နတ်ပြည်ရောက်ကြောင်းတရားများ
သုခဘုံတွေဖြစ်တဲ့
နတ်ပြည်လောကဆိုတာ ကောင်းကင်အထက်မှာ ရှိတယ်။ ဒီချမ်းသာတဲ့ ဘုံဘ၀ကို ချမ်းသာခြင်းကို
အလိုရှိတဲ့ လူသားတွေအနေနဲ့ ရောက်ချင်တဲ့သူတော့ အားလုံးပဲဖြစ်တယ်။ ဒီတော့ ဒီဘ၀ကထွက်ခွာ
နောင်ဘ၀ကိုရောက်ရှိတဲ့အခါ ချမ်းသာချင်ကြမှာပဲ။ ဒီတော့ ချမ်းသာတဲ့ဘုံဘ၀ကို ရောက်ရှိအောင်
ဘယ်လိုအရာတွေ လုပ်သင့်သလဲ၊ ပြုကျင့်ထိုက်သလဲ၊ ဘယ်လိုလုပ်ရမလဲ…လို့ တွေးမိသွားတယ်။
တွေးမိနေရင်းပါပဲ
ဓမ္မပဒပါဠိတော် တစ်ပုဒ်ကို အမှတ်ရပြီး ရွတ်ဆိုမိလိုက်ပါတယ်။ ဒါကြောင့် ဒီဘ၀တင်မက နောင်ဘ၀တိုင်းမှာပါ
ကိုယ်ချမ်းသာ စိတ်ချမ်းသာခြင်းကို အလိုရှိတဲ့ စာဖတ်သူတို့ကို သုခဘုံ-ချမ်းသာခြင်းကို
ရရှိစေမယ့် ဘုံဘ၀ကို ရောက်စေတတ်တဲ့ အကြောင်းတရားလေးတွေ ပြောပြချင်မိသွားပါတယ်။ အဂတိလေးပါးကို
မလားရောက်ချင်တဲ့သူတွေ၊ သုဂတိဘ၀တွေကို စံစားချင်တဲ့သူတွေအတွက် သိရှိထားပြီး လိုက်နာကျင့်ကြံဖို့
ကောင်းပါတယ်။
ပါဠိစာပေတွေနဲ့
တွေ့ရတာဟာ ဘုရားနဲ့တွေ့ရတာနဲ့ အတူတူပဲ၊ စာတစ်လုံး ဘုရားတစ်ဆူဆိုပြီး ပါဠိစာပေတစ်လုံး
ရွတ်ဆိုလိုက်တာဟာ ဘုရားရှင်ကို ပူဇော်တာနဲ့ အတူတူပဲ။ ဒီတော့ အကျိုး ကျေးဇူးတွေ ရရှိစေတယ်ဆိုတဲ့
ပညာရှင်တို့အဆိုအရ ဗုဒ္ဓမြတ်စွာနဲ့ တွေ့ရအောင်၊ အကျိုးကျေးဇူးတွေ ရရှိအောင် ဗုဒ္ဓမြတ်စွာရဲ့
မူရင်းစကားတော်လေးကို အရင်ဦး ရွတ်ဆိုကြရအောင်ပါ။
“ သစ္စံ ဘဏေန
ကုဇ္စျေယျ၊ ဒဇ္ဖာ အပ္ပမ္ပိ ယာစိတော၊ ဧတေဟိ တီဟိ ဌာနေဟိ၊ ဂစ္ဆေ ဒေ၀ါန သန္တိကေ။”
အရှင်မောဂ္ဂလာန်ဟာ
တန်ခိုးတော်ဖြင့် သူတစ်ပါး၏ ချမ်းသာခြင်းကို ရှာဖွေလေ့ရှိပါတယ်။ ဘယ်လိုလဲဆိုတော့ တန်ခိုးတော်ဖြင့်
ငရဲပြည်ကိုကြွတော်မူပြီး အေးမြအောင် ဖန်ဆင်းကာ ငရဲသား တို့ကို သက်သာရာရစေပါတယ်။ လှည်းဘီပမာဏခန့်ရှိတဲ့
ကြာပွင်ကြီးကို ဖန်ဆင်းပြီးတော့ ထိုကြာပန်းပေါ်ထိုင်ကာ ငရဲသားတွေကို တရားဟောကြားပါတယ်။
