Saturday, August 16, 2014

စံမှီမေတ္တာ


“စံမှီမေတ္တာ”

 ငယ်စဉ်တောင်ကျေး ကလေးဘ၀ စာဖတ်တတ်သည့်အချိန်မှစတင်ကာ စာတိုပေစများကို ဖတ်ရှု လေ့လာခဲ့မိသည်။ အစကတော့ စာအုပ်တွင်ပါသည့် အရုပ်လှလှလေးတွေကို ဦးတမ်းကစားရာ ကနေ စာအုပ်တွေကို ယဉ်ပါးခဲ့ပြီး စာပေကိုချစ်တတ်လာခဲ့သည်ဟုဆိုကလည်း မမှားပေ။
          ကလေးသဘာဝအလျောက် စွန့်စားသူတို့အကြောင်းတွေကို ပို၍သဘောကျသည်။ အဖိုးအဖွားတို့ကို ပုံပြင်ပြောခိုင်လျှင်တောင်မှ စွန့်စားခန်းပါတာတွေကိုပဲ ပြောခိုင်းဖြစ်တာများသည်။ တစ်နည်းဆိုရသော် သူရဲကောင်းဆိုသည့် အများအားကျ လေးစားကြသူတို့အကြောင်း အများသူငါ လိုပင် ကြားချင်သိချင်မိတာလည်း မဆန်းပေ။

          တောအရပ်မှာ ကြီးပြင်းခဲ့ရသည်မို့ စာအုပ်က ရှားရှားပါးပါး။ ကြည့်ပြီးသားစာအုပ်များကိုပင် ဖန်တစ်ရာတေအောင် ပြန်ကြည့်နေရသည်။ ထိုနောက်တွင် ရွာဦးဘုန်းကြီးကျောင်းတွင်ရှိသည့် စာအုပ်များကို ဖတ်ရှုခွင့်ရလာသည်။ ပုံတော်စုံ ဓမ္မပဒတို့၊ ဗုဒ္ဓ၀င်စာအုပ်တို့ကတော့ စာရေးသူတို့ အသည်းစွဲပင်။ သူတို့က အရုပ်တွေ ပါတယ်လေ။

          ဒီလိုနဲ့ အတော်အတန် အရွယ်ရောက်လာတော့ ဟိုဟိုဒီဒီစာတွေဖတ်ဖြစ်ပြန်သည်။ အသက်-၁၁-နှစ်အရွယ်တွင် မြို့လေးတစ်မြို့ကို ပြောင်းရွှေ့ခဲ့ရသည်။ တောကပါလာသည့် အရုပ်ဦးသည့်ညဉ်နှင့် စာဖတ်အကျင့်တို့လည်း မိမိနှင့်တစ်ပါတည်း လိုက်လာခဲ့သည်။ စာသင်ကျောင်းမှာ စာသင်ခန်းမှာ အတန်းပြင်ပစာတွေဖတ်လို့ အရိုက်ခံရတာလည်း မနည်းပေ။ စာဖတ်တယ်ဆိုလို့ ဘာစာတွေလည်း ပြောရဦးမယ်။ ကာတွန်းတွေ၊ ရုပ်ပြတွေပဲပေါ့။

