Wednesday, December 22, 2010

စောင့်လေမျိုးနွယ်

စောင့်လေမျိုးနွယ်

ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ

မွေခံထိုက်စေ၊ လှူမျှဝေ၍

စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်

ကျင့်ဖွယ်သားတို့သမီးတို့တာ။

အထက်ဖော်ပြပါစာသားလေးကို အားလုံးရင်းနှီးဖူးမယ် ထင်ပါတယ်။ ငယ်စဉ်အခါတုန်းက သားသမီးကျင့်ဝတ်ဆိုပြီးတော့ ဆရာဆရာမတွေနှုတ်တိုက်ချပေးခဲ့တဲ့ မှတ်သားစရာ အဆုံးမလေးတစ်ခုပါပဲ။ ငယ်စဉ်အခါတုန်းကတော့ ဒီလုပ်ဆောင်ဖွယ်တွေကို ဘယ်သူကများ သတ်မှတ်ခဲ့တာလည်းဆိုတာ မသိခဲ့မိပါဘူး။ အင်မတန်ကောင်းမွန်လေးနက်တဲ့ အဆုံးမစကားတွေပဲဆိုတာတော့ ခံယူမိပါတယ်။ ဒီအဆုံးမတွေဖတ်လိုက်ရရင်ကို မိဘနဲ့သားသမီး သားသမီးနဲ့မိဘကြားမှာ ရှိထားသင့်တဲ့ လုပ်ဆောင်ပေးဖွယ်ရာတွေ အသိမှတ်ပြုဖွယ်ရာတွေဟာ အင်မတန်မွန်မြတ်တဲ့ အဆုံးမတွေပဲဆိုတာတော့ ခံစားကြည့်မိပါတယ်။ ဘုရားရှင်ရဲ့အဆုံးမတွေ လေ့လာမှတ်သားမိတဲ့အချိန်ခါကျမှပဲ ဒီအဆုံးမတွေဟာ သိင်္ဂါလောဝါဒသုတ်တော်မှာ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက သိင်္ဂါလသတို့သား၏ လျောက်ထားမေးမြန်းချက်ကို အကြောင်းပြုပြီး ဟောကြားခဲ့တဲ့ အဆုံးမတွေ ဖြစ်တယ်ဆိုတာ သိလာရပါတယ်။ အင်မတန်တန်ဖိုးရှိတဲ့အဆုံးမတွေပါပဲ။

ီအထက်ဖော်ပြပါအကြောင်းရာလေးမှာပါရှိတဲ့ ကျင့်ဝတ္တရားတွေဟာ ယခုအချိန်ခါမှာ ပျောက်ကွယ်လုနီးပါး ဖြစ်နေပါတယ်။ အမြတ်တနိုးတန်ဖိုးထား လိုက်နာကျင့်ကြံကြတဲ့သူတွေရှိသလို.. တန်ဖိုးမသိဘဲ တန်ဖိုးမထားတတ်ကြတဲ့သူတွေလည်း ရှိကြပြန်ပါတယ်။ တကယ်တော့ ဘုရားရှင်ဆုံးမခဲ့တဲ့ အဆုံးမတွေဟာ အကြောင်းမဲ့ဆုံးမပေးခဲ့တဲ့အရာတွေ မဟုတ်ပါဘူး။ ဘုရားရှင်ရဲ့အဆုံးမတွေဟာ ကိုယ့်မှာနားလည်နိုင်တဲ့ အသိဥာဏ်ရှိရင်ရှိသလောက် တန်ဖိုးဖြတ်လို့မရနိုင်တဲ့ အဆုံးမတွေပါ။ ကျွေးမွေးမပျက်ဆိုတဲ့ စာကြောင်းလေး လေးလုံးလောက်ထဲမှာ နက်နက်နဲနဲသိထားသင့်တဲ့ အဆုံးမတွေ ပါရှိပါတယ်။ အပေါ်ယံကြည့်ရင်တော့ ကျွေးမွေးမပျက်ဆိုတာ ကျွေးမွေးပြုစုထားရင်ပြီးတာပဲ တာဝန်ကျေပြီလို့ ထင်တတ်ကြပါတယ်။ ဘယ်လိုပြုစုလုပ်ကျွေးရမလဲ၊ ဘယ်လိုမျိုး ကျွေးမွေးပြုစုမှ ကျေးဇူးဆပ်ရာ ရောက်မှာလဲဆိုတဲ့ အချက်တွေကျတော့ ကိုယ်ပိုင်အသိဥာဏ်နဲ့ ထိုးထွင်းသိနိုင်ရင် သိသလောက် အကျိုးများစေတဲ့ အင်မတန်လေးနက်တဲ့ အသိတရားတွေပါ။ ဒီလိုပါပဲ စောင့်လေမျိုးနွယ်ဆိုတဲ့ စကားလေးလုံးထဲမှာလည်း သိမှတ်စရာ လိုက်နာစရာ ကျင့်သုံးစရာ တန်ဖိုးထားစရာအချက်တွေ ပါဝင်ပါတယ်။

