ကန်တော့ဆွမ်း
‘‘ဆွမ်းတော် . . . ဗျို့’’
‘‘ရပ်တော်မူပါဦး ဘုရား’’
‘‘ဆွမ်းတော် . . . ဗျို့’’
‘‘ကန်တော့ဆွမ်းပါ ဘုရား’’
‘‘ရပ်တော်မူပါဦး ဘုရား’’
‘‘ဆွမ်းတော် . . . ဗျို့’’
‘‘ကန်တော့ဆွမ်းပါ ဘုရား’’
ကြားနေကျ ဒီအသံတွေဟာ ဗုဒ္ဓသာသနာတော်ကို သက်ဝင်ကြည်ညိုကြတဲ့ သူတွေအတွက် ကျက်သရေရှိတဲ့ နံနက်ချိန်ခါ တေးသံသာ တစ်မျိုးပါပဲ။ မနက်မလင်းခင် ကတည်းက ဆွမ်းတော်မီအောင် ချက်ရပြုတ်ရတာဟာ ဘာသာသွေးရှိတဲ့ ဗုဒ္ဓဘာသာတွေ အတွက် အရေးပါတဲ့ နေ့စဉ်လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ အာစိဏ္ဏကံဖြစ်အောင် နေ့စဉ်ပုံမှန် ကြိုးစားပြီး ဆွမ်းလောင်းလှူတယ်ဆိုတာ မလွယ်တဲ့ အလုပ်တစ်ခုပါ။
ကျောင်းသား, ကိုရင်, ဦးဇင်း, ဘုန်းကြီးများ
အိမ်ရှေ့မှာ ဆွမ်းလာရပ်တဲ့အခါ ကြိုတင်စီစဉ် ဆွမ်းတော် ပြင်ထားပြီးသားဆိုရင် အလွယ်တကူ
လောင်းလှူလိုက်နိုင်လို့ ကြည်နူးရတာဟာ နုသစ်တဲ့ နံနက်ခင်းရဲ့ ချိုမြိန်ပီတိ တစ်ခုပါပဲ။
ကြိုကြိုတင်တင် ကြိုးစားစီစဉ်ပေမယ့် ဆွမ်းတော် မမီတာမျိုးလည်း ရှိတတ်ပါတယ်။ အကြောင်း
တစ်မျိုးမျိုးကြောင့် အစီအစဉ် လွဲချော်လို့ ဆွမ်းတော် မမီဘူး ဆိုရင်တော့ “ကန်တော့ဆွမ်း’’ပဲ
လောင်းလိုက်ရပါတော့တယ်။ ဆွမ်းခံသူနဲ့ ဆွမ်းလောင်းသူကြားက ‘‘ကန်တော့ဆွမ်း’’ဆိုတဲ့ စကားလေး
တစ်ခွန်းမှာ လေးနက်တဲ့ အဓိပ္ပာယ်တွေ ပါဝင်နေပါတယ်။
ဆွမ်းလာရပ်တဲ့ ကိုယ်တော်ကို ဆွမ်းမလောင်နိုင်တဲ့အခါ, ဆွမ်းမလောင်းချင်တဲ့ အခါမျိုးမှာ ‘‘အတိစ္ဆထ ဘန္တေ’’လို့ ပြောလိုက်တာကို ပါဠိစာပေမှာ တွေ့ရပါတယ်။ ဆွမ်းခံရပ်တဲ့ ကိုယ်တော်ကို ဆွမ်းမလောင်းနိုင်တဲ့ အကြောင်း ယဉ်ယဉ်ကျေးကျေး ငြင်းတာ ဖြစ်ပါတယ်။ ‘‘ဒီအိမ်မှာ ဆွမ်းမရနိုင်ပါ။ လှူစရာ မရှိပါ။ ဒီအိမ်ကို ကျော်ပြီး တစ်ခြားအိမ်မှာ ဆွမ်းသွားရပ်တော်မူပါ’’လို့ ဆိုလိုတာ ဖြစ်ပါတယ်။ မြန်မာ့အသုံး မြန်မာ့ယဉ်ကျေးမှုနဲ့ ကိုက်ညီအောင် ‘‘အတိစ္ဆထ ဘန္တေ = ကန်တော့ဆွမ်းပါ ဘုရား’’လို့ ဘာသာပြန်နိုင်ပါတယ်။