          ကိုယ်က စာဖတ်ချင်လို့ဖတ်တာကလွဲရင် ဘာကိုမှ ဦးတည်ချက်မထားရတာ အကုန် ဖတ်သည်။ မဂ္ဂဇင်း၊ ဂျာနယ်၊ သတင်းစာပါမကျန်ဖတ်သည်။ ၀တ္ထုလည်းစုံအောင်ဖတ်သည်။ ကဗျာလည်းဖတ်သည်။ သိုင်းစာအုပ်တွေလည်း ပါတာပေါ့။ စာမဖတ်ဖို့တားတဲ့သူတွေကာတော့ အဲဒါတွေမကောင်းဘူးပြောပြီး၊ ဖတ်လို့မိရင် ရိုက်ရော။ ဘယ်တာကောင်းတယ် ဖတ်သင့်တတယ် ဆိုတာတော့ တစ်ခါဖူးမျှ မပြောပေ။
          ထားပါတော့လေ ဒီလိုတွေ့ရာ လက်လှမ်းမှီရာ ဖတ်မိခဲ့တာတွေထဲက မိမိစိတ်ကို များစွာလှုပ်ခပ်ခဲ့သည့် ဖြစ်ရပ်များ၊ မှတ်မှတ်ထင်ထင် အာရုံမှာထင်ဟပ်စေမှုများ၊ အကြောင်း အရာများလည်း များစွာပင်ရှိခဲ့သည်။ ထိုအထဲမှ တစ်ခုကတော့ ယခုရေးမည့် အကြောင်းအရာပင်။ ဘာသာရေးနှင့် ဆက်စပ်နေသော အကြောင်းလည်းဖြစ်သည်။ မိမိဘ၀ကလည်း ငယ်စဉ်ကပင် ဘာသာရေးနှင့် နှီးနွယ်ခဲ့ရသည်မဟုတ်ပါလား။ ယနေ့အချိန်မှာ ပြန်ဖတ်လိုက်ရာတော့ ငယ်စဉ်က အားကျခဲ့သည့် အဆိုပါအဖြစ်ပျက်လေးမှာ လေးစားစရာအဖြစ်မြင်မိပြန်သည်။


          မိဘတွေ ဆုံးသွားသောကြောင့် သုမေဓာသတို့သားသည် ငယ်ငယ်ရွယ်ရွယ်နှင့်ပင် ကုဋေ ပေါင်းများစွာပိုင်ဆိုင်သည့် သူဋ္ဌေးလေးတစ်ယောက်ဖြစ်လာခဲ့သည်။ ဥစ္စာပေါရုပ်ချော ဆိုလောက် အောင်လည်း အတိတ်ကံကောင်းခဲ့သည်။ သို့ရာတွင် ပခုံးနှစ်ဖက်ကြားက ခေါင်းပေါက်သူခြင်း၊ နှာခေါင်းနှစ်ပေါက်ကနေ အသက်ရှူသူခြင်း တူကြသော်လည်း အမြင်ခြင်းမတူ၊ ယုံကြည်ချက်ကွဲပြား ခံယူချက်ခြားနားမှုတို့ကြောင့် အကျိုးတရားကလည်း ကွဲပြားခဲ့ရသည်မဟုတ်လား။

          ကြည့်ပါ။ ငါ့မိဘတွေဟာ စီးပွားဥစ္စာတွေကို ရှာဖွေတတ်၊ ပွားများအောင်လုပ်တတ်စေကာမူ တမလွန်ကိုတော့ ပါအောင်မယူနိုင်ကြ၊ ငါကတော့ ဒါတွေအားလုံးကို ပါအောင်ယူမည်ဟု သူဋ္ဌေး သား သုမေဓာ စဉ်းစားခဲ့သည်။ ထိုအတိုင်းလည်း တသွေမတိမ်းလုပ်ခဲ့သည်။ ပိုင်ဆိုင်သမျှကို တန်ဖိုး နည်းများမပိုင်းခြား အလှူခံကိုလည်း အဖြူမဲမခွဲခြားပဲ အလိုရှိတိုင်းယူတော့ဟု တွယ်တာမဲ့ လှူခဲ့သည်။ ထိုနောက်တွင်တော့ ၀တ်ကြောင်စွန့်ကာ ရသေ့ရဟန်းဘ၀ကို ကွန်းခိုခဲ့သည်။ ဗြဟ္မ ၀ိဟာရ တရားများနှင့် ကျင့်သုံးနေထိုင်သည့်အတွက် မြေလျိုးမိုးပျံ တန်ခိုးအမျိုးကိုရခဲ့သည်။ လူသူ မနီးတောရပ်ကြီးတွင် နေလေ့ရှိသော်လည်း အခါအားလျော်စွာ လူတို့နေရာအရပ်ကို လာရောက်ပြီး အလှူခံတတ်သည်။

