စံနမူနာ
(၁)
မင်းတုန်းမင်းကြီးဆိုတာ အားလုံး သိတဲ့အတိုင်း သာသနာပြုမင်းကြီးပါ။ သူ့လက်ထက်မှာ
ကြီးကျယ်တဲ့ ပိဋကတ်တော်တွေကို ကျောက်ထက်အက္ခရာတင်ပြီး သံဂါယနာတင်ခဲ့တဲ့ မင်းကြီးပါ။
ယနေ့အချိန်အထိ ကမ္ဘာ့ အကြီးဆုံးစာအုပ်အဖြစ် ဂုဏ်ယူဖွယ်ရာ တည်ရှိနေဆဲပါ။ ပြောချင်တာ ကတော့
မင်းတုန်းမင်းလက်ထက်အခါက မင်းကြီးနဲ့ရွှေကျင်ဆရာတော်တို့ရဲ့ အဖြစ်အပျက်လေး တစ်ခုကိုပါ။
တစ်နေ့မှာ မင်းတုန်းမင်းက ရွှေကျင်ဆရာတော်အပါအဝင် ဆရာတော်ကြီးများကို နန်းတော်ကို
ပင့်ပါတယ်။ ဆရာတော်ကြီးများ နန်းတော်ထဲကို ရောက်နေကြပါပြီ။ မင်းကြီးကတော့ ရောက်မလာ
သေးပါဘူး။ ဒါနဲ့ ဆရာတော်တွေဟာ နန်းတော်ထဲ လျှောက်ကြည့်ကြတယ်။ အဲဒီလို လျှောက် နေရင်း
ရွှေကျင်ဆရာတော်ကြီးဟာ သစ်ပင်တစ်ပင်က တွဲကျနေတဲ့ သစ်ကိုင်းတစ်ကိုင်းကို လှမ်းကိုင်လိုက်တယ်။
တိုက်တိုက်ဆိုင်ဆိုင် ဆရာတော်ကြီးက သစ်ကိုင်းကို လှမ်းကိုင်နေစဉ်မှာပဲ မင်းတုန်းမင်းကြီး
ရောက်လာတယ်။
ဆရာတော်ကြီးဟာ မင်းကြီးရောက်လာပေမဲ့ သူကိုင်ထားတဲ့ သစ်ကိုင်းကို မလွှတ်ပစ်ဘဲ ကိုင်မြဲကိုင်ထားလိုက်တယ်။
သစ်ကိုင်းကို လှမ်းကိုင်ထားတာဆိုတော့ ဆရာတော်ကြီးရဲ့ ချိုင်းမွေး တွေလည်း ပေါ်နေတော့တာပေါ့။
ချိုင်းမွေးတွေပေါ်နေပေမဲ့ ဆရာတော်ကြီးကတော့ ကိုင်ထားတဲ့ သစ်ကိုင်းကို လုံးဝမလွှတ်လိုက်ပါဘူးတဲ့။ အဲဒီအခါ အခြားဆရာတော်များက “ရွှေကျင် ဆရာတော်က မင်းတုန်းမင်းကြီးကို
ချိုင်းမွေးတွေ ပြလိုက်တာပေါ့”လို့ ပြောကြတယ်။
(၂)
အထက်ပါအဖြစ်အပျက်လေးက ဘာမှ မဟုတ်သလိုလိုနဲ့ အဓိပ္ပာယ်အများကြီး ရှိပါတယ်။ မြတ်စွာဘုရားရှင်ရဲ့
ဂုဏ်ပုဒ်တွေ၊ ကြည်ညိုစရာတွေထဲမှာ အရေးကြီးတဲ့ ထူးခြားချက်တစ်ခုက “ဧဝရူပါ ကုဟနလပနာ ပဋိဝိရတော
သမဏော ဂေါတမော” – “မြတ်စွာဘုရားဟာ ကောက်ကျစ် စဉ်းလဲခြင်း၊ ဝါကြွားခြင်း၊ ဟန်ဆောင်ခြင်း၊
မြှောက်ပင့်ချီးမွမ်းခြင်းတို့ကို အထူးရှောင်ကြဉ်တော်မူ၏” ဆိုတဲ့ ဂုဏ်ထူးဝိသေသပါပဲ။
ဒီနေရာမှာ ကုဟန(စဉ်းလဲခြင်း)သုံးမျိုးအကြောင်း နည်းနည်း ပြောပါရစေ။
နံပါတ်(၁)က ပစ္စည်းလေးပါးကို သုံးဆောင်မှီဝဲတဲ့နေရာမှာ စဉ်းလဲခြင်း။ ဒကာတွေက သင်္ကန်း၊
