ရွှေစကားတို့ရဲ့မြစ်ဖျား (၉)
”ဘုရားရှင်
ပရိနိဗ္ဗာန်စံခါနီး၌ သာသနာကို စောင့်ရှောက်ပါမည်ဟု
သိကြားမင်းဝန်ခံခဲ့ပါသည်။ ဤသို့ ၀န်ခံခဲ့လျှက် ယခုအခါ သာသနာတော်ကို
ဆောင်ရွက်နေသော ငါတို့အား မစောင့်ရှောက်သောကြောင့် သိကြားမင်းသေကြောင်း
သိရပေသည်။ ဤစည်ကို တီးရခြင်းဖြစ်ပါသည်။”
အရှင်ခေမာစာရ
မြန်မာ့ရာဇ၀င်ဇာတ်ပေါ်မှာ အပြုအမူမျိုးစုံ၊
အပြောအဆိုမျိုးစုံ၊ အတွေးအခေါ်မျိုးစုံနဲ့
မင်းများစွာပြုမူလှုပ်ရှားသွားခဲ့ကြ ပါတယ်။ ပရိသတ်အားကျတဲ့မင်း၊
ပရိသတ်နှစ်သက်တဲ့မင်း၊ ပရိသတ်တသသဖြစ်ကျန်ရစ်တဲ့မင်းတွေရှိခဲ့သလို
ပရိသတ်စက်ဆုပ်တဲ့မင်း၊ ပရိသတ် မသတီတဲ့မင်း၊ ပရိသတ်အားမရတဲ့
ဲ့မင်းတွေလည်းရှိခဲ့ပါတယ်။ အဲဒီအထဲက ပရိသတ်အားကျတဲ့မင်း၊
ပရိသတ်နှစ်သက်တဲ့မင်း၊ ပရိသတ် တသသဖြစ်ကျန်ရစ်တဲ့မင်းတွေကို ခေတ်အဆက်ဆက်
ပရိသတ်တွေက မင်းကောင်းမင်းမြတ်တွေအဖြစ် ကမ္ပည်းတင်ခဲ့ကြပါတယ်။
ဒီနေရာမှာ
ပရိသတ်က မင်းကောင်း မင်းမြတ်အဖြစ် ကမ္ပည်းတင်တဲ့နေရာမှာ ”စံ” များစွာထဲက
မဖြစ်မနေပါရတဲ့ ”စံ” တစ်ခုရှိပါတယ်။ အဲဒါကတော့ ဒီမင်းဟာ
သာသနာရေးဘယ်လောက်အားပေးခဲ့သလဲ၊ ပြီးတော့ တစ်ဆင့်တက်တွေးပြီး
စစ်မှန်တဲ့သာသနာရေးလား၊ ဒါမဖြစ်မနေထားရတဲ့စံပါ။ ဘာဖြစ်လို့
ဒီစံထားရသလဲဆိုတော့ မြန်မာ့ယဉ်ကျေးမူအခြေခံ အုတ်မြစ်တွေဟာ
ထေရ၀ါဒဗုဒ္ဓစာပေတွေဖြစ်နေလို့ပါပဲ။
အင်းဝခေတ်မှာ ထူးခြားတဲ့မင်းတစ်ပါး
ပေါ်ထွန်းခဲ့ပါတယ်။ အဲဒီမင်းကတော့ မင်းကြီးစွာစော်ကဲဆိုတဲ့မင်းပါ။
မင်းကြီးစွာစော်ကဲအကြောင်းက ရာဇ၀င်မှာ သင်ဖူးထားကြတာများလို့
အထူးပြောစရာမလိုတော့ပါဘူး။ ပြောချင်တာက မင်းကြီးစွာစော်ကဲနဲ့ သာသနာရေးပါ။
မင်းကြီးစွာ အင်းဝဘုရင် ဖြစ်လာတော့ ငယ်ဆရာဖြစ်တဲ့ ရခိုင်ဘုန်းကြီးကို
”မဟာသံဃရာဇာ”ဆိုတဲ့ ဘွဲ့တံဆိပ်ကိုကပ်ပြီး မင်းဆရာအဖြစ် ကိုးကွယ်ထားပါတယ်။
”မဟာသံဃ ရာဇာ”ဘွဲ့ တံဆိပ်ရပုံ က ဒီလိုပါ။
မင်းကြီးစွာစော်ကဲအပါအ၀င်
မင်းသားငယ်သုံးပါးကို ငယ်စဉ်က ရခိုင်ဘုန်းကြီးက စာသင်ပေးခဲ့ရပါတယ်။
ရခိုင်ဘုန်းကြီးက မင်းကြီးစွာစော်ကဲ မင်းဖြစ်မယ့်အရေးကို