‘‘ကန်တော့ဆွမ်း’’ဆိုတဲ့ စကားထဲမှာ ဗုဒ္ဓဘာသာလောက ဆရာဒကာ ဆက်ဆံရေးမှာ တကယ်လိုအပ်တဲ့ နွေးထွေးမှုတွေ, ယဉ်ကျေးသိမ်မွေ့မှုတွေ အလုံအလောက် ပါဝင် စီးမျော နေပါတယ်။ ဆွမ်းခံကြွတဲ့ ရှင်ရဟန်းတွေဟာ ဆွမ်းမရရင်တောင်မှ တလေးတစားနဲ့ ‘‘ကန်တော့ဆွမ်းပါ ဘုရား’’လို့ လျှောက်ထားခံလိုက်ရတယ်၊ အသိအမှတ်ပြု ခံလိုက်ရတယ် ဆိုရင်ကိုပဲ ကျေနပ်ကြည်နူးရပါတယ်။ ရှင်ရဟန်းများအတွက် သာသနာတော်ကို မြတ်နိုးတဲ့စိတ်, ဒကာဒကာမတွေ အပေါ်မှာ ထားရှိတဲ့ မေတ္တာစိတ်တို့ ရင့်သန်ခိုင်မာအောင် လှုံ့ဆော်ပေးနိုင်တာမို့ ‘‘ကန်တော့ဆွမ်း’’ဆိုတဲ့ ဒီစကားလေး တစ်ခွန်းဟာ ခွန်အား ကြီးမားလှပါတယ်။
မိလိန္ဒ မင်းကြီးရဲ့ ဂန္ထ၀င်မြောက် မေးခွန်းတွေကို ပြောင်ပြောင်မြောက်မြောက် ဖြေဆိုတော် မူနိုင်ခဲ့တဲ့ အရှင်နာဂသေန အလောင်းလျာရဲ့ မိဘနှစ်ပါးအိမ်မှာ ဆွမ်းခံရပ်တဲ့ ရောဟနမထေရ်ဟာ ‘‘ကန်တော့ဆွမ်း’’ဆိုတဲ့ ၀စနပဋိသန္ထာရ ပြေပြေလည်လည် ပျူပျူငှါငှာ နှုတ်ဆက်အသိအမှတ်ပြုတဲ့ စကားလေးကိုရဖို့ ခုနစ်နှစ်နဲ့ ဆယ်လကြာအောင် ဆွမ်းရပ်ခဲ့ရပါတယ်။
ဆွမ်းဆိုတာ ရှင်ရဟန်းတို့အတွက် အရေးပါတဲ့ မှီရာတစ်မျိုး ဖြစ်ပါတယ်။ ဆွမ်းဆိုတာ တကယ်တော့ စားသောက်ဖွယ်ရာ ရုပ်အာဟာရပါပဲ။ ရဟန်းသာမဏေတို့နဲ့ လိုက်ဖက်အပ်စပ်အောင် ၀ိနည်းစကား အနေနဲ့ စားဖွယ်သောက်ဖွယ် အာဟာရတွေကို ‘‘ပိဏ္ဍပါတ = ဆွမ်း’’လို့ ပြောဆို သုံးနှုံးရပါတယ်။ ရဟန်းသာမဏေတို့ ဘုဉ်းပေး သုံးဆောင်ကြတဲ့ အစာအာဟာရ မှန်သမျှကို ‘‘ဆွမ်း’’လို့ ခေါ်ရပါတယ်။
ဆွမ်းလို့ ပြောလိုက်ရင် လူတွေစားတဲ့
ထမင်းပဲလို့ ယေဘုယျ နားလည်ကြပါတယ်။ ၀ိနည်းကံနဲ့ လျော်ညီအောင် ‘‘ထောပတ်ဆွမ်း’’, ‘‘မုံ့ဆွမ်း’’,
