Tuesday, November 22, 2011

စိတ်ယဉ်ကျေးမှု

 
စိတ်ယဉ်ကျေးမှု
အရင်က ဂျပန်ဘုန်းတော်ကြီး နစ်ချီဒတ်ဆု ဖူဂျီရဲ့ နွေဦး(Spring) ဆိုတဲ့ စာတိုလေးကို ဘာသာပြန်ကာ ဆောင်းပါးတစ်ပုဒ်ထဲမှာ သုံးဖူးတယ်။ နစ်ချီဒတ်ဆုက ကမ္ဘာတလွှားမှာ ငြိမ်းချမ်းရေး ဘုရားစေတီတွေကို ဦးဆောင်တည်ခဲ့သူ။ သူဦးဆောင်တည်ခဲ့တဲ့ ဘုရားတွေ ကမ္ဘာအရပ်ရပ်မှာ ရှစ်ဆယ်ကျော် ရှိနေပြီ ရယ်လို့ သိရပါတယ်။ လန်ဒန်နဲ့ နယူးယောက်မှာရှိတဲ့ စေတီနှစ်ဆူဆီကိုတော့ ရောက်ခဲ့ပြီးပြီ။ ငြိမ်းချမ်း ရေးဆိုတဲ့အသံကြားရင် ကိုယ်ကလည်း မချဉ်းကပ်ပဲ မနေနိုင်အောင်ဖြစ်တတ်သူ။ ငြိမ်းချမ်းတိတ်ဆိတ် တဲ့နေရာများမှာ ငြိမ်းခြင်းမှု အမှတ်တရ စေတီများဆီကနေ လွင့်ပျံ ထင်ဟပ်လာတဲ့ ငြိမ်းချမ်းရေးလှိုင်း က ဖူးမြင်သူ ကိုယ့်ဆီကို ကူးစက်လာသလို ကောင်းကောင်း ခံစားခဲ့ရပါတယ်။



စေတီဘုရားတွေ အမြောက်အများ ရှိပြီးသားနေရာတွေမှာ ဘုရားအဆူဆူ ထပ်ကာထပ်ကာ တည်နေ ခြင်းကို အားမပေးလိုပေမယ့် စေတီပုထိုး မရှိသေးတဲ့နေရာတွေမှာ ခုလိုငြိမ်းချမ်းရေးစေတီတွေကို ခက်ခက်ခဲခဲ ကြိုးစားကာ တည်ဆောက်တာမျိုးကိုတော့ ချီးကျူးအားပေးချင်ပါတယ်။ ဒါကြောင့်လည်း နစ်ချီဒတ်ဆုနဲ့ ဆက်စပ်တဲ့အကြောင်း အနည်းအကျဉ်းစူးစမ်းမိတော့ သူပြောခဲ့တဲ့ စကားတွေထဲက အများအတွက် အကျိုးရှိမယ့် စကားလေးတွေကိုလည်း တွေ့ခဲ့ရပါတယ်။ ကမ္ဘာတလွှားမှာ ဘုရား အဆူ ဆူ တော်တော်များများကို တည်ထားခဲ့ပေမယ့် သူပြောတဲ့စကားကတော့ များများစားစား မရှိခဲ့ပါဘူး။ ကိုယ်ကပဲ တွေ့အောင် မရှာနိုင်ခဲ့တာလား၊ သူကပဲ များများ မပြောခဲ့တာလား၊ မှတ်တမ်း တင်သူတွေ ကပဲ များများ မတင်ခဲ့တာလားတော့လည်း မသိဘူးပေါ့။

သူပြောသမျှစကားထဲမှာ ကိုယ့်တွေ့သမျှ အနည်းငယ်ထဲက ကိုယ်နှစ်သက်တဲ့ စကားလေးအချို့ကို ကြိုးစားပြီး ဘာသာပြန်လိုက်ပါတယ်။ ဒီစကားလေးကို ၁၉၇၆ ခုနစ်က နယူးယောက်မြို့၊ ခရစ်ယန်ဘုရား ကျောင်းတစ်ခုမှာ ပြောခဲ့တာပါ။ စာဖတ်သူအနေနဲ့တော့ သဘောတူတာလည်း ရှိမယ်၊ မတူတာလည်းပဲ ရှိကောင်း ရှိနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ်၊ အသုံးချတတ်မယ် ဆိုလျင်ဖြင့် အသုံးကျမယ်ဆိုတာကိုတော့ လေးလေးနက်နငက် ယုံကြည်ပါတယ်။ ဒါကြောင့်လည်း ဘာသာပြန်ဖြစ်တာပါ။ ဖတ်ကြည့်ပါဦး။ ။