ဆွမ်း၊ ကျောင်း၊ ဆေးဆိုတဲ့ ပစ္စည်းလေးပါး လာလှူတယ်ဆိုပါစို့။ အလှူခံတဲ့ရဟန်းက သင်္ကန်းတွေ
အများကြီး လိုချင်စိတ် ဖြစ်တယ်။ ပစ္စည်းလေးပါးတွေ အများကြီး ရချင်တယ်။ ဒါကြောင့် ဒကာတွေ
အထင်ကြီးသွားအောင်
“ဘုန်းကြီးပဲဗျာ … သင်္ကန်းတွေ အများကြီး မလိုပါဘူး။ သုသာန်သွား၊ အမှိုက်ပုံသွားပြီး
ပံသကူ သင်္ကန်း သွားကောက်ပြီး ဝတ်လည်း ရတာပါပဲ။ အဲ … ဆွမ်းတွေ အများကြီးပါလား၊ မလိုပါဘူးဗျာ၊
ဘုန်းကြီးပဲ ဆွမ်းခံစား ရတာပဲ။ အဲ … ကျောင်းလည်း မလိုပါဘူးဗျာ၊ သစ်တစ်ပင်အောက် နေလည်း
ရတာပဲ။ ဆေးလည်း မလိုပါဘူးဗျာ၊ နွားကျင်ငယ်ရေနဲ့ ဖန်ခါးသီးစား ရတာပါပဲ … ”စသဖြင့် ပြောတာဟာ
ရဟန်းတစ်ပါးအတွက် ကောက်ကျစ် စဉ်းလဲတာလို့ ဆိုပါတယ်။
ဒီနေရာမှာ သတိပြုရမှာက အဲဒီလို ပြောတိုင်း ကောက်ကျစ်စဉ်းလဲတယ်လို့ မဆိုနိုင်ပါဘူး။
အဓိကက လူတွေ အထင်ကြီးအောင်၊ ပစ္စည်းလာဘ်လာဘပေါအောင်၊ ကြည်ညိုသူများအောင် ပြောမှသာ ကောက်ကျစ်စဉ်းလဲတယ်လို့
ဆိုနိုင်ပါလိမ့်မယ်။
နောက် နံပါတ် ၂ က ဣရိယာပုထ်နဲ့ စပ်လျဉ်းပြီး ကောက်ကျစ်စဉ်းလဲတာ။ “အင်း လူတွေတော့
လာပြီ။ သူတို့ အထင်ကြီးပြီး ငါ့ကို တည်ကြည်တဲ့သူ၊ သမာဓိရှိတဲ့သူလို့ ထင်မြင်အောင် ဒီလိုလေး
ထိုင်ပြလိုက်မှ၊ ဒီလိုလေး နေပြလိုက်မှ၊ ဒီလိုလေး လမ်းလျှောက်ပြလိုက်မှ …”ဆိုတဲ့အတွေးနဲ့
လူတွေ အထင်ကြီးလေးစားအောင် ပြုလုပ်တာဟာ ရဟန်းတစ်ပါးအတွက် ကောက်ကျစ်စဉ်းလဲတာလို့ ဆိုပါတယ်။
ရဟန်းတစ်ပါးအတွက် ခန္ဓာကိုယ် လှုပ်ရှားပြုမူတာကအစ လူတွေ အထင်ကြီးအောင်၊ ပစ္စည်းလေးပါးဒကာတွေ
ပေါများအောင်ဆိုတဲ့ ရည်ရွယ်ချက်ပါနေရင် ကောက်ကျစ်စဉ်းလဲသူလို့ ဆိုပါတယ်။
နောက် နံပါတ် ၃ က စကားအရိပ်အမြွတ်ပြပြီး ကောက်ကျစ်စဉ်းလဲတာ။ “ဒီလို သပိတ်လေး လွယ်ထားလေ့ရှိသူဟာ
တကယ်တန်ခိုးကြီးတဲ့သူဗျ။ ဒီလို သင်္ကန်းကို ဝတ်ရုံလေ့ရှိသူဟာ တကယ်တန်ခိုးကြီးသူဗျ။ ဒီလို
ဂူထဲ နေတဲ့ဘုန်းကြီးဟာ တကယ်တန်ခိုးကြီးသူဗျ …”စသဖြင့် စကားအရိပ်အမြွတ်ပြပြီး ပစ္စည်းလာဘ်လာဘပေါအောင်
အားထုတ်တာဟာ ရဟန်းတစ်ပါးအတွက် ကောက်ကျစ်စဉ်းလဲတာလို့ ဆိုပါတယ်။
(၃)
ရွှေကျင်ဆရာတော်ကြီးနဲ့မင်းတုန်းမင်းကြီး အဖြစ်အပျက်မှာ ရွှေကျင်ဆရာတော်ကြီးဟာ မင်းတုန်း
