Thursday, July 31, 2014

ချစ်တာထက် မေတ္တာပို


 ချစ်တာထက် မေတ္တာပို

မဟာမြိုင်တောရဆရာတော် ဦးဇောတိက ဟောကြားတော်မူသော တရားတော်တစ်ပုဒ်တွင် လူနှင့်တိရစ္ဆာန်တို့၏ အဓိကခြားနားချက်တစ်ခု ပါဝင်သည်ကို သတိထား၍ နာကြားဖူးခဲ့သည်။
စာသားအတိအကျ တင်ပြနိုင်လောက်အောင် မမှတ်မိတော့သော်လည်း၊ ဆိုလိုရင်းမှာ လူသည် သင်ကြားပေးရန် လိုသောသတ္တဝါဖြစ်သည် ဟူသောအချက်ကို ဆရာတော်ကဆိုလိုခြင်းဖြစ်သည်။

မွေးစ တိရစ္ဆာန်ငယ်တစ်ကောင်သည် မိခင်၏ယုယဖေးမမှု မရသော်လည်း ထိုတိရစ္ဆာန်၏ မွေးရာပါ အရည် အချင်းကြောင့် သူ၏အသက်ရှင်သန် ဖြစ်ထွန်းမှုအတွက် သူကိုယ်တိုင် ပြုလုပ်နိုင်စွမ်း ရှိသည်။ ဥပမာအားဖြင့် ခွေးမကြီး တစ်ကောင်က မွေးဖွါးလိုက်သော ခွေးငယ်လေးများသည် မွေးပြီးပြီးချင်း၊ နို့စို့ရကောင်းမှန်း သိကြသည်။ သိရုံမျှမက မိခင်နို့ကိုရအောင် ရှာဖွေတတ်ကြသည်။ မထွေးပွေ့ရပဲလျက် နို့စို့တတ်ကြသည်။
လူကား ထိုကဲ့သို့မဟုတ်။ မွေးရာပါ အရည်အချင်းမရှိ။ သိတတ်သူမှ မသိတတ်သူကို ပြုစု စောင့်ရှောက် သင်ကြားပေးရသည်။ မိခင်ဝမ်းမှ ကျွတ်စကလေးငယ်သည် နို့စို့ချင်သည်တော့ မှန်သည်။ သို့သော် မွေးရာပါ အရည် အချင်းမရှိသောကြောင့် မိခင်ရှိရာဘက် လှမ်း၍မသွားနိုင်။ မိခင်က ပွေ့ယူချီမပေးရသည်။

သို့သော် ထိုမွေးရာပါ အရည်အချင်းရှိသော တိရစ္ဆာန်အား သင်ကြားပေးသော် အတိုင်းအတာ တစ်ခုအထိသာ ရသည်။ အဆုံးမရှိ မတတ်မြောက်နိုင်။ မွေးရာပါ အရည်အချင်းမရှိသော လူသားကား သင်ကြားပေးခဲ့သော်၊ အဆုံးမရှိ တတ်သိနားလည်သွားကြ၏ဟု ဆရာတော်က ဟောကြားပါသည်။ထိုကြောင့် လူကိုသင်ကြားပေးရန် လိုသည်ဟုဆို၏။
ကျွန်တော်၏အသက်အရွယ်အရ၊ လုပ်ငန်းအတွေ့အကြုံအရ၊ ပတ်ဝန်းကျင်နှင့် ထိတွေ့ဆက်ဆံမှု အတွေ့အကြုံ အရ ဆရာတော်၏ဟောတရားသည် အလွန်မှန်ကန်ကြောင်းတွေ့ရပါသည်။
x x x

ကျွန်တော်၏ဘဝ တစ်စိတ်တစ်ပိုင်း ဝမ်းစာရှာဖွေမှုကို ‘သင်္ဘောသား’ အလုပ်ဖြင့် ရှာဖွေခဲ့ရဖူးသည်။ အထက်ပိုင်း အရာရှိများအဖြစ် ဂျပန်လူမျိုးများဖြင့် ဖွဲ့စည်းထားသော သင်္ဘောကုမ္ပဏီတွင် လုပ်သက်စုစုပေါင်း ၂၈ လတိုင်တိုင် လုပ် ကိုင်ခဲ့ဖူးသည်။
ကျွန်တော်တို့သင်္ဘောရှိ ဂျပန်အရာရှိများအားလုံးလိုလို အလွန်အလုပ်လုပ်ကြသည်။ အလုပ်မလုပ်ရမနေ နိုင်သူ များကို Workaholics ဟုခေါ်ဝေါ်သုံးစွဲသည်ဟု ကြားဖူးပါသည်။ လက်တွေ့အနေဖြင့်မူ မကြုံဖူးခဲ့။ ဂျပန် သင်္ဘော ရောက် မှသာ နဖူးတွေ့ဒူးတွေ့ကြုံခဲ့ရခြင်းဖြစ်သည်။

ယင်းဂျပန်သင်္ဘောအရာရှိများအနက်အင်ဂျင်နီယာမှူး( Chief Engineer )မှာကား တော်တော့်ကို အလုပ် မလုပ် ရမနေနိုင်သောပုဂ္ဂိုလ်ဖြစ်သည်။
ဆိပ်ကမ်းမကပ်ရမီ သင်္ဘောကျောက်ချ၍ နှစ်ရက်၊ သုံးရက်နေခွင့်ရပြီဆိုလျှင်၊ သူ၏ ယုန်သွားလေးကိုဖြဲ၍ ပျော် နေတတ်သည်။ တိုက်ရိုက်ဆိပ်ကမ်းကပ်ရမည်ဆိုလျှင်တော့ ယုန်သွားလေးလည်း မတွေ့ရတော့။ စူပုတ်ထားသောမျက်နှာ နှင့် ဆောင့်အောင့်နေတတ်သည်။

သင်္ဘောဆိပ်ကမ်းကပ် ကုန်ချရန်ဆိုလျှင် ၂၄ နာရီမှ ၃၆ နာရီအတွင်းကြာတတ်သည်။ ကုန်တင်ရမည်ဆိုလျှင် တော့ ဆယ့်လေးငါးနာရီဖြင့် ပြီးသွားတတ်သည်။
သူ့သင်္ဘောအင်ဂျင်ကို သူ့စိတ်တိုင်းကျမကိုင်ရလျှင် သူမပျော်ရွှင်တော့။ ကျောက်ချထားချိန် ဆိပ်ကမ်းကပ်ချိန် လောက်သာ အင်ဂျင်ကလည်း ပြုပြင်မွမ်းမံ၍ရသည်။ ခရီးသွားနေစဉ် ခေတ္တနား၍ပြုပြင်မွမ်းမံရန် အခွင့်ရနိုင်သောအရာ မဟုတ်။
မိမိ၏တာဝန်ကို အကောင်းဆုံး ထမ်းဆောင်ခွင့်ရမှ ကြေနပ်တတ်သည့် သူ၏စိတ်ဓါတ်သည် မည်ကဲ့သို့ ရရှိလာ ပါသနည်း။
x x x

ကျွန်တော် ဂျပန်နိုင်ငံသို့ မကြာခဏရောက်ဖူးသည်။ ဆိပ်ကမ်းကပ်ပြီးနောက် အလုပ်ပြီးလျှင် ဆိပ်ကမ်းဆင်း (Go shore ဟုပြောလေ့ရှိသည်) ဈေးဝယ်၊ လည်ပတ် ဗဟုသုတရှာဖြစ်သည်။
အရပ်တကာသွားရင်း ကလေးများကျောင်းတက်ကျောင်းဆင်း သွားကြသည်ကိုလည်း တွေ့ဖူး သည်။ ကလေးများကို မိဘများက ကျောင်းလိုက်ပို့သည်ကို မတွေ့ဖူးခဲ့ပါ။ကလေးများ အုပ်စုလိုက် ကားလမ်းများ ဖြတ်ကူးသွားကြသည်။ လမ်းအချက်ပြမီးများကြည့်၍ သူတို့အားကိုးနှင့် သူတို့ ဖြတ်သန်းကြသည်။ ကားမောင်းသူများကလည်း ကလေးများဖြတ်သန်းနေလျှင် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပေးကြသည်ကို တွေ့ရသည်။ ကိုယ့်အားကိုယ်ကိုး ကိုယ့်ကိုယ် ကိုယ်ယုံကြည်မှုမွေးကြဟု သင်ကြားပေးနေသကဲ့သို့ ခံစားရသည်။

အထူးခြားဆုံးကား ဂျပန်စာအုပ်ဆိုင်များဖြစ်သည်။ ကျောင်းသားကလေးများ ဝင်ရောက်လာပြီး၊ သူတို့ နှစ် သက် ရာ စာအုပ်များကိုယူ၍ ဆိုင်တွင်းတစ်နေရာရာထိုင်၍ ဖတ်နေသည်ကို စိတ်ရှည်စွာ ခွင့်ပြုထားကြသည်။ ကလေးများ အခမဲ့ ဖတ်ချင်သလောက် ဖတ်ခွင့်ပြုသည်။ ကလေးများကလည်း စာအုပ်ဆိုင်ထဲရောက်လျှင် မျက်နှာနှင့်စာအုပ်အပ်ပြီး သည်နှင့် စာအုပ်ထဲသာ စိတ်ရှိနေတတ်ကြ သည်။ နောက်ပြောင်ဆော့ကစား စကားများတာတွေ မတွေ့ရ။ လူဆိုတာ စာများများ ဖတ်ခြင်းဖြင့် ဗဟုသုတကိုရှာဖွေရမည်ဟု သင်ကြားပေးနေသကဲ့သို့မြင်ခဲ့ရသည်။  

တခါက ဂျပန်နိုင်ငံ ဈေးတန်းတခုအတွင်း ဖြတ်သွားရင်း၊ ကျွန်တော်သတိထားခဲ့မိတာ တစ်ခုရှိသည်။
မြင်ကွင်းကား ရိုးရိုးလေးဖြစ်သည်။ ဂျပန်မိခင်တစ်ယောက် ဈေးဝယ်ထွက်လာခြင်းသာ၊ သူ၏ ကလေး (လေးငါး လသားလောက်ရှိမည်ထင်သည်)ကို ကြောတွင်သိုင်းထား၍ ဈေးဝယ်နေခြင်း မျှသာ၊ ကလေးအမေက ဝယ်ယူပြီး၊ ပစ္စည်းများကို ပလပ်စတစ်အိတ်တွင်ထည့်၍ လက်မှဆွဲ ထားသည်။ ထို့ပြင် သူ၏ကြောပိုးအိတ်ထဲမှ ကလေးလေး၏ လက်တွင် ပလပ်စတစ် ကျွတ်ကျွတ်အိတ်အလွတ်ကလေးကို ထည့်ပေးထားခြင်းကား ကျွန်တော့်အတွက်တော့ ထူးလည်း ထူးခြားသည်။ အမေ၏ဉာဏ်အမြော် အမြင်ကိုကျွန်တော် လေးစားမိသည်။

ကလေးနှင့်လိုက်ဖက်သော တာဝန်တစ်ခု ပေးတတ်ခြင်းကပင် အမေ၏ကောင်းမွန်သော ဗဟုသုတဖြစ်တော့၏။
”လူသည် အလုပ်လုပ်ရမည်၊ နိုင်ရာဝန်ထမ်းရမည်” ဟု အသံတိတ်သင်ကြားပေးနေခြင်း ဖြစ်နိုင်သည်။

ကျွန်တော် ကြုံဆုံခဲ့ဖူးသော သင်္ဘောအင်ဂျင်နီယာမှူးကြီး၏အမေသည် ကျွန်တော်တွေ့ခဲ့ဖူးသော ကြောပိုးအိတ် ထဲမှကလေးကို ကျွတ်ကျွတ်အိတ်အလွတ်တစ်လုံးကို ကိုင်ထားစေသော အမေမျိုးဖြစ်ခဲ့မှာ သေချာသလောက်ဖြစ်သည် ဟု ကျွန်တော်ထင်မိသည်။
ကျွန်တော်၏ထင်မြင်ယူဆချက် မှန်မမှန်ကိုတော့ သားသမီးများကို အလွန်ကောင်းစားစေလိုသော ကျွန်တော်တို့ အဖေ အမေများ တွေးတောဆင်ချင်စဉ်းစားကြည့်ကြစေလိုပါသည်။
ချစ်ခြင်းဆိုသည်မှာကိုယ့်အလိုကျ ကိုယ်ပိုင်ကျေနပ်ခံစားမှုက သာလွန်၍မေတ္တာဆိုသည်ကား တဖက်သား ကောင်းစားစေလိုသော သဘောသွား ပို၍အလေးကဲသည်ကိုလည်း ကျွန်တော်တို့ သတိမူသင့်သည်ဟု ထင်ပါသည်။

By နေရီ မှ
အတွေးသစ်ဂျာနယ် အတွဲ(၉) အမှတ်စဉ်(၄၀၇) ၂၂-၀၉-၂၀၀၈


Wednesday, July 30, 2014

ဘဝ နိမ့်ခြင်း မြင့်ခြင်း၏ အကြောင်းရင်း

   
ဘဝ နိမ့်ခြင်း မြင့်ခြင်း၏ အကြောင်းရင်း

ကိုယ့်ဘဝကိုယ် တန်ဖိုးရှိတာကိုလည်း သိရမယ်။ သိသည့်အားလျော်စွာ တန်ဖိုးရှိစွာနဲ့လည်း အသုံးချတတ်ရမယ် ဟုတ်လား။ ဒါမှ တစ်ဆင့်ထက်တစ်ဆင့် မြင့်မယ် မဟုတ်လား။ တန်ဖိုးရှိတဲ့ ဘဝလေး လက်လွတ် ဆုံးရှုံးသွားမယ်ဆိုရင်ဖြင့်ပေါ့လေ၊ ကိုယ့်ဘဝတစ်ခုကို မြင့်တယ် နိမ့်တယ်၊ မြင့်အောင်လုပ်တယ်ဆိုတာ ဘယ်သူမှ လုပ်တာမဟုတ်ဘူး ကိုယ်ကလုပ်တာ။

စာဏကျနီတိဆရာတော်က ဒီအတိုင်းဆိုတယ်။

ဘဝမြင့်တယ် နိမ့်တယ်ဆိုတာ ဘယ်သူမှလုပ်တာ မဟုတ်ဘူး၊ ကိုယ့်ဟာကိုယ်ပဲလုပ်တာ။ ဥပမာအားဖြင့် ပြောမယ်ကွာတဲ့။

ရေတွင်းတူးတဲ့ လူတစ်ယောက်ကို ကြည့်ပါ။ ရေတွင်းတူးတဲ့ လူတစ်ယောက်ဟာ ဗွေလှည့်လှည့်ပြီး တူးသွားလိုက်တာ တဖြည်းဖြည်းနဲ့ ဒီလူသည် နိမ့်သွားတာလား၊ မြင့်သွားတာလား။

"နိမ့်သွားတာပါဘုရား"

ဒီလိုနိမ့်သွားတာဟာ ကိုယ်လုပ်လို့လား၊ သူများလုပ်တာလား။

"ကိုယ့်ဖာသာ ကိုယ်လုပ်တာပါဘုရား"

ကိုယ့်ဘဝကိုလည်း ဒီအတိုင်းပဲတဲ့။ ဒကာကြီးတွေ ဒကာမကြီးတွေ သူများမြှင့်လို့ မရဘူး။ ကိုယ့်ဖာသာကိုယ်မြှင့်ရမယ်။ သူများနှိမ့်လို့လည်း။

"မရပါဘုရား"

ကိုယ့်ဖာသာကိုယ်နှိမ့်တာ၊ နောက်တစ်နည်း ဥပမာ တစ်ခုကွာတဲ့။ အုတ်ပုံပေါ်မှာ ထိုင်ပြီးတော့ အုတ်စီတဲ့လူတစ်ယောက်ကို ကြည့်ဦးတဲ့၊ တစ်ခါတည်းအုတ်ပုံပေါ်  ဗွေလှည့်လှည့်ပြီး စီသွားလိုက်တာ တဖြည်းဖြည်းနဲ့ မြင့်သွားတာလား၊ နိမ့်သွားတာလား။

"မြှင့်သွားပါတယ်ဘုရား"

သူများမြင့်တာလား၊ ကိုယ့်ဟာကိုယ်မြင့်တာလား။

"ကိုယ့်ဟာကိုယ် မြင့်တာပါဘုရား"

