စိတ်ကို အရောင်မဆိုးကြပါနဲ့
ဘဝသံသရာဟာ ဘယ်ကလာပြီး ဘယ်ကိုသွားရမှန်းမသိတဲ့ ဝင်္ကဘာလိုပါပဲ။
ရှုပ်ထွေးလွန်းလှပါတယ်။ ရှုပ်ထွေးလွန်းတဲ့ဘဝသံသရာမှာ ပဲကျင်လည်နေကြရပြီး ရှုပ်ထွေးတဲ့
အသိုက်အမြုံမှာ ရှုပ်ထွေးတဲ့သံယောဇဉ်တွေနဲ့ ရစ်ပတ်နှောင်ဖွဲ့ကာ ရုံးလို့မရတဲ့
နှောင်ကြိုးတွေနဲ့အတူ တ၀ဲလယ်လယ်နဲ့ သွားလာကျက်စားနေကြရပါတယ်။
တစ်နေ့ ဒကာကြီးတစ်ယောက် ကျောင်းကို ရောက်လာကာ စာရေးသူ
သီတင်းသုံးတဲ့ကျောင်းဆောင်ပေါ်ကို မော့ကြည့်ပြီး
“အရှင်ဘုရား..ကျောင်းရဲ့မျက်နှာကျက်က ဘယ်က လက်သမားနဲ့ လုပ်ထားတာလဲဘုရား” လို့
မေးလာတယ်။ “ ဒီလိုပါပဲ မြို့ထဲက ဦး…………တို့အဖွဲ့ကို ခေါ်ပြီး လုပ်ထားတာပါ။ သူတို့က
အလုပ်လုပ်တဲ့နေရာမှာ လက်ရာသေသပ်တယ်” လို့ စာရေးသူက ပြန်ပြောပြပါတယ်။
ထိုအခါ
ဒကာကြီးက “ဟုတ်တယ်ဘုရား၊ လုပ်ထားတာတွေက အတော်သပ်ရပ်ပြီး ရှင်းရှင်းလင်းလင်းလေး
လုပ်ထားတာ တပည့်တော်သဘောကျတယ်ဘုရား၊ ဒီလိုရှင်းလင်းသပ်ရပ်မှာလဲ
စိတ်ထဲရှင်းတာဘုရား၊ အချို့ကျောင်းတွေမှာ လုပ်ထားတာတွေက ရှုပ်ထွေးနေတာပဲဘုရား၊
ဒီလိုရှုပ်ထွေးတာတွေကို မြင်ရရင် စိတ်လည်းရှုပ်သွားတယ်ဘုရား၊
ဒီလိုစိတ်ရှုပ်မခံချင်လို့လဲ မိသားစုနဲ့တောင်မှ အရှုပ်အခံဘဲ ရှင်းအောင်နေတာပါဘုရား”
လို့လျှောက်ထားလာပါတယ်။
အော်….လောကမှာ
ရှင်းတာကိုမှ ကြိုက်တဲ့သူတွေလဲ ရှိပါသေးလား၊ အချို့ကတော့ သားသမီး၊ ဆွေမျိုးတွေကို
သံယောဇဉ်ရှိပေမယ့် ပြတ်ပြတ်သားသားဆက်ဆံတယ်။ ကူညီစရာရှိကူညီ၊ ပေးစရာရှိပေး၊
ပြောစရာရှိပြောပြီး ကိုယ့်ဟာကို အေးအေးပဲနေတယ် လို့ ဆိုတယ်။ ဘယ်လိုပဲပြောဦးတော့
မြေးအလှည့်ရောက်လာတဲ့အခါမှာတော့ “သားအချစ် မြေးအနှစ်” ဆိုတဲ့အတိုင်း အရင်က
ရှင်းရှင်းနေချင်တဲ့သူတွေ ဘာမှ မပြောတဲ့အတိုင်းပဲ မြေးကို ချစ်နေလိုက်ကြတာ
ရှုပ်သွားချင်ရှုပ်သွားပါစေ၊ မြေးကိုတော့ မပစ်ထားနိုင်ဘူး ဆိုပြီးတော့လဲ
အဖြစ်သဲတတ်ကြပါတယ်။ ဒါဟာ သဘာဝပါပဲ။ ဘာကြောင်ဆိုရင် ကာမနယ်ထဲက
ကာမဘုံသားတွေမို့လို့ပါပဲ။
အခုလည်း
ဘယ်လောက်ပဲ ရှင်းအောင်နေတယ်ပဲပြောပြော၊ ကာမနယ်ထဲကလူသားပေမို့ ကာမဂုဏ်နဲ့
ကင်းရှင်းဖို့ဆိုတာ လွယ်မယောင် ယောင်နဲ့ အလွန်ခက်လှပါတယ်။ ထိုဒကာကြီးပြောတာက
သားသမီး ဆွေးမျိုးတွေနဲ့ ပြတ်ပြတ်သားသား ရှင်းရှင်းနေတယ်ဆိုတာ
စိတ်ရှုပ်မခံချင်လို့ပဲ ဖြစ်ပါတယ်။ ဒကာကြီးဟာ ရှင်းလင်းရေး တရားကို
တသီကြီးပြောလိုက်ရလို့ မောသွားဟန်တူပါတယ်။ ဒါနဲ့စပ်လို့….
