လူနှင့် လူ့ယန္တရား
လူ့ဘ၀၌ မှတ်မှတ်ရရပျော်စရာတို့ကို ပြန်ပြောင်းတွေးကြည့်မိလျှင် ကလေးဘ၀က
အတွေ့အကြုံတို့က နေရာယူနေတတ်သည်။ ပျော်စရာ အကောင်းဆုံးဘ၀က ကလေးဘ၀ဟု
ထင်ပါရဲ့၊ ကလေးဘ၀မှာ စိတ်ပျက်စရာတွေပါလားဟု မသိ၊ မတွေ့၊ မကြုံသေးတော့
စိတ်ကမပျက်သေး၊ လူကြီးဘ၀မှာ သိတတ်လာတော့ စိတ်ပျက်စရာတွေ မြင်ရ၊ တွေ့ရ၊
ကြုံရသည်ကများလာတော့ စိတ်ကပျက်ရလေပြီ။
အညာဒေသ တောရွာဓလေ့က ဆုန်ညောင်ရေသွန်းပွဲဆိုလျှင် အငြိမ့်ပွဲပါတတ်သည်။ ချမ်းသာသော ရွာတွေက ဇာတ်ပွဲထည့်ကြသည်။ ဘုန်းတန်ခိုးကြီးသော ဆရာတော်များ ပျံတော်မူလျှင် အငြိမ့်ပွဲ၊ ဇာတ်ပွဲ၊ ဧယင်ကျူးပွဲတွေနှင့် ခြိမ့်ခြိမ့်သဲ စည်ကားလှသည်။ ကထိန်ပွဲမျိုးဆိုလျှင်တော့ မြို့က မင်းသမီးတစ်လက်နှစ်လက်ငှားပြီး ရွာက ကာလသားတို့နှင့် အငြိမ့်ကလေ့ရှိကြသည်။
အငြိမ့်ပွဲဇာတ်ပွဲရှိလျှင် ရွာဦး ရွာထိပ်က လယ်ကွင်းကျယ်ကျယ်မှာ အငြိမ့်ခုံ၊ ဇာတ်ခုံဆောက်လေ့ရှိကြသည်။ အငြိမ့်ခုံ၊ ဇာတ်ခုံပန္နက်ချပွဲကွင်းသတ်မှတ်ပြီဆိုလျင် ရွာထဲက အမျိုးသမီးများ၊ ကလေးများ၊ ပွဲခင်းထဲမှာ နေရာဦးကြသည်။ ဖျာ စုတ်ကလေးတွေခင်း၊ ငုတ်ဖြင့်ရိုက်ထားပြီး သူ့နေရာ ကိုယ့်နေရာ သတ်မှတ်ထားကြသည်။ နေရာဦးရင်းနှင့် နေရာလုရန်ဖြစ်ကြသည်လည်း ရှိသည်။
အငြိမ့်ခုံ ဇာတ်ခုံရှေ့ပေ ၁၀၀၊ ၁၅၀ ပတ်လည်ခန့်မှာ ဖျာခင်း၍ ကြည့်ကြသည်။ ထိုဘေးပတ်လည်မှာ တန်းလျားတွေခင်း၍ ကြည့်ကြသည်။ ထို့နောက်မှာ ခုတင်၊ ထို့နောက်မှာတော့ နွားလှည်းတွေထိုး၍ ကြည့်ကြသည်။ နွားလှည်းတွေ ကတော့ တခြားရွာတွေက လာကြတာများသည်။ ထို့အပြင်မှာတော့ ပွဲဈေးတန်းတွေရှိသည်။ ပွဲဈေးတန်းမှာ ညှော်နံ့မျိုးစုံတသင်းသင်းနှင့် ပွဲဈေးလျောက်ရသည်က ပွဲ၏အရသာ တစ်ပါးဖြစ်သည်။