ဘဝတစ်ခုဆိုတာ ဒကာကြီးတွေ ဒကာမကြီးတွေ၊ နိမ့်ကျအောင် သူတစ်ပါးက အပါယ်လေးပါး တွန်းချလို့ရတာမဟုတ်ပဲနဲ့။ အပါယ်လေးပါးကျအောင် သူများကလုပ်တာလား၊ ကိုယ်ကိုယ်တိုင် လုပ်တာလား။

"ကိုယ်ကိုယ်တိုင်လုပ်တာပါ ဘုရား"

နိဗ္ဗာန်ရောက်အောင် လုပ်တာလည်းပဲ သူများလုပ်ပေး လို့ရတာလား ကိုယ်ကိုယ်တိုင် အားထုတ်လို့ရတာလား။

"ကိုယ်ကိုယ်တိုင် အားထုတ်လို့ ရတာပါ ဘုရား"

ဘဝတစ်ခု နိမ့်တယ်မြင့်တယ်ဆိုတာ မိမိသာလျှင်ပဓာနပါ။ ဟုတ်ရဲ့လား။

"မှန်ပါဘုရား"
                                         
မိုးကုတ်ဆရာတော်ဘုရားကြီ:

အရှင်စန္ဒသာရ (ကျောင်းကုန်း) ရေးသားပြုစုထားသော -
 "ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီ:၏ ဆုံးမစာ အမှတ် ( ၂ )"
  (စာမျက်နှာ - ၁၇) စာအုပ် မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

ရေးသားသူ : Buddhism Beams

Tuesday, July 29, 2014

ပဋ္ဌာန်းရွတ်ရင် ခိုက်တယ်ဆိုတာ တကယ်ဟုတ်ရဲ့လား

ပဋ္ဌာန်းရွတ်ရင် ခိုက်တယ်ဆိုတာ တကယ်ဟုတ်ရဲ့လား


ပဋ္ဌာန်းမရွတ်ကောင်းဘူးဆိုတာ ဟုတ်ရဲ့လား

တစ်လောက တရားပွဲတစ်ခုမှာ တရားပွဲပြီးတော့ ဒကာလေးတစ်ယောက်က အမေးတစ်ခု မေးလျှောက်လာပါတယ်။ သူက “အရှင်ဘုရား တပည့်တော် သိတဲ့သူ တစ်ချို့က တပည့်တော် ပဋ္ဌာန်းရွတ်တာနဲ့ ပတ်သက်ပြီး လူတွေအနေနဲ့ ကိုယ့်အိမ်တွေဆိုင်တွေမှာ ပဋ္ဌာန်း မရွတ်ကောင်း ကြောင်း၊ ပဋ္ဌာန်းရွတ်ရင် အစောင့်နတ်တွေက မနေနိုင်ကြဘဲ ဖြစ်တဲ့အပြင် ကိုယ့်ကိုလည်း သူတို့က မစောင့်ရှောက်နိုင်ကြောင်း၊ ပဋ္ဌာန်း က အရမ်းမြင့်တဲ့အတွက် ပဋ္ဌာန်းဒေသနာတော်ကြောင့် နိမ့်ကျတဲ့သတ္တဝါတွေမှာ ဒုက္ခဖြစ်တတ်ကြောင်း ပြောဆိုကြပါတယ်ဘုရား၊ တပည့်တော်ကတော့ အဲဒီအယူအဆအပေါ်မှာ ယုံကြည်မှုမရှိတဲ့အတွက် ရွတ်မြဲအတိုင်း ရွတ်ပါတယ်၊ ဒါပေမယ့် တစ်ချို့ မသိတဲ့သူတွေက ဟုတ်များဟုတ်လေမလားဆိုတဲ့ သံသယတွေ ဝင်သွားတတ်ကြပါတယ်ဘုရား၊

အဲဒါ သူတို့ပြောသလို ပဋ္ဌာန်းဒေသနာတော်ဟာ တကယ်ပဲ အိမ်တွေဆိုင်တွေမှာ မရွတ်သင့်ဘူးလား ဘုရား၊ ရွတ်ရင် တကယ်ပဲ နတ်တွေက မနေနိုင်ဖြစ်ကြပါသလားဘုရား” စသဖြင့် လျှောက်ထား လာပါတယ်။ “အဲဒီအယူအဆဟာ မဟုတ်ပါဘူး၊ ဘာမှလည်း အခြေအမြစ် မရှိတဲ့အပြင် ဗုဒ္ဓဘာသာ ရှုထောင့်ကကြည့်ရင် ဒါဟာ အတော့်ကိုလွဲနေတဲ့ ကိစ္စပဲ”လို့ သူ့အမေးကို အဖြေပေးရင်း လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် စာတစ်ပုဒ် ရေးထုတ်ဖြစ်ခဲ့ပါတယ်။

ဟုတ်တယ်။ ဒီပဋ္ဌာန်းဒေသနာ ရွတ်ဖတ်တာနဲ့ ပတ်သက်ပြီး တစ်ချို့လူတွေမှာ အဲလို အယူအဆ တွေ ရှိနေတာကို ဘုန်းဘုန်းကိုယ်တိုင်လည်း ကြုံဖူး၊ ဟောဖူးပါတယ်။ သူတို့က ပဋ္ဌာန်းဒေသနာတော်ဟာ အလွန်မြင့်မြတ်တဲ့အတွက် ရဟန်းသံဃာတော်များ၊ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်များနဲ့ပဲ သက်ဆိုင်တယ်၊ အပ်စပ်တယ်လို့ ထင်မြင်နေပြီး သာမာန်လူတွေအတွက် ပဋ္ဌာန်းဒေသနာတော်ဟာ အရမ်းမြင့်ပြီး မတန်မရာ ဆိုရင် အန္တရာယ်တောင် ဖြစ်စေနိုင်တယ်လို့ ထင်မြင်ယူဆနေတဲ့ သဘောရှိပါတယ်။

ပဋ္ဌာန်းဒေသနာတော်ကြောင့် အန္တရာယ် မကင်းတဲ့အပြင် နတ်တွေတောင် မနေနိုင်တဲ့အတွက် အခန့်မသင့်ရင် ကိုယ့်ကိုခိုက်တောင် ခိုက်စေနိုင်တယ်လို့ ထင်နေတတ်တဲ့ သဘောရှိပါတယ်။ မှားလေစွလို့တောင် ပြောရမလို ဖြစ်နေပါပြီ။ သူတို့ထင်လိုက်မှပဲ ဘုရားရှင်ရဲ့ ဓမ္မဒေသနာတော်ဟာ သတ္တဝါတွေ အတွက် ထိခိုက်စေတဲ့အဆင့်တောင် ဖြစ်ကုန်တော့တာပဲ ဖြစ်ပါတယ်။ သူတို့ ထင်လိုက်မှပဲ သတ္တဝါတွေ အကျိုးအတွက် မနေမနား ဟောကြားတော်မူခဲ့တဲ့ ဗုဒ္ဓရဲ့ ဒေသနာတော် တွေဟာ အကျိုးမပြုတဲ့သဘော သက်ရောက်သွားသလို ဖြစ်နေပါတယ်။

ဘုရားရှင် ကိုယ်တော် မြတ်ကြီး ကိုယ်တော်တိုင် ဒီပဋ္ဌာန်း ဒေသနာတော်ကို ဆင်ခြင်တော်မူတဲ့ အခါမှာ ကိုယ်တော်မြတ်ရဲ့ ခန္ဓာကိုယ်မှာ ရောင်ခြည်တော်တွေ ကွန့်မြူးလာတာ၊ ဝါတော် (၇)ဝါမြောက်မှာ တာဝတိံသာ နတ်ပြည်ကို ကြွရောက်တော်မူပြီး နတ်ပြည်လောကသားတွေ နာကြားနိုင်ဖို့ ဟောကြားတော်မူခဲ့ တာတွေဟာ အခုလို ဘာမှမသိတဲ့သူတွေရဲ့ အထင်အမြင် အယူအဆတွေကြောင့် နတ်တွေပဲ မနေနိုင်သလိုလို၊ လူကိုပဲ ထိခိုက်စေသလို လွဲကုန်တော့တာ ဖြစ်ပါတယ်။

အမှန်တော့ ပဋ္ဌာန်းရွတ်ခြင်းအားဖြင့် ဘယ်သူ့ကိုမှ မထိခိုက်တဲ့အပြင် ရွတ်သူကိုရော၊ နာသူတွေ ကိုပါ အကောင်းဆုံး အကျိုးတရားတွေကို ဖြစ်စေတာ အသေအချာပဲ ဖြစ်ပါတယ်။ ပဋ္ဌာန်းဒေသနာ တော်ဟာ ရွတ်ဖတ်သူတွေကို လက်တွေ့ဘဝမှာ ရုပ်အဆင်းအင်္ဂါ ကြည်လင်စေလာသလို၊ နတ်ကောင်းနတ်မြတ်တွေရဲ့ ချစ်ခင်မှု၊ စောင့်ရှောက်မှု၊ အများတကာရဲ့ မြတ်နိုးမှုတွေကို ဖြစ်စေတတ်တဲ့အပြင် ပဋ္ဌာန်းကြောင့် နတ်တွေ မနေနိုင် ဖြစ်ရတယ်ဆိုရင်လည်း အဲဒီ နတ်တွေဟာ မကောင်းတဲ့၊ ကိုယ့်ကို ဒုက္ခပေးမယ့် နတ်တွေပဲ ဖြစ်နေမှာ အမှန်ပဲ ဖြစ်ပါတယ်။

သူတော်ကောင်း တရားကို သူတော်ကောင်းနတ်တွေကပဲ ချစ်မြတ်နိုးတတ်တာ ဖြစ်တဲ့အတွက် နတ်သူတော်တွေ ချစ်ခင်ပြီး မကောင်းတဲ့ နတ်တွေ လွင့်စင်စေတာဟာ ပဋ္ဌာန်းဒေသနာတော်ရဲ့ အစွမ်းအာနိသင်ပဲ ဖြစ်ပါတယ်။ ဒီလို ပဋ္ဌာန်းရွတ်လို့ မကောင်းတဲ့ နတ်တွေပျောက်သွားတာဟာ လက်တွေ့ကျတဲ့ သဘောပဲ ဖြစ်တဲ့အတွက် ပဋ္ဌာန်းကြောင့် ဘာဖြစ်တယ်၊ ဘာပျောက်တယ်၊ ဘာထိခိုက်တယ်ဆိုတာ မလိုချင်သူတွေ၊ မကောင်းတဲ့ နတ်တွေရှိနေတာကိုပဲ အလိုရှိနေသူတွေ ဆိုရင်တော့ ပဋ္ဌာန်း ဒေသနာတော်ကို မရွတ်ချင်လည်း နေလို့ရတာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာတွေရဲ့ ဘဝတည်ဆောက် မှုဟာ ယုံကြည်မှု သဒ္ဓါတရားကို ပညာနဲ့ယှဉ်ပြီး တည်ဆောက်ကြရတာ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ လုပ်ဆောင်မှုတွေကို ကိုယ်ကိုယ်တိုင်ပဲ ဖြစ်သင့်သလား၊ မဖြစ်သင့်ဘူးလား စဉ်းစား ဆင်ခြင်ကြရမှာ ဖြစ်ပါတယ်။

ပြီးတော့ မြတ်စွာဘုရားရှင်ရဲ့ ပဋ္ဌာန်းဒေသနာတော်ဟာ ဘယ်သူ့အတွက်ပဲ ရည်ရွယ်ပြီး ဟောထားတာ၊ ဘယ်သူမှပဲ ရွတ်ဆိုပူဇော်နိုင်တာဆိုတဲ့ သတ်မှတ်ချက်နဲ့ ဟောကြားထားတာ မဟုတ်ပါဘူး။ ဝေနေယျအများအတွက်၊ ကျွတ်ထိုက်တဲ့သူတွေအတွက် ဟောကြားထားတာ ဖြစ်တဲ့ အတွက် ဘယ်သူပဲရွတ်ရွတ်၊ ဘယ်သူပဲနာနာ၊ ဘယ်လိုနေရာမှာပဲရွတ်ရွတ်၊ ဘယ်လိုအချိန်မျိုးပဲ ရွတ်ရွတ် အချိန်မရွေး၊ နေရာမရွေး၊ ပုဂ္ဂိုလ်မရွေး ရွတ်ဆိုပူဇော်နိုင်တာ ဖြစ်ပါတယ်။ အဓိကတော့ ရွတ်ဖတ်သူရဲ့ စိတ်စေတနာနဲ့ နားကြားသူရဲ့ သဒ္ဓါတရား အပေါ်မှာပဲ မူတည်နေတာ ဖြစ်ပါတယ်။ ဘယ်သူမဆို စစ်မှန်တဲ့သဒ္ဓါတရားနဲ့ ရွတ်ဆိုနိုင်မယ်ဆိုရင် ရွတ်နိုင်တာနဲ့အမျှ အကျိုးတရား ကောင်းတွေ ရရှိနေမှာ ဖြစ်ပါတယ်။

 ဘာဖြစ်ချင်လို့ ဘာရချင်လို့ စတဲ့ မျှော်လင့်ချက်နဲ့ ရွတ်ဆိုတဲ့ ပုံစံမျိုးမဟုတ်ဘဲ ဘုရားရှင်ကို ပူဇော်တဲ့အနေနဲ့ တရားတော်ကို ပူဇော်တဲ့အနေနဲ့ ကိုယ့်ကိုယ်ကို အကုသိုလ်အဖြစ် နည်းစေဖို့နဲ့ ကုသိုလ်တရား တိုးပွားစေဖို့ စတဲ့ သဒ္ဓါတရား အခြေခံထားပြီး ရွတ်ဆိုနိုင်မယ်ဆိုရင် ကံတရားဟာ သူ့အလုပ်သူလုပ်သွားမှာပဲ ဖြစ်ပါတယ်။ အကျိုးပေးမှာက ကံရဲ့အလုပ်ဖြစ်ပြီး လက်တွေ့ကျင့်ကြံ အားထုတ်ရမှာက ကိုယ့်ရဲ့အလုပ်ပဲ ဖြစ်တဲ့အတွက် ကိုယ့်အလုပ်ကိုကိုယ် အကောင်းဆုံးဖြစ်အောင် လုပ်ကြဖို့ပဲ ဖြစ်ပါတယ်။

ဆိုလိုတာက လူတွေအနေနဲ့ ကိုယ့်နေရာ၊ ကိုယ့်ဝန်းကျင်မှာ ပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဆို ပူဇော်တဲ့အခါမှာ မရွတ်ကောင်းဘူး၊ ဘာဖြစ်တတ်တယ်၊ ညာဖြစ်တတ်တဲ့ဆိုတဲ့ အယူအဆတွေဟာ ဘုရားဟောထားတဲ့ အယူအဆတွေ မဟုတ်သလို လက်တွေ့မှာလည်းပဲ အဓိပ္ဗါယ်မရှိတဲ့ လွဲမှားနေတဲ့ အယူအဆတွေ ဖြစ်တဲ့အတွက် ဒီလို အယူအဆတွေကြောင့် ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်မှုနဲ့ ပတ်သက်ပြီး သံသယဖြစ်နေသူတွေ အနေနဲ့ ဘာသံသယမှ မရှိဘဲ ကိုယ့်ယုံကြည်မှု သဒ္ဓါတရားနဲ့အညီ ကိုယ်ရွတ်ဆိုပူဇော်နေကျ အတိုင်းပဲ ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်မှုကို ပြုလုပ်ဖို့နဲ့ ရွတ်ဖတ်တဲ့အခါမှာလည်း စေတနာ၊ သဒ္ဓါတရားကို အခြေခံကာ ဝေနေယျအများ ကျန်းမာစေကြောင်း မေတ္တာလောင်းပြီး ရွတ်ပူဇော်သမျှ ကုသိုလ်အဖို့ကိုပါ အမျှအတမ်း ပေဝေးကြဖို့ ဆိုလိုတာ ဖြစ်ပါတယ်။