နတ်ပြည်ကိုလည်း ကြွရောက်ပြီးတော့ နတ်တို့ရဲ့ ကုသိုလ်ကောင်းမှု့များကို ထုတ်ဖော်ကာ သစ္စာလေးပါးတရားတော်ကို
ဟောကြားတော်မူလေ့ရှိပါတယ်။ နောက်ပြီးတော့ လူ့ပြည်မှာရှိတဲ့ ဒကာ ဒကာမတွေကို ငရဲပြည်၏
ဆင်းရဲကြီးမားပုံ၊ နတ်ပြည်၏ ချမ်းသာကြီးမားပုံတို့ကို ဟောပြောပြကာ ထိတ်လန့်စေပြီး သာသနာတော်ကို
သဒ္ဓါကြည်ည်ညိုစေပါတယ်။
ဒီလိုပဲ တစ်နေ့ကျတော့
အရှင်မဟာမောဂ္ဂလာန်ကိုယ်တော်မြတ်ကြီးက နတ်ပြည်ကိုကြွရောက်ပြီး တော့ နတ်ပြည်မှာ ခန့်ငြားလှတဲ့
ဘုံဗိဗ္မာန်တွေမှာ စံစားပျော်ပါးနေတဲ့ နတ်တွေဆီချဉ်းကပ်ပြီးတော့ “အသင်နတ်သမီး….၊
သင်၏ ဘုံဗိမာန်နန်းဟာ ခမ်းနားထည်ဝါလှပပါပေတယ်။ သင်၏ စည်းစိမ်း ချမ်းသာဟာ အလွန်တရာကြီးမြတ်လှပါပေတယ်။
လှု့ပြည်တုန်းက ဘယ်လိုကောင်းးမှု့တွေကို ပြုလုပ်ခဲ့ဖူးလို့ ဒီလို ခမ်းနားထည်ဝါလှတဲ့ ဗိမာန်စည်းစိမ်ကို
ရရှိပါသလဲ။” လို့မေးမြန်းပါတယ်။
ဒီတော့ အမေးခံရတဲ့
နတ်သမီးက လူ့ဘ၀တုန်းက ပြုလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှု့ဟာ အလွန် နည်းပါးလှတယ်လို့ တွေးထင်ပြီးတော့
ရှက်မိတာကြောင့် “အရှင်ဘုရား…….၊ တပည့်တော်မကို မမေးပါနှင့်လားဘုရား…။ လူ့ပြည်တုန်းက
တပည့်တော်မပြုခဲ့တဲ့ ကုသိုလ်ကောင်းမှု့ဟာ အလွန်တရာမှ နည်းပါးလွန်းလှပါတယ်ဘုရား….။”လို့
ပြန်လျှောက်တော့ အရှင်မောဂ္ဂလာန်က “နတ်သမီး…၊ ဘယ်လိုကုသိုလ်ကောင်းမှု့ကို ပြုလုပ်ခဲ့တယ်ဆိုတာသာ
ပြောမှာသာ ပြောပါ။”လို့ တိုက်တွန်း စကား အမေးထားပြန်လေတော့ နတ်သမီးက အခုလိုလျှောက်ထားပါတယ်။
“အရှင်မြတ်ဘုရား……၊
တပည့်တော် လူ့ဘ၀တုန်းက အလှုဒါနကိုလည်း မပြုလုပ်ခဲ့ဖူးပါဘုရား…..။ ဘုရားအမှုးရှိတဲ့ သံဃာတော်အရှင်မြတ်များကိုလည်း
ပူဇော်လုပ်ကျွေးခြင်းမျှကိုလည်း မပြုလုပ်ခဲ့ဖူးပါဘုရား…..။ ဘုရားရှင်ဟောကြားတဲ့ တရားဒေသနာကို
မနာကြားခဲ့ဖူးသလို သံဃာတော် အရှင်မြတ်များ ဟောကြားပြသတဲ့ ဓမ္မများကိုလည်း မနာကြားခဲ့ဖူးပါဘုရား..။
