Sunday, July 14, 2013

ရေနဲ့ကြာ


 ရေနဲ့ကြာ

နတ်တို့ ဖန်ဆင်း၊ ရေကန်အသင့် ကြာအသင့် …. ဆိုပြီး မြန်မာ့ဆိုရိုးစကားတစ်ခုရှိပါတယ်။ ကိုယ်လိုချင်တဲ့အရာတွေ အခက်အခဲမရှိ ရရှိတဲ့အခါမျိုးမှာ ပြောတတ်ကြတဲ့ စကားလေးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဆင်မပြေမှုတွေ ကြုံရတဲ့အခါမှာ တော့ ကံဆိုးသူတို့သွားလေရာ၊ မိုးလိုက်လို့ရွာ …. ဆိုပြီး စကားပုံလေးတွေ ဖွဲ့ကြပြန်ပါတယ်။ ကြည့်စမ်းပါဦး။ ကံကောင်းတဲ့ သူနဲ့ တွေ့ရတာက ရေ … ဖြစ်ပြီ။ ကံဆိုးတဲ့သူတွေ့ရတာက မိုးဖြစ်နေတယ်။ သို့သော်တူနေတာက မိုးနဲ့ ရေ ဟာ အနွယ် တစ်ခုတည်းဖြစ်နေတာကို သတိထားမိပါ့မလားမသိဘူး။ ကံဆိုးသူရော ကံကောင်းသူရော နှစ်ဦးစလုံး သူတို့တွေ့ရတာ ရေပါပဲ။ ရေချင်းအတူတူ ဘာလို့ လောဘဖြစ်မှာလဲ၊ ဘာလို့ဒေါသဖြစ်မှာလဲ။

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အမြဲတမ်းကြားနေရတဲ့စကားတစ်ခုရှိတယ်။ အဲ့ဒါ လောကဓံ … ဆိုတာပါပဲ။ ကိုယ့်ဘ၀မှာ ခက်ခက်ခဲခဲ ဆင်းဆင်းရဲရဲကျော်ဖြတ်လာရတဲ့အခါတိုင်း ငါ့ဘ၀က ဆိုးပါတယ်။ တို့ကတော့ လောကဓံကို အလူးအလဲ ခံခဲ့ရ တာပါတဲ့။ လောကဓံရဲ့ဒဏ်ချက်တွေကြောင့် ငါ့ဘ၀ကြီးတစ်ခုလုံး ကြေမွနေပါပြီ …….. စုံလို့ပါပဲ။ သူတို့ဖြစ်ကျော်ခဲ့ရတာက ဆိုးတဲ့နေရာတွေကို ဖြစ်ကျော်ရတာကိုး။ ဒီလူတွေကတော့ ပြောကြမယ်ထင်တယ်နော်။ ကံဆိုးသူတို့သွားလေရာ မိုးလိုက် လို့ရွာ … ဆိုပြီးတော့ပေါ့။ တစ်ကယ်တော့ လောကဓံ ရှစ်ပါးမှာ … ချမ်ချမ်းသာသာနေရတာ၊ တနည်း အဆင်ပြေပြေနေရ တာလည်း လောကဓံပါပဲ။ ဆင်းဆင်းရဲရဲနေရတာ၊ တနည်း အဆင်မပြေဖြစ်နေရတာလည်း လောကဓံပါပဲ။ ဒီတော့ အဆိုး တွေကြုံရခါမှ ငါ့ကြမှ ကွက်ပြီး လောကဓံကို ပိုခံရတယ်လို့ မမှတ်စေလိုပါ။ ကံကောင်းသူရော၊ ကံဆိုးသူပါ နှစ်ဦးစလုံး ကြုံ တွေ့ရတာ လောကဓံ တစ်မျိုးတည်းပါ။ ခံရတာချင်းတူပါရဲ့နဲ့ ဘာလို့ လောကဓံတရားအပေါ်မှာ လောဘဖြစ်မှာလဲ၊ ဘာလို့ ဒေါသထွက်မှာလဲ။