          တစ်နေ့တွင် ရမ္မာဝတီနေပြည်တော်ကို ကောင်းကင်ခရီးဖြတ်သွားစဉ် ထူးခြားများပြားလှ သည့် လူအုပ်ကြီးကို လှန်းတွေ့လိုက်ရသည်။ အကြောင်းထူးကိုသိလို၍ ကောင်းကင်မှ ဆင်းသက် ကာ စုံစမ်းလိုက်သည်။ ဒီပင်္ကရာဘုရားရှင်နှင့် နောက်ပါတပည့်သံဃာတော်များ မြို့တော်ကို ကြွမည်ဖြစ်လို့ လမ်းပြင်နေကြောင်းသိလိုက်ရသည်။ သက်ရှိဘုရားရှင်းကို ဖူးတွေ့ရဖို့ဝေးစွ ဘုရား ဆိုသည့် အသံကို ကြားရဖို့တောင် အလွန်ခဲယဉ်းလှသည် မဟုတ်လား။ ဒီအခွင့်ထူးကို ကောင်းစွာ အသုံးချလိုသော သုမေဓာရှင်ရသေ့လေးသည် လမ်းပြင်ဆင်ရာတွင် သူပါလုပ်အားပေးအလှူ ပါဝင်လိုကြောင်း သက်ဆိုင်ရာတွင် ခွင့်တောင်းလိုက်သည်။

          ဘုရားရှင်းကြွချိန်နီးလားပြီဖြစ်၍ လမ်းပြင်ဦးဆောင်သူတို့က တန်ခိုးကြီးလှသည့် ရသေ့ လေးကို ရွှံ့နွံတို့ပြည့်နေသည့် တစ်နေရာစာကို ပြင်ဆင်ဖို့ရာ သတ်မှတ်ပေးလိုက်သည်။ တန်ခိုးရှင် ဆိုတော့ သူ့တန်ခိုးအစွမ်းနဲ့ ပြင်ဆင်လိုက်လျှင် ခဏပေါ့။ သို့တစေ သုမေဓာ ရသေ့လေး၏ အတွေး ကတော့ သူတို့မြင်တာနဲ့မတူ။ မိမိကာယအားဖြင့် လုပ်ဆောင်ခြင်းက ပိုပြီးအကျိုးပြီးနိုင်ကြောင်း သိလေသည်။ ထိုနောက် အများသူငါလို ပင်ပင်ပမ်းပမ်း မြေတူးသယ်ဖို့လုပ်ဆောင်သည်။

          အခြားသူများက တာဝန်ကိုယ်စီ ပြီးစီးအောင်ပြင်ဆင်ပြီးသော်လည်း သုမေဓာရှင်ရသေ့၏ တာဝန်ကျလုပ်ငန်းမှာ မပြီးပြတ်မှီမှာပင် ဘုရားရှင်နှင့် သံဃာတော်များကြွလာသည်။ ပြီးစီးအောင် ပြင်ဆင်ဖို့ရာ အချိန်မရတော့။ ထိုနောက်ချက်ချင်းဆိုသလိုပင် သုမေဓာရှင်ရသေ့သည် မိမိခန္ဓာ ကိုယ်ကို ရွှံ့နွံအပေါ်ဝမ်းလျားမှောက်ကာ တံတားခင်းလိုက်သည်။ ဘုရားရှင်နှင့် နောက်ပါ ရဟန်း တော်များ မိမိကျောပေါ်မှကြွသွားပါစေ။ ဟုတ်တယ်လေ။ ဒီရွှံ့နွံအိုင်ကို ပြီးစီးအောင်မှ ဖို့ချိန် မရှိတော့တာ။

