Wednesday, December 15, 2010

မကောင်းလည်းကံ၊ ကောင်းလည်းကံဟု၊ ကံကိုချည်းသာ၊ မကိုးရာဘူး


မကောင်းလည်းကံ၊ ကောင်းလည်းကံဟု၊ ကံကိုချည်းသာ၊ မကိုးရာဘူး

ဘုရားရှိခိုးတိုင်း၊ သီလယူတိုင်း ကန်တော့လေ့ရှိသော သြကာသ ကန်တော့ခန်းတွင် “အပါယ် (၄)ပါး၊ ကပ်(၃)ပါး၊ ရပ်ပြစ်(၈)ပါ၊ ရန်သူမျိုး (၅)ပါး၊ ၀ိပတ္တိ တရား(၄)ပါး၊ ဗျသန တရား(၅)ပါး တို့မှ ကင်းလွတ်ရပါစေကြောင်း” ဗုဒ္ဓဘာသာဝင်တိုင်း ဆုတောင်းလေ့ ရှိကြ၏။ ထိုတွင် ၀ိပတ္တိ ပျက်စီးခြင်း တရား (၄)ပါး ဟူသည် အဘယ်နည်း။? ၎င်း၏ ဆန့်ကျင်ဘက် ဖြစ်သော သမ္ပတ္တိ ပြည့်စုံခြင်း တရား (၄)ပါး ဟူသည် အဘယ်နည်း။?

သမ္ပတ္တိ (၄)ပါး၊ ၀ိပတ္တိ (၄)ပါ။ ။

ဆိုင်ရာ အကြောင်းများ၏ ပြည့်စုံမှုကို “သမ္ပတ္တိ” ဟု ခေါ်၏။ ဆိုင်ရာ အကြောင်းများ၏ ချွတ်ယွင်းမှုကို “၀ိပတ္တိ” ဟု ခေါ်၏။ သတ္တ၀ါတို့၏ သန္တာန်၌ ရှေးဘ၀ပေါင်း များစွာက ပြုခဲ့သော ကံတို့သည် အလွန်များပြားရကား အကျိုးပေးရန် အခွင့် မသင့်၍ အကျိုးမပေးရသေးသမျှ ခန္ဓာအစဉ်မှာ အမြဲပါရှိသောကြောင့် သမ္ပတ္တိ (ပြည့်စုံခြင်း) ဆိုက်နေသောအခါ ကုသိုလ်ကံ အကျိုးပေးခွင့် သာသလို ၀ိပတ္တိ (ပျက်စီးခြင်း ) ဆိုက်ရာ၌လည်း အကုသိုလ်ကံ အကျိုးပေးခွင့် သာလေသည်။

သမ္ပတ္တိ တရား (၄)ပါး

၁။ဂတိ သမ္ပတ္တိ= ရရှိသော ဘ၀ကောင်းခြင်း။

၂။ဥပဓိ သမ္ပတ္တိ= ရုပ်အဆင်း လှပခြင်း။

၃။ကာလ သမ္ပတ္တိ= ခေတ် အခါ ကာလ ကောင်းခြင်း။

၎။ပယောဂ သမ္ပတ္တိ= ဉာဏ် ၀ီရိယ စသော ပယောဂ ရှိခြင်။

ဝိပတ္တိ တရား (၄)ပါး

၁။ဂတိ ၀ိပတ္တိ = ရရှိသော ဘ၀ မကောင်းခြင်း။

၂။ဥပဓိ ၀ိပတ္တိ= ရုပ်အဆင်း မလှပခြင်း။

၃။ကာလ ၀ိပတ္တိ= ခေတ် အခါ ကာလ မကောင်းခြင်း။

၎။ပယောဂ ၀ိပတ္တိ = ဉာဏ် ၀ီရိယ စသော ပယောဂ မရှိခြင်။

ဂတိ သမ္ပတ္တိ ဖြစ်ပုံ။ ။

လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည် တို့ကို ကောင်းသောဘုံဘ၀ဖြစ်သောကြာင့် ဂတိသမ္ပတ္တိ ဟု ခေါ်၏။ ထို ဂတိသမ္ပတ္တိ၌ ဖြစ်သောအခါ များစွာသော ကုသိုလ်ကံတို့သည် အကျိုးပေးခွင့် ရကြ၏။ လူ့ပြည်၌ ဆင်းရဲဒုက္ခ ရှိသေးသော်လည်း နတ်ပြည် ဗြဟ္မာ့ပြည်တို့၌ ဆင်းရဲဒုက္ခ မရှိသလောက် နည်းပါး၏။ ကုသိုလ်ကံ အခွင့်ရ၍ အကျိုးပေးနေသောကြောင့် အစားအသောက် အနေအထိုင် အတွေ့အကြုံ အားလုံးတို့မှာလည်း အကောင်းအမွန်ချည်း ဖြစ်ကြပေသည်။ ထိုကဲ့သို့ ဂတိသမ္ပတ္တိ ဆိုက်နေသူတို့၌ အကုသိုလ်ကံတွေ ပါရှိသော်လည်း ထိုအကုသိုလ်ကံများ အကျိုးပေးခွင့် များစွာ မရကြ။ လူ့ပြည်မှာ ဆင်းရဲဒုက္ခ မကင်းဟု ဆိုသော်လည်း အပါယ်(၄) ဘုံနှင့် စာလျှင် များစွာ သက်သာပါသေး၏။ ကုသိုလ်ကံများက အထိုက်အလျှောက် အကျိုးပေးခွင့် သာသောကြောင့် မကောင်းသော အာရုံတို့မှ တိမ်းရှောင်နိုင်၍ ကောင်းသော အာရုံများကို တွေ့ကြုံနိုင်ကြ၏။ သို့မဟုတ် မကောင်းသော အာရုံတို့မှ တိမ်းရှောင်နိုင်၍ ကောင်းသော အာရုံများကို တွေ့ကြုံနိုင်ရန် ကြိုးစားခွင့် ရှိကြပေသည်။

ဂတိ ၀ိပတ္တိ ဖြစ်ပုံ။ ။

အပါယ် (၄) ပါးကို မကောင်းသောဘုံဘ၀ဖြစ်သောကြောင့် ဂတိဝိပတ္တိ ဟုခေါ်၏။ ထို ဂတိဝိပတ္တိ၌ ဖြစ်ရသောအခါ အကုသိုလ် ကံများ အကျိုးပေးခွင့် သာ၏။ ငရဲကျရောက်သူ၊ ပြိတ္တာ ဖြစ်သူတို့၌ အမြဲ ဒုက္ခရောက်၊ အမြဲနှိပ်စက်ခံနေရပြီး၊ အမြဲပူလောင်နေရသဖြင့် အကုသိုလ်ကံတွေ ၀ိုင်း၍ အကျိုးပေးချင်တိုင်း ပေးဖို့ အခွင့်သာပုံမှာ ပြောဖွယ်ရာ မရှိပေ။ အထိုက်အလျှောက် သက်သာသည်ဟု ယူဆရသော တိရ စ္ဆာန်၌ပင် အစာငတ်မှု၊ ရေငတ်မှု၊ နေပူ မိုးရွာ လွန်စွာ ဆင်းရဲမှု၊ တုတ်ဓါး စသည်ဖြင့် အရိုက်အနှက် အသတ်အဖြတ် ခံရမှု၊ တစ်ကောင်နှင့် တစ်ကောင် နှိပ်စက် သတ်ဖြတ် စားသောက်မှု စသော ဒုက္ခစုကို ခံရဖို့ရန် အကုသိုလ်ကံတို့ ပါလာ၍ ထိုကံတို့ အကျိုးပေးခွင့် သာ၏။ အလွန်သေးငယ်သော ပိုးမွှား တိရစ္ဆာန်များ၌ကား သွားရင်း လာရင်း သူကနင်း ငါကနင်းနှင့် သေခြင်းဆိုးဖြင့် သေဖို့ရန် အကုသိုလ်ကံတို့ အလွန့်အလွန် အခွင့်သာကြပေသည်။ ထိုသို့ ဂတိဝိပတ္တိ ဆိုက်နေသောအခါ ရှေးရှေးဘ၀က ကုသိုလ်ကံများ ပါရှိကြသော်လည်း ကယ်ဆယ်ဖို့ရန် အခွင့် မရတော့ချေ။