ပါဠိတော်မှာ
ရှင်းရှင်းလေး သန့်သန့်လေး နေတယ်ဆိုတာ ရှိပါတယ်။ ဗုဒ္ဓစာပေမှာ ဒိဝါဝိဟာရ လို့
အသုံးအနှုန်းတစ်ခုရှိတယ်။ အဓိပ္ပါယ်က နေ့သန့်စင်တယ် နေ့သန့်တယ် လို့ ဆိုပါတယ်။
နေ့သန့်နေတယ်ဆိုတဲ့စကားလုံးဟာ နေ့အခါမှာ
သန့်သန့်ရှင်းရှင်းလေးနေတာကို ပြောတာပါပဲ။
နားလည်အောင်ပြောရရင်
လူအများတွေ့ဆုံမိကြရင် အများအားဖြင့် လောကအကြောင်း သားသမီးအကြောင်း
စီးပွားရေးအကြောင်း လူမှုရေးအကြောင်း သာရေးနာရေးစတဲ့ကာမဂုဏ်နဲ့စပ်တဲ့အကြောင်း
တွေကိုပဲ ပြောဆိုကြတယ်။ ဒီိလို အသိုင်းအဝိုင်းထဲမှာ နေရတယ်ဆိုရင် သန့်သန့်ရှင်းရှင်းတော့
မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အဖေါ်မပါ တစ်ယောက်တည်း သီးသန့် ရှင်းရှင်းလေးနေတာကို
“ကာယ၀ိဝေက” လို့ခေါ်တယ်။
ပိဋကတ်တော်မှာ အရှင်ရဋ္ဌပါရ
အမည်ရတဲ့ရဟန်းတော်တစ်ပါး သာဝတ္ထိကနေ
ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်တဲ့ ထုလ္လကောဌိကနိဂုံးသို့ ကြွလာတော်မူတဲ့အခါ
ရွာမရောက်မီ လမ်းမှာ ဆွမ်းချိန်ကျလို့ ဆွမ်းခံကြွကာ ဆွမ်းဘုဉ်းပေးပြီးတဲ့အခါ
ကောရဗျမင်း ပိုင်တဲ့ မင်းဥယျာဉ်တော်မှာ နေ့သန့်တော်မူတယ် လို့ ပါရှိပါတယ်။ ဒါဟာ
နေ့အခါမှာ အဖေါ်မပါ တစ်ကိုယ်တည်းနေပြီး စိတ်ကိုလည်း ရှင်းသထင်ရှင်းအောင် ဖလသမာပတ်
ဝင်းစားနေတော်မူတာကို “နေ့သန့်တယ်”လို့ ခေါ်ပါတယ်။ ပြောချင်ပါသေးတယ်။
အချို့က တစ်ယောက်တည်းတော့ နေပါရဲ့။
ဒါပေမယ့် စိတ်မှာတော့ အဖေါ်တွေ အများကြီးရှိနေတယ်။ ကာမဂုဏ်နဲ့စပ်တဲ့ အတွေးအကြံတွေဟာ
မကောင်းတဲ့စိတ်အဖေါ်တွေပါပဲ။ တစ်ယောက်ထဲနေတယ်ဆိုပေမယ့် မကောင်းတဲ့စိတ်အဖေါ်တွေ
ရှိနေသမျှကာလပတ်လုံး ရှုပ်နေဦးမှာပဲ။
ဓမ္မပဒအဋ္ဌကထာမှာ မေဃိယမထေရ်ဆိုတာရှိတယ်။
သူဟာ အဲဒီတုန်းက ဘုရားရှင်ရဲ့အလုပ်အကျွေး ဖြစ်တယ်။ တစ်နေ့ သရက်ဥယျာဉ်ကြီး တစ်ခုကို