‘‘သစ်သီဆွမ်း’’ စသည်ဖြင့် စားစရာ မှန်သမျှကို ‘‘ဆွမ်း’’ဆိုတဲ့ နာမည်နဲ့ခေါ်ပြီး ရဟန်းသာမဏေတွေကို
ဆက်ကပ် လှူဒါန်းရပါတယ်။ ၀ိနည်းက ဆင်းသက်လာတဲ့ ဒီအစဉ်အလာ ယဉ်ကျေးမှုကနေ ‘‘ကန်တော့ဆွမ်း’’ဆိုတာ
ဖြစ်လာပါတယ်။ ဆွမ်းလာရပ်တဲ့ ကိုယ်တော်ကို စားသုံးဖွယ် တစ်မျိုးမျိုး မလောင်းလှူနိုင်လို့
ရှိခိုးကန်တော့ခြင်းကိုပဲ ဆွမ်းအဖြစ် လောင်းလှူလိုက်တဲ့ သဘောပါ။
‘‘ကန်တော့ဆွမ်း’’ဆိုတဲ့ စကားရဲ့ နောက်ကွယ်မှာ အာနာမှုလည်း ပါဝင်နေပါတယ်။ ‘‘အားနားတယ်’’ဆိုတဲ့ မြန်မာဝေါဟာရနဲ့ ထပ်တူညီတဲ့ စကားမျိုး ဘယ်ဘာသာစကားမှာမှ ရှာမတွေ့နိုင်ပါဘူး။ အထူးသဖြင့် အနောက်တိုင်းမှာ ‘‘အားနားတယ်’’ဆိုတာ မရှိပါဘူး။ နေ့စဉ် ပုံမှန် ဆွမ်းလောင်းနေတဲ့ ဗုဒ္ဓဘာသာတစ်ယောက် အဆင်မပြေတဲ့တစ်နေ့ ဆွမ်းခံကိုယ်တော်ကို ‘‘ကန်တော့ဆွမ်း’’ ဆိုလိုက်ရတဲ့အခါ သူ့စိတ်ထဲမှာ အားတုံ့အားနာ ဖြစ်နေမှာ သေချာပါတယ်။
သာသနာရေး, ဘာသာရေး, ကုသိုလ်ရေး မပြောနဲ့ လောက လူမှုဆက်ဆံရေးမှာတောင်
မြန်မာတွေ အားနာတတ်ကြပါတယ်။ မပေးချင်ဘူး, မလာနိုင်ဘူး, မယူနဲ့, မသွားနဲ့စတဲ့ တစ်ဘက်သားနဲ့
တိုက်ရိုက် ဆန့်ကျင်တဲ့ စကားမျိုးကို ပြောလိုက်ဖို့ မြန်မာတွေ အာစေးနေတတ်ကြပါတယ်။
တတ်နိုင်သလောက် တစ်ဘက်သားကို လိုက်လျောပေးတတ်ကြပါတယ်။
‘‘ကန်တော့ဆွမ်း’’ဆိုတဲ့ စကားဟာ ၀ိနည်းသဘော, အလင်္ကာသဘော, ဥပစာသဘောတွေ ပါဝင်နေတဲ့အတွက်၊ တစ်ဘက်သားကို အားနာတတ်ခြင်း, တစ်ဘက်သားကို အရေးထား လေးစားတတ်ခြင်း စတဲ့ မြန်မာ့ယဉ်ကျေးမှု အငွေ့အသက်တွေ ပါဝင်နေတဲ့အတွက် အဓိပ္ပာယ် လေးနက်သိမ်မွေ့နေပါတယ်။