ပဋ္ဌာန်းရွတ်ခြင်းအားဖြင့် ဘယ်သူ့ကိုမှလည်း ထိခိုက်မှု မဖြစ်နိုင်သလို ကိုယ့်သန္တာန်မှာလည်း ကုသိုလ်တရား တိုးစေနိုင်တာ ဖြစ်တဲ့အတွက် ဘယ်သူတွေဘာပြောပြော ကိုယ့်စေတနာ အတိုင်းသာ ရွတ်မြဲရွတ်ကြဖို့ အသိပေး တိုက်တွန်းလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်မှုနဲ့ ပတ်သက်ပြီး ဟိုစကားဒီစကားကြောင့် သို့လောသို့လော သံသယပွားနေသူများ အနေနဲ့ ဘာမှသံသယ ပွားနေစရာမလိုဘဲ ကိုယ်လိုသလို ရွတ်ဆိုပူဇော်နိုင်တာ ဖြစ်တဲ့အတွက် ကိုယ့်အတိုင်းအတာနဲ့ကိုယ် သဒ္ဓါ၊ စေတနာအပြည့်နဲ့ ကြိုးစားရွတ်ဆိုကြဖို့နဲ့ ဒီပဋ္ဌာန်းကို အိမ်မှာလူပုဂ္ဂိုလ်တွေ အနေနဲ့ မရွတ်ကောင်းဘူးလို့ ထင်နေကြ သူတွေ အနေနဲ့လည်း ဒီအယူအဆဟာ ဘုရားဟော မဟုတ်သလို အဓိပ္ဗါယ်မရှိတဲ့ အယူအဆပဲ ဖြစ်တဲ့အတွက် ဒီလိုအယူအဆလွဲကို အမြန်ဆုံး ပြင်ဆင်လိုက်ကြဖို့ အသိပေးရင်း လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် ရိုးသားစွာ တင်ပြလိုက်ရပါတယ်။

( မနာပဒါယီ အရှင်ဝိစိတ္တ )

Monday, July 28, 2014

ငဲ့လို့စောင်း စောင်းလို့ဖိတ်သတဲ့လား


ငဲ့လို့စောင်း စောင်းလို့ဖိတ်သတဲ့လား

လောကမှာ အားနာသမျှတော့ ခါးပါရုံသာမက ဘ၀ပါ ပါခဲ့ရတာတွေက ဒုနဲ့ဒေး။ ဒီအကြောင်း ရင်းကတော့ အားနာမှုကြောင့် လိုက်လျောခဲ့ရတာတွေပါ။ ပြီးတော့ ပေးဆပ်လိုက်ကြရတာတွေပေါ့။ ဒီအကြောင်းရင်းရဲ့ ဇစ်မြစ်မှာ ငဲ့ကွက်မှုတွေကြောင့်ပါ။ အောင်မြင်ဖို့အတွက် အောင်မြင်မှုတွေကို လက်လွတ်၊ လမ်းကောင်း တွေကို တွေ့ပါလျက်နဲ့ လမ်းကြောင်းမှန်တွေကို သွေဖည်မိကြ၊ အကောင်းမှန်းသိပါလျက်နဲ့ အဟောင်းကဲ့သို့ ချုပ်တည်းနေလိုက်ကြရတာတွေဟာ လူတယောက် အတွက်တော့ မူတခုဟာမှန်ပေမယ့် အမှားခံလူသား အဖြစ် စတေးလိုက်ကြရတာပါ။

ဘယ်သူ့အတွက် စတေးလိုက်တာလဲ။ ခင်ပွန်းအတွက်၊ ဇနီးအတွက်၊ သားအတွက်၊ သမီးအတွက်၊ မြေးအတွက်၊ သားတပည့်တွေ စသည့် စသည့်တို့အတွက် တည့်မတ်ဖို့ လမ်းကြောင်းမှသည် ငဲ့ကွက်မှုကြောင့် စောင်းဖိတ်ခဲ့ရတဲ့ သရုပ်တွေက ရိပ်သာဝင် တရားကျင့်တော့မယ်- သင်တန်း တခုခုတက်ဦးမှ-ပြည်ပထွက် စီးပွားရှာတော့မယ်-မဖြစ်ပါဘူး ဇနီးသည်က တယောက်တည်း- သားနှင့်သမီးကရှိသေး-အခုလို ငဲ့ကွက်မှု တွေမှာ ကိုယ်ရဲ့ရည်မှန်းချက်၊ ရရှိမယ့်အခွင့်အရေး၊ အောင်မြင်ရရှိမှု သရဖူ၊ စတာတွေကို ပေးဆပ်လိုက်ရ၊ ဆုံးရှုံးလိုက်ရတာဟာ စောင်းဖိတ်မှုတွေပါ။

အခုလို ငဲ့နေသမျှ စောင်း၊ စောင်းနေသမျှတော့လည်း တခုမကျန် ဖိတ်စဉ်မှုဟာ သဘာဝပါ။ အရာဝတ္ထုတခု ဖိတ်စဉ်ကျတယ်ဆိုတာက ပြန်လည်ရရှိနိုင်တာ ရှိသလို ပြန်လည်လို့ မရရှိတာမျိုးလည်း ရှိပါတယ်။ အဲဒီအခါမှာတော့ ပြန်လည်လို့ မရရှိတာမျိုးကို အစားရှာဖွေလို့ ရရှိနိုင်ကြပါတယ်။ အစားပြန်ရရှိနိုင်တာပေါ့ ကာယကံ၊ ၀စီကံ၊ မနောကံ ဆိုတဲ့ ကံသုံးပါးနဲ့ ကျူးလွန်ဖောက်ပြန် အနေအထားတွေ မမှန်ကန်ပါက အပါယ်ငရဲသို့သာ ဖိတ်စဉ်ကျရတော့မှာပါ။ မကောင်းသောဘ၀၊ မလှပတဲ့ အနေအထားများရဲ့ နေရာချမှုကို ခံယူနေကြရတော့မှာပါ။

မှန်ကန်တဲ့ ရည်မှန်းချက်တွေကို ပိုင်ဆိုင်တဲ့ဘ၀မှာ ရရှိနေပါလျက် ငဲ့လို့စောင်း။ စောင်းလို့ ဖိတ်စဉ်သွားရတဲ့ သာဓကကို ဟိုး-ကဿပမြတ်စွာဘုရား လက်ထက်တော်အချိန်ကာလက ဖြစ်ပျက်ခဲ့တဲ့ ဖြဟ်ပျက်ကြီးတခုပါ။ အများတကာ မျှော်မှန်းထားသလို မဟုတ်ဘဲ မထင်မှတ်တဲ့ လွဲချော်မှုကြီးတခုလို့လည်း ယနေ့တိုင် အသိအမှတ်ပြုခဲ့ပါတယ်။ ဒီအမှုအခင်းကြီးရဲ့ သတင်းကို ကြားရသူမြင်ရသူ အဖို့များစွာတို့မှာ ဟင်-ဟာ ဆိုတဲ့ အာမေဍိတ်အသံတို့ ကျယ်လောင်စွာ ပေါ်ထွက်လာခဲ့တာပါ။

အများပြည်သူတို့မှာ အခုလောက်ထိ ခံစားမှု အပူပြင်းထန်ရခြင်းမှာ ဒီဆရာတော်ကြီးနှစ်ပါးဆိုတာ သာမန် ဆရာတော်ကြီးများ မဟုတ်ကြပါ။ ဟိုးဟိုးကျော် သီလစင်ကြယ်မှုတွေနဲ့ ကျော်ကြားမှု တွေရနေတဲ့ ဆရာတော်ကြီးနှစ်ပါးပါ။ ၀ိနည်းဥပဒေတော်လို့ဆိုတဲ့ သီလအကျင့် ဓမ္မရေးရာမှာ အလွန်သန့်ရှင်းလှ၊ မြင့်မြတ်လှတာပါ။ သီလစင်ကြယ် မြင့်မြတ်ပါပြီဆိုတဲ့နောက် တပြေးညီ တူယှဉ်တွဲပါလာတာက သီလရဲ့အကျိုးတွေ။ သီလ၊ ကိုယ်ကျင့်တရားရဲ့ အကျိုး ရလဒ်တွေက မနည်းလှ---

၁။ ပစ္စည်းရလွယ်ခြင်းအကျိုး။
၂။ ဂုဏ်သတင်းကြွယ်ခြင်းအကျိုး။
၃။ မျက်နှာမငယ်ရခြင်းအကျိုး။
၎။ တွေတွေဝေေ၀ မသေရခြင်းအကျိုး။
၅။ သေပြီးတဲ့နောက်မှာ နတ်ပြည်နတ်ရွာ ရောက်ရခြင်း အကျိုးလို့ဆိုတဲ့ (၅)မျိုးသော သီလ အကျိုးများအနက် ရဟန်းတော်တိုင်း၊ လူပုဂ္ဂိုလ်တိုင်း၊ သက်ရှိထင်ရှား ပစ္စုပ္ပန်ကာလမှာ လက်တွေ့ ခံစားကြရမှာက နံပါတ် တစ်ရယ်၊ နံပါတ် နှစ်ရယ်၊ နံပါတ် သုံးရယ်ပါ။

နံပါတ်တစ် အကျိုးဆိုတာက ပစ္စည်းရလွယ်ကြတယ်။ ရဟန်းတော်များဖြစ်တဲ့အတွက် သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ ဆေး ဆိုတဲ့ ပစ္စည်းလေးပါး မခံယူလိုလောက်အောင် ပေါများလှတာပါ။ (လူပုဂ္ဂိုလ်များဆိုပါရင်တော့ သူဌေး၊ သူကြွယ်ကြီးတွေ ဖြစ်ကြရမှာပါ)။

နံပါတ်နှစ် ဖွင့်ဆိုတဲ့အတိုင်း သီလရှိကြတဲ့ ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်တွေရဲ့ ကျော်စောခြင်း ဂုဏ် သတင်းဆိုတာ အောက်ကို အ၀ီစိ၊ အထက်ကို ဘ၀ဂ်တိုင်အောင်ကိုပဲ ပျံ့နှံ့သွားခဲ့တာပါ။ ကြားရသူအဖို့ မြင်တွေ့ရသူအဖို့ မှာလည်း ကိုယ်စိတ်နှလုံး အေးမြမှုကို ခံစားရမှာပါ။
သုံးနံပါတ် ဖွင်ဟသလို ဘယ်မှာနေနေ ဘယ်ကိုသွားသွား သီလရှိသူများဆိုတာ ဘယ်သောအခါမှ မျက်နှာမငယ်ရပါဘူး။

သီလရှိသူ၊ သီလကျင့်ဝတ် ပြည့်ဝသူများရဲ့ သေခါနီးအချိန် ညွှန်းဆိုတာကတော့ နံပါတ်လေးပါ။ သီလနဲ့ ပြည့်စုံကြတဲ့သူများဆိုတာ သေခါနီးအချိန်ကာလမှာ တွေတွေဝေေ၀နဲ့ မသေကြရပါဘူး။ ကောင်းမှုတွေနဲ့ ကြည်ကြည်လင်လင် သေကြရတာပါ။


နောက်ဆုံးဖြစ်တဲ့ နံပါတ်ငါးကတော့ သေဆုံးကွယ်လွန်ပြီးနောက် လားရမယ့် (သွားရတော့မယ့်) ဘ၀ကိုညွှန်းတာပါ။ ကိုယ်ကျင့်သီလ ပြည့်စုံကြသူများမှာ နတ်ပြည်ကိုပဲ ကိန်းသေမုချ ရောက်ကြရပါတယ်။ အခုလို အကျင့်သီလရဲ့ အကျိုးဝေဆာပုံလေးကို ပရိသတ်ကြီး လွယ်လင့်တကူ မှတ်မိရအောင် အမှတ်တရ သတိတရ အနေနဲ့ ပေးလိုက်ပါတယ်။ နှုတ်ပါးစပ်မှ အသံထွက် ရွတ်ဆိုကြည့်စေချင်ပါတယ်။ အရသာရှိလွန်းလို့ပါ။

ဆောင်ပုဒ်---
ပစ္စည်းရလွယ်၊ ဂုဏ်ကောင်းကြွယ်၍
မငယ်မျက်နှာ၊ မတွေကာသေ
ရောက်လေနတ်ရွာ၊ ဤငါးဖြာ
မှန်စွာ သီလအကျိုးတည်း။

ဤမျှအထိ ဤမျှလောက်မက အကျိုးတွေကို ပိုင်ဆိုင်ရယူထားတော်မူတဲ့ ဆရာတော်ကြီးနှစ်ပါးပါ။ ဒီဆရာတော်ကြီးနှစ်ပါးမှာ ဘာမျှ မပြောလောက်ပါတဲ့ လှူဒါန်းမှု ချဉ်းကပ်မှုကို သာယာမိခဲ့တယ်။ အခုလို သာယာမိတဲ့အကြောင်းမှာ သီလစင်ကြယ်တဲ့ သီလရှိရဟန်းတော်နဲ့ သီလမစင်ကြယ် သီလမရှိတဲ့ ရဟန်းတို့ အမှုအခင်းဖြစ်ခဲ့ကြပါတယ်။ သီလမဲ့တဲ့ ရဟန်းမှာ အကျင့်တရား မရှိတဲ့အတိုင်း သူတပါး နိမ့်ကျအောင် ပြုလုပ်ပါတော့တယ်။ သီလစင်ကြယ်(၀ိနည်းဓိုရ်) ဆရာတော် နှစ်ပါးထံ အရင်ရောက်အောင်ကြွ၊ ဆရာတော်ကြီးနှစ်ပါးကို ခြေလက်ဆုပ်နယ်ပေး၊ လှူဘွယ်ပစ္စည်း လှူဒါန်းပါတယ်။
ဆရာကို ပိုင်ချင်ရင် ချဉ်းကပ်၊ ဒကာကို နိုင်ချင်ရင် ပေးကမ်း-ဆိုတဲ့စကားပုံအတိုင်းပေါ့။

သီလစင်ကြယ်၊ သီလရှိတဲ့ ရဟန်းမှာတော့ ဆရာတော်ကြီးနှစ်ပါးထံ အမှုအခင်းရက်ချိန်းရောက်မှပဲ ရိုသေဂါရ၀အပြည့်နဲ့ ကြွခဲ့ပါတယ်။ နှစ်ပါးစုံညီပြီဖြစ်တဲ့အတွက် အမှုအခင်းကို ဆုံးဖြတ်ဖို့အချိန် ရောက်လာခဲ့ပါပြီ။ ကြိုတင်ပြုလုပ် စီရင်ထားတဲ့အတိုင်းပါ။ ချဉ်းကပ်မှု၊ ပေးကမ်းလှူဒါန်းမှုတွေနဲ့ ပြည့်စုံနေတဲ့ သီလမရှိ(အကျင့်ပျက်) ရဟန်းကို အနိုင်ပေးလိုက်ပါပြီ။ သီလရှိ ရဟန်းကိုတော့ ဆရာတော်ကြီး နှစ်ပါးမှာ ဒေါသကို ရှေ့တန်းတင် မျက်နှာ၊ ခြေ၊ လက်၊ အမူအရာ ကြမ်းကြမ်းတမ်းတမ်းနဲ့ အရှုံးပေးခဲ့ပါတယ်။ မှားသူကို မှန်စေ၊ မှန်သူကို မှားစေရယ်လို့ပါ။

ဟိုးဟိုးကျော် သီလ (စင်ကြယ်မှု) အရာမှာ အလွန်သတင်းကျော်ကြားလှတဲ့ ဆရာတော်ကြီးနှစ်ပါး ပျံလွန်တော်မူကြလို့ ဘ၀ဟောင်းမှသည် ဘ၀သစ်သို့ ကူးပြောင်းသွားခဲ့ပါပြီ။ အခုလို ဘ၀ဟောင်းကိုစွန့်လို့ ဘ၀သစ်သို့ ကူးသွားတဲ့အခါမှာ သီလလည်းရှိ မှန်လည်းမှန်ကန်တော်မူတဲ့ ရဟန်းတော်ကို ကြမ်းတမ်းတဲ့ အမူအရာတွေပြလို့ အရှုံးပေးခဲ့မိလို့ ရုပ်ကြမ်းများကို ပိုင်ဆိုင်တဲ့ နတ်ဘီလူးကြီးများ ဖြစ်ကြရတယ်။ ယနေ့တိုင်လည်း ဟေမ၀တ နတ်ဘီလူးနဲ့ သာတဂီရိ နတ်ဘီလူးရယ်လို့ သာသနာ့သမိုင်း စာမျက်နှာမှာ ထင်ရှားနေရဲ့။

ဒီအဖြစ်အပျက်ကို ကြည့်ပါက မငဲ့သင့်တာကို ငဲ့ခဲ့မိတယ်။ ငဲ့ပြီဆိုတဲ့ နောက်မှာတော့ စောင်းမြဲသာ စောင်းခဲ့ကြရ။ စောင်းပြီဆိုတဲ့ နောက်မှာ ဖိတ်စဉ်ခဲ့ရတဲ့ အထင်အရှား သာဓကမှတ်တိုင်တခုပါ။ အခွင့်ကောင်းတခုကို ရယူနိုင်ပါလျက် အားနာနေဦးမယ်ဆိုပါက ခါးပါမဟုတ် ဘ၀ပါ ပါရချေပြီ။ ငဲ့လို့စောင်း စောင်းလျှင် ဖိတ်တတ်တဲ့အကြောင်းကို တစိမ့်စိမ့်တွေးပေးပါ။ ဘ၀အရေးမို့ ဓမ္မအတွေး ဆိုတာ တွေးလို့ မရှုံးပါ။ ရုန်းထွက်နိုင်မဲ့အားတွေသာ ဖြစ်လာမှာပါ။

မေတ္တာဝေစည်
သု(သဒ္ဓမ္မရံသီ)
(ရုပ်ရှင်အမြုတေ ၂၀၀၈-ခု ဇန်န၀ါရီလ)

Friday, July 25, 2014

သံဃာကို ဘယ်လိုကြည်ညိုရမလဲ


သံဃာကို ဘယ်လိုကြည်ညိုရမလဲ

 အမေရိကုန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိ(စ်) ခရိုင်၊ ဆန်ဂေးဘရီယယ်မြို့မှာ ရှိတဲ့ ဒေါက်တာ ဦးမောင်မောင်၊ ဒေါ်မေယု မိသားစုတို့ရဲ့ ဓမ္မစက္ခုဓမ္မာရုံမှာ ပြုလုပ်တဲ့ ဓမ္မသင်တန်းမှာ သင်တန်းကို (၁) နာရီဟောပြပြီး `မေးလိုရာမေး´ ဆိုတဲ့ အစီအစဉ်ကိုလည်း နောက်ဆက်တွဲအဖြစ် ထည့်ထားပါတယ်။ အဲဒီမှာမေးတဲ့ မေးခွန်းတွေထဲက ဗုဒ္ဓဘာသာဝင်အများနဲ့ ဆိုင်တဲ့ မေးခွန်းတစ်ခုကတော့....

