Wednesday, July 31, 2013

နှုတ်အမူအရာ ယဉ်ကျေးပါစေ

နှုတ်အမူအရာ ယဉ်ကျေးပါစေ


“ မိုက်တယ်”
“ဂန့်ကွာ”
“လန်းလိုက်တဲ့ စော်”
ဤသို့ ဤသို့လျှင် ယနေ့ခေတ်တွင် လူငယ်တော်များပြောနေကြလေပြီ…။ ဘန်းစကားလို့ဆိုရမည်ပါ။ အချို့စကားလုံး အသုံးအနှုန်းများမှာ အလွန်ပင် ရိုင်းပျလှတာတွေ့ရတယ်..။ မိန်းကလေးဆို မိန်းကလေးလို့မခေါ် “စော်” “စော်” နှင့် ပြောနေသည်။ ထိုစကားလုံးအသုံး အနှုန်းမှာ ကျနော်တို့ လူငယ်ချင်းတော့ နားလည်ကြသည်.။ အသက်ကြီးကြီး လူကြီးတွေတော့ နားမလည်နိုင်။ ဘာကိုဆိုလိုမှန်းမသိ။ အဲ့ဒါအခါ လူငယ်တွေကလူကြီးတွေကို ပြောကြပြန်သည်။ “ Date” အောက်တယ် တဲ့။ “ချီး (Brain) တွေ” တဲ့။ ဒါတောင်ရှိသေးတယ်။

သီချင်းတစ်ပုဒ် စာသားကိုလည်းကြည့်ပါဦး (ထိန်ဝင်းနဲ့ ဘန်နီဖြိုး ဆိုထားတာပါ)
@@ စောက်စားစားရင် ပါးစပ်က ပလပ်ပလပ်နဲ့ တကယ်လက်ဖျားခါတယ်------ဆပ်ပြာပဲ@@ လန်းလန်းလေးမှကြိုက်တယ်ဟုတ် ---ဆပ်ပြာပဲ ၊ ချောချောလေးမှကြိုက်တဲ့--

--ဆပ်ပြာပဲ တဲ့ ။ 
မလွယ်ဘူ.. မလွယ်ဘူး… (ဒီတိုင်းဆက်သွားရင်တော့……ဟူး )

“ခေတ်မမှီဘူး” တဲ့၊ သူတို့ကိုယ်သူတို့ ခေတ်ရှေ့ပြေးနေသည်ဟု ထင်နေကြသည်။ အမှန်တွင်ကား လူကြီးများ ခေတ်နောက်ကျခြင်း မဟုတ်၊ အသက်ရွယ် ကြီးပြင်းလာ၍ မှတ်ဥာဏ်စွမ်းရည်ကျလာခြင်းသာ ဖြစ်ပေလိမ့်မည့် ။။ လူငယ်အချို့မှာတော့ အလွန်ရိုင်းပျ နေကြလေပြီ။

လူငယ်အချင်းချင်းတော့ ပေါက်တတ်ကရစကားလုံးတွေသုံးကာတစ်ယောက်နှင့်တစ်ယောက် နားလည်ကြသည်။ 
“ခေတ်ရှေ့ပြေးသော ခေတ်လူငယ်” ဟု ဆိုကာ ဗန်းစကားတွေ တစ်လုံးပြီးတစ်လုံးထွင်ကာ ဗန်းစကားမှ ဖျက်စကားဖြစ် နေကြသည်။ “မြန်မာစာပေကိုမထိန်းချင်မထိန်းပါနှင့်။ သို့သော် ဖျက်တော့မဖျက်လိုက်ပါနှင့်” ဟုသာပြောရတော့မည်။ လူငယ်ဟူ၍လည်း ကိုယ့်ကိုယ်ကိုယ် ခေတ်ရှေ့တစ်အားပြေးချင်မနေပါနှင့်၊ခေတ်ရှေ့ပြေးသူဟူလည်းမထင်ပါနှင့်။

ဘာကြောင့်လဲဆိုတော့ ၀တ်စားဆင်ယင်မှု၊ အနေအထိုင်တွင်တော့ သူများနိုင်ငံကိုအတုခိုးကာ ခေတ်မှီနေကြသည်၊ အခြားနိုင်ငံများတွင် တိုးတက်ဖွံ့ဖြိုးနေသော နည်းပညာ၊ စီးပွားရေး နည်းလမ်း၊ ပညာရေးနည်းစနစ်များ ကိုမူ တစ်ခုမျှမသိ။ တစ်ခြားသူပြောမှ ဟုတ်သည် ဟုတ်သည်နှင့် သံယောင်လိုက်နေကြသည် ဤသည်မှာနောက်လိုက်ဖြစ်မည့်အလားအလာပင်။

ထိုကြောင့် လူငယ်တိုင်း စာဖတ်ကြရန် ၊ စာဖတ်ခြင်းမှ ဗဟုသုတရနိုင်ကြောင်း တိုက်တွန်းချင်ပါသည်။ စာဖတ်ခြင်းဖြင့် ကမ္ဘာကြီးကို တစ်နေ့တစ်ပတ် ပတ်နိုင်သည်။ စာပေဖတ်ရှုခြင်းဖြင့် နှုတ်အမူအရာ မရိုင်းစိုင်း၊ စာဖတ်သူတစ်နေ့တစ်ခြားနည်းလာလေလေ နှုတ်ဆိုးသူပို၍များလာ လေပင်ဖြစ်လေသည်။

တစ်ခုပြောပြဖို့ရှိသေးတယ်- 
နယ်မှ မြို့သို့ပြောင်းလာတဲ့ တောမှဟု ထင်ရလောက်သည့် အသက်ကြီးကြိးအဘွားအိုတစ်ဦးက
လမ်းတွင် တွေ့သော မြို့သား တစ်ဥိးအား လမ်းမေးသည်ဆိုပါစို့။။။ “ အဘွားကို လမ်းညွှန်ပေးပါ” လို့ အဘွားအိုက ကုတ်ကုတ်နှင့် ကောင်ကလေးနားကပ်ကာမေးရှာသည်။ 

 သို့သော် ကောင်ကလေးက “ မသိဘူး” ဟူ၍ပင် ချက်ချင်းဖြေလိုက်သည်။ အဘွားအို၏ ရင်ထဲ ဘယ်လိုဖြစ်သွားမလဲထင်လဲ။?
သူ၏စိတ်မှာတော့ ရိုင်းပြလှသည်။ သူ၏ နှုတ်မှာတော့ ကြမ်းလှသည် လို့ ချက်ချင်းဆုံးဖြတ်မှာပဲကျွန်တော်မသိလို့ပါ အဘွား” “ ကျွန်တော်မသိတာ တောင်းပန်ပါတယ် အဘွားဟုဖြေလျှင် ဘယ်လောက်များ ကောင်းမည်နည်း။ သူ၏ အဆင့်မှာ အလိုလိုမြင့်သွားမှာ ကျိန်းသေတယ်။။။ အဘွားအိုမှာလည်း မေးလိုက်ရသည့်အတွက် အဖြေမရလိုက်သော်လည်း စိတ်မထိခိုက်သွားရပေ။

ဒီလိုဆိုလျှင်-
ကျွန်တော်တို့ မြန်မာပြည်သူတွေကြားမှာ “မသိဘူး” ဆိုသောစကားလုံးကို သုံးသင့်သေးရဲ့လား။“ မသိလို့ရှင်” “မသိလို့ပါ ခင်ဗျာ” ကမှတော်ပါလိမ့်မယ်…
အရင်တုန်းက ကျွန်တော် ကျွန်မ လို့ ပြောဆိုသုံးနှုန်းကြပါသည်။ အခု အဲ့လိုပြောလျင် “တောသား၊ တောသူမ ဟူသော အမြင်ဖြင့်ကြည့်ကြသည်။ “ ငါ.. ငါ” “ I , I” ဖြင့် တစ်ငါတည်း ငါ၊ တစ်အိုင်တည်း အိုင်နိုင်လွန်းကြပါသည်။
ဥပမာပြောမယ်ဗျာ
ကျနော် ဂျီတော့ထဲမှာကော အပြင်မှာကော သူငယ်ချင်းတွေရှိပါတယ် စကားပြောရင် “ကျွန်တော်ပြောမလို့ပါ”“ကျွန်မ ပြောမလို့ပါအဲ့လိုမပြောဘူး ၊

ဘယ်လိုပြောလဲဆိုတော့ 
“ I ပြောမလို့ပါ” တဲ့ ကြားရသူမှာတစ်မျိုးကြီးဖြစ်နေသည်။ နားဝင်ဆန်းနေသည်။ ဤသည်မှာ နှုတ်ရိုင်းခြင်းဟု မဆိုလောက်သော်လည်း မြန်မာလူမျိုးတစ်ဦးအနေဖြင့်… မပြောသင့်ဘူးလို့ထင်တယ်….

အခုခေတ်တွင် စကားပြောလျှင် ဆဲရေးဆိုရေးမပါသည်က ခပ်ရှားရှားပင်၊ အရင်တုန်းက ဆိုလျှင် ဆဲသည်မှာ အလွန်ရိုင်းသည် အလွန်အောက်တန်းကျသည်။။

“ဟိုကောင်” ၊ “ ဟိုကောင်မ” ဟု ပြောလျှင်ပင် ပြောသူကို နှာခေါင်းရှုံ့ကြသည်။ ယခုအခါ လူငယ်များအကြားတွင် ယောကျာ်းလေးများသာမက မိန်းကလေးများပါ ဆဲနေကြပါပြီ၊ ရန်ဖြစ်သည်မဆိုထားနှင့် တစ်ဦးနှင့်တစ်ဦး ငြင်းလျှင်ပင် ဆဲသည့် စကားလုံးများက တစ်လုံးပြီးတစ်လုံးပါနေသည်။ တစ်ချို့ မိန်းကလေးများဆိုလျှင် မိန်းကလေးသာဆိုသည်..
သူတို့၏နှုတ်မှာ ယောကျာ်းကလေးများအတိုင်းပင် တစ်နေ့လုံးဆဲစကားများထွက်နေသည်။ ဆဲဆိုတာဟာ ဘုရားမကြိုက်သော အလုပ်ပင်ဖြစ်သည်။ မဟုတ်မမှန်လိမ်ညာပြောဆိုခြင်း သည်လည်း နှုတ်မကောင်းခြင်းဖြစ်သည်။ လိမ်ညာပြောခြင်းမှာ လူကြီး၊ လူငယ် အားလုံးပြုနေကြသည်။..

“သူမသိပါဘူးလေ” လေဟူ၍ တစ်စနှင့်တစ်စ လိမ်လိုက်တာ….လိမ်ဖန်များ လာတော့ လိမ်သားရလာတာပေါ့.. စကားပြောတိုင်းလိမ်သောစကားသာထွက်နေပေတော့မယ်.. လိမ်ဖန်များလာတော့ လိမ်ရမှာကိုတော့ မကြောက်တော့…
လိမ်သည့်အတွက်ဖြစ်လာမည့်အကျိုးဆက်ကိုလည်း မတွေးတော့။။။။ မပေါ်အောင်လိမ်၊ လိမ်သည်ကို မပေါ်အောင်. ထပ်ညာ…ညာပြီးရင်ညာနေတော့သည်…….

အခုတွေ့နေရသည်မှာ မိန်းကလေးတွင်သာမက ယောကျာ်းလေးများပါ အတင်းအဖျင်းပြော နေကြလေပြီ…
ရှေးခေတ်တုန်းက မိန်းကလေးကိုသာ “ တွတ်…တွတ် .. တွတ်တွတ်” နှင့် အတင်းပြောတတ်ကြသည်ဟု ဆိုကြသည်။
အခုတွင်တော့ လူငယ်ကလေးများဆုံတိုင်း အတင်းပြောလေတော့သည်။ ( အဲ့သည်ထဲတွင် ကျနော်လည်း ပါဝင်သည်… အခုတော့ ကိုယ်တိုင်ဆင်ခြင်ရပါသည်။) အဓိပ္ပါယ်မရှိသောစကားများကို နှုတ်မှ ကရားရေ တောက် တောက်ကျသကဲ့သို့ပြော၍ပင် မပြိးတော့ချေ ။ 

ဤသည်မှာ အလကာအကျိုးမဲ့ အလဟသာအချိန်ကို ဖြုန်းနေကြခြင်းပါ … အတင်းပြော၍လည်းအကျိုးမရှိ၊
မပြော၍လည်း အကျိုးမယုတ်နိုင်ပေ…..
ထိုကြောင့်  လူငယ်တိုင်းလိုလို အတင်းပြောခြင်းကို တဖြည်းဖြည်း ရှောင်ကြဉ်သင့်ပါတယ်လို့ကျနော်ထင်တယ်..

လူငယ်ဟူသည် နောင်တစ်ချိန်တွင် တိုင်းပြည်၏တာဝန်ကိုပခုံးလွဲထမ်းဆောင်ရမည့်အနာဂတ်၏ သား၊ သမီးများ ပင်ဖြစ်သည်။ တိုင်းပြည်ကောင်းမွန်တိုးတက်ရန် လူမျိုးအပေါ်တွင်မူတည်သည်။ လူငယ်တို့၏ နှုတ်အမူအရာကောင်းမွန်မှသာ ကိုယ်အမူအရာကောင်းမွန်ပေမည်။ ကိုယ်အမူအရာ ကောင်းမွန်မှသာ ဆောင်ရွက်သမျှသော အလုပ်တို့ကောင်းမွန်ပေလိမ့်မယ်။။။
ဤသို့ နှုတ်ကောင်းမွန်ရန် ယဉ်ကျေးစွာပြောဆိုခြင်း၊ ဆဲရေးတိုင်းထွာမှု မပြုခြင်း၊ လိမ်ညာ၍ မပြောခြင်း၊ အကျိုးမရှိသော စကားမပြောခြင်းတို့ဖြစ် အစဉ်သတိပြုနိုင်ကြပါရန် ဆုတောင်းပေးလိုက်ပါတယ်…

ခင်မင်စွာဖြင့်
ညအလင်္ကာ 

Tuesday, July 30, 2013

သူတော်စင်တို့၏ စိတ်ဓာတ်

 သူတော်စင်တို့၏ စိတ်ဓာတ်


“သဒ္ဓါဓာတ်ကြီးမားတဲ့ ပုဂ္ဂိုလ်တွေအတွက် လှူချင်စရာပစ္စည်းတွေဟာ အမြဲပိုနေ တက်တယ်၊ လောဘဓာတ်ကြီးမားတဲ့ပုဂ္ဂိုလ်တွေအတွက် ယူချင်စရာပစ္စည်းတွေဟာ အမြဲလိုနေတက်တယ်” -- အရှင်ဇ၀န(မေတ္တာရှင်-ရွှေပြည်သာ)
           သူတော်စင်ဟူသည် မိမိကိုယ်ကျိုးထက် အများအကျိုး၊ သာသနာအကျိုးကို အားမာန်အပြည့်နှင့် ဆောင်ရွက်သူ၊ မိမိ၏ စိတ်သဏ္ဍာန်တွင်လည်း သီလ၊ သမာဓိ၊ ပညာ တည်းဟူသော သိက္ခာပုဒ်တို့၏ ပြည့်စုံသော သူကိုခေါ်ဆိုထိုက်ပါတယ်။ “သူတော်ကောင်းမှန် ကောင်းမှုကံပြုရန်လွယ်ပေသည်” ဆိုသည့် အလျှောက် သူတော်ကောင်းတို့သည် အများအကျိုးအတွက် ဆောင်ရွက်ရန်သာ အမြဲကြံစည် နေကြပါတယ်။ အခြေခံအားဖြင့် သဒ္ဓါ၊ သီလ အစရှိသော သူတော်ကောင်းတရား များကို မဖောက်မပြန်စောင့်ထိန်းနေပါလိမ့်မယ်။ 

