စစ်မှန်သော ကိုးကွယ်မှုမှတပါး
ဗုဒ္ဓဘာသာမှာ ထေရ၀ါဒဗုဒ္ဓဘာသာနဲ့ မဟာယာနဗုဒ္ဓဘာသာ ဆိုပြီးတော့ နှစ်မျိုး ရှိပါတယ်။ ကျနော်တို့ မြန်မာလူမျိုးတွေ ကိုးကွယ်နေတဲ့ ဗုဒ္ဓဘာသာဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာပါ။ ထေရ၀ါဒရဲ့ အဓိပ္ပါယ်ကတော့ ထေရဆိုတာ ခိုင်မြဲခြင်း၊ ၀ါဒဆိုတာတော့ အယူအဆပါ။ ဘာတွေနဲ့ ခိုင်မြဲလည်း ဆိုတော့ သရဏဂုံသုံးပါး၊ သိက္ခာသုံးရပ်၊ မဂ္ဂင်(၈)ပါးတို့နဲ့ ခိုင်မြဲပါတယ်။ အဲ့ဒီ့ သုံးရပ်တို့နဲ့ ခိုင်မြဲတဲ့ မထေရ်တို့ရဲ့ လက်ဆင့်ကမ်း သယ်ဆောင်ခဲ့တဲ့ ၀ါဒ(အယူအဆ)ကို ထေရ၀ါဒလို့ ခေါ်ပါတယ်။ ဗုဒ္ဓဘာသာ ဆိုတာကတော့ ဗုဒ္ဓဟုခေါ်သည့် သဗ္ဗညုဘုရားရှင်တော်မြတ်၏ တရားတော်ကို ဗုဒ္ဓဘာသာလို့ ခေါ်ပါတယ်။ ဗုဒ္ဓရှင်တော်မြတ်၏ အဆုံးအမအတိုင်း လိုက်နာ ကျင့်ကြံ နေထိုင်သူကိုတော့ ဗုဒ္ဓဘာသာဝင်လို့ ခေါ်ပါတယ်။
ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် စစ်စစ် ဆိုတာကတော့ ဘုရား၊ တရား၊ သံဃာဟူသော ရတနာမြတ်သုံးပါးကို စစ်မှန်သော သဒ္ဓါတရားဖြင့် သက်ဝင်ယုံကြည်ပြီး သရဏဂုံ ဆောက်တည်ပါမှ ဗုဒ္ဓဘာသာဝင် စစ်စစ် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလိုဆိုရင် ဗုဒ္ဓဘာသာဝင်တစ်ဦး စစ်စစ်ဖြစ်ဖို့ ရတနာမြတ်သုံးပါး အကြောင်းကို ကောင်းစွာ သိရှိထားရန် လိုအပ်သလို ပညာနဲ့ယှဉ်ပြီး ကိုးကွယ်ဆည်းကပ် ပူဇော်တတ်ဖို့လည်း အရေးကြီးပါတယ်။
စစ်မှန်သော ကိုးကွယ်မှု ဆိုတာကတော့ တရားနာမြတ်သုံးပါးဟု ဆိုအပ်သော ဘုရား၊ တရား၊ သံဃာမှတပါး အခြားသော မည်သည့် အရာမှ ကိုးကွယ်ဆည်းကပ်ခြင်း မပြုတာကို ခေါ်ပါတယ်။ ဒါဆို တခြားသော အရာတွေကို ကိုးကွယ် ဆည်းကပ်ရင် ဘာဖြစ်မလဲ? ဘုရား၊ တရား၊ သံဃာမှတပါး အခြားအရာတွေကို ကိုးကွယ် ဆည်းကပ်မယ် ဆိုရင်တော့ ဗုဒ္ဓဘာသာဝင် စစ်စစ်လို့ ပြောလို့ မရတော့ပါဘူး။ အဲ့လိုမျိုး ဗုဒ္ဓဘာသာကိုတော့ မျိုးမစစ် ဗုဒ္ဓဘာသာလို့ ခေါ်ပါတယ်။ ဘာလို့ ဒီအချက်ကို အဓိကထား ပြောရလဲဆိုတော့ ကျနော်တို့တွေရဲ့ ဗုဒ္ဓဘာသာမှာ သရဏဂုံဆိုတာ အသက်ပါ။
