Sunday, June 9, 2013

ခေတ်ဆန်မှု နှင့် ခေတ်မီမှု


ခေတ်ဆန်မှု နှင့် ခေတ်မီမှု 

ခေတ်ဆန်သည် ခေတ်မီသည် ဆိုသော စကားများကို သာမန်အားဖြင့် ပြောဆိုနေကြ သော်လည်း အနှစ်သာရ အတိမ်နက်ကို မကွဲမပြား ဝေဝါးနေတတ်ကြပါသည်။
ခေတ်ဆန်သည် ဆိုသည်မှာ ဖြစ်သင့်ဖြစ်ထိုက်၊ ရှိသင့်ရှိထိုက်သည်ထက် ပိုလွန်၍ အစွန်းရောက်၊ သရုပ်ပျက်ခေတ်ဆန်ခြင်းကို ဆိုလိုသည်။ အချို့သော သာသနာ့ ဝန်ထမ်း ရဟန်း သာမဏေတို့သည် ဟိရီ သြတ္တပ္ပကိုမျှ မစောင့်စည်းပဲ လမ်းသရဲဆန် ဆန် ပြုမှုနေထိုင်ကြသည်။

ခေတ်ကာလ ပေါ်လာသမျှ အတုကို ယူကြသည်။ ဝိနည်း၊ စည်းကမ်း၊ သာသနာ့စည်း ကမ်းများကို အလေးမထား ဘေးဖယ်ပစ်ကြသည်။ “သီချင်းဆို၊ လက်ပတ်နာရီပတ်၊ လ္ဘက်ရည်ဆိုင်ထိုင်၊ စတိတ်ရှိုးကြည့်၊ ကာရာအိုကေ ဝင်ဆို၊ လမ်းသွားရင်း စီးကရက် သောက်၊ ချဲနံပါတ်ပေး၊ ချဲထိုး၊ စက်ဘီးစီး၊ ကားမောင်း၊ သာသနာနှင့် မလျော်သော ဝတ်ဆင်ခြင်း၊ စီးနင်းခြင်း” စသော ရုပ်ပျက်ဆင်းပျက် သရုပ်ပျက် အပြုမှုများသည် ခေတ်ဆန်သော အပြုမှုများဖြစ်သည်။

အချို့မှာ ခရစ်ယာန်တွေ့လျှင် ခရစ်ယာန်ဓမ္မတေးကိုပင် လိုက်ဆိုကြသည်။ ဤသည်ကို ရည်ညွန်း၍ ရှေးဆရာတော်ကြီးတစ်ပါးက- ခေတ်ဆန်လျှင် ခရစ်ယာန်ဖြစ် ဟုဆိုခဲ့သည်။
ဤကဲ့သို့ သာသနာတော်နှင့် မလျှော်သော အစွန်းရောက် ခေတ်ပေါ်အပြုမှုမှန်သမျှ လိုက်လုပ်ခြင်းများကို ခေတ်ဆန်သည် ဟုဆိုလို ခြင်းဖြစ်သည်။ ဤခေတ်ဆန်ခြင်းမျိုးကို သာသနာ့ဝန်ထမ်း ရဟန်း သာမဏေများ မလုပ်သင့်ပါ၊ အတုမယူသင့်ပါ၊ အတုယူ၍ လိုက်လုပ်လျှင် သာသနာပျက်စီးရာ ပျက်စီးကြောင်းဖြစ်နိုင်ပါသည်။

တာဝန်ရှိသူ ဆရာသမားများက အဆိုပါ ခေတ်ဆန်သည့် တပည့်များကို ကြပ်ကြပ်မတ် မတ် ထိန်းသိမ်းပေးရမည်၊ ပြုပြင်ပေးရမည်။ သို့မှသာ အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့၊ ဆရာတို့၊ ကျင့်ဖို့ ဝတ်ငါးဖြာ- ဟူသော ဆရာ့ ကျင့်ဝတ် ကျေပွန်နိုင်ပါမည်။

