Friday, June 21, 2013

ကိုယ်၊ နှုတ်၊ စိတ် ညီအောင် ကြိုးစားပါ။


ကိုယ်၊ နှုတ်၊ စိတ် ညီအောင် ကြိုးစားပါ။

မုသာဝါဒါ ဝေရမဏိ - မုသားပြောခြင်းမှ ရှောင်ကြဉ်ပါ၏ ဟူ၍ ဆိုရာ၌ လိမ်၍ ပြောခြင်းနှင့် ပြောသည့်အတိုင်း မလုပ်ခြင်းပင် ဖြစ်၏။ အမှန်အားဖြင့် လိမ်၍ ပြောခြင်းနှင့် ပြောသည့်အတိုင်း မလုပ်ခြင်းသည် သူတစ်ဖက်သားကို အထင်မှားအောင် လှည့်စားခြင်း ဖြစ်၏။ ထို့ကြောင့် လူတစ်ယောက်ကို ဖြစ်စေ၊ လူအများကို ဖြစ်စေ အထင် မမှားရလေအောင် ကြွားဝါခြင်း မပြုဘဲ မှန်မှန်ကန်ကန် ပြောဆိုခြင်းနှင့် ပြောသည့်အတိုင်း လုပ်ခြင်းသည် မုသာဝါဒါ ဝေရမဏိအရ မုသားပြောဆိုခြင်းမှ ရှောင်ကြဉ်သည် မည်၏။

ကုသိုလ်အရာတွင် သစ္စာဝါစာသည် အင်အားကောင်း၍ အကုသိုလ်အရာတွင် မုသာဝါဒသည် အင်အား ကောင်း၏။ မြတ်စွာဘုရား အလောင်းတော်အနေဖြင့် ငါးပါးသီလတွင် ပါဏာတိပါတ စသော သိက္ခာပုဒ်များကို အကြောင်းအားလျော်စွာ လွန်ကျူးနိုင်သောလည်း မုသာဝါဒသိက္ခာပုဒ်ကိုကား သူတစ်ပါး အကျိုးပျက်လောက်အောင် မည်သည့်အခါမျှ လွန်ကျူးခဲ့ခြင်း မရှိ ဟူ၍ ဆရာတော် အရှင်ဇနကာဘိဝံသက သူ၏ ဗုဒ္ဓ၀င် အမေးအဖြေ၌ ဆို၏။ ထို့ကြောင့် မုသာဝါဒသိက္ခာပုဒ်သည် ဘုရားကိုပင် ဖြစ်စေနိုင်လောက်အောင် ကုသိုလ်အရာ၌ အရေးပါ၏။ အကုသိုလ်အရာ၌ အရေးပါကြောင်းကိုမူ အပြန်နည်းဖြင့် သိနိုင်လေ၏။

မှန်ကန်သောစကား သစ္စ၀ါစာသည် မုသာဝါဒ၏ ဆန့်ကျင်ဘက် ဖြစ်၏။ ထို့ကြောင့် မှန်ကန်စွာ ပြောဆိုခြင်းကို သစ္စပါရမီ အနေဖြင့် ဟောကြားတော်မူခြင်း ဖြစ်၏။ သို့ရာတွင် မှန်ကန်စွာ ပြောဆိုတိုင်းလည်း သစ္စပါရမီ ဖြစ်သည် မဟုတ်။ ပါရမီ ဟူသည်မှာ မြင့်မြတ် သူတို့၏ လုပ်ငန်း ဖြစ်၏။ ထို့ကြောင့် မှန်ကန်စွာ ပြောဆိုရာ၌ မြင့်မြတ်မှု သဘောပါအောင် ပြောဖို့ လို၏။

