Saturday, June 15, 2013

ခရီးပန်းတိုင်


ခရီးပန်းတိုင် 

သွားလိုရာ ပန်းတိုင်ရောက်ဖို့ ခရီးလမ်းသည် အခြေခံအကြောင်းဖြစ်သည်။
ယင်းခရီးလမ်းသည်
လမ်းမှား၊ လမ်းမှန်
လမ်းရှည်၊ လမ်းတို
သမားရိုးကျလမ်း၊ ဖြတ်လမ်း
ခရောင်းလမ်း၊ ပန်းခင်းသောလမ်း စသည်ဖြင့် အမျိုးမျိုးရှိနိုင်သည်။
လမ်းရွေးတတ်ဖို့လို
ခရီးသွားလိုသူသည် လမ်းရွေးတတ်ဖို့ လိုသည်။ လမ်းမှားကို တွေ့လျှင် လိုရာပန်းတိုင် မရောက်နိုင်။ လမ်းရှည်၊ လမ်းကောက်ကို ရွေးမိလျှင်လည်း အချိန်ကုန် လူပန်းပြီးမှ ပန်းတိုင်ရောက်မည်။
သွားရကျိုးမနပ်သူ

သမုဒ္ဒရာတစ်ဘက်ကမ်းသို့ ရောက်လိုလျှင် ရောက်နိုင်သည့်လမ်း လိုက်ဖို့ လိုသည်။ ရောက်နိုင်သည့် လမ်းမဟုတ်လျှင် နှင်းပိတ်နေစဉ် ရေလမ်းခရီးသွားသူကဲ့သို့ ချော် တောငေါ့ပြီး တခြားအရပ်သို့လည်း ရောက်သွားမည်။ မူလနေရာသို့လည်း ပြန်ရောက် လာမည်။
အလယ်ကျွန်းပတ်နေလျှင်လည်း ”ငါ နေ့မအား ညမအား ကြိုးစားနေသည်“ ဟု သူ ထင်ကောင်းထင်မည်၊ ပြောကောင်း ပြောမည်၊ သူ့အပြောသည် သူများ ရယ်စရာ သာဖြစ်မည်။ သူဘယ်လောက်ပင် ကြိုးစားစေကာမူ တစ်ဘက်ကမ်း ရောက်မည် မဟုတ်၊ မောရုံသာ အဖတ်တင်မည်။ သို့မဟုတ် အလယ်ကျွန်းပတ်ရင်းနှင့်ပင် အသက် သေမည်။

ဤကမ္ဘာမှ အင်္ဂါဂြိုလ်သို့ အာကာသယာဉ်ဖြင့် သွားရာ၌လည်း ဘေးချော်သွားလျှင် သော်လည်းကောင်း၊ မိမိကမ္ဘာ (သို့မဟုတ်) လကမ္ဘာ စသည်ကို လှည့်ပတ်နေလျှင် သော်လည်းကောင်း အင်္ဂါဂြိုလ်သို့ ရောက်မည်မဟုတ်။ မရောက်ရောက် အောင်သွား မည်ဟု ဘယ်လိုပင် ကြုံးဝါးနေသော်လည်း အခြောက်တိုက် ကြွားနေခြင်းသာ ဖြစ် သည်။

ရောက်နိုင်သည့်လမ်းမဟုတ်လျှင် မည်မျှကြိုးစား၍ သွားစေကာမူ အမောသာ အဖတ် တင်မည်။ တစ်ယောက် မောလို့ တစ်ယောက်ပြောင်းသွားသော်လည်း ရောက်မည် မဟုတ်၊ “လူမတန် ကံချ“ ဆိုသကဲ့သို့ လူဖျင်းလူညံ့သည် ကိုယ်အသုံးမကျသည်ကို မရှုဘဲ “သူများကြောင့် မရောက်တာ“ ဟု သူများအပေါ် ပုံချတတ်သေးသည်။