မေး။ ။` ရတနာသုံးပါးကို မတုန်မလှုပ် ယုံကြည်ရမယ်ဆိုတဲ့အထဲက သံဃာတော်ကို မတုန်မလှုပ် ယုံကြည်မှုတွင် သံဃာ၏အဓိပ္ပါယ် နှင့် သံဃာကို မတုန်မလှုပ် ယုံကြည်ရန် မည်ကဲ့သို့ စိတ်ထားရမည်ကို ရှင်းပြပေးတော် မူပါဘုရား ´။ မေးခွန်းရှင်က မခိုင်ခိုင်ဌေး (Rosemead မြို့) တဲ့။

ဖြေ။ ။ ဒီမေးခွန်းမှာ မေးထားတာ အဆင့်နှစ်ဆင့်ရှိပါတယ်။ ပထမအဆင့်က သံဃာ၏ အဓိပ္ပါယ် တဲ့....။ `သံဃာ´ ဆိုတာ `အယူဝါဒရော၊ အကျင့်သီလပါ တူညီစွာနဲ့ ကိလေသာကင်းစင်ရေးကို ကျင့်ကြံ အားထုတ် တော်မူတဲ့ ပုဂ္ဂိုလ်အပေါင်း´ လို့ အဓိပ္ပါယ် ရပါတယ်။ ရတနာသုံးပါးအရာမှာတော့ သာသနာ့ဝန်ထမ်းဖြစ်တဲ့ `ရှင်ရဟန်းအပေါင်း´ လို့ အဓိပ္ပါယ် ရပါတယ်။ ဒုတိယအဆင့်က သံဃာကို မတုန်မလှုပ် ယုံကြည်ရန် မည်ကဲ့သို့ စိတ်ထားရမည်ကို ရှင်းပြပေးပါ ဘုရားတဲ့။

`မည်ကဲ့သို့ စိတ်ထားရမည်´ ဆိုတာကတော့ သံဃာ့ဂုဏ်တော်ထဲမှာ ပါတဲ့အတိုင်း.....
(၁) သုပ္ပဋိပန္နော = ဘုရားရှင် ဟောကြားတော်မူသည့်အတိုင်း ကောင်းမွန်မှန်ကန်စွာ ကျင့်တော်မူပါပေ၏။
(၂) ဥဇုပ္ပဋိပန္နော = ဖြောင့်မတ်တည့်မှန်စွာ ကျင့်တော်မူပါပေ၏။
(၃) ဉာယပ္ပဋိပန္နော = နိဗ္ဗာန်နှင့်ထိုက်တန်အောင် ကျင့်တော်မူပါပေ၏။
(၄) သာမီစိပ္ပဋိပန္နော = ရိုသေလေးစားစွာ ကျင့်တော်မူပါပေ၏။
(၅) အာဟုနေယျော = ရှေးရှုကော်ရော်ပူဇော်သည်ကိုခံတော်မူထိုက်ပါပေ၏။
(၆) ပါဟုနေယျော = အထူးပြုလုပ်ပူဇော်သည်ကို ခံယူထိုက်ပါပေ၏။
(၇) ဒိက္ခိဏေယျော = နိဗ္ဗာန်ကို ရည်မှန်း၍ လှူဒါန်းသည်ကို ခံတော်မူထိုက်ပါပေ၏။
(၈) အဉ္စလီကရဏီယော = လက်အုပ်ချီမိုး ရှိခိုးခြင်းကို ခံတော်မူထိုက်ပါပေ၏။
(၉) အနုတ္တရံ ပုညက္ခေတ္တံ လောကဿ = လူအပေါင်း၏ ကောင်းမှုကို စိုက်ပျိုးရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်တော်မူပါပေ၏လို့ အာရုံပြုနှလုံးသွင်းတဲ့ စိတ်ထားရမှာပါ။

မေးခွန်းရှင်က တစ်သက်လုံး `သံဃံ သရဏံ ဂစ္ဆာမိ´ ဆိုလာခဲ့ပြီး အခုမှ `မည်ကဲ့သို့စိတ်ထားရမည်´ ဆိုတဲ့အချက်ကို မေးမြန်းတာကို အကဲခတ်ကြည့်ရတာ `သံဃာ´ ထဲမှာ အပါအဝင်ဖြစ်တဲ့ အချို့ ရဟန်းတော် များ အပေါ်မှာ ကြည်ညိုစိတ်ထားဖို့ အမြင်မကြည်လင်စရာတွေ ကြားနေ၊ မြင်နေရတဲ့ ပြဿနာနဲ့ ကြုံနေရတဲ့ သဘောမျိုး ရှိပုံရတယ်နော်။ ဒီလိုစိတ်ထားမျိုး ရှေးကလည်း ပုထုဇဉ်ရဟန်းအချို့ရဲ့ အပြုအမှုတွေအပေါ် မကြည်လင်တဲ့အတွက် မိလိန္ဒမင်းကြီးမှာ ဖြစ်ပေါ်ခဲ့ပုံရပါတယ်။

မိလိန္ဒမင်းကြီးက အရှင်နာဂသေနမထေရ်ကို ဒီသဘောမျိုးနဲ့ အဓိပ္ပါယ်တူတဲ့ မေးခွန်းကို မေးလျှောက်ဖူးတယ်။ ဒီအမေးနဲ့ပတ်သက်ပြီး အရှင်နာဂသေနမထေရ်ရဲ့ ဖြေကြားချက်ကလည်း ဗုဒ္ဓဘာသာဝင်တွေ လိုက်နာ မှတ်သားဖို့ အတော်လေး ကောင်းပါတယ်။ အရှင်နာဂသေနရဲ့ အဖြေကတော့....

` မင်းကြီး၊ လောကမှာ ရေဆိုတာ ကျိုက်ကျိုက်ဆူအောင် ပူလောင်နေတယ်ဆိုစေဦးတော့၊ မီးတောက် မီးခဲကိုတော့ ငြိမ်းစေနိုင်ပါတယ်။ ထို့အတူပဲ ပုထုဇဉ်ရဟန်းအချို့မှာ အသင်မင်းကြီးတွေ့ရသလို ကိလေသာအပူမကင်းတဲ့ အပြုအမူတွေ ရှိနေတယ်ဆိုစေဦးတော့၊ သူတို့ရဲ့ ကိလေသာအပူက ကျိုက်ကျိုက် ဆူနေတဲ့ ရေနွေးပူမျိုးသာ ဖြစ်တယ်။ လူဝတ်ကြောင် ပုထုဇဉ်တို့မှာ ရှိနေတဲ့ ကိလေသာအပူတွေက မီးတောက်မီးခဲလို အပူတွေဖြစ်တယ်လို့ နှိုင်းယှဉ် နှလုံးသွင်းကြည့်လိုက်ရင်လည်း ကြည်ညိုစိတ် ဖြစ်လာနိုင်ပါတယ်။

မင်းကြီး၊ လောကမှာ ရေဟာ သောက်သုံးဖို့ မဆိုထားနှင့်၊ ခြေဆေးဖို့လောက်တောင် မဖြစ်နိုင် လောက်တဲ့ ရွှံ့နွံရေပင်ဖြစ်စေဦးတော့၊ မစင်အညစ်အကြေးကိုတော့ ဆေးကြောဖယ်ရှားနိုင်ပါတယ်။ ထို့အတူပဲ ပုထုဇဉ်ရဟန်းအချို့ရဲ့ အပြုအမူတွေက ကိလေသာတွေနဲ့ နောက်ကျူနေတဲ့ ရွှံ့နွံရေလောက်ပဲရှိတယ်။ လူဝတ်ကြောင် ပုထုဇဉ်တွေရဲ့ ကိလေသာအညစ်အကြေးတွေကတော့ မစင်အညစ်အကြေးလောက် ရှိနေတယ်လို့ နှိုင်းယှဉ်နှလုံးသွင်းလိုက်ရင်လည်း ကြည်ညိုစိတ် ဖြစ်လာနိုင်ပါတယ်။

မင်းကြီး... စားကောင်းတဲ့ သစ်သီး တစ်လုံးဟာ အပုပ်အနာတွေ မကင်းဘူးဆိုရင်တောင်မှ အလွန့်အလွန် ဆာလောင်မွတ်သိပ်နေသူရဲ့ ဝမ်းမီးအပူကိုတော့ ငြှိမ်းပေးနိုင်ပါတယ်။ အဲဒီလိုပါပဲ၊ ပုထုဇဉ်ရဟန်းအချို့ရဲ့ အပြုအမူတွေဟာ အပုပ်အနာမကင်းတဲ့သစ်သီးလို ဖြစ်နေတယ်ဆိုစေဦးတော့၊ သံသရာတစ်လျှောက်လုံး ကိလေသာအဆာဓာတ်တွေနဲ့ ပူလောင်နေကြတဲ့ ပုထုဇဉ် လူဝတ်ကြောင်တို့ရဲ့ စိတိအပူဓာတ်ကိုတော့ `အရဟတ္တဇ´ လို့ခေါ်တဲ့ ဘုရားအမွေတော် သင်္ကန်းရောင်ကလေးကပင် ငြိမ်းအေးစေနိုင်ပါပေတယ်လို့ နှလုံးသွင်းလိုက်ရင် ကြည်ညိုစိတ် ဖြစ်လာနိုင်ပါတယ်....တဲ့။´

သံဃာကို ကြည်ညိုတတ်တဲ့ စိတ်ကလေး ဖြစ်ပေါ်လာစေဖို့ `ယောနိသော မနသိကာရ´ လို့ခေါ်တဲ့ ကုသိုလ်ဖြစ်အောင် တွေးပုံကလေးတွေကို အရှင်နာဂသေနက ဖြေဆိုပေးလိုက်တာပါ။ ဒါကို ဗုဒ္ဓဘာသာဝင်တိုင်း အတုယူလိုက်နာကြရင် အကုသိုလ်ကင်းပြီး ကုသိုလ်တိုးပွားနိုင်ပါလိမ့်မယ်။  

ဒီမေးခွန်းနဲ့ ဆက်စပ်ပြီးတော့ မေးခွန်းထဲမှာ မပါပေမဲ့ နည်းနည်းပြောချင်တာ ရှိပါတယ်။ တချို့က `သံဃာဆိုတိုင်း အတုမှန်းမသိ၊ အစစ်မှန်းမသိဘဲ ကြည်ညိုလှူဒါန်းပူဇော်နေတော့ရော၊ အစစ်အမှန် မဟုတ်ဘဲ လှူဒါန်းပူဇော်တာ ဘာအကျိုးရှိမှာလဲ ´ ဆိုတဲ့ သံသယမျိုးလည်း ရှိတတ်ပါတယ်။ ဒါမျိုး မေးမြန်း တာလည်း ကြုံဖူးတယ်။ ဒါနဲ့ပတ်သက်ပြီး ကြားရဖူးတဲ့ အဖြစ်အပျက်ကလေးတစ်ခုကို ပြောပြချင်တာပါ။

အင်းဝခေတ်မှာ ရှင်ဘုရင် တစ်ပါးက တစ်ညမှာ အိပ်မက် ထူးထူးခြားခြားမက်တယ်။ သူ့အိပ်မက်က `ရဟန္တာမထေရ်မြတ်ကြီးတစ်ပါး သူ့နန်းတော်အထိ ဆွမ်းခံကြွလာလို့ သူကိုယ်တိုင် ရဟန္တာ မထေရ်မြတ် ကြီးကို ဆွမ်းလောင်းလှူလိုက်ရတယ်´ လို့ မက်တာတဲ့။ နောက်နေ့ ပွဲတော်တည်ဖို့ ပြင်ဆင်ပြီး ရောက်လာ တော့ ရှင်ဘုရင်ကြီးက သူ့အိပ်မက်ကို ပြောပြပြီး `နေကြဦး၊ မွန်းမတည့်မချင်း ငါပွဲတော်မတည်ဘူး၊ ရဟန္တာ အရှင်မြတ်ကြီး ဆွမ်းခံကြွလာရင် စားဦးစားဖျား လောင်းလှူနိုင်အောင် စောင့်မယ်´ ဆိုပြီး ပွဲတော် မတည်သေးဘဲ ဒီအတိုင်း အသင့်ပြင်ပြီး စောင့်နေသတဲ့။

အဲဒီအချိန်မှာ မြို့ပြင်က သုသာန် ဇရပ်မှာနေကြတဲ့ သူတောင်းစားလင်မယားမှာ မယားက ကိုယ်ဝန် ဆောင်ထားချိန်ဖြစ်လို့ `ရှင်ဘုရင့် ပွဲတော်အုပ်ကို စားချင်တဲ့ချင်ခြင်း´ ဖြစ်သတဲ့။ သူချင်ခြင်း လင်ယောက်ျားကို ပြောပြတဲ့အခါ ယောက်ျားက `နင်ချင်ခြင်းက သေပေါက်တိုးမယ့် ချင်ခြင်ကြီးဖြစ်လို့ ငါလည်း ဘာမှမတတ်နိုင်ဘူး´ ဆိုပြီး ငြင်းတယ်။ မယားက `ရှင်ယောက်ျားဖြစ်ပြီး ဒီလောက်တောင် ညံ့ရသလား။ ရှင် မသိဘူးလား။ ဒီနိုင်ငံက ရှင်ဘုရင်ကြီးဆိုတာ ရဟန်းသံဃာကို အလွန်ကြည်ညိုတယ်။ ကဲ.... ရှင်ဘာမှငြင်းမနေနဲ့။ ကျုပ်ပြောသလို လုပ်ချေ၊ ရှင့်မှာ ကတုံးလည်း တုံးပြီးသားပဲ၊ သွား...ကျောင်းတိုက် တစ်ခုခုမှာ သံဃာတော်တွေ မသုံးတော့ဘဲ စွန့်ပစ်ထားတဲ့သင်္ကန်းအိုတစ်စုံနဲ့ သပိတ်အိုတစ်လုံး ရအောင်တောင်း၊ ပြီးရင် အဲဒီသင်္ကန်းကိုရုံ၊ သပိတ်ကိုပွေ့ပြီး နန်းတော်ထဲ သွားပေရော့။

ရှင်ဘုရင်ကြီးက သူ့ပွဲတော်အုပ်ကို လောင်းလှူလိုက်လိမ့်မယ်´ ဆိုပြီး တိုက်တွန်းလိုက်တယ်။ ယောက်ျား ခမျာလည်း ခပ်ကြောက်ကြောက် ဖြစ်ပေမဲ့ မယားအကြံက ဖြစ်တော့ဖြစ်နိုင်တယ်ဆိုပြီး သူပြောတဲ့အတိုင်း လုပ်ရတော့တာပေါ့။ အချိန်ကလည်း မွန်းတည့်ခါနီးနေပြီ၊ ရှင်ဘုရင်ကြီးကလည်း သူ့အိပ်မက်အတိုင်း ရဟန္တာအရှင်မြတ်ကြီး ဆွမ်းခံကြွလာနိုးနိုးနဲ့ စောင့်နေရတာ မအောင့်နိုင်တော့ဘဲ နန်းတော်ပြတင်းနား အထိထွက်လာပြီး အပြင်ကို လှမ်းမျှော်နေတုန်းမှာပဲ....