          ထိုအချိန်တွင် ရမ္မာဝတီမြို့သူ သူဋ္ဌေးသမီး သုမိတ္တာသည် ထိုမြင်ကွင်းရှေ့တည့်တည့်သို့ နောက်ပါအခြွေရံများနှင့်အတူ ရောက်လာသည်။ သူမှလက်ထဲမှာ ဘုရားရှင်ကိုလှူဒါန်းဖို့အတွက် ကိုင်ဆောင်လာသည့် ငွားငွားစွင့်စွင့်ကြီး လှချင်တိုင်းလှနေသည့် ကြာပန်းရှစ်ခိုင်မှာ သူမှ၏ အလှပေါ်အယဉ်ဆင့် တင့်လှသည့်အသွင်အောင်မှာတော့ အနည်းငယ်ညိုးနေသယောင်။

          ဘုရားရှင်ကို စိတ်ကနေလှမ်းကြည်ညိုလိုက်ပြီးနောက် ဘုရားရှင်ဂရုတစိုက်ကြည့်နေသည့် အရာကို အမှတ်မထင် လှမ်းကြည့်မိလိုက်သော သုမိတ္တာသူဋ္ဌေးသမီး၏ရင်ထဲမှာ ဖိုကနဲဖြစ်သွား သည်။ တစ်ခါမျှ မဖြစ်ဖူးသည့် လှုပ်ရှားမှုတစ်ခုကို ရင်မှာခံစားလိုက်ရသည်။ ဒီလိုငယ်ရွယ် ချောမော လှသည့် ရသေ့လေးက ဘုရားရှင်ရှေ့မှာ ဘာလို့ဝမ်းလျားထိုးနေတာလဲ။ ရင်မှာသနားသလိုလို စိုးရိမ်သလိုလို အမည်မသိဝေဒနာတစ်ရပ်ကို ခံစားလိုက်ရသည်။

          အရင်ရောက်နှင့်ကြသည့် ဘေးကလူများ တီးတိုးစကားက သုမိတ္တာ၏အတွေးအိမ်ကို ဖောက်ထွင်းသွားသည်။ မပြီးစီးသည့် မိမိတာဝန်ကို ခန္ဓာကိုယ်တံတားခင်းကာ လိုလိုလားလားပင် လှူတာတဲ့။ တန်ခိုးရှိပေမဲ့ ကိုယ်တိုင်ကိုယ်ကျ လုပ်အားပေးတာတဲ့……စသဖြင့် တီးတိုးစကားများက သုမိတ္တာ၏ တန်ပြန်အတွေးမြင်တန်းအောက်မှာ ပျောက်သွားပြန်သည်။ ဒီလောက်များပြားတဲ့ ရဟန်းတော်တွေများ သူ့ကိုပေါ်နင်းသွားရင် တစ်စစီဖြစ်တော့မှာပေါ့…………။

          ထိုအချိန်တွင် ရှင်ရသေ့လေး၏ ရင်တွင်းမှာတော့ ဘုရားရှင်ကို ကြည့်ညိုချက်က ခိုင်မာ သွားလေပြီ။ သတ္တ၀ါတွေအကျိုး လောကအကျိုးကို အမြင့်မြတ်ဆုံးသယ်ပိုးနိုင်သည့် ဘုရားရှင်ကို ဖူးမြော်ရပြီးနောက် မိမိကိုယ်တိုင်လည်း ဘုရားဖြစ်ချင်မိသည်။ ထိုနောက် မိမိဦးခေါင်းရှေ့တွင် ရပ်တန့်နေသော ဘုရားရှင်ကိုမော်ဖူးလိုက်ပြီးနောက် ဘုရားဖြစ်ရပါလိုကြောင်း ဆုတောင်းဖို့ စိတ်တွင် အခိုင်မာဆုံးဖြတ်လိုက်သည်။

