ကံအမှောင်နဲ့ ဥာဏ်အရောင်
တခါတုန်းက သာဝတ္ထိပြည်ကြီးနဲ့ မနီးမဝေးလှတဲ့ ရွာလေးတစ်ရွာမှာ
လယ်သမားမိသားတစု ရှိပါသတဲ့၊ သားမိသားဖ သုံးယောက်ရယ်၊ လယ်ရှင်မရဲ့ မောင်ရယ်၊
အားလုံး လေးယောက်ပေါ့ကွယ်။
သူတို့ဟာ လယ်ယာလုပ်ကိုင်စားသူတွေပီပီ တနေ့မှာတော့ “မိုးမသောက်ခင်က ခလောက်ကယ် ဂျောင်ဂျင်” ဆိုသလို နံနက်စောစောကတည်းက ယောက်ျားသားသုံးဦးဟာ လယ်ယာကွက်ဆီကို လာကြပါသတဲ့။
အဲဒီနေ့မှာဘဲ သာဝတ္ထိပြည့်ရှင် ကောသလ ဘုရင်ကြီးရဲ့ နန်းတော်မှာ ရေထုတ်ပေါက်ကနေဝင်ပြီး ရတနာတွေ အခိုးခံရပါရောတဲ့၊ ဒီတော့ ဘုရင့်ရဲမက်တော်တွေဟာ သူခိုးတွေကို လိုက်လံရှာဖွေ ဖမ်းဆီးကြရင်း သူတို့လယ်ထွန်နေရာ တောစပ်ကို ရောက်လာကြကာ တောထဲကို ဝင်ရောက်သွားတယ်ထင်ရတဲ့ သူခိုးတွေကို မမိတော့ ရဲမက်တွေဟာ ဘုရင်ကြီးငြိုငြင်မှာ စိုးပြီး တရားခံပြဖို့ အဲဒီလယ်သမား သုံးယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားကြပါလေရော။
“ဟင် … ရဲမက်တွေကလည်း နွယ်နီတို့ ကြည့်ဖူးတဲ့ ရုပ်ရှင်ထဲက ရဲတွေနဲ့ တူတယ်နော် ဘုန်းဘုန်း”
“နွယ်နီကလည်း နင်ပြောတဲ့ ရုပ်ရှင်တွေ ဘုန်းဘုန်းက ဘယ်ကြည့်ဖူးမှာလဲဟ”
“ကိုကောင်းတို့ နွယ်နီတို့ကလဲ လေကိုရှည်တယ်၊ ယမင်းတို့ နားထောင်ရတာ ဇိမ်ပျက်တယ်၊ ဘုန်းဘုန်း ဆက်သာပြော”
“အေး … အေး ပြောမှာပေါ့ကွယ်၊ အဲဒီလို ဖမ်းဆီး ခေါ်ဆောင်သွားပြီး မကြာခင်မှာပဲ လယ်ရှင်မဟာ ထမင်းပို့ဖို့ လိုက်လာပါသတဲ့၊ လင်သားနဲ့ သားရယ်၊ မောင်ရယ်တို့ ဆာရှာရော့မယ်ဆိုတဲ့ အတွေးနဲ့ သုတ်သုတ် လှမ်းလာပါသတဲ့၊ ဒါပေမယ့် သူ့ခမျာ လယ်တောလဲ ရောက်ရော မောစရာ ကြုံရပါလေရော၊ ခါတိုင်းဆို တေးတဟိုဟိုနဲ့ ထွန်ယက်နေတတ်တဲ့ သူ့လင်၊ သူ့မောင်နဲ့ သူ့သားငယ်တို့ကို အရိပ် အယောင်တောင် မတွေ့ရဘူးတဲ့၊ နွားတွေနဲ့ ထွန်တုံးတွေသာ လယ်ကွက် ထဲမှာ ဒီအတိုင်းတွေ့ရတော့ လင်ရေ … သားရေ … မောင်ရေ … တကြော်ကြော် အော်ခေါ်ရှာသတဲ့၊ တောရဲ့ ပဲ့တင်သံသာ ကြားရပြီး ပြန်ထူးသူ မရှိဘူးပေါ့ကွယ်၊ သူ့ခမျာ ပူပင်စိတ်နဲ့ အော်ရင်းခေါ်ရင်း၊ ပြေးရင်းမေးရင်းနဲ့ ဆောက်တည်မရ ဖြစ်နေရှာသတဲ့၊ နောက်တော့မှ လူတစ်ဦးရဲ့ သတင်းပေးမှုကြောင့် နံနက်ဝေလီဝေလင်းကပင် ဘုရင့်ရဲမက်တော်တွေ ဖမ်းဆီးသွားတဲ့ အကြောင်း သိရလိုက်ရသတဲ့။
ဒါနဲ့ … တခါတည်း ဘုရင့်နန်းတော်ဆီ ဒုန်းစိုင်းတော့တာပေါ့ကွယ်၊ သူဘုရင့် နန်းရင်ပြင်ကို ရောက်တဲ့အခါမှာတော့ ဘုရင်ကြီးဟာ မင်း မိဖုရား မင်းညီ မင်းသား မှူးမတ်ရံရွေတော်တွေနဲ့ ညီလာခံ ကျင်းပ နေချိန်ဖြစ်ပါ သတဲ့။
