မေတ္တာကျေးဇူး စွမ်းရည်ထူး
{ငြိမ်းချမ်းသာယာသော ကမ္ဘာလောက၏ ကြည်နူးဖွယ်ရာ အခြေအနေအားလုံးအတွက် ကျေးဇူးစကား
ဆိုသင့်သည့်အရာမှာ“ မေတ္တာ”ပင်ဖြစ်၏။ လူ့အရည်အသွေးနှင့် လူ့စည်းစိမ် ပြည့်ဝရေးခရီးတွင်
မှန်ကန်စွာ လမ်းညွှန်ဦးဆောင်မှု ပေးနိုင်သည်မှာလည်း “မေတ္တာ”ပင်ဖြစ်၏။ ငြိမ်းချမ်းစွာ
အတူယှဉ်တွဲနေနိုင်ရေး ဟစ်ကြွေလျက်ရှိသော ကမ္ဘာလောကအတွက် မေတ္တာသည်သာ အရိုးဆုံးကျင့်ဝတ်တစ်ခုဖြစ်ပေသည်။}
မေတ္တာတရားဟူသည် လူမျိုးမရွေး၊ ဘာသာမရွေး ၊ ပုဂ္ဂိုလ်မရွေး ကျင့်သုံးထိုက်သည့် အဖြူတည်း
၊ အရိုးခံတရားတစ်ခုဖြစ်၏။ လူတစ်ဦးချင်းစီ၏ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် အရေးကိစ္စတို့တွင်
အမြဲတမ်း ပါဝင်ဆက်နွယ် နေသော အဆောင်သဘောထား တစ်ခုလည်းဖြစ်၏။
မေတ္တာတရားသည် အနှောက်အယှက်၊ ဘေးရန်အန္တရာယ် အသွယ်သွယ် ဆင်းရဲ ဒုက္ခမျိုးစုံတို့ကြားမှာပင်
ဘ၀ကို ချိုမြန်ရေ၏။ လက်ရှိဘ၀ကို ပိုမိုသာယာ စိုပြေစေကာ အမျိုးမျိုးသော လောကဓံ လှိုင်းတံပိုးများ
ပဋိပက္ခအဖြစ်အပျက်များ၊ ခါးသီးသော ကိုယ်စိတ်ခံစားရမှုများကို ဖြတ်သန်းရသော ကာလတွင် ခင်မင်ရင်းနှီးစွာ
ကူညီ၏။ အပြုံးပန်းတို့ဖြင့် ဆည်းကြို၏။
မေတ္တာသည်ကား “ဘ၀၏အလှနှင့် မွေလျောဖွယ်ရာတို့
မြစ်ဖျားခံရာ”တို့ဖြစ်သည်။
ထို့ကြောင့် လောကအတွင်းရှိ လူ့နှလုံးသားတို့တွင် ဒေါသနှစ်လုံးသားသှည် ရုပ်အဆိုးဆုံး၊
အကျည်းတန်ဆုံး ဖြစ်သကဲ့သို့ မေတ္တာနှလုံးသားသည်ကား အလှဆုံး၊ ကျက်သရေအရှိဆုံးဖြစ်၏။
မည်သူမဆို မေတ္တာနှင့်သာ ကန်းခဲ့ပါလျင် ရေတမှုတ်၊ ကွမ်းတစ်ရာ၊ ပန်းတစ်ပွင့် မျှ
ဖြစ်ပါစေ ၀မ်းပန်းတသာ လှမ်းလစ်ကြိုကြမည်သာ ဖြစ်ပါ၏။ မေတ္တာသည်ကား ဤမျှ အရှိန်အ၀ါကြီး၏။
အသရေကြီး၏။ ထည်ဝါခန့်ငြား၏။ မြတ်နိုးဖွယ်အတိဖြစ်၏။
ယင်းသဘာဝကို တိပိဋကဓရ(ယော)ဆရာတော်က…“ မေတ္တာကျေးဇူး စွမ်းရေထူး”ဟူသော ဓမ္မပုံပြင်ကလေးဖြင့်