တကယ်တော့ တပည့်တော်မသည် မုသားစကားမပြောမိအောင် စောင့်ထိန်းခဲ့ပါတယ်။ မှန်သော သစ္စာစကားကိုသာ
အမြဲတမ်းပြောဆိုခဲ့ပါတယ်ဘုရား….။ ဒီမှန်ကန်သော သစ္စာစကားကို ပြောဆိုခြင်း (သီလ)ကြောင့်
ဒီစည်းစိမ်ချမ်းသာကို ရရှိပါတယ် အရှင်ဘုရား…..။” လို့ ပြန်လျှောက်ထားလိုက်ပါတယ်။
ဒီနေရာမှာ ဆန့်ကျင်ဘက်စကားအနေနဲ့
ပြန်ကောက်ယူပြီး နားလည်ကြည့်မယ်ဆိုရင် မုသား စကားပြောကြားတဲ့သူများဟာ ချမ်းသာမှု့ကင်းတဲ့
ငရဲတွင်းမှာ သက်ဆင်းရမယ်ဆိုတာ နားလည်နိုင် ပါတယ်။ အတတ်နိုင်ဆုံးပေါ့ မိမိမှာ အလှုဒါနပြုစရာ
ဘာတစ်ခုမှ မရှိစေဦးတော့ စိတ်မပျက် လိုက်ပါနဲ့၊ သစ္စာစကားကိုသာ ထာဝရပြောဆိုမိအောင် ကျင့်သုံးလိုက်ပါ။
သစ္စာစကားရဲ့ စွမ်းအားကို ဒီနတ်သမီးက သက်သေပြနေပြီ မဟုတ်ပါလား။ နောက်ပြီးတော့ မြတ်ဗုဒ္ဓရဲ့
စကားတစ်ခုရှိပါသေးတယ်။ ဒါကတော့ “အဘူတံ ၀ါဒိ နိရယံ ဥပေတိ-မုသားစကားပြောကြားတဲ့သူတွေဟာ
ငရဲသို့ ကျရောက်တတ်တယ်။”လို့ ဟောကြားထားပါတယ်။
စေတိယဇာတ်မှာ
အရှင်ဒေ၀ဒတ်လောင်းဖြစ်တဲ့ စေတိယမင်းကြီး လိမ်ညာပြောဆိုပွဲကြီးကို ခမ်းခမ်း နားနားကျင်းပပြီး
ပြောဆိုလိမ်ညာမိလို့ မြေမျိုခြင်းကို အရှင်လတ်လတ်ခံသွားရဖူးတဲ့ သာဓကလည်း ရှိပါသေးတယ်။
ဒါကြောင့် မုသားစကားကို ဘယ်တော့မှ မပြောမိအောင် စောင့်ထိန်းသင့်ပါတယ်။
နောက် အရှင်မောဂ္ဂလာန်မထေရ်မြတ်က
တစ်ခြားဘုံဗိမာန်ရှိရာကို ကြွရောက်ပြီးတော့ အထက်က အတိုင်း “နတ်သမီး……။ သင်၏ စည်းစိမ်ချမ်းသာဟာ
အလွန်ကြီးကျယ်လှပေတယ်။ အဘယ်သို့ သော ကောင်းမှုကုသိုလ်များကို ပြုလုပ်ခဲ့တဲ့အတွက် ဒီနတ်စည်းစိမ်းချမ်းသာကို
ရရှိပါသလဲလို့” မေးမြန်းပြန်ပါတယ်။
ဒီတော့ နတ်သမီးက
“အရှင်မြတ်ဘုရား…။ တပည့်တော်မသည် ကဿပမြတ်စွာဘုရား လက်ထက် တော်အခါက သူတစ်ပါးအိမ်မှာ
ကျွန်မတစ်ယောက် ဖြစ်ခဲ့ပါတယ်ဘုရား။ တပည့်တော်မ၏ အရှင်သည် အင်မတန်ရက်စက်ကြမ်းကြုတ်လှပါတယ်။