ဥပဓိ သမ္ပတ္တိ ဖြစ်ပုံ။ ။

ဂတိသမ္ပတ္တိ ရောက်နေသော်လည်း (အထူးသဖြင့် လူ့ဘုံမှာ၊ တချို့

တိရ စ္ဆာန်ဘုံ တို့သည်) ရုပ်အဆင်း လှပခြင်း ဟူသော ဥပဓိ သမ္ပတ္တိက အရေးကြီးနေပြန်၏။ ဥပဓိ သမ္ပတ္တိ ရှိ (ရုပ်အဆင်း လှပလျှင်) မိဘ အမျိုးအဆွေ ပစ္စည်းဥစ္စာက အောက်ကျနေသော်လည်း ပစ္စည်းရှိသူ အမျိုးမြတ်သူတို့က ကြည်ဖြူကြ လေးမြတ်ကြသဖြင့် အထက်တန်းရောက်၍ ကုသိုလ်ကံများ အကျိုးပေးခွင့် သာကြပေသည်။ သာမာဒေ၀ီမှာ ဥပဓိ သမ္ပတ္တိ ကြောင့် ဘုရင်၏ မိဖုရားကြီူး ဖြစ်ရ၏။

လူ့ဘ၀ကို မဆိုထားနှင့် ဂတိ ၀ိပတ္တိ ကြောင့် တိရ စ္ဆာန်ဖြစ်နေရသော ခွေး၊ ကြောင်၊ မြင်း၊ နွား တို့၌ပင် ရုပ်အဆင်းလှ၍ ဥပဓိ သမ္ပတ္တိ ဖြစ်နေလျှင် လူ့ချမ်းသာတို့က လက်သပ် မွေးမြူခြင်းကို ခံရလျှက် ကုသိုလ်ကံတွေ အကျိုးပေးခွင့် သာပြန်လေသည်။ အချို့ အလှမွေးခွေးများ၊ ကြောင်များဆိုလျှင် သာမန်ဆင်းရဲသော လူတို့ထက်ပင် အဆင့်တန်းမြင့်မြင့် နေရ၊ စားရ၏။ သွားလာရာတွင်လည်း မပင်ပန်းဘဲ၊ ပွေ့ချီခေါ်ယူခြင်း၊ ကားဖြင့်တင်ခေါ်ခြင်းခံရ၍ သူတို့ဘ၀သည် ဂတိ ၀ိပတ္တိ ကြောင့်

တိရ စ္ဆာန်ဖြစ်နေရသော်လည်း ဥပဓိ သမ္ပတ္တိ ဖြစ်နေပြီး ကုသိုလ်ကံတိုက အကျိုးပေးခွင့် သာခြင်းဖြစ်၏။ ရုပ်အဆင်းလှပမှု ဟူသော ဥပဓိ သမ္ပတ္တိကား ဤမျှလောက်ပင် အကျိုးများလှပေသည်။

ဥပဓိ ၀ိပတ္တိ ဖြစ်ပုံ။ ။

ဂတိ ၀ိပတ္တိ ဖြစ်နေသော တိရ စ္ဆာန်တို့၌ ရုပ်အဆင်း မလှပမှုဟူသော ဥပဓိ ၀ိပတ္တိကြောင့် ကုသိုလ်ကံတို့ အကျိုးပေးခွင့် မရသည်မှာ ဆိုဖွယ်ရာ မရှိပြီ။ ဂတိ သမ္ပတ္တိ ဖြစ်သော လူ့ဘုံမှာပင် ဥပဓိ ၀ိပတ္တိ ဖြစ်၍ ရုပ်အဆင်း မလှပလျှင် ကုသိုလ်ကံ၏ အကျိုးကို ရသင့်သလောက် မရဘဲ ရှိတတ်၏။ အမျိုးမြတ် ဥစ္စာရှင်ပင် ဖြစ်သော်လည်း အမျိုးတူ ဥစ္စာတူသူတို့က မကြည်ဖြူနိုင်ကြပေ။

အလောင်းတော် ကုသမင်း၏ ဥပဓိရုပ်ဆိုးကျိုး။ ။

ဘုရားအလောင်းတော်သည် အတိတ်ကပြုလုပ်ခဲ့သော ဒါနအစွမ်းကြောင့် မင်းမျိုး၌ဖြစ်ပြီး မင်းစည်းစိမ်ကိုကား ရရှိခဲ့ပါ၏။ သို့သော် အတိတ်ဘ၀က ပြုလုပ်ခဲ့သော အကုသိုလ်ဝဋ်ကြွေးကြောင့် ရုပ်အဆင်းမလှ ဖြစ်ခဲ့ရ၏။ ဥပဓိသမ္ပတ္တိ ချွတ်ယွင်းကာ အရုပ်ဆိုးအကျည်းတန်ခဲ့ရ၏။ ထိုကဲ့သို့ ဥပဓိ ၀ိပတ္တိ ဖြစ်နေသောအခါ အကုသိုလ်ကံတို့က စွမ်းနိုင်သမျှ အကျိုးပေးကြ၏။ အလောင်းတော် ကုသမင်းမှာ ပဘာသတီမင်းသမီးကို ချစ်ခင်စုံမက် နှစ်သက်လွန်း၍ ပိုးပန်းကာ အိုးတော် လုပ်ရ၊ ဖျာတော် ယက်ရ၊ ပွဲတော် ချက်ရနှင့် သွက်သွက်လည်အောင် ဒုက္ခ ခံလိုက်ရပါသေးသည်။ ထိုကဲ့သို့ အလောင်းတော် ကုသမင်းကို ပဘာဝတီမင်းသမီးက တော်တော်နှင့် မကြည်ဖြူနိုင်ခြင်းမှာလည်း ဤ ဥပဓိ ၀ိပတ္တိ ရုပ်အဆင်းမလှပမှု

ကြောင့်ပင်ဖြစ်၍ ထင်ရှားသော သက်သေသာဓကပင် ဖြစ်ပါ၏။ သမီး ခင်ပွန်း (၂)ယောက် ရုပ်အဆင်းခြင်း ရှေ့သွား နောက်လိုက် မညီလျှင် အစေခံဟုပင် အထင်ခံရတတ်သေး၏။ ရုပ်အဆင်း မလှပမှု ဟူသော ဥပဓိ ၀ိပတ္တိကား ဤမျှလောက်ပင် ဆိုးရွားလှချေသည်။

ကာလ သမ္ပတ္တိ ဖြစ်ပုံ။ ။

မင်းကောင်း ခေါင်းဆောင်ကောင်းတို့ အုပ်စိုးနေရာ အချိန်အခါကို ကာလ သမ္ပတ္တိ ဟုခေါ်၏။ တိုင်းသူ ပြည်သားတို့ကို သာယာဝပြောအောင်၊ ပညာတတ်အောင်၊ ကျန်းမာအောင် အစရှိသည်ဖြင့် စီမံတတ်သော မင်းကောင်း ခေါင်းဆောင်ကောင်းတို့ လက်ထက်၌ ကုသိုလ်ကံများ အကျိုးပေးခွင့် သာ၏။ ထိုကုသိုလ်ကံ အကျိုးပေးခွင့် သာသဖြင့် ကောင်းသော အာရုံ၊ ကောင်းသော အကျိုးတို့ကို တွေ့ကြုံ ခံစားရ၏။ ပူပန် သောကကင်း၍ ဆွေမျိုးဉာတိ ရပ်ရှိ ရွာကုန် အလုံးစုံတို့ပင် အကုန်ချမ်းသာရ၏။ ထိုကဲ့သို့ ကာလ သမ္ပတ္တိ ကြုံကြိုက်နေသောအခါ ပြတ်လပ်ငတ်နေအောင် အကျိုးပေးမည့် အကုသိုလ်ကံများ အကယ်၍ ပါရှိနေသော်မှလည်း အခွင့်မရသဖြင့် အကျိုးမပေးနိုင်ပေ။