ဖော်ကျူးထားပါသည်။
တစ်ခါတုံးက ရွာတစ်ရွာမှာ ဦးတုတ်နဲ့ ဒေါ်ပုတ်ဆိုတဲ့ ဇနီးမောင်နှံတို့ ရှိခဲ့ဘူးတယ်။
ဦးတုတ်ကလဲ လူနဲ့ နာမည်နဲ့လိုက်တယ်။ ၀၀တုတ်တုတ်ကြီးပဲ။ ဒေါ်ပုတ်ဆိုတာက တကယ့် ပုတ်ကြီးလိုပဲ
ဝလိုက်တာ လွန်ပါရော၊
သူတို့နှစ်ဦးမှာ ဦးတုတ်က ၀သလောက် ဒေါသသိပ်ကြီးတယ်။ ဒေါ်ပုတ်ကြီး ကတော့ လူဝသလောက်
စိတ်သဘောထား ကြီးတယ်၊ အင်မတန် အေးချမ်းပြီး သဘော ကောင်းတယ်။ သူတို့နှစ်ဦးဟာ ၀တာချင်း
တူပေမယ့် စိတ်သဘောထား ကတစ်ခြားစီဖြစ်နေတယ်။ ဦးတုတ်ကြီးက အိမ်မှာ ဆူဆူပူပူ ၊ ဒေါ်ပုတ်ကြီးကို
အကြောင်းမဲ့ မကြာမကြာ ဆဲ ဆို ကြိမ်းမောင်းတတ်တယ်၊ ဒေါ်ပုတ်ကြီး သည်းခံ တတ်မှန်း၊ သဘောကောင်းမှန်းသိတော့
ပိုပြီး ဆဲဆို ကြိမ်းမောင်းလာတယ်။
တစ်ခါ တစ်ရံ ဒုတ်များတောင်ကိုင်တယ်။ တစ်ခါတစ်ရံ ဒေါ်ပုတ်ကြီးကို အိမ်ပေါ်က ဆင်းခိုင်း
တယ်။
အဲသည်လိုဆိုတော့ ဒေါ်ပုတ်ကြီးမှာ အင်မတန် စိတ်ဆင်းရဲရတယ်။ ငိုရတာလဲ ခဏခနပဲ။ ပူလောင်လိုက်၊
ပင်ပန်းလိုက်ရတာလဲ ခဏခနပဲတဲ့။ ပစ္စည်းတွေ ချမ်းသာပါ လျက်နဲ့ စိတ်ဆင်းရဲလိုက်တာ လွန်ပါရောတဲ့။
ဘာဘဲလုပ်လုပ် အပြစ်တင် ဆူပူကြိမ်းမောင်း။ အလုပ်က ပြန်လာရင် အိမ်ဖော် စတက်မိတာနဲ့
ဆူတော့တာပဲ။ အလုပ်ကို သွားတော့မည် ဆိုရင်လည်း အိမ်တံခါးဝက မထွက်မခြင်း ဆူပူ ကြိမ်းမောင်းနေလိုက်တာ
နားတွင်မက ခေါင်းတစ်ခုလုံးကို ပူလို့တဲ့။
တစ်နေ့တော့ ဦးတုတ်ကြီး အလုပ်သွားချိန်မှာ ဒေါ်ပုတ်က ရွာဦးဘုန်းကြီးကျောင်း သွားတယ်။
ဘုန်းကြီးကို အားကိုးတာပေါ့။ ရင်ထဲမှာ ပူလောင်လွန်းတော့ မနေသာပဲ ဘုန်းကြီးကို လျောက်တယ်။
“ ဘုန်းကြီးဘုရား ကိုတုတ်ကြီးတစ်ယောက် အင်မတန် ဒေါသကြီးလွန်း၊ ဆူလွန်းလို့ ဆုံးမ
ပေးပါဦးဘုရား၊ တပည့်တော်မ နေ့တိုင်းနေ့တိုင်း စိတ်ဆင်းရဲရပါတယ် ဘုရား၊ မျက်ရည်ကျရ၊
