“ဂါမဏိ… လွန်လေပြီးသော အခါက
သတ္တ၀ါတို့သည် မကင်းသော ရာဂ၊ ဒေါသ၊ မောဟ ရှိကုန်၏။ ယင်းတို့ဖြင့်
နှောင်ဖွဲ့ကုန်၏။ ကချေသည် သည် ထိုသတ္တ၀ါတို့ အလယ်သို့ ၀င်၍ ထိုသတ္တ၀ါတို့အား
လွန်စွာနှစ်သက်ခြင်း၊ အမြတ်ထွက်ခြင်း၊ မိုက်မဲတွေဝေခြင်းငှာ
တပ်နှစ်သက်စေတတ်သော အာရုံ၊ မိုက်မဲတွေဝေ စေတတ်သော အာရုံတို့ကို
အနီးသို့ဆောင်၏။ ထိုကချေသည် သည် မိမိလည်း လွန်စွာမေ့လျော့လျက်
သူတစ်ပါးတို့ကိုလည်း လွန်စွာမေ့လျော့ စေတတ်သောကြောင့် သေသည်မှ နောက်၌ ပဟာသ
အမည်ရှိသော ငရဲ၌ ဖြစ်ရ၏”
(သံယုတ်ပါဠိတော်)
သတ္တ၀ါတွေ ဆင်းရဲဒုက္ခရောက်နေကြတာကို ကယ်တင်မယ်ဆိုတဲ့
စိတ်ရင်းစေတနာကြောင့် ဘုရားရှင်းသည် ပါရမီဖြည့်ကျင့်ပြီး ဘုရားဖြစ်အောင်
ကျင့်ကြံအားထုတ် ခဲ့ရတယ်ဆိုတာ အားလုံးသိပြီး ဖြစ်ပါတယ်။ ဘုရားရှင်
ဟောကြားသော တရားတော်တွေကို အနှစ်ချုပ်ရင် ပိဋကတ်သုံပုံ ရပါတယ်။ ထို
ပိဋကတ်သုံးပုံကို အနှစ်ချုပ်ရင် ဗောဓိပက္ခိယတရား (၃၇)ပါး ရပါတယ်။ ထို
ဗောဓိပက္ခိယတရား (၃၇)ပါးကို အနှစ်ချုပ်ရင် မဂ္ဂင် (၈)ပါး ရပါတယ်။ ထို မဂ္ဂင်
(၈) ပါးကို ချုံ့လိုက်ရင် (သီလမဂ္ဂင် (၃)ပါး၊ သမာဓိမဂ္ဂင် (၃)ပါး၊ ပညာမဂ္ဂင်
(၂)ပါး) သီလ၊ သမာဓိ၊ ပညာ ဖြစ်ပါတယ်။ ထို့ကြောင့် ထေရ၀ါဒ ဗုဒ္ဓဘာသာ သာသနာသည်
သီလ၊ သမာဓိ၊ ပညာ တည်းဟူ သော သိက္ခာတော်သုံးရပ် နှင့်ပြည့်စုံတယ်လို့
ဆိုပါတယ်။ ထိုအကြောင်းတွေကိုတော့ ဗုဒ္ဓဘာသာဝင်တိုင်း သိသင့်တယ်လို့
ခံယူမိပါတယ်။
ဘုရားရှင်ဟောကြားခဲ့သော
တရားတော်များကို ယနေ့တိုင် နာကြား၊ အားထုတ်ခွင့် ရနေခြင်းမှာလဲ သာသနာကို
အခက်အခဲပေါင်း များစွာကြားမှ ထိန်းသိမ်းစောင့်ရှောက်ခဲ့သော သံဃာတော်
အရှင်သူမြတ်များ၏ ကျေးဇူး ကြောင့် ဖြစ်ပါတယ်။ ယနေ့တိုင်လဲ နေရာ အနှံ့အပြားမှာ တရားပွဲများ ပြုလုပ်နာကြားနေဆဲပါ။
ကမ္ဘာ့နိုင်ငံ အများစုမှာလဲ ဆရာတော်များမှ သာသနာအကျိုး၊
လူသားတွေ ကောင်းကျိုးအတွက် တရားဓမ္မများ ဟောကြားဆုံးမ နေကြပါတယ်။
ထိုတရားတွေသည် တိုင်းသားပြည်သူတို့၏ ကောင်းကျိုးချမ်းသာ အတွက်ပင်