သဒ္ဓါတရား (ယုံကြည်မှု) တရားသည် အလွန်အရေးကြီးပါတယ်။ မိမိကိုယ်ကို ယုံကြည်မှု မရှိသောသူသည် မည်သည့်အကြောင့်းနှင့်မျှ အောင်မြင်မှုရနိုင်မည်မဟုတ်ပါ။ ထို့အတူ ထေရ၀ါဒသာ သနာပြုမည်ဆိုရင် “သဒ္ဓါတရားကို အဖော်ပြု၍ ပညာကိုဆရာတင်” ရပါမယ်။ သဒ္ဓါနှင့်ပညာသည် အတွဲညီနေရပါမယ်။  ပညာမရှိပါက အလွဲယုံကြည်မှုများဖြစ် လာပါတယ်။ “ကံသာလျှင်အမိ၊ ကံသာလျှင်အဖ ဆိုတာကတော့လောကစကား” မျှသာဖြစ်ပါတယ်။ “ဥာဏ်သာလျှင်အမိ၊ ဥာဏ်သာလျှင်အဖ ဆိုတာကတော့ ဂေါတမဘုရားရှင်၏တရား” ပင်ဖြစ်ပါတယ်။

        ဒုလ္လဘတရား(၅)ပါး၌ မနုဿတ္တဘာဝေါ ဒုလ္လဘော ဆိုသည့်အတိုင်း လူဘ၀ ရရန်အလွန်ပင်ခက်ခဲလှပါတယ်။ ထိုကြုံတောင့်ကြုံခဲ ရခဲလှသော ဘ၀၌ သူတော် ကောင်းပီသစွာ နေထိုင်ကျင့်ကြံရန် သာ၍ပင် ခက်ခဲပါတယ်။ “သူတော်ကောင်းကို ကြည်ညိုတက်မှ သူတော်ကောင်းဖြစ်ပါမယ်”။ ဤနေရာ၌လယ်တီ ဆရာတော်ဘု ရားကြီး၏ အတုယူဖွယ် အကျင့်ကိုပြောပြလိုပါတယ်။ လယ်တီဆရာတော်ကြီးသည် စာရေး၊ စာချ၊ တရားဟောအလုပ်များဖြင့် မနားမနေ သာသနာပြုတော်မူခဲ့ပါတယ်။ (စာဖတ်သူများသိနှင့် ပြီးဖြစ်ပါလိမ့်မည်)။

 သာသနာတော်အတွက် အလုပ်တွေ လုပ် နေတဲ့ အချိန်မှာဘဲ ဆရာတော်ကြီးက ကျောင်းတိုက်အတွင်းမှာ စာသင်နေတဲ့ စာသင်သား သံဃာတော် များသုံးရန်အတွက် ချိုရေ၊ သောက်ရေ၊ ကုဋီ(အိမ်သာ) သုံးရေများကို ညပိုင်မှာရေးခပ်၍ ဖြည့်ထားလေ့ရှိပါတယ်။ သံဃာတော်များက ဆရာတော်ကြီး ရေတွေထမ်းဖြည့်နေတာကို မသိပါဘူး။ တစ်ညမှာ ကိုယ်တော်တစ်ပါးက အပေါ့အပါးထသွားမှ ဆရာတော်ကြီး ရေထမ်းဖြည့်နေတာကို တွေ့ပါတယ်။ 

ထို့အပြင် မုံရွာမြို့ပေါ်က ဘုန်ကြီးကျောင်း(၂၀)မှာ သောက်ရေအခက်အခဲ ဖြစ်တာကြောင့် ဆရာတော်ကြီးကိုယ်တိုင် သောက်ရေအိုးထမ်းပြီး တစ်ကျောင်းကို တစ်အိုး နေ့စဉ်လှူခဲ့ပါတယ်။ ထိုသို့ သံဃာတော်များ သုံးရန်ရေထမ်းမှု၊ ဘုန်းကြီးကျောင်းများကို သောက်ရေထမ်းလှူတာဟာ တစ်ရက်၊ နှစ်ရက်၊ တစ်နှစ်၊  မဟုတ်ပါဘူး။ အနှစ်(၂၀)လုံး တစ်ရက်မျှမပျက်ဘဲ ရေးထမ်းလှူခဲ့ပါတယ်။ ဆရာတော်များက လယ်တီဆရာတော်ကြီးအား “သက်တော်၊ ၀ါတော်ကြီးပြီဖြစ်လို့ တပည့်တော်တို့ကို ရေထမ်းပြီးမလှူပါနဲ့တော့ အရှင်ဘုရား” ဟုလျှောက်ပါတယ်။

           ထိုအခါ လယ်တီဆရာတော်ကြီးက “အရှင်ဘုရားတို့… တပည့်တော်က ခန္ဓာကိုယ်ကို အငှား နွားလိုသဘောထားတာပါ၊ နွားပိုင်မရှိတဲ့ လယ်သမားတွေဟာ သူများနွားကို အခကြေးငွေပေးငှားပြီး လယ်ထွန်ရပါတယ်၊ အဲလို အခကြေးငွေ ပေးငှားပြီး ခိုင်းရရင် ကိုယ်ပေးတဲ့ ငွေနဲ့တန်အောင် ခိုင်းရပါတယ်၊ တန်အောင်မခိုင်းရင် ကိုယ်ရှုံးပါတယ်၊ ထိုနည်းတူ တပည့်တော်တို့ ယခုရနေတဲ့ ခန္ဓာကြီးဟာ ကုသိုလ်ဆိုတဲ့ ငွေနဲ့သေမင်းဆီက ခဏငှားထားရတာပါ၊ သေမင်းကို ပြန်မအပ် ခင်မှာ တပည့်တော်သည် ဒီခန္ဓာကြီးကို တန်အောင်ခိုင်းရပါလိမ့်မယ်၊

တပည့်တော်သည် ဘ၀အဆက်ဆက်က သားကျွန်၊ မယားကျွန် အဖြစ်နဲ့သေခဲ့တာ များပါပြီဘုရား၊ ဒီဘ၀မှာတော့ ဘုရားကျွန်၊ တရားကျွန်၊ သံဃာကျွန်၊ သာသနာ့ကျွန် အဖြစ်နဲ့သေပါရစေ” ဟုပြန်လည်မိန့်ကြားကာ အနှစ်(၂၀)ကာလပတ်လုံး လှူဒါန်းတော်မူခဲ့ပါတယ်။ ထိုသို့ရေလှူခဲ့သော အကျိုးသည် ယခုဘ၀မှာပင်ရရှိပါတယ်။ ဟသာင်္တမြို့မှာ မိုးခေါင်သောအခါ ဆရာတော်ကြီးကို တရားဟောဖိတ်ပါတယ်။ ဆရာတော်ကြီး ဟသာင်္တမြေပေါ် ခြေတစ်လှမ်းချလိုက်တာနှင့် မိုးရွာချပါတော့တယ်။

           စစ်ကိုင်းမြို့ ၀က်ချပ်မင်းကျောင်း ဆရာတော်ကြီးသည်လည်း လယ်တီဆရာ တော်ကြီးကဲ့သို့ပင် သာသနာအကျိုး ဆောင်ရွတ်တော်မူခဲ့ပါတယ်။ ဆရာတော်ကြီး ဧရာဝတီ မြစ်ထဲရေချိုးပြီး ပြန်လာသောအခါ ဆောင်းတွင်းဖြစ်ပါက မြစ်ထဲကမျော ပါလာတဲ့ သစ်ကိုင်းများ၊ ထင်များကို သံဃာတော်တွေ မီးလှုံဖို့ ယူလာပါတယ်။ နွေအခါဖြစ်ပါက သဲတွေကို ထုပ်ပြီး ထမ်းလာပါတယ်။ သံဃာတော်တွေ သဲနုနု လေးပေါ်မှာ ခြေနင်းရင် ကောင်းပါစေဆိုကာ ကျောင်းဝန်းအတွင်း သဲတွေဖြန့်ဖြူး ပေးပါတယ်။ ဆရာတော်ကြီးကျောင်းမှာ ရဟန်းတပါး ၀မ်းရောဂါဖြစ်သောအခါ ဘေးမှ ရဟန်းများက မပြုစုရဲပါဘူး။ 

ဆရာတော်ကြီးက ငါပြုစုမယ် ဟုဆိုကာ ပြုစုသော်လည်း ထိုရဟန်းမှာ သေဆုံးခဲ့ပါတယ်။ ထိုအခါ ဆရာတော်ကြီးက တခြားသံဃာတွေပြောရင် အအိပ်ပျက်၊ စာပေ၊ တရား အလုပ်ပျက် ဖြစ်မယ်၊ အဲဒီတော့ ငါတစ် ယောက်ဘဲ အလုပ်ပျက်ခံမည်ဟုဆိုကာ ပျံလွန်တော်မူသွားသော ရဟန်းကို သူပခုံးမှာ ထမ်းပြီး သင်္ချိုင်းသွား သဂြိုလ်ခဲ့ပါတယ်။ သူတော်စင်တို့၏ စိတ်ဓာတ် မည်မျှမြင့်မြတ် ပါသလဲဆိုတာ သိရှိနိုင်ပါတယ်။ သူများမလုပ် ချင်တဲ့ကုသိုလ်လုပ်မှ သူများမရတဲ့ကောင်း ကျိုးကိုရတက်ပါတယ်။ လူတွေဟာ များသောအားဖြင့် သူများမရနိုင်တဲ့ ကောင်းကျိုးချမ်းသာကို လိုချင်ကြပါတယ်၊ ဒါပေမဲ့ သူများမလုပ်ချင်တဲ့ ဝေယျာဝစ္စကုသိုလ် အလုပ်ကျတော့ မလုပ်ကြပါဘူး။ ဘာလို့လဲဆိုတော့ မာနကိလေသာကြောင့် ဖြစ်ပါတယ်။ ငါက ရာထူးရှိတယ်၊ ငါက ပိုက်ဆံရှိတယ်၊ ငါက နာမည်ကျော် ဒီအလုပ် ငါမလုပ်သင့်ဘူး ဆိုပြီး မာနစိတ်တွေ မထားသင့်ပါဘူး။ 

မိမိသည် ကိုယ်ကျိုး မဖက်ဘဲ အများအကျိုးအတွက် ဆောင်ရွက်နေတာဟာ မာနကိလေသာ ကိုသတ်နေတာပါပဲ။ မိမိတို့ရဲ့ ရှိနှင့်ပြီးသော သဒ္ဓါတရားကို ပိုမိုကောင်းမွန်လာအောင်ကျင့်ကြံ အားထုတ်ဖို့ လိုပါတယ်။ ဘ၀အဆက်ဆက်က လောဘရဲ့ ကျေးကျွန်ဖြစ်လာခဲ့တာ ကြပါပြီ။ လောဘရဲ့ ကျေးကျွန်ဖြစ်နေသ၍ သံသရာက မလွတ်နိုင်ပါဘူး။ ဒီဘ၀မှာ တော့ လောဘကိုကိုယ့်ရဲ့ကျေးကျွန်ဖြစ်အောင် ကြိုးစားရပါမယ်။

           မိမိတို့ရဲ့ကောင်းမွန်တဲ့ စိတ်အစဉ်ကို တည်ငြိမ်အောင် ထိန်းသိမ်းထားကြရပါမယ်။ စာဖတ်သူတို့ရဲ့ရင်ထဲက သဒ္ဓါပန်းတွေကို မညှိုးနွမ်းပါစေနဲ့လို့ တိုက်တွန်းပါရစေ။ ယခုအချိန်မှာ လိုအပ်နေသော အရာများစွာရှိပါတယ်။ မုန်တိုင်းဒဏ်ကို ခံလိုက် ရသော နေရာများကို အဖွဲ့အစည်းလိုက်၊ နေရာဒေသ အလိုက်စုဆောင်း လှူဒါန်း နေတာဟာ အင်မတန် မွန်မြတ်လှတဲ့ ပရဟိတ လုပ်ငန်းပဲဖြစ်ပါတယ်။ ထိုသို့ လှူဒါန်းရာတွင်လည်း အထက်တွင်ရေးသားခဲ့သော သူတော်ကောင်းတို့ရဲ့ စိတ်ဓာတ်ကို အတုယူစေချင်ပါတယ်။ မိမိတို့လှူဒါန်းသော ငွေကြေး၊ ပစ္စည်းတွေသည် စင်ကြယ်ပါတယ်။ စေတနာအပြည့်ရှိကြပါတယ်။

 ကောင်းမှုလုပ်တဲ့အခါ အကုသိုလ် မ၀င်ရအောင် သတိတရားရှိကြပါစေ။ မိမိတို့လှူလိုက်တာကို အလှူခံပုဂ္ဂိုလ် ထံရောက်စေချင်တာ မလှူခင်စေတနာပါ။ ထိုစေတနာသည်ပင် ကုသိုလ်ဖြစ်နေပါ ပြီ။ လှူပြီးသော မိမိရဲ့အလှူဒါန ကိုလည်းမမေ့သင့်ပါဘူး။ မိမိအလှူ အပေါ်မှာ လိုချင်တမ်းမတ်မှု (တဏှာ)နှင့်ယှဉ်သောစိတ် နဲ့မဟုတ်ဘဲ မေတ္တာ၊ စေတနာနဲ့ ယှဉ်သောစိတ်ဖြင့်ပြန်လည် သတိရနေကြပါ။ ထိုစေတနာသည် လှူပြီးနောက် ဖြစ်သော စေတနာဖြစ်ပါသည်။ ထိုစေတနာသည်လည်း ကုသိုလ်စိတ်ပင်ဖြစ်ပါ တယ်။ လှူဒါန်းမှုပြု ကြရာတွင်လည်း နှလုံးသွင်းမှန်ဖို့အရေးကြီးပါတယ်။ မိမိသည် ဘာ့ကြောင့် လှူရသလဲဆိုသော ရည်မှန်းချက်လည်းရှိရပါမယ်။ မိမိသည် မွေးဖွား ခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း စတဲ့ဒုက္ခအားလုံးမှ လွတ်မြောက်ရာ နိဗ္ဗာန်ကိုသာ ရည်မှန်း၍လှူဒါန်းသင့်ပါတယ်။ 

မိမိတို့မရ ဘူးသေးသည်မှာ နိဗ္ဗာန်ချမ်းသာ သာ ကျန်ရှိပါတော့တယ်။ ထို့ကြောင့် မိမိတို့ လှူဒါန်းမှု သည်လည်း ဒုက္ခသစ္စာ (ဆင်းရဲခြင်းအမှန်) ကိုသိ၍ ထိုဒုက္ခအပေါင်းမှ လွတ်မြောက်အောင် ရည်မှန်း၍ လှူဒါန်းကြစေချင်ပါသည်။ ဘုရားတည်၊ ကျောင်းဆောက်လုပ်သော ကုသိုလ်သာ လူအများလုပ်ချင်ကြပါတယ်။ မရှိ၊ နွမ်းပါး သူတို့ကိုပေးကမ်းသော ကုသိုလ်အလုပ် ကိုလုပ်သောသူကနဲပါတယ်။ တကယ့် သူတော်ကောင်းတို့သည် မိမိအကျိုး၊ မိမိရဲ့ ဂုဏ်သိက္ခာကို မငဲ့ပဲ အများအကျိုးကိုသာ ဆောင်ရွက်ကြသည်ကို အတုယူသင့်ပါ တယ်။

           စားဖတ်သူများလည်း သူတော်ကောင်းတရားများ ကျင့်ကြံပွားများ၍ သူတော် ကောင်းတို့သွားရာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေ။…။

 “သူတော်ကောင်းဓာတ် တရားမြတ် လွှမ်းပတ်ကမ္ဘာတည်စေသော်…”
 အောင်ဦး

Monday, July 29, 2013

ခိုနားမိတဲ့ အရိပ်


ခိုနားမိတဲ့ အရိပ်


ဟိုနှစ်ပေါင်း များစွာက အရိပ်တစ်ခုကို ကြုံကြိုက်လို့  နားခိုမိရင်း အရိပ်စစ်တွေ့ သွားတဲ ရှင်ပုဏ္ဏတစ်ယောက် အကြောင်းလေးကြားဖူးလား။ ပြောပြချင်လို့ ။ အကုန်တော့ မပြောတော့ဘူး။ ရှည်သွားရင် မဖတ်ဖြစ်ဘဲ နေမှာစိုးလို့ ။