          စိတ်စေ့ဆော်မှုကြောင့် ဘုရားရှင်နှင့် ရသေ့လေးတို့နေရာနှင့် နီးမှန်းမသိပင်နီးလာသော သုမိတ္တာမိန်းမပျိုလေးသည် ရသေ့ငယ်ကို သနားကရုဏာ အကြင်နာမျက်ဝန်းတို့ဖြင့် မမှိတ်မသုန် ကြည့်နေသော်လည်း ရသေ့လေး၏ တစ်စုံတစ်ခုကို ပြတ်ပြတ်သားသားလုပ်တော့မည့် ဆုံးဖြတ် ဟန်ကို ရှင်းရှင်းလင်းလင်းပင် မြင်လိုက်သည်။ ဘုရားရှင်ထံ ပြင်းပြသည့်ဆန္ဒတို့ဖြင့် မော်ကြည့်နေ သည့် ရသေ့လေးအတိုင်း မိမိအကြည့်များကိုလည်း ဘုရားရှင်ထံရွေ့လျားမိလိုက်သည်။ အော်….ကြည်ညိုဖွယ် အတိရှိလှသည့် မြတ်စွာဘုရား။

 လူပေါင်းများစွာတို့၏အာရုံတွင် ဘုရားရှင်နှင့် သံဃာတော်များကိုသာမက ဘုရားရှေ့မှောက်တွင် ၀မ်းလျားထိုးကာ တံတားခင်းနေသည့် ရသေ့ငယ်ကိုလည်း သတိမပြုပဲ မနေနိုင်လောက်ကိုပင် ဖြစ်ခဲ့ကြပြီ။ ထို့အတူ မိမိတို့မြို့တွင် အချောဆုံးလည်းဖြစ် မည်သူမေတ္တာပန်းကိုမျှ မပန်ဆင်၊ မိမိကို တောင်းရမ်းလာသူမှန်သမျှကိုလည်း ယဉ်ယဉ်ကျေးကျေး ခေါင်းခါခဲ့သည့်   နာမည်ကြီးသူဋ္ဌေးသမီး သုမိတ္တာ၏ ထူးဆန်းလှသည့် အမူရာကိုပါ သတိထားမိစေတော့သည်။

     သုမိတ္တာကတော့ ရသေ့လေးကလွဲရင် ကျန်တာကိုသိပ်သတိမထားမိပြန်တော့။ အညို့ ခံထားရသည့်သူပမာ ရသေ့လေးမျက်နှာမူရာကိုသာ လိုက်ကြည့်နေမိတော့သည်။ တစ်ဖန် မိမိ လက်ထဲမှာ ကိုင်ထားသည့် ကြာရှစ်ပွင့်ကိုကြည့်ရင်း ဝေခွဲမရဖြစ်နေသည်။ မိမိအကြည့်တွေသည် ဘုရားရှင်မျက်နှာ ရသေ့လေးမျက်နှာ ပြီးတော့ကြာပန်းများ ကူးချည်သန်းချည်။ ရင်တွင်းမှာလည်း ဘယ်သူ့ကိုဘယ်လောက်လှူရမလဲ…..။ ဒီလောက်လွယ်ကူနေတာကို သူမမှာရှုပ်နေသည်။ ပန်းရှစ်ပွင့်ပဲ။ လေးပွင့်စီခွဲလှူလိုက်ရင် ပြီးရောပေါ့….။

          နောက်ဆုံးမတော့ ပန်းရှစ်ပွင့်ကား အောင်မြင်စွာခွဲဝေပြီးလေပြီ။ ရသေ့လေးကို ပန်းငါးပွင့်။ ကျန်တဲ့သုံးပွင့်က ဘုရားရှင်ကိုလှူဖို့။ လူတွေကတော့ သူ့မဟန်ပန်ကိုနားမလည်ပေ။ ပန်းငါးပွင့်ကို ရသေ့လေးထံ အရင်လှူလိုက်သည်။ ရသေ့လေးကလည်း ကြည်ရွှင်စွာဖြင့် ပန်းငါးပွင့်ကို လက်ခံ လိုက်သည်။ အမျိုးသမီးငယ်၏ သဘောကိုလည်း ကောင်းစွာသိလိုက်ပြီ။ ထိုနောက်တွင်တော့ လက်ထဲရောက်လာသည့် ပန်းငါးပွင့်ကို မိမိကိုမမှိတ်မသုန် ကြည့်နေသည့် အမျိုးသမီးငယ်ရှေ့မှာပင် ဘုရားရှင်ထံလှူလိုက်တော့သည်။ ဘုရားဖြစ်ရပါလို၏လို့ နှုတ်ကဖွဖွလေးထွက်သွားသည်။ သို့ရာတွင် အများစုက ပီပီသသကြားလိုကရသည်။ ပြတ်သားခိုင်မာလှသည့် ဆုတောင်း။

