Showing posts with label တစ်ဘဝသာသနာ. Show all posts
Showing posts with label တစ်ဘဝသာသနာ. Show all posts

Friday, March 14, 2014

သာသနာ့ကျွန်


သာသနာ့ကျွန်


ငါသည် ………………
သံသရာအဆက်ဆက်
ဘဝအဆက်ဆက်မှ စ၍
ဇနီး မယားကျွန် ဖြစ်ခဲ့သည်မှာ အကြာကြီး ကြာခဲ့လေပြီ။
သမီး သားကျွန် ဖြစ်ခဲ့သည်မှာ အကြာကြီး ကြာခဲ့လေပြီ။
ပစ္စည်း ဥစ္စာကျွန် ဖြစ်ခဲ့သည်မှာ အကြာကြီး ကြာခဲ့လေပြီ။
တဏှာကျွန် ဖြစ်ခဲ့သည်မှာ အကြာကြီး ကြာခဲ့လေပြီ။
ကိလေသာကျွန် ဖြစ်ခဲ့သည်မှာ အကြာကြီး ကြာခဲ့လေပြီ။
ကာမဂုဏ်ကျွန် ဖြစ်ခဲ့သည်မှာ အကြာကြီး ကြာခဲ့လေပြီ။

ယခု ဘဝဝယ်……….
ဇနီး မယားကျွန် မဖြစ်လို
သမီး သားကျွန် မဖြစ်လို
ပစ္စည်း ဥစ္စာကျွန် မဖြစ်လို
တဏှာကျွန် မဖြစ်လို
ကိလေသာကျွန် မဖြစ်လို
ကာမဂုဏ်ကျွန် မဖြစ်လို။
ဘုရားကျွန်သာ ဖြစ်လို၏။
တရားကျွန်သာ ဖြစ်လို၏။
သံဃာ့ကျွန်သာ ဖြစ်လို၏။
ရတနာသုံးပါးကျွန်သာ ဖြစ်လို၏။
သာသနာ့ကျွန်သာ ဖြစ်လို၏။

ဇနီး မယားဝန်ထမ်း မဖြစ်လို
သမီး သားဝန်ထမ်း မဖြစ်လို
ပစ္စည်း ဥစ္စာဝန်ထမ်း မဖြစ်လို
တဏှာ ဝန်ထမ်း မဖြစ်လို
ကိလေသာ ဝန်ထမ်း မဖြစ်လို
ကာမဂုဏ် ဝန်ထမ်း မဖြစ်လိုတော့
ဘုရား ဝန်ထမ်းသာ ဖြစ်လို၏။
တရား ဝန်ထမ်းသာ ဖြစ်လို၏။
သံဃာ့ ဝန်ထမ်းသာ ဖြစ်လို၏။
ရတနာသုံးပါး ဝန်ထမ်းသာ ဖြစ်လို၏။
သာသနာ့ ဝန်ထမ်းသာ ဖြစ်လို၏။

သာသနာ့ ဝန်ကို ထမ်းသော သာသနာ့ဝန်ထမ်းဟူသည်
ကိုယ်ကျိုးစွန့်လျှက် သူတစ်ပါးအကျိုးကို သယ်ပိုး ဆောင်ရွက်ရခြင်းဖြစ်၏။
သာသနာတော် အကျိုးအတွက်လည်းကောင်း၊ သာသနာကို ယုံကြည်ကိုးကွယ်ကြသော လောကလူများအကျိုးအတွက်လည်းကောင်း ထမ်းပိုး ရွက်ဆောင်ခြင်း ဖြစ်၏။
သာသနာ့ ဝန်ထမ်းခြင်းသည် မေတ္တာဝန်ထမ်းဖြစ်၏။
မေတ္တာဝန်ကို ထမ်းရခြင်းသည် မလေး။ ပေါ့ပါး၏။
မေတ္တာဝန်ထမ်းသည် အကျိုးအမြတ်ကို မမျှော်ကိုး။
မေတ္တာဝန်ထမ်းရခြင်းကြောင့် မောပန်းခြင်းလည်း မရှိ။ မောပန်းရမှန်းလည်း မသိပေ။
မေတ္တာဝန်ထမ်းနေရသည်ကိုပင် ပျော်ရွှင်နေ၏။ ဆုထူးဆုမြတ်ကြီး ရသည့်နှယ်တည်း။

