Friday, November 4, 2011

ကျမနှင့် လောကသံသရာ

 

ကျမနှင့် လောကသံသရာ

ကျမက တဦးထဲသော သမီး ဖြစ်ပေမဲ့ ဖိုးဖိုး၊ ဖွားဖွား အုပ်ချုပ်မှုနဲ့ ကြီးပြင်းခဲ့ ရတဲ့ ကျမဘ၀မှာ ကလေးဘ၀ကို ကလေးတယောက်လို မကုန်ဆုံး ခဲ့ ရပါဘူး ... ။ အသက် (၁၁) နှစ် သမီး အရွယ်က စပြီး နွေရာသီ ကျောင်းပိတ်ရင် ရိပ်သာ ၀င်ခဲ့ရတဲ့ ကျမအဖို့ သင်္ကြန်ဆိုတာ အသက် ၁၁ နှစ်ထဲက ဘာမှန်း မသိခဲ့ ရဘူး..။ ကျမအိမ်က ကျောင်းပိတ်တာနဲ့ ရိပ်သာပို့ ထားပြီး ကျောင်းဖွင့်တော့မှ ကျမကို ရိပ်သာ က လာခေါ်ခဲ့ တယ် .. ။ ကျမ ၀င်ခဲ့ တဲ့ လက်ဦးဆရာ ရိပ်သာက လှိုင်မဟာစည်သာသနာ့ ရိပ်သာ့ ဖြစ်ပြီး စည်းကမ်းလည်း အရမ်းကြီးတယ်..။ ၁၁နှစ် ၁၂နှစ်အရွယ်တုန်းကတော့ မေမေလည်းပါတော့ ထူးထူးခြားခြား ဘာမှ မရှိခဲ့ ဘူး.. ကလေးဆိုတော့ ဘုရားစာတွေကျက်လိုက်..  တရားထိုင် လိုက်. မုန့် ခိုးစားလိုက်နဲ့ ပြီးဆုံးခဲ့ တယ်..။

           ဒါပေမဲ့  အသက် (၁၃) နှစ်အရွယ် ရိပ်သာ ၀င်ရတဲ့ အချိန်ဟာ ကျမဘ၀အတွက် မှတ်မှတ်ရရ လေးတခုပါ.. ။ အဲဒီအချိန်မှာ မေမေလည်း မပါတော့ဘူး.. ။ ဘုရားစာကျက်ရင်း တရားကိုလည်း ထိုင်တယ်ဆို ယုံပဲရှိတယ်.. ဘာမှ မသိပဲနေလာလိုက်တာ.. တခါတလေ  တရားထိုင်ရင်လည်း  ဒုန်းဆိုတဲ့ အသံကိုကြားလိုက်လို့ မျက်စိဖွင့်ကြည့်တော့ ကြမ်းပြင်နဲ ခေါင်းနဲ့   ဆောင့်တာ ကျမဖြစ်နေတယ်လေ.. ။ တရားထိုင်တော့မယ်ဆိုတာနဲ့ ကျမ အိပ်ဖို့ ကြိုးစားတော့တာပဲ.. ။ သင်္ကြန်တရားစခန်း ဖွင့်တော့ လူအရမ်းများတယ်.. ။ ကျမ နေရတဲ့ အဆောင်မှာ ကြောင်နက်ကြီးတကောင်ရှိတယ်.. ။ တချို့ အမကြီးတွေက အဲဒီကြောင်နက်ကြီးက သရဲဖြစ်ကြောင်း.. အဲဒီအဆောင်ကလည်း သရဲခြောက်ကြောင်း.. အခန်း ၁၂ခန်းရှိရာမှာ ညဘက်ဆို သရဲက အခန်း ၁ ထဲကနေ ထွက်လာတာ ၁၂အခန်းထဲ ၀င်သွားကြောင်း .. စသည်ဖြင့် မရိုးနိုင်တဲ့ သရဲဇာတ်လမ်းနဲ့ သရဲ အဆောင်မှာ ကျမဟာ အခန်းကူးပြီး သူတို့ ပြောသမျှပုံ နားထောင် .. ညဘက်မုန့် ခိုးစား.. အန်တီကြီးတွေကို နှိပ်ပေးရင်း အချိန်တွေကုန်ဆုံးခဲ့ တယ်.. ။