ငယ်စဉ်ကတည်းကသိခဲ့တယ်လို့ ဆိုပါတယ်။ ဘုန်းကံအလျောက် မင်းကြီးစွာ
အင်းဝဘုရင်ဖြစ်တဲ့အခါ ငယ်ဆရာဘုန်းကြီးကို မေ့နေခဲ့ပါတယ်။ ဒီတော့
ဆရာဘုန်းကြီးက နှလုံးမသာမယာဖြစ်ပြီး ဘုန်းကြီးလို့ အသက်ရှည်လိုသော
အနောက်တောင်ထောင့်၌ စည်းခံတည်လေ လို့ သတိရစေဖို့ အမှာလွှတ်လိုက်ပါတယ်။
မင်းကြီးစွာလဲ ဆရာဘုန်းကြီးမှာတဲ့အတိုင်း ရွှေစည်းခုံတည်ဖို့ စီစဉ်ပါတယ်။
ဒီနေရာမှာ သမိုင်းကြောင်းတစ်ခုဝင်လာပါတယ်။
ဘာလဲဆိုတော့ ဘုရားတည်မဲ့နေရာရဲ့ ကျောက်ဆောင်အနီးမှာ
ရှေးကမုဠောဘုရားရှိခဲ့ဖူးပြီး ရေတိုက်စားလို့ ဓါတ်တော်ကြုတ် ဧရာဝတီမြစ်ထဲ
ကျသွားခဲ့ပါတယ်။ ဧရာဝတီမြစ်ထဲ ကျသွားတဲ့ ဓါတ်တော်ကြုတ်ကို ဧရာပထနဂါးမင်းက
သိမ်းဆည်း ကိုးကွယ်ထားခဲ့တယ်လို့ ဆိုပါတယ်။ ရွှေစည်းခုံဘုရား
တည်မယ့်သတင်းကြားတော့မှာ နဂါးမင်းက ဒါဠာနာဂမထေရ်ကို ဓါတ်တော်ကြုတ်နဲ့တကွ
ဓါတ်တော်ငါးဆူကို လာပြီးပေးအပ်ပါတယ်။ မထေရ်ကလဲ ရလာတဲ့ဓါတ်တော်ငါးဆူကို
မင်းကြီးစွာကို ဆက်ကပ်လိုက်ပါတယ်။ ဓါတ်တော်ငါးဆူထဲက နှစ်ဆုကို
မူလမုဠောဘုရားမှာ ဌာပနာပြီး သုံးဆူကိုတော့ တည်ဆဲရွှေစည်းခုံမှာ ဠာပနာပါတယ်။
အဲဒီရွှေစည်းခုံတည်စဉ်မှာပဲ
အင်းဝတစ်မြို့လုံး အုတ်အုတ်ကျက်ကျက်နဲ့ အထိတ်တလန့် ဖြစ်ကုန်ကြပါတယ်။
ဒီသတင်းကြားရတော့ ရခိုင်ဘုန်းကြီးက အင်းဝကိုကြွလာပြီး ကုက္ကိုပင်၊
ဆင်းကျုံး၊ မော်ကွန်း၊ သရပါတံခါး ရတနာ့ဂူတွေကို ရွှေစည်းခုံနဲ့ တစ်ပြိုင်နက်
တည်ပေးလိုက်မှ ထိန်လန့်မှူတွေ ရပ်သွားခဲ့တယ်လို့ ဆိုပါတယ်။ ဒါတွေကတော့
သူတို့ အချင်းချင်းသာ နားလည်နိုင်မယ့် လောကီပညာရပ်တွေထင်ပါတယ်။ ဒီတော့မှာ
မင်းကြီးစွာက ငယ်ဆရာဘုန်းကြီးကို ပူဇော်သက္ကာရတွေပေးပြီး မဟာသံဃာ့ရာဇာ
ဆိုတဲ့ ဘွဲ့ကို တစ်ခါတည်း ဆက်ကပ်လိုက်ပါတယ်။
ခေတ်အဆက်ဆက် မြန်မာ့ရာဇ၀င်မှာကလဲ
စာပေပရိယတ္တိကျွမ်းကျင်ပြီး ထေရ၀ါဒလမ်းကြောင်းအတိုင်း လျှောက်ကြတဲံ့
ရဟန်းတော်တွေကတစ်ဖက်၊ စာပေပရိယတ္တိအားနည်းပြီး လောကီပညာတွေဖြစ်တဲ့ အင်းအိုင်
မန္တာန်တွေကို လိုက်စားတဲ့ ရဟန်းတွေက တစ်ဖက်၊ အဲဒီလို လမ်းကြောင်းမတူတဲ့