အကြောင်းတိုက်ဆိုင်တိုင်း သူနဲ့ဆိုင်ရာ ဆိုင်ရာ ဟောခဲ့တဲ့ မြတ်စွာဘုရားရှင်ရဲ့တရားတော်တွေကို အမှတ်ရမိပါတယ်။ ကမ္ဘာပေါ်မှာလို့ပဲပြောရမလား၊ လောကမှာလို့ပဲပြောရမလား။ ဆိုရိုးစကားတွေ၊ ဆုံးမစာတွေ၊ သြ၀ါဒတွေ၊ အဆိုအမိန့်တွေ ပလူပျံနေအောင်ကို ပေါပါတယ်။ သူတို့ပြောတာဆိုတာတွေ ဘယ်လောက်ကောင်းတယ်ပဲဆိုဆို နေရာတိုင်းအတွက် အံဝင် နိုင်ပါ့မလားလို့ တွေးကြည့်မိဘူးတယ်။ အားလုံးကိုသိတော်မူတဲ့ မြတ်စွာဘုရားရှင်၏ သဗ္ဗညုတဉာဏ်တော်ကြီးနဲ့ ဟောကြားထားတဲ့ တရားတော်တွေလောက် ထိုထို အဆိုအမိန့်များ ကောင်းမွန်လိမ့်မယ်လို့ မထင်ပါဘူး။ ဘာကြောင်လဲဆို တော့ မြတ်စွာဘုရားရှင်ရဲ့တရားတော်တွေဟာ အစ၏ ကောင်းခြင်း၊ အလယ်၏ ကောင်းခြင်း၊ အဆုံး၏ ကောင်းခြင်းဆိုတဲ့ ကောင်းခြင်း သုံးတန်နဲ့ ပြည့်စုံတော်မူတဲ့အတွက်ကြောင့်ပါပဲ။
ခုပဲကြည့်လေ။ မင်္ဂလသုတ္တန်တရားတော်ကြီးမှာ မြတ်စွာဘုရားရှင်က ပတိရူပဒေသ၀ါသော စ၊ ပုဗ္ဗေ စ ကတပုညတာ၊ အတ္တသမာ ပဏီဓိ စ၊ ဧတံမင်္ဂလမုတ္တမံ ….. ဆိုပြီး ဟောတော်မူခဲ့ပါတယ်။ ဆိုလိုတာက သိလိုရင်းနဲ့ မေးလျှောက်လာတဲ့ အို … နတ်သား၊ ပတိရူပဒေသ ဆိုတဲ့ သင့်တင့်လျောက်ပတ်သော အရပ်မှာ နေခြင်း၊ ပုဗ္ဗေ စ ကတပုညတာ … ဆိုတဲ့ ရှေးကပြုဖူးတဲ့ ကောင်းမှု ကုသိုလ်ကံရှိခြင်း၊ အတ္တသမာ ပဏီဓိ စ … ဆိုတဲ့ မိမိကိုယ်ကိုယ် ကောင်းစွာဆောက်တည်ခြင်း ဆိုတဲ့တရားတွေဟာ မင်္ဂလာပါပဲ။ တနည်းအားဖြင့် မကောင်းတဲ့တရားတွေ ပယ်ဖျောက်ပြီး ကောင်ကျိုးတရားတွေ တည်ဆောက်နိုင်တဲ့ ကောင်းမြတ်တဲ့တရားတွေပါပဲတဲ့။ 

ဒီတရားတွေသာ ကျင့်ရင် ကျင့်တဲ့သူလည်း အကျိုးရှိ၊ သူနဲ့ ဆက် စပ်နေတဲ့ ပတ်ဝန်းကျင်လည်း အကျိုးရှိစေတဲ့တရားတွေပါပဲ။နေရာကောင်းတဲ့။ လူတိုင်းလိုချင်ကြပါတယ်။ လိုချင်တဲ့နေရာကို အခက်အခဲမရှိ ရကြတာကိုပဲ နတ်တို့ဖန်ဆင်း၊ ရေကန် အသင့် ကြာအသင့် လို့ဆိုကြတာပဲလေ။ နေရာကောင်းဆိုပေမယ့်လည်း ဘယ်လိုကောင်းတာမျိုးလဲ ပြန်ကြည့်ပါဦး။ ကုသိုလ်၊ ပညာ၊ ဥစ္စာ တစ်ခုခုရနေမှကို နေရာကောင်းလို့ ခေါ်ထိုက်မယ်ထင်တယ်။ သို့သော် ပညာတော့ရပါရဲ့ သတ္တ၀ါ တွေပျက်စီးကြောင်းတော့ မဖြစ်သင့်ဘူး။ ဥစ္စာပစ္စည်းတော့ရပါရဲ့။ သတ္တ၀ါတွေ စတေးပြီးမှ ရတာမျိုး၊ မကောင်းတဲ့ မိစ္ဆာဇီဝ ကနေရတာမျိုး မဖြစ်သင့်ဘူး။
ဒီလိုဆိုရင် ပညာရှာတဲ့နေရာမှာ၊ တနည်း ပညာရတဲ့နေရာဆိုတာ ကုသိုလ်ဖြစ်ဖို့ ထောက်ပံ့ နိုင်ရမယ်။ ဥစ္စာရှာတဲ့နေရာမှာ၊ တနည်း ဥစ္စာရတဲ့နေရာမှာ ကုသိုလ်ဖြစ်ဖို့ ထောက်ပံ့တဲ့အရာတွေ ဖြစ်နေရင် ကောင်းမယ် လို့ ယူဆပါတယ်။ကုသိုလ်၊ ပညာ၊ ဥစ္စာ ရတာဟာ အကြောင်းမဲ့မဟုတ်ဘူး။ အကြောင်းရှိတယ်။  တို့ဗုဒ္ဓက အကြောင်းကိုရှာပြတယ်။ အဲ့ဒါက တော့ ရှေးကောင်းမှုကံ ရှိလို့ပဲတဲ့။ ရှေးကောင်းမှုကံ ရှိလို့ကိုပဲ မြတ်စွာဘုရားရှင်ကို ဖူးတွေ့ရတယ်။ တရားတော်တွေကို နာယူခွင့်၊ ကျင့်ကြံနိုင်ခွင့်ရတယ်။ ဘုရားသားတော် ရဟန်းသံဃာတွေကို ဖူးမျှော်ခွင့်ရတယ်။ ဒါဟာ နည်းတဲ့အခွင့်အရေး မဟုတ်ဘူးနော်။