ငွေကြေးနဲ့ တည်ဆောက်ထားတဲ့ ဒီနေ့ခေတ်ရဲ့ ယဉ်ကျေးမှုဆိုတာ လူ့အသက်ပေါင်း များစွာကို ဆုံးရှုံး စေပါတယ်။ ခေတ်သစ် လူ့ယဉ်ကျေးမှုဆိုတာ လူသားတို့ ချမ်းသာကြွယ်ဝရေးကို ဦးစားပေးရမယ့်အစား နျူကလီးယားဗုံးတွေ၊ ဒုံးတွေထုပ်လုပ်ခြင်းနဲ့ ငွေကြေးပိုမို ချမ်းသာလာအောင် စုဆောင်းခြင်းကိုသာ ဖြစ်ပေါ်စေပါတယ်။ ရှိသမျှ အရင်းအနှီးခွန်အားကိုလည်း လူသတ်လက်နက်တွေ စုဆောင်းရေးမှာသာ လျင် ရင်းနှီးမြှပ်နှံ နေကြပါတယ်။ တကယ်တော့ လူသတ်လက်နက်တွေဟာ လူသားတွေ အသက်ရှင် နေထိုင်နိုင်မှုအတွက်၊ တိုင်းနိုင်ငံတွေ ရပ်တည်နေနိုင်ဖို့အတွက် အဓိကကျတဲ့ မရှိမဖြစ် လိုအပ်ချက်တွေ မဟုတ်ပါဘူး။ ဒီလူသတ်လက်နက်တွေ ရှိနေသမျှကာလပတ်လုံး လူသားတွေအဖို့ ဖိနှိပ်ချုပ်ချယ်မှုတွေနဲ့ တွေ့ကြုံနေကြရ၊ လက်နက်ကပ်ဘေးဆိုးတွေအတွက် ကြိုတင်ပြင်ဆင်နေကြရဦးမှာပါပဲ။



ဗုံးတွေသေနတ်တွေသာ မရှိလျင် လူသားတွေအနေနဲ့ ဘယ်လောက်များ ငြိမ်းချမ်းလိုက်လေမလဲ။ လူ့ယဉ်ကျေးမှု တိုးတက်ဖြစ်ထွန်းခြင်းဆိုတာ အရေးကြီးတဲ့ အပြောင်းအလဲတစ်ခုပါ။ သိပ္ပံပညာတိုးတက် ထွန်းကားခြင်းက အမျိုးမျိုးသော စက်ယန္တရားတွေကို တီထွင်နိုင်ခဲ့တယ်။ နောက်ဆုံးမတော့ စက်ယန္တ ရားတွေက အစုအပြုံလိုက် လူကိုသတ်ဖြတ်နိုင်တဲ့ လူသတ်ကိရိယာတွေဖြစ်လာတယ်။ တချိန်ထဲမှာပဲ ငွေကြေးစုဆောင်းခြင်းဆိုတာကလဲ ချမ်းသာတဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံတွေအနေနဲ့ ပိုမိုချမ်းသာနိုင်ရေးအ တွက် အရေးကြီးတဲ့ကိရိယာတစ်ခုဖြစ်လာတယ်။

စီးပွားရေးအခြေခံတဲ့ ရည်မှန်းချက်ဟာ လူသားတစ်ယောက်အတွက်၊ နိုင်တစ်နိုင်ငံအတွက် ငွေရဖို့ အတွက်ပဲ ဖြစ်လာတယ်။ ငွေကြေးကြွယ်ဝမှုဟာ အဓိကဖြစ်တယ်တယ်ဆိုတဲ့ ဒီလိုစဉ်းစားတွေးခေါ် မှုဟာ ခေတ်မီတိုးတက်မှုကြောင့်ဖြစ်လာခြင်းဖြစ်တယ်။ ဒါပေမယ့် ဒီအချိန်ဟာ လူသားတွေ ရှင်သန် ရပ်တည်ရေးအတွက် အချင်းချင်း အပြန်ပြန်အလှန်လှန် စာနာခြင်းဆိုတာ ရှိကိုရှိရမည့် အချိန်ဖြစ် တယ်။