စောင့်လေမျိုးနွယ်ဆိုတဲ့စကားလုံးကို ဘာသာပြန်လိုက်ရင် အမျိုးနွယ်ကိုစောင့်ထိန်းရမယ်ဆိုတဲ့ အဓိပ္ပါယ်ထွက်လာပါမယ်။ ဒီတော့ဘယ်အမျိုးနွယ်ကို စောင့်ထိန်းရမှာလဲ။ စောင့်ထိန်းဆိုတဲ့ စကားလုံးမှာလည်း စောင့်နဲ့ထိန်းဆိုပြီး နှစ်ခုကွဲသွားပါတယ်။ အရင်ဆုံး စောင့်ရှောက်ရမယ်.. ပြီးရင် မပျောက်ပျက်အောင် ထိန်းသိမ်းရမယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ ဒီတော့ ဘယ်ဟာတွေကို စောင့်ရှောက်ပြီး ဘယ်ဟာတွေကိုထိန်းသိမ်းရမှာလဲ။ ကျွန်တော်တို့တွေဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပါတယ်။ ဗုဒ္ဓဘာသာဝင်တွေထဲမှာမှ မြန်မာလူမျိုး ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေပါ။ ကိုယ့်အမျိုးနွယ်ဖြစ်တဲ့ မြန်မာလူမျိုးတွေ.. အမြတ်တနိုးတန်ဖိုးထားကိုးကွယ်တဲ့ ဘုရားရှင်ရဲ့အဆုံးမတွေကို တပါးသူတွေ မဖျက်ဆီးနိုင်အောင် စောင့်ရှောက်ပြီး မပျောက်ပျက်အောင် ထိန်းသိမ်းခြင်းဟာ စောင့်လေမျိုးနွယ်ဆိုတဲ့ အဓိပ္ပါယ်ကို ဖော်ဆောင်ရာရောက်ပါတယ်။ ဗုဒ္ဓရဲ့အဆုံးမတွေကို လိုက်နာကျင့်သုံးတဲ့ မြန်မာလူမျိုးတွေဖြစ်တဲ့အတွက် ဗုဒ္ဓရဲ့အဆုံးမအတိုင်း လိုက်နာကျင့်သုံးနေခြင်းဟာ စောင့်လေမျိုးနွယ်ဆိုတဲ့ စကားလုံးကို လိုက်နာကျင့်သုံးနေရာရောက်သလို.. ဘုရားရှင်ရဲ့အဆုံးမတွေကိုလည်း ကိုယ်တိုင်ကျင့်သုံးနေတာ ဖြစ်တဲ့အတွက် တရားဖြင့်ဘုရားရှင်ကို ပူဇော်ရာရောက်နေပါတယ်။

