ဘုရားအလောင်းတော်မြတ်သည် မဟာသက္ကရာဇ် (၁၀၃) ကဆုန်လပြည့်နေ့ ၌ သဗ္ဗညုတဥာဏ်တော်ကိုရ၍ သုံးလောကထွတ်ထား ဗုဒ္ဓအဖြစ်သို့ ရောက်တော်မူခဲ့၏။ တနည်းအားဖြင့် BC 588 တွင် ဗုဒ္ဓအဖြစ်သို့ ရောက်တော်မူခဲ့၏။ ရောက်ဆဲ
သာသနာနှစ် (၂၅၅၄) တွင် မြတ်ဗုဒ္ဓ ရှိနေခဲ့သော (၄၅)၀ါကို
ပေါင်းထည့်လိုက်ပါက..(၂၅၉၉)နှစ်ရပါမည်…ထို့ကြောင့်.လွန်ခဲ့သော နှစ်ပေါင်း
(၂၅၉၉) တွင်.. သမ္မာသမ္ဗုဒ္ဓ အဖြစ်ရောက်တော်မူခဲ့၏။ ဘုရားဖြစ်ပြီးတဲ့နောက်
မြတ်ဗုဒ္ဓသည်..မဟာဗောဓိပင် အနီးအနား (၇)ဋ္ဌာန တို့တွင်..(၇)ရက်စီ
သီတင်းသုံးတော်မူခဲ့ပါ၏။
- ပလ္လင်္ကသတ္တာဟ (ဗောဓိသတ္တာဟ)
မဟာဗောဓိ မဏ္ဍိုင်၊ အပရာဇိတပလ္လင် ထက် မြတ်ဗုဒ္ဓသည် ကဆုန်လပြည့်ကျော် (၁) ရက်နေ့ မှ (၇)ရက်နေ့ထိ သီတင်းသုံးတော်မူခဲ့၏။ ထိုကဲ့သို့
သီတင်းသုံးတော်မူစဉ် ဘုရားရှင်သည် တင်ပျဉ်ခွေ မပျက်ဘဲ (၇)ရက် လုံးလုံး
ဖလသမာပတ်ချမ်းသာဖြင့် နေတော်မူ၏။ ဖလသမာပတ်ချမ်းသာဖြင့် စံတော်မူစဉ်
အကြားအကြားကာလတွေမှာတော့…ပဋိစ္စသမုပ္ပါဒ် ကို အနုလုံ၊ ပဋိလုံ
ဆင်ခြင်သုံးသပ်တော်မူ၏။
အနုလုံ - သံသရာစက် မပြတ် လည်ခြင်း သဘောဖြင့် ဆင်ခြင်သုံးသပ်ခြင်း
ပဋိလုံ - သံသရာစက် ပြတ်ခြင်း သဘောဖြင့် ဆင်ခြင်သုံးသပ်ခြင်း
ပဋိစ္စသမုပ္ပါဒ် ကို အသေးစိတ် ရွှေဥာဏ်တော်နှင့် ဆင်ခြင်သုံးသပ်တဲ့အခါ
ဘုရားရှင်၏ စိတ်တော်ထဲမှာ နှစ်လိုအားရ ၀မ်းမြောက်တော်မူခဲ့ပါသည်။
ဆီခွက်/ဆီအိုးထဲမှာ ဆီတွေထည့်လိုက်လျှင် တဖြေးဖြေး ဆီတွေဟာ
လျှံတက်ပြည့်တက်လာသလို ပါပဲ။ မြတ်ဗုဒ္ဓရဲ့…ပီတိသောမနဿ အဟုန်တွေကလည်း
ကိုယ်တော်မြတ် ၀မ်းတော်တွင်းထဲမှာ မဆံ့တော့ဘဲ အစဉ်သဖြင့်
ခံတွင်းတော်ရောက်ပြီး ရွှေနုတ်တော်မှတဆင့် ဥဒါန်းဆိုတဲ့စကားတော်တွေဟာ