ထို့ကြောင့်…ငါသည်
လူတို့နေရာ ကာမဂုဏ်တောမှ ထွက်ခွါ၍ (ကာမဂုဏ်မှ ဝေးရာ) သာသနာတော်မှာ အခြေချပါမည်။
အိမ်ယာတည်ထောင် လူတို့ဘောင်မှ ထွက်ခွါ၍ သာသနာတော်မှာ အခြေချပါမည်။
တဏှာတောမှ ထွက်ခွါ၍ (တဏှာမှ ဝေးရာ) သာသနာတော်မှာ အခြေချပါမည်။
ကိလေသာတောမှ ထွက်ခွါ၍ (ကိလေသာမှ ဝေးရာ) သာသနာတော်မှာ အခြေချပါမည်။
သာသနာတော်မှာ နေထိုင်ပါမည်။ သာသနာတော်မှာ ရဟန်းဘဝဖြင့် ထာဝရ ပေးဆပ်နေပါမည်။
ရဟန်းဘဝဖြင့် သာသနာ့တာဝန်ကို ဦးလည်မသုန် ထမ်းရွက်ပါမည်။
ရဟန်းဘဝဖြင့် သာသနာတော် အဓွန့်ရှည်စွာ တည်တံ့ရေးအတွက် ပရိယတ်တာဝန်ကို တတ်စွမ်းသမျှ ပို့ချပါမည်။ ဖြန့်ဝေပါမည်။ တိုးတတ်ထွန်းကား ပြန့်ပွါးအောင် သာသနာပြုပါမည်။
ရဟန်းဘဝဖြင့် သာသနာတော် အဓွန့်ရှည်စွာ တည်တံ့ရေးအတွက် ပဋိပတ်တာဝန်ကို စွမ်းအားရှိသမျှ အားထုတ်ပါမည်။ ဖြန့်ဝေပါမည်။ တိုးတတ်ထွန်းကား ပြန့်ပွါးအောင် သာသနာပြုပါမည်။

အမေတည်းဟူသော သံယောဇဉ်ကိုလည်း ကျောခိုင်းကာ သာသနာတော်မှာ
ထာဝရ အခြေချပါမည်။
အဖေတည်းဟူသော သံယောဇဉ်ကိုလည်း ကျောခိုင်းကာ သာသနာတော်မှာ
ထာဝရ အခြေချပါမည်။
ညီ အစ်ကို မောင် နှစ်မ တည်းဟူသော သံယောဇဉ်ကိုလည်း ကျောခိုင်းကာ သာသနာတော်မှာ ထာဝရ အခြေချပါမည်။
ဆွေမျိုး တည်းဟူသော သံယောဇဉ်ကိုလည်း ကျောခိုင်းကာ သာသနာတော်မှာ ထာဝရ အခြေချပါမည်။
သီရိဂေဟာ တည်းဟူသော အိမ်သံယောဇဉ်ကိုလည်း ကျောခိုင်းကာ သာသနာတော်မှာ ထာဝရ အခြေချပါမည်။
ကာမဂုဏ် အပျော်အပါးတည်းဟူသော ကိလေသာကိုလည်း ကျောခိုင်းကာ သာသနာတော်မှာ ထာဝရ အခြေချပါမည်။
တဏှာ ရမ္မက်တည်းဟူသော ကိလေသာကိုလည်း ကျောခိုင်းကာ သာသနာတော်မှာ ထာဝရ အခြေချပါမည်။
မသိမှု အဝိဇ္ဇာတည်းဟူသော ကိလေသာကိုလည်း ကျောခိုင်းကာ သာသနာတော်မှာ ထာဝရ အခြေချပါမည်။

