Thursday, July 18, 2013

အတွင်းအား ရှိဖို့လိုတယ်

အတွင်းအား ရှိဖို့လိုတယ်

(၁)
စာဖတ်တာကောင်းလား ကောင်းပါသည်။ လူတိုင်း စာဖတ်သင့်သည်။ စာဖတ်မှသာ စာကရလာသည့် အသိပညာနှင့် အရာရာ ချိန်ထိုးဆုံးဖြတ်နိုင်သည်။ အမှားအယွင်း နည်းနိုင်သမျှ နည်းသွားပေမည်။ ပတ်ဝန်းကျင်နှင့် စကားပြောခွင့်ရသည့် အခါတိုင်းလည်း ထုံအအ ဖြစ်မနေတော့ဘဲ ရှု့ထောင့် အမျိုးမျိုးမှ ဆွေးနွေးတင်ပြနိုင်ပေသည်။ စာဖတ်ခြင်းဖြင့်လည်း အနုပညာတစ်ရပ်ကို ဖော်ထုတ်နိုင်ပေ၏။

သို့ပေမင့် သူ့အရွယ်နှင့်သူ ချိန်ထိုးဖတ်သင့်သည်။ စာဖတ်သူက အသိဥာဏ်သော်လည်းကောင်း၊ အရွယ်အားဖြင့် သော် လည်းကောင်း နုငယ်နေလျှင် ဖတ်သည့်စာက ထိုသူ လိုက်မမှီနိုင်သည့် အတွေးအခေါ်၊ ယုတ္တိလွန်စာပေများဖြစ်နေပါမူ ဒုက္ခရောက်သွားနိုင်သည်။ ရင့်ကျက်မှုမရှိသေးသော အတွေးအခေါ်များနှင့် ယုတ္တိလွန် စာပေနှင့် အခြားခြားသော အနုပညာများ ရောမွှေမိပြီဆိုလျှင် ထိုသူ မလွယ်တော့ပေ။

မိမိတို့ ဆယ့်လေးနှစ်၊ ဆယ့်ငါးနှစ် အရွယ်လောက်ကဖြစ်သည်။ သူငယ်ချင်း ကိုရင်တစ်ပါးက စာဖတ်တာ အလွန်ဝါသနာပါသည်။ ကာတွန်း၊ ပုံပြင်၊ ဇာတ်တော်၊ ၀တ္ထုမျိုးစုံဖတ်သည်။ ထိုဖတ်သည့်စာအုပ်များထဲမှာ သူအလွန်နှစ်သက်သည့်အရာက ယုတ္တိလွန် သိုင်းဝတ္ထုများဖြစ်သည်။ သိုင်းစာအုပ်ထဲမှ “၀ုန်း” ” ဒိုင်း” “ ဖုံး” “ဒိုင်း” တွေ ဖတ်နေရလျှင်မူ ဆွမ်းစားဖို့တောင် မေ့မေ့သွားတတ်သည်။

တစ်ညမှာ သူသိုင်းဝတ္ထုဖတ်နေတုန်း ညဥ့်နက်လှသဖြင့် “သူငယ်ချင်း သွားအိပ်ကြရအောင်လို့” ပြောဖူးသည်။ ပြောတော့ သူက...
“ခဏလေးပါကွ…နေပါအုံး…၀တ္ထုက အရမ်းကောင်းနေတယ်…ငါဖတ်ပြမယ်…နားထောင်”ဆိုပြီး ၀တ္ထုစာမျက်နှာမှာပါသော “ဖုန်းဒိုင်း” ချကွက်များကို တစ်လုံးမကျန် ဟန်ကျပန်ကျ.. ဖတ်ပြလေတော့သည်။ မိမိလည်း အားနာနာနှင့် နားထောင်ပေးနေမိသည်။ ၀တ္ထုစာအုပ်ထဲမှ မင်းသားကိုလည်း သူကောက်ချက်ချ ချီးကျူးထောပနာပြုပြန်သည်။ “ဒီမင်းသားဖြစ်နေလို့ပေါ့ကွာ…ဒို့မြန်မာမင်းသားတချို့ဆိုရင် သွားပြီ၊ ဒီတောင်ထိပ်ပေါ်က ဒီလိုမျိုးလေသိုင်းနဲ့ ဘယ်လိုလုပ်ပြီး ခုန်ဆင်းနိုင်မလဲ…လှိမ့်ချပစ်ဖို့လောက်ပဲ စိတ်ကူးမှာ.. ဒီမင်းသားကတော့ တော်ပါပေတယ်…”ဟု သူ့နှုတ်ခမ်းမှာ မရှိသည့် မုတ်ဆိပ်မွေးများကို ရှိသလိုလိုနှင့် အနားသက် ဟန်ရေးပြကာ ချီးကျူးပြသည်။