ထွက်တော်မူခဲ့၏။ မဟာဗောဓိ မဏ္ဍိုင် မှာပဲ တင်ပျဉ်ခွေ မပျက် (၇)ရက်
သီတင်းသုံးတော်မူခဲ့တဲ့ ထိုဋ္ဌာနကိုပဲ ပလ္လင်္ကသတ္တာဟ ဟုခေါ်ပါ၏။ ဗောဓိသတ္တာဟ
ဟုလည်း ခေါ်၏။ - အနိမိသသတ္တာဟ
ပလ္လင်္ကသတ္တာဟ ပြီးတဲ့နောက် မြတ်ဗုဒ္ဓသည်..မဟာဗောဓိပင် ရဲ့ အရှေ့မြောက် ထောင့် ယွန်းယွန်း ကုန်းမြင့်ကလေး တခု ပေါ်မှာ ရပ်တော်မူပြီး..ဗောဓိ မဏ္ဍိုင် ကို
ကြည့်တော်မူ၏။ မြတ်ဗုဒ္ဓသည်.. မလှုပ်မရှား ဘဲ (၇)ရက်လုံးလုံး
ထိုကုန်းမြင့်လေး ပေါ်မှနေ၍…မျက်တောင်မခတ်ဘဲ မဟာဗောဓိပင်ကို
ကြည့်တော်မူခဲ့သည်။ ထိုကဲ့သို့ ရပ်တော်မူလျက် သတင်းသုံးတော်မူစဉ်က. ဋ္ဌာနကို
အနိမိသသတ္တာဟ ဟုခေါ်၏။ - စင်္ကမသတ္တာဟ
အနိမိသသတ္တာဟ ပြီးတဲ့နောက် မြတ်ဗုဒ္ဓသည်..မဟာဗောဓိပင် နဲ့ အနိမိသကုန်းတော်အကြား အရှေ့/အနောက် လူးလာတွန့်ခေါက် စင်္ကြံ
လျှောက်တော်မူပါ၏။ (၇)ရက်လုံးလုံး စင်္ကြံ လျှောက်တော်မူရင်း
ဖလသမာပတ်ချမ်းသာနဲ့ နေတော်မူ၏။ ထိုကဲ့သို့ စင်္ကြံ လျှောက်တော်မူခဲသော
ဋ္ဌာနကို စင်္ကမသတ္တာဟ ဟုခေါ်၏။ - ရတနာဃရသတ္တာဟ
စင်္ကမသတ္တာဟလွန်ပြီးတဲ့နောက်…မဟာဗောဓိပင်ရဲ့ အနောက်မြောက်ထောင့်အရပ် ဆီမှာရှိတဲ့ နတ်တို့ ဖန်ဆင်းထားတဲ့ ရတနာဃရ အိမ်တွင်..မြတ်ဗုဒ္ဓသည်..အဘိဓမ္မာ
(၇)ကျမ်းကို သုံးသပ်ဆင်ခြင်တော်မူခဲ့ပါ၏။ (၇)ရက် လုံးလုံး အဘိဓမ္မာ
(၇)ကျမ်းကို ဆင်ခြင်တော်မူ၏။ ထိုသို့ ဆင်ခြင်တော်မူရင်း နောက်ဆုံးရက်၊
နောက်ဆုံးကျမ်း ပဋ္ဌာန်းကျမ်းတော်ကို ဆင်ခြင်တဲ့အခါ မြတ်ဗုဒ္ဓရဲ့
သွေးတော်များသည်..ထူးကဲစွာ ကြည်လင်သန့်ရှင်းပြီး ရူပကာယမှ ရောင်ခြည်တော်
(၆) ပါး ပေါ်ထွက်တော်မူ၏။ ရောင်ခြည်တော် (၆)ပါးဟာ.