နေရာတိုင်း ကိစ္စတိုင်းမှာ လူအတွက် နေရာတစ်ခုလိုအပ်လျက်ရှိသည်။ လေယာဉ်၊ ကား၊ ရထား စသည်တို့နှင့် ခရီးသွားရာမှာ ခုံနံပါတ်နှင့် သတ်သတ်မှတ်မှတ်ငွေကြေးပေး၍ ၀ယ်ထားရသည်။ ခုံနံပါတ် သတ်သတ်မှတ်မရှိသော ဘတ်စ်ကားတို့၊ သင်္ဘောတို့လို နေရာမျိုးမှာတော့ နေရာလုလေ့ရှိကြသည်။ လူတွေမှာ နေရာတစ်ခုက ကိစ္စတိုင်းမှာ လိုအပ်နေပါသလား။
နွားကျောင်းသားတစ်ယောက်အတွက် နွားကျောင်းဖို့ လယ်ကွင်း၊ နွားစားကျက်မြက်စားကျက် လိုအပ်သည်။ တောင်သူလယ်သမားတို့အတွက် ထွန်ယက်စိုက်ပျိုးလုပ်ကိုင်စားသောက်ဖို့ လယ်ယာမြေလိုအပ်သည်။ ဆွမ်းခံရဟန်းအဖို့ ဆွမ်းခံရွာ ဂေါစရဂါမ် လိုအပ်သည်။ ခေတ်ပညာတတ်ဘွဲ့ရ တစ်ယောက်အဖို့ သူ့ဘွဲ့၊ သူ့ပညာရပ်နှင့် အံဝင်ခွင်ကျဖြစ်သော အလုပ်အကိုင်နေရာတစ်နေရာ လိုအပ်သည်။
"ငယ်စဉ်အခါ ပညာရှာ၊ ပညာ ရွှေအိုးလူမခိုး"ဟူသော ဆိုရိုးအတိုင်း ပထမအရွယ်ငယ်စဉ်မှာ ပညာရှာကြရ၊ ပညာသင်ကြရသည်။ ဆေးလိုင်း၊ အင်ဂျင်နီယာလိုင်း စသည်ဖြင့် ရမှတ်အလိုက် ကျောင်းတွေတက်၊ စာတွေကျက်ကြရသည်။ ယခုခေတ်မှာ သားသမီးပညာတတ်ဖို့ မိဘက ရွှေအိုးထမ်းပြီးနောက်က လိုက်နေကြရလို့ ပညာရွှေအိုးဟူသော အဆိုကို တစ်မျိုးတစ်ဖုံ အဓိပ္ပါယ်ဖော်လာကြသည်။
ယခုခေတ်မှာ ကျောင်းသားလေးတွေခမျာ ကျောင်းနှင့်ကျူရှင်၊ ကျူရှင်နှင့်ကျောင်း လုံးလည်ချာလည်လိုက်နေတာမို့ ကိုယ်ပိုင်လွတ်လပ်ချိန်၊ ကစားချိန်တောင် သိပ်မရှိရှာကြတော့၊ ပင်ပန်းဆင်းရဲစွာ ပညာသင်နေကြရ ရှာနေကြရသည်။ အဘယ်အတွက် ပါနည်း။ နည်းနည်း၊ ရှင်းရှင်းပြောလျင် အများစုမှာ ရာထူးဌာနန္တရဟူသော နေရာကောင်းလေးတစ်ခုရဖို့ အတွက်ဖြစ်သည်။ တစ်နည်းဆိုသော် ကိုယ့်ပညာနှင့် အံဝင်ခွင်ကျ နေရာတစ်ခုရဖို့အတွက် ဖြစ်သည်။
နေရာတိုင်း၌ အရေးကြီးဆုံးက လူနှင့်နေရာ အံဝင်ခွင်ကျဖြစ်ဖို့ လူမှန်နေရာမှန်ဖြစ်ဖို့သာ ဖြစ်သည်။