အာဟာရတစ်မျိုးမျိုး မလောင်းလှူနိုင်ဦးတော့ ရဟန်သာမဏေနဲ့ တွေ့ရတဲ့ အခွင့်အရေးကို ဒီအတိုင်း လက်လွတ်မခံနိုင်ဘူး၊ အရိုအသေ ပေးလိုက်မယ် ရှိခိုးလိုက်မယ် လက်အုပ်ချီလိုက်မယ်၊ ဒါနစေတနာ မမြောက်တောင်မှ ပဏာမစေတနာ ဂါရ၀စေတနာတော့ ဖြစ်အောင် ကြိုးစားလိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကုသိုလ်အခွင့် ရေးကို အရယူတဲ့ သဘောလည်း ပါဝင်နေပါတယ်။ ချစ်စရာကောင်းတဲ့ မြန်မာ့ဓလေ့ တစ်ခုပါပဲ။
ပါဠိစာပေမှာတော့ ‘‘ကန်တော့တယ်’’ဆိုတဲ့ အဓိပ္ပာယ်နဲ့ ‘‘၀န္ဒေ-၀န္ဒမိ, ပူဇေမိ’’စတဲ့ စကားအသုံးတွေ တွေ့ရပါတယ်။ ဒီ ပါဠိပုဒ်တွေကို ပါဠိအင်္ဂလိပ် အဘိဓာန်တွေမှာတော့ ‘‘ရှိခိုတယ်၊ ပူဇော်တယ်၊ အထင်ကြီးလေးစားတယ်၊ ချစ်ခင်မြတ်နိုးတယ်’’ စသည်ဖြင့် အဆင့်ဆင့် အဓိပ္ပာယ် ဖွင့်ဆိုပါတယ်။ ဒီတောာ့ ‘‘ကန်တော့ဆွမ်းပါ ဘုရား . . .’’ဆိုတဲ့ စကားကို ‘‘တပည့်တော်မှာ လောင်းလှူစရာ မရှိလို့ ဘာမှ မလောင်းလှူလိုက်နိုင်ပေမယ့် အရှင်ဘုရားကို တပည့်တော်တို့ လေးစားကြည်ညိုပါတယ်။ ချစ်ခင်မြတ်နိုး တန်ဖိုး ထားပါတယ် ဘုရား . . ..’’လို့ အဓိပ္ပာယ် ဖွင့်ဆိုနိုင်ပါတယ်။
‘‘ကန်တော့ဆွမ်း’’ဆိုတဲ့ စကားထဲမှာ သိမ်မွေ့တဲ့ အလှတရားတွေ ပါဝင်နေသလို အရုပ်ဆိုး အကျည်းတန်ခြင်းတွေလည်း တစ်ခါတစ်ခါ တွေ့ရတတ်ပါတယ်။ စကားတစ်ခွန်းရဲ့ အဓိပ္ပာယ် အဆိုးအကောင်း အတိမ်အနက် ဆိုတာကတော့ ပြောဆိုသူ ၀ဒန္တပုဂ္ဂိုလ်ရဲ့ အလိုဆန္ဒ ရည်ရွယ်ချက်အတိုင်း ဖြစ်ရတာပါ။
ရှင်ရဟန်းများ ဆွမ်းလာရပ်တဲ့ အခါ တကယ်လှူစရာ မရှိလို့
‘‘ကန်တော့ဆွမ်း’’ဆိုလိုက်ရတာ ရှိသလို လှူစရာ ရှိပေမယ့် မလှူချင်လို့ ဆွမ်းလာရပ်တာကို
ကြည့်မရလို့ ‘‘ကန်တော့ဆွမ်း’’လို့ ပြောချလိုက်တာလည်း ရှိနိုင်တာပါပဲ။ နှမြောလို့, မလှူချင်လို့
‘‘ကန်တော့ဆွမ်း’’ဆိုလိုက်တယ် မစ္ဆရိယဖြစ်ရော။ ဆွမ်းလာရပ်တာကို ကြည့်မရလို့ ‘‘ကန်တော့ဆွမ်း’’ဆိုလိုက်တယ်
ဒေါသဖြစ်ရော . . .။ ဒီလို ဆိုပြန်တော့လည်း ‘‘ကန်တော့ဆွမ်း’’ တစ်ခုဟာ အကုသိုလ် အမျိုးမျိုးနဲ့