အစကတော့ သူလည်းပဲ လောကရဲ့ အပူမီးတွေကို ရင်မှာပိုက်လျက်ပါပဲ။ ပျော်စရာနဲ့ တွေ့ ရင်လည်း ဘာရမလဲ ပျော်လိုက်တာပါပဲ။ ငိုစရာရှိရင်လည်း ငိုတတ်တဲ့ အကျင့်သူ့ မှာ ရှိတုန်းပဲ။ သူ့ ကို အလိုမကျလို့ သွားဆဲရင်လည်း သူနာနေတုန်းပါပဲ။ ချီးမွှမ်းတာမျိုး၊ မြှောက်ပြောတာမျိုးလည်း မယုံရင် သွားလုပ်ကြည့်။ သူ အမြောက်ကြီး မြောက်နေဦးမှာပါပဲ။ ဆိုလိုတာက သူ့ အသည်းမှာ ပျော်ရွှင်မှုတွေ၊ လွမ်းဆွတ်မှုတွေ၊ ကြင်နာမှုတွေ၊ နာကြည်းမှုတွေနဲ့ ပြည့်နှက်နေတုန်း။ ဒီလို အခွင့်အရေးမျိုးကြုံလာပြီဆိုရင်လည်း လောကဇာတ်ခုံပေါ်မှာ ကျရာနေရာက သရုပ် ဆောင်တုန်းပဲ။

တစ်နေ့ မှာတော့ သူဟာ အရောင်းအ၀ယ်ကိစ္စနဲ့  သာဝတ္ထိမြို့ ကို ရောက်ရှိလာခဲ့ပါတယ်။ အဲဒီအချိန်မှာ သာဝတ္ထိမြို့ သူ၊ မြို့ သားအာလုံး ဇေတ၀န်ကျောင်းကို သွားနေကြတာပါ။ ရည်ရွယ်ချက်ကတော့ ဘုရားရှင်ကို ဖူးဖို့ တဲ့။ တချို့ လည်း ဘုရားရှင်ကို ကပ်လှူဖို့ လက်ထဲမှာ ဆွမ်းအုပ်ကလေးတွေ ကိုင်လို့ ။ တချို့ ကလည်း အဖျော်ရည်၊ ဆီမီး၊ အမွှေးတိုင် စသည်ဖြင့် ကိုယ်စီကိုယ်စီ ဇေတ၀န် ဥယျာဉ်ဆီကို ချီတက်နေကြတော့တာပါ။

သာဝတ္ထိမြို့ မှာ လူတွေ ဒီလောက်ရှုပ်တာ မမြင်ဖူးတဲ့ သူ့ အတွက် ၊ အထူးအဆန်းတွေ ဖြစ်တာပေါ့လေ၊ သူတို့ ဘာလုပ်နေကြတာလဲ ဆိုတာကိုလည်း သိချင်စိတ်တွေ တဖွားဖွား ဖြစ်နေတော့တာပါ။ တခါတခါ သူ တွေးမိသေးတာက ပွဲလမ်းသဘင်များ ရှိနေလို့  ဒီလို သွားလာနေကြတာလား ပေါ့လေ။ ရှိခဲ့ရင်လည်း သူလည်း လိုက်ပျော်ဖို့ထင်ပါရဲ့။ ပျော်တတ်တဲ့ စိတ် ရှိသေးတာဆိုတော့ ပျော်စရာရှိလာရင် သူလည်း ၀င်ရောလိုက်ဘို့ ပဲနေမှာပါ။

ဒါပေမယ့် ဇေတ၀န်ကို သွားတဲ့ လူတစ်ယောက်ကို သူစပ်စု ကြည့်လိုက်တော့မှ သူ့ အထင်တွေ လွဲသွားခဲ့မှန်း နောက်မှသိပါတော့တယ်။ သူထင်ထားတာမျိုး မဟုတ်ဘဲ လောကမှာ အတုမရှိ အနိုင်းမဲ့ ဘုရားရှင်တစ်ဆူ ပွင့်မှန်း သူ သိသွားတော့တာပါ။ှ ဘုရားရှင်ပွင့်တယ်ဆိုတော့ သူ စိတ်ထဲမှာ ဘယ်လိုပျော်သွားမှန်း မသိ။ သူများတွေဖူးသလို သူလည်းပဲ နောက်ကလိုက်ဖူးချင်စိတ်တွေ တဖွားဖွား ဖြစ်သွားတော့တာပါ။ ဘုရားပွင့်ပြီဆိုပြီး ဘုရားအစစ် မဟုတ်တဲ့ ကောလဟလဘုရား အတုတွေနဲ့ လည်း သူကတွေ့ ခဲ့ ဖူးသေးတာကိုး။ ဘုရား ဟုတ်မဟုတ် သုံးသပ်ချင်တဲ့ သံသယ စိတ်တွေလည်း ပါတယ်ထင်ပါရဲ့။

သူလည်း အများနည်းတူ ဇေတ၀န်ကျောင်းတော် တရားနာ ပရိတ်သတ်တွေ အတွင်း လွတ်တဲ့နေရာလေးမှာပဲ နေရာဝင်ယူလိုက်မိပါတော့တယ် ။ သူ့ စိတ်ထဲမှာတော့ ဘုရား ဘယ်မှာလဲဆိုတာ မျက်စိကစားပြီး သူရှာလိုက်ပါတယ်။ ဓမ္မာရုံအတွင်း တရားနာ ပရိတ်သတ်တွေများသော်လည်း အသံတွေတိတ်လို့ ၊ ဆိတ်လို့ ။ချောင်းဆိုးသံ၊ လက်ချိုးသံပင် မကြားတော့ ပရိတ်သတ် ကင်းမဲ့နေတဲ့ နေရာတစ်ခုလိုပါပဲလား။

သူ တွေ့ သွားပါပြီ။ ဗုဒ္ဓါသန ဓမ္မပလ္လင်ပေါ်မှာ ပင်လုံးကျွတ်ပွင့်တဲ့ ပန်းပင်ကြီးလို့ ရုပ်အဆင်းက တင့်တင့်တယ်တယ်။ မြင်လိုက်တာနဲ့ ကြက်သီးတွေမွှေးညင်းထစရာ။ ယောက်ျားမြတ်တို့ ရဲ့ လက္ခဏာ ဘယ်လို ဘယ်ပုံဆိုတာလည်း သူအခုမှ သရုပ်ခွဲ လက်တွေ့ ကျကျ လင်းသွားဟန်တူပါရဲ့။ ဘုရားရှင်ကို မြင်လိုက်တာနဲ့  ကြည်ညိုစရာ ကောင်းတဲ့ အဖြစ်သနစ်က သူ့ နှလုံးသားမှာ ကိန်းအောင်းချေပြီ။ လွှတ်ခနဲရေရွတ် လိုက်မိတာကလည်း လောကမှာ ဘုရားရှင်မှတပါး ကိုးကွယ်ရာမရှိတဲ့။

ဝေနေယျသတ္တ၀ါတွေကို သားတော်ရာဟုလာနဲ့ မခြား ကယ်တင်တော်မူတတ်တဲ့ ဘုရားရှင်ရဲ့ နှလုံး အစုံကိုလည်း မြင်လိုက်တာနဲ့ သံသယမရှိ သူ ထိထိမိမိ သိသွားတော့တာပါ။ ဘုရားရှင်ရဲ့ ကရ၀ိတ်သံ၊ ကြိုးကြားသံနှယ် နာပျော်ဖွယ်ကောင်းတဲ့ ဓမ္မအသံတော်ကလည်း သူ့ အတွက် ပိုလင်းလက်သွားစေခဲ့ပါတယ်။ ဘုရားရှင် ထိထိမိမိဟောတော်မူလိုက်တဲ့ တရားတော်ကလည်း ဒီလို….ဒီလို…ထိသွားရပေမပေါ့။

“သတ္တ၀ါအားလုံးဟာ သံသရာခရီးသွားတွေပဲ။ ခရီးသည်ထုံးစံအတိုင်း ဟိုဘ၀ရောက်လိုက်၊ ဒီဘ၀ရောက်လိုက်၊ ကောင်းတဲ့ ဘုံရောက်လိုက်၊ မကောင်းတဲ့ ဘုံရောက်လိုက်နဲ့  မရပ်မနား တရစပ် ခရီးသွားနေရတာပါ။ မသိမိုက်မဲမှုတွေ၊ လိုချင်မှုတပ်မက်မှုတွေ ရှိနေသေးသမျှ လူဖြစ်လိုက်၊ နတ်ဖြစ်လိုက်၊ ဗြဟ္မာဖြစ်လိုက်၊ တိရိစ္ဆာန်ဖြစ်လိုက်နဲ့  သံသရာစက်ကြီးထဲ လည်နေကြတာပါပဲ။ ဒီသံသရာစက်ကြီး အလည်ရပ်ချင်ရင်တော့ မြင့်မြတ်တဲ့ ပါရမီတွေ ကြိုးစားအားထုတ်ခြင်းနဲ့  အဆင့်မြင့် အရဟတ္တမဂ်၊ အရဟတ္တဖိုလ်တွေရအောင်လုပ်ပြီး ရပ်ကြပေရော…။

ရွှေတွေ၊ ငွေတွေ၊ တိုက်တာ ခြံမြေတွေ ဟာလည်း ကိုယ်ပိုင် ပစ္စည်းမဟုတ်ဘူး။ သေရင် ဘယ်သူမှ ယူသွားလို့ မရဘူး။ ယူသွားလို့ ရနိုင်တာက ကိုယ်ပိုင် ဒါနကောင်းမှု ၊ သီလကောင်းမှုတွေပဲ။ အဲတော့ ကိုယ်ပိုင်မဟုတ်တဲ့ ဟာတွေကို ကိုယ်ပိုင် ပစ္စည်းဖြစ်အောင် ပြောင်းလဲပစ်နိုင်ဖို့ ပဲ။

လူ့ စည်စိမ်၊ နတ်စည်းစိမ်ဆိုတာလည်း ဥပမာပြောရရင် အသားမကပ်တဲ့ အရိုးခြောက်ကို ကိုက်နေတဲ့ ခွေးနဲ့ တူတယ်။ ခွေးတွေဟာ အသားမရှိတဲ့ အရိုးမှန်း သိသော်လည်း အဲဒီ အရိုးကို တကျွတ်ကျွတ်မြည်အောင် ကိုက်နေတယ်။ ကိုက်ရင်း၊ ကိုက်ရင်းနဲ့ ကြာလာတော့ သွားရည်ကြောင့် အရိုးတွေ နူးလာတယ်။ အဲဒီအချိန်မှာ အသားနံ့ လေး နဲနဲ ထွက်လာတယ်။ အသားစိုင် ဖြစ်လာနိုး ကိုက်ရင်းနဲ့ ပဲ ကြာလာတော့ အောက်သွားတွေ ကြွေကုန်တယ်။ သွားတွေနာလာတော့ စိတ်မော၊ ကိုယ်မော ပင်ပန်းစွာနဲ့ ပဲ ကောက်ရိုးပုံပေါ် ခဏနားလိုက်တယ်။ အမောပြေတော့ အရိုး ကို တစ်ခါထပ်ကိုက်ပြန်တယ်။ တကယ့်အနှစ် အရသာထူးမရှိတဲ့ အရိုးကို ထပ်တလဲလဲ ကိုက်နေတဲ့ ခွေးလိုပဲ သတ္တ၀ါတွေဟာ ကာမဂုဏ်ကို ခင်မင် တွယ်ဖက်နေကြတယ်။ အချည်းနည်းဖြစ်တဲ့ အကာတွေရဲ့ နောက်ကိုပဲ လိုက်ပြီးရင်း လိုက်နေကြတယ်”
တဲ့။

ဘုရားရှင်ဟောတော်မူလိုက်တဲ့ တရားက သူ့ ရဲ့ စိတ်တွေကို ပြောင်းလဲ စေတော့တာပါ။ သူ့ ရဲ့ စိတ်ထဲမှာလည်း ဘုရားရှင်ရဲ့ သဘာဝကျကျ တရားတော်တွေကို ဥာဏ်နဲ့ ထပ်တလဲလဲ သုံးသပ်မိနေပါတော့တယ်။ သူ့ လုပ်နေတဲ့ အလုပ်တွေဟာ ဘုရားရှင် ဥပမာပေးတဲ့ ခွေးနဲ့ တူတယ်လို့ ယူဆလိုက်တာ ရယ်ကြောင့် ဘုရားရှင်ကို သာသနာတော်ထဲ ၀င်ပြီး ရဟန်းဝတ်ဖို့ ခွင့်တောင်း လိုက်ပါတော့တယ်။ သူ့ရဲ့ဆန္ဒကို ဘုရားရှင် ခွင့်ပြုတာရယ်မို့  သံသရာစက် အလည်ရပ်တဲ့နည်းလမ်း ကောင်းတွေကို သင့်လျော်ရာ အရိပ်မှာ နားခိုရင်း ကြိုးစားအားထုတ်လိုက်တော့တာပါ။

လောကမှာ အရိပ်တွေ အမျိုးမျိုးရှိပါတယ်။ အဲဒီအရိပ်တွေထဲမှာ ကိုယ့်ကို အေးချမ်းမှုအပေးနိုင်ဆုံး အရိပ်ကို ရွေးချယ်ပြီး နားခိုတက်ဖို့ လိုပါတယ်။ ရှင်ပုဏ္ဏလို မိမိအတွက် တကယ့်နားခိုးစရာ ဖြစ်တဲ့ ဓမ္မအရိပ်စစ်ကိုသာ ကိုယ်တိုင်ကိုယ်ကျ ကိုယ်လှုံတက်ဖို့ ပဲ ကြိုးစားအားထုတ်ကြပေရော…………။

Saturday, July 27, 2013

စေတနာတွေ ဝေဒနာဖြစ်ရတဲ့အခါ


စေတနာတွေ ဝေဒနာဖြစ်ရတဲ့အခါ
သူနာပြူ မိခင်ကြီး ဖလော့ရန့်နိုက်တင်ဂေးရဲ့မွေးနေ့ မေလ (၁၂)ရက်နေ့၊ အပြည်ပြည်ဆိုင်ရာ သူနာပြုနေ့ အထိမ်းအမှတ်အဖြစ် စာတစ်ပုဒ်ရေး လိုက်ပါတယ်။ အတွေ့အကြုံတွေကို စိတ်ဝင်စားစရာဖြစ်အောင် စီကာပတ်ကုံးရေးပြီး၊ ကျန်းမာရေးဗဟုသုတတွေ ထည့်ထည့်ရေးတာ ကျွန်မရဲ့ ပညာပေးနည်းတစ်ခုပါ။ ကျန်းမာရေးဆောင်းပါး သီးသန့်ရေးရင် စိတ်ဝင်စားသူနည်းပြီး၊ အတွေ့အကြုံလေးတွေနဲ့ ယှဉ်ရေးရင် စာဖတ်သူတွေ အတွက် ကျန်းမာရေးအသိတွေနဲ့အတူ အရေးထားတွေစရာလေးတွေလည်း ရသွားမယ်လို့ မျှော်လင့်ပါတယ်။

ဘွဲ့လွန်အတွက် ကျောင်းစရိတ်လိုလို့ တက္ကသိုလ်နဲ့ နီးတဲ့ဆေးခန်းမှာ ခဏ၀င်လုပ်နေပါတယ်။ ဆေးခန်းက အထွေထွေရောဂါ ကုသမှုနဲ့အတူ  Alternative medicine လို့ခေါ်တဲ့  အနောက်တိုင်းဆေးပညာနဲ့ မတူတဲ့ သီးခြားကုထုံးတွေနဲ့ ရောဂါကာကွယ်ကုသခြင်း ၀န်ဆောင်မှုတွေ လည်းပေးပါတယ်။ အပ်စိုက်ကုထုံး Acupuncture therapy၊ အိပ်မွေ့ချကုထုံး Hypnotherapy၊ သွေးကြောထဲမှာ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်သတ္ထုတွေနဲ့ အဆီတွေကို ဖြိုခွဲပေးတဲ့ကုထုံး Chelation therapy စတဲ့ကုထုံးတွေဖြစ်ပါတယ်။ အခြားအခြား ထူးထူးဆန်း ဆန်းကုထုံး တွေလည်း အများကြီးရှိပါတယ်။ အချို့ ကုထုံးတွေက လူနာတွေအတွက် အကျိုးရှိပေမဲ့ အချို့ကုထုံးတွေက အန္တရာယ်ရှိပါတယ်။ စင်္ကာပူနဲ့ အနောက်နိုင်ငံ အချို့မှာတော့  ခိုင်မာတဲ့ သုတေသန အထောက်အထားတွေ ရှိမှသာ ဒီကုထုံးတွေကို ခွင့်ပြုပါတယ်။ မလေးရှားမှာတော့ တင်းကြပ် တဲ့ ဥပဒေတွေနဲ့ ထိန်းချုပ်မှု တော်တော်အားနည်းနေ ပါတယ်။ ငွေလိုလို့ ဒီအလုပ်ကို အခိုက်အတန့် လုပ်နေရပေမဲ့ အချို့ကုထုံးတွေကို ကျွန်မတော် တော်လေး ဘ၀င်မတွေ့ပါဘူး။