ဗုဒ္ဓဘာသာဝင်လို့ ပြောလိုက်ရင် လူအများစုက မြန်မာလူမျိုးကိုပြောတာပဲလို့ ထင်မိတတ်ကြပါတယ်။ မြန်မာလူမျိုးမှ မဟုတ်ပါဘူးနော်.. တရုပ်လူမျိုးပဲဖြစ်ဖြစ် အိန္ဒိယလူမျိုးပဲဖြစ်ဖြစ် လူမျိုးတွေဘယ်လောက်ပဲကွဲပြားနေပါစေ.. အသားရောင်တွေ ဘယ်လောက်ပဲခြားနားနေပါစေ ဗုဒ္ဓရဲ့အဆုံးမအတိုင်း လိုက်နာကျင့်ကြံနေတဲ့သူဆိုရင် သူထိန်းသိမ်းစောင့်ရှောက်သင့်တာဟာ ဗုဒ္ဓရဲ့အဆုံးမတွေကို ထိန်းသိမ်းစောင့်ရှောက်သင့်တယ်လို့ ခံယူသင့်ပါတယ်။ ဗုဒ္ဓဘာသာဝင်ပါလို့အမည်ခံထားပြီး ဗုဒ္ဓရဲ့အဆုံးမတွေကို မလိုက်နာမကျင့်သုံးဘူး မခံယူဘူးဆိုရင်တော့ အဲ့ဒီ့ဗုဒ္ဓဘာသာဝင်မျိုးဟာ အမည်ခံဗုဒ္ဓဘာသာဝင် အဆင့်မှာသာဖြစ်နေပြီး စောင့်လေမျိုးနွယ်ဆိုတဲ့ ဗုဒ္ဓရဲ့အဆုံးမကို မလိုက်နာရာ ရောက်နေပါတယ်။

အချို့အချို့တွေက စောင့်လေမျိုးနွယ်ဆိုတဲ့ စကားလုံးကို ဘာသာခြားနဲ့မပေါင်းသင်းဖို့ ဘာသာခြားနဲ့လက်မထပ်ဖို့လောက်အထိပဲ ထင်မိတတ်ကြပါတယ်။ ဘာသာခြားနဲ့မယူရင် စောင့်လေမျိုးနွယ်ဆိုတာ ပြည့်စုံသွားပြီလို့ ယူဆတတ်ကြပါတယ်။ ယခုလိုအချိန်ခါမျိုးမှာ ဘာသာခြားနဲ့မယူရဘူးဆိုပြီး ကိုယ့်ဘာသာရဲ့ကောင်းကြောင်းပြော သူများဘာသာကိုနှိမ့်ချပြောတာတွေဟာ လုံးဝမဖြစ်သင့်တဲ့အရာတွေပါပဲ။ လူတိုင်းလူတိုင်းမှာ သူ့ဘာသာ သူ့ယုံကြည်ချက် သူ့ခံယူချက်ဆိုတာ ရှိပါတယ်။ ကိုယ့်ဘာသာ လူဦးရေများလာဖို့ ကိုယ့်ဘာသာတည်တံ့ဖို့ သူတစ်ပါးဘာသာကို ပုတ်ခတ်ပြောဆိုတာဟာ ကိုယ့်ဘာသာရဲ့အဆုံးမတွေဟာ ဘယ်လောက်အထိနိမ့်ကျတယ်ဆိုတာ ဖော်ပြနေတာနဲ့တူပါတယ်။ ကိုယ့်ဘာသာလူဦးရေများလာဖို့ သူများဘာသာဝင်တွေကို နည်းအမျိုးမျိုးနဲ့ ဘာသာမပြောင်းပြောင်းအောင် လုပ်ဆောင်နေတာတွေဟာ ကိုယ့်ဘာသာရဲ့အဆင့်အတန်း နိမ့်ကျမှုကို သူတို့လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေက ဖော်ပြပေးနေသလို ဖြစ်နေပါတယ်။