အရှေ့/အနောက်/၀ဲယာ/အထက်/အောက် ပါမကျန် တဖိတ်ဖိတ် တဖွားဖွား
ကွန့်မြူးထွက်ပေါ်လာတော့သည်။ ထိုသို့ အဘိဓမ္မာ (၇)ကျမ်း ဆင်ခြင်သုံးသပ်ရာ
ဋ္ဌာနကို ရတနာဃရသတ္တာဟ ဟုခေါ်၏။ - အဇပါလသတ္တာဟ
ရတနာဃရသတ္တာဟ ပြီးတဲ့နောက်..မြတ်ဗုဒ္ဓသည် မဟာဗောဓိပင်မှ အရှေ့ဘက် အရပ်၌ တည်ရှိသော အဇပါလ အရပ်သို့ ကြွတော်မူပါ၏။
အဇပါလအရပ်ဆိုသည်မှာ..ဆိတ်ကျောင်းသားများ၊ ပုဏ္ဏားအိုများ လာရောက်
အနားယူအရိပ်ခိုရာ ညောင်ပင်ကြီးဖြစ်၏။ ထို အဇပါလညောင်ပင်ကြီး၌..
မြတ်ဗုဒ္ဓသည် (၇)ရက်လုံးလုံး ဖလသမာပတ်ချမ်းသာနဲ့ နေတော်မူ၏။ ထိုသို့
နေတော်မူစဉ် ဟုန်ဟုန်က အမည်ရှိတဲ့ ပုဏ္ဏားတစ်ယောက် ရောက်ရှိလာ၏။
မြတ်ဗုဒ္ဓအား ဘုရားရှင်စင်စစ် ဖြစ်မှန်းမသိပေ။ ထို့ကြာင့် အရိုအသေပြု
ရှိခိုးခြင်းမရှိဘဲ “ကျန်းမာပါရဲ့လား” ဟု စကားဦးပြောဆို ပြီးနောက်…
“အရှင်ကို ကြည့်ရတာ အထူးကြည်ညိုဖွယ်ကောင်းလှပါသည် ဣနြေ္ဒ ကလည်း ကောင်းလှ၏၊
အသားအရေကလည်း ကြည်လင်၏်၊ အသိဥာဏ် ထူးပုံရ၏၊ မေးခွန်းတခုလောက်မေးပါရစေ” ဟု
ဆိုပြီး သူသိချင်တဲ့ မေးခွန်းကို မေးလျှောက်ပါ၏။ သူမေးတဲ့ မေးခွန်းမှာ…
အဘယ်မျှသော တရားတွေနဲ့ ဗြဟ္မဏ ဖြစ်နိုင်ပါသလဲ…အဲတရားတွေဟာလည်း အဘယ်တရားများ ဖြစ်သလဲလို့ မေးလျောက်ခဲ့ပါ၏။
သူမေးတဲ့မေးခွန်းက လေးနက်မှုရှိ၍ အရေးလည်း ကြီးပါသည်။ မြတ်ဗုဒ္ဓသည်လည်း
အားလုံးသောသတ္တ၀ါတို့ကို တရားဟောဖို့ အတွက် ကျင့်ကြံကြိုးကုတ်
အားထုတ်လာခဲ့ရတာဖြစ်တဲ့အတွက် တရားဟောချင်စိတ်အပြည့်ရှိပြီးသားဖြစ်၏။
သို့ပေမယ့် ထိုပုဏ္ဏားအား တရားမဟောခဲ့ပေ။ သူ၏ မေးခွန်းက လေးနက်သလောက် သူဟာ
တရားနဲ့ ဝေးတဲ့ သူဖြစ်၏။ ထိုသူကို ဟော၍လည်း သရဏဂုံလေးမျှပင် တည်မယ့်သူ
မဟုတ်မှန်း မြတ်ဗုဒ္ဓသိတော်မူ၏။ ထိုပုဏ္ဏားသည် တရားနဲ့ဝေးတဲ့သူဖြစ်၏။
