Sunday, June 30, 2013

ပဲ့ပြားပင်လား … မဏ္ဍိုင်လား


ပဲ့ပြားပင်လား … မဏ္ဍိုင်လား

20.6.2013နေ့ ညနေပိုင်းက ၊ ဒီတစ်ခေါက် အမေရိကန်ခရီးစဉ်မှာ မိမိပင်မတည်းခိုစခန်းချနေတဲ့ ဆန်ဖရန်စစ်စကိုဘေးဧရိယာ၊ ဖရီးမောင့်မြို့၊ မေတ္တာနန္ဒကျောင်းမှာမေတ္တာနန္ဒဓမ္မ၀ိဟာရရဲ့ စနေ၊ တနင်္ဂနွေ ညနေနိကာယ် သင်တန်းနဲ့ အဘိဓမ္မာသင်တန်းသူလေးတစ်ဦးက “အင်တာနက်မှာ တိုင်းမဂ္ဂဇင်းက မျက်နှာဖုံးမှာ  အရှင်ဝီရသူပုံနဲ့ “ဗုဒ္ဓဘာသာအစွန်းရောက်ပုဂ္ဂိုလ်ဆိုတဲ့ စာလုံးကြီးနဲ့ ဖော်ပြထားတဲ့ အကြောင်း” အရေးတကြီး ဖုန်းဆက်လာပါတယ်။

          သူကဖုန်းထဲမှာ “အခုတော့ အလုပ်ချိန်ဖြစ်နေလို့ ညနေအလုပ်ကအပြန်မှာ ကျောင်းဝင်လာပြီး အပြည့်အစုံပြောပါမယ်”ဆိုပြီးဖုန်းချသွားပါတယ်။ ညနေရောက်တော့ ကျောင်းကိုရောက်လာပြီး ဂျာနယ်မှာ ဖော်ပြထားတဲ့ အကြောင်းအရာများကိုအပြည့်အစုံပြောပြပါတယ်။ ပြီးတော့ ဒီကိစ္စကိုဒီမှာရှိတဲ့ ဗုဒ္ဓဘာသာ အားလုံးကမခံမရပ်နိုင် ဖြစ်နေကြပါပြီ။ အထူးသဖြင့်တော့ သူတို့လိုလူငယ်ထုအများစုကဒီကိစ္စနဲ့ ပတ်သက်ပြီး ပြန်လည်ဖြေရှင်းချက်ကိုတခြားကမ္ဘာပြန့်အောင် ထင်ရှားတဲ့ ဂျာနယ်တစ်စောင်မှာ ပြန်ရေးချင်တယ်။ ဘုန်းဘုန်း တို့က မြန်မာလိုရေးပေးပါ။ သူတို့က ကျွမ်းကျင်တဲ့ အင်္ဂလိပ်ဂျာနယ်လစ်တစ်ဦးကို ဘာသာပြန်ခိုင်းပြီး မဂ္ဂဇင်းမှာ ထည့်ကြမယ်” ဆိုတဲ့ အကြောင်းကို စိတ်အားထက်သန်စွာ ပြောပါတယ်။