အမြဲတမ်းဆဲဆိုကြိမ်းမောင်းတတ်သလို ဒေါသအလျောက် တွေ့ရာ သစ်သားနဲ့လည်း တပည့်တော်မ၏ ဦးခေါင်းကို
ရိုက်ခွဲလေ့ရှိပါတယ်။
သူဘယ်လောက်ပဲ
ဆဲဆို ကြိမ်းမောင်းကြိမ်းမောင်း၊ ရက်စက်ကြမ်းကြုတ်ကာ ရက်စက်ရက်စက် တပည့်တော် အရှင်ကို
ဘယ်တော့မှ အမျက်ပြန်ထွက်လေ့မရှိခဲ့ပါဘူးဘုရား…။ တပည့်တော်မ ဒေါသမဖြစ်အောင် စောင့်ထိန်းခဲ့ပါတယ်။
ဒီကုသိုလ်ကောင်းမှု့ကြောင့် တပည့်တော်မ အခုလို နတ်စည်းစိမ်းကို ရရှိပါတယ် အရှင်ဘုရား…..။”
လို့ လျှောက်ထားပါတယ်။ ဒေါသနဲ့ သေရင် ငရဲရောက် ဆိုသလိုပါပဲ…။
ဒေါသကြီးသူတွေ…ဒေါသနဲ့ သေလွန်တဲ့သူတွေအတွက်တော့ နားရမယ့် စခန်းဟာ ငရဲခန်းပဲရှိပါတယ်။
ဒီတော့ ဒေါသမဖြစ်အောင်
အတတ်နိုင်ဆုံးနေလိုက်ပါ။ ဒေါသစိတ်များ ဖြစ်ပေါ်လာမှန်း မိမိကိုယ်မိမိ သိလာတဲ့အခါ မေတ္တာဘာဝနာသာ
များများပွားများလိုက်ပါ။ မေတ္တာဘာဝနာ အဖန်ဖန် ပွားများခြင်းဖြင့် ဒေါသကို ပယ်ဖျောက်လိုက်ပါ..လို့
ဝိသုဒ္ဓိမဂ်မြန်မာပြန်မှာဆိုထားပါတယ်။ “မိမိကို ဒေါသထွက်နေတဲ့သူကို ပြန်ပြီးတော့
ဒေါသဖြင့်တုန်ပြန်လိုက်မယ်ဆိုရင် အဲဒီပထမသူထက် ပိုပြီးတော့ ယုတ်မာတဲ့သူဖြစ်တယ်..”လို့
ဗုဒ္ဓက ဆိုထားပါတယ်။ ဒီနေရာမှာ ဒေါသရဲ့ အပြစ်တွေ တော့ အကျယ်မပြတော့ပါဘူး။ အရှင်သာရိပုတ္တရာရဲ့
ကောင်းကွက်လေးတွေ ရှာဖွေပြီးတော့ ဒေါသဖြေဖျောက်နည်းကိုပဲ ပြောပြပါမယ်။
အရှင်သာရိပုတ္တရာသည်
သူတစ်ပါးအား အမျက်မရှိရာသော တရားကိုလည်း ဟောကြားတော် မူလေ့ရှိပါတယ်။။ အမျက်မရှိသူ၏
အကျ့င်ကိုလည်း ကိုယ်တိုင်ကျင့်တော်မူလေ့ရှိပါတယ်။
၁။ ပံသကူကောက်သူသည်
ကောင်းရာကိုသာယူ၍ မကောင်းရာကို ဖယ်ရှားပစ်သကဲ့သို့ ကိုယ်ကျင့်မကောင်းဘဲ နှုတ်ထွက်မျှကောင်းသူ
ဖြစ်မူကား ကိုယ်ကျင့်ကို မရေတွက်ဘဲ နှုတ်ထွက်မှု ကိုသာ နှလုံးသွင်း၍ အမျက်ရန်ငြိုး ငြိမ်းစေရာ၏။
၂။ ရေညှိမြှေးနေသော
ရေကန်ကို ရေညှိကိုဖယ်၍ ရေကြည်ကို သောက်သကဲ့သို့ နှုတ်ထွက် မကောင်းဘဲ ကိုယ်ကျင့်ကောင်းသူ