တရုတ်ပြည်ရဲ့ သံသယ၊ ဆိုဗီယက်ရဲ့သံသယ၊ အင်္ဂလန်ရဲ့သံသယ၊ ဂျပန်ရဲ့သံသယ၊ ကိုးရီးယားရဲ့ သံသယ၊ အားလုံးက မယုံကြည်မှုတွေနဲ့ နေထိုင်ကြတယ်။ ဒီမယုံကြည်မှုတွေကပဲ လက်နက်ဆိုတာ မရှိ မဖြစ်အရာလို့ မြင်လာတယ်။ ဒီမယုံကြည်မှုတွေကို ပြေလျော့စေဖို့ ဘာသာရေးဆိုင်ရာ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ဖို့လိုတယ်။ ကောင်းကင်၊ သမုဒ္ဒရာ ကမ္ဘာမြေကြီးနဲ့ ဘုရားသခင်ရဲ့ဂုဏ်သိက္ခာကို ယုံ ကြည်ဖို့ဆိုတာ ဒီဗုံးနဲ့ဒုံးဆိုတဲ့ လူသတ်လက်နက်တွေကို မှီခိုလို့ ရနိုင်လိမ့် မဟုတ်ပေဘူး။ ဒီသံသယ တွေ မကင်းပဲနဲ့တော့ ဘယ်လိုမှ ဖြစ်နိုင်မယ် မဟုတ်ပါဘူး။  အချင်းချင်း  သံသယကင်းမှုကသာ မှန် ကန်တဲ့အဖြေကို ပေးနိုင်မှာပါ။ အခြားသူတွေကို ကယ်တင်ဖို့၊ ကမ္ဘာမြေကြီး ငြိမ်းချမ်းစေဖို့၊ သင့်အတွက် ခံစားမှုသက်သက်ဆိုတာကို ပယ်ရှားဖို့၊ အခြားသူတွေရဲ့ ဘဝကို ရှင်သန်စေဖို့၊ ခက်ခဲတဲ့ စိတ်ဓာတ် ရေးရာဖွံ့ဖြိုးတိုးတက်ယဉ်ကျေးမှုကို မဖြစ်မနေတည်ဆောက်ရလိမ့်မယ်။

အမေရိကန်နိုင်ငံရဲ့ ဒေသသားတွေဟာ ဥရောပကနေဝင်လာတဲ့သူတွေက သူတို့ကို မောင်းထုတ်ပစ် လိမ့်မယ်၊ ဖျက်ဆီးပစ်ကြလိမ့်မယ်လို့ ဘယ်လိုတွေးထင်ခဲ့ကြလိမ့်မလဲ။ သူတို့တွေဟာ ဝင်လာသူတွေ အတွက်ပင်လျင် စာနာကြည့်နဲ့ ဝမ်းနဲခဲ့ကြတယ်။ ဒေသသားတွေက ဝင်လာတဲ့ ဥရောပတိုက်သားတွေ ကို သူတို့ရဲ့ဧည့်သည်တွေအဖြစ် ထင်မှတ်ခဲ့ကြတယ်။ သဘာဝအတိုင်း နေထိုင်ကြတဲ့ ဒေသသားတွေ က ဧည့်သည်တွေကို ပျူပျူငှာငှာ ကြိုဆိုလက်ခံခဲ့ကြတယ်။ ဒီအခြေအနေကပဲ သူတို့ကို ဖျက်ဆီးခဲ့တယ်။ ယနေ့အချိန်မှာတော့ သူတို့တွေရဲ့ ဘဝဟာ ချိန်းခြောက်ခံနေရတယ်။ အခြားသူတွေအပေါ် သံသယတွေမထားတတ်တဲ့ ဒီဒေသသား အမေရိကန်တွေဟာ သူတို့ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာဘဝ ဖွံ့ဖြိုးမှုကို ဆက်လက် ရှင်သန်နေစေဖို့ သူတို့ရဲ့ဘဝတွေနဲ့ စတေးခဲ့ကြတယ်။