ဆက်စပ် နေပြန်ပါရောလား။ ရှင်ရဟန်တွေကတော့ ဘယ်လို ‘‘ကန်တော့ဆွမ်း’’ပဲ ဖြစ်ဖြစ် ကြည်ကြည်ဖြူဖြူ
ခံယူရပါတယ်။
မြန်မာသာသနာ အ၀န်းအ၀ိုင်းကို ကျေးလက်နဲ့ မြို့ပြလို့ နှစ်ပိုင်းခွဲ ကြည့်မယ်ဆိုရင် အရုပ်ဆိုးတဲ့ ‘‘ကန်တော့ဆွမ်း’’တွေဟာ မြို့ပြမှာ ပိုတွေ့ရပါတယ်။ မြို့နေလူတန်းစာ တော်တော်များများဟာ လူနေမှု အဆင့်မီအောင် အပြိုင်အဆိုင် ရုန်းကန်ကြိုးစား နေကြရတာဆိုတော့ သာသနာနဲ့ စိမ်းနေပါတယ်။ ဒီတော့ ကန်တော့ဆွမ်း လွယ်လွယ်ဆိုဖြစ်တာပေါ့။ ရဟန်းသံဃာ အရေအတွက် များတာလည်း ပါတာပေါ့။ ဘာပဲဖြစ်ဖြစ် ရဟန်းသာမဏေနဲ့ နီးစပ်မှု ရှိရင် ဆွမ်းလာရပ်တဲ့ ကိုယ်တော်ကို ‘‘ကန်တော့ဆွမ်း’’ဆိုလိုက်ဖို့ နှုတ်လေးသွား ပါတယ်။
ကိုယ်တော်တွေ ဆွမ်းခံကြွကြတဲ့ အခါမှာ အတန်အသင့် အရွယ်ရလာတဲ့ ကိုရင်တွေနဲ့ ဦးဇင်းတွေဟာ အရိပ်အကဲကြည့်ပြီး ဆွမ်းရပ်ကြတာဆိုတော့ ‘‘ကန်တော့ဆွမ်း’’နဲ့ ကြုံရခဲပါတယ်။ အဆင်မသင့်လို့ ကြုံရတယ် ဆိုရင်လည်း သိပ် အရုပ်မဆိုးလှပါဘူး။ ဒီတော့ မြို့ပြက အရုပ်ဆိုးဆိုး ‘‘ကန်တော့ဆွမ်း’’နဲ့ အများဆုံး ကြုံကြရတာက ကိုရင်ငယ်လေးတွေ ဖြစ်ပါတယ်။ သူတို့ ကြုံရတာလည်း ဈေးဆိုင် လက်ဖက်ရည်ဆိုင်စတဲ့ လူပေါင်းစုံ စုဝေးမိတဲ့ နေရာတွေမှာ ဖြစ်ပါတယ်။
လက်ဖက်ရည်ဆိုင်ထိုင်တဲ့ လူတစ်ယောက်ဟာ တော်ရုံတန်ရုံ သဒ္ဓါတရားရှိတယ်၊ သာသနာတော်ကို အတန်အသင့် ချစ်တတ်တယ် ဆိုရင်ပဲ လက်ဖက်ရည်ဆိုင်မှာ တွေ့ရတဲ့ ကိုရင်ငယ်လေးတွေကို မုန့်, ဒါမှမဟုတ် ငွေအကြွှေ ပေးလှူလိုက်တာပါပဲ။ လက်ဖက်ရည်ဆိုင်မှာ တွေ့ရတဲ့ ကိုရင်လေးတွေဟာ အနေအထိုင် မသပ်မရပ်နဲ့ အကြည်ညို မဲ့စရာတွေသာ များပါတယ်။ ဒီလို အလှူခံမျိုးကိုတောင် ရက်ရက်ရောရော ပေးလှူနိုင်တဲ့ ဒကာဒကာမရဲ့ သာသနာစိတ်ဟာ ပေါ့သေးသေး မဟုတ်ပါဘူး။ ဒါပေမယ့် လက်ဖက်ရည်ဆိုင်မှာ ဆွမ်းရပ်တဲ့ ကိုရင်လေးတွေဟာ ‘‘ကန်တော့ဆွမ်း’’ရတာသာ များပါတယ်။