မြင်ရတဲ့အခါ “ငါ ဒီဥယျာဉ်မှာ တစ်ပါးတည်းနေပြီး တရားရှုမှတ်လိုက်ရရင် ကောင်းမှာပဲ”
လို့ တွေးပြီး ထိုသရက်ဥယျာဉ်မှာ
တရားရှုမှတ်ရင်း ကျန်နေရစ်ခဲ့ဖို့ ဘုရားရှင်ကိုလျှောက်တဲ့အခါ ဘုရားရှင်က
ခဏနေပါဦးလို့ ပြောပေမယ့် မရဘူး။ နောက်ဆုံး ဘုရားရှင်ကို ခွင့်ပန်ပြီး
ကျန်ရစ်ခဲ့တယ်။
မေဃိယျထေရ်ဟာ သရက်ဥယျာဉ်ထဲ တစ်ပါးတည်း သီတင်းသုံးကာ
ကျောက်ဖျာချပ်ကြီးတစ်ခုပေါ်မှာ တရားအားထုတ်နေပါတယ်။ ဖြစ်ချင်တော့
ထိုကျောက်ဖျာကြီးနေရာဟာ မေဃိယထေရ် အတိတ်ဘ၀တွေတုန်းက
ဘုရင်ဖြစ်ခဲ့ဖူးတဲ့နေရာဖြစ်နေပါတယ်။
တရားအားထုတ်နေပမယ့် စိတ်က ကမ္မဋ္ဌာန်းအာရုံမှာ မထားနိုင်ဖြစ်နေတယ်။ လိုချင်ဖွယ်ရာကာမဂုဏ်နဲ့စပ်လို့ လောဘဖြစ်ဖွယ်
အကြံအစည်တွေ၊ ဒေါသဖြစ်ဖွယ်အကြံအစည်တွေ၊
သူတစ်ပါးကို ညင်းဆဲဖို့အကြံအစည်တွေပဲ ဖြစ်နေပြီး စိတ်ရှုပ်ထွေးနေခဲ့ပါတယ်။
ဒါဟာ အနေရှင်းပေမယ့် စိတ်မရှင်းဖြစ်နေတာ ဖြစ်တယ်။ ဒကာကြီးလဲ
အနေရှင်းတယ်ဆိုပေမယ့် စိတ်မရှင်းဖြစ်တာကို သတိမိဟန် မတူပါဘူး။ တကယ်တော့ အနေလဲရှင်း
စိတ်လည်းရှင်းဖို့ သတိထားရမှာပါ။
နောက်တော့ ရဟန်းဟာ
ဘုရားရှင်ထံသွားပြီး သူ့ရဲ့စိတ်ထဲမှာ အမျိုးမျိုး
ဖြစ်ပေါ်နေတဲ့ကြောင်းတွေ လျှောက်ထားပါတယ်။ အဲဒီအခါမှာ ဘုရားရှင်က “
စိတ်ရဲ့အလိုအတိုင်း မဖြစ်သင့်ဘူး၊ စိတ်ဆိုတာ လျင်မြန်လှတယ်၊ စိတ်က မိမိရဲ့အလိုကို
ပါနိုင်အောင် စွမ်းဆောင်သင့်တယ်။
လေးသမားဟာ ကောက်နေတဲ့မြှားကို ဖြောင့်အောင်
ပြုစွမ်းနိုင်သလို ကာမဂုဏ်အာရုံနဲ့တွေ့တဲ့အခါ တုန်လှုပ်တတ်တဲ့စိတ်၊
လျပ်ပေါ်လော်လီတတ် တဲ့စိတ်၊ ဆုံးမဖို့ရာခက်ခဲလှတဲ့စိတ်ကို ဖြောင့်အောင်
ပြုစွမ်းနိုင်ရမယ်” လို့ ဟောတော်မူပြီးတဲ့နောက် မေဃိယထေရ်