သို့မှသာ မှန်ကန်စွာ ပြောဆိုခြင်းသည် သစ္စပါရမီမြောက်သော ပြောဆိုခြင်း ဖြစ်ပေလိမ့်မည်။ အမှန်အားဖြင့် သူတစ်ပါးထံမှ အကျိုးကို မမျှော်ကိုးသော စိတ်ထားဖြင့် မှန်မှန်ကန်ကန် ပြောဆိုခြင်းသည်သာ မြင့်မြတ်သော သဘောကို ဆောင်၏။ အသိဉာဏ်ပညာနှင့် ယှဉ်ရာ၌လည်း ရောက်၏။ နိဗ္ဗာန်၏ အထောက်အပံ့လည်း ဖြစ်၏။ လောက၌ မည်သည့်လုပ်ငန်းကို လုပ်သည် ဖြစ်စေ၊ ဉာဏ်နှင့်ယှဉ်ပြီး လုပ်ပါမှ မြင့်မြတ်ရာ ရောက်၏။ မြင့်မြတ်ရာ ရောက်ပါမှလည်း ပါရမီ မြောက်၏။ ပါရမီ မြောက်ပါမှလည်း နိဗ္ဗာန်ကို ရောက်နိုင်၏။ သို့မဟုတ်ပါက နိဗ္ဗာန်ကို ရောက်ဖို့အကြောင်း မရှိပါချေ။

လောကတွင် လူဟူသည် တစ်ဦးနှင့်တစ်ဦး မလွဲမသွေ ဆက်ဆံရ၏။ ထိုသို့ ဆက်ဆံရာတွင် စကားသည် ပဓာနကျသော ကဏ္ဍမှ ပါဝင်၏။ စကားကို အားကိုး၍ ယုံထိုက် မယုံထိုက် ဆုံးဖြတ်ကာ ဆက်ဆံရခြင်း ဖြစ်လေရာ မမှန်ကန်သော စကားကို အားကိုးပြီး ဆက်ဆံမိပါက လောကသည် ကမောက်ကမ ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် တစ်ဦးနှင့်တစ်ဦး ဆက်ဆံရာတွင် လောက၌ ငြိမ်းချမ်းသာယာမှု ဖြစ်ထွန်းရေးအတွက် မုသာဝါဒသိက္ခာပုဒ်မှ ရှောင်ကြဉ်ကာ မှန်မှန်ကန်ကန် ပြောဆိုပြီး ဆက်ဆံဖို့ လို၏။

ထိုကဲ့သို့ ပြောဆိုပြီး ဆက်ဆံခြင်းအားဖြင့် လောက၌ ငြိမ်းချမ်းသာယာမှုကို ဖြစ်ထွန်းစေနိုင်၏။ ပြောသူအနေဖြင့် မြင့်မြတ်မှုသဘော ပါဝင်ပါက သစ္စပါရမီကို ဖြည့်ကျင့်ရာလည်း ရောက်၏။ သစ္စပါရမီသဘော မရောက်သည့်တိုင်အောင် မုသာဝါဒ သိက္ခာပုဒ်ကို လိုက်နာကျင့်သုံးရာ ရောက်သည်ကတော့ အမှန်ဖြစ်၏။

နှုတ်တစ်ရာ စာတစ်လုံး ဟူသော ဆိုရိုးစကား ရှိ၏။ အမှန်အားဖြင့် စာ ဟူသည်မှာလည်း စကား၏ အုပ်စုဝင်ပင် ဖြစ်၏။ သို့ဖြစ်လေရာ ၀စီကံသည် သစ္စာနှင့်ယှဉ်ပါက လောကကို စောင့်ရှောက်တတ်၏။ သစ္စာနှင့် မယှဉ်ပါက လောကကို ဖျက်ဆီးတတ်၏။ ထို့ကြောင့် လောက၏ ကောင်းကျိုးဆိုးပြစ်သည် ၀စီကံအပေါ်၌ တည်၏။ ၀စီကံ ဟူသည် စကားပင် ဖြစ်၏။ ဒဿနကျမ်းများ၌မူ စကားသံနှင့် ပတ်သက်၍ အဆင့်လေးဆင့် ထားကြ၏။ ယင်းအဆင့် လေးဆင့်မှာ -

