မြန်မာနိုင်ငံကိုဗုဒ္ဓဘာသာရောက်ရှိပြန့် ပွားလာပုံ

ဗုဒ္ဓ (၅၆၃ - ၄၈၃ ဘီစီ) သက်တော်ထင်ရှားရှိတုန်းကတည်းက မြန်မာကို ဗုဒ္ဓါဒရောက်လာပုံကို၊ အမျိုးမျိုးပြောကြပါတယ်။
မြတ်စွာဘုရား ဒေသစာရီ ကြွချီတော်မူတယ်ဆိုရင် ရောက်ရာအရပ်ရပ်မှာ ပူဆွေး ဒုက္ခရောက်သူ တစ်ဦးဦးကိုဖြစ်ဖြစ်၊ သတ္တ၀ါအများကိုဖြစ်ဖြစ်၊ စိတ်ချမ်းသာရအောင် ဆုံးမသွန်သင်လိုလို့ဖြစ်ဖြစ် ကြွလာတတ်ဖြစ်ပါတယ်။ ဘ၀ရှင်သန်နေရလို့ တွေ့ရတဲ့ဒုက္ခတွေက ကယ်တင်လိုတဲ့အတွက်ဖြစ်ပါတယ်။ မြန်မာ အနောက်ပင်လယ်ကမ်းခြေက ရခိုင်ကိုမြတ်စွာဘုရားကြွလာလို့ ရခိုင်မင်းက ကြေးလောဟာနှဲ့ မြတ်စွာဘုရား ပုံတူလုပ်ယူခွင့် ရလိုက်ပါတယ်လို့ ဆိုပါတယ်။
မြန်မာအလယ်ပိုင်းက လူတွေကလည်း သူတို့ဆီကလယ်ကိုင်းကို မြတ်စွာဘုရားကြွလာပြီး တရားဟောလို့ လူရောနတ်ပါ အများကြီး အကျွတ်တရားရကြတယ်လို့ ဆိုတယ်။ တောင်ထိပ် မှာ ရပ်တော်မူပြီး သာသနာ ဘယ်နှစ်ကိုရောက်ရင် ဘယ်မင်းက ဒီနေရာမှာ မြို့ကြီးတည်မယ်၊ ဗုဒ္ဓ သာသနာထွန်းကားမယ်လို့ ဗျာဒိတ်မြွတ်ကြားသွားတယ်လို့လဲ ယုံတယ်။ မြန်မာအောက်အရပ်က ကုန်သည် စွန့်စားသူ နှစ်ဦးက ဗုဒ္ဓဂါယာကိုရောက်တော့ သဗ္ဗညုတဥာဏ်ကို ရပြီးစ ဗုဒ္ဓရဲ့ဆံတော်၊ အထက်ဘုရားနှစ်ဆူရဲ့ အသုံးအဆောင်တွေနဲ့ ဌာပနာပြီး စေတီတည်တယ်။
ဒီနှစ်ယောက်က သြရိဿနယ်က ဖြစ်ဖို့များတယ်။သုတေသနနယ်ပယ်က ကြိုးစားရှာဖွေစုံစမ်းတဲ့အခါ ခရစ်နှစ် ၇၆ ထက်စောပြီး ဘယ်ဘုရားရုပ်တုမှ မရှိပါ။ အဲဒီလိုပဲ သီရီဓမ္မာသောက ( အသောက၊ ၂၇၄ - ၂၃၂ ဘီစီ ) ထက်စောပြီး ဘယ်စေတီ ပုထိုး၊ မုဋ္ဌောမှ မရှိဘူးပါ။ အသောကမင်းက ပိဋကမှာရှိတဲ့ ဓမ္မာခန္ဓပေါင်း ၈၄၀၀၀ ကို ရည်ညွှန်းပြီး စေတီပေါင်း ၈၄၀၀၀ ကို မြတ်စွာဘုရားရဲ့ သရီရဓာတု ဌာပနာပြီး တည်တယ်လို့ဆိုတယ်။ အဲဒီလို ပြောကြတာမှာလည်း