(၂)
ကျောင်းမှာ ၀တ္ထုစာအုပ်ဖတ်တာကို ဆရာတော်ကမကြိုက်၊ ဒါပေမယ့် သူငယ်ချင်းက ခိုးခိုးဖတ်သည်။ စာသင်ကျောင်းဆင်းချိန်၊ နားနေချိန်များတွင် ချောင်တစ်နေရာရာမှာ သူစာဖတ်နေပေလိမ့်မည်။ အထူးသဖြင့် သိုင်းဝတ္ထုဘုတ်အုပ်များ။

ကြာလာတဲ့အခါ သိုင်းဝတ္တုကို ဖတ်ရုံမျှမဟုတ်…သိုင်းဝတ္ထုထဲမှာပါသည့် မင်းသားက သူဖြစ်ချင်လာသည်။ တကယ့်လက်တွေ့ဘ၀တွင်ဝယ် သူက သိုင်းလောကအဖွဲ့သားများ၏ ဂိုဏ်းချုပ်ကြီးဖြစ်ချင်လာသည်။ ဖြစ်ချင်လာတော့ သူ့ဆန္ဒအတိုင်း သူကျင့်သည်။ သိုင်းလောက၏ အဓိက မရှိမဖြစ် လိုအပ်သည်က အတွင်းအား၊ သူ့ကို ယှဉ်ပြိုင်လာသူတိုင်း အတွင်းကြေ ကြေသွားကြဖို့အတွက် အတွင်းအားရရှိရေး မဖြစ်မနေ သူကျင့်ရပေတော့မည်။ ဒီတော့ ညအခါ လသာသာမှာ သူမနား…သိုင်းကစား၍သာနေသည်။ သူသိုင်းကျင့်ဖို့ရန် ရွေးလိုက်သည့်နေရာက
နံပါတ်တစ် ဆရာတော် မမြင်သည့်နေရာဖြစ်ရမည်။
နံပါတ်နှစ် အတွင်းအားသန့်စင်ရေးတွက် လေကောင်းလေသန့်ရရှိသော နေရာဖြစ်ရမည်။
နံပါတ်သုံး အရာအားလုံးကို တတ်နိုင်သမျှ စီးပိုး ကြည့်ရှုနိုင်သော နေရာဖြစ်ရမည်။

သူသက်မှတ်ထားသော အချက်လက်များနှင့် ပြီးပြည့်စုံဆုံးနေရာက သုံးထပ်ကျောင်းကြီး၏ ခေါင်မိုးပေါ်။ ဒီထက်ကောင်းသောနေရာ ဒီနေရာမှတပါး အခြားမရှိ။

ညတိုင်း သူခေါင်းမိုးပေါ် တက်ကျင့်သည်။ မိမိတို့တတွေ ယောင်လို့တောင် မတက်ရဲ့သည် ခေါင်မို့းပေါ် သူအေးဆေးတက်သည်။ ညတစ်နာရီ၊ နှစ်နာရီလောက်ဆိုလျှင် သူ့ ၀ုန်းဒိုင်း ကျင့်သံတွေ တချက်ချက် ကြားရသည်။