တကယ်တော့ ဘာသာတိုင်းဘာသာတိုင်း ကိုယ့်ဘာသာအပေါ်မှာ အမြတ်တနိုးတန်ဖိုးထားမှုတွေ ရှိကြပါတယ်။ ကိုယ့်ဘာသာလူဦးရေများရေးအတွက် တခြားဘာသာကို တရားနည်းလမ်းကျကျ မစည်းရုံးခြင်းဟာ မတရားမှုကို အနုနည်းနဲ့လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ သူတို့ဘာသာအတွက် ဒီလိုမတရားမှုနဲ့ စည်းရုံးခြင်းဟာ သာသနာပြုတာဖြစ်ပေမယ့် အခြားဘာသာဝင်တွေအတွက်တော့ တရားနည်းလမ်းမကျတဲ့ မတရားလုပ်ရပ်တွေပါပဲ။ ကိုယ့်ဘာသာကို တန်ဖိုးထားရင် အခြားဘာသာကိုလေးစားရပါမယ်.. ကိုယ့်ဘာသာအဆုံးမတွေမြင့်မြတ်ကြောင်းပြချင်ရင် တရားနည်းလမ်းကျစွာဖြင့် မြင့်မြတ်စွာသာသနာပြုရမှာ ဖြစ်ပါတယ်။ ဘုရားရှင်လက်ထက်တော်အခါတုန်းက ဘုရားရှင်သာသနာပြုသွားတာဟာ စံနမူနာပြပါပဲ။ လမ်းမှန်ကိုချပြတယ်.. လက်ခံနိုင်အောင် အကြောင်းအကျိုးပြပြီး ဆုံးမတယ်.. တကယ်ယုံကြည်ရင် ဘုရားရှင်ရဲ့သာသနာမှာ ၀င်ရောက်ခိုလှုံကြပါတယ်။ ဘုရားရှင်ဟောပြဆုံးမလို့ လက်မခံခဲ့လျှင်လည်း ဘုရားရှင်က မေတ္တာတရားနဲ့အားလုံးအပေါ်မှာ ဂရုဏာထားပေးခဲ့တာပါ။ ဘယ်သူ့ကိုမှ မပုတ်ခတ်ခဲ့သလို ဘယ်သူ့ကိုမှလည်း အတင်းအဓမ္မမစည်းရုံးခဲ့ပါဘူး။ ဒါဟာ အင်မတန်မှ မြင့်မြတ်တဲ့လုပ်ဆောင်မှုတွေပါပဲ။ ဒ့ါကြောင့် ကိုယ့်အမျိုးနွယ်ကို စောင့်ရှောက်ထိန်းသိမ်းချင်တယ်ဆိုရင်.. ဘယ်ဘာသာကိုမှ မပုတ်ခတ်ပဲနဲ့ တရားနည်းလမ်းကျကျနဲ့ လမ်းမှန်ကိုချပြပြီး သာသနာပြုဖို့ဟာ အဓိကအကျဆုံးဖြစ်နေပါတယ်။ လမ်းမှန်ကိုသိသွားလျှင်လည်း အမျိုးနွယ်အပေါ်မှာ အသက်အသေခံတဲ့အထိ ထိန်းသိမ်းစောင့်ရှောက်တတ်သွားမှာပါ။