ဟိုဖက်ဒီဖက် နှစ်ဖက်အားပြိုင်ခဲ့ကြတဲံ သာဓကတွေရှိခဲ့ဘူးပါတယ်။
အားပြိုင်ပြီဆိုကတည်းက
တစ်ဖက်နဲ့တစ်ဖက် အားသာချက် အားနည်ချက်တွေနဲ့ လွန်ဆွဲခဲ့ကြမှာတော့
သေချာပါတယ်။ ဘယ်လောက်ပဲ အားပြိုင်မူတွေနဲ့ လွန်ဆွဲမူတွေရှိခဲ့ ရှိခဲ့၊
ဓမ္မလမ်းကြောင်းက အဓမ္မလမ်းကြောင်းမဖြစ်နိုင်သလို အဓမ္မ လမ်းကြောင်းကလဲ
ဓမ္မလမ်းကြောင်း မဖြစ်နိုင်ခဲ့ပါဘူး။ နောင်မှာ သမိုင်းကပဲ
စကားပြောသွားလေ့ရှိပါတယ်။
စောစောကပြောခဲ့တဲ့ မဟာသံဃရာဇာ
ဘွဲ့ရတဲ့ဘုန်းကြီးက သာသာရေးကိစ္စတွေကို သူကပဲ ကိုယ်တွယ်ဖြေရှင်းပေး
နေတယ်လို့ ဆိုပါတယ်။ မင်းကြီးစွာကိုယ်တိုင်ကလဲ သာသာရေးကိစ္စတွေကို
သူ့ဘုန်းကြီးကိုပဲ တိုင်ပင်ပြီး လုပ်လေ့ရှိပါတယ်။ အဲဒီလိုထေရ၀ါဒအပြင်ဘက်က
ဘုန်းကြီးက သာသာပိုင်တက်ဖြစ်ပြီး သာသနာရေးရာတွေကို ကိုင်တွယ်နေတော့
ပရိယတ္တိကျွမ်းကျင်တဲ့ ထေရ၀ါဒီရဟန်းတော်တွေအတွက် အခက်တွေ့ကုန် ကြတာပေါ့။
ဒီအခက်အခဲကို
ဘယ်သူကဖြေရှင်းပေးလိုက်သလဲဆိုတော့ မနာပြင်ငါးဆူရပ်မှာနေတဲ့
အရှင်ခေမာစာရဆိုတဲ့ ရဟန်းတော်က ဖြေရှင်းပေးလိုက်ပါတယ်။ အရှင်ခေမာစာရဆိုတာက
စာပေပရိယတ္တိကျွမ်းကျင်တဲ့ ထေရ၀ါဒီရဟန်းတော် တစ်ပါးပါ။
သူကဘယ်လိုဖြေရှင်းပေးလိုက်သလဲဆိုတော့
တစ်ည ညဥ့်နှစ်နာရီကျော်လောက်မှာ
အချက်ပေါင်းများစွာ စည်တီးလိုက်ပါတယ်။ အရှင်ခေမာစာရ တီးလိုက်တဲ့စည်သံဟာ
မင်းနန်းတော်အထိ လွှမ်းသွားပါတယ်။ ဒီတော့ မင်းကြီးစွာက ” ဒီစည်သံဟာ
ရဟန်းတစ်ပါးပါး ပျံတော်မူလို့ တီးတာဖြစ်လိမ့်မယ်၊
ဘယ်ရဟန်းပျံတော်မူတယ်ဆိုတာ သွားစုံစမ်းချေ” ဆိုပြီး အမတ်တွေကို
စုံစမ်းခိုင်းလိုက်ပါတယ်။ အမတ်တွေလဲ အရှင်ခေမာစာရဆီ ရောက်လာကြပါတယ်။
အရှင်ခေမာစာရကလဲ ရောက်လာမယ်မှန်းသိလို့ စောင့်နေဟန်ထင်ပါတယ်။
စည်တီးတာ အရှင်ဘုရား။
ဟုတ်ပေသည်။
ခု ဘယ်ရဟန်းပျံတော်မူ၍ စည်တီးသနည်း။
ဘယ်ရဟန်း ပုဂ္ဂိုလ်မျှ ပျံတော်မူခြင်းမရှိ၊ ဤစည်တီးခြင်းကား တာဝတိံသာ နတ်ပြည်မှ သိကြားမင်းသေ၍ တီးခြင်းဖြစ်သည်း။
အရှင်ဘုရားက သိကြားမင်းသေကြောင်းကို အဘယ်ကြောင့် သိသနည်း။
”ဘုရားရှင် ပရိနိဗ္ဗာန်စံခါနီး၌ သာသနာကို