ဖြစ်ပါတယ်။ မိမိတို့ ကိုယ်တိုင်ပင် စဉ်းစားကြည့်ကြပါ။ တရားဓမ္မတွေ
မည်သို့ပင် ဟောကြားဆုံးမ နေသော် လည်း လိုက်နာကျင့်ကြံခြင်း မရှိရင်တော့
ကောင်းကျိုးချမ်းသာကို ဆောင်နိုင်မှာ မဟုတ်ပါဘူး။ လူတဦးနဲ့ တဦးရဲ့ အထုံ
ပါရမီ မတူတာကြောင့် အားလုံး မလိုက်နာနိုင်တာကို အပြစ်မဆိုသာပါ။ သို့သော်
တရားဓမ္မကို တော့ တန်ဖိုးထားတတ်ဖို့၊ ရိုသေလေစားဖို့ လိုအပ်မယ်လို့
တွေးမိပါတယ်။
ယနေ့အချိန်အခါမှာ အနောက်တိုင်း ယဉ်ကျေးမှုများ၊
ဂီတပညာများ၊ နေထိုင်မှု စရိုက်များ စတဲ့ လောကီ အသွင်အပြင်တွေကို အတုယူလာကြတာ
တွေ့ရပါတယ်။ လူတိုင်းမှာ ကိုယ်ကျေနပ်တဲ့ အာရုံနဲ့ နေတာ ဖြစ်တဲ့ အတွက်
အားလုံးကို ၀င်ရောက် မပြောလိုပါဘူး။ သာသနာနှင့် လောကီ အလုပ်တွေ ရောနှောပြီး
လုပ်ဆောင်တာတော့ မဖြစ်သင့်တဲ့ ကိစ္စတခု လို့ခံယူမိပါတယ်။ ဂီတ၊ အနုပညာ
နဲ့ပတ်သတ်လို့ သိမြင်လာတာ တွေကို ပြောချင်ပါတယ်။
ဂီတ၊ အနုပညာဆိုတာ လူသားတွေရဲ့ အသိတွေ၊ နေထိုင်မှု
စရိုက်တွေကို ပြောင်းလဲ နိုင်စွမ်းရှိပါတယ်။ ကျနော်တို့ ငယ်စဉ်က
မိခင်မေတ္တာဖွဲ့ သီချင်း တပုဒ်ထဲမှာ “မြတ်စွာဘုရားတောင်မှ နို့တလုံး ဖိုးသာ
ကျေတယ် အမေ” ဆိုတော့ မြတ်စွာဘုရားတောင် နို့တလုံးဖိုးပဲ ကျေတယ်ဆိုတော့
ငါတို့ ဆိုရင် ဘယ်လောက်ဆပ်ဆပ် ကျေမှာ မဟုတ်တော့ဘူးလို့ အမှတ်မှားခဲ့ပါတယ်။
(မိဘမေတ္တာကို ပုံဖော်တာ မှန်သော်လည်း အသိမှား၊ အမှတ်မှားဖြစ်အောင်တော့
မလုပ်မိဖို့ အရေးကြီးပါတယ်)။ အရှင်ဆန္ဒာဓိက ရေးတဲ့ “နို့နှစ်လုံးဖိုး
ကျေပါတယ်” ဆိုတဲ့ စာအုပ်ဖတ်တဲ့ အချိန်ကျမှ အမှန်ကို သိခဲ့ရတာပါ။ ဒီနေရာမှာ
သီချင်းစာသားတွေကို သတိထားစေချင်ပါတယ်။ တေဘုံမာ၊ ဘ၀သံသရာ စတဲ့
သီချင်းတွေကတော့ နားထောင်ရင်းနဲ့ပဲ တရားအသိ ရသွားနိုင်ပါတယ်။
“ပထမ အရွယ်မှာ ပညာရှာ၊ ဒုတိယ အရွယ်မှာ ဥစ္စာ၊ တတိယ
အရွယ်မှာ ဘာဝနာ တရားပွားကြစို့” လို့ ဆိုကြပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင်
မှန်တယ်ထင်ရတယ်။ သေချာတွေးကြည့်ပါစို့။ တတိယ အရွယ်ရောက်မှ ဘာဝနာ
တရားပွားမယ်ဆိုတော့ ဘာဝနာပွားမယ့် အလုပ်ကို နောက်ဆုံးမှ လုပ်ရမယ်ထင်တဲ့