ပညာရေးနဲ့ ကျန်းမာရေး ၀န်ဆောင်မှုလုပ်ငန်းတွေမှာ ငွေမျက်နှာပဲကြည့်ပြီး လုပ်ကြရင် လူ့ပတ်ဝန်းကျင် အတွက် အလွန်အန္တရာယ်များပါတယ်။ Chelation therapy လိုကုထုံးမျိုးဆိုရင် ရေရှည်မှာ ဘေးထွက်ဆိုးကျိုးတွေ အများကြီးရှိပါတယ်။ ဆရာဝန်၊သူနာပြုနဲ့ ကျန်းမာရးစောင့်ရှောက်မှု လုပ်ငန်းမှာ ပါဝင်ပတ်သက်သူမှန်သမျှ လူနာတွေရဲ့ကောင်းကျိုးကိုသာ အစဉ်ဆောင်ရွက်ပြီး၊ အန္တရာယ်ဖြစ်စေမဲ့ ဆောင်ရွက်ချက်မှန်သမျှကို ရှောင်ကြည်ရမယ်ဆိုတဲ့ ကျင့်ဝတ်တွေကို စောင့်စည်းလိုက်နာ ကြဖို့လိုပါတယ်။ လူနာတွေရဲ့ ကျန်းမားရေး အခြေအနေနဲ့ နောက်ဆက်တွဲ ဆိုးကျိုး တွေ၊ ကျန်းမာရေးအတွက် ဆောင်ရန် ရှောင်ရန် အပြုအမူတွေ၊ ရောဂါကုထုံးနဲ့ ပတ်သက်ပြီး ကောင်းကျိုးဆိုးကျိုးတွေကို အမှန်အတိုင်း ပြောပြ ရှင်းပြရမဲ့ ကျင့်ဝတ်တွေရှိတယ်။ ဝေဒနာ ခံစားနေရတဲ့လူနာတွေ ရောဂါကုသရေးနဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်အောင် ကျန်းမာရေးဝန်ထမ်းတွေက ကူညီပေးနိုင်ရပါမယ်။ ဒီကျင့်ဝတ်တာဝန်တွေကို မဖောက်ဖျက်ချင်တဲ့ ကျွန်မအတွက် ယ္ခုဆေးခန်းက အလုပ်တွေဟာ တော်တော်လေး သဟာဇာတ မဖြစ်ပါဘူး။


ရင်သားကင်ဆာ ဖြစ်နေတဲ့ အသက်ခြောက်ဆယ်အရွယ် အမျိုးသမီးတစ်ယောက် ခွဲစိတ်ကုသမှုကို ရှောင်နိုင်ဖို့ နည်းလမ်းရှာရင်း ကျွန်မလုပ် နေတဲ့ ဆေးခန်းက ဆရာဝန်ဆီ ရောက်လာပါတယ်။ သူမရဲ့ ရင်သားအကြိတ်က ကင်ဆာဖြစ်စပဲ ရှိသေးတယ်။ တခြားနေရာတွေကို မပြန့်သေးဘူး။ အချိန်မှီခွဲစိတ်ကုသမှု ခံယူမယ်၊ ကင်ဆာဆဲလ်အခြေအနေ ပေါ်မူတည်ပြီး လိုအပ်တဲ့ဆေးဝါးကုသမှု ခံယူမယ်ဆိုရင် လုံးဝပျောက် ကင်းနိုငိတဲ့ အခြေအနေမှာ ရှိပါတယ်။ ပြဿနာက ရင်သားကို မဖြတ်ချင်ဘူး ဖြစ်နေပါတယ်။ မြန်မာပြည်က လူတွေအများစု ကျန်းမာရေး ဗဟုသုတအားနည်း လို့ ရောဂါကို သိတာနောက်ကျကြတယ်။ ငွေကြေးမတတ် နိုင်လို့ ထိရောက်တဲ့ ကုသမှုတွေ မရကြဘူး။ ကင်ဆာကို နောက်ကျမှ သိရပြီး၊ အဆုတ်ထဲ၊ အရိုးထဲ ပျံ့သွားလို့ ဝေဒနာကို မချိမဆန့်ခံစား နေရတဲ့လလူနာတွေကို မကြခဏ တွေ့ခဲ့ဖူးပါတယ်။အခုကျွန်မတွေ့ရတဲ့ လူနာကတော့ ရင်သားမဖြတ်ချင် တာကြောင့် ဒုက္ခရောက်တော့မယ်။


ကျွန်မရဲ့ အလုပ်ရှင်ဆရာဝန်က လူနာတွေကို မအိုဆေး၊ နုပျိုဆေးတွေပေးပြီး၊ အနာမျိုး (၉၆)ပါးကို Alternative နည်းတွေနဲ့ ကုဖို့ကြိုးစားနေတဲ့ ဆရာဝန်။ တကယ်တော့ ဆရာဝန်က စိတ်ကောင်းရှိတယ်။ အပြောကောင်းတယ်။ ချမ်းသာတယ်။ ဗုဒ္ဒဘာသာကို အထင်ကြီးလေးစားတဲ့ ပန်ချာပီ တစ်ယောက်ပါ။ ဒါတွေလုပ်ဖို့ ဘယ်အရာက သူ့ကိုစေ့ဆော်လည်းဆိုတာ ကျွန်မနားမလည်ဘူး။ လောဘရဲ့သားကောင် ဖြစ်နေသလိုပဲ။


Alternative ကုထုံးရဲ့ ဆိုးကျိုးတွေကို လုံးဝထည့်မစဉ်းစားဘူး။ သူ့ဆီလာတဲ့ လူတော်တော် များများကို မလိုအပ်တဲ့ ကုထုံးတွေပေးလို့  လူနာတွေ ကုန်သွားတဲ့ငွေက မလိုအပ်တဲ့ နေရာကို စီးနေတယ် လို့ပဲ ကျွန်မမြင်ပါတယ်။ ရင်သားကင်ဆာဖြစ်တဲ့ အမျိုးသမီးကိုလည်း သူရဲ့ကုထုံးတွေနဲ့ ကောင်းသွား စေရမယ်လို့ ကတိပေးတယ်။

ရင်သားကို ဖြတ်စရာမလိုဘူး။ အကြိတ်ကိုပဲ ခွဲထုတ်ပစ်ပြီး သူ့ဆေးနဲ့ပဲ ဆက်ကုပေးမယ်။ ဆေးရုံမှာ အကြိတ်သွားခွဲဖို့ကိုလည်း အချိန်ဆွဲခိုင်း ထားတယ်။ ကင်ဆာဆဲလ်တွေက ရက်အနည်းငယ်အတွင်းမှာ အများကြီးပြန့်ပွားနိုင်တာ။ ခွဲစိတ်ဖို့ အချိန်ဆွဲတာ အင်မတန် အန္တရာယ်များ ပါတယ်။ ဆရာဝန်က သူ့ရဲ့ဆေးတွေဟာ ကင်ဆာဆဲလ်တွေကို သတ်ပေးတယ်လို့ ယုံကြည်နေတယ်။

ရှေ့ဖြစ်လာမဲ့ နောက်ဆက်တွဲ ပြဿနာတွေကို မြင်နေလို့ ကျွန်မလူနာကို ကြိုးစားစည်းရုံးကြည့် ပါတယ်။ ကင်ဆာက ဖြစ်ခါစပဲ ရှိသေးတာမို့ ရင်သားကို အမြန်ဆုံး ဖြတ်ထုတ်ပြီး၊ ကင်ဆာရောဂါ အထူးကု ဆရာဝန်တွေရဲ့ ကုသမှုကို လိုက်နာရင် လုံးဝပျောက်သွားနိုင်တယ်။ မခွဲပဲ အချိန်ဆွဲ ထားရင် ကင်ဆာဆဲလ် တွေပျံ့ပြီး ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားရလိမ့်မယ်။ အခုဆရာဝန်ပေးတဲ့ ကုထုံးတွေက ကျန်းမာရေး ပိုကောင်းဖို့ အထောက်အပံ့ ပေးလိမ့်မယ်။ ကင်ဆာတော့ ပျောက်မသွားနိုင်ဘူးလို့ ရှင်းပြပါတယ်။ ဒါပေမဲ့ ကျွန်မ မအောင်မြင်ပါဘူး။


သူနာပြုတစ်ယောက်ပြောတဲ့ စကားထက် ဆရာဝန်ပြောတဲ့ စကားကိုပဲ သူယုံနေတယ်။ ရင်သားဖြတ်ဖို့ အကြံပေးတာကို မနှစ်မြို့ဘူးဆိုတာ နားလည်လိုက်တဲ့ အချိန်မှာ စေတနာတွေ ဝေဒနာ ဖြစ်သွားခဲ့ပါတယ်။ စေတနာမှန်တဲ့ ကျွန်မအတွက် ဘာမှဆုံးရှုံး မသွားဘူးလို့တော့ ပြောနိုင် ပါတယ်။ ဒါပေမဲ့ သူနာပြုတစ်ယောက် အနေနဲ့ ကျွန်မရှုံးပါတယ်။ သူနာပြုတွေရဲ့ တာဝန်က လူနာကို ပြုစုပေးတာထက် ပိုပါတယ်။ လူနာတွေ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်အေင် ကျန်းမာရေး ပညာပေးရမယ်။ လူနာတွေရဲ့ အခွင့်အရေးအတွက် ရပ်တည်ပေးရမယ်။ အခုလူနာကို မှန်ကန်တဲ့ ကုသမှုယူဖို့ မကူညီနိုင်တာ ကျွန်မ ညံ့ပါတယ်။ ကျွန်မ ညံ့ခဲ့တာတွေဟာလည်း စာဖွဲ့လို့ မကုန်နိုင်အောင် ရှိခဲ့ပါတယ်။

မြန်မာတစ်ယောက်ပြောတဲ့ စေတနာစကားကို မြန်မာတွေ နားဝင်မယ်လို့ ယုံကြည်တဲ့အတွက် ဝေဒနာကို ကြေငြာရင်း ပညာပေးဆွေးနွေး ချင်ပါတယ်။ ကင်ဆာရောဂါက ကာကွယ်ဖို့ခက်ပေမဲ့ ဆင်ဆင်ခြင်ခြင်နေထိုင် စားသောက်ရင် ကင်ဆာဖြစ်နိုင်ခြေနည်း ပါတယ်။


စည်သွပ်အစားအစာတွေ၊ တာရှည်ခံအောင်စီမံထားတဲ့ အစားအစာတွေကို တတ်နိုင်သမျှရှောင်ပြီး၊ လတ်ဆတ်တဲ့ သားငါးသီးနှံတွေကို အိမ်မှာချက်ပြုတ်စားနိုင်ရင် အကောင်းဆုံး ပါပဲ။ ပိုးသတ်ဆေးနဲ့ ဟော်မုန်းတွေသုံးတဲ့ သစ်သီးနဲ့ ဟင်းရွက်တွေကို စားနေရတာ ကင်ဆာဖြစ်စေတဲ့ အကြောင်းရင်းတစ်ခုပါ။ အန္တရာယ်ကင်းချင်ရင် ကိုယ်တိုင်စိုက်ပျိုးမွေးမြူရမလို ဖြစ်နေပါတယ်။ မှိုတက်တဲ့ အစားအစာတွေ၊ မသန့်တဲ့ဆီနဲ့ ကြော်ထားတဲ့ စားစရာတွေကိုလည်း ရှောင်ဖို့လိုပါ တယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ ကိုယ်အလေးချိန် ထိန်းခြင်းခြင့်လည်း ကင်ဆာရောဂါကို ကာကွယ်နိုင် ပါတယ်။ အ၀လွန်ခြင်း၊ အဆီများခြင်းဟာ ကင်ဆာအန္တရာယ်ရှိပါတယ်။

ဆေးလိပ်သောက်ရင် အဆုတ်၊လည်ချောင်း၊ အစာအိမ်၊ အူမကြီး၊ မုန့်ကျိုအိတ်၊ ရင်သားနဲ့ သားအိမ်ခေါင်း ကင်ဆာတွေဖြစ်နိုင်တာမို့ ဆေးလိပ်ကို ရှောင်ဖို့လိုပါတယ်။ အရက်ကို အလွန်အကျွံသောက်ရင် အသဲ၊ အစာအိမ် အူလမ်းကြောင်း၊ မုန့်ကျိုအိတ်နဲ့ ရင်းသားကင်ဆာတွေ ဖြစ်နိုင်ပါတယ်။


အရက်ကို အလွန်အကျွံ မသောက်သင့်ပါဘူး။ ရေ၊လေနဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့်လည်း ကင်ဆာရောဂါတွေ ဖြစ်နိုင်ပါတယ်။ ပတ်ဝန်ကျင်း ညစ်ညမ်းမှုကို ၀ိုင်းဝန်းကာကွယ် ကြရပါမယ်။ စိတ်ကျရောဂါ၊ အိမ်မပျော်တဲ့ ရောဂါ၊ အခြားစိတ်ရောဂါနဲ့ စိတ်ဖိစီးမှုတွေဟာ ကိုယ်ခံ အားကို ကျစေပြီး၊ ကင်ဆာဖြစ်စေတဲ့ အဆိပ်အတောက် တွေကို ခုခံနိုင်မှု အားနည်းတာကြောင့် ကင်ဆာဖြစ်စေနိုင်ပါတယ်။

အကောင်းမြင်စိတ်ရှိပြီး၊ လောကဓံ အဆိုးအကောင်းမှန်သမျှကို သင့်တင့်လျှောက်ပတ်စွာ နှလုံးသွင်းတတ်ရင် စိတ်ကျန်းမာပျော်ရွှင်ပြီး၊ ကင်ဆာရောဂါကို အတိုင်းအတာတစ်ခုထိ ကာကွယ်နိုင်ပါတယ်။ ဗုဒ္ဒဘာသာဆိုရင် မြတ်စွာဘုရားရဲ့ အဆုံးအမမှန်သမျှကို နှလုံးသားထဲ ထည့်ထားနိုင်ရင် ကျန်းမာသုခကို ခံစားနိုင်ပါတယ်။ ကျန်းမာချင်ရင် ကျွန်မတို့ စိတ်ကိုပြင်နိုင်အောင် ကြိုးစားရမှာပါ။

မိဘမျိုးရိုးမှာ ကင်ဆာရှိတဲ့သူတွေ ပိုပြီးသတိထားဖို့ လိုပါတယ်။ ကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာတွေကို သိထားသင့်ပါတယ်။ ပုံမှန် ဆီးသွား ၀မ်းသွားသည့် ပုံစံပြောင်းလဲလာခြင်း။ ဥပမာ- ၀မ်းအလွန်ချုပ်ခြင်း၊ ၀မ်းအမည်းရောင်သွားခြင်း၊ သွေးဝမ်းသွားခြင်း၊ ဆီးထဲသွေးပါခြင်းစတဲ့ လက္ခဏာတွေဟာ အစာအိမ် အူလမ်းကြောင်း၊ ဆီးလမ်းကြောင်းနဲ့ ပတ်သက်တဲ့ ကင်ဆာဖြစ်နိုင်ပါတယ်။ အဖုအကြိတ်များပေါ်ခြင်း၊ အစာမကြေဖြစ်ခြင်း၊ မျိုရခက်ခြင်း၊ အသံသြခြင်းတွေဟာ ကင်ဆာဖြစ်မဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ အမျိုးသမီးတွေ ဓမ္မတာသွေး အလွန် အမင်းဆင်းခြင်း၊ အဖြူဆင်းများခြင်းတွေဟာ မျိုးပွားအင်္ဂါမှာ ကင်ဆာဖြစ်နိုင်တဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။