သရဏဂုံမှ ကောင်းစွာ တည်မထားတဲ့ လူတစ်ယောက်ဟာ ဘယ်လောက်ပဲ တရားတွေ အားထုတ်နေပါစေ.. သရဏဂုံ ကောင်းစွာ တည်မထားတဲ့ အတွက် တရားရဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါဘာလို့လည်းဆိုတော့ ဘုရား၊ တရား၊ သံဃာမှတပါး အခြားအရာကို ကိုးကွယ်လိုက်ပြီ ဆိုတကည်းက သူ့မှာ ကံနဲ့ ကံရဲ့ အကျိုးကို မယုံကြည်တော့ဘူး ဆိုတာ ယူဆလို့ ရပါတယ်။ နောက်ပြီး ဘုရားမှတစ်ပါး အခြားအရာကို ကိုးကွယ် လိုက်ပြီ ဆိုကတည်းက ဘုရားကိုသာမက ဘုရားရဲ့ အဆုံးအမကိုပါ မယုံကြည်ရာ ရောက်တဲ့ အတွက် ဘုရားကို စော်ကားရာ ရောက်ပါတယ်။
ကျနော်တို့လူမျိုးတွေ အများဆုံး ဖြစ်နေကြတဲ့ အယူစွဲတွေ ရှိပါတယ်။ အတိတ်နမိတ်၊ နက္ခတ်၊ ဗေဒင်၊ ယတြာ၊ လက္ခဏာ၊ အိမ်မက်တိတ္တုံ၊ ရက်ရာဇာ၊ ပြဿဒါး စသည့် အယူအစွဲတွေ တော်တော် ရှိကြပါတယ်။ နောက်ပြီး.. ဘိုးတော်၊ အမ်းကုန်း၊ သူရဿတီ၊ ဘိုးမင်းခေါင်၊ အောင်မင်းခေါင်၊ နတ်အမျိုးမျိုး စသည့် အရာတွေကို ကိုးကွယ်ကြတာတွေ ရှိပါတယ်.. ပြောရမယ်ဆိုရင်တော့ အများကြီးပေါ့။ သူတို့ဘာသာသူတို့ ဘာတွေပဲဖြစ်နေပါစေ.. ဘုရား၊ တရား၊ သံဃာမှတပါး အခြားသော အရာတွေကို ကိုးကွယ်လိုက်ပြီဆိုရင် စစ်မှန်သော ကိုးကွယ်မှု မဟုတ်တော့ပါဘူး။ အဲ့လိုမျိုး ဘုရား တရား သံဃာကို မျက်နှာလွဲပြီး အခြားအရာကို ကိုးကွယ် လိုက်ပြီ ဆိုကတည်းက ဘုရားအဆုံးအမကိုပါ မျက်နှာလွဲရာ ရောက်သွားပါတယ်။
အိမ်မှာ ဘုရားဆင်းတုရှိတယ်.. ဘုရားရှင် ဆုံးမထားခဲ့တဲ့ တရားတော်တွေ ရှိတယ်။ ဒီဟာတွေကို မျက်နှာလွဲပြီးတော့ ကိုယ်က ဗေဒင်သွားမေးမယ် ဆိုပါစို့။ ဗေဒင်သွားမေးလိုက်ပြီဆိုကတည်းက ဘုရားရှင်အဆုံးအမကို ပါယ်လိုက်ပါပြီ။ ဗေဒင်မေးပြီ ဆိုကတည်းက ကံနဲ့ ကံရဲ့အကျိုးကို မယုံကြည်တော့ဘူး။ ဘုရားအဆုံးအမတွေကို မယုံကြည်တော့ဘူး..