လူဦးရေက လျင်မြန်စွာတိုး၍လာ၊ အလုပ်အကိုင်နေရာတွေက တိုးမလာ၊ လူနှင့်နေရာ၊ လူကများ၊ နေရာကရှား၊ လူတွေကို နေရာမပေးနိုင်တော့၊ အလုပ်အကိုင်မပေးနိုင်တော့၊ ငွေကုန်ကြေးကျခံပညာတွေသင်ထား၊ ကျောင်းကပြီး အလုပ်အကိုင်ကမရှိ၊ တကယ့် ပြဿနာကြီးဖြစ်နေသည်။ ကျေးလက်တွေမှာလည်း လူဦးရေတွေက တိုးလာ၊ ရွာကိုချဲ့၍ တိုးချဲ့နေထိုင်လာ၊ လုပ်ကိုင်စားစရာ လယ်ယာမြေကွက်က ကျဉ်းမြောင်းလာနှင့်အများစုမှာ ရှေးတုန်းကလို ချောင်ချောင်လည်လည် မရှိရှာကြတော့။
နံရံထက်က နာရီသည် အချိန် မှန်မှန်သွားနေသည်။ လည်ပတ်နေသည်။ ထိုသို့ လည်ပတ်နိုင်ဖို့ အတွင်းက ဘီးလေးတွေမှာ ခွေးသွားစိတ်လေးတွေ သူ့နေရာနှင့်သူ အံဝင်ခွင်ကျရှိနေဖို့လိုသည်။ ခွေးသွားစိတ်လေးတွေ အံဝင်ခွင်ကျမဖြစ်လျှင် ထို နာရီမလည်ပတ်နိုင်တော့၊ မသွားတော့၊ ထိုအခါမှာ ထိုနာရီကို ပျက်သွားပြီဟု သတ်မှတ်သည်။
အလုပ်လုပ်နေသော သို့မဟုတ် လည်ပတ်နေသော စက်ပစ္စည်းမှန်သမျှ အသေးစိတ်ပစ္စည်းတွေ သူ့နေရာနှင့်သူ အံဝင်ခွင်ကျရှိနေဖို့လိုသည်။ ရှိနေရမည်။ အံမ၀င်ခွင်မကျ၊ အံချော်နေလျင် ထိုစက်အလုပ်မလုပ်တော့၊ ထိုစက်ပျက်သွားတော့သည်။
လူ့ခန္ဓာကိုယ် ယန္တရားကြီးမှာလည်း သွေးလေလည်ပတ်မှု မှန်ကန်မှ ထိုခန္ဓာကိုယ်ကြီး ကျန်းမာသည်။ ထို ခန္ဓာကိုယ်ကြီးပုံမှန်လည်ပတ်နိုင်သည်။ သွေးလေလည်ပတ်မှုမှန်ဖို့ အဆုတ်၊ အသည်း၊ နှလုံး၊ ကျောက်ကပ်၊ အစာအိမ်စသည့် အတွင်းက လီစာတွေ သူ့နေရာနှင့်သူ အံဝင်ခွင်ကျရှိနေဖို့လိုသည်။
ဘောလုံးကွင်းထဲ၌ ဘောလုံးကန်ကြရာတွင် ဟိုဘက်သည်ဘက် လူ ၁၁ ယောက်စီ ပါရှိသည်။ ဂိုးသမား၊ နောက်တန်း၊ အလယ်တန်း၊ ရှေ့တန်းတို့၌ သူ့နေရာနှင့် သူအံဝင်ခွင်ကျရှိဖို့လိုသည်။ ဂိုးသမားက လက်စွမ်းပြနိုင်ရမည်။ ကွင်းထဲက တစ်ဖက် ၁၁ ယောက်စီကလည်း ခြေစွမ်းပြနိုင်ရမည်။ သူ့နေရာနှင့် သူ အံဝင်ခွင်ကျဖြစ်သဖြင့် တစ်သင်းလုံး ခြေစွမ်းပြနိုင်မှသာ အောင်မြင်မှုကို မျှော်မှန်းနိုင်သည်။