ငိုရတာလည်း ခဏခနပါပဲဘုရား။ တပည့်တော်ကို အကြောင်း မရှိ အကြောင်းရှာ ကြံကြံဖန်ဖတ် ဆဲဆို
ကြိမ်းမောင်း ဆူပူတယ်ဘုရား၊ တပည့်တော် ဘယ်လိုပဲ စိတ်ကောင်းထား ဆောင်ရွက်ပေမည့် အကောင်းမမြင်ဘူးဘုရား။
အိမ်ပေါ်ကလည်း ခဏခန နှင်ချတယ်ဘုရား၊ နှင်ချပေမယ့် အိမ်က တပည့်တော် ရဲ့ မိဘရဲ့ အမွေအိမ်ဘုရား၊
တပည့်တော် ငယ်ငယ်လေးကတည်းက နေခဲ့တဲ့ အိမ် ဘုရား။ သူက စိတ်ဆိုးတဲ့အခါ မနေချင် အိမ်ပေါ်က
ဆင်းသွားလို့ နှင်ချတယ်ဘုရား၊ အမှန်က မနေချင်ရင် သူပဲ ဆင်းသွားရမှာ ၊ ပြောင်းပြန်ကြီးဘုရား၊
ဒီလိုနဲ့ တပည့်တော် မမှာ စိတ်ဆင်းရဲလိုက်တာ လွန်ပါရောဘုရား၊ အဲဒါ ကိုတုတ်ကြီးကို လိမ္မာအောင်
ဆုံးမ ပေးပါအုံးဘုရား” တဲ့ ။
ဒါနဲ့ ရွာဦးကျောင်းဘုန်းကြီးက…
“ ဟေ့.. မပုတ်၊ မင်းရဲ့ မောင်တုတ်က ကျောင်းမှာလဲ မဟုတ်ဘူးကွ၊ ဘုန်းကြီးက အိမ်လိုက်ပြီး
ဆုံးမ ရအောင် ဆိုတာကလည်း သဘာဝမကျဘူးကွယ့်၊ ကဲ .. ဒီတော့ မောင်တုတ်ကို နိုင်တဲ့နည်းကိုပဲ
ငါပြောလိုက်မယ်၊ မေတ္တာပဲပို့ပါ။
မေတ္တာပို့တဲ့အခါ စိတ်မပါပဲနဲ့ ပို့လို့တော့ အလလားပဲနော်၊ ပါးစပ်က ရွတ်ဖတ်နေ ယုံနဲ့လဲ
အလကားပဲနော်၊ စိတ်ထဲမှာတော့ မုန်းတဲ့ စိတ်တွေပေါ်လို့ ပါးစပ်ကတော့ ချမ်းသာပါစေဆိုတာဟာ
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
“ ဒီတော့ မေတ္တာပို့တော့မည်ဆိုရင် ကိုယ်မေတ္တာပို့လွှတ်မယ့် သူရဲ့ ကောင်းကွက် ကို
သေသေချာချာ ကြည့်၊ သတိနဲ့ သူ့ပုံကိုဖော်၊ သူ့ပြုံးကွက်ကလေးကို သေသေချာချာ ဖန်တီးပြီးမှ
ဘုရားရှေ့သွားပြီး ငါးမိနစ်ဖြစ်စေ၊ ဆယ်မိနစ်ဖြစ်စေ၊ အချိန်ရသလောက်ပေါ့၊ သူထံကို ကိုယ့်မေတ္တာဓာတ်တွေ
စူးစူးစိုက်စိုက် ရိုရိုသေသေ ပို့ရမယ်ကွယ့်။
မကြာပါဘူး မောင်တုတ်က မင်းအပေါ်မှာ အပြစ်မြင်နေတာတွေ ၊ မုန်းနေတာ တွေ ပျောက်သွားပါလိမ့်မယ်၊
သူကို နိုင်တဲ့နည်းက ဒါပဲရှိတယ်၊ မောင်တုတ်ရဲ့ကောင်း ကွက်၊ ကျေးဇူးရှိတဲ့ အတွက်တွေကိုသာ
