Friday, August 29, 2014

ဒယ်အိုးလွတ် ဘုံလွတ် ဗုဒ္ဓလမ်းစဉ်


ပညာရှိတစ်ဦးရဲ့ ဆိုရိုးတစ်ခုရှိတယ်။ “နိုင်ငံတစ်ခုမှာ အကောင်းဆုံး အုပ်ချုပ်တဲ့အစိုးရက ဘယ်လို အစိုးရလဲဆိုတော့ အစိုးရဆိုတာ ရှိမှန်းကို မသိရတဲ့ အစိုးရ” တဲ့။ မီးပွိုင့်မှာ မော်တော်ပီကယ် ရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ စည်းကမ်းလိုက်နာတယ်။ ရှိတယ်လို့ အထူးသိနေစရာမလိုဘူးလို့ ပြောတာနော်။ အဲဒီလိုပဲ ဦးဇင်းတို့ သာသနာလည်း ဒီအတိုင်းပဲပေါ့။ ဘုရားရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ ၊ ရှိတာမရှိတာ နှစ်ခုစလုံးကို အဓိကမထားပဲ ရှိတုန်းကလည်း ဒီလိုပဲ ၀ိနည်း စည်းကမ်းတွေ လိုက်နာရတာပဲ။

ပရိယတ် ၊ ပဋိပတ် ကြိုးစားတာပဲ။ မရှိရင်လည်း ဒီအတိုင်းပဲ ကြိုးစားနေမယ်ဆိုရင် ကိုယ့်တာဝန်ကို ကျေဖို့ အတွက် ဘုရားရှိတယ်နဲ့ မရှိဘူးဆိုတာကို အသိအမှတ်ပြုစရာကို မလိုတော့ဘူးပေါ့။ ဒီလိုဆိုရင် အကောင်းဆုံးပဲ သဘောပေါက်လားမသိဘူး။

ဟုတ်တယ်။ နိုင်ငံတစ်ခုမှာလည်းပဲ စည်းစနစ်ကျတဲ့နိုင်ငံဆိုတာ အစိုးရရှိတယ်လို့ ကို မသိသာဘူး ဆိုရင် အကောင်းဆုံးပဲ။ တစ်ချို့ နိုင်ငံတွေမှာဆိုရင် အဲဒီအတိုင်းပဲ။ မော်တော်ပီကယ်ရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ စတော့ပ် ( Stop ) ဆိုတဲ့ ဆိုင်းဘုတ်တွေ့ ရင် ရပ်ကိုရပ်တယ်။ အဲဒီနေရာမှာ ဘီး လေးဘီးငြိမ်အောင်ကို ရပ်နေတာပဲ။ ဒီမှာတော့ အစိုးရဆိုတာ ရှိမှန်းက အတော်ကြီး သိသာနေတယ်။ မော်တော်ပီကယ်ရှိရင် တစ်မျိုး ၊ မရှိရင် တစ်မျိုး။ မရှိဘူးဆိုရင် မီးနီပြထားလည်း ဖြတ်လိုက်တာပဲ။

 အဲဒီအတိုင်းပဲ ဘာသာရေးရင့်ကျက်တဲ့ သူတစ်ယောက်ဟာ ငရဲနဲ့ နတ်ပြည်ဆိုတာ ရှိတယ်လို့  မထင်ရတော့ဘူးဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ ရင့်ကျက်သွားပြီ။ ငရဲနဲ့ နတ်ပြည်ရှိတယ်လို့ ကို သိစရာမလိုတော့ဘူး။ ငရဲရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ သူ့ အတွက် ဘာမှကို အရေး မကြီးတော့ဘူး။ ရှောင်သင့်တာကို ရှောင်မယ်။ ဆောင်သင့်တာကို ဆောင်မယ်။ ဒါဆို အတော် ရင့်ကျက်ပြီလို့ ဆိုရမယ်။ သဘောပေါက်လောက်ပါတယ်နော်။