 ဘုရားပွင့်လို့သာ ဓမ္မရတနာပွင့်တာ၊ သံဃာရတနာပွင့်တာ။ ဘုရားမပွင့်တဲ့အခါမှာ ထမင်းအလှူဖြစ်ချေဦး တော့။ သံဃာမပွင့်တဲ့အတွက် ဆွမ်းအရာမမြောက်ဘူး။ သံဃာကိုလောင်းလှူခွင့်ရမှ ဆွမ်းအရာမြောက်တယ်။ ဒီလိုမျိုး ဒါန အမှုတွေ၊ သီလအမှုတွေ၊ ဘာဝနာအမှုတွေ ပြုလုပ်နိုင်တာ ရှေးကကောင်းမှုကုသိုလ်ရှိခဲ့ဖူးလို့ဆိုတာ မမေ့ကြပါနဲ့။ အကုသိုလ် ကံကြောင့် ကြက်ကလေးသွားဖြစ်ဦး။ နေ့စဉ်သူစားသမျှ ပိုးကောင်မွှားကောင်းတွေချည်းပဲ။ သေမှစားတာမ ဟုတ်ပဲ၊ သတ်စားတာဆိုတော့ နေ့စဉ် ပါဏာတိပါတကံ ထိုက်နေတယ်။ သူတို့ရောက်တဲ့နေရာ ဘယ်လောက်ဆိုးလိုက် သလဲ။ ဒါကြောင့် နေရာကောင်းရတာဟာ ရှေးကောင်းမှုရှိလို့ပါပဲ။
ရှေးကောင်းမှုကံကြောင့် နေရာကောင်းမှာနေရပြီ ဆိုတဲ့အခါမှာ အတ္တသမာ ပဏီဓိ စ … ဆိုတဲ့ မိမိကိုယ်ကို ကောင်း အောင်ထိန်းဖို့ အထူးလိုအပ်ပါတယ်။ ကောင်းအောင်ထိန်းတယ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတော့ ဒါနတွေ မပြုဖြစ်ရင် ပြုဖြစ်ရ မယ်၊ သီလတွေ မဆောက်တည်ဖြစ်ရင် ဆောက်တည်ဖြစ်ရမယ်၊ သမထ၊ ၀ိပဿနာ ဘာဝနာတွေ မပွားများဖြစ်ရင် ပွားများ ဖြစ်ရပါမယ်။ မိမိရဲ့ ကာယကံ အမှုတွေ မမှားရအောင် ထိန်းရမယ်၊ ၀စီကံအမှုတွေ မမှားရအောင် ထိန်းရမယ်၊ မနောကံ အမှုတွေ မမှားရအောင် ထိန်းရမယ်။ 