သဘော သက်ရောက်နေပါတယ်။ တတိယ အရွယ် မရောက်ခင် မသေဘူးလို့ ဘယ်သူက
အာမခံပေးနိုင်မလဲ။ လူဆိုတာ အသက်ကြီးလာရင် ဦးနှောက်ရဲ့
အလုပ်လုပ်ဆောင်နိုင်မှုက အားနည်းလာပါတယ်။ အဲဒီအချိန်မှ တရားအားထုတ်ရင်
တရားရဖို့ ခဲယင်းပါမယ်။ ငယ်စဉ်က တရားအသိမရှိတော့ နတ်တွေ၊ ဘိုးတော်တွေ၊
မယ်တော်တွေ၊ ဘိုးဘိုးကြီး၊ သူရသတီ စတဲ့ ကိုးကွယ်မှု အစစ်မဟုတ်တဲ့
ဒိဋ္ဌိအယူတွေကို သေချာမသိဖြစ်မယ်။ အဲဒီ အစွဲတွေကို အသက်ကြီးတဲ့ အချိန်မှာ
ဖျောက်လို့ ခက်ပါလိမ့်မယ်။ ဒိဋ္ဌိအယူနဲ့ သေရင်တော့ ယမမင်းနဲ့ စစ်တမ်း ၀င်စရာ
မလိုပဲ ငရဲကို တိုက်ရိုက်သွားရပါမယ်။ ဒီတော့ ပထမ အရွယ်မှာ ပညာနဲ့ တရားရှာ၊
ဒုတိယ အရွယ်မှာ ဥစ္စာနဲ့ တရားရှာ၊ တတိယ အရွယ်မှာ အလုံးစုံသော တရားရှာ
သင့်တယ်လို့ ထင်ပါတယ်။
စာဖတ်သူများလဲ စဉ်းစားပါ။ ကျနော် ရေးတာကိုပဲ ယုံရမယ်လို့ မဆိုလိုပါဘူး။
ရိုးရာ အငြိမ့်ပွဲတွေမှာ ဘုရား၊ တရား၊ သံဃာ နဲ့
ပတ်သတ်လို့ ပျက်လုံးတွေလဲ မလုပ်သင့်ဘူးလို့ ခံယူပါတယ်။ ဘာလို့လဲ ဆိုတော့
ရတနာသုံးပါးရဲ့ ကျေးဇူးဂုဏ်တွေကို ရေးသားခဲ့ပြီးလဲ ဖြစ်ပါတယ်။ ပျက်လုံး
လုပ်တယ် ဆိုရာမှာ ရယ်စရာပြောတာ ဖြစ်ခြင်းကြောင့် မရိုသေရာ ရောက်ပါတယ်။
(စာဖတ်သူများလဲ တွေးကြည့်ပါ)။ သာဓု ခေါ်သံကိုလဲ အလေးမထားပဲ ပျက်လုံး
လုပ်ကြတာတွေလဲ တွေ့ရပါတယ်။ သာဓု တလုံးခေါ်ဆိုမှုသည် ဘယ်လောက် အကျိုးရှိတယ်
ဆိုတာ သိစေချင်ပါတယ်။ အသိတလုံးသည် အင်မတန် အရေးကြီးပါတယ်။
အခုအချိန်က ရိုးရိုးသံစဉ် မဟုတ်တော့ပဲ DJ ဆိုတဲ့
တီးလုံးနဲ့ သီဆိုနေကြပါပြီ။ မြန်မာ့ယဉ်ကျေးမှု သံစဉ်တွေလဲ ဒီဂျေ
ဖြစ်နေပါပြီ။ ၁၀ နှစ်ဝန်းကျင် ကလေးတွေက အစ ဒီလို အသံတွေကို နားထောင်တတ်
နေတာလဲ အပြစ်မဆိုသာပါဘူး။ ဆုတ်ခေတ်ကာလ ဆိုတာ ပေါ်လွင်လာတာပါ။ ဆိုချင်တဲ့သူ
ဆိုပါ။ နားထောင်ချင် တဲ့သူလဲ နားထောင်လို့ရပါတယ်။ (အားပေးတာမျိုးတော့
မဟုတ်ပါ)။ သို့သော် အဲဒီ အနောက်တိုင်း တီးလုံး (DJ) နဲ့ မေတ္တာပို့
စာသားတွေကို ဖန်တီးပြုပြင်တာတော့ မသင့်တော်ဘူးလို့ ခံယူပါတယ်။
မေတ္တာပို့တယ်ဆိုတာ ကိုယ်ပို့မယ့် သတ္တ၀ါတွေ၊ နတ်တွေ၊ ဗြဟ္မာတွေအားလုံးကို