ကိလေသာမိုးများ အဆက်မပြတ်ရွာနေသော လူတို့ နေရာ “ရွာ”မှ ထွက်ခွါ၍
ထိုကိလေသာများကို အမြဲထိန်းကျောင်းနေသော “ကျောင်း”မှာ ထာဝရ နေထိုင်ပါမည်။
ထိုကိလေသာ သံယောဇဉ်ကြိုးတို့ဖြင့် ရစ်ပတ်နှေင်ဖွဲ့ကာ ဘောင်ခတ်ထားသောကြောင့် အိမ်ဟူသော ထောင်ကို (အိမ်ထောင်ပြုခြင်းကို) ကျောခိုင်းကာ ဆန့်ကျင်ဘက်ဖြစ်သော ထိုကိလေသာ သံယောဇဉ်ကြိုးတို့ဖြင့် နှောင်ဖွဲ့ခြင်းမှ လွတ်အောင် ရုန်းထွက်ပါမည်။
“အဗ္ဘောကာသော ပဗ္ဗဇ္ဇာ ဘဝ ဝဋ်ဘောင် အလွတ်ရှောင်သူတို့၏ ဘဝသည် လွင်တီးခေါင်လို ကျယ်ဝန်း၏"တဲ့။
ထို့ကြောင့် ငါသည် အနှောင်အဖွဲ့များသော လူ့ဘဝ ဝဋ်ဘောင်ကို ခွါရှောင်၍ လွတ်လပ်သော လွင်တီးခေါင်နှင့် တူသော ရဟန်းဘောင်မှာ ထာဝရ အခြေချပါမည်။

သာသနာတော်သို့ ဝင်ရောက်လာခြင်းသည် ကျော်ကြားလို၍ ဝင်ရောက်လာခြင်းမဟုတ်။
သာသနာတော်သို့ ဝင်ရောက်လာခြင်းသည် အောင်မြင်လို၍ ဝင်ရောက်လာခြင်းမဟုတ်။
သာသနာတော်သို့ ဝင်ရောက်လာခြင်းသည် ဂုဏ် ပကာသနကို မျှော်ကိုး၍ ဝင်ရောက်လာခြင်း မဟုတ်။
သာသနာတော်သို့ ဝင်ရောက်လာခြင်းသည် ရွှေငွေစသော လာဘ်လာဘတို့ကို မျှော်ကိုး၍ ဝင်ရောက်လာခြင်းမဟုတ်။
သာသနာတော်သို့ ဝင်ရောက်လာခြင်းသည် လူအများ၏ အကြည်ညို အပူဇော်ခံလို၍ ဝင်ရောက်လာခြင်း မဟုတ်။
သာသနာတော်သို့ ဝင်ရောက်လာခြင်းသည် ရာထူး အာဏာတို့ကို မျှော်ကိုး၍ ဝင်ရောက်လာခြင်း မဟုတ်။
သာသနာတော်၏ အံ့ချီးဖွယ်ရာ အကျိုးတရားကိုမြင်၍ အရာရာကိုစွန့်လွှတ်ကာ ကျောခိုင်းကာ သာသနာ့ကျွန်အဖြစ် ကျေကျေနပ်နပ် ခံယူခြင်းပါတည်း။

