စိတ်ဓာတ် ဆင်းရဲကြသူများ
''ဆင်းရဲတဲ့ လူတွေများ ငွေကြေးဥစ္စာ ဆင်းရဲရုံတင် မကဘူး။ စိတ်ဓာတ် ကပါ အောက်တန်းကျ
ဆင်းရဲ လာကြတယ်'' ။
အထက်ပါ စကားကို ပြောလာတဲ့ သူက စာရေးသူရဲ့ ဆရာသမား တစ်ယောက်ပါပဲ။ စာရေးသူ ကိုယ်တိုင်လဲ
ဆင်းရဲတဲ့ မိသားစု အသိုင်းအဝိုင်း ကနေ မွေးဖွားကြီးပြင်း လာတဲ့ သူတစ်ယောက် ဆိုတော့
ဆရာသမား ဖြစ်သူရဲ့ စကားကို ကြားလိုက် ရတဲ့အခါမှာ အတော်လေး ဘဝင်မကျမှု ဖြစ်ရ ပါတယ်။ ဒါဟာ
သက်သက်မဲ့ ဆင်းရဲတဲ့သူ၊ ငွေးကြေးဥစ္စာ မပြည့်စုံ တဲ့သူတွေကို နှိမ့်ချချင်လို့ ပြောတာ
နေမှာပါလို့ စိတ်ထဲမှာလဲ တွက်ဆ မိလိုက် ပါတယ်။
ဒါပေမဲ့လဲ ဆရာသမား ဖြစ်သူက သူ့ဘဝ သက်တမ်း တစ်လျှောက် ဖြတ်သန်း လာခဲ့ရတဲ့ ဘဝ အတွေ့အကြုံအရ
ပြောနေတာ ဆိုတော့ တထစ်ချ မဖြစ်နိုင်ဘူးလို့ ငြင်းဆန်ဖို့ ဆိုတာလဲ မဝံ့မရဲ ဖြစ်မိပြန်
ပါတယ်။ စာရေးသူရဲ့ ခေါင်းထဲမှာတော့ အဲဒီ စကားလေးကို တစ်ထောင့် တစ်နေရာ မှာတော့
မှတ်သား ထားနိုင် ခဲ့ပါတယ်။ ဆရာသမား ဖြစ်သူ ပြောခဲ့သလို ဆင်းရဲတဲ့ သူတွေဟာ ငွေကြေးဥစ္စာ
ဆင်းရဲရုံတင် မကပဲ စိတ်ဓာတ် ပါ ဆင်းရဲ ကြတာလား ဆိုတာကို ဟုတ်၊ မဟုတ်၊ မှန်၊ မမှန် စိစစ်နိုင်ဖို့ရာ
အတွက်လဲ အမြဲတမ်း သတိထား စောင့်ကြည့် နေခဲ့ပါတယ်။
နောက်ဆုံးတော့ စာရေးသူ ကိုယ်တိုင်လဲ ဖြတ်သန်း ခဲ့တဲ့ဘဝ တစ်လျှောက် တွေ့ကြုံ ဆုံခဲ့ရတဲ့
လူသီးသီးနဲ့ ဆက်ဆံ ပြောဆိုခဲ့ ရတဲ့ အခါမှာ ဆရာသမား ဖြစ်သူရဲ့စကားလေးကို တဖြည်းဖြည်းနဲ့
ယုံကြည်မှု ရှိလာ ခဲ့ပါတယ်။ ဒါဟာလဲ စာရေးသူ တွေ့ကြုံ ဆက်ဆံခဲ့ ရတဲ့လူ တွေကြောင့်ပါပဲ။
ယခုနှစ် တစ်ရက်သော နေဝင်ခါနီး အချိန်လေးမှာ လူလတ်ပိုင်း ဒကာ တစ်ယောက် သရေ လွယ်အိတ်
တစ်လုံးကို လွယ်ကာ စာရေးသူတို့ ကျောင်းထဲကို ရောက်လာ ပါတယ်။ အဲဒီ အမျိုးသားရဲ့ ပြောပြချက်
အရသူဟာ ပဲခူးမြို့နယ် ကဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ရက် လောက်ကပဲ မန္တလေးမြို့ကို ရောက်လာ