ဘုရားအလောင်းတော်သည် အပင်ပန်းခံကြိုးစားလျှင် ကိလေသာကင်းမည်အထင်ဖြင့် ၆-နှစ်ပတ်လုံး ဒုက္ကရစရိယာလမ်း လျှောက်လှမ်းခဲ့မိသည်။ သေလုမျောပါး ပင်ပန်း ရုံသာ အဖတ်တင်ခဲ့သည်။ ကိလေသာကင်းလိုသည့် ဆန္ဒ မပြည့်ဝခဲ့။

လမ်းမှန်
ရောက်နိုင်သည့်လမ်း၊ မှန်ကန်သည့်လမ်း လိုက်မှ သွားလိုသည့်အရပ် ရောက်မည်။ ရောက်နိုင်သည့် လမ်းအမျိုးမျိုးရှိသည့်အနက် “မြန်၊ ကောင်း၊ သက်သာ“ သည့်လမ်း ကို ရွေးတတ်ဖို့လည်း လိုသည်။ လမ်းမှန်ဖြစ်လျှင် ဧကန်မုချ ရောက်မည်၊ (သို့မဟုတ်) လမ်းရွေးတတ်လျှင် -
မြန်မြန်သော်လည်း ရောက်မည်၊
ကောင်းကောင်းသော်လည်း ရောက်မည်၊
သက်သက်သာသာသော်လည်း ရောက်မည်၊

လမ်းမှန်လျှောက်လှမ်းခဲ့၍ ဘုရားဖြစ်ခဲ့သော မြတ်ဗုဒ္ဓသည် ဘုရားဖြစ်ပြီးနောက် သတ္တ၀ါများ လမ်းမမှားစေရန် -
၁။ ရှောင်ရှားရမည့် အစွန်းလမ်းနှစ်သွယ်၊
၂။ ဆောင်ထားရမည့် မဇ္ဈိမပဋိပဒါလမ်း တို့ကို ခွဲခြားဟောပြခဲ့သည်။
ရှောင်ရမည့် အစွန်းလမ်းနှစ်သွယ် ဟူသည် -
၁။ ကာမသုခလ္လိကာနုယောဂ (ကာမဂုဏ် ခံစားရေး) လမ်း၊
၂။ အတ္တကိလမထာနုယောဂ(ခန္ဓာကိုယ် ညှင်းဆဲရေး)လမ်း တို့ဖြစ်သည်။
ထိုလမ်းနှစ်သွယ်ကို ကိုယ်တိုင် လျှောက်လှမ်းခဲ့ပြီး ထိုလမ်းများသည် အကျိုးမရှိသော လမ်းမှားများ ဖြစ်ကြောင်းကိုလည်းကောင်း၊ မဇ္ဈိမပဋိပဒါလမ်းသာ မိမိလိုလားချက် ပြီးစေနိုင်ကြောင်းကိုလည်းကောင်း သိမြင်လာသည်။

မဇ္ဈိမပဋိပဒါလမ်း
မဇ္ဈိမပဋိပဒါလမ်းဟူသည် မဂ္ဂင်ရှစ်ပါး ခေါ် သီလ၊ သမာဓိ၊ ပညာပင် ဖြစ်သည်။ ဘုရား အလောင်းတော်သည် အကျိုးမရှိသည့် အမှားလမ်းနှစ်သွယ်ကို ဖယ်ရှားလိုက်သည်။ မဇ္ဈိမပဋိပဒါလမ်း လျှောက်လှမ်းနိုင်ရန် အင်အားလိုသည်။ ကာယအင်အား၊ ဉာဏ အင်အား ဖြည့်တင်းရန် မျှတသော အာဟာရကို မှီဝဲသည်။ ကာယ ဉာဏ အင်အား ပြည့်ဝသောအခါ မဂ္ဂင်ရှစ်ပါးတည်း ဟူသော မဇ္ဈိမပဋိပဒါလမ်းဖြင့် လျှောက်လှမ်း လိုက်သောအခါ တစ်ညဥ့်မျှဖြင့် မိမိလိုအပ်သည့် သဗ္ဗညုတဉာဏ်တော်ကို ရရှိပြီး ဘုရား ဖြစ်ခဲ့သည်။