          ထိုနောက်တွင်တော့ အားလုံးအကြည့်က ဘုရားရှင်ထံရောသွားကြပြန်သည်။ ဘုရားရှင် ဘယ်လိုတုန့်ပြန်မလဲ။ ရှင်းသန့်ကြည်လင်လှသည့် အသံတော်ဖြင့် ယနေ့ကစပြီး နောင်လေး အသင်္ချေနှင့် ကမ္ဘာတစ်သိန်းရောက်လျှင် ငါကဲ့သို့ပင် ဘုရားစင်စစ် မယွင်းဖြစ်လိမ့်မည်ဟု မိန့်တော်မူလိုက်သည်။ အားလုံးက ရသေ့လေးကို ကောင်းချီးပေးကြသည်။

          သုမိတ္တာ ………..သူမှ ဘာလုပ်မလဲ။ မဆိုင်းမတွပင် မိမိလက်မှာကျန်နေသည့် ပန်းသုံးပွင့် ကို ဘုရားရှင်ထံလှူလိုက်သည်။ ဤကောင်းမှုကြောင်း ဘ၀ဆက်တိုင်း ဘ၀ဆက်တိုင်း တွင် ရသေ့လေး၏ ပါရမီဖြည့်ဘက် အိမ်သူသက်ထား ဇနီးယားဖြစ်လိုပါကြောင်း ဆုတောင်းလိုက်သည်။ တွေဝေမှုမရှိသည့်ဆုတောင်း………။ လူအားလုံး တအံ့တသြဖြစ်နေချိန်တွင် မျှော်လင့်ချက်အပြည့် ယုံချက်အပြည့်တို့ဖြင့် ဘုရားရှင်ကို မော်ဖူးနေသည့် သုမိတ္တာလေး။ အဆုံးဘ၀တိုင် ဆင်မယဉ်သာ နောက်ကပါသည့်ပမာ ရသေ့လေး၏ ပါရမီဖြည့်ဘက် ဖြစ်လိမ့်မည်ဟု ဘုရားရှင်က မိန့်တော်မူ လိုက်သည်။

          ရောက်လာကြသည့် လူအားလုံးက ရသေ့လေးနှင့် သုမိတ္တာသူဋ္ဌေးသမီးလေးတို့၏ ဆုတောင်းပြီး ဘုရားရှင်မိန့်ကြားချက်ကို ကြားလိုက်ရတော့ ၀မ်းပန်းတသာ အားပေးလိုက်ကြသည်။ မလွဲမသွေ ဘုရားဖြစ်ပါစေ……..။ ထက်ကြပ်မကွာ ဘ၀မခြားဆက်တိုင်းညားပြီး ပါရမီဖြည့်ဘက် ကြင်သူ့နောက်ပါ မယ့်သက်လျာလည်းဖြစ်ပါစေ…။ အိမ်သူ့သက်ထား တန်ဖိုးထားအပ် မယားမြတ်လည်းဖြစ်ပါစေ………။