ငါသည် သာသနာကျွန်အဖြစ် ခံယူကာ……
နိစ္စ (မြဲခြင်း)ကို ရှောင်ခွါ၍ အနိစ္စ(မမြဲခြင်း)ကို တွေ့အောင် ကြိုးစားပါမည်။
သုခ (ချမ်းသာ)ကို ကျောခိုင်း၍ ဒုက္ခ (ဆင်းရဲ)ကို သိအောင် ကြိုးစားပါမည်။
အတ္တ (ငါ)ကို စွန့်ခွါ၍ အနတ္တ (ငါ မဟုတ်ခြင်း)ကို နှလုံးသွင်းကာ ပွါးများ အားထုတ်ပါမည်။
ငါ(အတ္တ) အများဆုံးမှ ငါ(အတ္တ) အပါးဆုံးဖြစ်အောင် ကြိုးစားပါမည်။
လောဘ (အလိုကြီးခြင်း)ကို ပယ်ခွါ၍ အလောဘ (လိုနည်းခြင်း)နယ်သို့ ဆိုက်ရောက်အောင် ကျင့်ကြံ ပွါးများပါမည်။
ဒေါသ (ကြမ်းတမ်းခြင်း)ကို ပယ်ခွါ၍ အဒေါသ (အေးမြခြင်း) (မေတ္တာ) နယ်သို့ ဆိုက်ရောက်အောင် ကျင့်ကြံ ပွါးများပါမည်။
မောဟ (မသိခြင်း)ကို ပယ်ခွါ၍ အမောဟ(အသိဉာဏ်) (ပညာ) နယ်သို့ ဆိုက်ရောက်အောင် ကျင့်ကြံ ပွါးများပါမည်။

သင်္ခတ တရားတို့မှ လွတ်မြောက်ရာ အသင်္ခတ နိဗ္ဗာန်ကို မျှော်ကိုး၍ သာသနာ့ကျွန်အဖြစ် ခံယူခြင်းပါတည်း။
ဝဋ်သုံးပါးမှ ကင်းလွတ်ရာ နိဗ္ဗာန်ကို မျှော်ကိုး၍ သာသနာ့ကျွန်အဖြစ် ခံယူခြင်းပါတည်း။
တဏှာကုန်ငြိမ်းရာ နိဗ္ဗာန်ကို မျှော်ကိုး၍ သာသနာ့ကျွန်အဖြစ် ခံယူခြင်းပါတည်း။
ရာဂကင်းလွတ်ရာ နိဗ္ဗာန်ကို မျှော်ကိုး၍ သာသနာ့ကျွန်အဖြစ် ခံယူခြင်းပါတည်း။
အိုခြင်းမရှိသော နိဗ္ဗာန်ကို မျှော်ကိုး၍ သာသနာ့ကျွန်အဖြစ် ခံယူခြင်းပါတည်း။
သေခြင်းကင်းရာ နိဗ္ဗာန်ကို မျှော်ကိုး၍ သာသနာ့ကျွန်အဖြစ် ခံယူခြင်းပါတည်း။
ကိလေသာကင်းဝေး ငြိမ်းအေးသော နိဗ္ဗာန်ကို မျှော်ကိုး၍ သာသနာ့ကျွန်အဖြစ် ခံယူခြင်းပါတည်း။
ငြိမ်းချမ်းရာ ဘေးကင်းရာ နိဗ္ဗာန်ကို မျှော်ကိုး၍ သာသနာ့ကျွန်အဖြစ် ခံယူခြင်းပါတည်း။
ကိလေသာမှ စင်ကြယ်သော နိဗ္ဗာန်ကို မျှော်ကိုး၍ သာသနာ့ကျွန်အဖြစ် ခံယူခြင်းပါတည်း။
လောကသုံးပါး၏ ကုန်ဆုံးရာ နိဗ္ဗာန် ကို မျှော်ကိုး၍ သာသနာ့ကျွန်အဖြစ် ခံယူခြင်းပါတည်း။
သူတော်ကောင်းတို့ တောင့်တအပ်သော နိဗ္ဗာန်ကို မျှော်ကိုး၍ သာသနာ့ကျွန်အဖြစ် ခံယူခြင်းပါတည်း။
ကာမဂုဏ်မှ လွတ်မြောက်ရာ နိဗ္ဗာန်သို့ လျင်မြန်စွာရောက်ရန် ဦးတည်ချက်တို့နှင့်သာတည်း။
သံသရာဝဲသြဃမှ ထွက်မြောက်၍ ဒုက္ခအပေါင်းမှ ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ လျင်မြန်စွာရောက်ရန် ဦးတည်ချက်တို့နှင့်သာတည်း။