မင်းကြီး လာတာကို တွေ့ပေမဲ့ အထက်မှာဆိုခဲ့တဲ့ နံပါတ် ၂ ကောက်ကျစ်စဉ်းလဲခြင်းဖြစ်မှာစိုးလို့
သစ်ကိုင်းကို ကိုင်မြဲတိုင်း ကိုင်ထားလိုက်တာပါ။ လာဘ်လာဘကို လိုချင်လို့၊ သူတစ်ပါးရဲ့
ကြည်ညို လေးစားမှုကို လိုချင်လို့ ရည်ရွယ်ချက်နဲ့ အမူအရာကို ပြင်တာဟာ ကောက်ကျစ်တဲ့အပြုအမူတစ်မျိုး
ဖြစ်တယ်လို့ ဆိုထားတာကိုး။
ရွှေကျင်ဆရာတော်ကြီးဟာ အဲဒီလောက်ထိ လေးစားကြည်ညိုဖွယ်ကောင်းပါတယ်။ ပစ္စည်းလာဘ် လာဘ၊
ကျော်ဇောမှု၊ လေးစားချီးမြှောက်ခံလိုမှု … စတာတွေကို ရလိုမှုနဲ့ ဘယ်လိုအပြုအမူမျိုးကိုမှ
မလုပ်ဘူးဆိုတဲ့ စံနမူနာကို ပြသွားသူလို့ ဆိုရပါမယ်။
(၄)
နောက်ထပ် လေးစားအတုယူဖွယ်ရာ အဖြစ်အပျက်တစ်ခုကို ပြောပြချင်သေးတယ်။ တစ်နေ့မှာ မင်းတုန်းမင်းကြီးဟာ
ရွှေကျင်ဆရာတော်ကို ဆွမ်းစားပင့်ဖို့ အမတ်တစ်ယောက်ကို လွှတ်လိုက် ပါတယ်။ အမတ်ရောက်တော့
ဆရာတော်က သင်္ကန်းရုံပြီး ကျောင်းကနေထွက်ဖို့ ပြင်နေပါပြီ။ ဒါနဲ့ မင်းကြီးက ဆွမ်းစားပင့်ခိုင်းလိုက်ကြောင်း
လျှောက်လိုက်တယ်။
ဆရာတော်ဟာ ဘာမှမပြောဘဲ ဆက်ကြွသွားတယ်။ အမတ်လည်း နောက်ကနေ ဘာမသိညာမသိ လိုက်သွားတော့
မန္တလေး တောင်ခြေက အဘိုးအဘွားနှစ်ယောက်ရဲ့ တဲလေးထဲကို ကြွသွားတာ တွေ့လိုက်ရတော့တယ်။
ဒါဟာလည်း ဆရာတော်ကြီးရဲ့ ကြည်ညိုစရာ စံနမူနာကောင်းတစ်ခုပါပဲ။ ရဟန်းတော်များအတွက် ချမ်းသာဆင်းရဲ၊
ဂုဏ်ရှိသူ၊ မရှိသူ၊ အာဏာရှိသူ၊ မရှိသူ မခွဲခြားဘဲ ဆက်ဆံရမယ်ဆိုတဲ့ စံနမူနာပြယုဂ်တစ်ခုပါပဲ။
(၅)
ဆရာတော်ကြီးဟာ အာဏာရှိသူတွေနဲ့ မလိုအပ်ရင် ဘာမှ တွေ့ဆုံပြောဆိုခြင်း မရှိပေမဲ့
လိုအပ်တဲ့အခါမှာတော့ ဘေးရှောင်နေတတ်တဲ့ဆရာတော်တော့ မဟုတ်ပါဘူး။ တစ်ခါက ထန်းပင်ရင်းတိုက်သား
ဦးဓမ္မသာမိအပါအဝင် ဆရာတော် (၃)ပါးကို ပုန်ကန်မှုပါမှာ ကြံရာပါတွေဆိုပြီး ကွပ်မျက်ဖို့
အမိန့်ပေးလိုက်ပါတယ်။
ပြည်သူတွေလည်း ဘုန်းကြီးတွေကို ဖမ်းတယ်၊ သတ်တော့မယ်ဆိုတော့ လှုပ်လှုပ်ရွရွ ဖြစ်ကြ၊
စိတ်မကောင်းဖြစ်ကြနဲ့ ပူပန်ကြတော့တာပေါ့။ ဒါနဲ့ မတ္တရာဆရာတော်၊ မင်းတဲဆရာတော်၊ မန္တလာ
ဆရာတော်တို့က “မောင်ရွှေကျင်ဆီ သွားကြပါဟ”ဆိုပြီး ဘုန်းကြီးဦးမဉ္ဇူကို လွှတ်လိုက်ကြပါတယ်။