ကာလ ၀ိပတ္တိ ဖြစ်ပုံ။ ။

မင်းဆိုး မင်းယုတ် ခေါင်းဆောင် အညံ့စားတို့ ရှေ့သွား ဦးဆောင်လပ်လျှက် စိုးအုပ်နေရာ အချိန်အခါကို ကာလ ၀ိပတ္တိ ဟုခေါ်၏။ တိုင်းပြည် ပျက်သောအခါ၊ တိုင်းပြည်ဝယ် စစ်ဖြစ်နေသော အချိန်အခါ၊ ရောဂါကပ်ဆိုးကြီးများ ကျရောက်နေသောအခါ၊ အစာရေစာ ပျက်လတ်၍ ငတ်မွတ်ခေါင်းပါးခြင်းဘေးကြီးများ ကျရောက်နေသောအခါများသည်လည်း ကာလ ၀ိပတ္တိ ပင်တည်း။ ထိုကဲ့သို့ ကာလ ၀ိပတ္တိ ခေတ်ပျက်ချိန်၌ ရှေးက ပါလာသော အကုသိုလ်ကံတို့ အကျိုးပေးခွင့် သာကြ၏။ လူအများပင် ဆင်းရဲ ပြတ်လပ် ငတ်မွတ်နေကြရ၏။ ရှေးကုသိုလ်ကံ ကြီးမားသူတို့ပင်လျှင် ထိုခေတ်ကာလတွင် ကုသိုလ်ကတိုံ့ အကျိုးပေးခွင့် မရဘဲ၊ ရှိသမျှ အကုသိုလ်တို့၏ ဒဏ်ကို စုပြုံ ခံကြရသောကြောင့် ပြေးရ လွှားရ၊ ပင်ပန်းရ၊ ပုန်းလျှိုးရ၊ စားချင်တာ မစားရ၊ ချစ်သောသူတို့နှင့် ကွဲရ၊ မချစ်သောသူနှင့် အတူနေရ၊ တစ်ချိုံ့ရောဂါလေးများရ၍ သင့်တော်သောဆေး၊ ကုသပေးမည့် ဆရာ မတွေ့သောကြောင့် သေလုနီးပါးတိုင်အောင် ဒုက္ခရောက်ရလေသည်။ ဆေးကုသ၍ ပျောက်နိုင်သောရောဂါ ဖြစ်စေကာမူ ထိုခေတ်ပျက်ချိန်တွင် အချိန်မီ ဆေးမကုသနိုင်ဘဲ၊ အချိန်မတိုင်မီ သေကြရသည်။

ကု မ္ဘဃောသကသတို့သားနှင့် ကာလ၀ိပါတ် နောက်ပိုးတက်။ ။

ကု မ္ဘဃောသကဇာတ်ကိုကြည့်လျှင် သိသာထင်ရှားလှပါ၏။

ကု မ္ဘဃောသကသည် သူဋ္ဌေးသားဖြစ်သော်လည်း မိမိပိုင်ပစ္စည်းများကို ထုတ်မသုံးစွဲဝံ့ဘဲ၊ ဆင်းရသားအသွင်ဖြင် အတော်ကြာအောင် နေထိုင်ရ၏။ တစ်မြီု့လုံး၊ သူ၏မိသားစုအားလုံး ရောဂါကပ်ဆိုးဘေးကြီးကြောင့် သေဆုံးချိန်တွင် သူ့ကိုမှတ်မိသိရှိသူ တစ်ယောက်မျှ မကျန်ရစ်တော့ပေ။ သူတောင်မှ ချက်ခြင်း ထွက်ပြေးနိုင်၍သာ လွတ်မြောက်လာရခြင်း ဖြစ်ပါ၏။ သူ၏မိဘတို့မသေခင်က မှာကြားသည့်နေရာကို သွားရောက်ကြည့်ရှုသောအခါ မိမိတစ်သက်တာ အလုပ်မလုပ်ဘဲ၊ ထိုင်စားလောက်အောင်ပင် ပစ္စည်းဥစ္စာများ ကျန်ရစ်ခဲ့ကြောင်း တွေ့လာရသည်။ သို့သော် ချက်ချင်းထုတ်ယူ သုံးဆောင်လျှင် ဆင်းရဲသား ပစ္စည်းဥစ္စာများ ရှာတွေ့သည်ဟုဆိုကာ ၀ိုင်းလုခြင်းကိုသော်လည်းကောင်း၊ မင်းပြစ်မင်းဒဏ်သင့်ခြင်းကိုလည်းကောင်း ခံရနိုင်သည်။ ဤသို့တွေးကာ ဆင်းရဲသားအသွင်ဖြင့်ပင် သည်းခံကာနေထိုင်ခဲ့ရ၏။ ဗိမ္ဗိသာရမင်းကြီး၏ မိဖုရားတစ်ယောက်က သူအော်သော အသံကိုကြားပြီး၊ “ဤသူသည် ဆင်းရဲသား မဖြစ်နိုင်၊ သူဋ္ဌေးပင်ဖြစ်လျက် အဘယ့်ကြောင့် ဆင်းရဲသားအသွင်ဆောင်နေသနည်း။” ဟု စုံစမ်းဖော်ထုတ်ရာမှ အဖြစ်မှန်ပေါ်လာကာ ကု မ္ဘဃောသကလည်း သူဋ္ဌေးအဖြစ် နေထိုင်ခွင့် ရတော့သည်။ ဤသည်တို့မှာ ကာလ၀ိပတ္တိကြောင့် ကုသိုလ်ကံများ အထိုက်အလျောက် ပါရှိကြသော်လည်း အကျိုးပေးခွင့် မသာဘဲ၊ အကုသိုလ်ကံများကသာ အကျိုးပေးခွင့်သာ၍ ဆင်းရဲဒုက္ခဒဏ်ကို လည်စီးခံကြရခြင်းပင် ဖြစ်ပါသည်။

ပယောဂ သမ္ပတ္တိ ဖြစ်ပုံ။ ။

သတိ၊ ၀ီရိယ၊ ဉာဏ်ကို ပယောဂ ဟုခေါ်၏။

ဉာဏ်ဆိုသော်လည်း အပြစ်ကင်းသော ကသိုလ် အရာ၌ပါသော ပညာချည်းသာမက ၊ အကုသိုလ် ဆိုင်ရာတွင် ပါသော ၀ဉ္စနာ ပညာနှင့် အကြံကောင်း ၀ိတက်များကိုလည်း ဉာဏ်ဟုပင် ဆိုလိုသည်။ ထို့ကြောင့် အရာရာတို့၌ သတိရှိခြင်း၊ လုံ့လ ၀ီရိယ ကောင်း၍ သွက်သွက်လတ်လတ် ထထကြွကြွ ရှိခြင်၊ လိမ္မာခြင်း၊ ပါးနပ်ခြင်း၊ သိတတ်ခြင်း၊ မမေ့လျော့ခြင်းများသည် ပယောဂ သမ္ပတ္တိ ချည်းပင်တည်း။ နတ်ပြည် ဗြဟ္မာပြည်တို့၌ ပယောဂ သမ္ပတ္တိမှာ မထင်ရှားသော်လည်း ဤလူ့ပြည်တွင်မူ ပယောဂ သမ္ပတ္တိ အကျိုးမှာ အလွန် ထင်ရှားလှ၏။

ယခုကာလ လူတို့၌ အကျိုးမပေးရလျှင် မနေနိုင်လောက်အောင် ကြီးကျယ်သော အကုသိုလ်ကံပါသူ နည်းပါးလှ၏။ အတော်အတန် ထက်သန်သော ကံများကား ပယောဂ သမ္ပတ္တိ မရှိသော်လည်း လိုက်၍ အကျိုးပေး၏။ ပယောဂ သမ္ပတ္တိ ရှိနေပြန်လျှင်လည်း ထို ပယောဂ သမ္ပတ္တိ၏ အစွမ်း သတ္တိ ထက်၊ မထက်ကို လိုက်၍ အကျိုးပေး ကွာခြားကြရသည်သာတည်း။