          ဒီလိုနဲ့ ကျမ ရဲ့ စိတ်တွေကို ပြောင်းလဲ ပေးမဲ့ နေ့ တနေ့ ရောက်လာတယ်.. အဲဒါကတော့ ကျမတို့ အဆောင်က သင်္ကြန်တရားစခန်းပြီးလို့ အားလုံး ပြန်သွားချိန်မှာပေါ့.. ည၁၁နာရီ  တရားထိုင်ပြီးလို့ အဆောင်ကို ပြန်လာတဲ့ အချိန်မှာ ကျမ အရမ်းကြောက်နေခဲ့ တယ်...။ ကျမ အဆောင်ရဲ့ လှေကားပေါ်တက်တဲ့ အချိန်မှာ အရင်က နားထောင်ခဲ့ ဘူးတဲ့ သရဲဆိုတဲ့  ကြောင်နက်ကြီးကလည်း ကျမကို ကြည့်လို့ လေ.. ကျမကြောက်ကြောက်နဲ့ တကိုယ်လုံးချွေးတွေပြန် အခန်းတံခါးကိုဖွင့်ပြီးတော့ ခြင်ထောင်တောင် မထောင်ပဲ စောင်ခေါင်းမြီးခြုံ ချွေးတွေရွဲပြီး အိပ်ခဲ့ တဲ့ အဲဒီညကို ကျမ ဘ၀တသက်လုံး မမေ့ ခဲ့ ဘူး...။ အရင်လူများတုန်းက နားထောင်ခဲ့ ဘူးတဲ့ လမ်းလျောက်တယ်ဆိုတဲ့ သရဲလည်း ဘယ်အချိန်ထွက် လာမလည်းဆိုတာ နားစွင့်ရင်းပေါ့...။ ဒီလိုနဲ့ မနက် ၃နာရီမှာ ကျမတံခါးကို တဒုန်းဒုန်းလာထုတော့ ကျမကြောက်ပြီးအော်လိုက်တာ.. တကယ်တော့ ကျမ အဲဒီအဆောင်မှာ တယောက်ထဲမို့ လို့ ယောဂီစောင့်ရှောက်ရေးက အမကြီးက ဟိုဘက်အခန်းမှာ အဲဒီညက လာအိပ်ပေးတာကို ကျမ မသိခဲ့ ဘူးလေ.. ။ သူက မနက် ၃နာရီ တရားထိုင်မဲ့ အချိန် မထလို့ လာနှိုးတာပါ..။

          ကျမနေတဲ့ အဆောင်ရဲ့ အနောက်ဘက်ရပ်ကွက်မှာ အိမ်တွေရှိတယ်..။ နောက်နေ့ ရောက်တော့ အဲဒီနောက်အိမ်က အမကို ပြတင်းပေါက်ကလှမ်းခေါ်ပြီး မေမေကို လာခေါ်ပေးဖို့ ဖုန်းဆက်ခိုင်းခဲ့ တယ်..။ ၂ရက်လောက်ကြာတော့ မေမေ ရောက်လာပေမဲ့ စည်းကမ်းကြီးတဲ့ ရိပ်သာနဲ့ ဖွားဖွားတို့ ရဲ့ အမိန့် ကို မလွန်ဆန်နိုင်တဲ့ မေမေက ကျမကို အိမ်ပြန်ခေါ်သွားလို့ မရခဲ့ ပါဘူး..။ ဒီလိုနဲ့ ကျမ ဆက်နေခဲ့ ရတယ်..။ အရင်ကလို  အဖော်မရှိတဲ့ ကျမဟာ တရားကို သေချာထိုင်ပါတော့တယ်...။  ဒီလိုနဲ့ ကျမ တရားရဲ့ အေးချမ်းမှုကို ရခဲ့ တယ်...။ လှိုင်မဟာစည်ရိပ်သာမှာက ဥာဏ်စဉ်(၁၆) ဥာဏ်ကို ပထမအကြိမ် ကျင့်နိုင်ရင် သောတာပန်.. ဒုတိယအကြိမ် ၁၆ဥာဏ် ထပ်ကျင့်ရင် သကဒါဂမ်.. တတိယအကြိမ် ထပ်ရရင် အနာဂါမ်နဲ့ စတုတ္ထအကြိမ် ထပ်ရရင် ရဟန္တာဆိုပြီး သတ်မှတ်ပါတယ်..။

