Thursday, July 25, 2013

“သေခြင်းကင်းတဲ့ အလှတရား”


    “သေခြင်းကင်းတဲ့ အလှတရား”


    “အလှဆင်သူ”ဆိုတဲ့ စကားလုံးကိုမြင်လိုက်တာနဲ့ တပြိုင်နက် မိမိစိတ်မှာ လွှတ်ခနဲ သတိရလိုက်တာကတော့ ဆရာကြီးဇော်ဂျီရဲ့ “သင်သေသွားသော်”ဆိုတဲ့ ကဗျာမွန်ကိုပါပဲ။
    ဆရာကြီးရဲ့ကဗျာ အစဆုံးပိုဒ်မှာ “သြော်.. လူ့ပြည်လောက၊ လူ့ဘဝကား၊ အိုရ,နာရ,သေရဦးမည်” ဆိုတာအထိ ဖတ်ကြည့်လိုက်ရင်တော့ ဘဝကိုငြီးငွေ့တဲ့ နိဗ္ဗိန္ဒသံလိုလို၊ သင်ခန်းစာယူတဲ့ သံဝေဂသံလိုလို ထင်လိုက်ရတယ်။

     ဒါပေမဲ့ အဲဒီနောက်မှ တဆက်တည်းပြထားတဲ့ “မှန်ပေသည်တည်း”ဆိုတာအထိဖတ်ပြီးလို့ တဖြည်းဖြည်း ခံစားကြည့်လိုက်မယ်ဆိုရင်တော့ ဆရာကြီးက ဘဝကို ငြီးငွေ့နေတာလည်း မဟုတ်ဘူး၊ ညည်းညည်းညူညူနဲ့ သံဝေဂပွားပြနေတာလည်း မဟုတ်ပါဘူး။

    ဆရာကြီးရဲ့ ဒီစာပိုဒ်ကိုဖတ်ကြည့်လိုက်ရင် ဘဝကိုအမြင်ရှင်းသူ၊ ဘဝမှာ အပြစ်ကင်းသူတို့ရဲ့ စိတ်ဓာတ်ခွန်အားကို အထင်းသား တွေ့နိုင်ပါလိမ့်မယ်။ အများတကာ ညည်းညူထိတ်လန့်စရာလို့ထင်ရတဲ့ အို,နာ,သေရေးကို ဆရာကြီးက ဘဝရဲ့မောင်နှင်အား လောင်စာဆီများအဖြစ် အသုံးချနေတာ၊ အသုံးချစေတာဖြစ်တယ်ဆိုတာ အထပ်ထပ်အခါခါ ဖတ်ကြည့်ရင် ထင်းထင်းကြီး ပေါ်လာပါလိမ့်မယ်။

     ဟုတ်ပါတယ်၊ ဆရာကြီးရဲ့ ကဗျာတွေကိုဖတ်ရတာဟာ မိုနက်(Monet)ရဲ့ ပန်းချီကားတွေကို ကြည့်ရသလိုပဲ တဖြည်းဖြည်း စူးစူးစိုက်စိုက်နဲ့ စိတ်ဝင်တစားကြည့်လေလေ အဓိပ္ပာယ်တွေက လေးနက်ကြည်လင်ပြီး ပီပြင်ပုံပေါ်လာလေလေ ဖြစ်နေပါတယ်။

    အခုလည်းကြည့်လေ။ ဆရာကြီးပြောလိုက်တာက “အိုရ,နာရ,သေရဦးမည် မှန်ပေသည်တည်း” တဲ့။ “အိုရ,နာရ,သေရမှာ မှန်တယ်လေ၊ အဲဒါ ဘာဖြစ်လဲ”လို့ ယထာဘူတဉာဏ်နဲ့ လူ့ဘဝကို အေးအေးဆေးဆေးလေး ပြောနေတယ်ဆိုတာကိုလည်း ခန့်မှန်းလို့ ရပါလိမ့်မယ်။

    ဒီနေရာမှာ ပရိနိဗ္ဗာန်ပြုဖို့ သုံးလအလိုလောက်မှာ ဘုရားရှင်က အရှင်အာနန္ဒာမထေရ်ကို မိန့်ကြားခဲ့တဲ့ “အနစ္ဆရိယံ ခေါ ပနေတံ အာနန္ဒ ယံ မနုဿဘူတော ကာလံ ကရေယျ = အာနန္ဒာရ လူရယ်လို့ ဖြစ်လာပြီးရင် သေကြရတယ်ဆိုတာ ဘာမှ အဆန်း မဟုတ်ပါဘူး”ဆိုတဲ့ စကားတော်ကိုလည်း ပြန်လည်ကြားယောင်မိစရာပါ။