တပည့်များကလည်း ဆရာသမား၏ ကောင်းရာကောင်းကြောင်း မပျက်စီးရာ မပျက်စီး ကြောင်း တိုးတက်ရာတိုးတက်ကြောင်း ဆုံးမပဲ့ပြင်မှုကို လေးလေးစားစား လိုက်နာမှ သာလျှင် ညီညာထကြွ ဆုံးမနာယူ- စသော တပည့်ကျင့်ဝတ် ကျေပွန်သော တပည့် ကောင်းများဖြစ်နိုင်ပါမည်။
လောက၌ ကြီးပွါးတိုးတက်မှု မှန်သမျှသည် များသောအားဖြင့် ကောင်းရာ ကောင်း ကြောင်း ညွှန်ပြဆုံးမမှုကို မှတ်သားနာယူ လိုက်နာခြင်းဖြင့်သာ ပြီးစီးရသည်။

လူငယ်တို့အတွက်ကား….. ဆုံးမနာယူခြင်းဖြင့်သာ ကိစ္စပြီးစီးရသည်။ ထိုကြောင့် ဆရာ သမားများကလည်း ပြောဆိုဆုံးမသင့်သည်ကို ပြောဆိုဆုံးမရမည်၊ လမ်းညွှန်ကောင်း ပေးရမည်၊ တပည့်များကလည်း ဆရာသမားများ၏ ဆုံးမပဲ့ပြင်မှု လမ်းညွှန်မှုတို့ကို ကျိုးနွံစွာ လိုက်နာကြရမည်။ သို့မှသာ ပစ္စုပ္ပန် သံသရာ နှစ်ဖြာ တိုးတက်ကြပေမည်။

အရောင်းအဝယ်မှားလျှင် တစ်ချက်ဒုက္ခရောက်မည်၊
လင်ယူမှားလျှင် တစ်သက် ဒုက္ခရောက်မည်၊
ဆရာမှားလျှင် တစ်သံသရာလုံး ဒုက္ခရောက်မည်။
အဇာတသတ်သည် ဆရာဒေဝဒတ်ကြောင့် ယနေ့တိုင်အောင် ဒုက္ခရောက်နေဆဲ ဖြစ် သည်။ ထိုကြောင့် ဆရာသမားများကလည်း ကောင်းရာ ကောင်းကြောင်း ညွှန်ပြရမည့် တာဝန်ရှိသည်။ တပည့်များကလည်း ဆရာ့စကားကို မြေဝယ်မကျ လိုက်နာဖို့ တာဝန် ရှိသည်။ သို့မှသာ ဆရာကောင်း တပည့်ပန်းကောင်းပန် ရမည် ဖြစ်သည်။

ခေတ်မီမှု
ခေတ်- ဆိုသည်မှာ မိမိပါဝင်ပတ်သတ်နေသော အခြေအနေနှင့် အချိန်အခါ ဖြစ်သည်။ မီ- ဆိုသည်မှာ ပြည့်မီခြင်း၊ ထိရောက်ခြင်း၊ ဝင်ဆံ့ခြင်း အထွတ်အထိပ်ရောက်ခြင်း ထပ်တူထပ်မျှ ဖြစ်ခြင်း နောက်ကျ မကျန်ခြင်း စသည်တို့ဖြစ်သည်။
ခေတ်မီ- ဆိုသည်မှာကား ခေတ်ကာလ အခြေအနေ ဒေသအခြေအနေ ဟူသော ကာလံ၊ ဒေသံနှင့် လိုက်လျောညီထွေဖြစ်အောင် ကျင့်သုံးတတ်မှု၊ အံဝင်ခွင်ကျဖြစ်မှု အောင်မြင်အောင် ဆောင်ရွက်နိုင်မှု အများလက်ခံနိုင်အောင် ဆောင်ရွက်နိုင်မှု စသည် တို့ ဖြစ်သည်။

လောကုတ္တရာ အရေးပင်ဖြစ်စေကာမှု ကာလံဒေသံနှင့် လိုက်လျောညီထွေရှိဖို့ လိုအပ် သည်။
ဥပမာ- သမာပတ်ဝင်စားရာ၌ပင် လူ့ပြည်၌ဖြစ်လျှင် ၇-ရက်ထက် ပို၍မဝင်စားနိုင်၊ ဗြဟ္မာ့ပြည်၌ကား အလိုရှိသလောက် ဝင်စားနိုင်သည်။ အခြားသော လောကုတ္တရာရေး ရာတို့၌ လည်း ဆောင်း၊ နွေ မိုး- ကာလ၊ နံနက် နေ့ ည-ကာလ၊ လူ့ပြည် နတ်ပြည် စသော ဒေသ၊ မြို့ ရွာ တော စသော ဒေသ တို့အားလျော်စွာ လိုက်နာကျင့်သုံးရသည်။