စိတ်ထဲမှာ ပုံပေါ်လာအောင် အာရုံပြုပြီးမှ မေတ္တာပို့လွတ် ရတာပါ။ ဒါမှလဲ
မေတ္တာအကျိုးက ထိရောက်ပါတယ်။ ကိုယ်တိုင် မပို့သဖြစ်ရင် ဆရာတော်ကြီးတွေရဲ့
မေတ္တာပို့ တရားတွေ ဖွင့်ပြီး ကိုယ့်စိတ်က သတ္တ၀ါတွေ တရားတော်ကို
နာနိုင်ပါစေ၊ မေတ္တာပို့ အမျှဝေသံတွေ ရပါစေလို့ နှလုံးသွင်းထားမယ်ဆိုရင်လဲ
ရပါတယ်။
အခုတော့ DJ ဆိုတဲ့ အသံနဲ့ လုပ်ထားတော့ ဘယ်လိုများ
အာရုံရနိုင် မလဲ။ နာကြားရတဲ့သူကရော မေတ္တာပို့စာသား မကြားပဲ
တီးလုံးသံကြားလို့ နားငြီးနေမယ်။ သတိပြုကြရမှာက ယခုလို အသေးဖွဲ့က စလို့
ကြီးမားတဲ့ ပြုပြင်မှုအထိ လုပ်လာနိုင်ပါတယ်။ ဒီလုပ်လုပ်ဆောင်တာသည် အခြားဘာ
သာဝင်တွေလဲ ဖြစ်နိုင်သလို ဗုဒ္ဓဘာသာဝင်တွေလဲ ဖြစ်နိုင်ပါတယ်။ တဦးချင်ဆီက
ကိုယ်သိတဲ့ အသိလေးတွေနဲ့ ဘာသာ သာသနာ အတွက် အသေးစိတ်က အစ လိုက်နာ
စောင့်ထိန်းစေချင်ပါတယ်။ သူတို့ နေရာနဲ့ သူတော့ အပြစ် မဆိုပါ။ နို့စားနွားမ
တကောင်ဟာ လယ်ကွက်ထဲမှာတော့ တင့်တယ်ပါတယ်။ သို့သော် မြို့ထဲက ပန်းခြံထဲ
ဝင်လာရင်တော့ မောင်းထုတ်ရပါမယ်။ ထို့အတူ ဂီတတွေ၊ သံစဉ်တွေသည် သူ့နေရာနှင့်
သူတော့ ကောင်းပါတယ်။ သို့သော် ဘာသာ သာသနာကို ထိပါးလာရင်တော့
ပြောရပါလိမ့်မယ်။
ထိုပြောဆိုမှုသည် စိတ်ရင်းစေတနာ အမှန်နဲ့ တရားဓမ္မကို
လူတိုင်း သိရှိ၊ ကြည်ညိုလေးစား၊ လိုက်နာ တတ်စေဖို့ တစ်ခုတည်းသော
ရည်ရွယ်ချက်ကြောင့်သာ ဖြစ်ပါတယ်။ ပုထုဇဉ် လူသားတွေ ဖြစ်တာကြောင့် မည်သူမှ
အမှားမကင်းတာ သဘာဝပါ။ အမှားကို သိပြီး အမှန်ကို ပြုပြင်နိုင်ခြင်းသည်
သူတော်ကောင်းတို့ အကျင့်ပါ။ စာဖတ်သူများ အမှား၊ အမှန်ကို ကိုယ်ပိုင်ဉာဏ်နဲ့
စဉ်းစားဆုံးဖြတ်ပြီး သူတော်ကောင်းတရားများ ကျင့်ကြံအားထုတ်နိုင်ကြပါစေ…။
အဝေရာ ဟောန္တု၊ ဘေးရန်ကင်းကြပါစေ၊
အဗျာပဇ္ဇာ ဟောန္တု၊ စိတ်ဆင်းရဲခြင်း ကင်းကြပါစေ၊
အနီဃာ ဟောန္တု၊ ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ၊
သုခီ အတ္တာနံ ပရိဟရန္တု၊ မိမိတို့ ခန္ဓာဝန်ကို ချမ်းသာစွာဖြင့် ရွက်ဆောင်နိုင်ကြပါစေ။
အောင်ဦး