          ပြီးတော့မှ “ဒီကိစ္စနဲ့ပတ်သက်ပြီးဘုန်းဘုန်းတို့တော့ ဘယ်လိုခံစားရသလဲမသိဘူး … သမီးတို့တော့ ဘယ်နည်းနဲ့မှ လက်မခံနိုင်ဘူး၊ ပြန်ရှင်းရမှာပဲ”တဲ့။ သူစိတ်အားထက်ထက်သန်သန်နဲ့ တက်တက်ကြွကြွ ပြေနေတုန်းမှာပဲ … အခြားသင်တန်းသူတစ်ဦးကလဲကျောင်းကိုရောက်လာပြီးအလားတူပြောပြနေပါတယ်။ သူကလည်းအလားတူပဲ၊ နောက်ဆုံးမှာ “ဘုန်းဘုန်းတို့ ဘယ်လိုသဘောရသလဲ”ဆိုတဲ့ မေးခွန်းနဲ့ နိဂုံးချုပ်ပါ တယ်။
          မိမိကစဉ်းစားနားထောင်နေတာကိုပဲ သူတို့ကအားမလိုအားမရဖြစ်တဲ့ ဖြစ်တဲ့ ပုံစံနဲ့  “အခုတပည့်တော် သင်ကြားနေတဲ့ ဗြဟ္မဇာလသုတ်နိဒါန်းမှာ မြတ်စွာဘုရားကရဟန်းတော်တွေကိုညွှန်ကြားထားတာရှိတယ် မဟုတ်လား၊ ရတနာသုံးပါးနဲ့ပတ်သက်လို့ တစ်ဘက်သားကမဟုတ်မမှန် ကဲ့ရဲ့ပြစ်တင်လာရင် မဟုတ်တာကို မဟုတ်တဲ့အကြောင်းဖြေရှင်းပြရမယ်”လို့ ပါတယ်လေ။ အဲဒါ အခုကိစ္စမှာလည်းဘုန်းဘုန်းတို့အနေနဲ့ တာဝန် ရှိတယ် မဟုတ်လား”ဆိုပြီးလောဆော်နေပြန်ပါတယ်။

          မိမိက “နေကြစမ်းပါဦးဟဲ့ …. နင်တို့ မေးခွန်းတွေချည်းအထပ်ထပ် ပြောနေကြတော့ ငါလည်း ဘယ်ကစပြီးဘယ်လိုဖြေရမှန်းတောင် မသိတော့ဘူး၊ ကဲ .. ဖြည်းဖြည်း ပြန်စဉ်းစားရအောင်”။

          ပထမဆုံး “ဒီဖြစ်ရပ်ကို ကြားသိရတဲ့အတွက် ဘယ်လိုခံစားရသလဲ .. ဟုတ်လား”။ တို့ မြန်မာ စကားမှာအလွန်ညံ့လွန်းတဲ့ လူတစ်ယောက်အပေါ် မှတ်ချက်ချတဲ့အခါ “ထိပ်ချမှ ဓားပြမှန်းသိတယ်”လို့ ဆိုတယ် မဟုတ်လား။ အခုကိစ္စက ဗုဒ္ဓဘာသာဝင်တွေရဲ့ တကယ့်ဦးထိပ်ရွက်ပန်ဆင် ယုံကြည် ကိုးကွယ်ရာဖြစ်တဲ့ .. ရတနာသုံးပါးနဲ့ ပတ်သက်တဲ့ ကိစ္စဖြစ်လို့ စကားပုံဆိုရိုးဥပမာတစ်ခုမဟုတ်တော့ဘူး။ ဒါဟာတကယ်ကို “ထိပ်ချတာအစစ်”ပဲ။ ထိပ်ချမှ သိတတ်သူကိုတောင် ညံ့လွန်းတယ် လို့ မှတ်ချက် ချထားမှတော့ ထိပ်ချလို့တောင် မသိတတ်ဘူးဆိုရင် ဘာပြောစရာရှိတော့မလဲ … လူ့အဆင့်အတန်းကို မ၀င်တော့သူ ဖြစ်သွားမှာပေါ့ ဟဲ့” ဘယ်မနာဘဲရှိမလဲ။

          ဒီသတင်းကို ကြားရတာကိုတော့ နာပါတယ်။ ဒါပေမယ့် အခုသမီးတို့လိုလူငယ်များကတောင် နိုးနိုးကြား ကြားတက်တက်ကြွကြွဖြစ်လာတာကိုတော့ ၀မ်းသာတယ်ဟေ့။ ဘာပဲဖြစ်ဖြစ် တို့ ဗုဒ္ဓဘာသာတွေ ထိပ်ချလာရင် တော့ ဓားပြမှန်းသိလာပြီ …. ဆိုတာထင်ထင်ရှားရှားတွေ့ရလို့ပဲ။ ဒါဟာဘာသာ ရေးမိုင်း ဗုံးထောင်မှုကြီးတစ်ခုတော့ အမှန်ပဲ။ ဒါပေမယ့် ထိခိုက်နစ်နာမှုတော့ မရှိနိုင်ပါဘူး၊ အိပ်ငိုက်နေတဲ့ ဗုဒ္ဓ ဘာသာဝင်တွေကို နိုးကြားလာစေရုံလောက်လို့ပဲဆိုရမှာပါ။ 