ရောက်တာနဲ့ လယ်သူမဟာ “အို .. အရှင် မင်းကြီး အဝတ်ပေးပါ၊ အဝတ်ပေးပါနဲ့ အော်ဟစ် တောင်းလိုက်ပါရောတဲ့၊ သူ့အသံကို ဘုရင်ကြီးကြားတော့ ရှေ့တော်မှောက်သွင်းစေသတဲ့၊ ဟေ့ တောသူမ၊ ဘာကြောင့် အဝတ်တောင်းရတာလဲ၊ သင့်မှာ ဝတ်ဆင်စရာ မရှိလေရော့သလားလို့ မေးတဲ့အခါ လယ်သူမက “အရှင်မင်းကြီး ကျွန်မတောင်းတာက ပကတိ အဝတ်အထည်ကို မဆိုလိုပါ၊ အဝတ်အထည်သည် အရှက်တရားကို လုံခြုံစေသကဲ့သို့ ကျွန်တော်မ၏ဘဝကို လုံခြုံစေသော အဝတ်နှင့်တူသည့် ယောက်ျားသနာ အားကိုးရာကို တောင်းခြင်းဖြစ်ပါသည်” လို့ လျှောက်တင်လိုက်သတဲ့။ သင့်မှာ မရှိလို့လား စသည်ဖြင့် စစ်မေးတဲ့အခါ သူ့ခင်ပွန်းနှင့် သား၊ မောင်တို့ကို ရဲမက်တွေဖမ်းသွားကြောင်း လျှောက်လိုက်တော့ ဘုရင်ကြီးဟာ ဖြစ်ပုံအကြောင်းစုံကို သိသွားပါရော။
မစစ်မမေးရသေးပဲ လွှတ်ပေးလို့မဖြစ်၊ သို့သော် သင့်ကိုစောင့်ရှောက်ရန် တဦးဦးကိုတော့ လွှတ်ပေးမည်၊ သင့်ကြိုက်ရာကို ရွေးချယ်တောင်းယူပေတော့လို့ ဘုရင်ကြီးက ခွင့်ပေးလိုက်တဲ့ခါ၊ လယ်သူမခမျာ ခုမှ ပိုလို့အခက် ပွေရပါသတဲ့၊ သားရယ် … လင်ရယ် … မောင်ရယ်၊ ဘယ်သူ့ကို တောင်းရမှန်းမသိဘဲ မိန်းမောတွေဝေ နေရှာသတဲ့။
“ဟုတ်တယ်နော်၊ ဘယ်သူ့ကို ရွေးရမယ် မသိဘူး”
“ဘယ်သူ့ကို ရွေးလဲဟင် ဘုန်းဘုန်း”
“အဲ ပဟေဠိ အဖြေညှိကြတာပေါ့ကွယ်၊ ကဲ … ဒီနေရာမှာ လယ်သူမ နေရာမှာ သားတို့ သမီးတို့ ရှိနေရင်ကော ဘယ်သူ့ကို ရွေးမလဲ၊ အဲဒါလေးအရင် စဉ်းစားဖြေကြပါဦး”
သူတို့လေးတွေ မျက်လုံးလေးတွေ တောက်တောက်နှင့် စဉ်းစားနေကြဟန်ပင်၊ စဉ်းစားတွေးခေါ်ခြင်း အလေ့ဟာ ပျိုးထောင်ပေးသင့်တဲ့ ဓလေ့ကောင်းပေဘဲ၊ အဖြေမှန်ခြင်း၊ မမှန်ခြင်းက ဒုတိယ၊ စဉ်းစားပြီး ဖြေဆိုရဲဖို့က ပထမလို့ သူတို့လေးတွေကို သင်ကြားပေးရမည်၊ အချိန်စဉ်းငယ်ကြာမှ …
“ကဲ … ရကြပြီလား၊ ဘယ်သူ့ကို တောင်းကြမလဲ”
“သားသိတယ် ဘုန်းဘုန်း၊ ငယ်ငယ်က ဘုန်းဘုန်း ပြောဖူးတယ်လေ”
“အေး … ကိုကောင်းတို့အကြီးတွေက သိပြီးသားဆိုခဏနေဦး .. ကဲ .. ခင်မေထွန်းတို့ ယမင်းတို့ မိန်းကလေးတွေက အရင်ဖြေ ဘယ်သူ့ကို တောင်းမလဲ”
“သားကို … သားကို … တောင်းမယ် ဘုန်းဘုန်း”
“ဟုတ်ပြီး … ကဲ … ကိုညီညီတို့ ကိုစည်သူထွေးတို့ ကကော”
“လင်ကို တောင်းမယ်”
“အောင်မယ် … လင်ကိုတောင်းမယ်ဆိုပါလား” ဝိုင်းရယ်လိုက်ကြသည်။