(၁) ပရာ၊ (၂) ပဿန္တီ၊ (၃) မဇ္ဈိမာ၊ (၄) ၀ဲခါရီ တို့ ဖြစ်ကြ၏။ ပရာအဆင့်မှာ “စကားလုံးအလျဉ်” အဆင့် ဖြစ်၏။ ပဿန္တီအဆင့်မှာ စကားလုံးအလျဉ်အဆင့်ထဲမှ “ပုံစံမဲ့ စကားသံ” အဆင့် ဖြစ်၏။ မဇ္ဈီမာအဆင့်မှာ “ပုံစံရှိ စကားသံ” အဆင့် ဖြစ်၏။ ၀ဲခါရီအဆင့်မှာ ဌာန် ကရိုဏ်း ပယတ်သို့ ရောက်သော အသံအဆင့် ဖြစ်၏။ အမှန်အားဖြင့် ပရာအဆင့်၊ ပဿန္တီအဆင့်၊ မဇ္ဈီမာအဆင့်တို့သည် ဌာန် ကရိုဏ်း ပယတ်သို့ ရောက်သော အသံအဆင့်များ မဟုတ်ကြ။

ထို့ကြောင့် ထိုအဆင့် သုံးဆင့်တို့သည် ဒိဗ္ဗသောတ အဘိဉာဉ်မှ တစ်ပါး ပကတိနားဖြင့် ကြားနိုင်သော အဆင့်များ မဟုတ်ကြချေ။ ၀ဲခါရီအဆင့်သည်သာလျှင် ပကတိနားဖြင့် ကြားနိုင်သော အသံအဆင့် ဖြစ်၏။ ထို့ကြောင့် လူတို့ ကြားနေရသော စကားသံများသည် ၀ဲခါရီအဆင့် စကားသံများ ဖြစ်ကြ၏။ ဤသို့ ဒဿနပညာရှင်များက ဆိုကြ၏။
မုသာဝါဒါ ဝေရမဏိအရ မုသားကို မဆိုခြင်းသည် ဖြောင့်မတ်ခြင်း ဖြစ်၏။

ထိုဖြောင့်မတ်ခြင်းသည် နှစ်မျိုး ရှိ၏။ သာမန်ဖြောင့်မတ်ခြင်းနှင့် အလွန်ဖြောင့်မတ်ခြင်းတို့ ဖြစ်ကြ၏။ သာမန်ဖြောင့်မတ်ခြင်းကို ပါဠိဝေါဟာရအားဖြင့် ဥဇုဟု ခေါ်၏။ အလွန်ဖြောင့်မတ်ခြင်းကို သုဟုဇုဟု ခေါ်၏။ သာမန်ဖြောင့်မတ်ခြင်းအရ ကိုယ် နှင့် နှုတ် ရှေ့နောက် ညီညွတ်ခြင်း ဖြစ်ပါက မုသာဝါဒါဝေရမဏိ သိက္ခာပုဒ်ကို အသွင်သဏ္ဍာန်အားဖြင့် စောင့်ထိမ်းရာ ရောက်၏။ အမှန်အားဖြင့် မုသာဝါဒ ဝေရမဏိ သိက္ခာပုဒ်အရ အပြော နှင့် အလုပ် ရှေ့နောက် ညီညွတ်လျှင်ပင် သိက္ခာပုဒ်၏ ဆိုလိုရင်း အနက်သည် ပြီးပြည့်စုံ၏။ သို့ရာတွင် အနှစ်သာရအားဖြင့် သိက္ခာပုဒ်ကို စောင့်ထိန်းရာ မရောက်သေးချေ။ အနှစ်သာရအားဖြင့် မုသာဝါဒါ ဝေရမဏိ သိက္ခာပုဒ်ကို စောင့်ထိန်းမည်ဆိုပါလျှင် စိတ်၏ စွမ်းအား ပါဝင်ဖို့ လို၏။

အမှန်အားဖြင့် လောက၏ ကောင်းကျိုးဆိုးပြစ်ကို ဖန်တီးသည်မှာ စိတ်သာ ဖြစ်၏။ ထို့ကြောင့် မုသာဝါဒါဝေရမဏိ သိက္ခာပုဒ်ကို တကယ်တမ်း အနှစ်သာရအားဖြင့် စောင့်ထိန်းမည် ဆိုပါက စိတ်စွမ်းအား ပါဝင်ဖို့ လိုခြင်း ဖြစ်သည်ဟု ဆိုခြင်းဖြစ်၏။