ဗုဒ္ဓ၏ မှန်ကန်သောတရား (သစ္စာ ဓမ္မ)ကို မိမိသိသလို အခြားသူများ သိအောင် ဖြန့်ဝေပေးမည် ဟူသော ဦးတည်ချက်တို့နှင့် သာတည်း။
ဗုဒ္ဓ၏ မှန်ကန်သောတရား (သစ္စာ ဓမ္မ)ကို မိမိသိသလို အခြားသူများ သိအောင် ရေးသားပေးမည် ဟူသော ဦးတည်ချက်တို့နှင့် သာတည်း။
ဗုဒ္ဓ၏ မှန်ကန်သောတရား (သစ္စာ ဓမ္မ)ကို မိမိသိသလို အခြားသူများ သိအောင် သင်ကြားပေးမည် ဟူသော ဦးတည်ချက်တို့နှင့် သာတည်း။
ဗုဒ္ဓ၏ မှန်ကန်သောတရား (သစ္စာ ဓမ္မ)ကို မိမိသိသလို အခြားသူများ သိအောင် ဟောပြောပေးမည် ဟူသော ဦးတည်ချက်တို့နှင့် သာတည်း။

အရှင်ဥက္ကံသ 
သာသနတက္ကသီလ မဟာဓမ္မာစရိယ M.A. (Buddhism)




Wednesday, July 24, 2013

"မင်းကွန်းဆရာတော်ကြီး ၏ အံ့သြ ကြည်ညိဖွယ်ရာ စိတ်ထားတော် "

"မင်းကွန်းဆရာတော်ကြီး ၏ အံ့သြ ကြည်ညိဖွယ်ရာ စိတ်ထားတော် "


ကျန်ခဲ့သည့်ရက်ပိုင်းက ကျွန်တော်၏ စာအုပ်ပုံ ထဲမှ ဘယ်ကနေ ဘယ်လို ရှာဖွေတွေ့မိလိုက်သည် မသိ။ "နှစ်ဆယ်ရာစု၏မဟာလူသား"ဟု အမည်ပေးထားသော စာအုပ်ကို တွေ့လိုက်မိပါ၏။ ထိုစာအုပ်တွင်ပါဝင်သည့်အကြောင်းအရာမှာ "မင်းကွန်းဒုတိယဓမ္မနာဒတိုက်ဆရာတော်၊ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက၊အဂ္ဂမဟာပဏ္ဍိတ၊အဘိဓဇမဟာရဋ္ဌဂုရု အရှင်ဝိစိတ္တသာရာဘိဝံသ ဆရာတော်ကြီး"၏ "ထေရုပ္ပတ္တိ"ဖြစ်ပါသည်။



ရေးသားပူဇော်သူက"တိုးလှ, M.A .,Ph.d.(NIU,USA)၊တာဝန်ခံညွှန်ကြားရေးမှူးချုပ်၊တက္ကသိုလ်များသမိုင်းသုတေသနဦးစီးဋ္ဌာန"ဖြစ်၍ (၂၀၀၄)ခုနှစ်တွင် "မြန်မာသမိုင်းအဖွဲ့ နှစ်(၅၀)ရွှေရတုအထိမ်းအမှတ်စာအုပ်စာတမ်းများ ပုံနှိပ်ထုတ်ဝေရေးကော်မတီ"မှ ထုတ်ဝေခဲ့သည် ဆိုပါ၏။

"စာပေကျမ်းဂန်နှံ့စပ်ပြီးဗဟုသုတကြီးသောပုဂ္ဂိုလ်များ"ကိုကျွန်တော်အလွန်"လေးစား"တတ်ပါသည်။"ကိုယ်ပိုင်ဉာဏ်ကိုဝံ့ဝံ့စားစား,စူးစူးရှရှသုံးတတ်သောပုဂ္ဂိုလ်များ"ကို"ရိုသေ"တတ်ပါသည်။ထို"နှစ်ပါးစုံသောပုဂ္ဂိုလ်"တို့ကိုကား"ကြည်ညိုအားကျခြင်း"ဖြစ်မိတတ်ပါသည်။