ကိုယ်တော်ကြီးက မရိတ်တာကြာတော့ ခပ်ရှည်ရှည်ကြီးနေမှာပေါ့။ သင်္ကန်းသပိတ်တွေကလည်း အိုအိုနွမ်းနွမ်းတွေနဲ့။ ရှင်ဘုရင်က ဒီပုဂ္ဂိုလ်လည်း တွေ့လိုက်ရော `ဟေ့၊ ဟေ့ အမတ်တွေ လာကြည့်ကြစမ်း၊ ဟောဟိုက ကြွလာတဲ့ကိုယ်တော်ကြီးဟာ ဆံပင်တွေလည်း ရှည်နေပြီ၊ သင်္ကန်းသပိတ်တွေကလည်း အိုအိုနွမ်းနွမ်းနဲ့၊ ဧကန္တ တောရဆောက်တည်နေတဲ့ ရဟန္တာပုဂ္ဂိုလ်မြတ်ကြီး ဖြစ်မှာသေချာတယ်၊ ကဲ... ပွဲတော်အုပ်ကို မ, ခဲ့ကြ´ ဆိုပြီး ကိုယ်တိုင်လည်း နန်းတော်အောက် ဆင်းစောင့်နေလိုက်သတဲ့။

ကိုယ်တော်ချောကလည်း ခပ်ကြောက်ကြောက်နဲ့ ဣနြေ္ဒဆည်ပြီး ခပ်ဖြေးဖြေးလျှောက်လာလို့ နန်းတော်ရှေ့ လည်းရောက်ရော ရှင်ဘုရင်ကြီးက ဝမ်းမြောက်ဝမ်းသာနဲ့ ပွဲတော်စာတွေ သပိတ်နဲ့အပြည့် လောင်းလှူ လိုက်သတဲ့။ ကိုယ်တော်ကြီးလည်း ကြွသွားရော ရှင်ဘုရင်က သူ့အိပ်မက်ဘယ်လောက်ထိ မှန်သလဲဆိုတာ သိရအောင် အမတ်တစ်ယောက်ကိုခေါ်ပြီး `ကိုယ်တော်ကြီးနောက်က မယောင်မလည် မျက်ခြေမပြတ် လိုက်ကြည့်စမ်း၊ ရဟန္တာမထေရ်မြတ်ကြီးတွေဆိုတာတောရပ်မှာနေကြတာ၊ မြို့ပြင်ရောက်ရင် ဈာန် အဘိညာဉ်နဲ့ ကောင်းကင်ကို ပျံတက်ချင်တက်သွားလိမ့်မယ်´ ဆိုပြီး လိုက်ကြည့်ခိုင်းသတဲ့။

ကိုယ်တော်ကြီးက မြို့ပြင်လည်းရောက်ရော `အသက်ဘေးကတော့ လွတ်ပြီဟဲ့´ ဆိုပြီး ခပ်သွက်သွက်နဲ့ သုသာန်ဘက်ကို သုတ်ခြေတင်တော့တယ်။ အမတ်ကလည်း ခပ်သွက်သွက်နဲ့ မျက်ခြေမပြတ် လိုက်ချောင်းရတော့တာပေါ့။ သုသာန်ဇရပ်လည်း ရောက်ရော ကိုယ်တော်ကြီးက သူ့မယားကို `ကဲ... မင့်ချင်ခြင်းတော့ ရခဲ့ပြီ၊ ကံကောင်းလို့ ခေါင်းမပြတ်တာပေါ့ကွာ´ လို့ပြောရင်း သပိတ်ကို မယားလက်ထဲအပ်၊ သူလည်း အဝတ်တွေလဲပြီး သင်္ကန်းတွေကိုတော့ မြေထဲ ယက်ပြီးဖို့ ပစ်လိုက်တော့သတဲ့။

ဒါကို အစအဆုံးမြင်နေရတဲ့ အမတ်က-- `အင်း... ငါမြင်ရတဲ့အတိုင်းသာ ရှင်ဘုရင်ကြီးကို သံတော်ဦး တင်လိုက်ရင် ရှင်ဘုရင်လည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်နေတဲ့ သူ့စေတနာတွေ ပျက်သွားမယ်။ ဒီသူတောင်းစား လင်မယားလည်း ဇက်ပြတ်ကုန်တော့မှာပဲ´ လို့တွေးပြီး အဆင်ပြေအောင် သံတော်ဦးတင်ဖို့ စဉ်းစားရင်း နန်းတော်ကို ပြန်လာတယ်။ မြန်မာတွေ အမှတ်အပြော မှားနေတဲ့ စကားပုံတစ်ခုရှိတယ်။
`မုသားမပါ၊ လင်္ကာမချော´ ဆိုတာပေါ့။ အမှန်က `မုတမပါ လင်္ကာမချော´ လို့ ဆိုတာပါ။ `ဒိဋ္ဌ၊ သုတ၊ မုတ´ ဆိုတာ ရှိတယ်။ ဒိဋ္ဌ - ဆိုတာ မျက်ဝါးထင်ထင် မြင်ရတာ။ သုတ - ဆိုတာ နားနဲ့ ဆတ်ဆတ်ကြားရတာ။ မုတ - ဆိုတာကတော့ အဲဒီမြင်ရကြားရတာကို အချိန်အခါ အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် အသုံးချဖို့ နှိုင်းယှဉ် စဉ်းစားတာကို ပြောတာပါ။ ` အဲဒီ မုတ ပါမှ အဆင်ပြေချောမွေ့မယ်´ လို့ ဆိုလိုတဲ့ စကားပုံပါ။

အခုလည်း အမတ်က အဆင်ပြေချောမွေ့အောင်၊ နှစ်ဦးနှစ်ဖက် အကျိုးမယုတ်အောင် ဘယ်လိုလျှောက်တင် ရမလဲလို့ စဉ်းစားနေတာ။ နန်တော်ပြန်ရောက်တော့ ရှင်ဘုရင်ကြီးက ပွဲတော်တောင် မတည်နိုင်သေးဘူး။ သူလွှတ်လိုက်တဲ့ အမတ်ပြန်အလာကို မျှော်ရင်းစောင့်နေတာ။ အမတ်လည်း ပြန်ရောက်လာရော သံတော်ဦးတင်တာကိုတောင် မစောင့်နိုင်တော့ဘူး၊ `ဘယ့်နှယ်လဲ အမတ်ကြီး၊ ငါ ကိုယ်တော် အိပ်မက်မြင်တဲ့ အတိုင်း အမှန်ပဲမဟုတ်လား´ ဆိုပြီး အလောတကြီး မေးတော့တာပဲ။

အမတ်ကြီးက `မှန်လှပါ၊ အရှင်မင်းကြီးအမိန့်တော်အတိုင်း ဘုရားကျွန်တော်မျိုး မျက်ခြေမပြတ် လိုက်ကြည့်တဲ့ အခါ သုသာန်ဇရပ်လည်းရောက်ရော သင်္ကန်းရောင် ပျောက်သွားပါတယ်ဘုရား´ လို့ သံတော်ဦးလည်း တင်လိုက်ရော ရှင်ဘုရင်ကြီးက ဝမ်းသာအားရနဲ့ `ငါဟဲ့ယောက်ျား၊ လောကမှာ ငါလို ရဟန္တာအစင်စစ်ကို ဆွမ်းလောင်းလှူခွင့် ရတဲ့လူ ခုအချိန်မှာ ဘယ်သူရှိနိုင်သေးတုံး´ ဆိုပြီး လက်ခမောင်းခတ် ဝမ်းသာနေလိုက်တာ အဲဒီ တစ်နပ်ပွဲတော်တောင် မတည်နိုင်တော့ဘူးတဲ့။

အဲဒီနေ့ညနေစောင်းမှာပဲ တခြားပြည်နယ်တစ်ခုက ဆင်ဖမ်းသမားတွေက ဆင်ဖြူတော်တစ်ကောင် ရလို့ဆိုပြီး ရှင်ဘုရင်ကြီးကို လာဆက်သတဲ့။ အဲဒီရှင်ဘုရင်ကြီးလည်း ဆင်ဖြူရှင်မင်းတရားကြီးအဖြစ် ထင်ရှားသွားသတဲ့။ `မုတပါလို့ လင်္ကာချော´ သွားတဲ့ သဘောလို့လည်း ယူဆနိုင်မယ်ထင်ပါတယ်။ ဒီနေရာမှာ ပြောလိုရင်း ကတော့ ဗုဒ္ဓဘာသာဝင် တော်တော်များများကပဲ အလှူတစ်ခုအကျိုးကြီးဖို့ဆိုတာ `အလှူခံပုဂ္ဂိုလ် မြင့်မြတ်ဖို့ အရေးကြီးတယ်´ ဆိုပြီး အလှူခံပုဂ္ဂိုလ်မြတ်၊ မမြတ် ရွေးချယ်တတ်ကြသူတွေ များနေတယ်။

ပါရမီတော်အရပြောရင်.... `ပုဂ္ဂိုလ်ယုတ်မြတ် ရွေးချယ်လှူတဲ့ဒါနဟာ ပါရမီမမြောက်ဘူး´ လို့ ဆိုပါတယ်။ (မြန်မာလိုကြည့်ချင်ရင် တိပိဋကဆရာတော်အရှင် သုမင်္ဂလာလင်္ကာရ ရေးတဲ့ `ပါရမီ´ ဆိုတဲ့ စာအုပ်မှာကြည့်ပါ။) မြတ်စွာဘုရားကလည်း `စေတနာ ဟံ ဘိက္ခဝေ ကမ္မံဝဒါမိ = ပေးလှူပြု လုပ်သူရဲ့ စေတနာကိုသာ ကံလို့ ငါဘုရား ဆုံးမတယ်´ လို့ မိန့်ကြားထားပါတယ်။

အခုပြောခဲ့တဲ့ ဆငိဖြူရှင်မင်းကြီးဆိုတာကလည်း `ဒါဟာ ဒဏ္ဍာရီတွေပါ၊ ဟုတ်ချင်မှ ဟုတ်မှာပါ´ လို့ သံသယ ဖြစ်သူလည်း ရှိကောင်းရှိနေဦးမယ် ထင်ပါတယ်။ ခိုင်မာထင်ရှားတဲ့ သာဓကတစ်ခုအဖြစ်နဲ့ ဝေဿန္တရာ မင်းကြီးရဲ့ သားတော်၊ သမီးတော်တို့ကို လှူဒါန်းတဲ့အလှူပွဲကို အသေအချာ လေ့လာကြည့်ပါ။ ဒီအလှူပွဲဟာ ကြီးကျယ်မြင့်မြတ်လွန်းတဲ့အတွက် မြေကြီးကတောင် သာဓုခေါ်သည့်အလား သိမ့်သိမ့်တုန်အောင် ခုနစ်ကြိမ်လှုပ်တယ်လို့ ဆိုပါတယ်။

ဒီအလှူပွဲမှာ အလှူခံပုဂ္ဂိုလ်ဖြစ်တဲ့ ဇူဇကာပုဏ္ဏားကြီးဆိုတာကတော့ အသက်ကြီးကြီးမှ မယား ငယ်ငယ်လေးကို ယူထားတဲ့ ကိလေသာအိုး အလှူခံဆိုးကြီးဆိုတာ အားလုံးကြားဖူးကြပါလိမ့်မယ်။ ကဲ.... ဒီလောက်ဆို သံဃာကို ကြည်ညိုတတ်အောင် ဘယ်လိုစိတ်ထားရမယ်ဆိုတာလည်း သဘောပေါက် လောက်ပါပြီ။ ကုသိုလ်ဖြစ်အောင် စိတ်ထားတတ်ကြပါစေ။

ဆရာတော် ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)
 [အလင်းတန်း ဂျာနယ်]




Thursday, July 24, 2014

တူ သုံးမျိုး ဖြစ်လာသောအခါ...


တူ သုံးမျိုး ဖြစ်လာသောအခါ... 

လူကြီးသူမတွေ ပြောတတ်ကြတဲ့ စကားလေး တစ်ခုကို စာရေးသူ ကြားဖူးတယ်။ လောကကြီးမှာ တူ သုံးမျိုး ဖြစ်လာရင် လောကကြီးဟာ ပျက်စီးလာပြီ တဲ့။

အဲဒီ တူ သုံးမျိုးကတော့
(၁) ယောက်ကျားနဲ့ မိန်းမ တူလာသောအခါ
(၂) ရဟန်းနဲ့ လူနဲ့ တူလာသောအခါ
(၃) ဘုန်းကြီးကျောင်းနဲ့ အိမ်နဲ့ တူလာသောအခါ
အဲဒီ တူ သုံးမျိုးကို စာရေးသူ သေသေချာချာ စဉ်းစားမိတော့မှ အနက် အဓိပ္ပာယ်ကို ထင်ရှားလာတော့တယ်။

ပထမ တူ တစ်မျိုးကတော့ ယောက်ကျားနဲ့ မိန်းမနဲ့ တူလာသောအခါ တဲ့။

ယောက်ကျားတွေရဲ့ နေပုံထိုင်ပုံ၊ အပြုအမူတွေကို မိန်းမတွေက လိုက်လုပ်ကြတဲ့ အခါမှာ မဖြစ်သင့်တာတွေ ဖြစ်လာတတ်တော့တာပဲ။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီးတွေရဲ့ သဘောသဘာဝဟာ အမျိုးသားတွေနဲ့ ထပ်တူ လုံးဝ မဖြစ်သင့်လို့ ပါပဲ။

အိန္ဒိယ၊ ဒေလီတက္ကသိုလ်မှာ စာရေးသူကို မဟာယာနဗုဒ္ဓဘာသာ နိုင်ငံ တစ်နိုင်ငံက သီလရှင် တပါးက ပြောဖူးတယ်။
မြတ်စွာဘုရားက မတရားဘူး’’ တဲ့။
ဟော ဘယ့်နှယ်ဖြစ်ရတာပါလိမ့်။ မြတ်စွာဘုရားက မတရားဘူး ဆိုပါလား။ ဒါနဲ့ပဲ စာရေးသူက အဲဒီ သီလရှင်ကို အကျိုးအကြောင်း မေးကြည့်တော့။

မြတ်စွာဘုရားက ၀ိနည်းတွေ ချမှတ်ခဲ့တာ။ အမျိုးသမီး ရဟန်းမတွေကျတော့ အမျိုးသား ရဟန်းတွေထက် ၀ိနည်းစည်းကမ်းတွေက ပိုများနေတယ်
ဒါနဲ့ပဲ စာရေးသူလည်း ပြန်ပြောပြရတော့တယ်။

မြတ်စွာဘုရားက တရားမမျှတတာ မဟုတ်ပါဘူး ဆရာလေး။ အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့ သဘော သဘာဝချင်းက မတူညီကြလို့သာ ဘုရားက ၀ိနည်းစည်းကမ်းတွေကို ခွဲခြားပြီး သတ်မှတ်ခဲ့ရတာပါ။

ဒါပေမဲ့လည်းပဲ နိဗ္ဗာန်ကိုတော့ ယောက်ကျား၊ မိန်းမ မခွဲခြားဘဲ ကျင့်ကြံတဲ့ လူတွေ အားလုံး ရောက်နိုင်တယ် မဟုတ်လား။ ယောက်ကျားတွေပဲ နိဗ္ဗာန် ရောက်တယ်လို့ မဟောကြားခဲ့ဘူးလေ။
အဲဒါကို ကြည့်ရင် မြတ်စွာဘုရားက တရားပါတယ်
အဲဒီလို ပြောပြလိုက်မှပဲ အဲဒီ ဆရာလေးလည်း ဘာမှ ပြန်မပြောတော့ဘူး။

တကယ်လို့သာ မိန်းမတွေဟာ၊ ယောက်ကျားတွေအတိုင်း နေထိုင်ကုန်ကြမယ် ဆိုရင် အဲဒါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးကတော့ မဖြစ်သင့်တာတွေ ဖြစ်လာကြတော့မှာပါ။ အပြောအဆို၊ အနေအထိုင် တွေက အစပေါ့။