နာတာရှည် ခေါင်းကိုက်ခြင်းနှင့် နာကျင်ကိုက်ခဲခြင်းတွေ ရှိလာရင်လည်း ထိရောက်တဲ့ ကုသစစ်ဆေးမှုတွေ လုပ်သင့်ပါတယ်။ ဥပမာ-နောက်ကြောနာတယ်ဆိုရင် အဆုတ်ကင်ဆာ ဖြစ်နေနိုင်ပါတယ်။ မိမိတို့ရဲ့ ခန္ဓာကိုယ်ကို အမြဲသတိထား စစ်ဆေးနေဖို့လိုပါတယ်။ အမျိုးသမီးများ မိမိတို့ရင်းသားကို အကြိတ်ရှိမရှိ နေ့စဉ်ရေးချိုးတိုင်း စမ်းကြည့်ရပါမယ်။ အမျိုးသားများလည်း မိမိတို့ရင်သားနဲ့ ဝှေးစေ့ကို စမ်းကြည့်ရပါမယ်။ အမျိုးသားတွေမှာဖြစ်တဲ့ ရင်သားကင်ဆာနဲ့ ဝှေးစေ့ကင်ဆာကို နောက်ကျမှ သိရတာတွေ များနေပါတယ်။

ကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာတွေ  ပေါ်နေပြီဆိုရင် ဆရာဝန်ကိုချက်ချင်းပြပြီး၊ ညွှန်ကြားတဲ့ စစ်ဆေးမှုတွေ လုပ်ရပါမယ်။ ရောဂါတွေ့ပြီဆိုရင်လည်း လိုအပ်တဲ့ ကုသမှုတွေကို ထိထိရောက်ရောက် ခံယူရပါမယ်။ မြန်မာ ပြည်မှာတော့ ဆေးမှီးတိုနဲ့ ကုတဲ့ပြဿနာ ရှိနေပါတယ်။ တချို့ကလည်း ပိုက်ဆံမတတ်နိုင် ကြလို့ပါ။ အန္တရာယ်ရှိတဲ့ Alternative ကုထုံးတွေ မြန်မာပြည်ထဲ စိမ့်ဝင်လာမဲ့ အလားအလာ ရှိပါနေတယ်။ ကျွန်မ အခုလုပ်နေတဲ့ ဆေးခန်းမှာ ရှယ်ယာဝင်တစ်ယောက်က မြန်မာပြည်မှာ ဌာနခွဲဖွင့်ချင်တယ်လို့ ပြောလာ ပါတယ်။


ကျွန်မကို စီမံခန့်ခွဲပေးနိုင်မလားလို့ မေးပါတယ်။ ကျွန်မ ငြင်းလိုက်ပါတယ်။ မြန်မာပြည်ပြန်နိုင်တဲ့ အချိန်ရောက်ရင် ကျွန်မ စိတ်အားထက်သန်တဲ့ သင်ကြားရေးကို ပြန်လုပ်ချင်ပါတယ်။ အရေးကြီးတဲ့ ရောဂါကာကွယ်ရေးတွေ၊ ကျန်းမာရေး မြင့်တင်ရေးတွေ လုပ်ချင်တယ်။ ကျွန်မ သင်ခဲ့တဲ့ ပညာနဲ့ ဆင်းရဲဒုက္ခ တွေခံပြီးရခဲ့တဲ့ အတွေ့အကြုံတွေကို Alternative တွေအတွက် အသုံးမချနိုင်ပါဘူး။ အခြားအဆက် အသွယ်တွေနဲ့ ၀င်လာကြရင် သက်ဆိုင်ရာတာဝန်ရှိသူတွေက နိုင်ငံတကာအဆင့်မှီ စည်းမျဉ်းစည်းကမ်း တွေနဲ့ ထိန်းချုပ်နိုင် ဖို့လိုပါတယ်။

စေတနာတွေကနေ သောမနဿ ဝေဒနာဖြစ်အောင် ပြောင်းချင်လို့ နေ့တစ်ဝက် အကုန်ခံပြီး တတ်သလောက် မှတ်သလောက် ရေးသားတင်ပြ လိုက်ပါတယ်။ စာဖတ်သူတွေအားလုံး ကျန်းမာပျော်ရွှင်ကြပါစေ။


စံပယ်ဖြူ

Friday, July 26, 2013

လုပ်သင့်တဲ့အရာတွေကို ဘာကြောင့် မလုပ်ဖြစ်ကြသလဲ


လုပ်သင့်တဲ့အရာတွေကို ဘာကြောင့် မလုပ်ဖြစ်ကြသလဲ 

ဒီလိုမျိုးအချိန်တွေ ရှိဖူးမှာပါပဲ။
စိတ်ထဲက လုပ်သင့်တယ်လို့သိနေတဲ့ အရာတစ်ခုကို မလုပ်ဖြစ်တာမျိုး။
ဥပမာ- မနက်တိုင်း လေ့ကျင့်ခန်းလုပ်ဖို့လည်း ဖြစ်ချင်ဖြစ်မယ်။ စာမေးပွဲအတွက် စာတွေ စ ကျက်ဖို့လည်း ဖြစ်ချင်ဖြစ်မယ်။ ဘယ်လိုကိစ္စပဲဖြစ်ဖြစ်ပေါ့။

အဲဒီအရာကို အမှန်တကယ် မလုပ်ဖြစ်ဘူး။ ဒါပေမဲ့ စိတ်ထဲကတော့ လုပ်သင့်တယ်မှန်းသိနေတယ်။
အဲဒါဟာ ဘာကြောင့်လဲ။
ပြီးတော့ အဲဒီအကျင့်ကို ဘယ်လိုကျော်လွှားကြမလဲ။
သင့်ရဲ့စိတ်ထဲက လုပ်သင့်တယ်လို့သိနေတဲ့အရာတွေကို လုပ်ဖြစ်ဖို့အတွက် နည်းလမ်းတွေကို ကြည့်ကြရအောင်။

၁။ ထိုင်မနေပါနဲ့

လူအများစုဟာ သူတို့လုပ်သင့်တာတွေကို မလုပ်ဖြစ်ကြတဲ့ အကြောင်းတစ်ခုကတော့ ထိုင်တွေးနေတဲ့ နေရာမှာတင် လမ်းဆုံးသွားကြလို့ပါပဲ။
တစ်ခုခုကို လုပ်ဖို့အတွက်ဆိုရင် ” ဘာ့ကြောင့် ” ဆိုတာက အပေါ်ယံနဲ့ မလုံလောက်ပါဘူး။
တစ်ခုခုကို လုပ်တော့မယ်ဆိုရင် သင့်ကိုယ်သင် မေးကြည့်ပါ။
” ငါ ဒါကို ဘာလို့လုပ်နေတာလဲ၊ ဘာအတွက်လဲ ”
ဒီမေးခွန်းက အလွန် အရေးကြီးပါတယ်။ ဒီမေးခွန်းက သင်လုပ်သင့်တဲ့အရာတွေကို လုပ်ဖြစ်အောင် ကူညီပေးနိုင်ပါတယ်။

သင်လုပ်နေတဲ့အရာတစ်ခုဟာ သင့်ကို သင့်ရည်မှန်းချက်နဲ့လည်း ပိုမနီးစေဘူး။ ပြီးတော့ သင့်ရဲ့စိတ်ကိုလည်း တက်ကြွအောင် မလုပ်နိုင်ဘူးဆိုရင် ဒီမေးခွန်းကို ပိုပြီး လေးလေးနက်နက် မေးဖို့ လိုနေပါပြီ။

” ငါ ဒါကို ဘာကြောင့် လုပ်နေတာလဲ။ ဘာအတွက်လဲ”
” ငါ အဲဒါကို ဘာကြောင့် လုပ်သင့်သလဲ ”

သင့်မှာ တစ်ခုခုကို ဘာ့ကြောင့်လုပ်သင့်တယ်ဆိုတဲ့ အကြောင်းပြချက် လုံလုံလောက်လောက်ရှိပြီဆိုရင် အဲဒီအရာကို လုပ်ဖြစ်မှာပါပဲ။

ဒါကြောင့်၊ ထိုင်မနေပါနဲ့။ ” ဘာကြောင့် ” ဆိုတဲ့ မေးခွန်းကို လုံလုံလောက်လောက် မေးပါ။
အဲဒါက သင့်ကို ပိုပြီး ခရီးရောက်စေပါလိမ့်မယ်။

၂။ ဆင်ခြေများ

ကျနော်တို့ လုပ်သင့်တဲ့အရာတစ်ခုခုကို မလုပ်ဖြစ်တာဟာ ဆင်ခြေတွေကြောင့်လည်း ပါပါတယ်။ ကျနော်တို့ဟာ ဆင်ခြေတွေ အများကြီး ပေးကြတယ်။
” တခြားဟာတွေ လုပ်စရာရှိနေတယ်”
” ငါ မအားဘူး”
” အချိန် မရှိဘူး ”

ကျနော်တို့ဟာ အဲဒီဆင်ခြေတွေကို သတိထား စောင့်ကြည့်နေဖို့လိုပါတယ်။

ပြီးတော့ ကျနော်တို့ ဘ၀မှာ နေထိုင်တဲ့အခါ ” ဘာ့ကြောင့် ” ဆိုတဲ့ မေးခွန်းတွေကို မေးဖို့နဲ့ ဆင်ခြေတွေထဲကို ပြုတ်ကျမသွားဖို့လည်း သတိထားရပါမယ်။

ကျနော်တို့ တစ်ယောက်ချင်းစီ အားလုံးဟာ ဆင်ခြေတွေကို ပြုလုပ်တတ်ကြပါတယ်။ ကျနော်တို့အားလုံးပါပဲ။

ကျနော့်မှာလည်း ကျနော့်ရဲ့ ဆင်ခြေတွေရှိတယ်။ သင့်မှာလည်း သင့်ရဲ့ဆင်ခြေတွေ ရှိတာပါပဲ။
ယုံပါ။ ကျနော် အခုထိကို ဆင်ခြေတွေ ပေးမိနေတုန်းပါပဲ။

ဒါကြောင့် ကျနော်လုပ်တဲ့အရာတစ်ခုကတော့ သတိထားပြီး ပစ္စုပ္ပန်မှာ နေထိုင်ခြင်းပါပဲ။

အဲဒီလို နေတဲ့အခါ ဆင်ခြေတစ်ခုပေးတော့မယ်ဆိုရင် ချက်ချင်းသိပြီး ရပ်ပစ်နိုင်ပါတယ်။
ဒါကြောင့် အမြဲတမ်း သတိရှိနေပါ။
ကျနော်တို့ ပြုလုပ်သမျှအရာတိုင်းကို အမြဲတမ်း သတိထားပြီး ကြည့်နေရပါမယ်။

၃။ အာရုံစူးစိုက်မှု မရှိခြင်း

ကျနော်တို့ လုပ်သင့်တဲ့အရာတွေကို မလုပ်ဖြစ်တဲ့ နောက်ထပ် အကြောင်းရင်းတစ်ခုကတော့ အာရုံစူးစိုက်မှု မရှိခြင်း ပါပဲ။
ဘာကြောင့်လဲဆိုတော့ တစ်ချိန်ထဲမှာ အရာများစွာဟာ ဖြစ်ပျက်နေပါတယ်။

အဲဒီအထဲမှာ ကျနော်တို့ တကယ်လုပ်သင့်တဲ့အရာတွေဟာ ပျောက်သွားတတ်ပါတယ်။

ဒါကြောင့် ” အလေးထားရမယ့် အရာ(၆)ခု ” ဆိုတဲ့ နည်းလမ်းကို အသုံးပြုစေချင်ပါတယ်။
အဲဒီအရာတွေက ဘာလဲဆိုတော့ သင် မလုပ်မဖြစ် ပြီးအောင်လုပ်ရမယ့် အရေးအကြီးဆုံးအရာ (၆)ခုကို စာရင်းပြုထားဖို့ပါပဲ။

နေ့တစ်နေ့ကို စလိုက်ပြီဆိုတာနဲ့ အဲဒီစာရင်းထဲက ပထမဆုံးအရာကို စလုပ်ပါ။ အဲဒီအရာမပြီးမချင်း နောက်တစ်ခုကို မလုပ်ပါနဲ့။

ဒီလိုနည်းနဲ့ ကျနော်တို့ဟာ အာရုံစူးစိုက်နိုင်လာပါလိမ့်မယ်။ 

လုပ်သင့်တယ်လို့သိနေတဲ့အရာတွေကိုလည်း လုပ်ဖြစ်ပါလိမ့်မယ်။
အာရုံစူးစိုက်တဲ့နေရာမှာလည်း မှန်ကန်တဲ့အရာတွေအပေါ်မှာသာ အာရုံထားပါ။
ဆင်ခြေတွေကို အလေးမထားပါနဲ့။ လူအတော်များများကတော့ ဆင်ခြေတွေကိုသာ အလေးထားနေတတ်ကြတယ်။

ဒါကြောင့် နေ့စဉ်နေ့တိုင်းအတွက် အရေးအကြီးဆုံး အရာ (၆)ခုကို စာရင်းပြုပါ။

ကွန်ပျူတာထဲက Notepad မှာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် စာရွက်တစ်ရွက်ပေါ်မှာပဲဖြစ်ဖြစ် ချရေးပါ။
အဲဒီအရာတွေကို တစ်ခုပြီးတစ်ခု လုပ်သွားပါ။

၎။ ကြောက်ရွံ့ခြင်း နှင့် မသေချာမရေရာမှုများ

ဒီနှစ်ခုဟာ လူတွေကို သူတို့လုပ်သင့်တဲ့အရာတွေကို မလုပ်ဖြစ်စေတဲ့ အကြောင်းရင်းကြီး နှစ်ခုပါပဲ။
လူတွေဟာ ကြောက်ကြတယ်။
ဥပမာ- ပရိသတ်ရှေ့မှာ စကားပြောဖို့ဆိုပါစို့။ သင်ဟာ ကြောက်နေတယ်။
အဲဒါဆိုရင် ” ဘာ့ကြောင့် ” ဆိုတဲ့ မေးခွန်းတွေကို အများကြီးမေးဖို့ လိုပါပြီ။
သင့်ရဲ့ ကြောက်စိတ်တွေကို ကျော်လွှားနိုင်ဖို့လိုပါတယ်။ ကျနော်တို့ဟာ လုပ်သင့်တဲ့အရာကို လုပ်ရမှာပါပဲ။

ဟုတ်ပါတယ်။ ဘ၀မှာ ကြောက်စိတ်တွေနဲ့ မသေချာမရေရာမှုတွေဟာ အများကြီးရှိမှာပါပဲ။
ဘယ်သူမှ အမှားမလုပ်ချင်ကြပါဘူး။ ကျနော်တို့ဟာ ငြင်းပယ်ခံရမှာတွေကိုလည်း ကြောက်ကြပါတယ်။
ဒါပေမဲ့ သင်ဟာ ယုံကြည်မှုရှိဖို့လိုပါတယ်။ သင့်ရဲ့ ဘ၀ကို အပြည့်အ၀နေထိုင်ဖို့လိုပါတယ်။ တခြားလူတွေကို သင့်ရဲ့ လမ်းကြောင်းမှာ အနှောင့်ယှက်မခံပါနဲ့။

ရည်မှန်းချက်ဟာ ကြီးမားတယ်ဆိုရင် တခြားအချက်တွေဟာ အရေးမကြီးတော့ပါဘူး။
တစ်ခုခုကို ဘာကြောင့်လုပ်သင့်တယ်ဆိုတဲ့ အကြောင်းအချက် ရှိပါ။ ရည်မှန်းချက်ကို ကြီးကြီးမားမားထားပါ။
သင့်ရဲ့ရည်မှန်းချက်အတိုင်းနေထိုင်ပါ။ သင် လုပ်သင့်တဲ့အရာတွေကို လုပ်ဖြစ်ပါလိမ့်မယ်။

၅။ ခြောက်ပြစ်ကင်း၊ သဲလဲစင် (Perfection)