ကြာလာတော့ ခေါင်မိုးပေါ်ဝယ် ညတိုင်း သိုင်းတက်တက်ကျင့်နေကြောင်း ဆရာတော်နားဆီ သတင်း ပေါက်ကြားသွားသည်။ ဆရာတော်က မနက်တွင် သံဃာအားလုံး ခေါ်သည်။ သူ့ကို ခေါင်မိုးပေါ် နောက်မတက်ဖို့ကြောင့်း သံဃာအလည်မှာ ဆုံးမသည်။ ခေါင်းမိုးပေါ် တက်လို့ရသမျှ အပေါက်အားလုံးကိုလည်း တံခါးပိတ်ခိုင်းလိုက်သည်။ အဲဒီနောက်တွင် ခေါင်မိုးပေါ်တွင် သူ့ကျင့်ခွင့်မရ..
သို့သော်…ပြဿနာမရှိ သူသက်မှတ်ထားသော အချက်များ အားလုံး ပျက်စီးသွားခြင်းမဟုတ်၊ တစိတ်တဒေသ ကျန်သေးသည်။ ဘာပဲဖြစ်ဖြစ် ဇွဲလျှော့လိုက်လို့မဖြစ်။ ရသည့်နေရာမှာ အခွင့်ရေးပေးရေင် ပေးသလို ကျင့်ရမည်။ သိုင်းလောက ဂိုဏ်းချုပ်ကြီးဖြစ်ရေးအတွက် ခိုင်မာစွာချခဲ့သည့် သန္ဒိဋ္ဌာန်ကို လွယ်လွယ်နှင့် ပျက်သွားလို့မဖြစ်။

(၃)
ထိုအချိန်တုန်းက တရုတ်သိုင်းကားတွေကို မြန်မာ့အသံနှင့် မြ၀တီတို့မှလည်း အပြိုင်အဆိုင် ပြသနေဆဲကာလဖြစ်သည်။ ထိုပြသနေဆဲ ဇာတ်ကားတွေထဲမှာ သူအနှစ်သက်ဆုံးကားက ကိုယ်ရံတော်နှင့် ကျောက်စိမ်းဒေ၀ီ…ဇာတ်လိုက်မင်းသား နာမည်က ကိုးရွှင်။ ကိုးရွှင်ကို သူအရမ်းသဘောကျသည့် အချက်က မင်းသားကိုးရွှင်၏လက်စွဲ သဲမိုးဓားသိုင်း။ ဓားပြား သေးသေးကလေး၏ ထိပ်ဖူးလေးကို မြေကြီးမှာ ထောက်လိုက်လျှင် သဲတွေက မိုးသည်းဘိသကဲ့သို့ ပတ်ဝန်းကျင်မှာ ပလူပျံ၊ ဘေးက မိစ္ဆာကောင်တွေလည်း အကုန်ဒုက္ခရောက်သွားတော့သည်။ အဲဒါကို ကြည့်ပြီး သူကောက်ချက်ချသည်။ ဒါဟာ သိုင်းလောကရဲ့ မရှိမဖြစ် အတွင်းအားကြောင့် ဒီလို သဲမိုးတွေရွာနိုင်တာ…

ထိုစကားမှန်၏။ သာမန်လူတစ်ယောက်က ကိုယ်ရံတော်မင်းသားလေး ကိုးရွှင်ကိုင်ဆောင်သည့် ဓားပြားထက် အဆမတန်ကြီးမားသော ဂေါ်ပြားကြီးနှင့် သဲတွေကို အလီလီအကြိမ်ကြိမ် ထိုးပက်ရင်တောင်မှ ထိုပုံထိုနှယ်မျိုး လူဆိုးတွေအားလုံး ရုပ်ပျက်ဆင်းပျက် ဖြစ်သွားမည်မဟုတ်။ အတွင်းအားရှိသူက ဓားပြားပေါက်စနကလေးနှင့် သဲတွေ ပလူပျံအောင်လုပ်နိုင်သည်။ ရေပေါ်မှာ ရှပ်ပြေး ပြေးနိုင်သည်၊ အနှစ်နှစ်ခါခါ အားကုန်ကျင့်ပြီးမှ လေပေါ်တွင် ပျံနိုင်လေသော ဈာန်ရပုဂ္ဂိုလ်များကို အတွင်းအားရှိသူက ပျင်းသနားကလေး သနားသည်။ သူ့လို မလှုပ်မရှက် သွားနိုင်တာမျိုးတောင် မဟုတ်။ ရန်သူတွေနှင့် သတ်ရင်းပုတ်ရင်း လေထဲမှာ အတောင်ရှိသော ငှတ်တစ်ကောင်လိုတောင် ပျံဝဲနိုင်ပါသေးတော့…။
သူဝတ္ထုခိုးဖတ်နေတုန်း ဆရာတော်မိသွားလျှင် စာအုပ်ကိုသိမ်းသည်။ ကြိမ်လုံးနှင့် ခုနှစ်ချက်ရိုက်သည်။ ဒါလည်း သူက လုံးဝမဖြုံ…။ စာအုပ်ဆိုင်မှာ ၀တ္ထုစာအုပ်ကို ဆရာတော်သိမ်းသွားကြောင်း ၀န်ခံသည်။ ပြီးတော့ စာအုပ်တန်ဖိုးအတိုင်း ပေးလျော်သည်။ နောက် ထပ်ငှါး၊ ထပ်ဖတ်ပြန်သည်။ ဒီလို လုပ်ခဲ့သည်က အကြိမ်ကြိမ်အလီလီ…။