အချုပ်ကား ယခုလူတို့ ကောင်းကျိုးရဖို့ အရေး၌ ရှေးကံ တစ်ခုတည်းကိုသာ အားကိုး၍ မနေသင့်။ ယခု ဘ၀၌ ပြုအပ်သော ပယောဂကိုလည်း အားကိုးရမည်။ ပယောဂ သမ္ပတ္တိ သည် ရှေးက ကုသိုလ်ကံကို အကျိုးပေးခွင့် သာအောင် ရေလာမြောင်းပေး ပြုလုပ်ခြင်းနှင့် တူ၏။ ထို့ကြောင့် (ရုတ်တရက် ထီပေါက်ခြင်း၊ ရွှေအိုးတွေ့ခြင်းမျိုးမှ တပါး) ကူးသန်းရောင်းဝယ်ခြင်း စသည်တို့ကြောင့် ကောင်းကျိုးခံစားရရာ၌ တစ်ကျပ်သားလျှင် ရှေးကံ၏ သတ္တိမှာ တစ်မတ်သားလောက်(၂၅% ရာခိုင်နှုန်း) သာ ပါဝင်၍ ယခုဘ၀ ပြုလုပ်အပ်သော သတိ၊ ၀ီရိယ၊ ဉာဏ် ဟူသော ပယောဂ သမ္ပတ္တိက သုံးမတ်သားလောက် (၇၅% ရာခိုင်နှုန်း) ပါရှိနိုင်ကြောင်းကို ကောင်းကေင်းကြီး နားလည်ကြရန်လိုပါသည်။

ပယောဂ သမ္ပတ္တိ ဖြင့် အကုသိုလ်ကံများကို တားဆီးထားပုံ။ ။

အကုသိုလ်ကံများကို အလွန်ကြီးသောကံနှင့် မကြီးသောကံ ဟူ၍ (၂)မျိုး ခွဲခြားနိုင်ပါ၏။ အကျိုးမပေးရလျှင် မနေနိုင်လောက်အောင် အစွမ်း သတ္တိ ကြီးမားသောကံများကိုကား ပယောဂ သမ္ပတ္တိ ဖြင့် တားဆီးပါသော်လည်း လွတ်ခွင့် ရမည်မဟုတ်ပေ။ သို့သော် သက်သာအောင်ကား တတ်နိုင်ပါ၏။

အဇာတသတ်မင်း၏ ပယောဂ လုံ့လ၀ီရိယအကျိုး။ ။

အဇာတသတ်မင်းသည် ခမည်းတော်ဗိမ္ဗိသရမင်းကြီးကို သတ်ခြင်းဟူသော ပါဏာတိပါတကံ (ပဉ္စာနန္တရိယကံ: ၁။အဖေသတ်ခြင်း။ ၂။အမေသတ်ခြင်း။ ၃။ရဟန္တာကို သတ်ခြင်း။ ၄။ ဘုရားရှင်ကို သွေးထွက်သံယိုဖြစ်အောင် ပြုလုပ်ခြင်း။ ၅။ သံဃာတော်များ အချင်းချင်း ကွဲပြားအောင် ဂုံးတိုက်ခြင်း။) အလွန်ကြီးမားသည့် ကံကိုပြုမိ၏။ ထိုကံကြောင့် မုချ အ၀ီစိ ငရဲသို့ ကျရတော့မည်သာ။ ပယေဂ သမ္ပတ္တိ ကောင်းကောင်းဖြင့် ပြုပြင် တားဆီးသော်လည်း လုံးဝ လွတ်လပ်ခွင့် မရနိုင်ပေ။ သို့သော် ခမည်းတော် မရှိသောအခါကျမှ နောင်တရ၍ ဘုရားရှင်ကို အလွန် ယုံကြည် ကိုးကွယ်ဆည်းကပ်ကာ ၀န်ချတောင်းပန် ကန်တော့ခြင်း၊ ပထမသံဂါယနာတင်သောအခါ ကမကထပြု၍ လိုအပ်တာမှန်သမျှ လှူဒါန်းသာသနာပြုခြင်း စသော ပယောဂ သမ္ပတ္တိ ကြောင့် အ၀ီစိ ငရဲ၌ မကျရတော့ဘဲ၊ အ၀ီစိ ငရဲ၏ အခြံအရံဖြစ်သော ဥဿဒ ငရဲ၌ ကျရသဖြင့် သက်သာခွင့် ရလေသည်။ ဤသာဓကဖြင့် အလွန်ကြီးမားသော အကုသိုလ်ကံ (ပဉ္စာနန္တရိယကံ) များကိုပင် ပယောဂ သမ္ပတ္တိက သက်သာအောင် တတ်နိုင်ကြောင်း မှတ်ယူနိုင်ပါ၏။ သေးငယ်သော အကုသိုလ်ကံများမှာမူ ဆိုဖွယ်ရာ မရှိ၊ ပယောဂ သမ္ပတ္တိကောင်းကောင်းနှင့် ကုစားလျှင် လွတ်မြောက်နိုင်သည်သာတည်း။

ထိုပဉ္စာနန္တရိယကံ လောက် မကြီးမားသော အကုသိုလ်ကံများကိုကား ပယောဂသမ္ပတ္တိအစွမ်းဖြင့် လုံးဝ အကျိုးမပေးအောင် တားဆီးနိုင်လေသည်။ မိဘကို ဆဲရေးခြင်း၊ ဆရာကို အပြစ်ပြောခြင်း၊ သက်ကြီး ၀ါကြီး ဂုဏ်ကြီးသူများကို ကဲ့ရဲ့ခြင်း၊ ပြစ်မှားခြင်းတို့သည်လည်း အတော်အတန် ကြီးမားသော အကုသိုလ်ကံများပင် ဖြစ်ပါ၏။ သို့သော် အပြစ်ကို ကြောက်ပြီး နောင်တရ၍ ပြစ်မှားခံရသူရှိသေးလျှင် ထိုသူ့အထံသို့ သွား၍ဖြစ်စေ၊ ထိုသူ မရှိတော့လျှင် ထိုသူ၏ သင်္ချိုင်းသို့ သွား၍ဖြစ်စေ၊ ထိုကဲ့သို့ မသွားနိုင်လျှင် မာန်မာနကို လျှော့ချ၍ တကယ့် စေတနာဖြင့် အဝေးမှ ဖြစ်စေ တောင်းပန် ကန်တော့ ၀န်ချရမည်။ ထိုတောင်းပန် ကန်တော့ ၀န်ချမှု ပယောဂ သမ္ပတ္တိ ကြောင့် ထိုအကုသိုလ်ကံ အပြစ်များ အကျိုးမပေးနိုင်တော့ချေ။

ထို့အတူပင် အခြားသော အကုသိုလ်ကံလေးများစွာလည်း ကုသိုလ်ကံ အားကြီးလျှင် ပပျောက်ကြရသည်။ “ကုသလံ အကုသလ ၀ိဒ္ဓံသနရသာ” ကုသိုလ်ကံက အကုသိုလ်ကံ၏ အကျိုးပေးခြင်းကို တားဆီးနိုင်စွမ်း၊ ပယ်ဖျောက်နိုင်စွမ်း ရှိကြောင်း ဘုရားရှင်ကိုယ်တော်တိုင် အတိအလင်း ဟောတော်မူခဲ့ပါသည်။ တဖန် ဘုရားပညတ်တော်ကို ကျူးလွန်၍ အာပတ်သင့်သော ရဟန်းမှာလည်း ဘုရားရှင်၏ အမိန့်တော်အတိုင်း ကုစားလျှင် အချို့အာပတ်၏ မကောင်းကျိုးများ ပြေပျောက်နိုင်၏။

ဘာသာအယူ မတူကြသော နိုင်ငံခြားသား တို့၏ သန္တာန်၌လည်း ရှေးရှေးက ပြုခဲ့ကြသော ကုသိုလ်ကံများ ဧကန်ပါရှိကြ၏။ သူတို့၏ သတိ၊ ၀ီရိယ၊ ဉာဏ် ထက်သန်ပုံမှာလည်း ချီးမွမ်းစရာပင်တည်း။ မြန်မာနိုင်ငံသို့ လာ၍ စီးပွါးရှာကြသော နိုင်ငံခြားသားတို့သည်လည်း အလွန်သတိကောင်းကြ၏။ လုံ့လ ၀ီရိယမှာ ပြောစရာ မရှိ။ လိမ္မာ ပါးနပ်မှုကား မတုနိုင်အောင်ပင်။ စီးပွါးရှာ၍ ကောင်းမည့်အရပ် (ပဋိရူပ ဒေသကို) ရွေးချယ် တတ်ခြင်းမှာလည်း ထိုသူတို့၏ ဉာဏ်ပညာပင်တည်း။ ထိုမျှလောက် ပယောဂ သမ္ပတ္တိ ရှိနေရကား သူတို့၏ သန္တာန်၌ ရှေးရှေးဘ၀က ပါလာသော ကုသိုလ်ကံတို့သည် အကျိုးပေးဖို့ ဧကန် အခွင့်သာသောကြောင့် ကောင်းကျိုး ချမ်းသာနှင့် ပြည့်စုံကြခြင်းဖြစ်သည်။ ထို့အတူပင် ဗုဒ္ဓဘာသာဝင်တို့တွင်လည်း သတိ၊ ၀ီရိယ၊ အသိအလိမ္မာ၊ ဉာဏ်ပညာ၊ အမြော်အမြင်ဟူသော ပယောဂ သမ္ပတ္တိ ရှိသူတို့မှာ ကြီးပွါးချမ်းသာကြသည်သာတည်း။