"မင်းကွန်းတိပိဋကဓရဆရာတော်ကြီး"မှာကျွန်တော်"ကြည်ညိုအားကျ"မိသောအရှင်သူမြတ်ကြီးဖြစ်ပါသည်။"မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီး "အကြောင်းသိမီလိုက်ကြသူများအနေဖြင့် ကျွန်တော့်အဆိုကို သဘောတူကြမည်ဟု ယူဆပါသည်။

ထို"နှစ်ဆယ်ရာစု၏မဟာလူသား"အမည်ရစာအုပ်ထဲမှကျွန်တော့်အာရုံကိုဆတ်ကနဲလှုပ်နှိုးလိုက်ပုံကပဲစပြီးတင်ပြလိုက်ပါရစေ။

မင်းကွန်းတိပိဋကဓရဆရာတော်ကြီး သည် မိမိအောင်ထားသော "တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက" ဟူသောဘွဲ့ကြီးအပေါ် "မည်မျှ အသုံးကျသနည်း" ဟုကြံကြံဖန်ဖန် အတွေးပေါ်ခဲ့ဖူးသည် ဟူ၏။

"ဆရာတော်ကြီး" က ထိုသို့ ကြံကြံဖန်ဖန်အတွေးပေါ်ပုံကို ပွင့်လင်းစွာ ပြန်ပြောပြသောအခါ ဆရာတော်ကြီး၏ "လူသားဆန်မှု နှင့် ရိုးဂုဏ် "ကို ပိုမို ထပ်ဆင့်ကာ ကြည်ညိုမိပြန်ပါသည်။

"ဆရာတော်ကြီး"သည်"ဧရာဝတီတိုင်း၊ပုသိမ်မြို့၊မြို့လယ်သာသနာ့ဗိမာန်တော်ကြီး"၌ ရဟန်းတော် များကို "ဆုံးမသြ၀ါဒ"ပေးရာ ၌ ယင်းကဲ့သို့ အတွေးပေါ်ခဲ့ဖူးကြောင်း ဤသို့ပြောပြခဲ့ဖူးပါသည်။

"အကျင့် ပဋိပတ် မပါဘူးဆိုရင် အောင်မြင်မှုအပေါ်ယစ်မူးပြီး မြွေဖမ်းဆရာ ဥပမာ လိုဖြစ်တတ်ပါတယ် ဘုရား။ တပည့်တော် ကြုံတွေ့ခဲ့ရတာကလေး တစ်ခု လျှောက်ပါရစေ။ တပည့်တော် တိပိဋကဒရ ဖြစ်ပြီးကာ စ က ၊ ကိစ္စလေးရှိလို့ မန္တလေး ဘက် ကူးခဲ့ပါတယ်။ ကမ်းနား မှာပါ။

တပည့်တော် ကို အချို့ က တိပိဋက ကိုယ်တော် ဆိုတာ မသိကြပါဘူး။လူကလည်းပိန်ပိန် မို့ အို စာနေတော့ ပိုဆိုးပါတယ်ဘုရား။ မြစ်ကမ်းနား ကနေ ကား ရှိရာဘက် ခြေကျင် သွားတာပါ။ အဲဒီမှာ ဘာတွေ့ရသလဲ ဆိုတော့ ကားသမားတွေက (ဦးဇင်းကြီး ကား ငှား ဦးမလား)တဲ့။(ဘယ်သွားမလဲ) တဲ့။ ဆိုက်ကားဆရာတွေကလည်း (ဘယ်ပို့ရမလဲ)တဲ့ ။သာမည ဘုန်းကြီး တစ်ပါးတွေ့လို့ မေးပုံမျိုး မေးကြပါတယ်။

အထမ်းသမား တစ်ယောက် ကဆို ပစ္စည်းတွေသယ်ရင်း တပည့်တော် ကိုတိုက်သွားပါတယ်။
နောက်မှ (ဦးဇင်းကြီး မတော်လို့နော်)တဲ့။ နောက်တစ်ယောက် က (ကိုယ်တော်ကြီး ဖယ် ဖယ် တိုက်မိမယ်)တဲ့။ ပြောသွားကြတာ။ဆက်ဆံသွားကြတာ။

ဒီလို ဖြစ်တဲ့ ကိစ္စမှာ သူတို့အပြစ် မရှိပါဘူး။သူတို့ အလုပ် သူတို့ လုပ်နေကြတာကိုး ဘုရာ့။ တပည့်တော် ကိုလည်း ဘယ်လို ဘုန်းကြီး၊ဘာ စာမေးပွဲအောင်ထားတာ၊ ဆိုတာ သူတို့ စိတ်မ၀င်စားနိုင်ဘူးလေ။ သူတို့ ၀မ်းရေး က အဓိက ကိုး ဘုရာ့။

ဒီမှာ တပည့်တော် ဘာ စဉ်းစားမိသလဲ ဆိုတော့-
(သြော် ငါ အောင်ထားတဲ့ စာမေးပွဲဟာ၊ အောင်ကြောင်း သိတဲ့ လူတွေထဲသာ အသုံးဝင်တာပါလား။ ပူဇော်ပွဲ အခမ်းအနားမှာသာ တန်ဖိုးရှိတာ ပါလား။ငါ့ကို ကာကွယ် စောင့်ရှောက် မနေကြပါလား။ အောင်မြင်မှုကို ယစ်မူးလို့-ပစ္စည်း-မာတု- တွေနဲ့အချိန်ဖြုန်းနေရင် ငါ ပဲ နစ်နာမှာပါလား။

သိသူထဲရော မသိသူတွေ ကြားမှာပါ အသုံးဝင်တာ အကျင့် ပဋိပတ် ပါလား။ ငါ ကိုယ်တိုင် ကျင့်ထားတဲ့ သီလ၊ သမာဓိ၊ပညာ တွေကသာ ငါ့ ကိုအမှန်တကယ် ပစ္စုပ္ပန်-သံသရာ စောင့်ရှောက်မှာပါလား) စသည်ဖြင့် တွေးမိတယ် ဘုရား။"
ဟူ၍ဖြစ်သည်။

လူ့လောကတွင် ပညာလေးတတ်လို့ အာဏာလေး ရှိလာပြီဆိုလျှင် "ငါဘာကောင်လဲ သိစေမယ်" ဟူသော မာန များရှိတတ်ကြသည့် လောကကြီးထဲမှာ ဆရာတော်ကြီးလည်း အပါအ၀င်ဖြစ်ခဲ့ဖူးလေသည်။
သို့သော်- ဆရာတော်ကြီးသည် တရားနှင့်သိမ်းဆည်းနိုင်ခဲ့သည်ကိုတွေ့ရှိရသဖြင့် ထို ဟောပြောချက်ကိုဖတ်မိရသောအခါကျွန်တော်တုန်လှုပ်၍သွားမိပါလေသည်။

တစ်ခါက "ပခုက္ကူမြို့၊မဟာဝိသုတာရာမတိုက်၊ဆရာတော်"က ဤသို့မေးလျှောက်ဖူး၏။

"မင်းကွန်းတိပိဋကဆရာတော် အနေဖြင့် တရားဟောသည့်အခါ ပါဠိတော်ကို အဋ္ဌကထာ၊ဋီကာ၊နိဿယ တို့နှင့်နှီးနှော၍အပိုအလို မရှိ အောင် မည်သို့ မည်ပုံ ဟောပါလဲ" ဟု လျှောက်ဖူးသည်။

ထို အခါ "တိပိဋကဆရာတော်ကြီး" က ဤသို့ပြန်ဖြေခဲ့၏။

"တပည့်တော် တရားဟောတဲ့အခါ- ဘုရားရှင် ကို မျက်စိထဲမှာပေါ်လာအောင်အာရုံယူပြီးမှ တရားဟောပါတယ်။ အဲဒီလို အာရုံယူလိုက်တဲ့အခါ တပည့်တော်ရဲ့ နှုတ်က လှုပ်ရုံနဲ့ တရားတော်တွေဟာ ဘုရားရှင်တိုက်ရိုက် ဟောသလို စီရရီ ထွက်လာတာပါဘဲ ဘုရား။ တရားပွဲ မပြီး မချင်း တပည့်တော် ဘာကိုမှသတိမရဘဲ တရားထဲမှာနစ်မျောပြီး တရားပွဲပြီးလို့ ပရိတ်သတ်တွေက သာဓု သာဓု သာဓု လို့ ခေါ်မှ တပည့်တော် တရားဟောနေတာပါလား လို့ သတိပြန်ရတယ် ဘုရား"
ဟူ၍ဖြစ်သည်။