သူ့ကျင့်စဉ်တစ်ခုရှိသေးသည်။ ထိုကျင့်စဉ်မှာ ဖယောင်းတိုင်ကို မီးထွန်းပြီး ကြမ်းပြင်တစ်နေရာရာမှာ ပထမ စိုက်ထူလိုက်သည်။ ပြီးရင် သူက ဖယောင်းတိုင်အနားမှာ သူ့ရဲ့လက် ရှေ့တစ်ဆန့်သာသာအကွာအဝေး တရားထိုင်သလို ထိုင်လိုက်သည်။ သူ့အတွင်းအားဖြင့် ဖယောင်းတိုင်မီးကို သတ်ငြှိမ်းဖို့ပဲဖြစ်သည်။ အတွင်းအားကျင့်စဉ် မည်မျှအားကောင်းလာကြောင်းကို အဓိက စမ်းသပ်သည့် ကျင့်စဉ်ပဲဖြစ်သည်။

ထိုအနေထားအတိုင်း သူ့ရဲ့လက်နှစ်ဖက်ကို ရှေးကို အားပါပါ ဆန့်ထုတ်လိုက်သည်။ သို့သော် ဖယောင်တိုင်မီးက မသေ။ ထိုနည်းအတိုင်း နောက်တစ်ကြိမ် သတ်ငြိမ်းပြန်သည်။ သူ၏ အရှိန်ပါပါ လက်ဖ၀ါးလေအဟုန်ကြောင့် ဖယောင်းတိုင်မီးက ရုန့်ရင်းဆန်ခက် ဝေ့လည်ရမ်းသွားသည်။ ဒါပေမယ့် မီးမသေသေး။ တတိယအကြိမ် ကြိုးစားအားထုတ်လိုက်တော့ ဖယောင်တိုင်မီးက သေသွားပြီ။ သူ့အတွင်းအားကြောင့်တော့မဟုတ်။ ခန္ဓာကိုယ် လှုပ်ရှားလိုက်သည့်အခါ ခန္ဓာကိုယ်နှင့်အတူ ခန္ဓာကိုယ်ပေါ်မှ သင်္ကန်းစကပါ လိုက်လှုပ်ရှားသွားခြင်းဖြစ်၍ သင်္ကန်းစ ခပ်သောလေကြောင့် ဖယောင်းတိုင်မီးက သေသွားခြင်းဖြစ်သည်။ ဒီအချက်ကို သူမစဉ်းစားမိတာလား. ဒါမှမဟုတ် တမင်သက်သက် သူ၏ အတွင်းအားကို ချီးကျူးချင်သော စိတ်ကြောင့်လားတော့မသိ။ သူ့ပါးစပ်က ကြီးကျယ်သော အောင်မြင်မှုကြီးတစ်ခု ရသည့်အလား ရေရွတ်လိုက်သည်။
“ကြိုးစားအားထုတ်မှုနဲ့ လုပ်တဲ့ အလုပ်တိုင်းဟာ တစ်ကြိမ်မဟုတ်၊ တစ်ကြိမ်တော့ အောင်မြင်ကြစမြဲပါပဲ…ဟဲ…ဟဲ…”

(၄)
နယ်က အသက်ရှစ်ဆယ်ကျော် ဆရာတော်ကြီးတစ်ပါး ညက မီးရှို့ အသက်ခံလိုက်ရသည့်အကြောင်း မိမိတို့ ဆရာတော်ထံဖုန်းလာသည်။ ထိုဆရာတော်ကြီးမှာ မိမိတို့ ကျောင်းထိုင်ဆရာတော်ကြီး၏ ဥပဇ္ဈယ်ဆရာတော် အရင်းလည်း ဖြစ်သည်။ ဆရာတော်က ထိုကိစ္စကြောင့် ရွာကို ပြန်သွားသည်။ ထိုကိစ္စလက်သည်ပေါ်ရေးအတွက် ဆောင်ရွက်သင့်တာ ဆောင်ရွက်ဖို့ပဲဖြစ်သည်။
ရက်နှစ်ဆယ်လောက်အကြာမှာ ဆရာတော် ရန်ကုန်ကို နေ့လည်ကားနှင့် ပြန်ကြွလာသည်။ လမ်းမှာ ကားကပျက်နေ၍ အခါတိုင်းအချိန်ထက် နောက်ကျပြီးမှ ပြန်ရောက်လာသည်။ ဆရာတော် ရောက်လာသည့် အချိန်က ညနှစ်နာရီခွဲအချိန်…