ရွှေကျင်ဆရာတော်ဆီရောက်တော့ ည ၁ဝ နာရီရှိနေပါပြီ။ အကြောင်းစုံ လျှောက်ပြတော့ ရွှေကျင်ဆရာတော်က
“အင်း အင်း ကိုယ်ကျိုးနဲလို့၊ ကိုယ်ကျိုးနဲလို့၊ ဖြစ်မှ ဖြစ်ရပလေ၊ ပြောတော့ သာသနာ့ဒါယကာ၊
သာသနာ့ဒါယကာနဲ့၊ သံဃာတွေကို သတ်ပစ်ရင် ရာဇဝင်ရိုင်းတော့မှာပဲ။ ကိုင်း …. ခုတော့ မိုးချုပ်ပြီ။
ပြန်ကြဦး။ မနက်ကျမှ ကြွခဲ့မယ်”လို့ မိန့်လိုက်ပါတယ်။ မနက်စောစောရောက်တော့ ရွှေကျင်ဆရာတော်ကြီးဟာ
မင်းတုန်းမင်းကြီးထံ သွားပြီး မြည်တွန်ဆုံးမ သြဝါဒပေးလိုက်တဲ့အခါ ပြေလည်သွားတယ်လို့
ဆိုပါတယ်။
(၆)
လေးစားကြည်ညိုဖွယ်ရာအတိဖြစ်နေတဲ့ ရွှေကျင်ဆရာတော်ကြီးရဲ့ စံနမူနာပြလုပ်ရပ်တွေကို
သိရတော့ ယနေ့ခေတ်ရဲ့ ဒဏ်ရာအနာတရတွေကို တစ်ခုချင်း လှမ်းမြင်မိတယ်။ “ဆရာကလည်း ဆရာ၊ ဒကာကလည်း
ဒကာ၊ ဒဏ်ရာများနဲ့ကမ္ဘာ”လို့သာ ဆိုရတော့မယ် ထင်ပါရဲ့။ ဆရာတော်ကြီး ဟာ ဘာဖြစ်လို့ မင်းကြီးအပေါ်မှာ
သြဇာသက်ရောက်ရသလဲ … စဉ်းစားကြည့်တော့။ အစကတည်းက သိက္ခာသမာဓိနဲ့ နေခဲ့လို့ပါပဲ။
ဒါက သတိပြုသင့်တဲ့အချက်ပါ။ ကောင်းလို့ စွဲတာပဲဖြစ်ဖြစ်၊ လိုအပ်လို့ စွဲတာပဲဖြစ်ဖြစ်
ရဟန်းတစ်ပါးအတွက် ပါတီစွဲဟာ သာသနာအတွက် အန္တရာယ်ပါပဲ။ တိုင်းပြည်အတွက် တကယ် လိုအပ်တဲ့အခါ
ဘယ်ပါတီ၊ ဘယ်အစိုးရကိုပဲဖြစ်ဖြစ် အားမနာဘဲ ဝင်ရောက်ဆုံးမသြဝါဒပေးတတ်တဲ့ သီတဂူဆရာတော်ကြီးကတော့
ဒီနေ့ခေတ်ရဲ့ စံနမူနာပြပုဂ္ဂိုလ်ကြီးပါပဲ။
(၇)
စံနမူနာပြလုပ်ရပ်ကောင်းတွေကို ပြုလုပ်ဆောင်ရွက်တဲ့နေရာမှာ နောက်ကျတယ်ဆိုတာ မရှိပါဘူး။
သိတဲ့အချိန်က စဖို့တော့ လိုအပ်ပါတယ်။ ဆရာဘက်ပဲဖြစ်ဖြစ်၊ ဒကာဘက်ပဲဖြစ်ဖြစ် သူ့လက်ညှိုး
ထိုး၊ ကိုယ့်လက်ညှိုးထိုးနေလို့တော့ ဘာတိုးတက်မှုမှ ရှိမှာမဟုတ်ဘူး။ ဟိုထိုးဒီထိုး တဝီဝီထိုးနေတဲ့
လက်ညှိုးတွေကို ရုတ်သိမ်းလိုက်ပါ။ ကိုယ်တိုင်က စံနမူနာပြပါ။
တိုင်းပြည်က လက်ညှိုးတွေ လိုနေတာ မဟုတ်ပါ။ စံနမူနာလုပ်ရပ်တွေ လိုအပ်နေတာပါ။ တိုင်းပြည်က
ခေါင်းဆောင်ကောင်းချည်း လိုအပ်နေတာ မဟုတ်ပါ။ ပြည်သူကောင်းတွေလည်း လိုအပ်နေတာပါ။
အရှင်ကုသလသာမိ (အတည်မဲ့)
မှီငြမ်း
၁။ မဟာနိဒ္ဒေသပါဠိတော် စာမျက်နှာ ၁၇၂
၂။ ရိက္ခာနှင့်သိက္ခာ (ရဝေနွယ် - အင်းမ)