ဦးဇင်းတို့ ကိုးကွယ်တဲ့ ဘုရားရှင်ရဲ့ အဆုံးအမက “ယုံကြည် ကျန်းမာ ရိုးဖြောင့်ကာ ၊ မှန်စွာအားထုတ်မူ ၊ ပညာတရား ဤငါးပါး ၊ ရှိငြားစွမ်းတဲ့သူ” ဆိုတဲ့အတိုင်း ယုံကြည်လေးစားမှု ၊ အားထုတ်နိုင်လောက်အောင် ကျန်းမာမှု ၊ ရိုးသားဖြောင့်မတ်မှု ၊ ကြိုးစားအားထုတ်မှု ၊ ထိုက်သင့်တဲ့ အသိဥာဏ်ပညာရှိမှု ဆိုတဲ့ ဒီအရည်အချင်း ငါးမျိုးနဲ့ ပြည့်စုံသူဖြစ်မယ်ဆိုရင် ဒီပုဂ္ဂိုလ်မျိုးဟာ ဒယ်အိုးနဲ့ လည်း ခြောက်စရာမလို ၊ နတ်ဘုံနဲ့ လည်းမြှောက်စရာမလိုဘူး။ သူ့ ယုံကြည်ချက်နဲ့ ၊ သူ့ အသိနဲ့ လိုက်နာသွားမှာ။ ဒါကိုပြောတာ။

အခုတော်တော်များများက အကုသိုလ် ဘာလို့ ရှောင်တာလဲဆိုရင် ငရဲကြီးမှာ ကြောက်လို့ ။ ဟုတ်တယ်မလား။ ငရဲကြီးမှာ ကြောက်လို့ ရှောင်တယ်ဆိုတော့ မော်တော်ပီကယ် အမြဲရှိနေလို့ ပေါ့။ မော်တော်ပီကယ်လစ်ရင် ဘယ်နှယ့်လုပ်မတုန်း။ မီးနီဖြတ် မောင်းသွားမှာပေါ့။ အဲဒီလိုပဲ ငရဲမကြီးတော့ဘူးဆိုရင် ဘယ့်နှယ့်လုပ်မတုန်း။ “ဘယ်သူ သေသေ ငတေမာရင် ပြီးရော” ဆိုတာမျိုး လုပ်တော့မှာပေါ့။ အဲဒီလို ပုဂ္ဂိုလ်အတွက်ကတော့ ငရဲကလိုနေတယ်။ နတ်ပြည်လည်း လိုရင် လိုနေလိမ့်မယ်။

ဒါပေမယ့် အတွေးအခေါ်အရ ကြည့်မယ်ဆိုရင်တော့ ဒါဟာ သူငယ်တန်းကျောင်းသား အဆင့်ပဲ။ ဟုတ်လား။ သူငယ်တန်းကလေးတစ်ယောက် ကျောင်းထားမယ်ဆိုလို့ ရှိရင် “ကျောင်းမပြေးနဲ့ နော်။ ပြေးရင် တုတ်ကြည့်ထား” လို့ ပြောတန်ပြောကြရတယ် မဟုတ်လား။ “ကျောင်းမှန်မှန်သွား ၊ ကျောင်းသွားရင် မုန့် ဖိုးလည်းပေးမယ်။ လွတ်အိတ်လည်း ၀ယ်ပေးမယ်” လို့  ပြောကြရတာရှိတယ်ပေါ့။

အဲဒီတော့ ဒီကလေးဟာ ဘာလို့ ကျောင်းမပြေးတာလဲဆိုရင် တုတ်ကြောက်လို့ ကျောင်းမပြေးဘူး။ မင်းဘာလို့ ကျောင်းမှန်မှန်တတ်တာတုန်းဆိုရင် မုန့်  ဖိုးလိုချင်လို့ ပဲ။ မူလတန်းအောင်ပြီးလို့  အလယ်တန်းရောက်တော့လည်းပဲ မင်း ဘာလို့  ကျောင်းမပြေးတာလဲဆိုရင် တုတ်ကြောက်လို့ ပဲ။ ဘာလို့ ကျောင်းမှန်မှန်တက်နေတာလဲဆိုရင် မုန့်  ဖိုးလိုချင်လို့ ပဲ။ အဲဒီလိုဖြစ်နေသေးရင် ဒီကျောင်းသားက အတန်းတွေသာ ကြီးလာတာ။ အသိက ကြီးမလာဘူး။ အတန်းတိုးပြီးတော့ အသိမတိုးရင် အလကားပဲပေါ့။