။ ဘုရားရှင် ဆုံးမခဲ့တဲ့ ကောင်းတာလုပ်ရင် ကောင်းကျိုး ပေးမယ်.. မကောင်းတာ လုပ်ရင် မကောင်းကျိုး ပေးမယ် ဆိုတာကိုလည်း မယုံကြည်တော့ပါဘူး။ သူများကို အားကိုးမှ ရမယ်ဆိုတဲ့ စိတ်တွေဝင်လာတယ်.. အချောင်ရချင်တဲ့ စိတ်တွေဝင်လာတယ်..။ ဒီလိုဆိုရင် ဘုရားဟောတဲ့ မိမိကိုယ်သာ ကိုးကွယ်အားကိုးရာ ဆိုတဲ့ စကားကို ပယ်လိုက်ရာ ရောက်ပါတယ်။
နောက် ပြဿဒါး၊ ရက်ရာဇာ ဆိုတာတွေလည်း ဒီအတိုင်းပါပဲ။ ဘုရားရှင်က ဆုံးမခဲ့တယ်.. သုနက္ခတ္တံ သုမင်္ဂလံ တဲ့.. ကောင်းတာလုပ်နေတဲ့ အချိန်ဟာ ကောင်းတဲ့ နက္ခပဲတဲ့။ ဒါဆိုရင် မကောင်းတာလုပ်နေတဲ့ အချိန်ဆိုရင်တော့ မကောင်းတဲ့ နက္ခတ်ပေါ့။ ဒီအချက်ကို ပါယ်ပြီးတော့ နေ့ကောင်းရက်မြတ် ရွေးတာတို့.. ရက်ရာဇာ ရွေးတာတို့.. ဒါတွေဟာ ဘုရားဆုံးမခဲ့တဲ့ တရားကို ပါယ်ရာရောက် သွားပါတယ်။ သကြားဟာ ဘယ်နေ့စားစား ချိုသလိုပါပဲ.. ဆားဟာလည်း ဘယ်နေ့ စားစား ငန်မှာပါပဲ။ ဒါကို ရက်ကောင်းတွေ ရွေးပြီးမှ လုပ်ကြတယ်ဆိုရင်.. ဒီအချက်ဟာလည်း ကံနဲ့ ကံရဲ့ အကျိုးကို မယုံကြည် တော့တာပါပဲ။ ဒါဆိုရင် အဲ့ပုဂ္ဂိုလ်ဟာ ဘုရားအဆုံးအမကို ပါယ်သွားပြီ။ ဒီအချက်တွေဟာ မြင်သာအောင် အနည်းငယ် လောက်ကိုပဲ ထုတ်ပြလိုက်တာပါ။ တခြားဟာတွေကိုလည်း ဖြန့်တွေးလို့ ရလောက်ပါပြီ..။
ကိုယ့်ကိုကိုယ် တိုးတက်အောင်.. ကြီးပွားအောင်.. အောင်မြင်အောင်.. ဘယ်သူမှ မစလို့ မရနိုင်ပါဘူး။ ဘယ်နတ်၊ ဘယ်ဘိုးတော်၊ ဘယ်ဗေဒင်ဆရာ၊ ဘယ်နက္ခတ်မှလည်း အားကိုးလို့ မရပါဘူး။ မိမိကိုယ်သာလျှင် အားကိုးရမှာပါ။ ဘုရားရှင်ကလည်း သူ့ကိုတိုင်တည်.. သူ့ကိုသာ အားကိုးလို့ မမှာခဲ့ပါဘူး။ ဒါပေမယ့် ဘုရားရှင်က နည်းလမ်းတော့ ပေးခဲ့ပါတယ်။ မင်းတို့ရဲ့ ကံ၊ ဥာဏ်၊ ၀ရိယ ကိုအားကိုးပါတဲ့။ တုနှိုင်းမဲ့တဲ့ တန်ခိုးတော် အနန္တနဲ့ပြည့်စုံတဲ့ ဘုရားရှင်တောင် သူ့ကို အားမကိုးခိုင်းခဲ့ဘူးနော်။ သူများကိုအားကိုးဖို့ဆိုရင်တော့ မပြောပါနဲ့တော့။