အားလုံး ခြုံကြည့်လိုက်ရင်တော့ ဒီတိုင်းမဂ္ဂဇင်းရဲ့ လုပ်ရပ်ကဆိုးရွားပေမယ့် တို့ ဗုဒ္ဓဘာသာဝင်တွေအတွက် နိုးကြားလာစေတဲ့ အကျိုးတစ်ခုပေါ်လာလို့ ရလဒ်ကတော့ မဆိုးဘူးပဲဆိုရမှာပဲ .. ဆိုတော့ ကလေးမ နှစ်ယောက်လုံးက တယ်ဘ၀င်မကျချင်တဲ့ ပုံစံနဲ့ “ဘာလဲဘုန်းဘုန်းကဒါကိုအကောင်းမြင်တာလား၊ ဘုန်းဘုန်းကြည့်ရတာမတုန်မလှုပ်နဲ့ ဘာမှ သိပ်အရေးမကြီးသလိုပဲ”ဆိုပြီးချက်ချင်းခွန်းတုံ့ပြန်ပါတယ်။

          ရောခက်ပါ့ကော၊ ဒီလောက်မကောင်းတဲ့ လုပ်ရပ်ကြီးကိုငါကအကောင်းမြင်နိုင်ပါ့မလားဟဲ့။ ဒါပေမယ့် ဒီလိုစဉ်းစားကြည့်တာပေါ့၊ မကောင်းတဲ့ သတင်းတစ်ခုမှာအစွပ်စွဲခံရသူရဲ့ ဖြစ်ရပ်အမှန်ကမကောင်းတာလား၊ သူတို့ရဲ့ အထင်အမြင်ကမကောင်းတာလားဆိုတာခွဲခြားသုံးသပ်ကြည့်ရမယ်လေ။ ခုကိစ္စကကိုယ့်ဘက်က ဖြစ်ရပ် မကောင်းတာ၊ မှားတာမဟုတ်ဘူး၊ သူတို့ဘက်ကအထင်အမြင် မှားတာနဲ့ လုပ်ရပ်ကမကောင်းတာလေ။

          အဲဒီတော့ သမီးတို့ကအခုဦးနေမိန္ဒဆီမှာ အဘိဓမ္မာလည်းသင်နေကြတယ် မဟုတ်လား။ အဘိဓမ္မာ သဘောအရတုန်လှုပ်ပူပန်ရတယ်ဆိုတာကိုဘယ်လိုခေါ်မလဲဆိုတော့ “ အရေးထဲမှ သမီးတို့ကိုမေးခွန်းပြန်ထုတ် မနေပါနဲ့၊ ဘုန်းဘုန်းကပဲပြောပြပါ၊ သမီးတို့ကတော့ မခံမရပ်နိုင်ဖြစ်နေတာပဲသိတယ်”တဲ့။

          အေး … အဲဒီလိုတုန်လှုပ်ပူပန်နေတဲ့ သဘောကိုအဘိဓမ္မာမှာ“ကုက္ကုစ္စ”လို့ ခေါ်တယ်လေ။ “ကုက္ကုစ္စ” ဆိုတာကမကောင်းတာ၊ မမှန်တာတစ်ခုခုကို ကျူးလွန်ပြစ်မှားမိလို့ပဲ ဖြစ်ဖြစ်၊ ကောင်းမွန်မှန်ကန်တဲ့ ကိစ္စတစ်ခုခုကိုမပြုလုပ်မိလို့ (တာဝန်မဲ့မိလို့) ပဲဖြစ်ဖြစ်၊ စိတ်ထဲမှာနောင်တပူပန်နေရတဲ့ သဘောမဟုတ်လား။