ဥပမာ - ယောက်ကျားတွေက စွပ်ကျယ်နဲ့ပဲ ဖြစ်ဖြစ်၊ ဘောင်းဘီတိုဖြစ်ဖြစ်၊ ပုဆိုးကို ခါးတောင်းကျိုက်ပြီး ဖြစ်ဖြစ် နေရင် ဘာမှ မဖြစ်နိုင်ပေမဲ့ မိန်းမတွေ အတွက်ကတော့ ငါလည်း လူ့အခွင့်အရေးပဲ လုပ်လို့ ရတယ် ဆိုပြီး လိုက်လုပ်ရင် မဖြစ်သင့်ဘူးပေါ့။ ကျန်တာတွေကတော့ စာရှုသူတို့ ဆက်ပြီး တွေးကြပေတော့။

ဒုတိယ တူ တစ်မျိုးကတော့ ရဟန်းနဲ့ လူနဲ့ တူလာသော အခါ တဲ့။

စာရေးသူ ကြားဖူးတဲ့ ပုံပြင်လေး တစ်ပုဒ် ရှိတယ်။ တောနေ ရသေ့ တစ်ပါးရဲ့ တစ်နေ့တာ လုပ်ဆောင်ရမယ့် တာဝန်တွေက တရားကိုသာ ကျင့်ကြံအားထုတ်ဖို့ပါ။ ဒါပေမဲ့ ရသေ့က တောထဲက ရွက်ဖျင်တဲ ကျောင်းလေးမှာ သီတင်းသုံးရင်း တရားအားထုတ်နေရာကနေ ကျောင်းပတ်ဝန်းကျင်မှာ စားစရာ သစ်ပင်လေးတွေ စိုက်ပျိုးလာတော့တယ်။

အဲဒါပြီးတော့ အချိန်ကြာလာတာနဲ့ အမျှ သစ်ပင်စိုက်ရင်း စီးပွားဖြစ်ထွန်းလာပြီး တရားအားထုတ်မှု လျော့ရဲ လာတော့တယ်။ နောက်ထပ်ဖြစ်လာတာက ယခင်က တရားအားထုတ်နေတဲ့ တဲကျောင်းလေးမှာ မွေးကင်းစ ကလေးငယ်ရဲ့ အူဝဲ အူဝဲ အော်သံက ကြားလာရတယ်။ ဆိုလိုတာက အဲဒီ ပုဂ္ဂိုလ်ဟာ အိမ်ထောင်ကျသွားပြီလို့ ဆိုလိုတာပါ။

အဲဒီ ဥပမာလိုပါပဲ ရဟန်းတွေကလည်း ဂန္ထဓုရ - ပိဋကတ်စာပေကို သင်ယူခြင်း၊ ပို့ချခြင်း အလုပ်၊ ၀ိပဿနာဓုရ - ရဟန်းတို့ရဲ့ တရားအားထုတ်ခြင်း အလုပ် အဲဒီ သာသနာပြု အလုပ်တစ်ခုခုကို လုပ်နေရတယ်။

အခုခေတ်မှာတော့ ရဟန်းတွေဟာ လူမှုကယ်ဆယ်ရေး ပရဟိတ အလုပ် ဆိုတဲ့ အများအကျိုးပြု လုပ်ငန်းတွေကို လုပ်ဆောင်လာကြတာကို တွေ့ရတယ်။ အခုခေတ် သာသနာပြုနည်းမှာ တတ်စွမ်းတဲ့ ရဟန်းသံဃာတော်တွေကလည်း လူမှုကယ်ဆယ်ရေး ပရဟိတ လုပ်ငန်းတွေပါ လုပ်ဆောင်ပေးနိုင်မှသာ ကိုယ့်သာသနာအတွက် စိတ်ချရမယ်။

အဲဒီ သာသနာပြု လုပ်ငန်း တစ်ခုခုကို ရဟန်းတွေက မလုပ်ကြရင် ရဟန်းတွေဟာ လူအလုပ်တွေဖြစ်တဲ့ လောကီကာမဂုဏ် အာရုံ အလုပ်တွေကို လုပ်ချင်လာကြလိမ့်မယ်။ လူတွေလိုပဲ အပျော်အပါးတွေကို လေ့လာလိုက်စားချင်လာရော။

ရဟန်းဆိုတာ ဒကာ၊ ဒကာမတွေ လှူဒါန်းလိုက်တဲ့ ၀တ္ထုပစ္စည်းတွေကို သာသနာအတွက် ဘယ်နေရာမှာ ပြန်ပြီး အသုံးပြုရမလဲ ဆိုတာ အမြဲတမ်း တွေးနေရတယ်။ ငွေကြေးတွေကိုလည်း သာသနာရဲ့ လိုအပ်တဲ့ နေရာတွေကို ပြန်အသုံးချဖို့ကိုသာ ပြုလုပ်နေရတယ်။ ဒီလိုမှ မဟုတ်ရင် ဒကာ၊ ဒကာမတွေ လှူဒါန်းတဲ့ လာဒ်လာဘတွေ အပေါ်မှာလည်း သာယာပြီး လောဘ
တက်နေတတ်တယ်။

ဒါဆိုရင် ရဟန်းတွေဟာ လူစိတ်ဖြစ်လာပြီး သင်္ကန်းဝတ်၊ ဦးခေါင်းဆံပင် ရိတ်ထားတဲ့ ပုဂ္ဂိုလ်တွေ အဆင့်လောက်သာ ဖြစ်သွားနိုင်တယ်။ အဲဒါဟာ ရဟန်းနဲ့ လူနဲ့ တူလာတာပါပဲ။

နောက်ဆုံး တူ တစ်မျိုးကတော့ ဘုန်းကြီးကျောင်းနဲ့ အိမ်နဲ့ တူလာသောအခါ တဲ့။

ဘုန်းကြီးကျောင်း ဆိုတာက လောကုတ္တရာ အလုပ်တွေကို လုပ်နေရမယ့် နေရာတစ်ခုပါ။ ဘုန်းကြီးကျောင်းဆိုတာက လောကီအလုပ်တွေ ၀င်ရောမနေဖို့ လိုပါတယ်။

ဆိုလိုတာက လူတွေရဲ့ အလုပ်ဖြစ်တဲ့ လူမှုရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး၊ သားရေး သမီးရေးများ အစရှိတဲ့ အကြောင်းအရာတွေနဲ့ ဘုန်းကြီးကျောင်းမှာ ပြည့်လာပြီဆိုရင် ဘုန်းကြီးကျောင်းက အိမ်နဲ့ တူနေပါပြီ။

အဲဒီလို တူ သုံးမျိုး မဖြစ်အောင် ဘယ်သူ့တွေမှာ တာဝန်ရှိသလဲ ဟု ဆိုလျှင် ရဟန်းရော လူတွေပါ တာဝန်ကိုယ်စီ ရှိကြတယ် လို့ ပြောရမှာပင်။ ရဟန်းကလည်း ရဟန်းအလုပ်၊ လူကလည်း လူအလုပ် ကဏ္ဍအသီးသီး ခွဲခြားပြီး လုပ်ကြမယ် ဆိုရင် လောကကြီးလည်း မပျက်စီးဘဲ သာသနာတော် ဟာလည်း ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည် နေရမယ်ဆိုတာ သေချာပါတော့တယ်။



Wednesday, July 23, 2014

ဓမ္မစကြာအခါတော်နေ့နှင့် ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲ


သမထနှင့် ၀ိပဿနာ


သမထနှင့် ၀ိပဿနာ

ဓမ္မဖိုရမ်တွင် ဓမ္မမိတ်ဆွေတို့နှင့် သမထ၊ ၀ိပဿနာအကြောင်း ဆွေးနွေးရာမှ ဖတ်ရှု လေ့လာမိ သမျှကို မျှဝေပါဦးမည်။ ဗုဒ္ဓဘာသာကောင်း တစ်ယောက်စာအုပ်တွင် သမထဆိုသည်မှာ တစ်ခုတည်းသော အာရုံကို စွဲမြဲစွာ ယူထားသည့် စိတ်အလုပ်ဟု ဖော်ပြထားပါသည်။ ၀ိပဿနာ ဟူသည်မှာ ဘုံသုံးပါးတို့တွင် ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တတို့ကို ရှုမှတ် ဆင်ခြင်သည့် ဉာဏ်အလုပ်ဟု သိရှိထားပါသည်။

နှစ်မျိုးစလုံး တူညီနေသည်မှာ ကာမစ္ဆန္ဒ၊ ဗျာပါဒ၊ ထိနမိတ္တ၊ ဥဒ္ဓစ္စ ကုက္ကုစ္စ၊ ၀ိစိကိစ္ဆာစသော နီဝရဏတရားများ ဖယ်ရှားရန်လိုအပ်ခြင်းမှာ တူနေပါသည်။ သမထတွင် ပရိကမ္မနမိတ်၊ ဥဂ္ဂဟနမိတ်၊ ပဋိဘာဂနမိတ် ၃ မျိုး ရှိတဲ့အနက် ပဋိဘာဂနမိတ်ကို ရသည့်အခါ ဥပစာရသမာဓိဟု ခေါ်ဆိုပါသည်။ ပဋိဘာဂနမိတ်ဆိုသည်မှာ မူလယူထားသော ကသိုင်းနမိတ် မဟုတ်တော့ပဲ ကသိုင်းနမိတ်နှင့် ပုံစံတူ အာရုံအတု၊ အာရုံအနုဟု ဆိုပါသည်။

 စရှုစဉ်က ကသိုင်းဝန်းနမိတ်ကို ပကတိမျက်စိနဲ့ စိုက်ကြည့်ရပါသည်။ ပဋိဘာဂနမိတ်ရသည့်အခါ မျက်စိဖွင့်ထားထား၊ ပိတ်ထားထား မည်သည့်နေရာကြည့်ကြည့် ကသိုင်းနမိတ်သာ ထင်နေပါသည်။ နီဝရဏတရားတွေ မရှိတော့ပါ။ သို့သော် မခိုင်ခံ့သေး။ ဈာန်အင်္ဂါများ ဈာန်စိတ်များ ပေါ်နေသော် လည်း ရံခါရံဖန် ဘ၀င်စိတ် ကြားဝင်တတ်သည်ဟု ဖားအောက်တောရ ဆရာတော်ကြီး၏ကျမ်းတွင် ဖတ်ရှုရပါသည်။ ၄င်းပဋိဘာဂနမိတ်ကို အထပ်ထပ်ရှု၍ ခိုင်ခံ့လာပြီဆိုလျှင် အပ္ပနာဈာန်သမာဓိ ဖြစ်လာပြီဟု ခေါ်ဆိုပါသည်။

ဈာန်စိတ်များ အဆက်မပြတ်ဖြစ်နေပါသည်။ ဈာန်အင်္ဂါများကိုလည်း ထင်ထင်ရှားရှား သိနိုင်ပါသည်။ ပထမဈာန်ရပြီလို့ ပြောနိုင်ပါသည်။ ထိုနောက်မှာ ဈာန်အင်္ဂါများကို ရှုမှတ်၍ ပယ်သွားခြင်းဖြင့် ဈာန်အဆင့်ဆင့် ဆက်တက်သွားနိုင်ပါသည်။ ဤကား သမထအလုပ်ဟု နားလည်ထားပါသည်။

ဝိပဿနာအလုပ်သည် ဉာဏ်အလုပ်ဖြစ်ပါသည်။ မိုးကုတ်ဆရာတော်ကြီးက သမာထဆိုသည်မှာ ရိုးရိုးမျက်စိနဲ့ ကြည့်ရသည်။ ၀ိပဿနာကတော့ ဉာဏ်နှင့် ကြည့်ရသည်ဟု နားလည်လွယ်အောင် မိန့်ခဲ့ပါသည်။ ရုပ်နာမ်တို့၏ ဖြစ်ပျက်အမှန်ကို ယျထာဘူတ ကျကျ မြင်နိုင်ရန်မှာ နီဝရဏ တရားများ ဦးစွာ ဖယ်ရှားရပါသည်။ သမာထကနေ ဈာန်သမာဓိရပြီး ၀ိပဿနာကူးရာတွင် မူလ ယူထားတဲ့ သမထအာရုံမှ ရုပ်၊ ဝေဒနာ၊ စိတ်၊ ဓမ္မ တို့၏ ဖြစ်ခြင်း ပျက်ခြင်းကို ပြောင်းပြီး ရှုဆင်ခြင်ဖို့ လိုပါသည်။

သမထပိုင်းမှာ ကမ္မဋ္ဌာန်း (၄၀) ရှိပါသည်။ ယင်းတို့မှာ -
(၁) ကသိုင်း (၁၀) ပါး။ ရေ၊ မြေ၊ လေ၊ မီး၊ နီ၊ ၀ါ၊ ညို၊ ဖြူ၊ ကောင်းကင်၊ အလင်းရောင်
(၂) အသုဘ (၁၀) ပါး။
(၃) အနုဿတိ (၁၀)ပါး ။ ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ၊ (ရတနာ ၃ ပါးဂုဏ်ကို ဆင်ခြင်ခြင်း)၊ သီလာ၊ စာဂါ၊(မိမိ၏ သီလ၊ ဒါနတို့ကို ဆင်ခြင်ခြင်း)၊ ဒေ၀တာ(နတ်တို့၏ဂုဏ်)၊ ဥပသမာ(နိဗ္ဗာန်၏ ဂုဏ်ကို အောက့်မေ့ခြင်း)၊ မရဏာ (သေခြင်းကို ဆင်ခြင်ခြင်း)၊ ကာယဂတာ ( ၃၂ ကောဋ္ဌာသ)၊ အာနာပါနဿတိ (၀င်လေ၊ ထွက်လေ)
(၄) ဗြဟ္မ၀ိဟာရ ၄ ပါး။ မေတ္တာ၊ ဂရုဏာ၊ မုတိတာ၊ ဥပေက္ခာ၊
(၅) အာရုပ္ပတရား ၄ ပါး။
(၆) အဟာရေ ပဋိကူလသညာ ၁ ပါး။
(၇) စတုဓါတု၀၀တ္တာန ၁ ပါး (ခန္ဓာရှိ ဓါတ်ကြီးလေးပါး)။

ကမ္မဌာန်း ၄၀ တွင် အနုဿတိ ၁၀ ပါးအနက် ကာယဂတာဿတိနှင့် အာနာပါနဿတိတို့မှ ကြွင်းလျက် ကျန်အနုဿတိ ၈ ပါး၊ အဟာရေ ပဋိကူလသညာနှင့် စတုဓါတု၀၀တ္တာန ကမ္မဌာန်း တို့သည် ဥပစာရသမာဓိကိုသာဆောင်နိုင်သော ဥပစာရကမ္မဌာန်းတို့ ဖြစ်ပါသည်။ ကသိုင်း ၁၀ ပါး၊ အသုဘ ၁၀ ပါး၊ ကာယဂတာဿတိ၊ အာနာပါနဿတိ၊ ဗြဟ္မ၀ိဟာရ ၄ ပါး၊ အာရုပ္ပ ၄ ပါး၊ ဤ ၃၀ သော ကမ္မဌာန်းတို့သည် အပ္ပနာသမာဓိကို ဆောင်နိုင်သောကြောင့် အပ္ပနာကမ္မဌာန်းဟု ခေါ်ပါသည်။

ထို အပ္ပနာကမ္မဌာန်းတို့တွင် ကသိုင်း ၁၀ ပါးနှင့် အာနာပါနဿတိသကမ္မဌာန်းတို့သည် ဈာန်လေးပါး အစဉ်လိုက် စတုတ္ထဈာန်အထိ ဆောင်နိုင်သဖြင့် စတုက္ကဇ္ဈာနိကကမ္မဌာန်းများ ဖြစ်ကြသည်။ အသုဘ ၁၀ ပါးနှင့် ကယာဂတာဿတိတို့သည် ပထမဈာန်ကိုသာ ဆောင်နိုင် သောကြောင့် ပထမဇ္ဈာနိကကမ္မဌာန်းဟု ခေါ်ပါသည်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ ကမ္မဌာန်းတို့သည် တတိယဈာန်အတိ ပေါက်ရောက်နိုင်သော တတိယဇ္ဈာနိကကမ္မဌာန်းဖြစ်ပြီး ဥပေက္ခာနှင့် အာရုပ္ပ ၄ ပါး ကမ္မဌာန်းတို့သည် စတုတ္ထဈာန်ကိုသာ ပေါက်နိုင်သောကြောင့် စတုက္ကဇ္ဈာနိကကမ္မဌာန်းများ ဖြစ်ကြပါသည်။