ဒီလောက်ဆိုရင် သရဏဂုံသုံးပါးမှတပါး အခြားအရာတွေကို မကိုးကွယ်ထိုက်ဖူးဆိုတာ လက်ခံလောက်ပြီ ထင်ပါတယ်။ ဘုရား၊ တရား၊ သံဃာကို ယုံကြည်ကိုးကွယ်ရင်.. စိတ်လည်းရှင်းတယ်.. ခေါင်းလည်း ရှင်းပါတယ်။ ဘယ်သူ့ကိုမှ အားမကိုးပဲ ကိုယ့်အားကိုယ် ကိုးတဲ့အတွက်လည်း ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိလာပါတယ်။ ဟိုဗေဒင်ဆရာပြော ဟုတ်နိုးနိုး.. ဒီဘိုးတော်ပြော ဟုတ်နိုးနိုး... ပြဿးဒါး ရက်ရာဇာ ရွေးရ ဟုတ်နိုးနိုးနဲ့ ကိုယ့်ကိုကိုယ် အားမကိုးပဲ သူများပြော ဟုတ်နိုးနိုး လိုက်နေရတဲ့ အရူးဘ၀ကလည်း လွတ်ကင်းပါတယ်။ အရူးဘ၀က ကင်းလွတ်တဲ့ အတွက်လည်း စိတ်ချမ်းသာပါတယ်။ စိတ်ချမ်းသာတဲ့ အတွက်လည်း တရားထူး တရားမြတ်ရဖို့ လွယ်ကူပါတယ်။ ဒါ့ကြောင့် စစ်မှန်သော ရတနာမြတ်သုံးပါး ကိုးကွယ်မှုမှတစ်ပါး.. အခြားသော မည်သည့် ပုဂ္ဂိုလ်၊ မည်သည့်နက္ခ မည်သည့်အယူမှ အားမကိုးပဲ ကိုယ့်အားကိုယ်ကိုးပြီး ဗုဒ္ဓရဲ့ဆုံးမသြ၀ါဒတွေကို လက်ကိုင်ထားနိုင်ကြဖို့ အရေးကြီးပါတယ်။ ဗုဒ္ဓဘုရားရှင်ရဲ့ ဆုံးမသြ၀ါဒတွေကတော့..
အားကိုးရာအစစ်ကား ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ
မိတ်ဆွေအစစ်ကား ကံ၊ ဥာဏ်၊ ၀ရိယ
ရန်သူအစစ်ကား လောဘ၊ ဒေါသ၊ မောဟ
နေ့စဉ်အလုပ်ကား ဒါန၊ သီလ၊ ဘာဝနာ
အမြဲနှလုံးသွင်းရန်ကား အနိစ္စ၊ ဒုက္ခ၊ အနတ္တ
အမြဲလက်ကိုင်ထားရန်ကား ခန္ဓီ၊ မေတ္တာ၊ သစ္စာ
မိတ်ဆွေအစစ်ကား ကံ၊ ဥာဏ်၊ ၀ရိယ
ရန်သူအစစ်ကား လောဘ၊ ဒေါသ၊ မောဟ
နေ့စဉ်အလုပ်ကား ဒါန၊ သီလ၊ ဘာဝနာ
အမြဲနှလုံးသွင်းရန်ကား အနိစ္စ၊ ဒုက္ခ၊ အနတ္တ
အမြဲလက်ကိုင်ထားရန်ကား ခန္ဓီ၊ မေတ္တာ၊ သစ္စာ
စစ်မှန်သောကိုးကွယ်မှုဖြင့် ဗုဒ္ဓဘုရားရဲ့ ဆုံးမသြ၀ါဒများကို လက်ကိုင်ထား လိုက်နာကျင့်သုံးပြီး မဂ်ဖိုလ်နိဗ္ဗာန်သို့ တက်လှမ်းနိုင်ကြပါစေ…။။။