ပန်းတိုင်ရောက်တတ်စေရန်
ပညာသင်ကြားရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံခြားရောက် မြန်မာ့သားကောင်း သာသနာ့ အာဇာနည်များသည် -
လမ်းမှားမလျှောက်၊ လမ်းပျောက်မနေ၊ ကြိုးစားချေ မသွေပန်းတိုင်ရောက် ဟူသော အချက် ၃-ချက်ကို သတိထားရမည်။

တိုးတက်ပြောင်းလဲနေသော ခေတ်ကြီး၌ ခေတ်၏ရှေ့သို့ မရောက်စေကာမူ ခေတ် နောက် ကျန်မနေဖို့ အရေးကြီးသည်။ လမ်းရှည်၊ လမ်းကောက်၊ လမ်းကြမ်းများကို ရှောင်ရှားရမည်။ မရှောင်ရှားဘဲ ဇွတ်လျှောက်လျှင် အချိန်ကုန်၊ လူပင်ပန်းပြီးမှ ရောက်မည်။
သူများနောက် ပန်းတိုင်ရောက်ခြင်းကြောင့် အခွင့်အရေးများ လက်လွတ်ဆုံးရှုံးမည်။ သူများမလိုချင်သည့် အကြွင်းအကျန်သာ ရမည်။
မရောက်နိုင်သည့် လမ်းမှားလိုက်မိပြန်လျှင်လည်း “ပိုးသာကုန် မောင်ပုံ စောင်းမတတ်” ဆိုသကဲ့သို့ သွားပါလျက် ခရီး မရောက်ဖြစ်မည်။ အချိန်လည်းကုန်မည်၊ လူလည်း ပန်းမည်၊ ပန်းတိုင်လည်း ရောက်မည်မဟုတ်။

လမ်းမှားလျှောက်ခြင်းကြောင့် ခရီးမရောက်၊ ခရီးမပေါက်သကဲ့သို့ လမ်းပျောက်နေ လျှင်လည်း ခရီးမရောက်၊ ခရီး မပေါက်နိုင်၊ ပကတိလမ်းပျောက်ရခြင်းမှာ -
၁။ ညွှန်အိုင်ထဲကျနေခြင်း၊
၂။ ဒဏ်ရာပြင်းထန်နေခြင်း၊
၃။ မျက်စိကန်းနေခြင်း
စသည်တို့ကြောင့် ဖြစ်ရသကဲ့သို့ တိုးတက်ရေးလမ်း၊ ကြီးပွားရေးလမ်း၊ အောင်မြင် ရေးလမ်း၊ လူမှုရေးလမ်း၊ နိုင်ငံရေးလမ်း၊ ဘ၀လမ်း၊ သံသရာလမ်း စသည်တို့၌ကား လောဘ၊ ဒေါသ၊ မောဟ တို့ကြောင့် လမ်းပျောက်ရသည်။

လောဘ မထိန်းနိုင်ခြင်းကြောင့် တွယ်တာမက်မောမှု၊ ပျော်ပါးမှုများဖြင့် အချိန်ကုန် ကာ လမ်းပျောက်သွားတတ်သည်။
ဒေါသ မထိန်းနိုင်ခြင်းကြောင့် စိတ်ဆိုးမှု၊ စိတ်ဆင်းရဲမှု စသည်ဖြင့် အချိန်ကုန်ကာ လမ်းပျောက်သွားတတ်သည်။
မောဟကြောင့် ဘယ်သွားရမှန်းမသိဘဲ လမ်းပျောက်သွားတတ်သည်။
လမ်းပျောက်လျှင် ပန်းတိုင်ရောက်မည်မဟုတ်၊ လမ်းမှားလျှောက်မိခြင်း၊ လမ်းပျောက် နေခြင်းတို့ကြောင့် မိမိရော မိမိနှင့် ပတ်သက်သူများပါ ဆုံးရှုံး နစ်နာရမည်။