ဤသည်ကို သမ္ပဇဉ်တရား ၄ပါးဟုလည်းကောင်း၊ ဌာနာဌာန ကောသလ္လဥာဏ်- ဟု လည်းကောင်း ကျမ်းဂန်များ၌ အဆိုရှိသည်။ ဖော်ပြခဲ့သည့်အတိုင်း လောကုတ္တရာရေး မှာပင် အခြေအနေနှင့် အချိန်အခါ လိုက်လျောညီထွေရှိဖို့ လိုအပ်သေးလျှင် လောကီ ရေးရာများ၌ကား အထူးပြောစရာ မလိုတော့ပေ။

သာသနာပြုရာ၌ လောကသား ရဟန်း ရှင် လူများအတွက်
ပရိယတ် = အသိ
ပဋိပတ် = အကျင့်များကို ဖြန့်ဝေပေးခြင်းဖြစ်၍ များသောအားဖြင့် လောကီရေးရာများ သာ ဖြစ်သည်၊ ဝေနေယျ စရိုက်နှင့် လျော်အောင် ဟောရသည်၊ ပြောရသည်၊ သိမ်းသွင်းရသည်။ လှေနံဓားထစ် တသတ်မတ်တည်း ကျင့်သုံး၍မရ၊ ဒူးနေရာ ဒူး၊ တော်နေရာ တော်၊ ကျင့်သုံးရသည်။
တရားဟောရာ၌လည်း မင်္ဂလာဆောင်မှာ အသုဘတရား ဟောလို့မရသလို ရှင်ပြုအလှူ ၌လည်း ကထိန်တရားဟောလို့ မသင့်မြတ်လှပေ။

ဘုရားရှင်သည်ပင် ဝေနေယျတို့၏ အဇ္ဈာသယနှင့် စရိုက်ကိုလိုက်၍ တရားဟောကြားရ သေးသည်။
စရိုက်ကို မသိပဲ နောင်တော်ဖြစ်သူ၏ အတင်းအကြပ် စာကျက်ခိုင်းမှုကြောင့် ရှင်စူဠပန် သည် တစ်ဂါထာမျှကိုပင် တစ်ဝါတွင်းလုံး ကျက်မရပဲ အချည်းနှီး ဖြစ်ခဲ့ရသည်။ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးသည်ပင် ပန်းထိမ်သည် ဖြစ်ခဲ့ဖူးသော အမျိုးသား တစ်ယောက်အား ကမ္မဋ္ဌာန်းပေး မှားခဲ့မှုကြောင့် ထိုအမျိုးသား အချိန်ကုန်လူပန်း အကျိုး မရ ဖြစ်ခဲ့ရဖူးသည်။

စာသင်တိုက်များ စာသင် စာချရာ၌လည်း ခေတ်နှင့် အံဝင်ခွင်ကျဖြစ်အောင် သင်ကြား ပို့ချပေးဖို့ လိုအပ်သည်။ ယနေ့စာသင်သားတို့ကို ယနေ့စနစ်နှင့် သင်ကြားပေးမှသာ လျှင် ထိရောက်အောင်မြင်နိုင်သည်။ စာသင်သားက ယနေ့စာသင်သား စနစ်က လွန်ခဲ့ သော နှစ်ပေါင်း တစ်ထောင်ကျော်က စနစ်ဖြစ်နေလျှင် လူနှင့်မူ မကိုက်ညီခြင်းကြောင့် အကျိုးဖြစ်ထွန်းသင့်သလောက် မဖြစ်ထွန်းတတ်ပေ။

သု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သိ၊ ဓာ၊ အက္ခရာစွဲသုံး၊ ဤရှစ်လုံးကို၊ သီကုံးပန်းသွင်၊ နေ့တိုင်း ဆင်လော့ စသော မူစနစ်မျိုးကား အချိန်တိုင်း၌ လိုအပ်သည်။ ယနေ့တိုင်အောင် ခေတ်မီနေသေးသည်။
ပေ၊ ကညစ်၊ ပုရပိုက်၊ မီးသွေးသုတ် သစ်သားသင်ပုံး၊ ကန့်ကူဆံစသော စနစ်များကို ယခုခေတ်လူများ မသုံးတော့၊ သုံးနေလျှင်လည်း ခေတ်မမီတော့ပေ။