ဤလောက၌ စိတ်က တကယ်တမ်း မပါဘဲ နှုတ်က ပြောပြီး ပြောသည့်အတိုင်း လုပ်ကိုင်ခြင်းများသည် ရှိတတ်ပါ၏။ စိတ်ထဲကမူ ဆန့်ကျင့်ဘက် ဖြစ်ချင် ဖြစ်နေတတ်၏။

သို့မဟုတ် လုံးလုံး စိတ်မပါဘဲလည်း ဖြစ်ချင် ဖြစ်နေတတ်၏။ ဤသို့ ဖြစ်နေပါက မုသာဝါဒါဝေရမဏိ အရ သိက္ခာပုဒ်ကို လုံသည်ဆိုရုံမျှ စောင့်ထိန်းရာ ရောက်၏။ ထိုသို့ စောင့်ထိန်းရုံမျှနှင့် လောက၌ ငြိမ်းချမ်းသာယာမှု ဖြစ်ထွန်းပေါ်ပေါက်ဖို့ ခက်ပါ၏။

အမှန်အားဖြင့် လောက၌ ငြိမ်းချမ်းသာယာမှု ဟူ၍ မရှိဘဲ မိမိတို့၏ ဘ၀လုံခြုံမှု ဟူသည် တကယ်တမ်း ဖြစ်ကောင်းသော အရာ မဟုတ်ချေ။ ထို့ကြောင့် လုပ်ငန်းများကို လုပ်ရာတွင် မည်သည့်လုပ်ငန်းကို လုပ်သည်ဖြစ်စေ၊ လောက၌ ငြိမ်းချမ်းသာယာမှု ဖြစ်ရေးကို ရှေးရှုပြီး လုပ်ငန်းများကို လုပ်ဖို့ လူတိုင်း၌ တာဝန် ရှိပါ၏။ လောက၌ ငြိမ်းချမ်းသာယာမှု ဖြစ်မှ မိမိတို့၏ ဘ၀ လုံခြုံမှုသည်လည်း ဖြစ်ပေါ်ပေလိမ့်မည်။

သို့ဖြစ်လေရာ မုသာဝါဒါဝေရမဏိအရ သိက္ခာပုဒ်ကို စောင့်ထိန်းရာတွင် အသွင်သဏ္ဍာန်အားဖြင့် စောင့်ထိန်းရုံမျှနှင့် မကျေနပ်သေးဘဲ အနှစ်သာရအားဖြင့် စောင့်ထိန်းနိုင်အောင် ကြိုးပမ်းရာ၌ ကိုယ်၊ နှုတ်၊ စိတ်တို့ တစ်ဖြောင့်တည်းကျဖို့ လို၏။ ကိုယ်နှင့်နှုတ်တို့ တစ်ဖြောင့်တည်း ကျရုံနှင့် မလုံလောက်။ စိတ်ပါ တစ်ဖြောင့်တည်း ကျဖို့ လိုခြင်း ဖြစ်၏။ နှုတ်ကလည်း စိတ်ထဲက ရှိသည့်အတိုင်း ပြောမည်။

ကိုယ်ကလည်း ပြောသည့်အတိုင်း လုပ်မည်ဆိုပါမှ အလွန် ဖြောင့်မတ်ခြင်း သုဟုဇုဂုဏ်နှင့် ပြည့်စုံမည် ဖြစ်၏။ သုဟုဇုဂုဏ်နှင့် ပြည့်စုံအောင် ကြံစည်ခြင်း၊ ပြောဆိုခြင်း၊ လုပ်ကိုင်ခြင်း ဖြစ်လျှင် မုသာဝါဒါ ဝေရမဏိအရ သိက္ခာပုဒ်ကို အနှစ်သာရအားဖြင့် စောင့်ထိန်းရာ ရောက်၏။ သိက္ခာပုဒ်ကို အနှစ်သာရအားဖြင့် စောင့်ထိန်းရာ ရောက်ပါမှလည်း လောက၌ ငြိမ်းချမ်းသာယာမှု ဖြစ်ထွန်းခြင်းသည် လောက၌ အဓမ္မအပေါ် ဓမ္မက အောင်နိုင်အောင် ဆောင်ရွက်ခြင်း မည်၏။ အမှန်အားဖြင့် လောက၌ အဓမ္မအပေါ် ဓမ္မကအောင်နိုင်အောင် ဆောင်ရွက်ဖို့ရန် လူတိုင်း၌ တာဝန်ရှိ၏။ တာဝန် ရှိသည်ဟု သိရုံနှင့်လည်း မပြီးသေး။ တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ဖို့လည်း လိုသေး၏။