လူသားမျိုးနွယ်စုတစ်ခုလုံးကို ဖျက်ဆီးနိုင်တဲ့ နျူကလီးယားဗုံးတွေရဲ့ အန္တရာယ်ကို တားမြစ်ဖို့အတွက် တစ်စုံတစ်ဦးကတော့ အစတေးအနစ်နာခံကာ သက်သေပြရမယ့် အနေမျိုး ရှိကောင်းရှိနိုင်ပါတယ်။ ဒီအတွက် ဟီရိုးရှီးမားဟာ လုံလောက်တဲ့ သက်သေပြမှုပါ။ (နောက်ထပ်သက်သေပြစရာတစ်ခု ထပ်ပြီး မလိုနိုင်တော့ပါဘူး)။

ယေရှုခရစ်ဟာ ရောမရဲ့ နိုင်ငံရေးအာဏာပါဝါနဲ့ အလွန်မိုက်မဲသူတွေရဲ့ သက်သေအောက်မှာ အလွန် တရာ မနှစ်သက်ဖွယ် ပြစ်ဒဏ်ကို ခါးသီးစွာ ခံခဲ့ရတယ်။ အာဏာနဲ့ အကြမ်းဖက်မှုဆိုတာ အခိုက် အတန့်အားဖြင့်တော့ အောင်ပွဲခံနိုင်ပါတယ်။ ဒါပေမယ့် ဘယ်သူတစ်ဦးတစ်ယောက်မှ သခင်ယေရှုကို လက်ဝါးကပ်တိုင်တင်ခဲ့တဲ့ ရောမရဲ့ အာဏာရှင်တွေကို ချီးမွမ်းစကားဆိုမယ် မဟုတ်ပါဘူး။ စိတ်ဓာတ် ရေးရာ ယဉ်ကျေးတိုးတက်မှု ကိုတည်ဆောက်ရာမှာ အခိုက်အတန့်အားဖြင့် စွန့်လွန့်အနစ်နာခံရတာ တွေ၊ ကံဆိုးခြင်းတွေကို မြင်ရပါလိမ့်မယ်။ ဒါပေမယ့် လူသားမျိုးနွယ်တွေကို စောင့်ရှောက်ကာကွယ်ဖို့ ဒီစွန့်လွှတ် အနစ်နာခံမှုကသာ မြင့်မြတ်တဲ့နေရာကိုရရှိပြီး ထာဝစဉ်လည်း ရှင်သန်ထင်ကျန်နေပေ လိမ့်မယ်။

လူသားတွေအနေနဲ့ ဟီရိုးရှီးမားနဲ့ နဂါဆကီတို့ရဲ့ ပျက်စီးဆုံးရှုံးမှုမျိုးကို နှစ်သက်လိမ့်မယ် မဟုတ်ပေဘူး။ သူတို့အတွက် ရယ်ရွှင် ကျေနပ်မှုကိုလည်း ဖြစ်လိမ့်မယ် မဟုတ်ပေဘူး။ ဒီလိုအဖြစ်အပျက် တွေကပဲ အဆုံးမတော့ လူသားတွေကို ကယ်တင်ပေးလိမ့်မယ်။ နောင်လာမယ့် သမိုင်းစာမျက်နှာမှာလည်း လူ့အသက်ပေါင်းများစွာကို သေစေနိုင်တဲ့ အနုမြူဗုံးတွေသုံးကာ အောင်ပွဲခံခဲ့တဲ့သူတွေရဲ့ အောင်မြင်မှု တွေအတွက် ဘယ်လူသားတစ်ဦးတစ်ယောက်ကမှ ကျေနပ်ပျော်ရွှင်နေလိမ့်မယ် မဟုတ်ပေဘူး။ စိတ်ဓာတ်ရေးရာ ယဉ်ကျေးမှုရဲ့ စွမ်းအားကသာ အောင်မြင်မှုကိုဖြစ်စေလိမ့်မယ်။ စိတ်ဓာတ်ယဉ်ကျေးမှု၊ စိတ်ဓာတ်ဖွံ့ ဖြိုးတိုးတက်မှုကသာ ဘယ်သောအခါမှ ဟန့်တားဖျက်ဆီးလို့ မရနိုင်တဲ့ ထာဝရ အောင်မြင်ခြင်း မီးရှူးတန်ဆောင် အလင်းရောင်ဖြစ်ပေလိမ့်မယ်။ ။

အရှင်ဉာဏိကာဘိဝံသ