မင်းမြင်အောင် ကြည့်တတ်ပါစေ၊ သူရဲ့ ပြုံးနေ တဲ့ ပု့ကလေးကို စိတ်ထဲမှာ ပေါ်လာအောင် ဖေါ်ပြီးတော့
တစ်ခါတည်း သူထံ တန်းနေ အောင် မင်းရဲ့ မေတ္တာစစ် မေတ္တာမှန်တွေ ပိုပေးလိုက်စမ်းပါ၊ အောင်မြင်မှာပါ၊
နောက်မဆုတ်နဲ့၊ ဇွဲရှိရှိလုပ်နော်” လို့ သင်ပေးလိုက်တယ်။
ကောင်းပါပြီဘုရား၊ ကောင်းပါပြီဘုရား၊ ဆိုပြီးတော့…
ဒေါ်ပုတ်ကြီး အိမ်ပြန်သွားတယ်။ အိမ်ရောက်တော့ ဘုရားစင်ရှေ့သွားပြီး အရင်ဆုံး ဘုရားကို
အာရုံပြုတယ်။ စိတ်ကလေးတွေ ငြိမ်းချမ်းနေမှ ရွားဦးကျောင်း ဘုန်းကြီး သင်ပေးလိုက်တဲ့အတိုင်း
ကိုတုတ်ကြီးရဲ့ ကောင်းကွက်ကို ရှာတယ်၊ တော် တော်နဲ့ မတွေ့ရသေးဘူး၊
ဒါနဲ့ ကိုတုတ်ကြီးရဲ့ ပုံကို သေသေချာချာ ဖော်ကြည့်တယ်။ ပုံဖော်တော့ အရင် ဆုံး
ကိုတုတ်ကြီးရဲ့ ဒေါသကြောင့် နီနေတဲ့ မျက်နှာ၊ ဆဲဆို ကြိမ်းမောင်းနေတဲ့ ပုံကြီး ပေါ်
လာသတဲ့၊
ဒါနဲ့ ဒေါ်ပုတ်ကြီးက “ အို.. ဒါတွေ ပေါ်လာရင် ငါ မေတ္တာပို့လို့ ဖြစ်မှာ မဟုတ်ဘူး
ဆိုပြီး အဲသည် ပုံတွေကို စိတ်ထဲမှာ ဖယ်ထုတ်ပစ်လိုက်ပြီး ကိုတုတ်ကြီးရဲ့ ကောင်းကွက်
ကျေးဇူးကွက်တွေကို မြင်အောင်ကြည့်တယ်၊ သေသေချာချာ ကြည့်လို့ ကိုတုတ်ကြီးရဲ့ ကျေးဇူးတွေ
မြင်လာတဲ့အခါ သူရဲ့ ပြုံးကွက်ကလေး ပေါ်လာအောင် ပုံဖော်ပြီးတော့မှ
“ကိုတုတ်ကြီးတစ်ယောက် ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ဘေးရန်တွေ ကင်းပါ စေ၊ နှလုံးစိတ်ဝမ်း
အေးချမ်းပါစေ” လို့ စိတ်ပါ လက်ပါ ရွတ်ဆိုပြီး မေတ္တာပို့ပါတယ်၊ အကြိမ်များစွာ ပို့တယ်၊
အဲသည်အခါ စိတ်ထဲမှာ သမာဓိကလေးက နေရာယူသွားတော့ မေတ္တာပို့လို့ကို အားမရနိုင်အောင် ဖြစ်လာတယ်။
မေတ္တာအရှိန်ကလေးတွေနေရာ ရလာတယ်ပေါ့။ တရား အလုပ်ဆိုတာကလည်း မစသေးခင်သာ ၊ စလိုက်ပြန်တော့
လည်း တရားက ဆွဲဆောင်သွားတာပဲ။