ဖြစ်မူကား နှုတ်ထွက်မှုကို မရေတွက်ဘဲ ကိုယ်ကျင့်ကောင်းသည် ကိုသာ နှလုံးသွင်း၍ အမျက်ရန်ငြိုး
ငြိမ်းစေရာ၏။
၃။ နွားခြေရာကွက်မှ
ရေကို ရေအလွန်ငတ်သူသည် လက်ဖြင့်ခပ်၍ မသောက်သာသဖြင့် ရွှံညွန် အလူးခံကာဝပ်၍ သောက်သကဲ့သို့
အကျင့်လည်းမကောင်း နှုတ်ထွက်လည်းမကောင်းသူကို တစ်ခါတစ်ရံ စိတ်နှလုံးကြည်ဖွယ် ရှိငြားမူကား
စိတ်နှလုံးကြည်ခြင်းကို အကြောင်းပြု၍ အမျက်ရန်ငြိုး ငြိမ်းစေရာ၏။
၎။ တောခရီး၌
အထီးကျန်သူသည် ဆေးဝါးလည်းမရ၊ ရောဂါလည်း အနှိပ်စက်ခံနေရ၏။ ထိုသူကို မြင်သူအပေါင်းသည်
မသနားဘဲ မနေနိုင်ရာ။ ဤသို့ နှလုံးကြည်ဖွယ် မဟုတ်စေကာမူ သနားကာမျှ သနားမှု၍ အမျက်ရန်ငြိုး
ငြိမ်းစေရာ၏။
မေတ္တာထားပြီးတော့
ကောင်းကွက်လေးတွေကို မြင်အောင်ကြည့်ပြီး ဒေါသအမျက်ကို ငြိမ်းစေတဲ့ သဘောပါ။ အင်မတန်မှ
လိုက်နာကျင့်ကြံဖို့ ကောင်းတဲ့ အရှင်သာရိပုတ္တရာရဲ့ အဆုံးအမတစ်ခုပါပဲ။
အခြားဘုံဗိမာန်တစ်ခုဆီကို
ကြွရောက်ပြီးတော့ အရှင်မောဂ္ဂလာန်မထေရ်က မေးပြန်ပါတယ်။ ဒီနတ်သမီးက “အရှင်မြတ်ဘုရား…။
လူ့ဘ၀တုန်းက တပည့်တော်မသည် ဆင်းရဲတဲ့ ကြံခင်းစောင့် တစ်ယောက် ဖြစ်ခဲ့ပါတယ်ဘုရား…။ ကြံခင်းစောင့်နေစဉ်
ရဟန်းတော်တစ်ပါးကြွလာတာကို တွေ့မြင်ပြီးတော့ စေတနာထက်သန်စွာဖြင့် ကြံတစ်ချောင်းကို
လှူဒါန်းခဲ့ဖူးပါတယ်။ ဒီကြံ တစ်ချောင်းကို လှုဒါန်းတဲ့ အနည်းငယ်မျှသော ဒါနကုသိုလ်ကောင်းမှု့ကံကြောင့်
ဒီနတ်စည်းစိမ်း ချမ်းသာကို ရရှိပါတယ် အရှင်ဘုရား…။ ”လို့ လျှောက်ထားပါတယ်။ လောကဆိုးရိုးစကား
တစ်ခုရှိပါတယ်။ ညောင်ပင်ကြီးလောက်လှုပေမယ့်လည်း ညောင်စေ့လောက်ရတတ်တယ်။ ညောင်စေ့လေးလောက်
လှူပေမယ့်လည်း ညောင်ပင်ကြီးလောက် ရတတ်တယ် ဆိုတာ။ ဒါဟာ စေတနာအပေါ်မူတည်သွားတာပါ။
ဒီနတ်သမီးသုံးယောက်ထံမှ
အဖြေစကားကို ကြားသိပြီးတော့ အရှင်မောဂ္ဂလာန် ကိုယ်တော်မြတ် ဟာ လူ့ပြည်ပြန်ကြွကာ ဗုဒ္ဓမြတ်စွာထံသို့