စောင့်ရှောက်ပါမည်ဟု သိကြားမင်းဝန်ခံခဲ့ပါသည်။ ဤသို့ ၀န်ခံခဲ့လျှက် ယခုအခါ
သာသနာတော်ကို ဆောင်ရွက်နေသော ငါတို့အား မစောင့်ရှောက်သောကြောင့်
သိကြားမင်းသေကြောင်း သိရပေသည်။ ဤစည်ကို တီးရခြင်းဖြစ်ပါသည်။
အရှင်ခေမာစာရဆီက အဖြေစကားကြားရတော့
အမတ်တွေကလဲကြားရတဲံအတိုင်း မင်းကြီးစွာကို ပြန်လျှောက်ကြပါတယ်။
မင်းကြီးစွာကလဲ အသိဥာဏ်ရှိတဲ့မင်းဆိုတော့ အရှင်ခေမာစာရရဲ့ ဆိုလိုချက်ကို
ချက်ချင်းသဘော ပေါက်လိုက်ပါတယ်။ ဒါကြောင့် မင်းကြီးစွာက
အရှင်ခေမာစာရအပါအ၀င် ပရိယတ္တိကျွမ်းကျင်တဲ့ ထေရ၀ါဒီရဟန်းတော်တွေကိုလည်း
ကျောင်းဆောင်တွေ ဆောက်လုပ်လှူပြီး ပူဇော်သက္ကာရ ပြုခဲ့ပါတယ်။ ပြီးတော့
ရွှေစည်းခုံနဲ့ သိမ်သမုတ်ပွဲကိုလည်း အရှင်ခေမာစာရတို့လို
ပရိယတ္တိကျွမ်းကျင်တဲ့ ရဟန်းတော်တွေနဲ့ သမုတ်စေခဲ့ပါတယ်။ ဒါကြောင့်
အင်းဝခေတ် စာမျက်နှာမှာ မင်းကြီးစွာစော်ကဲ မင်းကောင်းမင်းမြတ်အဖြစ်
စာရင်းဝင်ခဲ့တာဟာလဲ အရှင်ခေမာစာရရဲ့ စည်တီးမှုတစ်စိတ် တစ်ဒေသက
ကျေးဇူးပြုခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
တကယ်တော့
အရှင်ခေမာစာရက သိကြားမင်းသေလို့ဆိုပြီး စည်းတီးခဲ့ပေမယ့် မြတ်စွာဘုရားက
ပရိနိဗ္ဗာန်စံခါနီး သိကြားမင်းကို သာသနာတော် စောင့်ရှောက်ဖို့ မမှာခဲ့သလို
သိကြားမင်းကလဲ့ သာသာနာတော်ကို စောင့်ရှောက်ပါမယ်လို့ ၀န်ခံကတိမပေးခဲ့ပါဘူး။
ဘုရားသာသနာ သိကြားစောင့် ရှောက်တယ်ဆိုတဲ့စကားဟာ အမှန်မဟုတ်တဲ့
လောကပြောစဉ်တစ်ခုပါ။ ဒီပြောစဉ်ကို အခြေတည်ပြီး အရှင်ခေမာစာရက
စည်တီးခဲ့တာပါ။
ဘာပဲပြောပြော အရှင်ခေမာစာရ
တီးခဲ့တဲ့စည်သံဟာ အင်းဝခေတ်ဇာတ်ခုံကို ကြည့်မိတိုင်း ကြားနေရဆဲပါ။
တကယ်လို့များ ခေတ်တခေတ်ရဲ့ ဇာတ်ခုံထက်မှာ အရှင်ခေမာစာရလို
ဇာတ်ဆောင်တစ်ဦးအနေနဲ့ စည်တီးဖို့ အခွင့်ကြုံလာခဲ့ရင် တီးဖြစ်အောင်
တီးလိုက်ဖို့ပါပဲ။ မိမိတီးလိုက်တဲ့စည်သံဟာ နှောင်းခေတ် အဆက်ဆက်ထိ
ကြားနေမှာတော့ သေချာပါတယ်။
ရဝေနွယ်(အင်းမ)
ကျမ်းကိုး
(၁) သာသနာလင်္ကာရစာတမ်း (မဟာဓမ္မသတ်ကြီး)
(၂) ရတနာစာပေ (ရဝေထွန်း)
မြတ်သတိ မေ၊ ၂၀၀၁