သာလွန်မြင့်မြတ်သည် ။

လှူဖွယ် ပေးသူ၊ ယူသူ အကျိုး၊ လေးမျိုး သာလွန်၊ အကြောင်းဖန် ၊ ကဲချွန် ဓမ္မဒါနမြတ်။

ဤမျှဖြင့် ဓမ္မဒါနက ဒါနအားလုံးထက် သာလွန်မြင့်မြတ်ပုံကို အကျဉ်းချုပ် တင်ပြခဲ့ပါသည် ။ ဤဆောင်းပါးဖြင့် သတ္တ၀ါဝေနေယျတို့အား နိဗ္ဗာန် အမြိုက် ဆေးတိုက် ကျွေးပေးနေသော ဓမ္မဒါန( တရားအလှူ ) ရှင်ဖြစ်သည့် စိန်ရတု မွေးနေ့ရှင် တောတိုက် ဓမ္မရိပ်သာ ဆရာတော်ဘုရားကြီး (နိုင်ငံတော် သြ၀ါဒါ စရိယ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) အား ဂုဏ် ပြု ပူဇော်အပ်ပါသတည်း။

ဆရာတော် ဦးတိလောကာဘိဝံသ (ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်)
 (မင်္ဂလာဒုံ တောတိုက်ဆရာတော်ဘုရားကြီး၏ စိန်ရတု အထိမ်း အမှတ်စာစောင်၊ ၁၃၆၈ ခု)