လမ်းမှားမလျှောက်
လမ်းပျောက်မနေ
ကြိုးစားချေ မသွေပန်းတိုင်ရောက်
ဟူသော အင်္ဂါများနှင့် ညီညွတ်ရန် မိမိကိုယ်တိုင် ဗဟုသုတရှိရမည်။ (သို့မဟုတ်) ဆရာကောင်းထံ နည်းခံရမည်၊ (သို့ မဟုတ်) ပညာရှင်များ၏ ထောက်ပြဝေဖန်မှုကို လက်ခံရမည်။
ပန်းတိုင်အရောက်သွားလိုလျှင် မြတ်ဗုဒ္ဓ၏ မဇ္ဈိမပဋိပဒါလမ်းအတိုင်း လျှောက် လှမ်းရမည်။

မှန်ပါသည်၊ မြတ်ဗုဒ္ဓက -
၁။ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ မဂ္ဂင်များဖြင့် လမ်းရွေးနည်း အရည်အသွေးကို ညွှန်ပြ သည်။

၂။ သမ္မာဝါစာ၊သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ မဂ္ဂင်များဖြင့် ကိုယ် နှုတ် စောင့်စည်းမှု သီလကို ညွှန်ပြသည်။

၃။ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ မဂ္ဂင်များဖြင့် တည်တည်ငြိမ်ငြိမ် သတိထား ကြိုးစားရမည်ကို ညွှန်ပြသည်။

ထို့ကြောင့် မြန်မာ့သားကောင်းများဖြစ်သည့် အသင်တို့သည်လည်း-
၁။ လမ်းမှားမလျှောက်မိစေရန် မှန်ကန်သည့်သိမြင်၊ တွေးခေါ်မှုဟူသော လမ်းရွေး နည်း အရည်အသွေးပြည့်ဝရမည်။

၂။ လမ်းမပျောက်စေရန် ကိုယ်၊ နှုတ် စောင့်စည်းရမည်။

၃။ မြန်၊ ကောင်း၊ သက်သာစွာဖြင့် ခရီးပေါက်နိုင်ရန် တည်တည်ငြိမ်ငြိမ် သတိထား ကြိုးစားရမည်။
ဤကဲ့သို့ မြတ်ဗုဒ္ဓ၏ မဇ္ဈိမပဋိပဒါ မဂ္ဂင်လမ်းဖြစ်သည့် မှန်ကန်သည့် သိမြင်၊ တွေး ခေါ်မှု၊ ကိုယ်၊ နှုတ်စောင့်စည်းမှု၊ တည်တည်ငြိမ်ငြိမ် သတိထားကြိုးစားမှု- ဟူသော အချက်များဖြင့် လျှောက်လှမ်းလျှင် သင်တို့ လိုအပ်သည့်ပန်းတိုင်ကို လှမ်းကိုင်နိုင် မည်မှာ မလွဲပေ။

အောင်ပန်းသရဖူ ရယူပြီးသော အသင်တို့သည် အမိမြန်မာနိုင်ငံတော်၏ အမျိုး ဘာသာ သာသနာအကျိုးကိုလည်း သယ်ပိုးနိုင်သော သာသနာ့အာဇာနည်များ ဖြစ်ပါ စေကြောင်း တိုက်တွန်းအပ်ပါသတည်း။

ဆရာတော် ဦးတိလောကာဘိဝံသ
ပဉ္စမနှစ်ပတ်လည်စာစောင်၊ အိန္ဒိယနိုင်ငံဆိုင်ရာပညာသင်ရဟန်းတော်များသာယာဖွံ့ဖြိုးရေးအဖွဲ့၊ ၂၀၀၄ ခု။