သို့ပါသောကြောင့် တရားမဟောခြင်းဖြစ်၏။ သို့ပေမယ့် မေးခွန်းက
လေးနက်နေသောကြောင့် ဘာမျှမဟောဘဲ ဆိတ်ဆိတ် နေ၍လည်း မဖြစ်ပေ။ ထို့ကြောင့်
ကိုယ်တော်မြတ်ဘာသာ ကိုယ်တော်မြတ် ဥဒါန်းစကားတော်ကျူးခဲ့၏။ မြတ်ဗုဒ္ဓ ရဲ့
ဥဒါန်းတော်သည် …ရာဂ/ဒေါသ/မောဟ/မာန/ဒိဋ္ဌိ ကိလေသာတွေ ကင်းတဲ့ ပုဂ္ဂိုလ်သည်
ဗြဟ္မဏ မည်ပါ၏.. ဟု အဓိပ္ပါယ်ထွက်ပေသည်။ ထိုအချင်းအရာကို ကြည့်ခြင်းဖြင့်
မြတ်ဗုဒ္ဓ၏ သတ္တ၀ါတို့အား သံသရာဝဋ်ဆင်းရဲမှ ကယ်တင်စေချင်သော
မဟာကရုဏာတော်ကြီးမှာ ပေါ်လွင်ပေ၏။ တရားနှင့်ဝေးသောသူကိုပင် မြတ်ဗုဒ္ဓက
ဥဒါန်းတော်မှတဆင့် ရတဲ့နည်းဖြင့် အဖြေကို ဟောပေးတော်မူခဲ့သေး၏။ လေးစား
ကြည်ညိုဖွယ် ကောင်းလှပေသည်။ မြတ်ဗုဒ္ဓ၏ အများအကျိုးဆောင်ခြင်းမှာ အကွက်စေ့
သေချာလှပေ၏။
ထိုသို့…အဇပါလ ညောင်ပင်မှာ သီတင်းသုံးတော်မူခဲ့တဲ့ ဋ္ဌာနကို အဇပါလသတ္တာဟ ဟုခေါ်၏။ - မုစလိန္ဒသတ္တာဟ
မဟာဗောဓိပင် ရဲ့ တောင်ဘက်အရပ် ကိုက် (၃၀၀) ခန့်တွင် မုစလိန္ဒရေအိုင်ကြီးရှိ၏။ ထိုရေအိုင်ကြီး၌ နဂါးများ နေ၏။ ထိုရေအိုင်ကြီး၏
ကမ်းပါး၌လည်း ကျည်းပင်ကြီးတစ်ပင် တည်ရှိသည်။ မြတ်ဗုဒ္ဓသည်.. အဇပါလသတ္တာဟတွင်
သီတင်းသုံးပြီးနောက် ထိုကျည်းပင်ကြီး ရှိရာအရပ်သို့ ကြွတော်မူ၏။
ကျည်းပင်ကြီးအရိပ်တွင် (၇)ရက်လုံးလုံးဆက်လက် သီတင်းသုံးတော်မူ၏။ ထိုသို့
နေစဉ်တွင်.. ရုတ်တရက် မိုးသက်လေပြင်း ကျရောက်လာပေသည်။ ထိုကဲ့သို့သော
မိုးမျိုးမှာ လောက၌ ဘုရားရှင်တစ်ဆူပွင့်ပေါ်တိုင်း ရွာသွန်းမြဲဖြစ်၏။
ထိုအချိန်တွင် ရေအိုင်ထဲမှ..မုစလိန္ဒနဂါးမင်းသည် ကမ်းပါးသို့
တက်လာပြီး..မြတ်ဗုဒ္ဓအား လေဒါဏ် မိုးဒါဏ် ကာကွယ်ပေးပြီး ပူဇော်၏။ မုစလိန္ဒ
နဂါးမင်းဟာ..ရတနာဘုံဗိမ္မာန် ဖန်ဆင်းပြီး ပူဇော်နိုင်သောစွမ်းအားရှိပေသည်။