တကယ်လို့ ၁၆ဥာဏ်ထဲက ပထမ ၄ခု ရရင် အပါယ်လေးပါးကို ဘ၀ငြိမ်းတယ်လို့ သတ်မှတ်ပါတယ်.. ။ နာ ၁၊ နာ ၂၊ နာ ၂ (က)၊ နာ ၂ (ခ) စသည်ဖြင့် ကျောင်းထိုင်ဆရာတော်က ၁၆ဥာဏ်ကိုထပ်မံ ခွဲခြား သတ်မှတ်ပြီး ဥာဏ်စဉ်ရတယ်ဆိုတာကို သတ်မှတ်ပါတယ်..။

နိဗ္ဗာန်ရောက်ကြောင်း ဥာဏ်စဉ် ၁၆ ပါး
၁။ နာမရူပ ပရိစ္ဆေဒဥာဏ် – ရုပ်နာမ် ၂ ပါးကို ပိုင်းခြား၍ သိသောဥာဏ်။
၂။ ပစ္စယပရိဂ္ဂဟဥာဏ် – ရုပ်နာမ် ၂ ပါးဖြစ်ကြောင်းကို သိသောဥာဏ်။
၃။ သမ္မာသနဥာဏ် – ရုပ်နာမ် ၂ ပါးကို အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ ဟု သုံးသပ်သောဥာဏ်။
၎။ ဥဒယဗ္ဗယဥာဏ် – ရုပ်နာမ် ၂ ပါး ဖြစ်ပုံပျက်ပုံကို ရှုသဖြင့် ဖြစ်ပေါ်လာသောဥာဏ်။
၅။ ဘင်္ဂဥာဏ် – ရုပ်နာမ် ၂ ပါး ဖြစ်ခြင်းကို လွှတ်၍ ပျက်ခြင်းကို ထင်သောဥာဏ်။
၆။ ဘယဥာဏ် – ရုပ်နာမ် ၂ ပါးပျက်ခြင်းကို ဘေးဟု ရှုသည်၏ အစွမ်းဖြင့် ထင်မြင်သောဥာဏ်။
၇။ အာဒိန၀ဥာဏ် – ထိုဘေးကို ဆင်းရဲခြင်းဟု ရှုသည့်အစွမ်းဖြစ်သောဥာဏ်။
၈။ နိဗ္ဗိဒါဥာဏ် – ရုပ်နာမ်ခန္ဓာ ၊ သင်္ခါရ ဖြစ်ပုံပျက်ပုံကို ငြီးငွေ့ဖွယ်ဟု မြင်သောဥာဏ်။
၉။ မုစ္စိတုကမျတာဥာဏ် – ရုပ်နာမ်ခန္ဓာ သင်္ခါရတို့မှ လွတ်ရာနိဗ္ဗာန်သို့ ညွှတ်သောဥာဏ်။
၁၀။ ပဋိသင်္ခါဥာဏ် – ရုပ်နာမ်ခန္ဓာ သင်္ခါရတို့မှ အတင်းလွတ်မြောက်လိုသောဥာဏ်။
၁၁။ သင်္ခါရူပေက္ခာဥာဏ် – ရုပ်နာမ်သင်္ခါရတို့၌ မုန်းချစ်မပြု လျစ်လျူရှုသောဥာဏ်။
၁၂။ အနုလောမဥာဏ် – ၀ိပသနာဥာဏ် ရင့်သန်သဖြင့် မဂ်၎ခု ပေါ်အောင် နှိုးဆော်ပမာတူသော ဥာဏ်။
၁၃။ ဂေါတြတူဥာဏ် – ပုထုဇဉ်အနွယ်ကိုဖြတ်၍ အရိယာအနွယ်ကို ပွားစေသောဥာဏ်။
၁၄။ မဂ်ဥာဏ် – နိဗ္ဗာန်ကို သိမြင်သောဥာဏ်။
၁၅။ ဖလဥာဏ် – နိဗ္ဗာန်ကိုသိသော ဖိုလ်ဥာဏ်။
၁၆။ ပစ္စဝေက္ခဏာဥာဏ် – မဂ်ဖိုလ် နိဗ္ဗာန် ပယ်ပြီး မပယ်ပြီးသော တရားကို ဆင်ခြင်သောဥာဏ်။