တရားပြန်အားထုတ်လိုက်တဲ့အခါ သောတာပန်တည်သွားခဲ့ပါတယ်။ ဒီလို
အရိယာဖြစ်သွားတဲ့မေဃိယဟာ ထိုအချိန်ကစလို့ အနေလည်းရှင်းသလို
စိတ်လဲရှင်းလင်းသွားပါတော့တယ်။
ဒါကြောင့် လောကမှာ အရှုပ်ဆုံးဟာ
ကိလေသာတွေပါ။ ဘာကြောင့်ဆိုရင် ကိလေသာတရားတွေကို လက်ခံထားတဲ့သူတိုင်းဟာ
ရှုပ်ထွေးပြီးနေရလို့ပါပဲ၊ သားသမီးဆွေမျိုးတွေနဲ့ ဘယ်လောက်ပြတ်တယ်ပဲ ပြောပြော
မိမိရင်ထဲက ကိလေသာတွေကို ပြတ်အောင် လုပ်ဖို့ မေ့နေတတ်ကြတယ်။ ကိလေသာတွေမပြတ်သေးသမျှ
သံသရာမှာ မဆုံးနိုင်တော့ဘဲ
မရေရာမသေချာတဲ့ဘဝတွေကို ဖြတ်သန်းကြရ ဦးမှာပါ။ ကိလေသာကင်းပြီး တည်ကြည်တဲ့စိတ်ဟာ
ဖြူစင်တယ်။ ဒီလိုဖြူစင်တဲ့စိတ်ဟာ အရောင်ထွက်တယ်လို့ စာပေမှာ ဆိုထားပါတယ်။
ကမ္ဘာဦးစ လူတွေရဲ့စိတ်ဟာ ကြည်လင်သန့်ရှင်းနေတဲ့အတွက် ပြိုးပြိုးပြက်ပြက်
အရောင်တလက်လက်ထွက်ပြီး တောက်ပနေပါတယ်။ ကမ္ဘာဦးအစတုန်းက အခုလိုမျိုး နေ - လ တို့ မပေါ်ထွန်းသေးပါဘူး။ ကမ္ဘာဦးလူသားများဟာ
သူတို့ရဲ့စိတ်ကထွက်ပေါ်တဲ့အရောင်တွေနဲ့ပဲ သွားလာနေကြရတယ်။ နောက်ပိုင်းမှာ
အရသာရှိလှတဲ့ မြေအဆီမြေအနှစ်တွေကို စားသုံးရာကနေ အရသာအပေါ် စွဲလမ်းတပ်မက်တဲ့ ရသတဏှာ
ဖြစ်ပေါ်လာခဲ့တယ်။
အဲဒီအချိန်ကစပြီး လူသားတွေရဲ့စိတ်မှာ လောဘစတဲ့ကိလေသာအရောင်တွေ
အဆိုးခံခဲ့ရပါတယ်။ အရောင်ဆိုးခံလိုက်ကြ ရတဲ့ စိတ်တွေကြောင့် သူတို့ရဲ့ခန္ဓာကိုယ်က
အလင်းရောင်များလဲ မထွက်ပေါ်လာတော့ပါ။ လောကကြီးတစ်ခုလုံးလဲ မှောင်နဲ့မည်းမည်း
ဘယ်ကိုပဲကြည့်ကြည့် မှောင်မည်းနေတဲ့အတွက် ကမ္ဘာဦးလူသားများဟာ ကြောက်စိတ်တွေဝင်တယ်။
အဲဒါနဲ့ “အရင်လို အလင်းရောင်များဖြစ်ပေါ်လာရင်တော့ ကောင်းမှာပဲ” လို့ သူတို့စိတ်မှာ
ဆန္ဒတွေဖြစ်ပေါ်နေတယ်။ အဲဒီအချိန်မှာပဲ လတစ်စင်း ထွက်ပေါ်လာတယ်။
လရဲ့အလင်းရောင်ကြောင့် လူတွေအားလုံးလဲ ဆန္ဒပြည့်ဝတဲ့အတွက် ပျော်ရွှင်နေကြတယ်။