    သေတာ အဆန်းမဟုတ်ဘူးလို့ ပြောထားလေတော့ “ဒါက ဘာကဆန်းသလဲ” ဆိုတာ ဆက်ပြီး စဉ်းစားဖို့လိုတာပေါ့။ အဖြေကတော့ လွယ်လွယ်ကလေးပါ။ “သေတာဟာ အဆန်းမဟုတ်ဘူးဆိုမှတော့ နေတာကသာ ဆန်းတယ်”လို့ ဆိုရမှာပေါ့။ နေတာဟာ ဘယ်လိုဆန်းသလဲဆိုတာကို ဆရာကြီးက နေရာစေ့ ထောင့်စေ့အောင် အသေအချာ ရှင်းပြထားပါတယ်။

     ကြည့်လေ -
    “သို့တပြီးကား၊ သင်သေသွားသော်၊ သင်ဖွားရာမြေ၊ သင်တို့မြေသည်၊ အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏”တဲ့။

    သေမျိုးတွေဖြစ်လို့ သေရမှာမှန်သော်လည်း မသေခင်အတွင်းမှာ နေချိန်ဆိုတာ လူတိုင်းမှာ ရှိကြတာပဲ။ နေချိန်မှာ အမှတ်တမဲ့ နေကြသူတွေအတွက်တော့ သေချိန်ရောက်ပြီးတဲ့အခါမှာလည်း ဘာမျှ အမှတ်တရ ကျန်ရစ်မှာ မဟုတ်ပါဘူး။ ရတောင့်ရခဲ လူ့ဘဝကြီးကို ရရှိထားတဲ့ လူသားတစ်ယောက်အနေနဲ့ သေရွာထဲမှာ မသေရာမှတ်တိုင်တွေ စိုက်ထူနိုင်စွမ်းရှိကြပါတယ်။

     အဲဒါကို ဆရာကြီးက အလေးအနက် သတိပေးထားတာပါ။ “သင်ဖွားမြင်ရာ သင့်ရပ်သင့်ရွာ၊ သင့်ဒေသသင့်နိုင်ငံ တိုးတက်ရေးအတွက် သင်စွမ်းနိုင်သမျှ ဆောင်ရွက်ခဲ့ပါ၊ သင်စိုက်ထူခဲ့တဲ့ တိုးတက်မှုမှတ်တိုင်များဟာ သင်သေသွားသော်လည်း မသေမပျောက် ထာဝရလှပနေပါလိမ့်မယ်”လို့ သတိပေးလိုက်တာပါ။

    ဆရာကြီးပြောလိုက်မှ သတိပြုမိတယ်။ မိမိတို့ဖွားရာအရပ် ဒေသဝန်းကျင်မှာ “ဖိုးလူတုတ်ဇရပ်”တို့၊ “ဖိုးရွှေအော်သရက်တော”တို့၊ “ဖိုးထွန်းလင်းဆည်”တို့ဆိုတာတွေ ခုအထိ မသေမပျောက် ထင်ရှားရှိသေးတယ်။ မူလတည်ဆောက်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတွေကတော့ မိမိတို့ရဲ့အဘိုးများတောင် ခပ်ရေးရေးသာ မီလိုက်တယ်ဆိုတော့ ရတနာပုံခေတ်ဦးလောက်ကလို့ ခန့်မှန်းရပါတယ်။

     ခုဆို နှစ်ပေါင်း(၁၅၀)ဝန်းကျင်လောက် ရှိရောပေါ့။ ဒါပေမဲ့ ဒီနေရာတွေဟာ တောထဲတောင်ထဲ သစ်ခုတ်ဝါးခုတ်ဖို့ လှည်းအုပ်နဲ့ ခရီးသွားကြသူတွေအတွက် နားခိုရာအရပ်၊ သောက်သုံးရာရေအဖြစ်နဲ့ ခုတိုင် ကူညီပေးနေဆဲဖြစ်လို့ ဒီအမည်တွေဟာ ဝန်းကျင်ဒေသတဝိုက်က မှီတင်းနေထိုင်ကြသူတို့ရဲ့ ရင်ထဲမှာတော့ ခုထိ မသေမပျောက်တဲ့အလှများအဖြစ် ထင်ကျန်ရစ်ဆဲပါ။