ကိုရင်တွေက တစ်ပါးလည်းမဟုတ် နှစ်ပါးလည်းမဟုတ် ဆိုတော့
လှူတဲ့သူလည်း အပါးစေ့ ဘယ်တတ်နိုင်တော့မှာလဲ။ တစ်ခု, တစ်ခွက်, တစ်လိပ် သောက်ဖို့ မနည်းတိုင်းထွာ
နေရသူဟာ တစ်ပါးကနှစ်ပါး, နှစ်ပါးကသုံးပါး ဘယ်လိုလုပ် လှူနိုင်တော့မှာလဲ။ စိတ်ဓာတ် သိမ်မွေ့တဲ့သူ,
သာသနာချစ်စိတ် ရှိတဲ့သူ ဆိုရင် ‘‘ကန်တော့ဆွမ်းပါ ဘုရား. . .’’လို့ သိမ်သိမ်မွေ့မွေ့
လျှောက်ထားလိုက်ရုံ ရှိတော့တာပဲ။
သာသနာနဲ့ အလှမ်းဝေးတဲ့သူ ဆိုရင်တော့
လာရပ်တဲ့ ကိုရင်ကို မမြင်ချင်ဟန် ဆောင်နေလိုက်မယ်၊ မျက်နှာလွှဲ နေလိုက်မယ်။ သဘောပေါက်ရင်
ကြွှပေတော့ပေါ့။ စိတ်ဓာတ် မရင့်ကျက်တဲ့သူ, ထောင့်မကျိုးတဲ့သူ ဆိုရင်တော့ မျက်စောင်းထိုးလိုက်မယ်၊
အံကျိတ်ပြလိုက်မယ်၊ လက်ခါထုတ်လိုက်မယ်။ အသံတိတ် ‘‘ကန်တော့ဆွမ်း’’တွေပေါ့။ အရုပ်ဆိုးလွန်းပါတယ်။
သာသနာတော်အတွင်း ဆရာဒကာ ဆက်ဆံရေးမှာ ဒီလို သွေးကြဲတဲ့ အပြုအမူမျိုးတွေ မရှိသင့်ပါဘူး။
ဒီနေရာမှာ အရုပ်ဆိုတဲ့ ‘‘ကန်တော့ဆွမ်း’’တွေ မရှိသင့်ဘဲ ရှိနေတာဟာ သဒ္ဓါမွဲတဲ့, စေတနာမဲ့တဲ့ ဒကာဒကာမတွေကြောင့်ပဲလို့ တစ်ဘက်သတ် အပြစ်မဆိုသင့်ပါဘူး။ လောင်းလှူဖို့ အသင့်ပြင်ထားတဲ့ ဆွမ်းအုပ်မရှိတဲ့ဆိုင်မှာ ဆွမ်းလာရပ်တယ် ဆိုကတည်းက ကိုရင်လေးတွေရဲ့ မရိုးသားမှုလည်း ထင်ရှားနေပါပြီ။ နေရာမရွေး, ပုဂ္ဂိုလ်မရွေး ဆွမ်းအလှူခံတာ အပြစ်မဟုတ်ပေမယ့် ကိုရင်တော်တော်များများ ဆိုင်တွေမှာ ဆွမ်းရပ်ကြတာဟာ ဆွမ်းရဖို့ မဟုတ်ပါဘူး။ သူတို့ မျှော်လင့်ထားတာက ၀တ္ထုငွေကြေး ဖြစ်ပါတယ်။
ကိုရင်လေးတွေ စာကြိုးစားရမယ့် အရွယ်မှာ
လာဘ်လာဘနောက် လိုက်နေတာဟာ သူတို့လေးတွေရဲ့ မိုက်မဲမှုပဲလို့ အပြစ်ပြောလို့လည်း မရသေးပြန်ပါဘူး။
တကယ်တော့ သူတို့လေးတွေဟာ ကြပ်ကြပ်မတ်မတ် စေတနာနဲ့ သွန်သင်ပေးမယ့် ဆရာကောင်း သမားကောင်းနဲ့