ပယောဂ သမ္ပတ္တိ ကြောင့် ကျန်းမာပုံ။ ။

ယခု လူတိုင်း၌ ကျန်းမာစေရန် အတွက် ကုသိုလ်ကံနှင့် မကျန်းမာစေရန် အတွက် အကုသိုလ်ကံများ ထိုက်တန်သလောက် ပါရှိပြီး ဖြစ်ကြ၏။ အသွားအလာ၊ အနေအထိုင်၊ အစားအသောက် မှစ၍ အရာရာဝယ် မသင့်တော်သည်ကို သတိထား၍ ရှောင်ရှားခြင်း၊ မှန်မှန်အိပ်၊ မှန်မှန်စား၊ မှန်မှန်ရေချိုး၊ မှန်မှန်လမ်းလျှောက် စသည်ဖြင့် အချိန်မှန်မှန် ပြုလုပ်ရန် မပြင်းမရိ လုံ့လရှိခြင်း၊ ဘယ်ဥတုမှာ ဘယ်အစာ စားသင့်၏။ ဘယ်အချိန် ရေချိုးသင့်၏။ ဘယ်ဆေးကို စားသင့်၏။ မတည့်တာကို ဘယ်လို ရှောင်သင့်၏။ တစ်နေ့ကို အနည်းဆုံး (၆)နာရီ အိပ်သင့်၏။ ကျန်းမာစေကြောင်း နည်းလမ်းကောင်းကို မည်သို့ လေ့လာသင့်၏။ ဤသို့ စသည်ဖြင့် တတ်သိနားလည်မှုသည် ကျန်းမာစေရန် မှန်ကန်သော ပယောဂ သမ္ပတ္တိ များတည်း။ ဤပယောဂ သမ္ပတ္တိ ရှိသူတို့၌ ကျန်းမာစေရန် အတွက် ရှေးဘ၀က ပါလာသော ကုသိုလ်ကံတို့ အကျိုးပေးခွင့် သာလေသည်။

ဤသို့ စသည်ဖြင့် ပယောဂ သမ္ပတ္တိသည် ကုသိုလ်ကံ အကျိုးပေးနိုင်ရန် အချုပ်အချာ ဖြစ်ပေရကား ပယောဂ သမ္ပတ္တိ ရှိသူသည် ပညာတတ်လည်း ဖြစ်နိုင်၏။ အနာရောဂါလည်း ကင်းနိုင်၏။ အိမ်ထောင်ဖက် ကောင်းလည်း ရနိုင်၏။ အလုပ်ကောင်းလည်း တွေ့နိုင်၏။ ရာထူးကောင်းလည်း ရနိုင်၏။ မိတ်ဆွေကောင်းလည်း ရနိုင်၏။ ဆရာကောင်းလည်း တွေ့နိုင်၏။ ပညာ ဥစ္စာ ရာထူး ဂုဏ်သိန် စည်းစိမ်များလည်း တိုးတက်နိုင်၏။ နောက်နောင် ဘ၀တို့၌ နိဗ္ဗာန် ရသည့်တိုင်အောင် ဉာဏ်အဆင့်တန်း မြင့်စေရန် ယခုဘ၀ကပင် အခြေခံ ပါရမီကောင်းများလည်း ရနိုင်၏။ ထိုပယောဂ သမ္ပတ္တိတွင် အရာရာ၌ တတ်သိ နားလည်သော ဉာဏ်သည် ပထမ အရေးကြီး၏။ ထို့နောက် အရာရာ၌ သတိရှိမှုသည် အရေးကြီး၏။ ထို့နောက် ပေါ်ပေါက်လာသော ကိစ္စ၌ မပျင်းမရိ လုံ့လရှိရန် အရေးကြီး၏။

ပယောဂ ၀ိပတ္တိ။ ။

ဉာဏ်ပညာကင်း၍ ဖျင်းအ ထိုင်းမှိုင်းမှု၊ သတိကင်းပေါ့ မေ့လျှော့မှု၊ ၀ီရိယကင်း၍ ပျင်းရိမှုများသည် ပယောဂ ၀ိပတ္တိ ချည်းတည်း။ ထို့ပြင် တစ်ယောက်အပေါ် တစ်ယောက် ဣဿာ မစ္ဆရိယ အားကြီးမှု၊ အရာရာ၌ စိတ်တို ဒေါသကြီးမှု၊ မာန်မာနကြီးမှု များသည်လည်း ကြီးပွါးရေး စီးပွါးရေးကို နှောင့်ယှက်တတ်သဖြင့် ပယောဂ ၀ိပတ္တိ များပင်ဖြစ်သည်။ ယခုဘ၀၌ အကျိုးပေးခွင့် မရလျှင် မနေနိုင်လောက်အောင် ကြီးမားသော အကုသိုလ်ကံများသည် အကျိုးပေးခဲ့ပြီး ဖြစ်သည်။ ထိုအကုသိုလ်ကံကြီးများ လူတိုင်းမှာ ရှိတော့မည် မဟုတ်ပေ။ သို့သော် ပယောဂ ၀ိပတ္တိ ဖြစ်နေလျှင် မကောင်းကျိုးပေးမည့် အကုသိုလ်ကံလေးများကား ကိုယ်စီကိုယ်င ပါရှိကြသည်သာ။

ဥပမာ။ ။အမျိုးကောင်း သားသမီးများပီပီ ပညာတတ်အောင် သင်ခြင်း၊ ဥစ္စာကို တရားနည်းလမ်းအတိုင်း ရအောင် ရှာဖွေခြင်း၊ ကံ(၅)ပါးကို မကျူးလွန်ခြင်း၊ စသည်ဖြင့် အပြစ်ကင်းအောင် နေသူတို့၌ ယခင်ရှေးက အကုသိုလ်ကံများ ပါရှိသော်လည်း ထိုအကုသိုလ်ကံတို့ အကျိုးပေးခွင့် မရတော့ချေ။ ငယ်ရွယ်စဉ်က ပညာကိုလည်း မသင်၊ ဥစ္စာ ရှာဖွေချိန်၌လည်း မတရားသော နည်းလမ်းဖြင့်သာ ရှာဖွေ၏။ (သို့မဟုတ်) လုံးလုံး မရှာဖွေဘဲ နေ၏။ ကံ(၅)ပါးကိုလည်း မလုံ၊ အခါအခွင့် သင့်သလို ကျူးလွန်၏။ ထိုသို့သောသူ၌ ပယောဂ ၀ိပတ္တိ ဆိုက်ရောက်နေရကား တစ်နေ့နေ့မှာ အကုသိုလ်ကံများ ဧကန်မုချ အကျိုးပေးခွင်း ရကြပေတော့မည်။

အချို့လူတို့မှာ မာန်မာနအလွန်ကြီးကြ၏။ ပညာရေးအတွက်ဖြစ်စေ၊ စီးပွါးရေးအတွက်ဖြစ်စေ၊ အောက်မကျို့ချင် မာန်မာနမချချင်ကြပေ။ “မစားရလို့ လျှာမှာ မြက်ပေါက်ချင် ပေါက်ပါစေ၊ ဘယ်သူ့ကိုမှ အောက်မကျို့ဘူး။” လက်မထောင်ကာ သူပြောနေတာ တကယ်ဘဲမှန် နေသယောင် ပြောဆိုနေကြ၏။ “ငါ့က မဟုတ်လျှင် မခံဘူးကွ” ဟု ဒေါသကြီးကြောင်းကို ကြွားဝါနေကြ၏။ “ဟုတ်လျှင်ရော ခံမည်လား”ဟု မေးလျှင် မည်သို့ဖြေမည်မသိ။ သေချာသည်ကား ဟုတ်လျှင်လည်း ခံမည်မဟုတ်ပေ။ ထိုသို့သောသူများ၌လည်း ပယောဂ ၀ိပတ္တိ ဆိုက်ရောက်နေရကား တစ်နေ့နေ့မှာ အကုသိုလ်ကံများ ဧကန်မုချ အကျိုးပေးခွင်း ရကြပေတော့မညသာ်။