သတိ သမာဓိ အားကောင်းသော ရှေးခေတ်က နားတခုတည်းကို အသုံးပြု၍ ညဉ့်မှောင်ထဲ၌ ညဝါ ပို့ချ ခဲ့သည်။ သူ့ခေတ် သူ့အခြေအနေနှင့် အောင်မြင်ခဲ့ပါသည်။
သတိ သမာဓိ အားနည်း လာသော ယနေ့ခေတ်၌ကား နားတစ်ခုတည်းကို အသုံးချရုံနှင့် မလုံလောက်တော့ပေ။

စကားလုံးတစ်သောင်း ပုံကောင်းတစ်ခု
“ စကားလုံးတစ်သောင်း ပုံကောင်းတစ်ခု” ဆိုသကဲ့သို့ မျက်စိရော နားရော နှစ်ခုလုံး အသုံးချလျက် နှုတ်ကလည်းပြော ဘောများ ပိတ်ကားများ ဇယားများဖြင့် ဆွဲဆောင် သင်ကြားနေမှုများက ပိုမိုအောင်မြင်နေသည်မှာ လက်တွေ့ပင်ဖြစ်သည်။

ရူပလောကေ ပန ဃာနာဒိတ္တယံ နတ္ထိ
ဆိုသည့်အတိုင်း ငါးဖြာအာရုံ ကာမဂုဏ်ကို မလိုလားသော ရူပဗြဟ္မာများသည်ပင် ဘုရားဖူးခြင်း တရားနာခြင်း စသောအကျိုးထူးလုပ်ငန်းများအတွက် မျက်စိနှင့်နား လိုအပ်နေသေးသည်။ စာသင်ကြားရာ တရားဟောရာတို့၌ မျက်စိနှင့်နား နှစ်မျိုးစလုံးကို အသုံးချဆွဲဆောင်မှသာ ပို၍ ထိရောက် အောင်မြင်နိုင်ပါသည်။

သာသနာပြုလုပ်ငန်းလုပ်ရာ၌ ကာလံ ဒေသံနှင့် ကိုက်ညီအောင် ပြုလုပ်မှသာ အောင် မြင်သော သာသနာပြု လုပ်ငန်းဖြစ်နိုင်သည်။ ယနေ့ခေတ်အခါမှာ ရှိနေသော ပုဂ္ဂိုလ်များ ကို မိမိအလိုသို့ ပါအောင် သိမ်းသွင်းရာ၌ ယနေ့အခြေအနေ ယနေ့အချိန်အခါနှင့် ကိုက် အောင် သိမ်းသွင်းရမည်။ ဤသည်ကို ခေတ်မီသည် ဟုဆိုသည်။ ခေတ်နှင့်လျော် အောင် သိမ်းသွင်းနည်းမျိုးကို ဆိုလိုသည်။ သာသနာနှင့် မလျော်သော ခေတ်ဆန်မှုမျိုး ကို ဆိုလိုသည်မဟုတ်။

သာသနာသက်တမ်း သတ်မှတ်ရာ၌--- သာသနာ ၅၀၀၀ စသောသတ်မှတ်ချက်သည် အချိန်တိုင်း နေရာတိုင်း မကိုက်ညီနိုင်၊ ဤသတ်မှတ်ချက်မျိုးသည် ခေတ်မီသော သတ် မှတ်ချက်မျိုး မဖြစ်နိုင်ပေ။
“ ကောင်းစွာ ကျင့်ကြံနေသမျှ ဤလောက၌ ရဟန္တာ မဆိတ်သုဉ်း” ဟူသော ဒီဃ နိကာယ် မဟာပရိနိဗ္ဗာနသုတ်၌ မြတ်စွာဘုရား မိန့်ကြားတော်မူအပ်သော သတ်မှတ် ချက်သည် မည်သည့်အခြေအနေ မည်သည့်အချိန်အခါမဆို ကိုက်ညီနေသည်။ ခေတ်မီ သော သတ်မှတ်ချက်ဖြစ်သည်။