မိမိကိုယ်ကိုယ် ကောင်းအောင် ထိန်းသိမ်းနေထိုင်ခြင်းဟာ ကောင်းမြတ်တဲ့ မင်္ဂလာပါ ပဲ။ ဘာကြောင့်လဲဆိုတော့ အတ္တာနံ ရက္ခန္တော ပရံ ရက္ခတိ နာမ။ မိမိ ကိုယ်ကို စောင့်ရှောက်ခြင်းဟာ တစ်လောကလုံး ကို စောင့်ရှောက်ရာ ရောက်လို့ပါပဲ။ ဒီလိုပဲ    ပရံရက္ခန္တော အတ္တာနံ ရက္ခတိ နာမ။ တစ်လောကလုံးကို စောင့်ရှောက်ခြင်း ဟာလည်း မိမိကိုယ်ကိုယ် စောင့်ရှောက်ခြင်းပါပဲလို့ မှတ်သားဖူးပါတယ်။အများအားဖြင့် ကြာဆိုတာ ရေမှာပျော်တာပါ။ လေမှာ ပွင့်ပြီး ညွှန်မှာရှင်သန်ကြတဲ့အမျိုးလည်း ဖြစ်ပါတယ်။ လေထဲမှာ လှလှပပ ပွင့်ဖူးနေတဲ့ ကြာပန်းလေးတွေဟာ မြင်သူတို့ရဲ့ ရင်ကို အေးမြစေပါတယ်။ ရေနဲ့ ကြာကြောင့် ရေကန်ကြီးဟာ တင့်တယ်ပါပေတယ်။ သို့သော် အောက်ဆုံးက ညွှန်တွေကိုလည်း မမေ့နဲ့ဦး။ 

ညွှန်မှာပေါက်နေတဲ့ကြာဟာ ညွှန်တွေမကပ် ပဲနေလို့သာ တင့်တယ်တာပါ။ ညွှန်တွေမကပ်အောင်လည်း ရေမှာပျော်မှ ဖြစ်ပါမယ်။ ပွင့်တဲ့အခါမှာတော့ ရေရော ညွှန်ရော မရှိတဲ့ လေမှာပဲ ပွင့်ကြပါတယ်။ ဒီလိုပါပဲ။ အရိယာသူတော်ကောင်းတွေဟာ မွေးဖွားကြီးပြင်းတာတော့ ကိလေသာတွေ ထူ ထပ်တဲ့ ညွှန်တောထဲမှာပါ။ သို့သော် ရေနဲ့ တူတဲ့ ကုသိုလ်တရားတွေမှာပဲ ပျော်ကြပါတယ်။ ပွင့်တဲ့အခါမှာတော့ ကုသိုလ် အကုသိုလ်တရားတို့ လွန်မြောက်တဲ့အရပ်မှာ ပွင့်ထွန်းကြပါတယ်။ ထိုသို့ပွင့်ထွန်းကြလို့လည်း လောကကြီးကို တင့်တယ် စေခဲ့ပါတယ်။ရေမှာပေါက်တဲ့ကြာကတောင် ရေကန်လှပအောင် အလှဆင်နိုင်ခဲ့ရင်၊ လောကအလယ်မွေးဖွားလာတဲ့ တို့တွေက လောကကြီး လှပအောင် တန်ဆာဆင်ပေးနိုင်ဖို့ လိုအပ်ပါတယ်။
ဒါကြောင့်လည်း ကံဆိုးတဲ့သူတွေ့တဲ့ မိုးနဲ့ ကံကောင်းတဲ့ သူတွေ့တဲ့ ရေ … အတူတူပါပဲလို့ နားလည်ခဲ့ရင် လောကဓံ အဆိုးတွေနဲ့ပဲ ကြုံကြုံ၊ လောကဓံ အကောင်းတွေနဲ့ပဲ ဆုံဆုံ၊ တနည်းအားဖြင့် ကုသိုလ်ဖြစ်စရာနဲ့ပဲ ကြုံကြုံ၊ အကုသိုလ်ဖြစ်စရာနဲ့ပဲ ကြုံကြုံ ကုသိုလ်ဖြစ်အောင်များ ပြောင်းလဲပြီး ကောင်းမှုတရားဆိုတဲ့ ရေထဲမှာ ပျော်ခဲ့မယ်ဆိုရင် နိဗ္ဗာန်ဆိုတဲ့ကြာပန်းကြီးဟာလည်း ပွင့်လာမှာပါပဲ။ ထိုသို့သော ကြာပန်းပွင့်လာတာဟာ လောကကို အလှဆင်တာပါပဲလို့ ဆွေးနွေးရင်း နိဂုံးချုပ်ပါရစေ။အားလုံးသော သတ္တ၀ါတွေ အမြင်လည်းရှင်း စိတ်လည်းရှင်း လက်ငင်းချမ်းသာကြပါစေ။

သုခရိပ်