တာဝန်ကို ကျေအောင် ဆောင်ရွက်ပါမှ ရတောင့်ရခဲ ရလာသော လူ့ဘ၀ကို ရကျိုးနပ်ပေလိမ့်မည်။
လူဟူသည် စကားမပြောဘဲ မနေနိုင်သောသတ္တ၀ါ ဖြစ်၏။ စကားပြောသောအခါ ကိုယ်ဖြင့်လည်း ပြော၏။ ကိုယ်ဖြင့် ပြောပါက ကာယကံဟူ၍ ဆိုရ၏။ နှုတ်ဖြင့်လည်း ပြော၏။ နှုတ်ဖြင့် ပြောပါက ၀စီကံဟူ၍ ဆိုရ၏။ စိတ်ဖြင့်လည်း ပြော၏။

စိတ်ဖြင့် ပြောပါက မနောကံဟူ၍ ဆိုရ၏။ အမှန်အားဖြင့် လောကတွင် နှုတ်ဖြင့် ပြောသည်ကိုသာ စကားပြောသည် ဟူ၍ ဆိုကြ၏။ နှုတ်ဖြင့် ပြောမှသာ ကြားရခြင်းကြောင်း ကြားရသည်ကို အကြောင်းပြု၍ နှုတ်က ပြောသော စကားလုံးများကိုသာ စကားဟူ၍ ဆိုခြင်း ဖြစ်၏။ သို့ရာတွင် ကံသုံးပါးလုံးဖြင့် စကားပြောသည်ကတော့ အမှန်။ ဖြောင့်မှန်ခြင်းဆိုသည်မှာ ကံသုံးပါးလုံးနှင့်ဆိုင်သော ဝေါဟာရ ဖြစ်၏။ ထို့ကြောင့် ကံသုံးပါးတို့ဖြင့် စကားပြောသည် ဟူ၍ ဆိုရခြင်း ဖြစ်၏။

စကားပြောရာတွင် ကြားရသည်၊ မကြားရသည်မှာ ပဓာန မဟုတ်။ အမှန်အားဖြင့်လည်း လောကတွင် ကြားရသော စကားများထက် မကြားရသော စကားများက ပို၍ စိတ်ဝင်စားဖွယ် ကောင်း၏။ “စားပါ” ဟူ၍ နှုတ်က ပြောသော်လည်း ကိုယ်ကမူ မပေး။

စိတ်ကလည်း မပေးချင်။ ထိုအခါ ကိုယ်ဖြင့် ပြောသော စကားများနှင့် နှုတ်ဖြင့် ပြောသော စကားများကိုမူ ကြားရ၏။ စိတ်ဖြင့် ပြောသော စကားကိုမူ မကြားရ။ အကယ်၍သာ စိတ်ဖြင့် ပြောသော စကားကို ကြားရပါမူ အမှန်အတိုင်း ပို၍ သိမည် ဖြစ်၏။ လောကတွင် အမှန်အတိုင်း သိဖို့က ပို၍ အရေးကြီး၏။ သဘာဝ တောတောင် ရေမြေတို့သည် စကားပြောကြသည်ပင် ဖြစ်၏။ သို့ရာတွင် သူတို့ပြောသော စကားများကား ပကတိ နားဖြင့် ကြားရသောစကားများ မဟုတ်ကြ။ ဉာဏ်နားဖြင့် နားထောင်တတ်သူမှ ကြားရသော စကားများ ဖြစ်ကြ၏။ ထို့ကြောင့် လောကတွင် ပကတိနားဖြင့် ကြားရသော စကားများထက် ပကတိနားဖြင့် မကြားရသော စကားများက ပို၍ စိတ်ဝင်စားဖွယ် ကောင်းသည်ဟု ဆိုခြင်း ဖြစ်ပါ၏။