အောင်မြင်မှုဆိုတာ အစဉ်အဆက် တိုးတက်မှုဖြစ်စဉ်ပါ။ ခြောက်ပစ်ကင်း သဲလဲစင် မဟုတ်ပါဘူး။
လူတွေဟာ ခြောက်ပြစ်ကင်း သဲလဲစင်ဖြစ်ဖို့ ပြင်ဆင်နေတာနဲ့ပဲ သူတို့လုပ်သင့်တဲ့အရာတွေကို မလုပ်ဖြစ်လိုက်ကြဘူး။
ဒါကြောင့် ကျနော်တို့ရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက်ဆိုရင် အစဉ်အဆက်တိုးတက်မှုဖြစ်စဉ်ကိုပဲ အာရုံစိုက်ရပါလိမ့်မယ်။

ချက်ချင်းကြီးတော့ Perfect မဖြစ်နိုင်ပါဘူး။
တစ်ရက်ကို ၁% တိုးတက်ဖို့ကို အာရုံစိုက်ပါ။ ဒါဟာ သေးငယ်တယ်လို့ထင်ရပါတယ်။ ဒါပေမဲ့ ပုံမှန် ဆက်လုပ်သွားမယ်ဆိုရင် ကြီးမားတဲ့ ရလာဒ်တွေကို ရရှိနိုင်ပါတယ်။ တစ်နေ့မှာ ၁% ဆိုရင် တစ်နှစ်မှာ ၃၆၅% တိုးတက်မှုကို ရရှိနိုင်ပါတယ်။

ဒါကြောင့် အခြေခံတွေအပေါ်မှာ အာရုံစိုက်ပါ။
သင့်ရဲ့ ရည်မှန်းချက်အတိုင်း ရှေ့ဆက်သွားနိုင်ဖို့ လိုအပ်တာတွေကို ပေးပါတယ်။ ဒီကနေ့ဟာ ပိုကောင်းတယ်။ နောက်တစ်နေ့မှာ ပိုပြီးတော့ ကောင်းလာပါတယ်။
အစဉ်အဆက်တိုးတက်မှုကို အာရုံစိုက်ပါ။ ဒါဟာ အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်ပါပဲ။

မှတ်မိစေချင်တဲ့အရာတွေကတော့-
ဒီအတိုင်း ထိုင်မနေပါနဲ့။ ” ဘာကြောင့် ” ဆိုတဲ့ မေးခွန်းကို များများမေးပါ။
” ငါ ဒါကို ဘာကြောင့်လုပ်နေတာလဲ။ ဘာအတွက်လဲ ”
တစ်ခါတစ်ရံမှာ ဆင်ခြေတွေ ၀င်လာနိုင်ပါတယ်။ အဲဒီဆင်ခြေတွေကို မောင်းထုတ်ပစ်ပါ။
စိတ်ထဲမှာ မသေချာမရောမရာဖြစ်မှုနဲ့ ကြောက်စိတ်တွေကို အနိုင်ယူပါ။

ပြီးတော့ အောင်မြင်မှုနဲ့ ရည်မှန်းချက်တွေဟာ အစဉ်အဆက် တိုးတက်မှုဖြစ်စဉ်သာ ဖြစ်ပါတယ်။ ခြောက်ပစ်ကင်း သဲလဲစင် (Perfection) မဟုတ်ဘူးပါဘူး။
တစ်ဆင့်ပြီးတစ်ဆင့်၊ တစ်မိနစ်ပြီးတစ်နစ် လုပ်သွားရတဲ့အရာတစ်ခုပါ။
ဒီအခြေခံတွေကို အာရုံစိုက်ပါ။ ရှေ့ကိုဆက်ပြီး သွားနေ ပါ။
လုပ်သင့်တယ်လို့ သိနေတဲ့အရာတွေကို လုပ်ဖြစ်လာပါလိမ့်မယ်။
ပြီးတော့ ရလာဒ်တွေဟာလည်း သိသာလာပါလိမ့်မယ်။

by အောင်သက်ခိုင်

Ref: Why We Don’t Do What We Know We Should Do (Coachcast) by James Glossinger

Thursday, July 25, 2013

“သေခြင်းကင်းတဲ့ အလှတရား”


    “သေခြင်းကင်းတဲ့ အလှတရား”


    “အလှဆင်သူ”ဆိုတဲ့ စကားလုံးကိုမြင်လိုက်တာနဲ့ တပြိုင်နက် မိမိစိတ်မှာ လွှတ်ခနဲ သတိရလိုက်တာကတော့ ဆရာကြီးဇော်ဂျီရဲ့ “သင်သေသွားသော်”ဆိုတဲ့ ကဗျာမွန်ကိုပါပဲ။
    ဆရာကြီးရဲ့ကဗျာ အစဆုံးပိုဒ်မှာ “သြော်.. လူ့ပြည်လောက၊ လူ့ဘဝကား၊ အိုရ,နာရ,သေရဦးမည်” ဆိုတာအထိ ဖတ်ကြည့်လိုက်ရင်တော့ ဘဝကိုငြီးငွေ့တဲ့ နိဗ္ဗိန္ဒသံလိုလို၊ သင်ခန်းစာယူတဲ့ သံဝေဂသံလိုလို ထင်လိုက်ရတယ်။

     ဒါပေမဲ့ အဲဒီနောက်မှ တဆက်တည်းပြထားတဲ့ “မှန်ပေသည်တည်း”ဆိုတာအထိဖတ်ပြီးလို့ တဖြည်းဖြည်း ခံစားကြည့်လိုက်မယ်ဆိုရင်တော့ ဆရာကြီးက ဘဝကို ငြီးငွေ့နေတာလည်း မဟုတ်ဘူး၊ ညည်းညည်းညူညူနဲ့ သံဝေဂပွားပြနေတာလည်း မဟုတ်ပါဘူး။

    ဆရာကြီးရဲ့ ဒီစာပိုဒ်ကိုဖတ်ကြည့်လိုက်ရင် ဘဝကိုအမြင်ရှင်းသူ၊ ဘဝမှာ အပြစ်ကင်းသူတို့ရဲ့ စိတ်ဓာတ်ခွန်အားကို အထင်းသား တွေ့နိုင်ပါလိမ့်မယ်။ အများတကာ ညည်းညူထိတ်လန့်စရာလို့ထင်ရတဲ့ အို,နာ,သေရေးကို ဆရာကြီးက ဘဝရဲ့မောင်နှင်အား လောင်စာဆီများအဖြစ် အသုံးချနေတာ၊ အသုံးချစေတာဖြစ်တယ်ဆိုတာ အထပ်ထပ်အခါခါ ဖတ်ကြည့်ရင် ထင်းထင်းကြီး ပေါ်လာပါလိမ့်မယ်။

     ဟုတ်ပါတယ်၊ ဆရာကြီးရဲ့ ကဗျာတွေကိုဖတ်ရတာဟာ မိုနက်(Monet)ရဲ့ ပန်းချီကားတွေကို ကြည့်ရသလိုပဲ တဖြည်းဖြည်း စူးစူးစိုက်စိုက်နဲ့ စိတ်ဝင်တစားကြည့်လေလေ အဓိပ္ပာယ်တွေက လေးနက်ကြည်လင်ပြီး ပီပြင်ပုံပေါ်လာလေလေ ဖြစ်နေပါတယ်။

    အခုလည်းကြည့်လေ။ ဆရာကြီးပြောလိုက်တာက “အိုရ,နာရ,သေရဦးမည် မှန်ပေသည်တည်း” တဲ့။ “အိုရ,နာရ,သေရမှာ မှန်တယ်လေ၊ အဲဒါ ဘာဖြစ်လဲ”လို့ ယထာဘူတဉာဏ်နဲ့ လူ့ဘဝကို အေးအေးဆေးဆေးလေး ပြောနေတယ်ဆိုတာကိုလည်း ခန့်မှန်းလို့ ရပါလိမ့်မယ်။

    ဒီနေရာမှာ ပရိနိဗ္ဗာန်ပြုဖို့ သုံးလအလိုလောက်မှာ ဘုရားရှင်က အရှင်အာနန္ဒာမထေရ်ကို မိန့်ကြားခဲ့တဲ့ “အနစ္ဆရိယံ ခေါ ပနေတံ အာနန္ဒ ယံ မနုဿဘူတော ကာလံ ကရေယျ = အာနန္ဒာရ လူရယ်လို့ ဖြစ်လာပြီးရင် သေကြရတယ်ဆိုတာ ဘာမှ အဆန်း မဟုတ်ပါဘူး”ဆိုတဲ့ စကားတော်ကိုလည်း ပြန်လည်ကြားယောင်မိစရာပါ။

    သေတာ အဆန်းမဟုတ်ဘူးလို့ ပြောထားလေတော့ “ဒါက ဘာကဆန်းသလဲ” ဆိုတာ ဆက်ပြီး စဉ်းစားဖို့လိုတာပေါ့။ အဖြေကတော့ လွယ်လွယ်ကလေးပါ။ “သေတာဟာ အဆန်းမဟုတ်ဘူးဆိုမှတော့ နေတာကသာ ဆန်းတယ်”လို့ ဆိုရမှာပေါ့။ နေတာဟာ ဘယ်လိုဆန်းသလဲဆိုတာကို ဆရာကြီးက နေရာစေ့ ထောင့်စေ့အောင် အသေအချာ ရှင်းပြထားပါတယ်။

     ကြည့်လေ -
    “သို့တပြီးကား၊ သင်သေသွားသော်၊ သင်ဖွားရာမြေ၊ သင်တို့မြေသည်၊ အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏”တဲ့။

    သေမျိုးတွေဖြစ်လို့ သေရမှာမှန်သော်လည်း မသေခင်အတွင်းမှာ နေချိန်ဆိုတာ လူတိုင်းမှာ ရှိကြတာပဲ။ နေချိန်မှာ အမှတ်တမဲ့ နေကြသူတွေအတွက်တော့ သေချိန်ရောက်ပြီးတဲ့အခါမှာလည်း ဘာမျှ အမှတ်တရ ကျန်ရစ်မှာ မဟုတ်ပါဘူး။ ရတောင့်ရခဲ လူ့ဘဝကြီးကို ရရှိထားတဲ့ လူသားတစ်ယောက်အနေနဲ့ သေရွာထဲမှာ မသေရာမှတ်တိုင်တွေ စိုက်ထူနိုင်စွမ်းရှိကြပါတယ်။

     အဲဒါကို ဆရာကြီးက အလေးအနက် သတိပေးထားတာပါ။ “သင်ဖွားမြင်ရာ သင့်ရပ်သင့်ရွာ၊ သင့်ဒေသသင့်နိုင်ငံ တိုးတက်ရေးအတွက် သင်စွမ်းနိုင်သမျှ ဆောင်ရွက်ခဲ့ပါ၊ သင်စိုက်ထူခဲ့တဲ့ တိုးတက်မှုမှတ်တိုင်များဟာ သင်သေသွားသော်လည်း မသေမပျောက် ထာဝရလှပနေပါလိမ့်မယ်”လို့ သတိပေးလိုက်တာပါ။

    ဆရာကြီးပြောလိုက်မှ သတိပြုမိတယ်။ မိမိတို့ဖွားရာအရပ် ဒေသဝန်းကျင်မှာ “ဖိုးလူတုတ်ဇရပ်”တို့၊ “ဖိုးရွှေအော်သရက်တော”တို့၊ “ဖိုးထွန်းလင်းဆည်”တို့ဆိုတာတွေ ခုအထိ မသေမပျောက် ထင်ရှားရှိသေးတယ်။ မူလတည်ဆောက်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတွေကတော့ မိမိတို့ရဲ့အဘိုးများတောင် ခပ်ရေးရေးသာ မီလိုက်တယ်ဆိုတော့ ရတနာပုံခေတ်ဦးလောက်ကလို့ ခန့်မှန်းရပါတယ်။

     ခုဆို နှစ်ပေါင်း(၁၅၀)ဝန်းကျင်လောက် ရှိရောပေါ့။ ဒါပေမဲ့ ဒီနေရာတွေဟာ တောထဲတောင်ထဲ သစ်ခုတ်ဝါးခုတ်ဖို့ လှည်းအုပ်နဲ့ ခရီးသွားကြသူတွေအတွက် နားခိုရာအရပ်၊ သောက်သုံးရာရေအဖြစ်နဲ့ ခုတိုင် ကူညီပေးနေဆဲဖြစ်လို့ ဒီအမည်တွေဟာ ဝန်းကျင်ဒေသတဝိုက်က မှီတင်းနေထိုင်ကြသူတို့ရဲ့ ရင်ထဲမှာတော့ ခုထိ မသေမပျောက်တဲ့အလှများအဖြစ် ထင်ကျန်ရစ်ဆဲပါ။

    ဒီလို သေခြင်းကင်းတဲ့ အလှမှတ်တိုင်တွေ စိုက်ထူခဲ့ဖို့ဆိုတာ အသွင်သဏ္ဌာန်အားဖြင့် ကြီးကျယ်ခမ်းနားမှရယ်လို့ မဟုတ်ပါဘူး။ စေတနာကြီးကြီးမားမားနဲ့ ပြုလုပ်မယ်၊ လူများစု ကြီးကြီးမားမားနဲ့ သက်ဆိုင်မယ်ဆိုရင် ရေအိုးစင်ကလေးတစ်ခုဟာလည်း ကြီးမားတဲ့ အလှမှတ်တိုင်ကြီးတစ်ခု ဖြစ်နိုင်တာပါပဲ။ 

    မိမိတို့ငယ်စဉ်က ရွာနဲ့မိုင်ဝက်လောက်ကွာတဲ့ ချောင်းကွေ့နားမှာ ဖိုးသြလှဆိုတဲ့ ဒကာကြီးရဲ့ ယာခင်းတစ်ခုရှိတယ်။ ယာခင်းရဲ့အစပ်မှာ သရက်ပင်ကြီးတစ်ပင်က အတော်လေး အရိပ်အာဝါသကောင်းပါတယ်။ ဖိုးသြလှက အဲဒီသရက်ပင်ကြီးရဲ့အောက်မှာ အခွသုံးခုပါတဲ့ တောသစ်ပင်တစ်ခုကို ခုတ်ဖြတ်ပြီး ရေအိုးစင်ကလေး လုပ်ထားတယ်။ ရေအိုးမှာ အုန်းမှုတ်ခွက် ဝါးရိုးတပ်ရေမှုတ်ကလေးတစ်ခု တပ်ထားပြီး ဝါးနှီးအုပ်ဆောင်းကလေးနဲ့ အုပ်ထားပါတယ်။

     မနီးမဝေးမှာရှိတဲ့ ချောင်းထဲမှာလည်း လက်ယက်ရေတွင်းကလေးတစ်ခုကို ကျွဲနွား မဝင်နိုင်အောင် ဝါးခြံကလေး ခတ်ထားတယ်။ ရေအိုးစင်ကလေးမှာ ရေမပြတ်အောင် တစ်နေ့သုံးကြိမ်လောက်ဖြည့်ထားတော့ မြေသောက်ရေအိုးကလေးဟာ အမြဲပဲ စွတ်စိုအေးမြနေပါတယ်။ ရွာနီးချုပ်စပ် ခရီးသွားတို့ရဲ့ အားထားနားနေရာ စခန်းထောက်ကလေးပေါ့။

     သားစဉ်မြေးဆက် ဒီအစဉ်အလာကောင်းလေးကို ဆက်ထိမ်းထားလို့ ခုထိလည်း ခရီးသွားတွေ နေပူလို့ နည်းနည်းပင်ပန်းလာပြီဆိုရင် “ကဲ ခပ်သုတ်သုတ်ကလေး လှမ်းကြစို့ဟေ့.. ဖိုးသြလှရေအိုးစင်ရောက်မှ တစ်ထောက်နားကြစို့”လို့ ပြောစမှတ် ပြုကြတုန်းပါပဲ။ ဖိုးသြလှကွယ်လွန်သွားပေမဲ့ သူ့ရဲ့အမည်ကတော့ သေခြင်းကင်းစွာပဲ လှပနေလျက်ပါ။