          အခုကိစ္စကစဉ်းစားကြည့်လေ .. ဦးဝီရသူ အနေနဲ့ မကောင်းတဲ့ လုပ်ရပ်ကို ပြုလုပ် ကျူးလွန် မိတာလည်းမဟုတ်ဘူး။ ကောင်းမွန်မှန်ကန်တဲ့လုပ်ရပ်(တာဝန်)တစ်ခုကိုမပြုလိုက်မိဘဲ တာဝန်မဲ့တာလည်း မဟုတ်ဘူး။ သူတာဝန်ရှိတဲ့ ကိစ္စကို တာဝန်သိသိနဲ့ တာဝန်ကျေခဲ့တာ မဟုတ်လား။ ဒီတော့ ကိုယ့် ဘက်ကဘာမှ တုန်လှုပ်ပူပန် စရာမလိုဘူးလေ။ ဖြစ်ခြင်းဖြစ်ရင် ဒီကိစ္စကိုမှားမှားယွင်းယွင်း ကျူးလွန်ခဲ့တဲ့ တိုင်း မဂ္ဂဇင်းကသာတုန်လှုပ်ပူပန်ရမှာပေါ့။ ဘုန်းဘုန်းပြောလိုတာကဒီလုပ်ရပ်ရဲ့ အကျိုးဆက်တစ်ခုအနေနဲ့ ဗုဒ္ဓ ဘာသာ ၀င်တွေ နိုးကြားသွားတဲ့ ကိစ္စကိုတော့ ကောင်းတဲ့ အကျိုးဆက်တစ်ခုအဖြစ် မြင်တဲ့သဘောပြော ချင်တာပါ” ဆိုတော့ –

          “ဘာပဲဖြစ်ဖြစ်၊ ဒီတိုင်းမဂ္ဂဇင်းဆိုတာကကမ္ဘာသိပြန့်နှံ့ ထင်ရှားတာဆိုတော့ ဒါကိုဖတ်ရတဲ့ ကမ္ဘာ့အမြင်မှာဗုဒ္ဓဘာသာရဟန်းတော်တွေအပေါ် အထင်အမြင်သေးစရာ ဖြစ်မနေဘူးလား”တဲ့။

          အထင်အမြင်ဆိုတာအမှန်မြင်တာမှ မဟုတ်ဘဲလေ။ ကမ္ဘာကြီးမှာထင်ချင်သလိုထင်ပြီး မြင်ချင်သလို မြင် နေကြသူတွေချည်း ရှိတာမဟုတ်လောက်ပါဘူး။ အမှန်ကို မြင်နိုင်စွမ်းရှိသူတွေတွေလည်း အများကြီး ရှိကြမှာပါ။ အဲဒီလိုအမှန်အတိုင်းသိမြင်သုံးသပ်နိုင်စွမ်းရှိကြမယ်ဆိုရင်တော့ ကမ္ဘာမှာဘာသာရေး အစွန်းရောက် ဆိုတာက ကိုယ်နဲ့ယုံကြည်တဲ့ ဘာသာချင်း မတူကြသူတွေအားလုံးအပေါ် ရန်သူလိုသဘော ထားပြီး သတ်ဖြတ် ချေမှုန်းပစ်ဖို့ လက်နက်တွေ ကိုင်ဆောင်၊ အကြမ်းဖက် သတ်ဖြတ်မှုတွေကို ပြုလုပ်နေကြ သူတွေ ကိုသာ ခေါ်ဆို သတ်မှတ်ကြတာပါ။