ယခုခေတ် ကိုယ့်နိုင်ငံ၊ ကိုယ့်ရပ်ရွာတွင် စားဝတ်နေရေးအတွက် ရှာဖွေလုပ်ကိုင်ရတာ အဆင်မပြေလို့ တခြားတစ်နိုင်ငံ၊ တခြားဒေသသွား၍ ရှာဖွေလုပ်ကိုင်စားသူများကို ''ရွှေ့ပြောင်းလုပ်သား''ဟု ခေါ်ကြသည်။ ကမ္ဘာဦးလူသားတို့လည်း ကမ္ဘာဦးကာလက ရေကြည်ရာ၊ မြက်နုရာ ရွှေ့ပြောင်းနေထိုင်ကြသော ရွှေ့ပြောင်းလူသားများသာ ဖြစ်ကြသည်။ နောက်မှ ရွာနှင့်ရပ်နှင့် ကိုယ့်နေရာနှင့်ကိုယ်သတ်သတ်မှတ်မှတ် နေထိုင်လာခဲ့ကြသည်။ ယဉ်ကျေးမှုတွေ တိုးတက်လာမှ ကိုယ့်တိုင်း၊ ကိုယ့်ပြည်၊ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးဟူ၍ ခွဲခြားသတ်မှတ် နေထိုင်လာခဲ့ကြသည်။
ယဉ်ကျေးမှုတွေ တိုးတက်လာလေလေ ကျစ်လျစ်သော လူ့အဖွဲ့အစည်းလည်း ခိုင်မာလာလေလေ ဖြစ်သည်။ လူ့အဖွဲ့အစည်းအတွင်းမှာလည်း လူအမျိုးမျိုးဆိုတော့ လူမိုက်တွေ မကြီးစိုးနိုင်ဖို့၊ မတရားမှုတွေနည်းပါး၍ တရားမျှတမှုတွေ ရှင်သန်ကြီးထွားနိုင်ဖို့၊ မတရား အနိုင်ကျင့်မှုတွေ၊ အုပ်စုဖွဲ့ ဗိုလ်ကျရမ်းကားမှုတွေ ကင်းရှင်းဖို့၊ ကိုယ့်ကျိုးရှာ အတ္တ၀ါဒီတွေ လူတွင်ကျယ်မလုပ်နိုင်ဖို့၊ နိုင်ငံသားအားလုံး အသက်အိုးအိမ်စည်းစိမ်လုံခြုံစွာနှင့် ကိုယ်ချမ်းသာ စိတ်ချမ်းသာ လွတ် လွတ်လပ်လပ် ရှာဖွေလုပ်ကိုင်စားသောက်နိုင်ဖို့ တရားသောဥပေဒေစိုးမိုးရေးအတွက် ပြည်သူ၏ကိုယ်စား၊ ပြည်သူ၏ ဆန္ဒနှင့်အညီ စီမံအုပ်ချုပ်သော အာဏာပိုင်အဖွဲ့အစည်းတစ်ရပ် မဖြစ်မနေလိုအပ်လာရာမှ 'အစိုးရ' ဟူသော အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာခဲ့သည်။
အချုပ်အခြာအာဏာဟူသော ဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေးအာဏာ၊ အုပ်ချုပ်စီမံရေးအာဏာ ဟူသော အာဏာသုံးရပ်သည် ပြည်သူအများစု အသိအမှတ်ပြု၍ ပြည်သူ့ဆန္ဒနှင့်အညီဖြစ်သော အာဏာမျိုးဖြစ်ရမည်။ ထို့ကြောင့် အချုပ် အခြာအာဏာသည် ပြည်သူ့ဆန္ဒမှ ဆင်းသက်လာရမည်ဟု နိုင်ငံရေးသုခမိန်တို့ သတိပေးခဲ့ကြသည်။