          ဒီလိုနဲ့ သရဲကြောက်လို့ .. အိမ်ပြန်မရလို့ ..  တရား စထိုင်ခဲ့ တဲ့ ကျမဟာ ကျောင်းဖွင့်လို့ မေမေလာခေါ်တဲ့ အချိန်မှာ ဥာဏ်စဉ် ၁၁ထိ ရခဲ ပါတယ်..။ ဥာဏ်စဉ် ၁၁ထိ ရတဲ့ သူက အပါယ်လေးဘုံကို (၇) ဘ၀ မကျဘူးလို့ ဆရာတော်က သတ်မှတ်ထားပါတယ်..။ တရားရဲ့ အေးမြမှုကို ခံစားရတဲ့ ကျမတယောက်.. ငါမဟုတ်ပဲ အပုပ်ကောင်ကြီးရဲ့ စေစားရာကို လိုက်နေပါလားဆိုတာ သိသွားတဲ့ ကျမတယောက်  အိမ်ပြန်မလိုက်ခြင် တော့ပါဘူး.. ။ မေမေ့ကိုတသက်လုံး တရားအားထုတ်ဖို့ တောင်းဆိုခဲ့ ပါတယ်..။ ဒါပေမဲ့ မေမေက အသက် (၁၃) နှစ် ၈တန်းကျောင်းသူ အရွယ်နဲ့  ရာသက်ပန် တရားအားထုတ်ဖို့ ဆိုတာ ငယ်သေးတယ်.. တကယ်လို့ သာသနာ ဘောင်မှာ မပျော်တော့ရင် ပညာလည်းမပြည့်စုံ.. တရားလည်းမရပဲ လမ်းခုလတ်မှာ ဟိုမရောက် ဒီမရောက် ဖြစ်မယ်.. သီလရှင်တသက်လုံး ၀တ်ခြင်လည်း အရွယ်ရောက်မှ ပညာစုံမှ ၀တ်ပါဆိုလို့ ကျမ ၀တ်ခွင့်မရခဲ့ ပါဘူး...။

         အသက် (၁၆) နှစ်ရောက်တော့ ငယ်ငယ်က ကျမ ၀င်ခဲ့ တဲ့ လှိုင်မဟာစည်၊ မဟာစည်သာသနာရိပ်သာ၊ ချမ်းမြေ့ ရိပ်သာ၊ ရွှေတောင်ကုန်း သာသနာ့ ရိပ်သာ တို့ မဟုတ်တော့ပဲ.. မော်လမြိုင်မြို့ ဖားအောက်တောရကျောင်း က ကျမရဲ့  ပင်တိုင် ရိပ်သာ ဖြစ်သွားပါတယ်..။ အေးချမ်းတဲ့ တောအုပ်ထဲမှာ တည်ရှိတဲ့ တောရကျောင်းနဲ့  တောင်ပေါ်မှာတည်ထားတဲ့ သိမ်ကျောင်း သွားတဲ့ တောလမ်းတောက်လျှောက်မှာ ဆောက်ထားတဲ့ ရဟန်းတွေရဲ့ တပါးဆောင်များဟာ မြင်ရသူတွေအတွက် အရမ်းအေးချမ်းတဲ့ လောက နိဗ္ဗာန် လေးပါ...။ အေးမြတဲ့ တောရကျောင်းမှာ တရားကျင့်နေတဲ့ ရဟန်းရှင် လူ အစုံကို မြင်ရတဲ့ ကျမတယောက် တရားအရိပ်မှာ ထာဝရ နေခြင်ခဲ့ ပါတယ်..။