          ဘုရားရှင်နှင့် နောက်ပါရဟန်တော်များလည်း ရသေးဘေးမှလွှဲကာ ဆိုင်ရာခရီးကို ကြမြန်းသွားကြပြီ။ လူအုပ်ကြီးလည်း ဘုရားနှင့်သံဃာနောက်ပါးမှ လိုက်သွားကြပြီ။ ရသေ့လေးကား ၀မ်းလျားမှောက်နေဆဲ။ သုမိတ္တာလည်း မတ်မတ်ရပ်နေဆဲ။ ပတ်ဝန်းကျင်တွင် တိတ်ဆိတ်ချိန်တွင် ရသေ့လေးသည် မတ်မတ်ထရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ ပန်းလှူခဲ့တဲ့ အမျိုးသမီးလေးပဲ။ မိမိနဲ့ ဘ၀ဆက်ဆက် ပါရမီဖြည့်လိုသူလေးပဲ။ ထိုနောက် နှုတ်ဆက်အကြည့်ဖြင့် ကြည့်လိုက်ရင်း တောရပ်မြိုင်ဆီကို ဣနြေ္ဒရရ ဦးတည်လိုက်သည်။ မြင်ကွင်းကနေ တစ်ဖြေးဖြေးနှင့် ပျောက်ကွယ်သွားသည့်တိုင်အောင် ပီတိပြည့်လျမ်းသော မျက်ဝန်းအစုံတို့ဖြင့် စိုက်ကြည့်နေသော သုမိတ္တာမိန်းမငယ်လည်း မိမိအိမ်ရှိရာမြို့တွင်းသို့ တဖြည်းဖြည်းနှင့်လှမ်းတော့သည်။

          သုံးနဲ့လေးလို အသီးသီးကျောင်းခိုင်းသွားနေသည်ကို သုမိတ္တာရင်ထဲမှာတော့ ထိုကျောခိုင်း သွားသည့် ခြေလှမ်းတွေသည်ပင် တဖြေးဖြေးနှင့် နီးစပ်လာဖို့ဖြစ်ကြောင်း အခိုင်အမာ ယုံကြည် လိုက်သည်။ သူတို့အားလုံး နောက်ကိုပြန်သွားနေတာမဟုတ်တာ။ ရှေ့ကိုပဲ။ ယုံကြည်ချက်တူ ပန်းတိုင်တူသူတို့အဖို့ ခြေလှမ်းတိုင်းသည် နီးစပ်ဖို့ဖြစ်သည်မလား။ နားလည်မှုသည် ပိုင်ဆိုင်မှု ဆိုတာထက် ချစ်မေတ္တာနယ်ပယ်တွင် သာလွန်သည်။ မွန်မြတ်သည်။

          သုမေဓာလုလင်သည် ရှင်းလင်းသည့်အမြင်၊ ခိုင်မာသည့် ယုံကြည်ချက်၊ စစ်မှန်သည့် သဒ္ဓါတရားတို့ဖြင့် လူရပ်ကိုခွာပြီး တောရပ်မြိုင်ကို ဖန်ရည်စွန်းအ၀တ်ဖြင့်သာ ချဉ်းကပ်ခဲ့သည်။ ရသေ့ဖြစ်လာခဲ့သည်။
          သုမိတ္တာသည် လိုတိုင်းရတတိုင်းပြည့်သည့် သူဋ္ဌေးသမီးတစ်ဦးဖြစ်သည်။ ထိုထက် စဉ်းစား ချင့်ချိန်တတ်သည့် ပညာဥာဏ်နှင့်ပြည့်စုံသည်။ တတ်သိလိမ္မာသည်။ ပတ်ဝန်းကျင်၏ အလေးအမြတ်ပြုခြင်းကိုခံရသည်။

          သူတို့နှစ်ယောက်သည် ဆုံတွေ့ချိန်တွင် ပေါင်းဖက်ဖို့ရာ မဖြစ်နိုင်ကြောင်း သုမိတ္တာ ကောင်းစွာဘောပေါက်သည်။ ရူးမိုက်သည့် ဆုတောင်းမျိုးလို့ သာမန်လူတို့ ထင်ကောင်း ထင်ကြမည်။ သို့ရာတွင် မိမိအတွက် အဓိပ္ပါယ်ပြည့်ဝလှသည့် တောင့်တချက်ဖြစ်သည်။ ဘယ်တော့မှ နောင်တရမှာမဟုတ်သည့် ယုံကြည်ချက်လည်းဖြစ်သည်။