အခုလည်းပဲ ဘာသာရေး မူလတန်းအဆင့်မှာတော့ အကုသိုလ်လုပ်ရင် ငရဲကြီးတတ်တယ်လို့  ပြောရတယ်နော်။ ကုသိုလ်လုပ်ရမယ်။ ကုသိုလ်လုပ်မှ လူချမ်းသာရမယ်။ နတ်ချမ်းသာရမယ်လို့  ပြောရတာပေါ့။ အဲဒီလိုနဲ့ ပဲ အကုသိုလ်ကိုရှောင်သွားတယ်။ ကုသိုလ်ကို သူတတ်နိုင်သလောက် လုပ်ဆောင်သွားမယ်။ ဒါပေမယ့် အခု ဗုဒ္ဓဘာသာအရင့်အမာကြီးတွေဖြစ်နေတော့လည်း သူတို့ ဟာ အကုသိုလ်ကို ဘာလို့ ရှောင်သလဲဆိုရင် ငရဲကြီးမှာကြောက်လို့ ပဲ။ ကုသိုလ် ဘာကြောင့် ပြုရသလဲဆိုတော့လည်း လူနတ်ချမ်းသာ ရချင်လို့ ပဲဆိုရင် အတန်းသာ ကြီးတာ အသိက မကြီးသေးဘူး။

ကဲ အခုကော အကုသိုလ်ဘာလို့ ရှောင်နေသလဲဆိုရင် ငရဲကြီးမှာ ကြောက်လို့ ရှောင်တုန်းပဲလား။ အဲဒီလိုဆိုရင် မူလတန်းကကို မတတ်တော့ဘူးနော်။ ကုသိုလ်ရော ဘာလို့ လုပ်သလဲ။ မုန့်  ဖိုးရချင်လို့ ကျောင်းတက်တုန်းပဲလား။ ဟုတ်လားဗျာ။ အမှန်က ဘာလို့ ကျောင်းမပြေးတာတုန်း။ ကျောင်းပြေးရင် ပညာချို့ တဲ့မယ်။ ပညာချို့ တဲ့ရင် အတန်းလည်း မတက်ဘူး။ အသိလည်း မတိုးဘူး။ ဘာလို့ ကျောင်းတတ်လည်းဆိုရင် ကျောင်းမှန်မှန်တတ်မှ အတန်းလည်းအောင်မယ်။ အသိလည်း တိုးမယ်။ ပညာတတ်မယ်။ အဲဒီလိုဖြစ်ရမှာပေါ့။


အကုသိုလ်ဘာလို့ မလုပ်တာလဲဆိုရင် မကောင်းတဲ့အလုပ်ဖြစ်လို့ ။ အပြစ်ကင်းအောင် အကုသိုလ် ရှောင်တာ။ ဟုတ်ရဲ့ လား။ ကုသိုလ်ကို ဘာလို့ လုပ်သလဲဆိုရင် ကောင်းတဲ့အလုပ်ဖြစ်လို့  ။  အများကောင်းကျိုးဆောင်ဖို့ ကုသိုလ်လုပ်တာနော်။ အဲဒီလိုဖြစ်မှ အတန်းလည်း တက် ၊ အသိလည်းတိုးမှာ။ ဟုတ်ရဲ့ လား။ အဲဒီအထိတော့ နည်းနည်းကျေကျေလည်လည်ရှိပြီနဲ့  တူတယ်နော်။

ဆက်လက်ဖော်ပြပေးပါအုံးမယ်ခင်ဗျာ။

မှတ်ချက်။

မှော်ဘီမြို့ မင်္ဂလာတိုက်အတွင်း ကျင်းပပြုလုပ်သော သံဃာပူဇော်ပွဲ၌ ဆရာတော်ကြီးများ မိန့် ကြားတော်မူသည့် သြ၀ါဒကထာ စာအုပ် မှ ဓမ္မဘေရီအရှင်ဝီရိယ ( တောင်စွန်း ) ၏ ဒယ်အိုးလွတ်ဘုံလွတ် ဗုဒ္ဓလမ်းစဉ် သြ၀ါဒကထာ တရားတော်ကို ကိုယ်တိုင်ဖတ်ရှုမှတ်သား နာယူရင်း စာဖတ်သူမိတ်ဆွေများအတွက် တစ်ကယ်အနှစ်သာရရှိတဲ့ တရားဓမ္မများကို ပြန်လည်ကုသိုလ်ပြု ကောက်နုတ်တင်ပြခြင်းဖြစ်ပါတယ်ခင်ဗျာ။

ထူးတင့်နိုင် ၂၂-၁၀-၂၀၁၂