    အခုပြောခဲ့တာတွေဟာ စေတနာရှိသူတိုင်း အလွယ်တကူ တည်ဆောက်နိုင်တဲ့ မသေရာ အလှတရားကလေးတွေပါ။ ဒီထက်ပိုပြီး ခမ်းနားအောင် တည်ဆောက်ခဲ့မယ်ဆိုရင်တော့ ဘာအထူးပြောစရာ လိုတော့မလဲ။ “လှည်းဝန်ရိုးသံ တညံညံ၊ ပုဂံဘုရားပေါင်း”တို့လိုပဲ ဖြစ်မှာပေါ့။

    ဒီထက်တဆင့်တက်ပြီးတော့လည်း ဆရာကြီးက -
    “သင်၏မျိုးသား၊ စာ,စကားလည်း၊ ကြီးမားတက်မြင့်၊ ကျန်ကောင်းသင့်၏”တဲ့။ ဒါကတော့ ရှင်းပါတယ်။ ဒီနေ့ မြန်မာစာပေလောကမှာ ကျောက်စာများကစပြီး ပျို့၊ ကဗျာ၊ လင်္ကာ၊ ရတု၊ စကားပြေတို့ပါ အပြည့်အစုံ လေ့လာစရာ ဂုဏ်ယူစရာတွေဆိုတာ ရှေးပညာရှင်များရဲ့ မသေနိုင်တဲ့အလှများပဲ မဟုတ်လား။

     သင်လည်း သင်စွမ်းနိုင်ရာကနေ ဒီအလှတရားတွေ လှသက်ရှည်အောင် ဖြည့်စွက်ထမ်းဆောင်မယ်ဆိုရင် သင်သေသည့်တိုင် သင့်ရဲ့မသေနိုင်တဲ့ အမတေ အလှတစ်ခုတော့ လောကထဲမှာ ထင်ကျန်ရစ်ခဲ့မှာပါ။ ရှင်မဟာသီလဝံသ၊ ရှင်မဟာရဋ္ဌသာရတို့ရဲ့ ပျို့ကဗျာများ၊ လယ်တီဒီပနီများနဲ့ မဟာဂန္ဓာရုံဆရာတော်ရဲ့ ဘာသာဋီကာများ စသည်တို့လိုပဲပေါ့။ အဲဒီလို ထင်ကျန်ရစ်စေဖို့ ဆရာကြီးက သတိပေး တိုက်တွန်းလိုက်တာပါပဲ။

    လောကရေးမှာ လောကသင်္ကေတအရ မသေရာအလှမှတ်တိုင်များ စိုက်ထူနိုင်ရေးသာမက တကယ့်ကိုမှ “အမတေ”လို့ခေါ်ရတဲ့ မသေရာပန်းတိုင်အစစ်ကြီးဖြစ်တဲ့ နိဗ္ဗာန်မဂ်ဖိုလ်တိုင် အမြင့်မြတ်အခိုင်မာဆုံး အလှမှတ်တိုင်ကြီးအထိ စိုက်ထူနိုင်ရေးအတွက်ကိုတော့ ဆရာကြီးက -
    “သင်ဦးချ၍၊ အမျှဝေရာ၊ စေတီသာနှင့်၊ သစ္စာအရောင်၊ ဉာဏ်တန်ဆောင်လည်း၊ ပြောင်လျှက်ဝင်းလျှက် ကျန်စေသတည်း”လို့ တိုက်တွန်းလိုက်ပါတယ်။ “လောကရေးလည်း မဖျင်းနဲ့၊ ဓမ္မရေးလည်း မကင်းနဲ့”ဆိုတဲ့ ရှေးလူကြီးသူမတို့ရဲ့ အဆုံးအမအတိုင်း ဆရာကြီးကလည်း ထပ်မံတိုက်တွန်းလိုက်တာပါ။

     ဒီနေ့အထိ ဗုဒ္ဓဘာသာဝင်သူတော်စဉ်တို့ရဲ့ စစ်မှန်တဲ့ ကိုးကွယ်ရာဖြစ်တဲ့ မြတ်ဗုဒ္ဓသာသနာတော်ဆိုတာ အရှင်မဟာကဿပအစရှိတဲ့ မထေရ်မြတ်အဆက်ဆက်တို့နဲ့ အဇာတသတ်မင်းအစရှိတဲ့ သာသနာ့ဒါယကာအဆက်ဆက်တို့ စိုက်ထူခဲ့တဲ့ အမတ မှတ်တိုင်ကြီးပဲ မဟုတ်လား။ ဒီမှတ်တိုင်ကြီး ဆက်လက် တည်တန့်ထွန်းလင်းရေးအတွက် သင်လည်း တစ်တပ်တစ်အားပါဝင်ခဲ့ဖို့ ဆရာကြီးက တိုက်တွန်းလိုက်တာပါ။

    ဟုတ်ပါတယ်။ လူတိုင်းမှာ လူစွမ်းလူစဆိုတာ အနည်းနဲ့အများဆိုသလို ရှိကြတာချည်းပါပဲ။ ကိုယ့်ရဲ့လုပ်နိုင်စွမ်းတွေ၊ လုပ်ပိုင်ခွင့်တွေကို မသေရာအထိ မရည်မှန်းဘဲ မသေခင် ကိုယ်ကျိုးသက်သက်အတွက်သာ လုပ်ကိုင်နေကြမယ်ဆိုရင်တော့ “ခြေရာလည်းပျောက်၊ ရေလည်းနောက်”ဆိုသလိုပဲ သင့်ခြေရာများ ပျောက်သွားတာနဲ့ တပြိုင်နက် သင့်ရပ်ရွာ၊ သင့်နိုင်ငံအတွက် ဘာခြေရာလက်ရာမှ အကျိုးရှိရှိ ထင်ကျန်ရစ်စရာ မရှိနိုင်သလို သင့်ရဲ့သားစဉ်မြေးဆက်အတွက်လည်း ကဲ့ရဲ့ဖွယ်ရာ ဂုဏ်ပျက်စရာများနဲ့ မျက်နှာမလှ ဖြစ်ကျန်ရစ်ခဲ့ကြရမှာပါ။

     တစ်လောကလုံးကိုစိုးပိုင်တဲ့ ဧကရာဇ်ဘုရင်ကြီးပင်ဖြစ်သော်လည်း သူပိုင်ဆိုင်အုပ်စိုးရာ လောကအတွက် အကျိုးပြုတဲ့ မသေရာမှတ်တိုင် တစ်ခုတစ်လေမှ မစိုက်ထူရစ်ခဲ့ဘူးဆို၇င်တော့ သစ်ပင်ကြီးလို ထီးထီးမားမားနေခဲ့ပြီး သစ်ရွက်ကလေးလို မထင်မရှား ကြွေသွားသူသာ ဖြစ်ရမှာပါ။

    ဒီနေရာမှာ ကဗျာဆရာ ဦးတင်မိုးရဲ့ “ငါကား ဖခင်ဖြစ်ချေပြီး”ဆိုတဲ့ ကဗျာကလေးကလည်း အလေးအနက် သတိထားစရာတစ်ခုပါပဲ။ ကဗျာကလေးကတော့ -
    “ငါအဖေကား၊ ရွှေငွေဥစ္စာ၊ အာဏာမင်းစက်၊ ရာထူးမက်ဟု၊ သက်ရှက် မခံတော့ပါပြီ။
    ငါ့အဖေကား၊ နေရာတစ်ခု၊ ရလိုမှုတွက်၊ အလုအယက်၊ ခြေကိုဖက်ဟု၊ သားရှက် မခံတော့ပါပြီ။

    ငါ၏စိတ်ထား၊ ငါ့စကားသည်၊ သားတို့ရှေ့ဆောင်၊ သားတို့တန်ဆောင် ဖြစ်ချေပြီ”တဲ့။
    ဆရာဇော်ဂျီက သေခြင်းရဲ့နောက်မှာ သားစဉ်မြေးဆက် ဂုဏ်တက်စရာ သေခြင်းကင်းတဲ့ အလှများထင်ကျန်ရစ်အောင် ရပ်ရွာ၊ ဒေသ၊ အမျိုး၊ ဘာသာ၊ သားသနာမှာ စွမ်းနိုင်ရာက အလှဆင်ခဲ့ကြဖို့ တိုက်တွန်းလိုက်တာပါ။

    ဆရာတင်မိုးကတော့ အသက်ပင်ရှင်သော်လည်း သေသူလို့ဆိုရလောက်အောင် အကျည်းတန်အရုပ်ဆိုးလှတဲ့ မကြားဝံ့ မမြင်ဝံ့စရာ၊ သားစဉ်မြေးဆက် ဂုဏ်ပျက်စရာ၊ မျက်နှာမဖော်ဝံ့စရာ၊ အကျည်းတန်မှုမျိုးတွေကို ရှောင်ရှားဖို့ သတိပေးလိုက်တာပါ။

    ဆရာတင်မိုး သတိပေးသလို ဂုဏ်ပျက်စရာများကို ရှောင်ရှားပြီး ဆရာကြီးဇော်ဂျီ တိုက်တွန်းခဲ့သလို သားစဉ်မြေးဆက် ဂုဏ်တက်စရာဖြစ်တဲ့ ရပ်ရွာအလှ၊ ဒေသအလှ၊ နိုင်ငံအလှ၊ စာပေယဉ်ကျေးမှုအလုပ်များနဲ့ အရေးအကြီးဆုံးဖြစ်တဲ့ ဘာသာ သာသနာအလှများကို “လုပ်ပိုင်ခွင့်ရှိသမျှ၊ လုပ်နိုင်စွမ်းရှိသမျှ အားသွန်ခွန်စိုက် တည်ဆောက်အလှဆင်ကြပါစို့”လို့ တိုက်တွန်း ဆော်သြလိုက်ပါရစေ။ ။

    ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)

Wednesday, July 24, 2013

"မင်းကွန်းဆရာတော်ကြီး ၏ အံ့သြ ကြည်ညိဖွယ်ရာ စိတ်ထားတော် "

"မင်းကွန်းဆရာတော်ကြီး ၏ အံ့သြ ကြည်ညိဖွယ်ရာ စိတ်ထားတော် "


ကျန်ခဲ့သည့်ရက်ပိုင်းက ကျွန်တော်၏ စာအုပ်ပုံ ထဲမှ ဘယ်ကနေ ဘယ်လို ရှာဖွေတွေ့မိလိုက်သည် မသိ။ "နှစ်ဆယ်ရာစု၏မဟာလူသား"ဟု အမည်ပေးထားသော စာအုပ်ကို တွေ့လိုက်မိပါ၏။ ထိုစာအုပ်တွင်ပါဝင်သည့်အကြောင်းအရာမှာ "မင်းကွန်းဒုတိယဓမ္မနာဒတိုက်ဆရာတော်၊ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက၊အဂ္ဂမဟာပဏ္ဍိတ၊အဘိဓဇမဟာရဋ္ဌဂုရု အရှင်ဝိစိတ္တသာရာဘိဝံသ ဆရာတော်ကြီး"၏ "ထေရုပ္ပတ္တိ"ဖြစ်ပါသည်။



ရေးသားပူဇော်သူက"တိုးလှ, M.A .,Ph.d.(NIU,USA)၊တာဝန်ခံညွှန်ကြားရေးမှူးချုပ်၊တက္ကသိုလ်များသမိုင်းသုတေသနဦးစီးဋ္ဌာန"ဖြစ်၍ (၂၀၀၄)ခုနှစ်တွင် "မြန်မာသမိုင်းအဖွဲ့ နှစ်(၅၀)ရွှေရတုအထိမ်းအမှတ်စာအုပ်စာတမ်းများ ပုံနှိပ်ထုတ်ဝေရေးကော်မတီ"မှ ထုတ်ဝေခဲ့သည် ဆိုပါ၏။

"စာပေကျမ်းဂန်နှံ့စပ်ပြီးဗဟုသုတကြီးသောပုဂ္ဂိုလ်များ"ကိုကျွန်တော်အလွန်"လေးစား"တတ်ပါသည်။"ကိုယ်ပိုင်ဉာဏ်ကိုဝံ့ဝံ့စားစား,စူးစူးရှရှသုံးတတ်သောပုဂ္ဂိုလ်များ"ကို"ရိုသေ"တတ်ပါသည်။ထို"နှစ်ပါးစုံသောပုဂ္ဂိုလ်"တို့ကိုကား"ကြည်ညိုအားကျခြင်း"ဖြစ်မိတတ်ပါသည်။

"မင်းကွန်းတိပိဋကဓရဆရာတော်ကြီး"မှာကျွန်တော်"ကြည်ညိုအားကျ"မိသောအရှင်သူမြတ်ကြီးဖြစ်ပါသည်။"မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီး "အကြောင်းသိမီလိုက်ကြသူများအနေဖြင့် ကျွန်တော့်အဆိုကို သဘောတူကြမည်ဟု ယူဆပါသည်။

ထို"နှစ်ဆယ်ရာစု၏မဟာလူသား"အမည်ရစာအုပ်ထဲမှကျွန်တော့်အာရုံကိုဆတ်ကနဲလှုပ်နှိုးလိုက်ပုံကပဲစပြီးတင်ပြလိုက်ပါရစေ။

မင်းကွန်းတိပိဋကဓရဆရာတော်ကြီး သည် မိမိအောင်ထားသော "တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက" ဟူသောဘွဲ့ကြီးအပေါ် "မည်မျှ အသုံးကျသနည်း" ဟုကြံကြံဖန်ဖန် အတွေးပေါ်ခဲ့ဖူးသည် ဟူ၏။

"ဆရာတော်ကြီး" က ထိုသို့ ကြံကြံဖန်ဖန်အတွေးပေါ်ပုံကို ပွင့်လင်းစွာ ပြန်ပြောပြသောအခါ ဆရာတော်ကြီး၏ "လူသားဆန်မှု နှင့် ရိုးဂုဏ် "ကို ပိုမို ထပ်ဆင့်ကာ ကြည်ညိုမိပြန်ပါသည်။

"ဆရာတော်ကြီး"သည်"ဧရာဝတီတိုင်း၊ပုသိမ်မြို့၊မြို့လယ်သာသနာ့ဗိမာန်တော်ကြီး"၌ ရဟန်းတော် များကို "ဆုံးမသြ၀ါဒ"ပေးရာ ၌ ယင်းကဲ့သို့ အတွေးပေါ်ခဲ့ဖူးကြောင်း ဤသို့ပြောပြခဲ့ဖူးပါသည်။

"အကျင့် ပဋိပတ် မပါဘူးဆိုရင် အောင်မြင်မှုအပေါ်ယစ်မူးပြီး မြွေဖမ်းဆရာ ဥပမာ လိုဖြစ်တတ်ပါတယ် ဘုရား။ တပည့်တော် ကြုံတွေ့ခဲ့ရတာကလေး တစ်ခု လျှောက်ပါရစေ။ တပည့်တော် တိပိဋကဒရ ဖြစ်ပြီးကာ စ က ၊ ကိစ္စလေးရှိလို့ မန္တလေး ဘက် ကူးခဲ့ပါတယ်။ ကမ်းနား မှာပါ။

တပည့်တော် ကို အချို့ က တိပိဋက ကိုယ်တော် ဆိုတာ မသိကြပါဘူး။လူကလည်းပိန်ပိန် မို့ အို စာနေတော့ ပိုဆိုးပါတယ်ဘုရား။ မြစ်ကမ်းနား ကနေ ကား ရှိရာဘက် ခြေကျင် သွားတာပါ။ အဲဒီမှာ ဘာတွေ့ရသလဲ ဆိုတော့ ကားသမားတွေက (ဦးဇင်းကြီး ကား ငှား ဦးမလား)တဲ့။(ဘယ်သွားမလဲ) တဲ့။ ဆိုက်ကားဆရာတွေကလည်း (ဘယ်ပို့ရမလဲ)တဲ့ ။သာမည ဘုန်းကြီး တစ်ပါးတွေ့လို့ မေးပုံမျိုး မေးကြပါတယ်။

အထမ်းသမား တစ်ယောက် ကဆို ပစ္စည်းတွေသယ်ရင်း တပည့်တော် ကိုတိုက်သွားပါတယ်။
နောက်မှ (ဦးဇင်းကြီး မတော်လို့နော်)တဲ့။ နောက်တစ်ယောက် က (ကိုယ်တော်ကြီး ဖယ် ဖယ် တိုက်မိမယ်)တဲ့။ ပြောသွားကြတာ။ဆက်ဆံသွားကြတာ။