          ဗုဒ္ဓဘာသာဝင်၊ အထူးသဖြင့် ဗုဒ္ဓတပည့်သားအရင်းဖြစ်တဲ့ ရဟန်းတော်တွေဆိုတာ “လူရဲ့ အသက်ကိုသတ်ဖြတ်ခြင်းဟာရဟန်းအဖြစ်နဲ့ မထိုက်တန်တဲ့ “ပါရာဇိက”ခေါ်တဲ့ အကြီးဆုံးပြစ်မှုကြီးအဖြစ် ဘုရားရှင်ကလည်းပညတ်ခဲ့သလိုရဟန်းတော်အားလုံးကလည်းဦးထိပ်ရွက်ပန်ဆင် လိုက်နာနေကြရတာပါ။ သူတစ်ပါးအသက်ကိုသတ်ဖြတ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ တုတ်ဓားလက်နက်ကိုတောင် မကိုင်ဆောင်ရဘူး။ ဒီလုပ်ရပ်မျိုးဟာရှက်စရာဖြစ်တယ်”လို့ကို ခံယူထားကြတယ်ဆိုတာအခုသမီးတို့ သင်ယူနေတဲ့ ဗြဟ္မဇာလ သုတ်မှာ လည်းပါတယ်လေ “နိဟိတ ဒဏ္ဍော၊ နိဟိတ သတ္ထော၊ လဇ္ဇီ”ဆိုတာပေါ့။

          ပြီးတော့ “ဒယာပန္နော သဗ္ဗဘူတာနုကမ္ပီ = သတ္တ၀ါအားလုံးအပေါ်မှာ မေတ္တာကရုဏာ ရှေ့ထားပြီးအကျိုးစီးပွားကိုသာဆောင်ရမယ်”ဆိုတဲ့ ဘုရားရှင် အမိန့်တော်အတိုင်းသာ လိုက်နာကျင့်သုံး နေကြတာပါ။ ဒါကြောင့်လည်း မြန်မာပြည်သူ ပြည်သားတွေ ဆင်းရဲဒုက္ခရောက်နေကြတဲ့အခါမှာ ဘယ် ဘာသာဝင် ဘယ်တိုင်းရင်းသားအတွက်လို့ အကန့်အသတ်မထားဘဲ၊ နိုင်ငံတွင်းနေသူအားလုံးအတွက် သက်စွန့်ကျိုးပန်းထောင်တန်းကျခံတဲ့အထိ ကြိုးစားခဲ့ကြတာအားလုံးအသိပဲ။

          အခု အရှင်ဝီရသူဆိုတာ အဲဒီလို တာဝန်ကျေပွန်မှုတွေကြောင့် ထောင်ထဲမှာဆင်းရဲဒုက္ခအမျိုးမျိုးခံစားခဲ့ ရတဲ့ ပုဂ္ဂိုလ်ဆိုတာကမ္ဘာသိ ဖြစ်လောက်ပါပြီ။ အဲဒီတော့ အထင်နဲ့ အမှားမြင်တတ်ကြသူတွေ မဟုတ်ဘဲအဖြစ်မှန်ကိုအမှန်အတိုင်း မြင်တတ်သူတွေအတွက် ရှင်ဝီရသူအပေါ်မှာရော၊ တခြားဗုဒ္ဓဘာသ၀င် ရဟန်းတော်တွေ အပေါ်မှာရော၊ အထင်အမြင်သေးစရားမဖြစ်နိုင်ပါဘူး။ အမှန်မမြင်ဘဲအထင်နဲ့ ရမ်းပြီး အမြင်မှားနေတဲ့ မဂ္ဂဇင်းတွေ၊ သတင်းမီဒီယာတွေအပေါ်မှာသာအထင်သေးစရာ ဖြစ်မှာပါ။ လို့ရှင်းပြပြီး စဉ်းစား သလိုစကားကိုခေတ္တရပ်ထားလိုက်တော့။ ဒါကိုလည်းသိပ်ကျေနပ်အားရပုံမပေါ်တဲ့သဘောနဲ့ ကလေးမ နှစ်ဦးလုံးက “ဒါဖြင့် ဒီတိုင်းမဂ္ဂဇင်းမှာပါနေတဲ့ ကိစ္စကိုဘယ်လိုလုပ်မလဲ”ဆိုပြီးစကားဆက်ပါတယ်။