“ကဲ … လုပ်စမ်းပါဦး၊ ဒေါ်နီလာထွန်းကြီး လယ်သူမသာဆို ဘယ်သူ့ကို တောင်းမလဲ”
“သမီး စဉ်းစားလိုက်ဦးမယ် ဘုန်းဘုန်း”
“စဉ်းစားပါဗျာ … စဉ်းစားပါ”
“သမီးသာဆို မောင်ကို တောင်းမယ် ဘုန်းဘုန်း”
“အဲ … ဟုတ်ပြီ … ဘာကြောင့် … မောင်ကို တောင်းမှာလဲ သမီးရဲ့”
“သမီးလား … သူတို့တောင်းတာတွေနဲ့ မတူအောင် တောင်းလိုက်တာလေ”
ကိုယ်တိုင် သဘောကျသွားသလို ကျန်သူတွေကပါ ဝိုင်းရယ်ကြပြန်သည်။
“ကဲ … ဘယ်သူတောင်းတာမှန်တယ်ဆိုတာ အဖြေညှိရအောင် … ဒီလိုနဲ့ လယ်သူမခမျာ သားကိုကြည့်လိုက်၊ လင်ကိုကြည့်လိုက်၊ မောင်ကိုကြည့်လိုက်နဲ့ အတော်ကြာအောင် ဗျာများနေရှာသတဲ့၊ ဘုရင်ကြီးက ထပ်မံအမိန့်ရှိမှ သူ့သား၊ လင်၊ မောင် သုံးဦးသားကို တလှည့်စီကြည့်ရင်း နောက်ဆုံး မောင်ကို တောင်းလိုက်ပါသတဲ့၊”
“ဟား … ဒါဆို လာလာတောင်းတာ မှန်တယ်နော် ဘုန်းဘုန်း”
“အေး … အေး မနီလာတောင်းတာ မှန်ပါတယ်ကွယ်၊ ဒါပေမယ့် အကြောင်းပြတော့ မတူဘူးကွယ့်၊ သူအကြောင်းပြတာက ဒီလို … သူရဲ့တောင်းဆိုမှုကို ကြားလိုက်ရတော့ အားလုံး အံ့ဩကြပါသတဲ့၊ ဘုရင်ကြီးကလည်း ဟဲ့ … သူငယ်မ သူများဆို လင်ကိုသော်လည်းကောင်း၊ ဝမ်းနဲ့လွယ်တဲ့ သားကိုသော်လည်းကောင်း တောင်းကြပေမယ် … သင်က ဘာကြောင့် မောင်ကိုတောင်းရသတုန်းလို့ မေးတော့ “မှန်လှပါ … ကျွန်တော်မ အရွယ်ရှိပါသေးသည်၊ လုပ်ခွင်လမ်းကြား၌ လင်ကို အစား ထပ်မံရနိုင်ပါသည်၊ ထိုအခါ သားကိုလည်း ဝမ်းနဲ့ လွယ်နိုင်ပါသည်၊ မောင်ကတော့ ကျွန်မိ ကျွန်ဖ တို့သည် ကွယ်လွန်နှင့်ကြပါပြီမို့ အစားမပေး နိုင်တော့ပါ” လို့ လျှောက်လိုက်တော့ ဘုရင်ကြီးဟာ ခေါင်းတဆတ်ဆတ် ညိတ်ပြီး “အိမ်း … မိလက္ခု တောသူမ၊ ဉာဏ်ကြီးပေတယ်၊ ငါ့တိုင်းပြည်တွင် ဒီလိုသူငယ်မလေးများ ဘယ်အကြောင်းနှင့်မျှ မဆင်းရဲစေကြလင့်၊ ကဲ … သူငယ်မ သင့်ရဲ့ ဉာဏ်အရောင်နဲ့ ယောက်ျားသားတို့ရဲ့ ကံအမှောင်ကို လင်းစေခဲ့ပြီလို့သာ မှတ်လေရော့” လို့ဆိုကာ မောင်ကိုသာမက သားနဲ့လင်ကိုပါ လွှတ်ပေးတဲ့အပြင် မျိုးရိက္ခာများကိုပင် ချီးမြှင့် လိုက်ပါသေးသတဲ့။
ဇာတ်ကို နိဂုံးသတ်လိုက်ရင်း ဘာမေးခွန်းများ တက်လာဦးမလဲဟု သူတို့ကို ကြည့်ရသေးသည်၊ ဘာမျှ မမေးကြတော့၊ ပြုံးကြည်စွာဖြင့် ပြန်ရန်ပြင်နေကြပြီမို့
“ဒါကြောင့် … သားတို့ သမီးတို့ တတွေလည်း စဉ်းစားတွေးခေါ်ခြင်း ဥာဏ်အရောင်နဲ့ ကြုံတတ်တဲ့၊ ကံအမှောင်ကို လင်းစေနိုင်ကြပါစေကွယ်” ။
နတ်စည်
ဇွန် ၁၈၊ ၂၀၁၃
သရုပ်ဖော်ပန်းချီအား ဤနေရာမှ ကူးယူပသည်။