သို့ပေမယ့်…ကိုယ်တိုင်ပြုတဲ့ ဝေယျာဝိစ္စ ကုသိုလ်
ပြုချင်တာကြောင့်..ထိုင်တော်မူနေသော မြတ်ဗုဒ္ဓကို (၇) ပတ် ရစ်ပတ်ပြီး
ကာကွယ် ပူဇော်ပေးခဲ့၏။ အခန်းတခု ထဲတွင် ထည့်ထားတဲ့အလား မြတ်ဗုဒ္ဓအား
လုံခြုံစွာ ရစ်ပတ်ပူဇော်ခဲ့၏။ ထို့နောက်မှာ..မြတ်ဗုဒ္ဓရဲ့ ဦးခေါင်းတော်ကို
မိုးစက်မိုးပေါက်များ မကျရောက်အောင် အပေါ်မှ ထီးပမာ ပါးပြင်းမိုးပြီး
ပူဇော်ပေးခဲ့ပါသည်။ မုစလိန္ဒနဂါးရဲ့ အပူဇော်ခံပြီး ဖလသမာပတ်ချမ်းသာ နဲ့
(၇)ရက် စံတော်မူရာ ဋ္ဌာနကိုပဲ မုစလိန္ဒသတ္တာဟ ဟုခေါ်၏။ - ရာဇာယတနသတ္တာဟ
ထို့နောက်မှာ မြတ်ဗုဒ္ဓသည်..မဟာဗောဓိပင် တောင်ဘက် အရပ်တွင် တည်ရှိသော လင်းလွန်းပင်ကြီး အရိပ်သို့ ကြွတော်မူခဲ့၏။ ထိုလင်းလွန်းပင်ရင်း
အရိပ်မှာပဲ ဖလသမာပတ်ချမ်းသာဖြင့် တင်ဖျဉ်ခွေမပျက် (၇)ရက် ဆက်လက်
သီတင်းသုံး နေတော်မူ၏။
အထက်ပါ (၇)ဋ္ဌာန များတွင် (၇)ရက်စီ ..အားလုံး (၄၉) ရက် သီတင်းသုံးတော်မူခဲ့ပါသည်။ ထို (၄၉)ရက် အတွင်း မြတ်ဗုဒ္ဓသည်..အဘယ်ဆွမ်းကိုမျှ မသုံးဆောင်ခဲ့ရ၊ အလေးအပေါ့သွားခြင်းလည်း
မရှိပေ၊ ကြိမ်းစက်ခဲ့ခြင်းလည်းမရှိ ခဲ့ပေ။ သောက်ရေ/သုံးရေ ကိုပင်
မသုံးခဲ့ရပေ။ မြတ်ဗုဒ္ဓ မဖြစ်မီက သုံးဆောင်တော်မူခဲ့သော သုဇာတာကပ်သော
ဃနာနို့ဆွမ်းသာလျင် ၀မ်းတော်ထဲ၌ရှိခဲ့ပါ၏။ (၄၉)ရက်လုံးလုံး
သိုလှောင်ထားခဲ့ရသော ထိုအညစ်အကြေးအဟောင်းများကို စွန့်ဖို့
စိတ်တော်ဖြစ်ခဲ့၏။ သိကြားမင်းက..နတ်ဆေးများ ဆပ်ကပ်၏။ ထိုနတ်ဆေးများ
သုံးဆောင်ပြီးတဲ့နောက် ခန္ဓာကိုယ်ရဲ့
အလေးအပေါ့အားလုံးဟာ..သန့်ရှင်းသွားခဲ့ပေ၏။ ထို့နောက်တွင် မြတ်ဗုဒ္ဓသည်..
နေရဉ္ဇရာမြစ်၌ ရေချိုးသန့်စင်ပြီး..လင်းလွန်းပင်ရှိရာသို့
ပြန်လည်ကြွတော်မူသည်။..