ခဲ့တဲ့ အကြောင်း၊ ရောက်လာခြင်း အကြောင်း ကလဲ သူတို့ရွာကို မန္တလေးမြို့က နာမည်ကြီး အထည်ဆိုင်
တစ်ခုက အလုပ်သမား လာရှာလို့ လိပ်စာ ပေးသွားရာ ကနေ အခုလို လိုက်လာတယ် ဆိုတဲ့ အကြောင်း၊
နောက်ဆုံး ရှင်းရှင်း ပြောရရင် အခု မန္တလေးမြို့ကို အလုပ်လုပ် ချင်လို့ တကယ် လိုက်လာတဲ့
အခါမှာတော့ သူ့ရွာမှာ လာရှာတဲ့ လူကိုလဲ ဆက်သွယ်လို့ မရသလို အစောက ပြောတဲ့ဆိုင် တွေကို
လိုက်မေးပြန် တော့လဲ ဘယ်ဆိုင်ကမှ အဲဒီလို အလုပ်သမားလဲ မလိုကြောင်း၊ နောက်ပြီး ဘယ်သူ့ကို
မှလဲ နယ်မြို့တွေကို ဆင်းပြီး အလုပ်သမား ရှာခိုင်းလေ့ မရှိကြောင်း ကို ကြားသိ ရပါတယ်။
ဒါကတော့ အဲဒီဒကာ ဖြစ်သူရဲ့ ပြောပြချက် အရ အားကိုး တကြီးနဲ့ အလုပ်လုပ် ချင်လို့ လိုက်လာခါမှ
သူအလိမ် ခံလိုက်ရခြင်း ဆိုတဲ့ အကြောင်းတွေ ဖြစ်ပါတယ်။
အတိုချုပ် ပြောရရင် အခုသူဟာ မန္တလေးမြို့မှာ မသွားတတ်၊ မလာတတ် ဖြစ်နေပြီး ရွာက
ပါလာတဲ့ ပိုက်ဆံလဲ ကုန်ကာ ရွာပြန်ဖို့တောင် လမ်းစရိတ် (ရထားခ) မရှိတော့လို့ ငွေကျပ်၂၅ဝဝ
လောက် လာရောက် အကူအညီ တောင်းခံရခြင်း ဖြစ်ကြောင်း ပြောပြပါတယ်။ အဲဒီလူရဲ့ ပြောစကား
တွေကို နားထောင်မိပြီး ကိုယ်လို တောသူ၊ တောင်သား တစ်ယောက် အခုလိုမျိုး ဒုက္ခရောက် နေတာ
မြင်သိရတော့ စိတ်မကောင်း ဖြစ်မိတာ အမှန်ပါပဲ။
လူတွေကလဲ လုပ်ရက် လိုက်တာနော်လို့ စိတ်ထဲမှာ တွေးမိပြီး တစ်ထောင်တန် လေးသုံးရွက်
အဲဒီလူရဲ့ လက်ထဲကို ထည့်ပေးလိုက် ပါတယ်။ ထမင်းစားမှ စားရသေးရဲ့လားမသိဘူး ဆိုတဲ့ စေတနာနဲ့
ကျောင်းမှာ ရှိတာလေးနဲ့ ထမင်းစား သွားပါဦး လားလို့ ပြောတော့ မစားတော့ဘူး ဘုရား၊ ရထားနောက်ကျ
နေမှာစိုးလို့ .. တဲ့။ အဲဒါနဲ့ လမ်းမှာ ရေဆာရင် သောက်ရအောင် ရေသန့်ဘူး လေးနှစ်ဘူးကို