          အေး … အခုဟာက “နှုတ်တရာစာတစလုံး”ဆိုသလိုပေါ့ကွယ်။ တိုင်းမဂ္ဂဇင်းကစာနဲ့ရေးလိုက်တော့ အခိုင်အမာလိုဖြစ်ပြီးပိုထင်ရှားသွားတာပေါ့။ တကယ်တော့ ဒီတိုင်းမဂ္ဂဇင်းချည်းမဟုတ်ပါဘူး။ ကမ္ဘာသိ အဖြစ်ထင်ရှားတဲ့၊ အသံလွှင့်မီဒီယာကြီးအချို့ကလည်း ..ဟိုမိတ္ထီလာကိစ္စမှာပဲကြည့်ပါလား၊ ရဟန်းတော် တစ်ပါးရက်ရက်စက်စက် အသတ်ခံရတဲ့ကိစ္စကိုဓာတ်ပုံမပြောနဲ့ သတင်းစကားအဖြစ်တောင် ထည့် မပြောဘဲ။ တခြားဘာသာဝင်တွေကို ဗုဒ္ဓဘာသာလို့ အမည်ခံထား ကြသူအချို့က တိုက်ခိုက်ဖျက်ဆီး နေပုံတွေကိုပဲ ဓာတ်ပုံအဖြစ်နဲ့ရော၊ သတင်းစကားတွေနဲ့ရောအထပ်ထပ် ဖော်ပြကြ၊ အော်နေကြတာမဟုတ်လား။

          ဒီအထဲမှာအဆိုးဆုံးကမိတ္ထီလာမှာ ရုန်းရင်းဆန်ခတ်ဖြစ်နေကြချိန်မှာ ကူညီဖြန်ဖြေနေကြတဲ့ ရဟန်းတော်တွေပုံကိုတောင် ၀ိုင်းဝန်းတိုက်ခိုက်နေကြပုံအဖြစ်နဲ့ မှားမှားယွင်းယွင်းဖော်ပြကြတယ်လေ။ ဒုက္ခသည်စခန်းတွေအထိကမ္ဘာသိထင်ရှားတဲ့ ဆရာတော်ကြီးများကိုယ်တိုင် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ အားကြိုးမာန်တက် ဆောင်ရွက်နေကြတာကိုတော့ ဗြောင်ကြောင်ပြီးမျက်ကွယ်ပြုထားကြတယ် မဟုတ်လား။ ဒီကိစ္စတွေကအခုဆို မြန်မာပြည်တွင်းမှာ တခြားဘာသာဝင်တွေကတောင် သဘောပေါက်နေကြပါပြီ။

          ဒါပေမယ့် ဒီနိုင်ငံမှာတော့ အခုတိုင်းမဂ္ဂဇင်းမျက်နှာဖုံးသတင်းအထိပေါ့လေ၊ သတင်းမိဒီယာတွေဟာ အမှန်ကိုမျက်ကွယ်ပြုနေကြတုန်းပဲရှိသေးတယ်။ အဲဒီသတင်းဌာနတွေ၊ မြန်မာနိုင်ငံမှာတော့ “စတုတ္ထမဏ္ဍိုင်”လို့ ခေါ်တယ်။ ဒီမှာတော့ မဏ္ဍိုင်နံပါတ် ဘယ်လောက်ခေါ်သလဲမသိဘူး။

          အဲ – “မဏ္ဍိုင်ဆိုတာမယိမ်းမယိုင် တည့်မတ်ခိုင်မာတယ်” လို့ အဓိပ္ပါယ်ရပါတယ်။ ဒါပေမယ့် ဒီက မဂ္ဂဇင်းနဲ့ ရုပ်သံလွှင့်ဌာနအချို့ရဲ့ လုပ်ရပ်တွေက “မဏ္ဍိုင်”ဆိုတဲ့ ဂုဏ်သိက္ခာရှိပုံမရကြပါဘူး။ ငွေကြေးလေ ယူရာယိမ်းနေတဲ့ “ပဲ့ပြားပင်”ပုံစံမျိုးပဲပေါက်နေကြတာတွေ့နေရပါတယ်။