သမိုင်းဖြစ်စဉ်နဲ့ စကားရှေ့ နောက်မကိုက်ညီတာ တစ်ခုကို တွေ့ရပြန်ပါတယ်။ ပိဋက သုံးပုံကို သီရိလင်္ကာမှာ ပေထက်အက္ခရာ တင်တာက ၃၃ ဘီစီဖြစ်လို့ စာနဲ့ချမရေးမီက စာပိုဒ်ဘယ်လောက် ရှိတယ်ဆိုတာ၊ ပါတယ်ဆိုတာ ဘယ်လို သိနိုင်ပါသလဲလို့ မေးစရာရှိပါတယ်။
အသောကမင်းက ဗဟိုအိန္ဒိယအပြင်ကိုးတိုင်းကိုးဌာနကမထေရ်ကြီးတွေက ဦးဆောင်ပြီး သာသနာပြု လွှတ်တယ်ဆိုရာမှာလည်း ဘယ်နေရာကို၊ ဘယ်ကိုယ်တော်ကြွရတယ်လို့ စာရင်း ရှိပါတယ်။ ကျောက်တော်ပေါ်က ကျောက်မျက်နှာပြင်မှာ ကျောက်စာ တစ်ဆယ့်သုံးခု ရေးထိုးခဲတယ်။ ဒီ စာရင်းမှာ သောဏနဲ့ ဥတ္တရခေါင်းဆောင်တဲ့ သုဝဏ္ဏဘူမိခရီးအကြောင်း မပါပါ။ ပြီးတော့ ပါဠိအဋ္ဌကထာ ဋီကာတွေက သုဝဏ္ဏဘူမိကို စုမတြကျွန်းပေါ်မှာရှိတယ်လို့ ညွှန်းထားပါတယ်။ အင်မတန်ကျော်ကြားတဲ့ ပါဠိနာမည် အဘိဓာန်ကိုပြုစုတဲ့ မလ္လသေကြက သုဝဏ္ဏဘူမိဘယ်မှာဆိုတာ အတိအကျပြောမသွားဘူး။ သူက မွန်တွေ ယိုးဒယားသားတွေက သုဝဏ္ဏဘူမိဟာ ငါတို့ဆီမှာရှိတယ် (မွန်က သထုံ၊ ယိုးဒယားက နဆောင်ပထ) လို့ ဇွတ်ပြောနေတဲ့ အယူအဆတွေကို မဆန့်ကျင်လိုတဲ့ သဘောထားရှိဟန် တူပါတယ်။ ( သူတို့အယူအဆ မှားတယ်ဆိုတာတော့ သိရမှာပါ ) ဒါပေမဲ့ မွန်ဆရာတော် တပါးဖြစ်တဲ့ တောင်ပေါက်ဆရာတော်က အိန္ဒိယမှာ နှစ်ပေါင်းများစွာ လှည့်လည်စုံစမ်းရှာဖွေပြီး၊ သုဝဏ္ဏဘူမိဟာ စုမတြမှာ ဖြစ်တယ်လို့ ဆရာတော်ပြုစုတဲ့ ဗုဒ္ဓ သာသနာ ပထ၀ီဝင်ကျန်းမှာ မြေပုံတွေနဲ့ ရှင်းလင်းဖော်ပြထားခဲ့ပါတယ်။
အခုပြောပြတဲ့အချက်တွေကြောင့် ဗုဒ္ဓသာသနာဟာ ကျွန်တော်တို့ဒေသကို ဘယ်အချိန်က၊ ဘယ်နေရာမှာ စတင်ရောက်ရှိလာတယ်လို့ သုတေသီတွေအနေနဲ့ ပြောဖို့ခက်ပါတယ်။ပျူလူမျိုးတွေက မြေပုံဘုရား ( အများအခေါ်အုတ်ခွက် )တွေထားခဲ့တယ်။ သူတို့က ခရစ်လေးရာစု နှစ်က ကိုးရာစုနှစ်အထိ ( အညာ ဟလင်းက၊ အောက်ပြေ၊ မြစ်ဝကျွန်းပေါ်ဒေသအထိ ကျယ်ပြန့်တဲ့ ) ပိုင်နက် အတွင်း ဗုဒ္ဓသာသနိက အဆောက်အအုံတွေမှာ ဒီမြေပုံဘုရားကို အရွယ်အမျိုးမျိုး၊ ပုံအမျိုးမျိုးနဲ့ ပြုလုပ်တဲ့အခါ၊ မြတ်စွာဘုရားပုံတော်နဲ့ ယေဓမ္မာဟေတုပ္ပဗ္ဗ၀ါ ဂါထာကို ဒေ၀နာဂရီလက်ရေးနဲ့ မြေပုံဘုရားမျက်နှာဘက်မှာ ရေးထားတယ်။ ပြီးတော့ ကျောဘက်မှာ မြေပုံဘုရားကိုပြုလုပ် လှူဒါန်းသူရဲ့နာမည်ကို ရေးထားလေ့ရှိပါတယ်။ အဲ့ဒီမြေပုံဘုရားကိုစွဲပြီး ပျူတွေဟာ ခရစ်တစ်ရာစုနှစ်ကစပြီး ဗုဒ္ဓသာသနာဝင်တွေဖြစ်တယ်။ ဒါထက်တောင် စောချင်စောနိုင်တယ်။
အောက်ပိုင်းမြန်မာကိုရောက်နေတဲ့ မွန်ခမေရ်ဘာသာစကားပြောသူတွေထဲကမွန်တွေက ပထမဗြာဟ္မဏ၀ါဒီ၊ နောက်ခရစ် ခုနစ်ရာစုနှစ်ကစပြီး ဗုဒ္ဓ၀ါဒီဖြစ်ခဲ့တယ်။ အဲ့ဒီတော့ စောစောကပြောသလို သီရိလင်္ကာမှာ ခရစ်မပေါ်မီ ၃၃ နှစ်က ပိဋကကို ပေထက်အက္ခရာတင်ခဲ့တာ ဖြစ်ပေမယ့်၊ ပျူနိုင်ငံရယ်လို့ ထင်ရှားခဲ့တဲ့ ခရစ်လေးရာစုနှစ်က ကိုးရာစုနှစ်အတွင်းမှာ အက္ခရာတင်ပြီး ပိဋကကို အစုံလိုက် ကူးယူလာတာ မရှိသေးဘူး။ အန္တရာယ်ကင်းရွတ်ဆိုဖို့ သုတ္တန်ဒေသနာထဲက ထုတ်နှုတ်ထားတဲ့ အပိုဒ်ကလေးတွေပဲ ရွှေ၊ ကျောက်ပြား၊ ရွှံ့ပြားတွေပေါ်မှာ ရေးထွင်းပြီး အိမ်တံခါးဝ၊ မြို့တခါးဝမှာ၊ ကျောက်ပြားမှာရေးပြီး စိုက်ထားမယ်၊ ရွှေပြားမှာရေးပြီး အမွန်အမြတ်သိမ်းထားမယ်။ ဒီလို ကောက်နှုတ်ချက်တွေယူလာတဲ့သူတွေက ကုန်သည်၊ မြို့သစ် ရွာသစ်တည်သူတွေနဲ့ သင်္ဘောသားတွေဖြစ်မယ်ထင်ပါတယ်။
အိန္ဒိယဓလေ့တွေကို အတုခိုးလိုက်နာ ကျင့်ကြံချင်လို့ တိုင်းရင်းသားက လူလွှတ်ပြီး ကူးယူခဲ့တာလည်း ဖြစ်မယ်။ အိန္ဒိယက စာရေးနည်းပညာက မွန်တွေ၊ ပျူတွေဆီကို ခရစ်လေးရာခုနှစ်လောက်ကစပြီး ရောက်နေပြီဖြစ်လို့၊ ဒီက သီရိလင်္ကာကိုလွှတ်ပြီး ကူးယူတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားတွေဟာ အိန္ဒိယသာသနာပြုတွေလာမှ ဗုဒ္ဓ သာသနာဝင်ဖြစ်တယ်။ ဗုဒ္ဓကျမ်းတွေကို တွေ့ဖူး၊ သုံးဖူးတယ်ဆိုတဲ့ အယူအဆကို ပြင်ရမှာဖြစ်ပါတယ်။ လူလွှတ်ယူရတယ်ဆိုတဲ့ စကားကို ရှင်းချင်ပါသေးတယ်။ တိုက်ရိုက်သုံးနိုင်တဲ့ သက်သေသာဓကမရှိပါ။ ဒီက မင်းအခေါ်ခံယူသူတွေက “ လက်အောက်ခံ (ကျွန်တော်မျိုး၊ ကျွန်တော်မျိုး) နဲ့ ငါတို့ကို မနှိုင်းနဲ့၊ ငါတို့က ကမ္ဘာဦးမဟာသမ္မတက အနွယ်မပျက် ဆင်းသက်လာသာ၊ သကျသာကီဝင်မျိုးတွေဖြစ်တယ် “ လို့ပြောလိုက် တယ်။ အိန္ဒိယက မင်းဧကရာဇ်တွေနေသလို (နေ့စဉ် အစားအသောက်၊ အနေအထိုင်အထိ) နေမယ်လို့ ဆုံးဖြတ်ပြီး၊ ထီးဟန်နန်းဟန်ကို ဦးဆောင်ပြီး လုပ်တတ်တဲ့လူ ( ဗြာဟ္မဏတွေကို လက်သုံးကျမ်းပါ အတူယူပြီး လာခဲ့လို့ ) ဖိတ်တာကစပြီး နည်းနည်းနည်းနည်း ကျိုးတိုးကျဲတဲ ရောက်လာတာဖြစ်မယ်၊
ဒီလိုနဲ့ ပျူရယ်၊ မွန်ရယ် အုပ်ချူပ်သူကစပြီး ဗြာဟ္မဏ ၀ါဒီတွေဖြစ်လာခဲ့တယ်။မြန်မာအနောက်ဘက် ပင်လယ်ကမ်းခြေက ရခိုင်ဆိုရင် ရှစ်ရာစုနှစ်ဦးက သက္ကတဘာသာစကားနဲ့ ကျောက်စာတစ်ခုရေးထိုးခဲ့ရာမှာ၊ သူတို့ဘုရင်က စန္ဒြမျိုး၊ သူတို့က သီဝနတ်မင်းကို စောစောက ကိုးကွယ် ခဲ့တယ်၊ နောက် (ခုနစ်ရာစုနှစ်၊ ရှစ်ရာစုနှစ်လောက်ရောက်)မှ ဗုဒ္ဓဘာသာဝင်ဖြစ်တယ်လို့ သိရပါတယ်။ ဧရာဝတီမြစ်ဝ၊ စစ်တောင်းမြစ်ဝ၊ သံလွင်မြစ်ဝ ကျွန်းပေါ်ဒေသတွေက မွန်နဲ့ပျူတွေက ဗိဿနိုးနတ်မင်းကို ကိုးကွယ်သူများမယ်လို့ ထင်ရပါတယ်။ ဗြာဟ္မဏ၀ါဒကို မွန်တွေက အခု ကမ်ဖုချနဲ့ ထိုင်းဒေသတွေက ရခဲ့တာလို့ ယူဆရင်လည်း ဖြစ်နိုင်စရာရှိပါတယ်။ ဒီလိုပဲ မဟာယာနသာသနာကိုလည်း အရင် ဖုနန် (အခု ကင်ဖုချ)က ရမယ်။