ဆရာတော်ဘုရားကြီး၏ စကားအဆိုအရမူ-
တရားဟောခြင်းသည် မိမိ၏အတ္တနောမတိ ကို တင်ပြဟောကြားနေခြင်းမဟုတ်ဘဲ ဘုရားရှင်၏ စကားတော်တို့ကိုပြန်လည်ရှင်းပြနေခြင်းသာဖြစ်၏။ဤသို့ဟောပြောနေစဉ် စိတ် က ဘုရားရှင်အား ပူဇော်နေခြင်း ဟု ခံယူထားခြင်းသဘောကိုတွေ့ရ၏။ အံ့ဖွယ်ကောင်းလေစွ။

ထို့ထက် ကျွန်တော် အံ့သြလေးစားကြည်ညို မိသည့် "ဆရာတော်ဘုရားကြီး၏ စကားတော်" မှာအောက်ပါအတိုင်းဖြစ်ပါသည်။

"ဆရာတော်ဘုရားကြီး"သည်"တရားဟော၊တရားဖြန်ဖြူးခြင်းနှင့်ဆိုင်သောဓမ္မကိစ္စများ"ကိုအားသွန်ခွန်စိုက်ရွက်ဆောင်လေ့ ရှိသဖြင့်"နားနား နေနေ နှင့် သက်တောင့် သက်သာ"နေရန် လျှောက်ထားသောအခါ-

"ဆရာတော်ဘုရားကြီး" က -

"တရားဟောတာဟာ မပင်ပမ်းပါဘူး။ ရပြီးသား စာတွေပြန်ရွတ်ရတာ မပင်ပမ်းပါဘူး။ ဒီ ပါးစပ်ဟာ ဘ၀ပေါင်းများစွာ ထင်ရာတွေ ပေါက်လွှတ်ပဲစား ပြောလာခဲ့တာ။ အခုလို ဘ၀ကောင်း၊အခါကောင်း ကြုံခိုက်၊ ရှင်တော်မြတ်ဘုရားရဲ့တရားတွေ ပေးလှူ ဖြန့်ဖြူးနေရတာ အင်မတန် မွန်မြတ်တဲ့ အလုပ်ပဲ မဟုတ်လား " ဟူ၏။

အားကျ အတုယူ အံ့သြ လေးစား ကြည်ညို ဖွယ် မကောင်းပေဘူးလား။ ဒီလို အသိမျိုး၊ဒီလို အတွေးအခေါ်မျိုး၊ကျွန်တော့် ဓမ္မမိတ်ဆွေများအားလုံးကို သတိပြုမိစေချင်လွန်းသဖြင့်နှိုးဆော် တင်ပြလိုက်ရပါသည်ခင်ဗျား။

မှီခိုရာကျမ်းကိုး-
-"နှစ်ဆယ်ရာစု၏မဟာလူသား"
(တိုးလှ, M.A .,Ph.d.(NIU,USA)၊တာဝန်ခံညွှန်ကြားရေးမှူးချုပ်၊တက္ကသိုလ်များသမိုင်းသုတေသနဦးစီးဋ္ဌာန)
(၁၅-ဒီဇင်ဘာ၊၂၀၀၄-ခုနှစ်-ထုတ် မှ)



ချမ်းသာပါစေ၊အေးငြိမ်းပါစေ၊ သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။

ဘ၀တုသဗ္ဗမင်္ဂလံ

သင့်
ကလျာဏ မိတ္တ (ည.ည.တ)