လင်းလွန်းပင်အောက်တွင်ပင်.. နောက်ထပ် (၇)ရက် သီတင်းသုံးတော်မူပြန်၏။
သိကြားမင်းက..ဒုတိယအကြိမ် အားဖြစ်စေဖို့ နတ်အားဆေးများ ဆပ်ကပ်ခဲ့၏။
မြတ်ဗုဒ္ဓသည် သိကြားမင်းကပ်သော နတ်အားဆေးများကို
သုံးဆောင်ပြီးနောက်မှာ..လူသာမာန်များဆပ်ကပ်သော ဆွမ်းကို ဖုန်ပေးဖို့ရာ
စိတ်အကြံဖြစ်တော်မူခဲ့၏။ ထိုစဉ် နတ်မင်းကြီး (၄)ပါးသည်..သပိတ်(၄)လေးကို
ကိုင်ဆောင်လာပြီး..လှူဒါန်းဖို့ရာ..အဆင်သင့်ဖြစ်နေကြလေ၏။
ထိုအချိန်မှာပဲ..ဥက္ကလာပတိုင်းသား တဖုဿ နှင့် ဘလ္လိကာ ကုန်သည်ညီနောင်တို့
သည်..ဘ၀ဟောင်းက မိခင်တော်စပ်ဖူးခဲ့သော နတ်သမီးရဲ့ ကြွေးကြော်
တိုက်တွန်းမှုကြောင့်..ဆွမ်းခဲဖွယ်အပြည့်အစုံ တို့ဖြင့် ဘုရားရှင်ရှိရာ
လင်းလွန်းပင်ကြီးအရပ်ဆီသို့ ရောက်ရှိလာပါသည်။ မြတ်ဗုဒ္ဓသည်..သိကြားမင်းတို့
ဆပ်ကပ်သော သပိတ်ကြီး (၄)လုံးကို ဘယ်လက်ပေါ်မှာ တခုစီဆင့်ပြီးတဲ့နောက်
ညာဘက်လက်တော်ဖြင့်..အပေါ်မှ ဖိချလိုက်တဲ့အခါ..အနား(၄)ရစ်ဖြင့် သပိတ်
(၁)လုံးတည်း ဖြစ်သွားပါ၏။ ကုန်သည် ညီနောင်တို့ ကပ်တဲ့ ဆွမ်းတို့ကို
ထိုသိပိတ်ဖြင့် အလှူခံ၏။ ထို့နောက် ကုန်သည်ညီနောင်တို့သည်
.မြတ်ဗုဒ္ဓထံ၌.တရားနာပြီးတဲ့နောက်..သရဏဂုံ (၂)ပါးကို ဆောက်တည်ခဲ့၏။
မြတ်ဗုဒ္ဓသည်..ထိုကုန်သည်ညီနောင်တို့အား ဆံတော် (၈)ဆူ ပေးတော်မူခဲ့၏။
ထို ဆံတော်(၈)ဆူကို ဋ္ဌာပနာထားပြီး ရွှေတိဂုံစေတီတော်ကြီးအား တည်ထားခြင်းဖြစ်ပေသည်။
အောက်ပါတရားတော်များမှ ကောက်နုတ်ဖော်ပြသည်။
၁) ဓမ္မစကြာတရားတော် (mp3)- မင်းကွန်းဆရာတော်ဘုရားကြီး
၂) သတ္တဋ္ဌာန-ခုနှစ်ပတ်ဖြစ်စဉ် ဗုဒ္ဓ၀င် (vcd)- သီတဂူဆရာတော်ဘုရားကြီး
VIDEOာကည့်ရန် ဤနေရာကို နှိပ်ပါ။
Seven Places about Buddha(VCD) by Nyanissara Ashin
သီတဂူဆရာတော်အရှင်ဥာဏိဿရ သတ္တဋ္ဌာန
http://www.dhammaweb.net/videodb/play.php?id=476
( ပလ္လင်က သတ္တာဟ )
၁။ ဘုန်းရောင်ထွန်းထိန်၊ စောမုနိန်၊ ပညိနြေ္ဒ၊ ချွေရာမှန်သိ၊ ဗောဓိကြငှန်း၊ ရွှေညောင်နန်းဝယ်၊ ထူးဆန်းအံ့လောက်၊ မြေမှပေါက်သား၊ ရောင်တောက်မာရ်နှင်၊ ရွှေပလ္လင်ထက်၊ သဗ္ဗညုတ၊ ဉာဏ်ကိုရပြီး၊ သတ္တာဟရက်၊ ဖွဲ့ခွေလျက်ပင်၊ ငြိမ်သက်တင့်တယ်၊ သုံးစံပယ်သည်-ဘုန်းကြွယ်လက်ဦး ပွဲပေကို။