အဲဒီမှာ လရဲ့ အလင်းရောင်ဟာ သူတို့ရဲ့ဆန္ဒကို ပြည့်ဝစေတဲ့အတွက် လ ကို “ဆန္ဒ” လို့
အမည်မှည့်ခေါ်ကြတယ်။ နောက် ခေတ်ကာလ ရွှေ့လျောလာတဲ့အခါ ဆန္ဒ ကနေ စန္ဒ ဖြစ်လာတယ်။
ပါဠိစာပေမှာလဲ လကို စန္ဒာ လို့ ခေါ်ပါတယ်။
ဒီလိုနဲ့ အရသာရှိတဲ့မြေဆီမြေလွှာတွေကို
စားသောက်လာရာကနေ လောတဏှာကြောင့် မြေဆီတွေလဲ ပျောက်ကွယ်ခဲ့တယ်။ နောက်တော့
သလေးစပါးတွေကို စိုက်ယူစရာမလိုဘဲ ဒီအတိုင်း ခူးယူစားသုံးရခဲ့ကြရတယ်။
နောက်ပိုင်းမှာ သလေးစပါးကို သူပိုင်တယ်ငါပိုင်တယ်ဆိုပြီး အငြင်းအခုံဖြစ်ကြ၊
ရန်တွေဖြစ်ကြရတယ်။ ဒါဟာ စိတ်မှာ ကြီးမားတဲ့လောဘ ကြီးမားတဲ့ဒေါသအရောင်တွေ
လွှမ်းမိုးလာခဲ့တယ်။ နောက်တော့ ငြင်းခုံရန်ဖြစ်ရာက ခိုက်ရန်တွေဖြစ်ကြတယ်။
ဒီလိုနဲ့
ဒီလိုငြင်းခုံရန်ဖြစ်နေလို့ အကျိုးမရှိဘူး။ ဒီပြသနာကို
ဖြေရှင်းပေးနိုင်တဲ့လူတစ်ယောက်တော့ ထားမှရမှာပဲဆိုပြီး အားလုံးသဘောတူစွာနဲ့ စွမ်းနိုင်တဲ့လူတစ်ယောက်ကို
လူကြီး သမုတ်ကြ(မြောက်တင်ကြ)တယ်။ ဒီလို လူအများက ၀ိုင်းပြီး
သမုတ်ပေးလိုက်တဲ့လူကြီးကို အခုအခါမှာတော့ သမတ (သမုတ် = သမတ) လို့ ခေါ်ကြတာပါ။
ပြောချင်တာကတော့
ကမ္ဘာဦးစလူသားများရဲ့စိတ်ဟာ အစမှာ သန့်ရှင်းခဲ့ပေမယ့် နောက်ပိုင်းမှာ လောဘ
ဒေါသအရောင်တွေ အဆိုးခံလိုက်ရတဲ့အချိန်ကစလို့
ရိုးသားမှု ပြတ်သားမှုမရှိတော့ ပိုပြီးရှုပ်ထွေးလာပါတယ်။
ကိုယ်လိုချင်တဲ့အရာဆိုရင် တရားသော မတရားသော နားမလည်
ရအောင်ယူတဲ့တဲ့အကျင့်တွေရှိလာတယ်။ လိုချင်တာ မရရင် ဒေါသတွေ ဖြစ်လာတယ်
ရအောင်ယူမယ်ဆိုတဲ့ မတရားလောဘကြောင့် လူမျိုးတစ်စုနဲ့တစ်စု ခိုက်ရန်တွေဖြစ်ကြရတယ်။
စစ်ပွဲကြီးတွေ ဖြစ်ကြရတယ်။ ဒါဟာ
လူတွေရဲ့စိတ်ကို အရောင်ဆိုးလိုက်လို့ ဖြစ်ရတာပါ။
ဒါနဲ့စပ်လို့….