သူငယ်ချင်းက သူ့ချဉ်ထောင်ကျဉ်းကျဉ်းလေးထဲမှာ ဖယောင်တိုင်မီးနှင့် အတွင်းအားကျင့်ပြီးသကာလ အတွင်းအားတွေ ဖြစ်ညှစ်သုံးလိုက်ရသောကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေလေသည်။ တခြား သံဃာအာလုံးလည်း ကျိန်းနေကြသည်။
ဆရာတော်က သူသီတင်းသုံးသည့် ကျောင်းထဲကို ၀င်ဖို့ တံခါးကို တွန်းဖွင့်လိုက်သည်။ ထို့နောက် ဆရာတော်ရဲ့ ကျယ်လောင်သော အာမေဋိတ် အသံ
"မီး…မီး…"
“ဟေ့ကောင်တွေ ထပါ..ထပါ” ဟု ကိုရင်၊ ဦးဇင်းတွေကိုလည်း ပျာသလဲလဲ လှမ်းနှိုးနေရင်းနှင့် သူ့မှာ ပက်ထားသည် အပေါ်ရုံ သင်္ကန်းကြီးကို အသင့်ပါလာသော ရေသန့်ဘူးထဲမှ ရေနှင့် မြန်မြန်ဖြန်းကာ မီးစစွဲနေပြီဖြစ်သော သူငယ်ချင်း၏ ချဉ်ထောင်ကို ဖုံးအုပ်လိုက်သည်။ ဆရာတော်သာ သူတပါးတည်း ရုန့်ရင်းဆန်ခက်ဖြစ်နေသည်။ အိပ်ဟန်ဆိုး၍ ချဉ်ထောင်ပြင်ပ ရောက်နေသော သူငယ်ချင်းက နိုးဖို့ နေနေသာသာ ဆံချည်တစ်ရွေ့မျှပင် မလှုပ်။

ဆရာတော်၏ ကြိုးစားအားထုတ်မှုကြောင့် မီးက သေသွားသည်။
ဆရာတော် ဒေါသူပုန်ထသွားသည်။ ကြိမ်လုံးယူကာ သူငယ်ချင်းကို ရိုက်၍နှိုးသည်။ ပြီးတော့ သူ့ကျောင်းဆောင်တွင် အိပ်နေသည့် သံဃာအားလုံးကို အကုန်ထဖို့ ပြောလိုက်သည်။
အဓိကတရားခံ သူငယ်ချင်းနှင့် သံဃာအားလုံး အကုန်တန်းစီ ထိုင်ခိုင်းသည်။ ပြီးတော့ သူငယ်ချင်းကို စပြီး ဆူလေတော့သည်။