အချုပ်ကား အလွန်ကြီးကျယ်သော ကုသိုလ်ကံ၊ အကုသိုလ်ကံများမှ တစ်ပါး များစွာသော ကုသိုလ်ကံ၊ အကုသိုလ်ကံ တို့၏ အကျိုးပေးခွင့် ရမှု၊ မရမှုမှာ ပယောဂ အပေါ်၌ အခြေစိုက်လျှက် ရှိရကား ပယောဂ သမ္ပတ္တိ အမြဲရှိသူများ၌ (ကံ ဇာတာ နိမ့်နေခိုက်၌် “ထန်းသီးကြွေခိုက် ကျီးနင်းခိုက်” ဆိုသလို ကံကြမ္မာမျိုး ဖြစ်နေစေကာမူ) အကုသိုလ်ကံ အခွင့် မရ၍ ကုသိုလ်ကံတို့ကသာ အကျိုးပေးခွင့် ရကြလေသည်။ ပယောဂ ၀ိပတ္တိ အမြဲရှိနေသူ၌ကား (ကံ ဇာတာ မြင့်နေတုန်း၌ “ခွေးရူး ကောင်းစား တစ်မွန်းတည့်” ဆိုသလို ကောင်းစားနေစေကာမူ) တစ်နေ့နေ့မှာ အကုသိုလ်ကံ အကျိုးပေးခွင့် သာ၍ နိမ့်ကျသော ဘ၀သို့ ဧကန်မုချ ရောက်ရမည်သာတည်း။ ဤအရာဝယ် ပယောဂ ၀ိပတ္တိ ဖြစ်သည့် အတွက် အကုသိုလ်ကံ အကျိုးပေးခွင့်ရ၍ ပျက်စီးသူတွေကို မိမိတို့ ရပ်ရွာ ပတ်ဝန်းကျင် အနီးအပါးမှာပင် ပုံပြင် ၀တ္ထုပမာ များစွာပင် တွေ့မြင်နိုင်ကြပါသည်။

ပြုပြင်၍ ရ၊ မရ။ ။

ဝိပတ္တိ (၄)ပါး တို့တွင် တစ်မျိုးမျိုး ဆိုက်ရောက် နေသူတို့မှာ ပြုပြင်၍ ရနိုင်သော အချက်လည်းရှိ၏။ မရနိုင်သော အချက်လည်းရှိ၏။ ရရှိပြီးသော ဂတိ ဘ၀ ကိုကား ပြုပြင်၍ မရနိုင်ပေ။ သို့သော် မိမိဖွါးမြင်ရာ ဒေသက အောက်ကျ နောက်ကျဖြစ်၍ ညံ့ဖျင်းလှသောကြောင့် ကျန်းမာရေး၊ ပညာရေး၊ စီးပွါးရေး မကောင်းလျှင် ပဋိရူပ ခေါ်သော နေရာဒေသ ကောင်းသို့ ရွှေ့ပြောင်းသောအားဖြင့် ပြုပြင်နိုင်သေး၏။ နိုင်ငံခြားသားတို့ မြန်မာနိုင်ငံသို့ လာ၍ စီးပွါးရှာပုံ၊ အထက်မြန်မာပြည် အညာသားများ အောက်ပြည် အောက်ရွာသို့ လာ၍ စီးပွါးရှာပုံ၊ ပညာကောင်းသော ကျောင်းသို့ ပြောင်း၍ ပညာသင်ပုံမျိုးတည်း။

ယခုအခါ မြန်မာနိုင်ငံသည် ကာလ၀ိပတ္တိ ခေတ်ပျက်နေသည့် အခါဟုဆိုနိုင်ပါ၏။ နိုင်ငံရပ်ခြားသို့ နည်းအမျိုးမျိုးဖြင့် ရောက်ရှိနေသူ အားလုံးတို့သည် ကာလ၀ိပတ္တိ ဆိုက်နေသော မြန်မာနိုင်ငံ၌ မွေးဖွါးခဲ့ကြ၍ ဂတိဝိပတ္တိလည်း ဆိုက်ရောက်နေကြ၏။ သို့သော် ထိုသို့မိမိတို့မှာ ဆိုက်ရောက်နေသော ဂတိဝိပတ္တိကို ကြိုးစားအားထုတ်ခြင်းဟူသော ပယောဂသမ္ပတ္တိဖြင့် မြန်မာနိုင်ငံမှ ထွက်ကာ နိုင်ငံရပ်ခြား၌ နေထိုင်ခြင်း၊ ပညာသင်ခြင်း၊ စီးပွါးရှာခြင်းဟူသည့် ဂတိသမ္ပတ္တိ ဖြစ်အောင် ပြုပြင်ပြောင်းလဲနိုင်ကြသည်သာတည်း။

ထိုသို့ ပြောင်းရွှေ့ကြရာ၌ မိမိမှာ လူစွမ်းလူစ အရည်အချင်းရှိမှသာ သင့်လျှော်၏။ အရည်အချင်း ရှိသူများအတွက် “တစ်ရွာ မပြောင်း၊ သူကောင်း မဖြစ်” ဟု ဆိုကြသည်။ အရည်အချင်း မရှိသူတို့အတွက်ကား “တစ်ရွာ ပြောင်းကာမှ သူကောင်း ကျွန်စော်နံသည်” ဟု လည်းကောင်း၊ “ထိုင်နေလျှင် အကောင်းသား ထ,သွားမှ ကျိုးမှန်းသိ” ဟု လည်းကောင်း၊ “သေချင်သည့်ကျား တောပြောင်းသည်”ဟုလည်းကောင်း ဆိုကြသည်။

ရုပ်အဆင်း ဥပဓိ လည်း များများကြီး ပြုပြင်၍ မရတော့ပြီ။ သို့သော် “လူမှာ အ၀တ်၊ တောင်းမှာ အကွပ်” ဟု ပြောစမှတ် ပြုသည့်အတိုင်း ၀တ်စားဆင်ယင် ပြုပြင်တတ်လျှင်ကား နဂို ဥပဓိရုပ် ညံ့သော်လည်း ကြည့်သာပါသေး၏။ တောသူ တောသားနှင့် မြို့သူ မြို့သား ကွာခြားပုံကို သတိပြုပါ။ ထို့ပြင် ဖွါးမြင်ခါစ လသားအရွယ် ကလေးသူငယ်များ၏ လက်ခြေ အင်္ဂါတို့ အချိုးကျအောင် ဥပဓိကို ပြင်နိုင်ပါသေး၏။ ယခုကာလ၌ ငယ်စဉ်ကာလက မိခင်တို့ ပြုပြင်၍ မပေးကြသောကြောင့် တစ်ဖက်သတ် အိပ်လေ့ရှိသော ကလေးတို့၌ ဦးခေါင်း မတည့်ဘဲ စောင်းရွဲ့နေတတ်၏။ အချို့ကလေးများမှာ အထက်ပိုင်းလေး၍ ခြေသလုံး၊ ပေါင်ရိုးတို့ မတောင့်တင်းသေးမီ “ရပ်နိုင်ပေ့ ရပ်နိုင်ပေ့” ဟု ရပ်နည်းသင်ပေးကြသဖြင့် ကလေးများ ခြေခွင်နေတတ်ကြသည်။ နုနယ်သော လက်ခြေ အင်္ဂါ နှာခေါင်းများကို နဂိုက မလှသော်လည်း ပြုပြင်ပေးလျှင် အထိုက်အလျှောက် ဖြောင့်စင်း လှပနိုင်လျှက် ပြုပြင်၍မပေးကြ။ သင့်မြတ်သော အစာ နို့ရည်များကို တိုက်ကျွေးဖို့ရန် နားမလည်၍ ရောဂါထူပြောလျှက် ကလေးငယ်များ ရုပ်အဆင်း ပျက်ကြရ၏။ ဤအချက်များသည် မိဘဆွေမျိုးတို့၏ ပယောဂ သမ္ပတ္တိ မရှိမှုကြောင့် ကလေး၌ အကုသိုလ်က အကျိုးပေးခွင့် သာခြင်းဖြစ်ရကား ထိုကဲ့သို့ မဖြစ်ရအောင် မိဘဖြစ်သူများက (နားလည်မှု ဉာဏ်၊ မပျင်းရိမှု ၀ီရိယ၊ မမေ့လျော့မှု သတိဟူသော) ပယောဂ သမ္ပတ္တိ ဖြင့် ပြုပြင်၍ ပေးထိုက်လှပေသည်။