ချဉ်းကပ်ပြီးတော့ “ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရား….။ မှန်သောစကားကို ပြောဆိုရုံမျှနဲ့၊
အမျက်ဒေါသမထွက်အောင် စောင့်ထိန်း ကာမျှနဲ့၊ အနည်းငယ်မျှသော ဒါနကောင်းမှု့ကို ပြုလုပ်ကာမျှနဲ့
နတ်စည်းစိမ်ချမ်းသာများကို ရရှိနိုင်ပါ သလား ဘုရား………။”လို့ လျှောက်ထားပါတယ်။
ဒီတော့ မြတ်စွာဘုရားက
“ချစ်သား မောဂ္ဂလာန်…။ ဘာကြောင့် ငါဘုရားကို ပြန်မေးနေရတာလဲ…။ သင်ချစ်သားကိုယ်တိုင်
နတ်သမီးတို့ရဲ့ အဖြေစကားကို ကြားသိခဲ့ရပြီမဟုတ်လား…။ ချစ်သား… အနည်းငယ်မျှသော ကုသိုလ်ကောင်းမှု့ပြုလုပ်ရုံနဲ့
နတ်စည်းစိမ်ချမ်းသာကို ရရှိနိုင်ပါ့မလားလို့ သင်ချစ်သား… သံသယမပွားလိုက်ပါနဲ့။ အနည်းငယ်မျှသော
ကုသိုလ်ကောင်းမှု့ကံကြောင့် နတ် စည်းစိမ်ကို ဧကန်ရရှိနိုင်ပါတယ်။ သူတစ်ပါးအား အမျက်မထွက်
မေတ္တာပွားများရုံနဲ့လည်း နတ်စည်းစိမ်ကို ရရှိနိုင်ပါတယ်။ မှန်သောစကား ပြောကြားရုံမျှနဲ့လည်း
နတ်စည်းစိမ်ကို ရရှိနိုင်ပါတယ်။” ဆိုပြီးတော့ အထက်ပါဂါထာလေးတစ်ပုဒ်ကို ဟောကြားခဲ့ပါတယ်။
အနည်းငယ်မျှသော
ကုသိုလ်ကောင်းမှု့တွေဟာ ကောင်းတဲ့အကျိုးတရားတွေကို ပေးစွမ်းနိုင် ပါတယ်။ ဒီနေရာမှာ တစ်ခုတော့
နားလည်ထားဖို့လိုပါတယ်။
ဘယ်လိုကုသိုလ်ကိုပဲ
ပြုပြု မပြုလုပ်ခင် မလှူဒါန်းခင်မှာ ပထမဆုံး ငါးပါးသီလ ဆောက်တည် လိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့
“သီလေ ပတိဌာယ ဒိန္နဒါနံ မဟပ္ဖလံ- သီလ ဆောက်တည်ပြီးတော့ လှူဒါန်းမယ်ဆိုရင် အကျိုးတရား
အလွန်ကြီးကြီးမားမား ရရှိနိုင်ပါတယ်”ဆိုတဲ့ ဗုဒ္ဓရဲ့ စကားတော် ရှိပါတယ်။
နောက်ပြီးတော့
“သီလာဒိ ဂုဏယုတ္တဿ ဟိ ကဋုစ္ဆဘိက္ခာပိ ပဉ္စရတန မတ္တာယ ဘူမိယာ ပဏ္ဏသာလာပိ ကတွာ ဒိန္နာ အနေကာနိ
ကပ္ပသဟဿာန ဒုဂ္ဂတိ ၀ိနိပါတတော ရက္ခတိ၊ ပရိယောသာနေစ အမတာယ နိဗ္ဗာနဓာတုယာ ပစ္စယော ဟောတိ။”
လယ်တီဆရာတော်ဘုရားကြီးရဲ့