“ငါကတော့ ငါ့ရဲ့ ဥပဇ္ဈယ်ဆရာတော် မီးရှို့အသတ်ခံလိုက်ရလို့ ရွာပြန်တယ်။ ရွာပြန်တော့လည်း လက်သည်တရားခံက မပေါ်တော့ လွန်စွာ စိတ်မကောင်းဖြစ်ရပြန်တယ်။ အခု ရန်ကုန်ကို ပြန်လာပြန်တော့လည်း ကျောင်းရောက်ရောက်ချင်း တွေ့လိုက်ရတဲ့ မြင်ကွင်းက မီးလောင်နေတဲ့ မြင်ကွင်း။ လောင်တာကလည်း မင်းရူးလို့ လောင်တာ။ မဟုတ်တရုတ် အတွင်းအားကျင့်မှုတွေကြောင့် မင်းချဉ်ထောင်မီးလောင်တာကို မင်းက မီးလောင်နေတဲ့ ချဉ်ထောင်ဘေးမှာ ဘာမှမဖြစ်သလိုပဲ၊ အိပ်နေလိုက်တာ။ ငါသာ ပြန်မလာရင် ငါ့ကျောင်းတစ်ကျောင်းလုံးလည်း ပြာဖြစ်ပြီ။ အဲတော့ မင်းအတွင်းအားကို ဒီတစ်ခါ ငါကိုယ်တိုင် စိန်ခေါ်မှ ဖြစ်တော့မယ်..ကဲ..မှောက်ကွာ..”
ဆရာတော်က သူငယ်ချင်းကို မှောက်ခိုင်းသည်. ပြီးတော့ ကြိမ်လုံးနှင့် ရိုက်သည်။ လက်ကို တအားလွှဲဆော်သည်။ ဆရာတော်ရိုက်တာကို ဘေးက ကြည့်နေသော မိမိတို့ပင် လန့်သည်။ ဒါပေမယ့် သူငယ်ချင်းက ထင်သလောက် ဟန်မပျက် အေးအေးဆေးဆေးပင်။ ဆရာတော်က ဆယ်ချက်ရိုက်ပြီး လက်သာ ညောင်းသွားသည်။ သူငယ်ချင်းက အေးဆေး။
ဦးဇင်းကြီးတပါး ထပ်အရိုက်ခိုင်းပြန်သည်။ ဆယ်ချက်။ သူငယ်ချင်းက အကယ်တန္တုအတွင်းအား ရနေပြီလားမသိ။ ပျင်းတောင်းပျင်းသေးတယ် ဆိုသည့် သဘော…။ အချက်နှစ်ဆယ် ရိုက်ပြီး ဆရာတော်က ရိုက်တာ ရပ်ခိုင်းလိုက်သည်။ ပြီးတော့ သူကျိန်းသည့် အခန်းထဲသို့ တံခါးကို ၀ုန်းဒိုင်းအသံကြာအောင်း ပိတ်ကာ ၀င်သွားတော့သည်။

တခြားသံဃာအားလုံးက အထူးသဖြင့် မိမိက “သူငယ်ချင်း နာလား ဘယ်လိုနေလဲ” မေးတော့ သူကအေးဆေးစွာ ပြန်ပြောသည်။

“နာတော့ နာတာပေါ့ကွာ..ဒီလိုရိုက်ချက်မျိုး မင်းတို့ ခံကြည့်စမ်းပါ မင်းတို့ သေးထွက်မတတ် နာလိမ့်မယ်…ဟဲ…ဟဲ…တော်သေးတာပေါ့ ငါက အတွင်းအားကျင့်ထားပေလို့ နို့မို့စို မလွယ်ဘူး…”

အော်…သူငယ်ချင်းရယ်… ဒီလောက် အဗျင်းခံရတာတောင်မှ သူ့အတွင်းအားက ကယ်ပေလို့တဲ့...။

(၅)
ဘယ်အရာမဆို အတွင်းအားလိုပေသည်ပဲ။ ဒါပေမယ့် သူငယ်ချင်းတစ်ပါးက သူလိုချင်ခဲ့၍ ကျင့်ခဲ့သော အတွင်းအားမျိုးတော့ မဟုတ်။ ပတ်ဝန်းကျင်၏ ရိုက်ခက်မှုကြောင့် မိမိကိုယ်ကိုမိမိ တုန်လှုပ်မှုဖြစ်မသွားရသည့် အတွင်းအားမျိုး၊ ကိုယ့်အရွယ်၊ ကိုယ့်အသိဥာဏ်နှင့် မလိုက်လျောသေးသည့် စာပဲဖတ်ဖတ်၊ တရုတ်ကား၊ ကိုရီးယားကားတွေကိုပဲ ကြိုက်လို့ကြည့်ကြည့်၊ ဖတ်ပေါ့၊ ကြည့်ပေါ့…
ဒါပေမယ့် ထိုအရာတွေက ပေးလိုက်သည့် ယုတ္တိလွန် ဒါမှမဟုတ် သာမန် အတွင်းအားတွေကို ကိုယ့်သန္တာန်မှာရှိသည့် အတွင်းအားနှင့် ချိန်ထိုးပြီ လျော်ညီစွာ ပြန်တိုက်ခိုက်နိုင်ဖို့တော့ လိုပေလိမ့်မယ်….။

မော်ကွန်းသစ်
၃.၈.၂၀၁၁