အိန္ဒိယအရှေ့မြောက်ကလည်းရမယ်လို့ ယူဆတယ်။ သူတို့ဟာ ဗုဒ္ဓသာသနာကို လက်ခံတယ်လို့ ဆိုပေမယ့် မိရိုးဖလာ နတ်ကိုးတာမျိုးကို မစွန့်နိုင်ပါ။ စွန့်တယ်လို့ ပြောဖို့မလိုဘူး။ ရတနာ သုံးပါးကို ဆည်းကပ်တယ်လို့ ပြောရင်ပြီးတယ်။ ရဟန်းသံဃာကွယ်ရာမှာ ရိုးရာကိုးကွယ်မှု လုပ်မြဲလုပ်မယ်။ ရဟန်းသံဃာကလည်း အကြပ်အတည်းလိုက်ပြီး မပိတ်ပင် မတားဆီးဘူး။ သမအောင် (Ambivalence) အလိုက်အထိုက်နေသွားကြတယ်။ ယနေ့အထိ ထေဒ၀ါရီတွေလို့ ပြောပေမယ့် သိသိသာသာ မသိမသာ ရိုးရာဓလေ့တွေ၊ ဟိန္ဒူဓလေ့တွေ၊ မဟာယာနဓလေ့တွေကို လုပ်နေကြပါတယ်။အရေးကြီးတဲ့ ပြဿနာကို အခုတင်ပြလိုပါတယ်။
အဲ့ဒါကတော့ မြန်မာဘက်ကို ပိဋကသုံးပုံးရေးသားပြီး ဘယ်အချိန်ကရောက်သလဲဆိုတဲ့ အချက်ပါပဲ။ တချို့က ဗုဒ္ဓဃောသ၊ တချို့က အရဟံနဲ့ အနိရုဒ္ဓတို့ကျေးဇူးပဲလို့ ပြောကြရေးကြတယ်။ အရဟံက စ,ပုံကို ပါးစပ်ပြောတာ၊ ဓမ္မစေတီမင်းခေါ် ရာမာဓိပတိလက်ထက် ၁၄၈၀ မှာ ရေးထိုးတဲ့ ကလျာဏီ သိမ်ကျောက်စာမှာစပြီး အက္ခရာတင်တာတွေ့ရတယ်။ ခေတ်ပြိုင်မှတ်တမ်း မဟုတ်ပါ။ အများခေါ် ကျန်စစ်သား (ထီးလိုင်မင်း ၁၀၈၄ - ၁၁၁၃) လက်ထက် မွန်ဘာသာရေးထိုးတဲ့ ကျောက်စာမှာ သားတော်ရာဇကုမာရကို ပိဋက အစစ်အဆေးလုပ်ခိုင်းတယ်။ နိုင်ငံရပ်ခြားရောက် ပုဏ္ဏားပညာရှင်၊ တိုင်းရင်းသား ရဟန်းပညာရှင်တွေစုပြီး (၁) ပိဋကကို သီရိလင်္ကာအက္ခရာက ပျူနဲ့မွန်က ဆင်းသက်တဲ့ မြန်မာ အက္ခရာဖလှယ်ရမယ်၊ (၂) ပြီးတော့ ပါဋ္ဌိမြန်မာတွဲရက် အနက်ပြန်ဆိုရမယ်။ ဒီလိုလုပ်နိုင်ပါမှ “သာသနာ ငါးထောင်တည်မယ်”လို့ ယူဆကြတယ်။
အရင်က ဘိက္ခုရှိသလို ဘိက္ခူနီရှိတယ်။ သာသနာနှစ် ၁၀၀၀ မှာ ဘိက္ခုနီမရှိတော့ဘူးဆိုပေမယ့် မဟာဃာန၀ါဒီတွေမှာ ဘိက္ခူနီတွေ ရှိနေဦးမယ်။ ကျန်စစ်သားလက်ထက်မှာ သာမက ပုဂံပျက်စီးတဲ့အထိ ရှိနေမယ်လို့ ကျောက်စာတွေကပြနေပါတယ်။
by http://lokachantha.blogspot.com (http://lokachantha.blogspot.com)