    ဒီလို သေခြင်းကင်းတဲ့ အလှမှတ်တိုင်တွေ စိုက်ထူခဲ့ဖို့ဆိုတာ အသွင်သဏ္ဌာန်အားဖြင့် ကြီးကျယ်ခမ်းနားမှရယ်လို့ မဟုတ်ပါဘူး။ စေတနာကြီးကြီးမားမားနဲ့ ပြုလုပ်မယ်၊ လူများစု ကြီးကြီးမားမားနဲ့ သက်ဆိုင်မယ်ဆိုရင် ရေအိုးစင်ကလေးတစ်ခုဟာလည်း ကြီးမားတဲ့ အလှမှတ်တိုင်ကြီးတစ်ခု ဖြစ်နိုင်တာပါပဲ။ 

    မိမိတို့ငယ်စဉ်က ရွာနဲ့မိုင်ဝက်လောက်ကွာတဲ့ ချောင်းကွေ့နားမှာ ဖိုးသြလှဆိုတဲ့ ဒကာကြီးရဲ့ ယာခင်းတစ်ခုရှိတယ်။ ယာခင်းရဲ့အစပ်မှာ သရက်ပင်ကြီးတစ်ပင်က အတော်လေး အရိပ်အာဝါသကောင်းပါတယ်။ ဖိုးသြလှက အဲဒီသရက်ပင်ကြီးရဲ့အောက်မှာ အခွသုံးခုပါတဲ့ တောသစ်ပင်တစ်ခုကို ခုတ်ဖြတ်ပြီး ရေအိုးစင်ကလေး လုပ်ထားတယ်။ ရေအိုးမှာ အုန်းမှုတ်ခွက် ဝါးရိုးတပ်ရေမှုတ်ကလေးတစ်ခု တပ်ထားပြီး ဝါးနှီးအုပ်ဆောင်းကလေးနဲ့ အုပ်ထားပါတယ်။

     မနီးမဝေးမှာရှိတဲ့ ချောင်းထဲမှာလည်း လက်ယက်ရေတွင်းကလေးတစ်ခုကို ကျွဲနွား မဝင်နိုင်အောင် ဝါးခြံကလေး ခတ်ထားတယ်။ ရေအိုးစင်ကလေးမှာ ရေမပြတ်အောင် တစ်နေ့သုံးကြိမ်လောက်ဖြည့်ထားတော့ မြေသောက်ရေအိုးကလေးဟာ အမြဲပဲ စွတ်စိုအေးမြနေပါတယ်။ ရွာနီးချုပ်စပ် ခရီးသွားတို့ရဲ့ အားထားနားနေရာ စခန်းထောက်ကလေးပေါ့။

     သားစဉ်မြေးဆက် ဒီအစဉ်အလာကောင်းလေးကို ဆက်ထိမ်းထားလို့ ခုထိလည်း ခရီးသွားတွေ နေပူလို့ နည်းနည်းပင်ပန်းလာပြီဆိုရင် “ကဲ ခပ်သုတ်သုတ်ကလေး လှမ်းကြစို့ဟေ့.. ဖိုးသြလှရေအိုးစင်ရောက်မှ တစ်ထောက်နားကြစို့”လို့ ပြောစမှတ် ပြုကြတုန်းပါပဲ။ ဖိုးသြလှကွယ်လွန်သွားပေမဲ့ သူ့ရဲ့အမည်ကတော့ သေခြင်းကင်းစွာပဲ လှပနေလျက်ပါ။

    အခုပြောခဲ့တာတွေဟာ စေတနာရှိသူတိုင်း အလွယ်တကူ တည်ဆောက်နိုင်တဲ့ မသေရာ အလှတရားကလေးတွေပါ။ ဒီထက်ပိုပြီး ခမ်းနားအောင် တည်ဆောက်ခဲ့မယ်ဆိုရင်တော့ ဘာအထူးပြောစရာ လိုတော့မလဲ။ “လှည်းဝန်ရိုးသံ တညံညံ၊ ပုဂံဘုရားပေါင်း”တို့လိုပဲ ဖြစ်မှာပေါ့။

    ဒီထက်တဆင့်တက်ပြီးတော့လည်း ဆရာကြီးက -
    “သင်၏မျိုးသား၊ စာ,စကားလည်း၊ ကြီးမားတက်မြင့်၊ ကျန်ကောင်းသင့်၏”တဲ့။ ဒါကတော့ ရှင်းပါတယ်။ ဒီနေ့ မြန်မာစာပေလောကမှာ ကျောက်စာများကစပြီး ပျို့၊ ကဗျာ၊ လင်္ကာ၊ ရတု၊ စကားပြေတို့ပါ အပြည့်အစုံ လေ့လာစရာ ဂုဏ်ယူစရာတွေဆိုတာ ရှေးပညာရှင်များရဲ့ မသေနိုင်တဲ့အလှများပဲ မဟုတ်လား။