ထို့ပြင် ယခုခေတ်အခါ၌ ဆေးပညာ တိုးတက်လာ၍ အစားထိုး ခွဲစိပ် ပြုပြင်မှုများ ရှိလာပြီဖြစ်ရကား မိမိ၏ ဥပဓိ ရုပ်၌ မလှသော နေရာကို ခွဲစိပ် အစားထိုး ပြုပြင်ခြင်းဖြင့် ဥပဓိ သမ္ပတ္တိ ဖြစ်အောင် ပြုလုပ်နိုင်ပါ၏။ သို့သော် လုံးဝ ဥဿုံ ပြုပြင်၍ကား ရနိုင်မည် မဟုတ်ပေ။

ကာလ သမ္ပတ္တိ ဖြစ်အောင်ကား ခေါင်းဆောင်၊ မင်း စသူတို့ ပြုပြင်မှ ဖြစ်နိုင်သောကြောင့် မိမိတစ်ယောက်တည်း ပြုပြင်၍ မရနိုင်ပေ။ သို့သော် အင်မတန် ဆိုးရွား၍ တစ်ကမ္ဘာလုံး၊ တစ်နိုင်ငံလုံး ပျက်ပြားနေသောအခါ မဟုတ်လျှင် မင်းကောင်း၊ ခေါင်းဆောင်ကောင်းတို့ ရှိရာအရပ်သို့ ရွှေ့ပြောင်းခြင်းဖြင့် ကာလသမ္ပတ္တိဖြစ်အောင် အထိုက်အလျောက် ပြောင်းလဲနိုင်ပါ၏။ ရပ်ရွာ လူကြီး၊ ဆရာသမား၊ ဘုန်းတော်ကြီးတို့ကလည်း မိမိတို့ ရပ်ရွာ နယ်ပယ်၌ အထိုက်အလျှောက် ကာလ သမ္ပတ္တိ ဖြစ်အောင် ပြုပြင်နိုင်ကြပါသည်။

ယခုအခါ မြန်မာနိုင်ငံသား အများအပြားပင် နိုင်ငံခြား တိုင်းပြည်များသို့ ပြောင်းရွှေ့နေထိုင်ခြင်း၊ အလုပ်လုပ်ခြင်း၊ ပညာသင်ခြင်းများ၊ စီးပွါးရှာခြင်းများ ပြုလုပ်နေကြ၏။ ဤသည်မှာလည်း ကာလ ၀ိပတ္တိ ဖြစ်၍ ခေတ်မကောင်း၊ စီးပွါးမကောင်း၊ ပညာရေးမကောင်း ဖြစ်နေသော အမိနိုင်ငံမှ ကာလ သမ္ပတ္တိ ဖြစ်၍ အစစ အရာရာ သာလွန် ကောင်းမွန်နေသော နိုင်ငံများသို့ ပြောင်းရွှေ့ခြင်းဖြစ်၍ ကာလ ၀ိပတ္တိ ဆိုက်နေရာမှ ကာလ သမ္ပတ္တိ ဖြစ်အောင် ပြောင်းလဲ ပြုပြင်ယူခြင်းပင် ဖြစ်ပါသည်။ ဤသာဓကများအရ ဂတိ၊ ဥပဓိ၊ ကာလ တို့ကို အကုန် မပြုပြင်နိုင်သော်လည်း တတ်သိနားလည်လျှင် အထိုက်အလျှောက် ပြုပြင်နိုင်သည် ဟု မှတ်ယူရပါမည်။

ပယောဂ ကိုကား ပြုပြင်ရန် လွယ်ကူ၏။ သတိ မေ့တတ်လျှင် ကြိုးစား၍ သတိထားက သတိကောင်းသူ ဖြစ်နိုင်ပါသည်။ နဂိုက ၀ီရိယ ညံ့ဖျင်းသူ ဖြစ်လျှင် “ငါ မပျင်းဘူး” ဟု မိမိကိုယ်ကို ပြုပြင်က ၀ီရိယကောင်းသူ ဖြစ်နိုင်ပါသည်။ ဒေါသကြီးသူဖြစ်လျှင် ဒေါသမကြီးအောင် စိတ်ပါလက်ပါ စောင့်စည်းသွားပါက အလွန်အေးမြသူ ဖြစ်နိုင်ပါ၏။ မာနကြီးလျှင်လည်း မာနကို ပြုပြင်နိုင်ပါ၏။ အသိ အလိမ္မာ ဉာဏ် ပညာ မရှိလျှင် တတ်သိနားလည်သူတို့၏ စကားကို နားထောင်၍ ဖြစ်စေ၊ စာဖတ်ခြင်း ဗဟုသုတ လေ့လာဆည်းပူးခြင်းအားဖြင်း ဖြစ်စေ ပြုပြင်က အသိ အလိမ္မာ ဉာဏ်ပညာများ တိုးပွါးလာနိုင်ပါ၏။ (စာကျက်၍ မရသဖြင့် သတိ မကောင်းသူ ဉာဏ် မကောင်းသူ ဟု ဆိုကြသော်လည်း) အလိမ္မာနည်းမှာ အရမကျက်ဘဲလည်း ဖြစ်နိုင်ပါသည်။ ဤအလိမ္မာကို ပြုပြင်လေ့ ရှိသူသည် ယခုဘ၀သာ လိမ္မာမည် မဟုတ်၊ နောင် သံသရာတွင်လည်း အလိမ္မာဓါတ် လိုက်ပါလျှက် တစ်သံသရာလုံး အလိမ္မာဆုံး ဖြစ်နိုင်ပေသည်။

မကောင်လည်း ကံ၊ ကောင်းလည်း ကံ။ ။

ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန် ဘာသာ၊ အစ္စလာမ် ဘာသာ ဟု ဘာသာကြီး(၄) မျိုးရှိ၏။ ထိုတွင် ခရစ်ယာန် ဘာသာ နှင့် အစ္စလာမ် ဘာသာ တို့သည် သတ္တ၀ါတို့၏ ကောင်းကျိုး ဆိုးကျိုးကို ထာဝရဘုရား ၊ အလ္လာအရှင်မြတ် စသူတို့က ဖန်ဆင်းပေးသည်ဟု ဖန်ဆင်းရှင်ကို စွဲလန်း ယုံကြည်ကြ၏။ ဗုဒ္ဓဘာသာ နှင့် ဟိန္ဒူဘာသာ တို့သည် “ကောင်းကျိုး ဆိုးကျိုးကို ရှေးက ပြုခဲ့သော ကံက စီမံ၏” ဟု ရှေးကံကို စွဲလန်း ယုံကြည်ကြ၏။ ဖန်ဆင်းရှင်ကို ယုံကြည်မှု၏ မှားယွင်းပုံကို စာဖတ်သူလည်း သိပြီး ဖြစ်ပါလိမ့်မည်။ ဤ၌ထိုအကြောင်းကို မဝေဖန်တော့ပြီ။

အရာရာ ကံကိုချည်း ယုံကြည်စွဲလန်း သူများသည်လည်း “ပုဗ္ဗေကတ ဟေတု ဒိဋ္ဌိ” ခေါ် မိစ္ဆာဒိဋ္ဌိ တစ်မျိုးမှ မလွတ်ကင်းဘဲ ရှိကြလေသည်။ ထို ဒိဋ္ဌိ၏ ယူမှားပုံကား “ ယခု မျက်မြင် သတ္တ၀ါ အားလုံးသည် ကောင်းကောင်း ဆိုးဆိုး အမျိုးမျိုးသော အကြောင်း အကျိုးကို ခံစားရ၏။ ထိုအကျိုးအားလုံးသည် ရှေးက ပြုခဲ့သော ကံကြောင့်ချည်းသာ ဖြစ်၏။” ဤသို့ စသည်ဖြင့် ယူလေသည်။