လူတွေရဲ့စိတ်ကို
ပြောင်းလဲသွားစေတတ်တဲ့အရောင်အချို့ကို ပြောချင်ပါသေးတယ်။
(၁) ကာမစ္ဆန္ဒနိဝါရဏ။ ။ အဆင်း၊အသံ၊အနံ့၊အရသာ၊အတွေအထိ ဆိုတဲ့
ကာမဂုဏ်အာရုံအပေါ်မှာ နှစ်သက်လိုချင်နေတာတွေ ဖြစ်နေတာပါ။ နားလည်အောင်ပြောရရင်၊ ဇနီး၊မယား၊ သမီး၊သား၊ လင်သား၊ဆွေမျိုးဥာတိ၊
ပစ္စည်းဥစ္စာ လယ်ယာကိုင်းကျွန်းဆင်မြင်းစတဲ့ သက်ရှိ သက်မဲ့တွေအပေါ်မှာ
နှစ်သက်လိုချင်နေတာဖြစ်တယ်။ အရင်းစစ်တော့ လောဘအရောင်ပါပဲ။ ကာမဂုဏ်အာရုံမှာ
နှစ်သက်လိုချင်နေပီဆိုရင် လောဘက စိတ်ကို အရောင်ခြယ်ပေးလိုက်တာ ဖြစ်တယ်။
(၂)ဗျာပါဒနိဝါရဏ။ ။ စိတ်ပျက် စိတ်ဆိုး အလိုမကျ အာဃာတ၊
စိတ်ညစ်တာတွေ ဖြစ်နေတာကို ပြောတာပါ။ အရင်းစစ်တော့ ဒေါသအရောင်ပါပဲ။ ဒါကလဲ ဒေါသဖြစ်ဖွယ်တွေနဲ့ ကြုံရင် မိမိစိတ်ကို ဒေါသက
အရောင် ခြယ်ပေးနေတာ ဖြစ်တယ်။
(၃)ထိနမိဒ္ဓနိဝါရဏ။ ။ထိုင်းမှိုင်း
၊ ပျင်းရိ တာတွေ ဖြစ်နေတာကို ဆိုတာပါ။ အရင်းစစ်တော့ မောဟ အရောင်ပါပဲ။
ဒီလိုထိုင်းမှိုင်းပျင်းရိနေပီဆိုရင် စိတ်ကို မောဟက အရောင်ခြယ်ပေးနေတာ ဖြစ်တယ်။
(၄)ဥဒစ္စ၊ကုက္ကုစ္စနိဝါရဏ။ ။စိတ်ပြန့်လွင့်တာ၊ စိတ်လေတာ၊ ပူပန်တာတွေ
ဖြစ်နေတာကို ပြောတာပါ။ အရင်းစစ်တော့ လောဘ၊ ဒေါသစတဲ့ ကိလေသာတွေပါပဲ။ တစ်ခါတစ်ရံ
စိတ်တွေ မတည်ငြိမ်ဘဲ ဟိုရောက် ဒီရောက်၊ ဟိုတွေးဒီတွေး ဖြစ်နေတာတွေ၊ တစ်ခါတစ်ရံ
မကောင်းတာတွေ ပြုလုပ်မိ ပြောမိ တွေးမိထားတယ်ဆိုရင် အဲဒီပြုလုပ်ပြောဆို
တွေးတောထားတာတွေအပေါ် တွေးပြီး ပူပန်နေတယ်ဆိုရင် စိတ်ကို လောဘ၊ဒေါသစတဲ့
ကိလေသာအရောင် ခြယ်ပေးနေတာ ဖြစ်တယ်။
(၅)၀ိစိကိစ္ဆာနိဝါရဏ။ ။ သို့လောသို့လော ယုံမှားသံသယဖြစ်နေတာကို
ဆိုတာပါ။ အရင်းစစ်တော့ မောဟပါပဲ။ အဲဒီလို ယုံမှားသံသယဖြစ်နေပီ ဆိုရင် စိတ်ကို
မောဟက အရောင်ခြယ်ပေးနေတာ ဖြစ်တယ်။ အချုပ်ပြောရရင် ကိလေသာအရောင်တွေ လို့ ပြောရမှာပါ။
အထက်က
ဆိုခဲ့တဲ့အတိုင်း စိတ်ဟာ ပကတိအတိုင်းဆိုရင် ဖြူစင်နေပေမယ့် ကိလေသာအရောင်များ
အဆိုးခံရတဲ့အတွက် ရှုပ်ထွေးသွားရပါတယ်။ ဒါကြောင့်
ရှင်းရှင်းနေချင်တဲ့စာချစ်သူများလဲ အားလုံးနဲ့ ကင်းကင်းရှင်းရှင်း နေရုံမျှနဲ့တော့
ကင်းရှင်းပြီလို့ မဆိုနိုင်သေးပါ။ စိတ်အညစ်အကြေးတွေကင်း အောင် ဆေးကြောဖို့
လိုပါသေးတယ်။ ဒီအတွက်က ဘာဝနာတရားကို ကျင့်သုံးပေးဖို့လိုအပ်ပါတယ်ဆိုတာ
ပြောရင်း……. နားပါဦးမည်။ ။
ဓမ္မအလင်းရောင်