          ဒါမျိုးတွေကတို့ မြန်မာပြည်ကသတင်းဂျာနယ် အချို့မှာလည်းသတိထားမိတယ်။ မိတ္ထီလာ ကိစ္စအခြေခံတဲ့ နောက်ဆက်တွဲ ကိစ္စတွေအားလုံးမှာရဟန်းတော်တစ်ပါးအသတ်ခံရတာကိုရော၊ ရဟန်းတော် တွေကဒုက္ခသည်တွေကိုကယ်ဆယ်ရေးအတွက် အားချွန်ကြိုးပန်နေကြတာတွေကို ရောမျက်ကွယ်ပြုပြီး ဗုဒ္ဓ ဘာသာရဟန်းတော်များအပေါ် ထင်ယောင်ထင်မှားဖြစ်စေမယ့် သတင်းတွေကိုသာမသိမသာရော၊ သိသိ သာ သာရောရေးနေကြတယ်။ ဒီအထဲမှာမဆီမဆိုင် ၉၆၉ တို့၊ ၀ီရသူတို့ပါ ဆွဲထည့်ကြတာတွေလည်းရှိတယ်။

          အမှန်ကတော့ ၉၆၉ ဆိုတာဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာဂုဏ်တို့ရဲ့ အရေအတွက်သင်္ကေတပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင့်ခြောက်ရာကျော် ဘုရားရှင် လက်ထက်ကတည်းကရှိနေတဲ့ သင်္ကေတဆိုတာ အခုအထိပိဋကတ်တော်တွေမှာထင်ရှားရှိပါတယ်။ ၉၆၉ သင်္ကေတကို အသုံးပြု သူတို့ရဲ့ ရည်ရွယ်ချက်က ကိုယ့်အမျိုးဘာသာ၊ သာသနာ ခိုင်မာရေးအတွက် တနင်္ဂနွေဗုဒ္ဓသင်တန်းတွေ။ နွေရာသီဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းတွေ ဖြစ်ပေါ်ရေးအတွက် အဓိကလှုပ်ရှားဆောင်ရွက်နေကြတဲ့ ဘုရားသားတော် တွေသာ ဖြစ်တယ်ဆိုတာသူတို့ရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ချက်ကိုအနီးကပ်လေ့လာ ကြည့်ရင် သိနိုင်ပါ တယ်။

          ဒီကိစ္စနဲ့ပတ်သက်လို့ ၉၆၉ အဖွဲ့ရဲ့ အကျိုးတော်ဆောင်ရဟန်းတော်တစ်ပါးကဂျာနယ်တစ်စောင်ရဲ့ အင်တာဗျူးမှာရှင်းပြထားတဲ့ စကားကအတော် စာနာစရာကောင်းပါတယ်။ သူကတော့ ရယ်ရယ်မောမောပဲ ပြောတာပါ “ဦးဇင်းတို့ကအိမ်ကွင်းမှာ ခံစစ်ကစားနေရတာပါဗျာ၊ တိုက်စစ်မဆင်ရပါဘူး၊ ကိုယ့်ဘက်ကဂိုးသွင်းရ တယ်လို့ မရှိပါဘူး၊ သူများသွင်းဂိုးတွေကိုမနဲကာကွယ်နေရတာပါ”တဲ့။

ဒါတွေကို မဏ္ဍိုင်ပီသတဲ့ စာနယ်ဇင်းတွေ၊ သတင်းမီဒီယာတွေ သိကြပါတယ်။ အဲ … ငွေကြေးလေယူရာယိမ်းနေ ကြတဲ့ ပဲ့ပြားပင်တွေဆိုရင်တော့ မပြောတတ်ဘူးပေါ့လေ။


ကဲ .. နောက်မှ စကားဆက်ကြရအောင်၊ အခုညဥ့်နက်လှပေါ့။
ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)၊ ဇွန် ၂၅၊ ၂၀၁၃