“မကောင်းလည်း ကံ၊ ကောင်းလည်း ကံ” ဟု ကံတစ်ခုတည်းကိုသာ စွဲလန်းယုံကြည်ကြသော ဗုဒ္ဓဘာသာဝင်တို့လည်း ထို ပုဗ္ဗေကတ ဟေတု ဒိဋ္ဌိ မှ မလွတ်သည်ကို တွေ့ရမည် ဖြစ်သည်။

“ကံကို ယုံ၍၊ ဆူးပုံ အတွင်း၊ မနင်းထိုက်စွာ၊ ကျားရဲရာလည်း၊ ကြမ္မာ အကြောင်း၊ မယိုးကောင်းဘူး။”

ဟူသော အဆုံးမနှင့်အညီ ကံရှိလျှင် ဆူးစူးမှာ မဟုတ်ဟု ယုံကြည်၍ ဆူးပုံအတွင်း သက်ဆင်းလျှင် ဆူးကား စူးမည် ဧကန်ပင်တည်း။ ကံကြမ္မာ ကောင်းလျှင် ကျားမကိုက်တန်ရာ ဟု တွေး၍ ကျားပေါသော တောသို့ ၀င်လျှင် ဧကန်မုချ ကျားကိုကခံရမည်သာတည်း။ အရာရာ ကံကိုချည်း မယုံအပ်။ လက်တွေ့ အကြောင်း အကျိုးကိုလည်း ဆင်ခြင်ယူပါလေ။ ကံ ဟူသည် “ကမ္မ” ဟူသော ပါဠိမှ ဆင်းသက်လာ၏။ ထို့ကြောင့် အလုပ် ကိုလည်း ကံ ဟုခေါ်ပြီး၊ စေတနာ ကိုလည်း ကံ ဟု ခေါ်ကြောင်း ခွဲခြားမှတ်သားသင့်ပါသည်။

ထို့ကြောင့် ပြခဲ့ပြီးသော သမ္ပတ္တိ (၄)ပါး၊ ၀ိပတ္တိ (၄)ပါး တို့ကို စဉ်စားပြီးလျှင် ငါတို့ သန္တာန်၌ အကျိုးမပေးရသေးသော ကုသိုလ်ကံ အကုသိုလ်ကံများ အစဉ်တစိုက် လိုက်ပါနေသည်ကား မှန်၏။ သို့သော် ထိုကံတို့တွင် အကုသိုလ်ကံတို့သည် ၀ိပတ္တိ အမျိုးမျိုး ဆိုက်နေရာ အခါမှသာ အကျိုးပေးခွင့် ရကြ၏။ ကုသိုလ်ကံ တို့သည်လည်း သမ္ပတ္တိ အမျိုးမျိုး ရှိမှသာ အကျိုးပေးခွင့် ရကြသည် ဟု ယုံကြည်ကြပါကုန်။

ဆက်၍ဆိုရပါလျှင်- အကုသိုလ်ကံ အကျိုးပေးဖို့ရန် ကံဇာတာ ညံ့ခိုက် ကြုံသော်လည်း သတိ၊ ၀ီရိယ၊ ဉာဏ်ဟူသော ပယောဂ သမ္ပတ္တိ ရှိသူမှာ အကုသိုလ်များ မကောင်းကျိုး မပေးနိုင်တော့ဘဲ ရှောင်လွှဲရမည်သာတည်း။ အကယ်၍ ယခုဘ၀၌ သူတော်ကောင်းတရား ပါရမီများကို ကြိုးကြိုးစားစား ထူထောင်လိုက်ပါလျှင် နောက်နောင် သံသရာဝယ် ကောင်းမြတ်သော ဂတိကို ဧကန် ရမည်သာတည်း။ ထိုသို့ ဂတိ သမ္ပတ္တိ စသည်နှင့် အဆင့်ဆင့် ကြုံနေရပါမူ ရှေးရှေးက ပြုခဲ့သော အကုသိုလ်ကံတို့သည် နိဗ္ဗာန် ရသည့်ဘ၀တိုင်အောင်ပင် အကျိုးပေးခွင့် မရနိုင်တော့ပေ။ အဟောသိကံ ဖြစ်ရတော့၏။

ထို့ကြောင့် မိမိမမြင်နိုင်သော ရှေးကံကို တွေးကြံ ကြောက်မနေဘဲ ယခုဘ၀၌လည်း လူမှုရေး၊ စီးပွါးရေး၊ ပညာရေး အဆင့်အတန်းမြင့်၍ နောင်သံသရာ၌လည်း အစစအရာရာ အဆင့်ဆင့် မြင့်မြတ်ရလေအောင် ယခု ဘ၀ လက်ငင်း ပြုပြင်၍ ရကောင်းသော ကာလသမ္ပတ္တိ၊ ဥပဓိသမ္ပတ္တိ နှင့် အထူးသဖြင့် ပယောဂ သမ္ပတ္တိ တို့ကိုသာ ထူးထူးခြားခြား ကြိုးစား၍ ပြုပြင်ယူကြပါကုန်စို့။ ။

“အကုသလ၊ ကုသလ၏၊ ကမ္မဿကာ၊ လက္ခဏာကို၊ မြဲစွာဝမ်းတွင်း နှလုံးသွင်းလော့၊ မပျင်းကုသိုလ်၊ ထိုပုဂ္ဂိုလ်ကား၊ ကိုယ့်ကိုချစ်သူ၊ မည်သောဟူ၏။ အယူမယွင်း၊ ဆောက်တည်ခြင်းဖြင့်၊ ကံရင်းမူလ၊ ၀ီရိယနှင့်၊ ဉာဏထောက်ကူ၊ ထိုသည့်သူမှာ၊ လူတွင်လူလွန်၊ လွှားတံခွန်သို့၊ လူမွန်တစ်ယောက်၊ တစ်-ခေါ်လောက်အောင်၊ ခါရောက်ချိန်ဆုံး၊ တုမဲ့နှုန်း၍၊ ရွှေဘုန်းမော်ရမည်ကိုကား။ ။”

ကုသိုလ်ကံ အကုသိုလ်ကံတို့၏ သဘေတရားကို နားလည်ပြီး၊ “မကောင်းလည်းကံ ကောင်းလည်းကံ” ဟု ကံကိုချည်းသာ အားကိုးကာ ထိုင်စောင်မနေဘဲ၊ ကိုယ့်ကိုယ်ကို တကယ်ချစ်သောသူဖြစ်အောင် ကံ၊ ဉာဏ်၊ ၀ီရိယတို့ဖြင့် ကြိုးစားလျှင် ဤဇမ္ဗူတစ်လျှားမှာ ရှာမှရှားသည့် လူချွန်လူမွန် ဧကန်ပင်ဖြစ်နိုင်ပါကြောင်း မိမိတို့မြန်မာလူမျိုးများ တိုးတတ်ပါစေရန် ဇာတိမာန်ဖြင့် နှိုးဆော်တိုက်တွန်းလိုက်ရပါသည်။ ။

အရှင်ဥက္ကံသ သာသနတက္ကသီလ မဟာဓမ္မာစရိယ M.A.(Buddhism)

ကျမ်းကိုး။။ အံ၊ ဋ္ဌ၊ ၁၁၂၊ ၁၁၃။ အဘိ၊ ၂၊ ပါ၊ ၃၅၁။ ဋ္ဌ၊ ၄၂၁။ ဓမ္မပဒ၊ ဋ္ဌ၊ ၁၄၇။

ဇာတက၊ ပါ၊ ၂၊ ၆၆။ ဋ္ဌ၊ ၅၊ ၂၉၇။ ၃၀၆။

မာန်လည်ဆရာတော်၊ မဃဒေ၀၊ ၂၁၆။

အရှင်ဇနကာဘိဝံသ၊ ကိုယ်ကျင့်အဘိဓမ္မာ၊ ၁၈၀။