အဲသည်လို ဒေါ်ပုတ်ကြီးက အိမ်အလုပ်တွေ လုပ်ရင်းလည်း သတိရတိုင်း သတိရ တိုင်း မေတ္တာပို့နေတော့
ဒေါ်ပုတ်ကြီးရဲ့ မေတ္တာဟာ ဦးတုတ်ကြီးထံ သွား ထိခိုက်တော့ တာပေါ့၊ ဒါကြောင့် အဲဒီနေ့
အလုပ်က ပြန်လာကတည်းက ဦးတုတ်ကြီးတစ်ယောက် ပုံ ပြောင်းသွားတယ်၊ အိမ်ပေါက်ဝက ၀င်လာကတည်းက
ပြုံးလာတယ်။ စကားကို ချိုချို သာသာ ပြောလို့၊ အိမ်ပေါ်ရောက်တဲ့ အခါလည်း အရင်ကလို ဆဲဆို
ကြိမ်းမောင်းနေတာ တွေ မလုပ်တော့ဘူးတဲ့။ အဲဒီ အချိန်က စပြီး ဦးတုတ်ကြီး အမူအယာတွေ ပြောင်းကုန်
တယ်။
ဒေါ်ပုတ်ကြီးကလဲ“ ငါ့မေတ္တာတော့ အောင်ပြီဟေ့”လို့ ပါးစပ်က ထုတ်မပြော သော်လည်း ကျေနပ်အားရပြီး
၊ တိုး၍တိုး၍ မေတ္တာပို့လိုက်တာ ဦးတုတ်ကြီးဟာ ဒေါ်ပုတ်ရဲ့ မေတ္တာအရှိန်အ၀ါတွေကြောင့်
တိုး၍ တိုး၍သာ လိမ်မာလာရတော့ တာပဲ တဲ့။
နောက်ပိုင်းမှာ ဦးတုတ်ကြီးဟာ ဘုရားနဲ့ တရားနဲ့ ကုသိုလ်တွေ လုပ်လို့ “ဘုရား ဒကာ
ဦးတုတ် ကျောင်းဒကာ ဦးတုတ်” လို့တောင် ဖြစ်သွားပါသတဲ့ အိမ်မှာ ရန်ဖြစ်တာ၊ ဆူတာ၊ ပူတာတွေ
တာလည်း ကင်းပြီးတော့ ဇနီးမောင်နှံ နှစ်ဦးဟာ စိတ်တူ ကိုယ်တူ ပျော်ပျော်ရွှင်ရွှင်နဲ့
နိဗ္ဗာန်ကို ဦးတည်ပြီး ကုသိုလ်ပါရမီတွေ ဆည်းပူးကျပါသတဲ့။ ဒါဟာ မေတ္တာကျေးဇူး စွမ်းရည်ထူးပါပဲ။
ဤ ဓမ္မပုံပြင်ဖြင့် ယောဆရာတော်သည် -
(၁) တစ်လောကလုံးတွင် မေတ္တာနှလုံးသားသာ အလှဆုံးဖြစ်ကြောင်း၊
(၂) မေတ္တာတရားသည် လူတိုင်း၏ လူမှုရေး၊ စီးပွားရေးတို့၌သာ မက ဘာသာရေးကိစ္စ ၊ သိက္ခာသုံးပါး
ကျင့်သုံးရေးကိစ္စတို့တွင်လည်း လိုအပ်သောအရာ ဖြစ် ကြောင်းနှင့်
(၃) မေတ္တာသာ မပါလျင် မည်မျှ ရုပ်ဝတ္ထုတွေ ကြွယ်ဝ၍ သာယာ လှပနေစေကာ မူ ပျှော်စရာ
မကောင်းကြောင်းတို့ကို သိစေလိုရင်းဖြစ်ပါသည်။
(၄) စာဖတ်သူများလည်း ဦးတုတ်ကြီးနှင့် ဒေါ်ပုတ်ကြီးတို့ဘ၀ကို အားကျ၍ မေတ္တာနှလုံးသား
များဖြင့် အလှဆုံး လူသားများ ဖြစ်နိုင်ကြပါစေ။
တော်ဝင်နွယ်