ပါဠိတော် မြန်မာပြန်လေးကိုပဲ ဖတ်ကြည့်ရအောင်ပါ။
“သီလာဒိဂုဏယုတ္တဿ-သီလစသော
ဂုဏ်နှင့်ယှဉ်သောပုဂ္ဂိုလ်၏၊ ကဋုစ္ဆ ဘိက္ခာပိ- တစ်ဇွန်းမျှ လောက်သော ဆွမ်းသည်လည်းကောင်း၊
ပဉ္စရတန မတ္တာယ- ငါးတောင်အတိုင်းအရှည်ရှိသော၊ ဘူမိယာ-မြေ၌၊ ကတွာ-ဆောက်လုပ်၍၊ ဒိန္နာ-လှူအပ်သော၊
ပဏ္ဏသာလာပိ-သစ်ရွက် မြက်သက်ငယ် မိုးသော ကျောင်းသည်လည်းကောင်း၊ အနေကာနိ-များစွာကုန်သော၊
ကပ္ပသဟဿာနိ- အထောင်မကသော ကမ္ဘာတို့ပတ်လုံး၊ ဒုဂ္ဂတိဝိနိပါတတော-ဒုဂ္ဂတိ ဘ၀သို့ ဖရိုဖရဲ ပျက်စီး၍
ကျခြင်းမှ၊ ရက္ခတိ- စောင့်နိုင်၏၊ ပရိယောသာနေစ-အဆုံးဘ၀၌လည်း၊ အမတာယ နိဗ္ဗာနဓာတုယာ- အမတဓာတ်
မြတ်သောနိဗ္ဗာန်တရား၏၊ ပစ္စယော-အထောက်အပံ့ဖြစ်သော ဥပနိဿယ အကြောင်းသည်၊ ဟောတိ-ဖြစ်၏။”
အဓိပ္ပါယ်ကို
အကျယ်ရှင်းဖို့မလိုအောင် နားလည်နိုင်ပါတယ်။ ဒါကြောင့် ဘယ်လိုကောင်းမှု့ကိုပဲ ပြုပြု
သီလခံယူပြီးမှ လှူဒါန်းမှု့ပြုပါ ဘ၀ပေါင်းများစွာ ဒုဂ္ဂတိဘေးကလွတ်မြောက်နိုင်ပါတယ်။ အဆုံးဘဝ
မှာလည်းပဲ နိဗ္ဗာန်ကိုရောက်ကြောင်း အထောက်အပံ့ကောင်းတစ်ခု ဖြစ်ပါလိမ့်မယ်။ နိဗ္ဗာန်ကိုသာ
ရည်မှန်းပြီးတော့ ကောင်းမှု့ပြုစေချင်ပါတယ်။
ကဲ စာချစ်သူ…..။
သစ္စာတရားကို မမြင်နိုင်သေးသမျှတော့ သံသရာထဲကို ကျင်လည်နေရဦးမှာပါ။ နိဗ္ဗာန်မရမီစပ်ကြား
သံသရာတစ်လျှောက်လုံးမှာ အပါယ်ဆင်းရဲခြင်းကနေ လွတ်မြောက်ပြီး နတ်စည်းစိမ် ချမ်းသာများကို
နောင်ဘ၀မှာ ရရှိခံစားချင်တယ်ဆိုရင်တော့ သစ္စာစကား ထာဝရ ပြောဆိုလိုက်မိဖို့ပါပဲ………။ မေတ္တာတရားကို
အဖန်ဖန် ပွားများလိုက်ဖို့ပါပဲ…………..။ ကုသိုလ်ကောင်းမှု့များ နည်းများမဟူ ပြုလိုက်ဖို့ပါပဲလေ…………..။
ကျမ်းကိုး။ ။
ဓမ္မပဒပါဠိတော်၊ ကောဓ၀ဂ်၊ မဟာမောဂ္ဂလာနပဥှာဝတ္ထု
မင်းကွန်းဆရာတော်ဘုရားကြီး၏ ဟောစဉ်တရားတော်(အတွဲ ၉)
လယ်တီဆရာတော်ဘုရားကြီး၏ ပါရမီဒီပနီ
K. Sri Dhammananda, The Dhammapada
ဥယျာဉ်မှူးလေး