စာပေသင်ကြားခြင်း စီမံခန့်ခွဲခြင်း ဆက်ဆံခြင်း ဟောပြောခြင်း ရေးသားခြင်း ထိန်းသိမ်း ခြင်း စသော အရာခပ်သိမ်း၌ လက်ရှိခေတ်အခြေအနေနှင့် မဆန့်ကျင့်နေသမျှ လိုက် လျောညီထွေဖြစ်နေသမျှ ခေတ်မီသည်ဟု ဆိုရမည်။ ခေတ်နှင့် ဆန့်ကျင်နေလျှင် ခေတ် နှင့် အံမဝင်လျှင် ခေတ်နောက်ကျနေမည်သာဖြစ်သည်။ ခေတ်မမှီပဲ ခေတ်နောက်ကျ နေသူသည် လက်ရှိခေတ်၌ အောင်မြင်အောင် သာသနာပြုနိုင်မည်မဟုတ်။

အင်္ဂလိပ်ဘာသာကို နားလည်သူကို အင်္ဂလိပ်ဘာသာဖြင့် သာသနာပြုရမည်။ ဂျပန် ဘာသာကိုသာ နားလည်သူကိုလည်း ဂျပန်ဘာသာဖြင့် သာသနာပြုရမည်။ အင်္ဂလိပ်စာ၊ ဂျပန်စာ စသည့် နိုင်ငံခြားဘာသာရပ်များ သင်ယူသူတိုင်းကို ခေတ်ဆန်သောအလုပ် သာသနာဖျက် အလုပ် ဟု မဆိုသင့်ပေ။

အရာရာတိုင်း၌ ဝင်ဆန့်သူ အမြင်ကျယ်သူများကို ခေတ်မီသူများဟု ဆိုရပေမည်။
မြင်မှ-
မြင် မမြင်ကို
မြင်သည်
ဟု ဆိုသော ဝပ္ပထေရဂါထာ စကားကဲ့သို့ မျက်စေ့ကောင်းသူသည် မျက်စေ့ကောင်းသူ မကောင်းသူ အားလုံးကို မြင်နိုင်သည်။

သိမှ
သိ မသိကို
သိသည်
ဟူသော ဒီပဲရင်းဆရာတော် အဆိုကဲ့သို့
အသိညဏ်ရှိသူသည်
အသိညဏ်ရှိသူ မရှိသူ
အားလုံးကို သိနိုင်သည်။

အမြင်ကျယ်သူသည်သာ အရာရာ၌ ဝင်ဆံ့နိုင်သည်။ အမြင်ကျယ်သည့်အတိုင်း အခြေအနေနှင့် အချိန်အခါ ကိုက်ညီအောင် ဆောင်ရွက်တတ်သူသည် ခေတ်မီသူ ဖြစ်သည်။
အမြင်ကျဉ်းမြောင်းလျက် လောကကို အရွဲ့တိုက်ပြီး အခြေအနေနှင့် အချိန်အခါ ကိုက် ညီအောင် မဆောင်ရွက်တတ်သူသည်ကား ခေတ်မီသူမဟုတ် ခေတ်နောက်ကျသူ သာဖြစ်သည်။ လောက၌ ဝင်ဆံ့မည် မဟုတ်၊ လောကအပြင်ဘက် ရောက်နေမည်သာ ဖြစ်သည်။

ထိုကြောင့်
၁။ ပရိယတ်ဖြင့် သာသနာပြုသည်ဖြစ်စေ
၂။ပဋိပတ်ဖြင့် သာသနာပြုသည် ဖြစ်စေ
အမြင်ကျယ်သူ၊ ခေတ်မီသူဖြစ်မှသာ မိမိ၏ သာသနာပြုလုပ်ငန်း အောင်မြင်မည်ဖြစ် ကြောင်း တင်ပြရင်း… “ ခေတ်ဆန်မှုနှင့် ခေတ်မီမှု” ဆောင်းပါးကို နိဂုံးချုပ်အပ်ပါ သတည်း။

ဆရာတော် ဦးတိလောကာဘိဝံသ
(၂၀၀၂-ခုနှစ်၊ ဖေဖော်ဝါရီလထုတ်၊ ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့ မစိုးရိမ်ပရိယတ္တိစာသင်တိုက်၊ ရွှေရတု မော်ကွန်းစာစောင်နှင့် ၂၀၀၃-ခုနှစ် ဇန်နဝါရီလထုတ်၊ မြတ်သတိဝါဒီ သဒ္ဓမ္မမဂ္ဂဇင်းတို့မှ)

http://www.inseinywama.info