     သင်လည်း သင်စွမ်းနိုင်ရာကနေ ဒီအလှတရားတွေ လှသက်ရှည်အောင် ဖြည့်စွက်ထမ်းဆောင်မယ်ဆိုရင် သင်သေသည့်တိုင် သင့်ရဲ့မသေနိုင်တဲ့ အမတေ အလှတစ်ခုတော့ လောကထဲမှာ ထင်ကျန်ရစ်ခဲ့မှာပါ။ ရှင်မဟာသီလဝံသ၊ ရှင်မဟာရဋ္ဌသာရတို့ရဲ့ ပျို့ကဗျာများ၊ လယ်တီဒီပနီများနဲ့ မဟာဂန္ဓာရုံဆရာတော်ရဲ့ ဘာသာဋီကာများ စသည်တို့လိုပဲပေါ့။ အဲဒီလို ထင်ကျန်ရစ်စေဖို့ ဆရာကြီးက သတိပေး တိုက်တွန်းလိုက်တာပါပဲ။

    လောကရေးမှာ လောကသင်္ကေတအရ မသေရာအလှမှတ်တိုင်များ စိုက်ထူနိုင်ရေးသာမက တကယ့်ကိုမှ “အမတေ”လို့ခေါ်ရတဲ့ မသေရာပန်းတိုင်အစစ်ကြီးဖြစ်တဲ့ နိဗ္ဗာန်မဂ်ဖိုလ်တိုင် အမြင့်မြတ်အခိုင်မာဆုံး အလှမှတ်တိုင်ကြီးအထိ စိုက်ထူနိုင်ရေးအတွက်ကိုတော့ ဆရာကြီးက -
    “သင်ဦးချ၍၊ အမျှဝေရာ၊ စေတီသာနှင့်၊ သစ္စာအရောင်၊ ဉာဏ်တန်ဆောင်လည်း၊ ပြောင်လျှက်ဝင်းလျှက် ကျန်စေသတည်း”လို့ တိုက်တွန်းလိုက်ပါတယ်။ “လောကရေးလည်း မဖျင်းနဲ့၊ ဓမ္မရေးလည်း မကင်းနဲ့”ဆိုတဲ့ ရှေးလူကြီးသူမတို့ရဲ့ အဆုံးအမအတိုင်း ဆရာကြီးကလည်း ထပ်မံတိုက်တွန်းလိုက်တာပါ။

     ဒီနေ့အထိ ဗုဒ္ဓဘာသာဝင်သူတော်စဉ်တို့ရဲ့ စစ်မှန်တဲ့ ကိုးကွယ်ရာဖြစ်တဲ့ မြတ်ဗုဒ္ဓသာသနာတော်ဆိုတာ အရှင်မဟာကဿပအစရှိတဲ့ မထေရ်မြတ်အဆက်ဆက်တို့နဲ့ အဇာတသတ်မင်းအစရှိတဲ့ သာသနာ့ဒါယကာအဆက်ဆက်တို့ စိုက်ထူခဲ့တဲ့ အမတ မှတ်တိုင်ကြီးပဲ မဟုတ်လား။ ဒီမှတ်တိုင်ကြီး ဆက်လက် တည်တန့်ထွန်းလင်းရေးအတွက် သင်လည်း တစ်တပ်တစ်အားပါဝင်ခဲ့ဖို့ ဆရာကြီးက တိုက်တွန်းလိုက်တာပါ။