ဝိပဿနာပိုင်းတွင် သတိပဌာန်တရား ၄ ပါးကို ပွါးများ အားထုတ်သူသည် မျက်မှောက်ဘ၀မှာပင် အရဟတ္တဖိုလ် ထိပေါက်နိုင်သည် တစ်ကြောင်းတည်းသောလမ်းဟု မဟာသတိပဌာနသုတ်တွင် ဟောကြားထားခဲ့ပါသည်။

ကာယနုပဿနာသတိပဌာန်သည် ၀င်လေထွက်လေ၊ ၃၂ ကောဋ္ဌာသ စသည့်ရုပ်အပေါင်းကို ခိုင်မြဲသော သတိဖြင့် အဖန်ဖန်ရှုခြင်းဖြင့် အသုဘအခြင်းအရာ ထင်လာပြီး သုဘ ၀ိပလ္လာသ (တင့်တယ်သည်ဟု ဖောက်ပြန်စွာမြင်ခြင်း)ကို ပယ်ရှားသည်။

ဝေဒနာနုပဿနာသည် ဒုက္ခဝေဒနာ၊ သုခဝေဒနာ၊ ဥပေက္ခာဝေဒနာတို့ကို ခိုင်မြဲသော သတိဖြင့် အဖန်ဖန်ရှုမှတ်ခြင်းဖြင့် ဒုက္ခအခြင်းအရာ ထင်လာပြီး ရုပ်နာမ်တို့အပေါ် သုခဟုထင်မှတ်မှားခြင်း သုခ ၀ိပလ္လာသကို ပယ်ရှားခြင်း ဖြစ်ပါသည်။
စိတ္တာနုပဿနာသတိပဌာန်သည် ဖြစ်ပေါ်လာသမျှသော ရာဂနှင့်တကွသောစိတ် ရာဂကင်းသော စိတ်စသဖြင့် ခိုင်မြဲသော သတိဖြင့် အဖန်ဖန်ရှုမှတ်ရာမှ စိတ်တို့၏ မမြဲသော အနိစ္စအခြင်းအရာ ထင်လာပြီး မြဲသည်ဟု ဖောက်ပြန်စွာမြင်သော နိစ္စ ၀ိပလ္လာသကို ပယ်ရှားခြင်းဖြစ်ပါသည်။
ဓမ္မာနုပဿနာသည် ကာယ၊ ဝေဒနာ၊ စိတ္တတို့မှကြွင်းသော သညာ၊ သင်္ခါရစသော ဓမ္မ၊ နီဝရဏတို့ကို ခိုင်မြဲသော သတိဖြင့် အဖန်ဖန်ရှုမှတ်ရင်း လောကတွင် အရာရာတို့သည် ပရမတ္တဓမ္မ တို့သာ ဖြစ်ပျက်ပြောင်းလည်းနေခြင်း အတ္တကောင် အသက်ကောင် လိပ်ပြာကောင်တို့ မရှိဟူသော အနတ္တအခြင်းအရာကိုထင်လာပြီး အတ္တ ၀ိပလ္လာသကို ပယ်ရှားခြင်း ဖြစ်ပါသည်။

ဝိပဿနာတရား အားထုတ်မည့်သူသည် ရှေးဦးစွာ သီလမဂ္ဂင်နှင့် ပြည့်စုံရန်လိုပါသည်။ လူတို့အတွက်မူကား အာဇီဝဋ္ဌမက သီလနှင့် ပြည့်စုံရပါမည်။ မိစ္ဆာဇီဝနှင့် ကာယဒုစရိုက် ၃ ပါး (သူ့အသက်သတ်ခြင်း၊ သူတစ်ပါးပစ္စည်းခိုးခြင်း၊ ကာမဂုဏ်၌ မှားယွင်းစွာပြုမိခြင်း)၊ ၀စီဒုစရိုက် ၄ ပါး (လိမ်လည်ပြောဆိုခြင်း၊ ချောပြစ်ဂုံးတိုက်သော စကား၊ ပိန်ဖျင်းသောစကား၊ ရုန့်ရင်းကြမ်းတမ်း သောစကား) စသော ၈ ပါးသော မကောင်းမှုဒုစရိုက်တို့မှ ရှောင်ကျဉ်နိုင်လျှင် လူတို့အတွက် ၈ ပါးသီလ လုံခြုံပါသည်။ မဂ္ဂင် ၈ ပါးအနက် သမ္မာဝါစာ၊ သမ္မကမ္မန္တ၊ သမာအာဇီဝ စသော မဂ္ဂင် ၃ ပါးဖြင့် ပြည့်စုံပါပြီ။

ထိုသီလမဂ္ဂင် ၃ ပါး ပြည်စုံပြီးနောက် အာနာပါနဿတိ၊ ကာယဂတာဿတိ ကမ္မဌာန်းတို့ဖြင့် ပထမဈာန် ရောက်အောင် အားမထုတ်ပဲ ဥပစာရသမာဓိ သို့မဟုတ် ခဏိကသမာဓိဖြင့် ၀ိပဿနာ လမ်းကိုလိုက်လျှင် သုဒ္ဓ၀ိပဿနာယာနိကလမ်းကို လိုက်သူဟု ခေါ်ဆိုပါသည်။ သို့မဟုတ် ဈာန်၊ သမာပတ်များထူထောင်ပြီးမှ ၀ိပဿနာလမ်းလိုက်လျှင် သမာထ၀ိပဿနာယာနိကလမ်း လိုက်သူ ဟု ခေါ်ဆိုနိုင်ပါသည်။

ထိုလမ်းကြောင်း ၂ ကြောင်းအနက် မည်သည့် လမ်းကြောင်းကို လိုက်သည်ဖြစ်စေ ကျန်မဂ္ဂင် ၅ ပါးဖြစ်သော သမ္မာဒိဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာသတိ၊ သမ္မာဝါယာမ၊ သမ္မာသမာဓိတို့နှင့် ပြည့်စုံသည့်အခါ မဂ္ဂင် ၈ ပါး ပြည့်စုံသွားပြီး နိရောဓသစ္စာဖြစ်သည့် အမြိုက်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မည် ဖြစ်ပါသည်။

သတိပဌာန်တရား ၄ ပါး ပွါးများ အားထုတ်ရာတွင် အကြမ်းအားဖြင့် ရုပ်ကမ္မဌာန်းနှင့် နာမ်ကမ္မဌာန်း ၂ မျိုး ခွဲခြားကြည့်နိုင်ပါသည်။ ကာယယနုပဿနာကို ရုပ်ကမ္မဌာန်းဟု ခေါ်ဆိုပြီး စိတ္တာ၊ ဝေဒနာ၊ ဓမ္မာနုပဿနာတို့ကို နာမ်ကမ္မဌာန်းဟု ခေါ်ဆိုသည်ဟု နားလည်ထားပါသည်။

ထိုကမ္မဌာန်း ၂ မျိုး ရွှေးချယ်မှုနှင့်ပတ်သက်၍ ဘ၀သာသနာစာအုပ်တွင် လယ်တီဆရာတော်၊ သထုံဇေတ၀န် ဆရာတော်ကြီး၊ မိုးညှင်းဆရာတောကြီး၊ ရွှေတောင်ဆရာတော်၊ ပြည်နိဗ္ဗိန္ဒ ဆရာတော်၊ မဟာစည်ဆရာတော်၊ တောင်ပုလုဆရာတော်၊ ဝေဘူဆရာတော်တို့သည် ရုပ်ကမ္မဌာန်းကို အပေးများသည်။ မိုးကုတ်ဆရာတော်ကြီးက စိတ္တာနုပဿနာ နာမ်ကမ္မဌာန်းကို အပေးများသည်ဟု ဖောပြထားပါသည်။

စိတ္တာနုပဿနာကို မိုးကုတ်ဆရာတော်ကြီး သဘောကျရခြင်းမှာ-
၁) မိုးကုတ်ဆရာတော်ကြီးသည် အနှစ် ၃၀ ကျော် အဘိဓမ္မာ ပို့ချခဲ့လို့ အဘိဓမ္မာအားသန်လို့ မမြင်ရသော စိတ်-စေတသိတ် သရုပ်ခွဲရာတွင် အားသန်သည်၊ အလေ့အကျင့်များသည်က တစ်ကြောင်း။

၂) စိတ်တို့သည် ရုပ်ထက် အဖြစ်အပျက်မြန်သည် ဒိဌိကွာလွယ်မည်။ ဒိဌိပြုတ်ရင် သောတာပန် ဖြစ်လွယ်သည်ကတစ်ကြောင်း။

၃) အရှင်သာရိပုတ္တရာက သူများစိတ် အကဲခတ်ရတာထက် ကိုယ်စိတ် အကဲခတ်ရတာ ပိုပြီး အမှန်တွေ့နိုင်သည်။ စိတ်ကိုရှုကြဟု မိန့်သည်က တစ်ကြောင်းဟု ယူဆကြောင်း ၄င်းစာအုပ်တွင် ဖော်ပြထားပါသည်။

သို့သော်လည်း မိုးကုတ်ဆရာတော်ကြီးကလည်း ကိုယ်နဲ့ လိုက်ဖက်တဲ့ တရားနာပါလို့ မိန့်ပါသည်။ “ရုပ်ကြိုက်လား၊ စိတ်ကြိုက်လား၊ ဝေဒနာကြိုက်လား၊ ဓမ္မသဘောကြိုက်လား အဆင်ပြေတာရှုပါ”ဟု တိုက်တွန်းခဲ့ပါသေးသည်။

အချုပ်အားဖြင့် မဟာစည်ဆရာတော်ကြီး၏ ဓမ္မာစင်္ကြာတရားတော်(၁)အရ သတိပဌာန်တရား လေးပါးမှ ကင်းလွတ်ပြီး မဂ်ဖိုလ်ရခြင်းသည် မရှိဟု ဟောကြားထားသည့်အတွက် သတိပဌာန်တရား ၄ ပါးကို ပွါးများခြင်းသည်သာ တစ်ကြောင်းတည်းသောလမ်း ဖြစ်ပါသည်။ သောတာပန် ဖြစ်ဖို့မှသည် ရဟန္တာဖြစ်သည်အထိ တစ်ကြောင်းတည်းသောလမ်းကို ၄ ကြိမ် လျှောက်ရမည် ဖြစ်ပါသည်။

ကမ္မဌာန်းရွှေးချယ်ရာတွင်လည်း စရိုက် ၆ မျိုး ရှိသည့်အနက် မိမိစရိုက်နှင့် သင့်တော်ဖို့ အရေးကြီးသည်ဟု မှတ်သားဘူးပါသည်။ သတိပဌာန် ၄ ပါးလုံးကို ရှုကြည့်ပါ။ မိမိအားသန်ရာ ကမ္မဌာန်းတစ်ခုခုကို ရှုရင်းဖြင့် သတိထားမိလာပါလိမ့်မည်။ အားသန်ရာကို စွဲစွဲမြဲမြဲ အားထုတ်ဖို့သာ လိုပါသည်။ ရုပ်ရယ် စိတ်ရယ် ဝေဒနာရယ် ဘယ်ဟာရှုရှု ဖြစ်ပျက်ဆုံး ဖြစ်ပျက်မုန်းပါက အသင်္ခတ နိဗ္ဗာန်က ဆီးကြိုနေမည်ဟု ယုံကြည်ပါသည်။

သတိပဌာန်တရား ပွါးများသူသည် ၇ ရက်မှ ၇ နှစ်အတွင်း အရဟတ္တဖိုလ်ဖြစ်စေ၊ ဥပါဒါန်အကြွင်း ရှိလျှင် အနာဂါမိဖိုလ်ဖြစ်စေ ၂ ခုအနက် တစ်ခုခုသောဖိုလ်ကို ရမည်ဟု မဟာသတိပဋ္ဌာနသုတ်တွင် ဟောကြားထာသောကြောင့် “သူတော် ဆည်းကပ်၊ မြတ်တရားနာ၊ လျော်စွာ နှလုံး၊ ကျင့်သုံး ဇွဲသန် မြတ်နိဗ္ဗာန်သို့”ဟူသော အဆုံးအမနှင့်အညီ အားထုတ်သွားကြပါရန် စေတနာရှေ့ထား၍ အကြံပြုတိုက်တွန်းအပ်ပါသည်။

ချမ်းသာစစ်နဲ့ ပြည့်စုံကြပါစေ။
ပြေဇော်


Tuesday, July 22, 2014

စကားလား၊ တရားလား၊ အမှားလား


စကားလား၊ တရားလား၊ အမှားလား 

သုံးလက်မရှိသောလျှာသည် ခြောက်ပေရှိသော လူတစ်ယောက်ကို သေစေနိုင်၏။ ဆွံ့အနေသည် မဟုတ်သော လူတစ်ယောက် နေ့စဉ်မပြတ်လုပ်နေသော အလုပ်တစ်ခုကို ပြောပါ၊ ပြပါဟုဆိုလျှင် စကားပြောခြင်းပင် ဖြစ်သည်ဟု ဆိုရပါတော့မည်။ တစ်နေ့တစ်နေ့ ကျွန်တော်တို့ အဘယ်မျှ လမ်းလျှောက်၍ ခရီးပေါက်ခဲ့သည်ဟု ရေတွက်ရန် စွမ်းနိုင်သော်လည်း စကားမည်မျှ ပြောခဲ့ပြီဟူ၍ကား မှတ်သားထားရန် မစွမ်းနိုင်ချေ။စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေး ကျွန်တော်တို့ပြောသော စကားတွေကား စုံလှသည်။

တစ်ခါတစ်ရံ ဘာရယ်မဟုတ် တွေ့သမျှ၊ ကြုံသမျှလူနှင့် ရောက်တတ်ရာရာ ထွေရာလေးပါး စကားတွေကလည်း ပါသေးသည်။ ဒီအထဲမှာ ကောင်းတာလည်းရှိ၊ ဆိုးတာလည်းရှိ။ မှတ်သားထိုက်တာလည်း ပါသည့်အခါပါ၊ အရေမရ အဖတ်မရ စကားတွေကလည်း အများကြီး။ ဒီအထဲမှာမှ မိမိသူတစ်ပါး ထိခိုက်စေသော စကားတွေကလည်း စေတနာအလျောက် ပါတတ်သေးသည်။ စကားဟူသည် စရာမှ တဖြည်းဖြည်းကားတတ်သော သဘောရှိသောကြောင့် စကားဟူ၍များ ရှေးပညာရှိများ တီထွင်ခဲ့လေသလား မပြောတတ်။ အဓိပ္ပာယ်တွေက တစ်ခါတစ်ရံ ကိုယ်ရည်ညွှန်း တာထက်ပိုပြီး အဆိုးဘက်သို့ ရောက်ချင်ရောက်သွားတတ်သဖြင့် စကားတစ်ခွန်းကြောင့် ဒုက္ခရောက်ရသူတွေလည်း မရှားချေ။

ရာဇ၀င်မှာပင် အမတ်ကြီး ရာဇသင်္ကြန်သည် မင်းခွေးချေးကိုစောင်း၍ “ပန်းပွတ်သည်တို့၏ သားမြေးများ ကောင်းစားနေသောကြောင့် ပန်းပွတ်မည့်သူမရှိသဖြင့် ကွမ်းခွက်အပဲ့ဖြင့်သာ နေရပါသည်” ဟု စကားကျွံမိသဖြင့် ရှင်ဘုရင်က “အမတ်ကြီး ဘုရားတည်သည့်အခါ မည်သို့ပြုသနည်း” ဟုမေး၏။ “မှန်ပါ။ ငြမ်းဆင်ရပါသည်ဘုရား” ဟု လျှောက်လျှင် “အမတ်ကြီးကား ငြမ်းနှင့်တူသည်။ ငါကား ဘုရားစေတီနှင့်တူ၏။ ဘုရားပြီးလျှင် ငြမ်းကို မည်သို့ပြုသနည်း။ ဖျက်သည်ပင်မဟုတ်လော။ ထို့ကြောင့် ငြမ်းနှင့်တူသော အမတ်ကြီးကို ငါကားဖျက်လေပြီ” ဟုဆိုကာ အရာမှချ၍ အဝေးသို့ နယ်နှင်ဒဏ်ပေးခဲ့လေသည်။ အမတ်ကြီး ရာဇသင်္ကြန်လည်း နယ်နှင်ခံရ၍ လှေဖြင့်သွားခိုက် ကမ်းနားတွင် လေတိုက်သဖြင့် ပဲ့ပြားပင်တို့ ယိမ်းနွဲ့နေသည်ကိုမြင်မှ သံဝေဂရ၍ “ငါကား ပဲ့ပြားပင်ကဲ့သို့ မကျင့်၊ သစ်ပင်ကြီးကဲ့သို့ ကျင့်မိသဖြင့် ယခုအခါ အပြစ်ရောက်ရတော့သည်” ဆိုကာ နောင်တရလေတော့သည်။