အိတ်နဲ့ ထည့်ကာ ထည့်ပေးလိုက် အပြီးမှာတော့ အဲဒီဒကာ ကျောင်းဝင်း အပြင်ဘက်ကို ပြန်ထွက်
သွားခဲ့တယ်။
''အရှင် ဘုရားတော့ အညာခံ ရပြီ ထင်တယ်နော်။ ပဲခူးထိ ပြန်ရောက် အောင် အဲဒီ နှစ်ထောင့်ငါးရာ၊
သုံးထောင် လေးနဲ့ ဘယ်လို လုပ်ပြီး လောက်င မှာလဲ။ ဒီကနေ ဘူတာကြီးကို သူဘယ်လို သွားမလဲ၊
ဆိုင်ကယ် တက္ကစီ ငှားစီးမယ် ဆိုရင်တောင် တစ်ထောင်၊ တစ်ထောင်ငါးရာ ပေးရတယ်။ အရှင်ဘုရား
စဉ်းစား ကြည့်ပေါ့...''။
အတူနေ ဦးပဉ္စင်းလေး တစ်ပါးက အထက်ပါ စကားဆို လာတော့ မဟုတ်လောက် ပါဘူးကွာ အမှန်တကယ်
ဒုက္ခရောက် နေလို့ အကူအညီ တောင်းတာ နေမှာပါလို့ တုံ့ပြန် ပြောလိုက်တယ်။ ပြောသာ ပြောလိုက်
ရတာပါ။ အဲဒီ ဦးပဉ္စင်းလေး ထောက်ပြတဲ့ စကားတွေကို ကြားရတော့ အစောက သဒ္ဓါတရား လေးတောင်
ဘယ်ရောက် သွားမှန်း မသိ၊ ရုတ်တရက် ပိုက်ဆံ လေးထောင် အတွက် နှမြောမိ သလိုတောင် ခံစား
လိုက်ရ ပြန်တယ်။
'' ပျောက်သောသူ ရှာရင်တွေ့ ၊ သေသောသူ ကြာရင်မေ့ '' တဲ့။ တကယ်တော့ လိုက်မရှာဘဲ
နဲ့ကို စာရေးသူတို့ ကျောင်းကနေ ပြန်သွားပြီး တစ်ပတ်လောက် ကြာတဲ့အခါ အဲဒီလူကို ဈေးချို
(၂၆) လမ်းက ဘတ်စ်ကား မှတ်တိုင် တစ်ခုမှာ ပြန်တွေ့ လိုက်ရခြင်း ဖြစ်ပါတယ်။ စာရေးသူတို့
ကျောင်းကို ရောက်လာတဲ့ ပုံစံအတိုင်းပဲ လွယ်အိတ် တစ်လုံးနဲ့ ပြန်တွေ့ လိုက်ရတဲ့ အဲဒီလူကို
စာရေးသူ ကောင်းကောင်း မှတ်မိ နေပေမယ့် သူကတော့ မှတ်မိပုံ မပေါ်ဘဲ စာရေးသူနား ကနေ ကပ်ရှောင်
သွားခဲ့တယ်။ စကားပြောဖို့ ကြိုးစားခဲ့ ပေမယ့်လဲ အထမမြောက် ခဲ့ပါဘူး။
ဘာပဲဖြစ်ဖြစ်..။ စာရေးသူ နားထဲမှာတော့ ''လူတွေများ ငွေကြေး ဥစ္စာ ဆင်းရဲရုံတင်
မကဘဲ စိတ်ဓာတ် တွေကပါ အောက်တန်းကျ ဆင်းရဲ လာကြတယ် ... ... '' ဆိုတဲ့ ဆရာသမား ဖြစ်သူရဲ့
စကားလေးကို ကြားယောင် မိရင်း အဲဒီလို လူမျိုးတွေကို စိတ်ဓာတ် ဆင်းရဲကြသူတွေ လို့ပဲ
သတ်မှတ် လိုက်ချင် ပါတော့တယ်။
အရှင်အဂ္ဂသာရ ( မန္တလေး )