စောင့်လေမျိုးနွယ်ဆိုတဲ့စကားလုံးမှာလည်း ကိုယ့်အမျိုးနွယ်ကို ကိုယ်တစ်ယောက်ထဲ စောင့်ရှောက်ရုံနဲ့ မပြည့်စုံသေးပါဘူး..။ ဘုရားရှင်ဟောပြဆုံးမခဲ့တဲ့ အဆုံးမလိုပါပဲ.. ငါးပါးသီလစောင့်ထိန်းတဲ့နေရာမှာ သူများအသက်မသတ်ရုံ၊ သူများပစ္စည်းမခိုးရုံနဲ့ မပြည့်စုံဘူး။ သူများအသက်သတ်တဲ့သူတွေ ကိုယ့်ရှေ့မှာသတ်နေတာတွေ့ရင် တားမြစ်ပေးရမှာဖြစ်သလို.. သူများပစ္စည်းခိုးတဲ့သူတွေ ကိုယ့်ရှေ့မှာခိုးနေတာတွေ့ရင် တားမြစ်ပေးမှသာ ငါးပါးသီလကို အပြည့်ဝဖြည့်ကျင့်ရာ ရောက်မယ်ဆိုတဲ့အတိုင်းပါပဲ.. ကိုယ့်ဘာသာဝင်တွေကို မတရားဘာသာကူးပြောင်းခိုင်းတာတွေ တွေ့ခဲ့လျှင်လည်း တရားသဖြင့်ဖြစ်အောင် တရားနည်းလမ်းကျအောင် ကာကွယ်ပေးနိုင်ရပါမယ်။ ကိုယ့်အမျိုး ကိုယ့်ဘာသာရဲ့တန်ဖိုးကို သိရှိအောင်လုပ်ဆောင်ပေးပြီး ကိုယ့်အမျိုးနွယ်တွေ ကိုယ့်ဘာသာအပေါ်မှာ အသက်ထက်ဆုံးစောင့်ရှောက်နိုင်အောင် ကြိုးစားပေးမှသာ စောင့်လေမျိုးနွယ်ဆိုတဲ့ကျင့်ဝတ်ကို လိုက်နာဖြည့်ကျင့်နေရာ ရောက်နေမှာပါ။ ကိုယ်ကောင်းပြီးရော ဗုဒ္ဓဘာသာဝင်တွေ ဘာသာခြားပြောင်းသွားတာ ကိုယ်နဲ့မဆိုင်ဘူးဆိုတဲ့ အတွေးအခေါ်တွေဟာ စောင့်လေမျိုးနွယ်ကျင့်ဝတ်ကို အပြည့်ဝဖြည့်ကျင့်နေတာ မဟုတ်ပြန်ပါဘူး။

ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ အခြားဘာသာဟာ ဗုဒ္ဓဘာသာထက်မြင့်မြတ်တယ်ဆိုတာကို သူကိုယ်တိုင်လက်ခံယုံကြည်ပြီး ကျေကျေနပ်နပ် ဘာသာပြောင်းသွားတာဆိုရင် ဘာမှတားမြစ်စရာမဟုတ်ပေမယ့်.. ဘာသာမပြောင်းပြောင်းအောင် မတရားပြုလုပ်ပြီး အမျိုးမျိုးစည်းရုံးသိမ်းသွင်းမှုမျိုးကိုတော့ ဗုဒ္ဓဘာသာဝင်အများစုအနေနဲ့ လက်မခံသင့်ပါဘူး။ အဲ့လိုအပြုမူမျိုးကို လက်ခံလိုက်ရင်လည်း ဘုရားရှင်ဆုံးမခဲ့တဲ့ စောင့်လေမျိုးနွယ်ဆိုတဲ့ ကျင့်ဝတ္တရားကို မျက်ကွယ်ပြုရာ ရောက်နေပါတယ်။ ဗုဒ္ဓဆုံးမခဲ့တဲ့ ဓမ္မဆိုတဲ့တရားအတိုင်း တရားမှုကို လက်ခံကျင့်သုံးနိုင်အောင် ကြိုးစားရမှာဖြစ်သလို.. မတရားမှုတွေကိုလည်း တားမြစ်ပေးနိုင်ရမှာပါ။ ဒါမှသာ စောင့်လေမျိုးနွယ်ဆိုတဲ့ကျင့်ဝတ်ကို ပြည့်စုံအောင် ဖြည့်ကျင့်ရာ ရောက်နေမှာပါ။ ဗုဒ္ဓဘာသာဝင်တိုင်း ကိုယ့်အမျိုး ကိုယ့်ဘာသာသာသနာရဲ့မြင့်မြတ်မှုကို ကိုယ်ကိုယ်တိုင်လည်း ခံယူကျင့်သုံးနေသလို.. ခံယူကျင့်သုံးနေတဲ့သူတွေကိုလည်း တရားနည်းလမ်းကျစွာ ထိန်းသိမ်းစောင့်ရှောက်ပြီး စောင့်လေမျိုးနွယ်ဆိုတဲ့ ဘုရားရှင်ဆုံးမခဲ့တဲ့ကျင့်ဝတ္တရားတွေကို အပြည့်အ၀ကျင့်သုံးနိုင်ကြပါစေလို့ ဆန္ဒပြုရင်း…။

စာရေးသူ။ မောင်ကောင်း