တစ်ခါက ရုံးတစ်ခုသို့ ကိစ္စတစ်ခုဖြင့် ရောက်သွားခိုက် ၀န်ထမ်းတစ်ဦး၏ စားပွဲပေါ် မှန်တစ်ချပ်အောက်တွင် စာကြောင်းလေးတစ်ကြောင်းကို ကျွန်တော် အမှတ်မဲ့ ဖတ်ခဲ့ရဖူးသည်။ “အသုံးဝင်တန်ဖိုးရှိသော စကားတစ်ခွန်း မပြောနိုင်လျှင် ဆိတ်ဆိတ်နေခြင်းသည်သာလျှင် မိမိအတွက် အလွန်တန်ဖိုးရှိ၏” ဟူ၍။ ဤစာစုနှင့်ပတ်သက်၍ ပုံပြင်ကလေးတစ်ခု ကျွန်တော်ဖတ်ခဲ့ရဖူးသည်။

တစ်ခါက ရသေ့ကြီးသုံးပါးသည် တောနက်ကြီးတစ်ခုရှိ ဂူတစ်ဂူ၌ အတူတကွ သီတင်းသုံးနေကြရာ တစ်နေ့သော် မြင်းတစ်ကောင်သည် ထိုရသေ့တို့နေသော ဂူထဲသို့ မျက်စိလည်၍ ၀င်ရောက်လာပြီး ခဏနေသော် ရသေ့တို့ကိုမြင်တွေ့၍ ပြန်ပြီးပြေးထွက်သွားလေတော့သည်။ ထိုဖြစ်ရပ် ကလေးဖြစ်ပြီး တစ်နှစ်ခန့်ကြာသောအခါ ပထမရသေ့က “မြင်းဖြူကြီးတစ်ကောင် ဂူထဲကို ၀င်လာတယ်” ဟု မှတ်ချက်ပြု၏။ ထိုပထမ ရသေ့ပြောပြီး နောက်တစ်နှစ်ခန့် ကြာသောအခါ ဒုတိယရသေ့က “မြင်းဟာ အဖြူမဟုတ်ပါဘူး။ အနက်ကြီးပါ” ဟု ပြန်ပြီးမှတ်ချက်ပြုပြန်သည်။ ထိုဒုတိယရသေ့ပြောပြီး နောက်တစ်နှစ်ခန့်ကြာသောအခါ၌ တတိယရသေ့က “အရှင်တို့ ဒီလိုမညီမညွတ်ဖြစ်ပြီး စကားများနေကြမယ်ဆိုရင် တပည့်တော် ဒီဂူထဲမှာ သီတင်းသုံးဖို့ မဖြစ်နိုင်တော့တာမို့ ဒီဂူထဲက ထွက်သွားရပါတော့မယ်” ဟု ဆိုလေ၏။

ဤပုံပြင်၌ ကျွန်တော်တို့ရလိုက်သော အသိအမြင်တစ်ခုမှာ ဟုတ်မှန်သော်လည်း အကျိုးမရှိလျှင် စကားတစ်ခွန်းသော်လည်း အဖွဲ့အစည်းစိတ်ဓာတ်ကို ပျက်ပြားစေတတ်သည်ဆိုသည့် အချက်ပင်။ ဒုတိယအချက်ကား အကျိုးမဲ့သော အငြင်းအခုံကို ရှောင်ပါဟု ပြောလိုရင်းဖြစ်လေသည်။

ဗုဒ္ဓကိုယ်တော်တိုင်လည်း ဟုတ်မှန်၏၊ သူလည်းအကျိုးရှိ နာလို၏ဟူသော စကားနှင့် ဟုတ်မှန်၏၊ သူလည်းအကျိုးရှိ၏၊ မနာလိုဟူသော စကားနှစ်ခွန်းကိုသာပြောရန် တိုက်တွန်း၏။ ထို့ကြောင့် ဟုတ်မှန်၍ အကျိုးရှိရာကိုသာ ပြောသောစကားသည်သာလျှင် မိမိသူတစ်ပါးတို့အတွက် ကောင်းသောစကားဟုသာ ဆိုရန်ရှိပေတော့သည်။တစ်ခါသော် ဘိုးတော်ဘုရားသည် မိမိအကျိုး အတွက်ငှာ “သဿမေဓ” အခွန်တော်ကိုသုံးစွဲရန် ဆိုင်ရာအမှူးအမတ်တို့ကို အမိန့်တော်မှတ်၏။ အမတ်ကြီး ဦးပေါ်ဦးကြားသော် “မင်းတို့ရှင်ဘုရင် ရှင်ဘုရင်ပါး မ၀သေးပါဘူး” ဟု ကဲ့ရဲ့စကားဆို၏။ မင်းကြီးသိသော် “သည်အကောင် အရူးအရူးနဲ့ အိမ်ဦးတက် ချေးပါမယ့်အကောင်” ဟုဆိုကာ အမျက်တော်ရှသဖြင့် သိန္ဒီသို့အရာချကာ ပို့လေ၏။

နောင်သော် ဘိုးတော်ဘုရားသည် မိမိလုပ်ရပ် အလွဲကို ပြန်ပြီးဆင်ခြင်မိသဖြင့် “ကိုယ်တို့ အမှူးအမတ်တွေဟာ စိတ်တော်သိဗောင်းတော် ညိတ်တွေချည်းလိုလို ဖြစ်နေတော့တာပဲ။ ငါကိုယ်တော် မသင့်တာ၊ မတော်တာရှိရင်လည်း ဖြောင့်မပေးကြဘူး။ ပေါ်ဦးကတော့ ဒီလိုမဟုတ်ဘူး။ ငါ့အမှားတွေ့ရင် ငါမကြိုက်သော်လည်း ထောက်ပြပြောဆို ဖြောင့်မှတ်ပေးရဲပေတယ်။ သူ့အကျိုးထက် ငါ့အကျိုးစီးပွားကိုသာ ပိုပြီးလိုလားရှာတယ်” ဟု ညီလာခံ၌ သူ့အမှားကိုဝန်ခံ၍ အမတ်ကြီးဦးပေါ်ဦးကို သိန္ဒီမှပြန်ခေါ်ပြီး စားကျေးစားလက်နှင့်တကွ မူလအဆောင်အယောင် ရာထူးများကို ပြန်လည်ပေးအပ် ချီးမြှင့်တော်မူလေသည်။

ဤဖြစ်ရပ်ကိုကြည့်ခြင်းဖြင့် ဟုတ်မှန်၍ အကျိုးကိုမြင်လျှင် ဘုရင်ကိုသော်လည်း ဖြောင့်မတ် ပေးရဲသော ဦးပေါ်ဦး၏စကားကို စကားကောင်းဟုဆိုရန်မှတစ်ပါး မရှိတော့ချေ။ သို့သော် ဒီလို စကားကောင်း၊ စကားမှန်ကို သူတစ်ပါးနာလိုအောင် ပြောတတ်ဖို့ဆိုရန်မှာမူ စင်စစ် မလွယ်ကူလှချေ။ သူလိုငါလို အချင်းချင်းဆိုလျှင် မထောင်းတာလှ။ အာဏာသွေး နားထင်ရောက်နေသူများ ဆိုပါမူ ပြောမိသူအတွက် အန္တရာယ်ပင် ကျရောက်နိုင်၏။

ပြောရလျှင် ဒီကမ္ဘာ၌ အတ္တအကြီးဆုံး သတ္တ၀ါသည် လူပင်ဖြစ်လေသည်။ တောထဲကကျား၊ ကျားသစ်၊ ခြင်္သေ့ စသော သတ္တ၀ါတို့သည် အစာအလို့ငှာ သမင်၊ ဒရယ် အစရှိသည်တို့ကို ဖမ်းယူ၍ ၀မ်းဗိုက်ပြည့်မျှလောက် စားပြီးလျှင် ထားပစ်ခဲ့ကြသည်ချည်း ဖြစ်သော်လည်း လူမူကား ပစ်ခတ်ဖမ်းဆီး၍ ရမိသမျှ အကောင်တို့ကို အရိုး၊ အရေမျှပင်မချန် အိမ်ကိုအကုန်ထမ်း၍ သယ်၏။ အပြစ်ပြောဝေဖန်လျှင် နှစ်သက်၍ခံနိုင်သူ မရှိသလောက်ပင် ဖြစ်သည်။

ဤနေရာ၌ ကျွန်တော်တို့တစ်တွေနှင့် ရှင်ရာဟုလာကား အပုံကြီးကွာ၏။ ရှင်ရာဟုလာကား နံနက်စောစောတွင် အိပ်ရာမှထ၍ သဲကိုလက်တစ်ခုပ်ဖြင့်ကျုံးကာ “ဘုရားရှင်အထံမှသော် လည်းကောင်း၊ ဥပဇ္ဈာဆရာ အရှင်သာရိပုတ္တရာ၊ ရှင်မဟာကဿပတို့ထံမှ လည်းကောင်း ဤသဲလုံးအမျှလောက်သော သြ၀ါဒစကားကို ယနေ့ရပါမူကား ငါ့အားကောင်းရာ၏ဟု တောင့်တလိမ့်ရှိသော်လည်း ရှင်ဒေ၀ဒတ်ကား “အချည်းနှီး မဂ်ဖိုလ်မှ ကင်းသောရဟန်း” ဟုဆိုမိသည်နှင့် ဘုရားရှင်ကို သတ်ရန်ကြံလေတော့၏။ ဆိုရသော် မိမိအကျိုးကို လိုလား၍ ပြောသောစကားပင် ဖြစ်သော်လည်း နာယူတတ်သူက အကျိုးကိုရ၍ မနာယူတတ်သူ မနာယူနိုင်သူကား ပျက်စီးရခြင်းသာလျှင် အဆုံးသို့ ရောက်ရတတ်ချေ၏။

ဒီကနေ့ခေတ်ကား အတန်ပင် လွတ်လပ်ပွင့်လင်းလာ၏။ ထို့ကြောင့် ပြောရေးဆိုခွင့်ရှိသူရော၊ မရှိသူတွေပါ စကားများစွာ ပြောကြ၏။ အင်တာနက်ထဲမှာလည်းပြော၏။ လူထူထူလူစုစုမှာလည်း ပြော၏။ သတင်းစာ ဂျာနယ်ထဲမှာလည်းပြော၏။ စေတနာအလျောက် ကောင်းစေလိုတာ လည်းပါ၏။ သာသာထိုးထိုး နှိပ်လိုက်တာတွေလည်းပါ၏။ ဟုတ်တာမှန်တာတွေလည်းပါ၏။ မဟုတ်တာ မမှန်တာတွေလည်းပါ၏။ ပြောသင့်တာလည်းပါ၏။ မပြောသင့်တာတွေလည်းပါ၏။ သို့သော် သူတို့စကားတွေက စာမျက်နှာတွေထဲ ရောက်လာတော့ ကြိုက်သူ၊ မကြိုက်သူ၊ လက်ခံသူ၊ လက်မခံသူဟူ၍ စာဖတ်သူနှစ်မျိုး ပေါ်လာလေတော့သည်။

တစ်နေ့က အရာရှိကြီးတစ်ယောက်နှင့် တွေ့ဆုံစကားပြောခဲ့ရဖူးသည့် ဖြစ်ရပ်တစ်ခုနှင့်ပတ်သက်ပြီး သူ့အမြင်၊ သူ့သဘောထားကို မေးစမ်းကြည့်ရာ သူက အင်တာနက်တွေ၊ စာစောင်တွေကို ဖတ်ရှုလေ့လာပြီး နှစ်ဖက်စကားကို နားထောင်ကြည့်ရာ နှစ်ဖက်စလုံးပင် မှန်နေသည်ကို တွေ့ရသောကြောင့် မည်သို့မျှ မပြောတတ်အောင်ဖြစ်နေကြောင်း ၀န်ခံပါသည်။ ဒါဖြင့် အဲဒီဖြစ်ရပ်အပေါ်မှာ ဖြစ်သင့်၊ မဖြစ်သင့် ဆရာ့အမြင်ကလေး ပြောပါဦးဆိုတော့မှ မဖြစ်သင့်ဟုထင်ကြောင်း သူ့အမြင်ကို ပြောပြလေသည်။

အမှန်လည်း မဖြစ်သင့်ကြောင်း အခြားအချက်အလက်များနှင့် ကိုးကားပြီး ပြောပြနေသည်ကို နားထောင်ရတော့မှ ဗုဒ္ဓ၏ “ကာလာမသုတ္တန်” ကို ဖျတ်ခနဲ ကျွန်တော်သတိရမိတော့သည်။ “ကြားကာမျှနှင့် ရှေးအစဉ်အဆက် လက်ခံလာသည် ဆိုရုံမျှနှင့် ဆရာသမားဆိုရုံမျှနှင့် ကိုယ်တိုင်မချင့်ချိန် မဝေဖန်ဘဲ လက်ခံယုံကြည်ခြင်း မပြုထိုက်။ ဤအရာသည် ကောင်း၏၊ မှန်၏။ သင့်သည်မသင့်သည်ကို ကိုယ်တိုင်ကိုယ်ကျ လိုက်နာသိရှိ၍ စဉ်းစားဝေဖန် ချင့်ချိန်သုံးသပ်၍ သာလျှင် လက်ခံယုံကြည်ခြင်း ပြုအပ်၏” ဟု ဆိုထားလေရာ အရာရာကို မိမိနှစ်သက်၍ မိမိအကြိုက်နှင့် အလိုက်သင့်၍ လက်ခံရယူခြင်းထက် စိစစ်ဝေဖန်ပိုင်းခြား၍ အကျိုးအပြစ်တို့ကို မိမိကိုယ်တိုင်နားလည်ပြီး လက်ခံယုံကြည်နိုင်ဖို့ ကြိုးစားရတော့မည်သာဖြစ်သည်။

ယခုခေတ်တွင် စကားတွေကို စာဖြင့်မှတ်တမ်းတင်လာကြပြီ ဖြစ်သောကြောင့် သတင်းစာ၊ ဂျာနယ်တို့တွင် ပုံနှိပ်ဖော်ပြကြလေသည်။ စကားပြောသူ၊ စာရေးသူတို့က မိမိပြောသောစကား၊ မိမိရေးသောစာတွင် စေတနာထည့်၍ ရေးကြ၊ ပြောကြသည်ဖြစ်သောကြောင့် စေတနာကောင်းနှင့် အမှန်တရားကိုပြောခြင်း၊ ရေးခြင်းကား မထောင်းတာလှ။ စေတနာဆိုးနှင့် မဟုတ်တာ၊ မမှန်တာကို အဟုတ်အမှန်ဖြစ်အောင် ရေးခြင်း၊ ပြောခြင်းမျိုးကား မဖြစ်သင့်ချေ။

“အက္ခရာစာပေ ချို့ယွင်းလျှင် အနက်အဓိပ္ပာယ်ပျက်မည်”“အနက်အဓိပ္ပာယ်ပျက်လျှင် အယူအဆ လွဲမည်”“အယူအဆလွဲလျှင် အလုပ်စခန်းမှားမည်” အလုပ်စခန်းမှားလျှင် လိုအပ်သော အကျိုးမှောက်ရုံမက အဓမ္မ၀ါဒီဘက်သို့ပင် သက်ရောက်နိုင်သည်။“အက္ခရာတစ်လုံးဖျက်လျှင် ဘုရားတစ်ဆူကို ဖျက်ရာကျသည်” ဟု ကျေးဇူးရှင် လယ်တီဆရာတော်ကြီးက ဆိုဖူး၏။

 သို့ဆိုလျှင် စကားတစ်လုံး မှားယွင်းချွတ်ချော်လျှင်ကော ထိုအတိုင်းပင် မဖြစ်နိုင်ပါပြီလော။ ထို့ကြောင့် စကားလည်းပြောကြပါ။ တရားလည်း လက်မလွှတ်ကြပါနှင့်ဟု။ -

Written by: ဘစံကောက်
By http://www.news-eleven.com/