စက်မှုတော်လှန်ရေးခေတ်နောက်ပိုင်း စက်မှုပညာရပ်တွေ တိုးတက်လာရာမှ အစိုးရအဖွဲ့အစည်း အသီးသီးမှာလည်း ၀န်ကြီးဌာနတွေ တိုးချဲ့တိုးချဲ့လာရာကနေ နေရာတွေ ဌာနတွေ များပြားလာခဲ့သည်။ ထိုအခါ လူနှင့်နေရာ အံဝင်ခွင်ကျဖြစ်အောင် နေရာချထား၍ လူ့ယန္တရားကြီး လည်ပတ်လာခဲ့သည်။ လူ ဟူသည်မှာ ထိုလူယန္တရားကြီးထဲက ခွေးသွားစိတ်တစ်ခုပမာသာ ဖြစ်သည်။ တောင်သူလယ်သမား၊ ကုန်သည်ပွဲစား၊ လခစားဝန်ထမ်း၊ ဦးဆောင်သူနှင့် နောက်လိုက်အချင်း ချင်းချိတ်ဆက်၍ လည်ပတ်နေရသည်။ထိုသို့ လည်ပတ်ရာတွင် သူ့နေရာနှင့်သူ အံဝင်ခွင်ကျဖြစ်ဖို့လိုသည်။ လူနှင့်နေရာ အံဝင်ခွင်ကျဖြစ်ခြင်းကိုပင် လူမှန်နေရာမှန်ဟု ခေါ်သည်။ နေရာတိုင်း၌ အရေးကြီးဆုံးကလူနှင့် နေရာအံဝင်ခွင်ကျဖြစ်ဖို့ လူမှန် နေရာမှန်ဖြစ်ဖို့သာ ဖြစ်သည်။ အံဝင်ခွင်ကျမဖြစ် အံချော်နေလျင် ကောင်းမွန်မှန်ကန်စွာ လည်ပတ်နိုင်မည်မဟုတ်၊ အံမ၀င်ခွင်မကျပါဘဲ ဇွတ်တရွတ် ဆက်လက်မောင်းနှင်လည်ပတ်လျှင်လည်း ဒရွတ်တိုက်ဆွဲလည်ပတ်နေခြင်းသာ ဖြစ်ချေတော့မည်။
လူနှင့်နေရာနှစ်ခုအနက် လူက နေရာလိုအပ်သလို နေရာကလည်း လူကိုလိုအပ်လျက်ရှိသည်။ အရေးကြီးတာက လူနှင့်နေရာအံမချော်ဖို့၊ အံဝင်ခွင်ကျဖြစ်ဖို့သာ အရေးကြီးသည်။ လူနှင့်နေရာအံဝင်ခွင်ကျဖြစ်ပါမှ လူမှန်နေရာမှန်ဖြစ်သည်။ မြန်မာ စကား၌ 'တော်တော်ဂွကျတာပဲ။ တော်တော်ဂွကျတဲ့သူပဲ'ဟု သုံးနှုန်းလေ့ရှိသည်။ ဂွကျဟူသည်မှာ အံဝင်ခွင်မကျဖြစ်ခြင်း၊ အံမ၀င်ခြင်း၊ ခွင်မကျခြင်း၊ အံချော်နေခြင်းဖြစ်သည်။ လူနှင့်နေရာ နေရာနှင့်လူ အံဝင်ခွင်ကျ မဖြစ်လျင် ဂွကျတော့သည်။ ဂွစာ ဖြစ်တော့သည်။
လူတွေနှင့် လည်ပတ်နေရသော လူ့ယန္တရားကြီး၌ လူသည် ခွေးသွားစိတ်ပမာ တစ်ထောင့်တစ်နေရာမှ ပါဝင်ကျေးဇူးပြုနေရသည်။ ထိုအခါ လူသည် လူ့ယန္တရားကြီး ပုံမှန်လည်ပတ်နိုင်ရေးအတွက် အသုံးတည့်ဖို့၊ အသုံးဝင်ဖို့ အသုံးကျဖို့လိုပါသည်။ အံဝင်ခွင်ကျဖြစ်ဖို့ လိုပါသည်။ လူ့ယန္တရားကြီးအတွက် အံဝင်ခွင်ကျဖြစ်မှသာ လူမှန်နေရာမှန် ဖြစ်ပါလိမ့်မည်။
အရှင်သံဝရာလင်္ကာရ (ဓမ္မပိယ)ဆရာတော်