         ဖားအောက်တောရ ကျောင်းမှာ ကျမအရမ်းကြည်ညိုပြီး အားကျတဲ့ ဆရာလေးတပါးရှိပါတယ်..။ အဲဒီဆရာလေးနာမည်က ဒီပင်္ကရာပါ..။ ဆရာလေးက သြစတြေးလျ ဖားအောက်ရိပ်သာမှာ နိုင်ငံခြား သာသနာပြု ကိုယ်စားလှယ်တပါးပါ..။ အမျိုးသမီးထဲက ရှားရှားပါးပါး နိုင်ငံခြား သာသနာပြု သီလရှင်ဆိုတော့ ကျမ အရမ်း အားကျတယ်.. ...။ ကျမ ဆရာလေးကို ဘယ်လောက်ထိ အားကျလည်းဆိုရင် ကျမ ၁၀တန်းအောင်ပြီး ပြင်သစ်ဘာသာကို ပြင်သစ်သံရုံး(မဟာမြိုင်) မှာ တက်တော့ ကျမရဲ့ ရည်ရွယ်ချက်က သူများတွေနဲ့ မတူပဲ နိုင်ငံခြား သာသနာပြုသီလရှင်တပါး ဖြစ်ခြင်ခဲ့တယ်..။

       ဒီလိုနဲ့ ကျမ သီလရှင် အပြီးဝတ်ဖို အသက် (၂၀) မှာ ဆုံးဖြတ်ခဲ့ တယ်... ရန်ကုန်ပြန်ပြီး မိဘကို ခွင့်တောင်း၊ ပြင်ဆင်သင့်တာ အကုန်စီစဉ်ဖို့ ဆရာတော်ကြီးကို လျှောက်စဉ်မှာ ဆရာတော်က ကျမကို ပြောပါတယ်..။ ဒကာမလေး မိဘက ခွင့်မပြုရင် ဘယ်လိုလုပ်မလည်းတဲ့ .. ကျမက တပည့်တော် ပြန်ဖြစ်အောင် ပြန်ခဲ့ပါမယ် ဘုရားလို့ ပြောခဲ့ ပါတယ်...။ အဲဒီမှာ ကျမရဲ့ အမ၀မ်းကွဲဖြစ်သူ အဲဒီချိန်မှာ သီလရှင်ဝတ်နေတဲ့ အမက ညီမလေး ဘုန်းဘုန်းက တခုခုမြင်လို့ ဒီစကားကို မိန့် တာတဲ့ ..။ မလေး ပိုက်ဆံအကုန် ထုတ်ပေးမယ်.. မပြန်တော့ပဲ တခါထဲ ၀တ်ပါလားလို့ ပြောတယ်...။ ကျမက တသက်လုံး ၀တ်မှာဆိုတော့ မိဘရဲ့ ခွင့်ပြုချက်နဲ့ မိဘမျက်စိ ရှေ့ မှာ ပဲ ၀တ်ခြင်တော့ ... ရပါတယ်.. မေမေကို ရအောင် ပြောမယ်လို့ ဆိုပြီး ကျမ မော်လမြိုင်ကနေ ရန်ကုန် ပြန်လာခဲ့ တယ်...။ ရန်ကုန်အိမ်ရောက်တော့ မေမေက သမီးက ရာသက်ပန် ၀တ်မှာဆိုတော့ တက်နေတာတွေ ပြီးအောင် တက်ပါအုံး သမီး တခုခုကို လုပ်မယ်ဆိုရင် သေချာစဉ်းစားဆုံးဖြတ် အစီအစဉ်တကျလုပ်မှ ရေရှည်တည်မြဲမယ်.. လို့ ပြောပါတယ်..။

        အဲဒီနေ့ ကစပြီး အကြောင်းအမျိုးမျိုးကြောင့် ဖားအောက်တောရလည်း မရောက်ဖြစ်ပါဘူး.. ကျမဖြစ်ခြင်တဲ့ ဆရာလေး ဒီပင်္ကရာလို နိုင်ငံခြား သာသနာပြု သီလရှင်တပါးလည်း မဖြစ်သေးဘူး...။ မဆုံးနိုင်တဲ့ လောကထဲက မပြီးနိုင်တဲ့ လောဘတွေနဲ့ ကျမ ကျင်လည်နေသေးတာလေ.. ဒါပေမဲ့ ကျမ ရည်ရွယ်ချက်ကတော့ အခု ဒီ Note ကို ရေးနေတဲ့ အချိန်ထိ မပျက်သေးပါဘူး...။

အားလုံးကိုချစ်ခင်လေးစားလျှက်
အဲမွန်ဒြာ  4.30am (3.June.2011)