          သူမသည် ရသေ့လေးနှင့် ဒီဘ၀တွင် ဆုံဆည်းပေါင်းဖက်ခွင့် အများအမြင်တွင်မရလိုက်။ သို့ရာတွင် သိပ်ကိုအရေးကြီးလှသည့် တစ်နည်းအားဖြင့် ဘ၀ခရီးဖော်တို့အတွက် အသက်တမျှ အရေးကြီးလှသည့် နားလည်မှုကို ရလိုက်သည်ဆိုတာကို အားလုံးက မြင်ချင်မြင်လိမ့်မည်။ မမြင်သူလည်း ရှိကောင်းရှိပေမည်။ မည်သို့ပင်ရှိစေ မိမိကတော့ ဘုရားရှင်၏ အတည်ပြုချက်အပြီး ရသေ့ငယ်က မငြင်းဆိုခြင်းသည်ပင် မိမိမေတ္တာရဲ့ အောင်မြင်မှုတစ်ခု။ ဒါဟာ မိမိလို ချစ်တတ်သူတို့ ရလိုက်တဲ့ နားလည်မှုလေ။

          မိမိဘာဆုကို တောင်းခဲ့တာလဲ။ အားလုံးအသိ။ ပိုင်ဆိုင်လိုကြောင်းမဟုတ်။ ဖြည့်ဆည်းလို ကြောင်းဖြစ်သည်။ မိမိ၏ ချစ်ခြင်းမေတ္တာ……. အင်း………..အဲလိုပဲဆိုပါရစေတော့။ မိမိ၏ ချစ်မေတ္တာ တွေဟာ သူ့လိုအပ်ချက်ကို ဖြည့်ဖို့ပဲ။ သူ့ကို ပိုင်ဆိုင်ဖို့မှမဟုတ်တာ။ သူလိုအပ်ချိန်မှာ ကိုယ်ကဖြည့်ဆည်းပေးဖို့။ သူ့ကိုဖြည့်ဆည်းပေးလိုက်ရခြင်းဖြင့် နောက်ထပ်ရခဲ့တာတစ်ခုတော့ ရှိပါသေးသည်။ အဲဒါကတော့ ဒီလိုလုပ်ပေးနိုင်လို့ လုပ်ပေးခွင့်ရလို့ ကျေနပ်တယ်ဆိုတာပဲ။ ဟုတ်ပါရဲ့။ မိမိမှာ နားလည်ခြင်းအပြင် ကျေနပ်ခြင်းဆိုတဲ့ တစ်စုံတစ်ခုကိုလည်း ထပ်ရ လိုက်ပြန်သေးသည်။

          ကိုယ့်ရဲ့ဖြူစင်တဲ့ မေတ္တာစမ်းရေကြောင့် သူရဲ့စစ်မှန်တဲ့ ရနံ့ပြည့်ဝ ပန်းလှလှတွေ ပွင့်ပါစေ…။ လန်းပါစေ…။ အဲဒီရနံ့တွေကို ကမ္ဘာသူကမ္ဘာသားတွေ သက်ရှိတွေအားလုံး ရှူရှိုက် နိုင်ပါစေ..။ ၀တ်ရည်သောက်သုံး ပျားပိတုန်းတို့လည်း အလိုရှိတိုင်းလွေးနိုင်ကြပါစေ..။ မိမိ၏ မေတ္တာသည် အဖြည့်ခံဆုတောင်းကြောင့် မိမိရင်မှာ အတိုင်းမသိ ငြိမ်းအေးလှသည်။ ကြည်နူး ရသည်။ ထိုအတူ သတ္တလောကြီးတစ်ခုလုံး ငြိမ်းချမ်းပါစေသား……..။ အေးမြပါစေသား……..။

သူ (သရက်)