ဒီလို ဖြစ်တဲ့ ကိစ္စမှာ သူတို့အပြစ် မရှိပါဘူး။သူတို့ အလုပ် သူတို့ လုပ်နေကြတာကိုး ဘုရာ့။ တပည့်တော် ကိုလည်း ဘယ်လို ဘုန်းကြီး၊ဘာ စာမေးပွဲအောင်ထားတာ၊ ဆိုတာ သူတို့ စိတ်မ၀င်စားနိုင်ဘူးလေ။ သူတို့ ၀မ်းရေး က အဓိက ကိုး ဘုရာ့။

ဒီမှာ တပည့်တော် ဘာ စဉ်းစားမိသလဲ ဆိုတော့-
(သြော် ငါ အောင်ထားတဲ့ စာမေးပွဲဟာ၊ အောင်ကြောင်း သိတဲ့ လူတွေထဲသာ အသုံးဝင်တာပါလား။ ပူဇော်ပွဲ အခမ်းအနားမှာသာ တန်ဖိုးရှိတာ ပါလား။ငါ့ကို ကာကွယ် စောင့်ရှောက် မနေကြပါလား။ အောင်မြင်မှုကို ယစ်မူးလို့-ပစ္စည်း-မာတု- တွေနဲ့အချိန်ဖြုန်းနေရင် ငါ ပဲ နစ်နာမှာပါလား။

သိသူထဲရော မသိသူတွေ ကြားမှာပါ အသုံးဝင်တာ အကျင့် ပဋိပတ် ပါလား။ ငါ ကိုယ်တိုင် ကျင့်ထားတဲ့ သီလ၊ သမာဓိ၊ပညာ တွေကသာ ငါ့ ကိုအမှန်တကယ် ပစ္စုပ္ပန်-သံသရာ စောင့်ရှောက်မှာပါလား) စသည်ဖြင့် တွေးမိတယ် ဘုရား။"
ဟူ၍ဖြစ်သည်။

လူ့လောကတွင် ပညာလေးတတ်လို့ အာဏာလေး ရှိလာပြီဆိုလျှင် "ငါဘာကောင်လဲ သိစေမယ်" ဟူသော မာန များရှိတတ်ကြသည့် လောကကြီးထဲမှာ ဆရာတော်ကြီးလည်း အပါအ၀င်ဖြစ်ခဲ့ဖူးလေသည်။
သို့သော်- ဆရာတော်ကြီးသည် တရားနှင့်သိမ်းဆည်းနိုင်ခဲ့သည်ကိုတွေ့ရှိရသဖြင့် ထို ဟောပြောချက်ကိုဖတ်မိရသောအခါကျွန်တော်တုန်လှုပ်၍သွားမိပါလေသည်။

တစ်ခါက "ပခုက္ကူမြို့၊မဟာဝိသုတာရာမတိုက်၊ဆရာတော်"က ဤသို့မေးလျှောက်ဖူး၏။

"မင်းကွန်းတိပိဋကဆရာတော် အနေဖြင့် တရားဟောသည့်အခါ ပါဠိတော်ကို အဋ္ဌကထာ၊ဋီကာ၊နိဿယ တို့နှင့်နှီးနှော၍အပိုအလို မရှိ အောင် မည်သို့ မည်ပုံ ဟောပါလဲ" ဟု လျှောက်ဖူးသည်။

ထို အခါ "တိပိဋကဆရာတော်ကြီး" က ဤသို့ပြန်ဖြေခဲ့၏။

"တပည့်တော် တရားဟောတဲ့အခါ- ဘုရားရှင် ကို မျက်စိထဲမှာပေါ်လာအောင်အာရုံယူပြီးမှ တရားဟောပါတယ်။ အဲဒီလို အာရုံယူလိုက်တဲ့အခါ တပည့်တော်ရဲ့ နှုတ်က လှုပ်ရုံနဲ့ တရားတော်တွေဟာ ဘုရားရှင်တိုက်ရိုက် ဟောသလို စီရရီ ထွက်လာတာပါဘဲ ဘုရား။ တရားပွဲ မပြီး မချင်း တပည့်တော် ဘာကိုမှသတိမရဘဲ တရားထဲမှာနစ်မျောပြီး တရားပွဲပြီးလို့ ပရိတ်သတ်တွေက သာဓု သာဓု သာဓု လို့ ခေါ်မှ တပည့်တော် တရားဟောနေတာပါလား လို့ သတိပြန်ရတယ် ဘုရား"
ဟူ၍ဖြစ်သည်။

ဆရာတော်ဘုရားကြီး၏ စကားအဆိုအရမူ-
တရားဟောခြင်းသည် မိမိ၏အတ္တနောမတိ ကို တင်ပြဟောကြားနေခြင်းမဟုတ်ဘဲ ဘုရားရှင်၏ စကားတော်တို့ကိုပြန်လည်ရှင်းပြနေခြင်းသာဖြစ်၏။ဤသို့ဟောပြောနေစဉ် စိတ် က ဘုရားရှင်အား ပူဇော်နေခြင်း ဟု ခံယူထားခြင်းသဘောကိုတွေ့ရ၏။ အံ့ဖွယ်ကောင်းလေစွ။

ထို့ထက် ကျွန်တော် အံ့သြလေးစားကြည်ညို မိသည့် "ဆရာတော်ဘုရားကြီး၏ စကားတော်" မှာအောက်ပါအတိုင်းဖြစ်ပါသည်။

"ဆရာတော်ဘုရားကြီး"သည်"တရားဟော၊တရားဖြန်ဖြူးခြင်းနှင့်ဆိုင်သောဓမ္မကိစ္စများ"ကိုအားသွန်ခွန်စိုက်ရွက်ဆောင်လေ့ ရှိသဖြင့်"နားနား နေနေ နှင့် သက်တောင့် သက်သာ"နေရန် လျှောက်ထားသောအခါ-

"ဆရာတော်ဘုရားကြီး" က -

"တရားဟောတာဟာ မပင်ပမ်းပါဘူး။ ရပြီးသား စာတွေပြန်ရွတ်ရတာ မပင်ပမ်းပါဘူး။ ဒီ ပါးစပ်ဟာ ဘ၀ပေါင်းများစွာ ထင်ရာတွေ ပေါက်လွှတ်ပဲစား ပြောလာခဲ့တာ။ အခုလို ဘ၀ကောင်း၊အခါကောင်း ကြုံခိုက်၊ ရှင်တော်မြတ်ဘုရားရဲ့တရားတွေ ပေးလှူ ဖြန့်ဖြူးနေရတာ အင်မတန် မွန်မြတ်တဲ့ အလုပ်ပဲ မဟုတ်လား " ဟူ၏။

အားကျ အတုယူ အံ့သြ လေးစား ကြည်ညို ဖွယ် မကောင်းပေဘူးလား။ ဒီလို အသိမျိုး၊ဒီလို အတွေးအခေါ်မျိုး၊ကျွန်တော့် ဓမ္မမိတ်ဆွေများအားလုံးကို သတိပြုမိစေချင်လွန်းသဖြင့်နှိုးဆော် တင်ပြလိုက်ရပါသည်ခင်ဗျား။

မှီခိုရာကျမ်းကိုး-
-"နှစ်ဆယ်ရာစု၏မဟာလူသား"
(တိုးလှ, M.A .,Ph.d.(NIU,USA)၊တာဝန်ခံညွှန်ကြားရေးမှူးချုပ်၊တက္ကသိုလ်များသမိုင်းသုတေသနဦးစီးဋ္ဌာန)
(၁၅-ဒီဇင်ဘာ၊၂၀၀၄-ခုနှစ်-ထုတ် မှ)



ချမ်းသာပါစေ၊အေးငြိမ်းပါစေ၊ သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။

ဘ၀တုသဗ္ဗမင်္ဂလံ

သင့်
ကလျာဏ မိတ္တ (ည.ည.တ)

Tuesday, July 23, 2013

စိတ်နေသဘောထား 態度


စိတ်နေသဘောထား

[စိတ္တေန နိယတေလောကော - လောကကြီးကို စိတ်ကဦးဆောင်တယ်ဆို့တဲ့ ဘုရားဟော ဓမ္မပဒအပိုဒ်ထဲကစာသားလေးကို ဖော်ဆောင် တဲ့သုတေသနစမ်းသပ်မှုတစ်ခုပါ။]
စိတ်နေသဘောထားဆိုတာ ထူးဆန်းအံ့သြတဲ့အရာဖြစ်သလို ထူးခြားတဲ့အင်အားကိုလည်း ဖြစ်ပေါ်စေတယ်။

အမေရိကန် ဟားဗတ်တက္ကသိုလ်က စိတ်နေသဘောထားနဲ့ပတ်သက်ပြီး စမ်းသပ်မှုတစ်ရပ်ကို ပြုလုပ်ခဲ့တယ်။
လွန်ခဲ့တဲ့နှစ်အနည်းငယ်ခန့်က ပါမောက္ခ Robertဟာ ဟားဗတ်တက္ကသိုလ်မှာ ရက်သတ္တပတ်(၆)ပတ်ကြာတဲ့ စမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့တယ်။ စမ်းသပ်မှုမှာ ကျောင်းသားတွေကို အုပ်စုသုံးစုခွဲပြီး အုပ်စုတစ်စုချင်းစီကို ကြွက်တွေ အညီအမျှ ခွဲဝေပေးခဲ့တယ်။ ကျောင်းသားတွေက သူတို့ရဲ့ကြွက်တွေကို ဝင်္ဂဘာတစ်ခုထဲ ဖြတ်စေပြီး တင်္ဂဘာတစ်ဘက်က ဒိန်ခဲတွေကို စားစေရမှာဖြစ်တယ်။

ကြွက်တွေခွဲဝေပေးပြီးနောက် ပါမောက္ခRobertက ပထမအုပ်စုကို "မင်းတို့ သိပ်ကံကောင်းတယ်။ မင်းတို့ရဲ့ကြွက်တွေက ထက်မြက်ပြီး ဉာဏ်ပြေးတယ်။ သူတို့ဟာ ဝင်္ဂဘာရဲ့တစ်ဘက်ကို အမြန်ဆုံးရောက်အောင်သွားပြီး ဒိန်ခဲတွေကို အများကြီးစားပစ်လိမ့်မယ်။ ဒါကြောင့်ဒိန်ခဲတွေကို ခပ်များများချထားပေးဖို့လိုတယ်" လို့ပြောခဲ့တယ်။

အဲဒီနောက် ပါမောက္ခ Robertဟာ ဒုတိယအုပ်စုကို "သာမန်တဲ့ကြွက်အုပ်စုနဲ့ မင်းတို့နေရလိမ့်မယ်။ သူတို့ဟာ ဝင်္ဂဘာရဲ့တစ်ဘက်ကို ခပ်မှန်မှန်သွားပြီး ဒိန်ခဲတွေကို စားလိမ့်မယ်။ သူတို့ရဲ့အသိဉာဏ်က သာမန်အဆင့်မို့ သိပ်မျှော်လင့်ချက် မထားစေချင်ဘူး"လို့ပြောခဲ့တယ်။

နောက်ဆုံးအဖွဲ့ကို ပါမောက္ခ Robertက "ဝမ်းနည်းပါတယ်။ တုံးတုံးအအ ကြွက်အုပ်စုနဲ့ မင်းတို့နေရလိမ့်မယ်။ သူတို့ဟာ အရမ်းတုံးအတာကြောင့် ဝင်္ဂဘာတစ်ဘက်ကို ရောက်နိုင်လိမ့်မယ် မထင်ဘူး။ ဒါကြောင့် ဝင်္ဂဘာတစ်ဘက်မှာ ဒိန်ခဲတွေကို မင်းတို့ချထားစရာ မလိုဘူး" လို့ပြောခဲ့တယ်။
သတ်မှတ်တဲ့ရက်ပြည့်ပြီးနောက် စမ်းသပ်မှုရလဒ်ကို အောက်ပါအတိုင်းရခဲ့တယ်။

ထက်မြက်ပြီး ဉာဏ်ပြေးတယ်ဆိုတဲ့ကြွက်တွေဟာ ဝင်္ဂဘာတစ်ဘက်ကို အလျင်အမြန်ဖြတ်ကျော်နိုင်ခဲ့တယ်။ သာမန်တယ်ဆိုတဲ့ကြွက်တွေလည်း ဝင်္ဂဘာတစ်ဘက်ကို ရောက်သွားခဲ့ပါတယ်။ ဒါပေမယ့် ခပ်နှေးနှေးနဲ့ ရောက်သွားတာဖြစ်တယ်။ တုံးအတယ်ဆိုတဲ့ကြွက်တွေထဲမှာ ကြွက်တစ်ကောင်ဘဲ ဝင်္ဂဘာတစ်ဘက်ကို ရောက်သွားခဲ့တယ်။
စိတ်ဝင်စားစရာကောင်းတာက လောကမှာထက်မြက်တဲ့ကြွက်၊ တုံးအတဲ့ကြွက်ဆိုတာ မရှိပါဘူး။ 

ကြွက်တွေအားလုံးဟာ ကြွက်သိုက်တစ်သိုက်ထဲက ထွက်လာတဲ့ သာမန်ကြွက်တွေပဲဖြစ်တယ်။ ဒီကြွက်တွေရဲ့ လုပ်ရပ်တွေ ကွဲပြားသွားရတာဟာ စမ်းသပ်တဲ့ကျောင်းသားတွေနဲ့ပဲ ဆိုင်ပါတယ်။ ကျောင်းသားတွေအပေါ် ပါမောက္ခ Robertရဲ့မတူတဲ့ စိတ်သဘောထားတွေ သက်ရောက်ခဲ့လို့ဖြစ်တယ်။ ကျောင်းသားတွေက ကြွက်တွေရဲ့ဘာသာစကားကို နားမလည်ပါဘူး။ ဒါပေမယ့် ကြွက်တွေက သူတို့အပေါ်ထားတဲ့ ကျောင်းသားတွေရဲ့ စိတ်သဘောထားကို သိခဲ့ကြတယ်။

"စိတ်နေသဘောထား"ရဲ့ ထူးခြားတဲ့အင်အားကို ဒီစမ်းသပ်မှုက သက်သေပြခဲ့ပါတယ်။
ဘဝကို ဘယ်လိုစိတ်သဘောထားနဲ့ သင်ရင်ဆိုင်ရင် ဘယ်လိုဘဝမျိုးကို သင်ရမှာဖြစ်တယ်။

မူရင်း-- http://www.dpes.tc.edu.tw/lib/candle/fa_74.htm

နိုင်းနိုင်းစနေ ဘာသာပြန်သည်။


態度

態度是一件奇妙的東西,它會產生神奇的力量。美國哈佛大學的一項實驗,證實了態度的魔力。

若干年前,羅伯特博士在哈佛大學主持一項為期六週老鼠通過迷陣吃乾酪的實驗,其對象是三組學生與三組老鼠。

他對第一組學生說:「你們太幸運了,因為你們將跟一群天才老鼠在一起。這群聰明的老鼠將迅速通過迷陣抵達終點,然後吃許多乾酪,所以你們必須多準備些乾酪放在終站。」

他對第二組學生說:「你們將跟一群普通的老鼠在一起。這群平庸的老鼠最後還是會通過迷障抵達終點,然後吃一些乾酪。因為牠們智能平平,所以期望不要太高。」

他對第三組學生說:「很抱歉,你們將跟一群笨老鼠在一起。這群笨老鼠的表現會很差,不太可能通過迷障到達終點,因此你們根本不用準備乾酪。」

六個星期之後,實驗結果出來了。天才老鼠迅速通過迷陣,很快就抵達終點;普通老鼠也到達終點,不過速度很慢;至於愚笨的老鼠,只有一隻通過迷障抵達終點。

有趣的是,其實根本沒有什麼天才老鼠與笨老鼠,她們全都是同一窩的普通老鼠。這些老鼠之所以表現有天壤之別,完全是因為實驗的學生受了羅伯特博士的影響,對他們態度不同所產生的結果,學生們當然不懂老鼠的語言,然而老鼠知道學生對牠們的態度。

此一實驗證明了「態度」的神奇力量。
你用什麼態度去面對你的人生,你就會有什麼樣的人生。