မတွေ့ကြရတဲ့အတွက် သနားစရာတောင် ကောင်းပါသေးတယ်။ အရုပ်ဆိုးတဲ့ ‘‘ကန်တော့ဆွမ်း’’တွေ ကွယ်ပျောက်သွားအောင်
ဆိုင်စဉ်လှည့် ဆွမ်းခံမယ့်အစား အိမ်စဉ်လှည့် ဆွမ်းခံဖို့ ကိုယ့်တပည့် ကိုရင်ငယ်ကို
သက်ဆိုင်ရာ ဆရာသမားတွေက သွန်သင်ပေးရမှာ ဖြစ်ပါတယ်။
ကိုရင်လေးတွေ စာထဲ စိတ်ဝင်စားအောင် ဆွဲဆောင်ပုံသွင်းပေးလို့
ရပါတယ်။ သူတို့စရိုက်ကိုလိုက်ပြီး အလွယ်အခက်, အောင်မြင်မှု အနည်းအများတော့ ကွာမှာပေါ့။
ဆရာ့ရှေ့မှာ တစ်နေ့တာအတွက် အလွတ်ပြန်ဆို ပြရမယ့်စာ တစ်ပိုင်းတစ်စကို စာရွက် သေးသေးမှာ
ရေး, စာရွက်လေးကို သပိတ်ပေါ်တင်ပြီး ဆွမ်းခံကြွှရင်း စာကျက်တတ်တဲ့ ကိုရင်လေးတွေ ရှိပါတယ်။
တစ်နေ့တစ်ခါ မှန်မှန် စာပြန်ခိုင်းပြီး
တပည့်ကို ထိန်းကွပ်ပေးတာဟာလည်း ဆရားကောင်း သမားကောင်းတို့ရဲ့ ဂုဏ်အင်္ဂါတစ်ရပ် ဖြစ်ပါတယ်။
ဆရာကောင်း သမားကောင်းရဲ့ သွန်သင်မှုအောက်မှာ နေခွင့်ရတဲ့, ကံကောင်းတဲ့ ကိုရင်လေးတွေဟာ
စာပေကို စိတ်ဝင်စားတတ်ကြပါတယ်။ ဆိုင်တွေမှာ ဆွမ်းရပ်လေ့ မရှိပါဘူး။ သူတို့အတွက် အရုပ်ဆိုးဆိုး
‘‘ကန်တော့ဆွမ်း’’တွေကြောင့် မျက်နှာငယ်ရတာမျိုး မရှိပါဘူး။ ကိုရင်လေး တွေ မျက်နှာငယ်ရတယ်ဆိုရင်
သာသနာတော်လည်း အသရေ ယုတ်ပါတယ်။
အမျိုးဘာသာ သာသနာနဲ့ ပတ်သက်လို့ တစ်နှစ်, နှစ်နှစ်တင် ကြည့်လို့ မရပါဘူး။ လေးငါးခြောက်နှစ်တင်လည်း ကြည့်လို့ မရပါဘူး။ နှစ်ပေါင်းများစွာ မျိုးဆက်ပေါင်းများစွာ မျှော်ကြည့်ရပါမယ်။ အနာဂတ်မျိုးဆက် ကောင်းစားဖို့ လူငယ်တွေ အရေးကြီးပါတယ်။ လူငယ်တွေ ပညာရေးမှာ စိတ်ဝင်စားဖို့ လိုပါတယ်။ အနာဂတ်ကို ဦးဆောင်မယ့် လူငယ်တွေ ပညာရေးမှာ စိတ်ဝင်စား နေရပါမယ်။ အနာဂတ်သာသနာတော် တင့်တယ်ဖို့ သာသနာ့မျိုးဆက်သစ် ကိုရင်လေးတွေကို ဂရုစိုက်ပေးကြရပါမယ်။