လူမှုဆက်ဆံရေး နယ်ပယ်၌ “မုသား မပါ လင်္ကာ မချော” ဟူသော ဆိုရိုးစကား ရှိ၏။ ထိုစကားသည် လူမှုဆက်ဆံရေး နယ်ပယ်၌သာ မှန်၏။ သစ္စာနယ်ပယ်၌မူ မမှန်။ သစ္စာနယ်ပယ်၌ မှန်စေရန်အတွက် ကာယကံနှင့် ၀စီကံလည်း ရှေ့နောက် ညီညွတ်ဖို့ လို၏။ အထူးးအားဖြင့် မနောကံပါ ရှေ့နောက် ညီညွတ်ဖို့ လို၏။ သို့မှသာ ဖြောင့်မတ်ခြင်း ဖြစ်မည်။

အလွန်ဖြောင့်မတ်ခြင်း ဖြစ်မည်။ ဖြောင့်မတ်ခြင်းနှင့် အလွန်ဖြောင့်မတ်ခြင်း ဖြစ်ပါမှ သစ္စာဆို၍ ရ၏။ သစ္စာဆိုရခြင်းသည် သစ္စာနယ်ပယ်၌ မှန်ကန်ခြင်း ဖြစ်၏။ သစ္စာနယ်ပယ်၌ မှန်ကန်ခြင်း ဖြစ်ပါမှ မုသာဝါဒါ ဝေရမဏိအရ မုသားကို အသွင်သဏ္ဍာန်အားဖြင့် သာမက အနှစ်သာရအားဖြင့်ပါ ရှောင်ကြဉ်ရာ ရောက်၏။ ထိုသို့ ရှောင်ကြဉ်နိုင်မှလည်း လောက၌ ငြိမ်းချမ်းသာယာမှုကို ဖြစ်စေနိုင်မည် ဖြစ်၏။ အမှန်အားဖြင့် ချမ်းသာခြင်း ဟူသည်မှာ ငြိမ်းချမ်းသာယာမှု အပေါ်၌ တည်၏။ ငြိမ်းချမ်းသာယာမှု မရှိသမျှ ကာလပတ်လုံး မိမိတို့၏ ဘ၀လည်း မလုံခြုံ၊ ချမ်းသာခြင်းလည်း မရှိ။ ထို့ကြောင့် လောက၌ ငြိမ်းချမ်းသာယာမှု ရှိရလေအောင် ဆောင်ရွက်ဖို့ လိုအပ်ခြင်း ဖြစ်၏။

မုသာဝါဒ ဝေရမဏိအရ လောက၌ ပကတိနားဖြင့် မကြားရသော စကားများထက် ပကတိနားဖြင့် ကြားရသော စကားများက ပို၍ အရေးကြီး၏။ ပကတိနားဖြင့် မကြားရသော စကားများကို ဉာဏ်နားဖြင့် ကြားနိုင်သူတို့ကား လူနည်းစုများသာ ဖြစ်ကြ၏။ လူမှုဆက်ဆံရေးနယ်ပယ်တွင် လူများစုသည် ပဓာန ဖြစ်၏။

 မုသာဝါဒ ဝေရမဏိ သိက္ခာပုဒ်မှာလည်း လူတိုင်း လူတိုင်းကို ရည်ရွယ်၍ ဟောကြားထားသော သိက္ခာပုဒ် ဖြစ်၏။ ထို့ကြောင့် မုသာဝါဒါ ဝေရမဏိ သိက္ခာပုဒ်ကို စောင့်ထိန်းရာတွင် အသွင်သဏ္ဍာန်အားဖြင့် စောင့်ထိန်းသည့်သဘောနှင့် ကာယကံနှင့် ၀စီကံတို့ ရှေ့နောက် ညီညွတ်အောင် စောင့်ထိန်းရမည် ဖြစ်၏။
ထို့ထက်ကျော်လွန်၍ အနှစ်သာအားဖြင့်ပါ စောင့်ထိန်းသည့်သဘောနှင့် ကာယကံ၊ ၀စီကံ၊ မနောကံ တည်းဟူသော ကံသုံးပါးတို့ ရှေ့နောက် ညီညွတ်အောင် စောင့်ထိန်းရာ၏။

ဦရွှေအောင် ၏ ဘ၀အမြင်သစ် မှ ကောက်နှုတ်ဖော်ပြပါသည်။

Thein Naing Ohn
 —