    ဟုတ်ပါတယ်။ လူတိုင်းမှာ လူစွမ်းလူစဆိုတာ အနည်းနဲ့အများဆိုသလို ရှိကြတာချည်းပါပဲ။ ကိုယ့်ရဲ့လုပ်နိုင်စွမ်းတွေ၊ လုပ်ပိုင်ခွင့်တွေကို မသေရာအထိ မရည်မှန်းဘဲ မသေခင် ကိုယ်ကျိုးသက်သက်အတွက်သာ လုပ်ကိုင်နေကြမယ်ဆိုရင်တော့ “ခြေရာလည်းပျောက်၊ ရေလည်းနောက်”ဆိုသလိုပဲ သင့်ခြေရာများ ပျောက်သွားတာနဲ့ တပြိုင်နက် သင့်ရပ်ရွာ၊ သင့်နိုင်ငံအတွက် ဘာခြေရာလက်ရာမှ အကျိုးရှိရှိ ထင်ကျန်ရစ်စရာ မရှိနိုင်သလို သင့်ရဲ့သားစဉ်မြေးဆက်အတွက်လည်း ကဲ့ရဲ့ဖွယ်ရာ ဂုဏ်ပျက်စရာများနဲ့ မျက်နှာမလှ ဖြစ်ကျန်ရစ်ခဲ့ကြရမှာပါ။

     တစ်လောကလုံးကိုစိုးပိုင်တဲ့ ဧကရာဇ်ဘုရင်ကြီးပင်ဖြစ်သော်လည်း သူပိုင်ဆိုင်အုပ်စိုးရာ လောကအတွက် အကျိုးပြုတဲ့ မသေရာမှတ်တိုင် တစ်ခုတစ်လေမှ မစိုက်ထူရစ်ခဲ့ဘူးဆို၇င်တော့ သစ်ပင်ကြီးလို ထီးထီးမားမားနေခဲ့ပြီး သစ်ရွက်ကလေးလို မထင်မရှား ကြွေသွားသူသာ ဖြစ်ရမှာပါ။

    ဒီနေရာမှာ ကဗျာဆရာ ဦးတင်မိုးရဲ့ “ငါကား ဖခင်ဖြစ်ချေပြီး”ဆိုတဲ့ ကဗျာကလေးကလည်း အလေးအနက် သတိထားစရာတစ်ခုပါပဲ။ ကဗျာကလေးကတော့ -
    “ငါအဖေကား၊ ရွှေငွေဥစ္စာ၊ အာဏာမင်းစက်၊ ရာထူးမက်ဟု၊ သက်ရှက် မခံတော့ပါပြီ။
    ငါ့အဖေကား၊ နေရာတစ်ခု၊ ရလိုမှုတွက်၊ အလုအယက်၊ ခြေကိုဖက်ဟု၊ သားရှက် မခံတော့ပါပြီ။

    ငါ၏စိတ်ထား၊ ငါ့စကားသည်၊ သားတို့ရှေ့ဆောင်၊ သားတို့တန်ဆောင် ဖြစ်ချေပြီ”တဲ့။
    ဆရာဇော်ဂျီက သေခြင်းရဲ့နောက်မှာ သားစဉ်မြေးဆက် ဂုဏ်တက်စရာ သေခြင်းကင်းတဲ့ အလှများထင်ကျန်ရစ်အောင် ရပ်ရွာ၊ ဒေသ၊ အမျိုး၊ ဘာသာ၊ သားသနာမှာ စွမ်းနိုင်ရာက အလှဆင်ခဲ့ကြဖို့ တိုက်တွန်းလိုက်တာပါ။

    ဆရာတင်မိုးကတော့ အသက်ပင်ရှင်သော်လည်း သေသူလို့ဆိုရလောက်အောင် အကျည်းတန်အရုပ်ဆိုးလှတဲ့ မကြားဝံ့ မမြင်ဝံ့စရာ၊ သားစဉ်မြေးဆက် ဂုဏ်ပျက်စရာ၊ မျက်နှာမဖော်ဝံ့စရာ၊ အကျည်းတန်မှုမျိုးတွေကို ရှောင်ရှားဖို့ သတိပေးလိုက်တာပါ။

    ဆရာတင်မိုး သတိပေးသလို ဂုဏ်ပျက်စရာများကို ရှောင်ရှားပြီး ဆရာကြီးဇော်ဂျီ တိုက်တွန်းခဲ့သလို သားစဉ်မြေးဆက် ဂုဏ်တက်စရာဖြစ်တဲ့ ရပ်ရွာအလှ၊ ဒေသအလှ၊ နိုင်ငံအလှ၊ စာပေယဉ်ကျေးမှုအလုပ်များနဲ့ အရေးအကြီးဆုံးဖြစ်တဲ့ ဘာသာ သာသနာအလှများကို “လုပ်ပိုင်ခွင့်ရှိသမျှ၊ လုပ်နိုင်စွမ်းရှိသမျှ အားသွန်ခွန်စိုက် တည်ဆောက်အလှဆင်ကြပါစို့”လို့ တိုက်တွန်း ဆော်သြလိုက်ပါရစေ။ ။

    ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)