( အနိမိသ သတ္တာဟ )
၂။ နှစ်ကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ မာရပယ်လှန်၊ ပလ္လင်ပျံမှ၊ ဧသန်တူရူ၊ ရပ်တော်မူလျက်၊ ကြည်ဖြူငြိမ်းချမ်း၊ ပလ္လင်နန်းကို၊ ဖြောင့်တန်းစက္ခု၊ စိမ်းစိမ်းရှုလျက်၊ သုံးလူ့ရှင်ပင်၊ ပျော်စံရွှင်သည်-ကြည်လင်ညွတ်နူး ဖွယ်ပေကို။
( စင်္ကမ သတ္တာဟ )
၃။ သုံးကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ဗောဓိပင်မှ၊ မြောက်ခွင်ဥတ္တရာ၊ စင်္ကြံသာ၍၊ လူးလာတုံ့ခေါက်၊ ကြွချီလျှောက်၍၊ ဘုန်းတော်ဘုရား၊ ပျော်စံစားသည်-တရားဆင်ခြင် လျက်ပေကို။
( ရတနာဃရ သတ္တာဟ )
၎။ လေးကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ဗောဓိပင်နှင့်၊ ပလ္လင်ထွန်းတောက်၊ အနောက်မြောက်ဝယ်၊ အံ့လောက်ဖွယ်ရာ၊ ရတနာရိပ်ငြိမ်၊ စံရွှေအိမ်၌၊ ကြိမ်ကြိမ်ဖန်ခါ၊ ဘိဓမ္မာကို၊ မဟာဉာဏ၊ သာဂရဖြင့်၊ ဗုဒ္ဓရှင်ပင်၊ သုံးဆင်ခြင်သည်-ရောင်ရှင်ခြောက်ဖြာ ညီးလို့ကို။
( အဇပါလ သတ္တာဟ )
၅။ ငါးကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ဗောဓိပင်မှ၊ ရှေ့ခွင်ပြုဗ္ဗာ၊ ရပ်ဒိသာဝယ်၊ ကြီးစွာမြင့်ခေါင်၊ ဆိတ်ကျောင်းညောင်၌၊ ဘုန်းခေါင်ပရမေ၊ စံပယ်နေသည်-ရိုသေမြတ်နိုး ဖွယ်ပေကို။
( မုစလိန္ဒ သတ္တာဟ )
၆။ ခြောက်ကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ပလ္လင်ရွှေညောင်၊ အရှေ့တောင်၌၊ မြရောင်လိုလို၊ ရေညို ပြည့်လျှမ်း၊ ကြာပန်းညွတ်ရုံ၊ ပန်းမျိုးစုံသည်၊ မုဉ္စလိန္ဒာ၊ အိုင်သာဖြန့်ကျင်း၊ ကျည်းပင်ရင်းဝယ်၊ သနင်းလူ့ဆွေ၊ စံပယ်နေသော်၊ မိုးလေထန်ပြင်း၊ သွန်းချခြင်းကြောင့်၊ မြွေမင်းရန်ဟန့်၊ ပါးပျဉ်းဖြန့်လျက်၊ ချီးအံ့တန်ခိုး၊ ဆောင်ကာမိုးသည်-ရှေးကျိုးသမ္ဘာတော်ကြောင့်ကို။
( ရာဇာရတန သတ္တာဟ )
၇။ ခါသတ္တမ၊ သတ္တာဟတွင်၊ ဗောဓိပင်မှ၊ တောင်ပြင်လက်ယာ၊ မြေမျက်နှာဝယ်၊ ရာဇာယတန၊ မည်ရခေါ်တွင်၊ လင်းလွန်းပင်၌၊ သဗ္ဗညုဖျား၊ ပျော်စံစားသည်-ကြီးမားဉာဏ်တော် ဖွင့်လို့ကို။
ထိုခုနစ်ပါး၊ အရပ်များကို၊ ရှေ့သွားသဒ္ဓါ၊ ကြည်ညိုစွာလျှင်၊ ဝန္ဒနာ-မာန၊ ဂါရဝဖြင့်၊ ဦးချညွတ်ကျိုး၊ ကျွန်ရှိခိုးသည်-ကောင်းကျိုးခပ်သိမ်း ပြည့်စေသော်။