ဗလာ
“ဗလာ”… ထိုစကားကို ဘယ်တုန်းက စကြားမိသည်တော့ မမှတ်မိတော့ပါ။ “ဟော့သည်မှာကြည့် ဘာမှမရှိဘူး ဗလာပဲ..” ငယ်ငယ်က ထိုစကားမျိုး ခဏခဏ ကြားရသည်။ အဲဒီနောက်တော့ ဗလာဆိုသောစကားကို တွင်တွင်ကျယ်ကျယ်သုံးတတ်လာတော့သည်။ အထူးသဖြင့် ပုံဆွဲကျင့်တတ်သော ကျနော့်အတွက် ဗလာစာအုပ်ဆိုသော စကားကို သူငယ်တန်းစမနေခင် မေမေဆွဲပြသောပုံများကိုသဘောကျစွာ ကူးဆွဲစဉ်ကတည်းက စောစီးစွာ သိခဲ့ရသည်။ ကလေးပီပီဗလာဆိုတာ ဘာမှမရှိခြင်းပါလားဆိုတာတော့ မစဉ်းစားမိခဲ့။ ဗလာစာအုပ်ထဲ မြူးတူးနေတတ်သော ယုန်လေးများခွေးလေးများနှင့်သာ စကားပြောရင်း ဗလာဆိုသော စကားကို လျစ်လျူပြုခဲ့မိသည်။ကျွန်တော်တို့ သုံးတန်း လေးတန်းသို့ ရောက်သောအခါ ဗလာမဲဖောက်သောကစားနည်းက ကျောင်းသားများကြားတော်တော် ရေပန်းစားခဲ့သည် ။ မုန့်မစားဘဲ မဲကဒ်ဝယ်၍ အလောင်းအစားမဲဖောက်သော ခပ်ကြီးကြီး ကျောင်းသားများကြား ကျနော်လည်း မ၀ံ့မရဲ သွေးတိုးစမ်း၍ အလောင်းအစားဝင်လုပ်ခဲ့ပါသေးသည်။
တစ်ကျပ်ဖိုးထိုးလျှင် လေးမဲဖောက်ခွင့်ရ၍ တချို့ကျောင်းသာများ ၅ ကျပ် ၁၀ ထိပေါက်သောကစားနည်းက ကျနော်တို့ ကျောင်းသားများကို မုန့်မစားဘဲ မဲထိုးဖို့ကို သိပ်တော့ မဆွဲဆောင်ရချေ။ ဗလာမဲသာပေါက်တတ်သော ကျနော်လိုကျောင်းသာအချို့သာ မဲထိုးသည့် အလုပ်ကို ခပ်စောစော စွန့်လွှတ်ခဲ့သော်လည်း ကျောင်းသားတော်တော်များများကတော့ ကျောင်းအုပ်ဆရာကြီးက မဲမထိုးရစည်းကမ်း ထုတ်မှပင် ရပ်ကြတော့သည်။ ဒါတောင် ကျောင်းတွင်း တရားမ၀င်မဲဒိုင်ကိုင် မဲထိုးကျောင်းသားအချို့က တိတ်တိတ်ပုန်း ဆက်လုပ်ကြဆဲပင်။ မဲဒိုင်ကိုင်သောကျောင်းသာများမှာ အနည်းငယ် ဘူဇွာကျသော ခပ်ထွားထွားကျောင်းသားများဖြစ်ပြီး မဲထိုးသောကျောင်းသာများမှာ အိမ်မှ မုန့်ဖိုးမျာများစားစားမပေးတတ်သော ကျောင်းသားများပင်ဖြစ်သည်…..
ထိုစဉ်က ကျနော် မမြင်တတ်ခဲ့သော ကျောင်းခန်းတွင်းမှ ပြင်ပဘ၀များပင်။
ထိုနောက်ပိုင်းနှစ်များတော့ ဗလာနှင့် ကျနော် နီးလျက်နှင့်ဝေးခဲ့ကြသည်။ ဗလာက ကျနော့် ပတ်ဝန်းကျင်တွင် အမြဲရှိခဲ့သည်။ ကျနော့်ကွန်ပါဗူးထဲမှာ ၊ အမေ့ပိုက်ဆံအိတ်ထဲမှာ၊ အဖေ့လွယ်အိတ်ထဲမှာ ၊ နောက်ဖေးချောင်က ဆန်အိုးထဲမှာ၊ ကျနော့်သူငယ်ချင်းတွေရဲ့ ဗိုက်ပူပူလေးတွေထဲမှာ ဗလာက အမြဲရှိနေတတ်သည်။ ရွှေခေါင်းပြောင်၊ ပရုပ်စီ ၊ ဦးကပ်စီး ၊မောင်ပူစီတို့ကို ကျနော့် ဗလာစာအုပ်ထဲ နေရာချထားပေးဖို့၊ အလုပ်နှင့်သာပျော်နေတတ်သော၊ အိမ်ရှေ့သစ်ပင်မှ တကျီကျီအော်နေတတ်သောငှက် နှစ်ကောင်၏ စကားကို နားလည်ဖို့သာ အာရုံစိုက်နေတတ်သောကျနော်က ကျနော်တို့မိသားစုထဲ အလည်ရောက်ရောက်လာတတ်သော ဗလာကို ယောင်၍တောင် နှုတ်မဆက်တတ်ခဲ့မိပါ။
ကျနော်တက္ကသိုလ်စတက်ဖို့ ထွက်ခွာခဲ့စဉ်က တဖြေးဖြေးဝေး၍ ကျန်ခဲ့သော လက်ဝှေယမ်းနေသည့် ဖေကြီးနှင့် မေမေ…ကျနော်ကလွမ်းဖို့ မေ့နေတတ်သော်လည်း ကျနော့်ကို အမြဲကြိုဆိုနေသောချစ်စရာ့ မြို့လေးကိုငေးရင်း ကျနော့်ရင်ထဲ ဗလာဆိုသည့်ကောင်လေး စတင်နေရာယူဖို့ ကြိုးစာခဲ့ပြီဆိုတာ ကျနော်မရိပ်မိခဲ့။ ထိုအချိန်က ကျနော့်ရင်ထဲဟာနေခဲ့သည်လေ။ တက္ကသိုလ်ကျောင်းသားဘ၀ရောက်တော့ သူနှင့်ကျနော် သူငယ်ချင်းတွေဖြစ်ခဲ့ပါပြီ။ သူက ကျနော်အမြဲကြောက်ရသော၊ ကျနော့်ကို ဗိုလ်ကျတတ်သော ခပ်ဆိုးဆိုးသူငယ်ချင်း။ လကုန်ရက်တွေဆို ကျနော့်ပိုက်ဆံအိတ်ထဲဝင်ဝင်ပုန်းတတ်သောသူ့ကို ကျနော်အရမ်းမုန်းသည်။ သူကတော့ သူအကျင့်ကို နည်းနည်းမှမပြင်ခဲ့ပါ..။ထိုသို့ဆိုးသော ကျနော့်သူငယ်ချင်း ဗလာဆိုတဲ့ကောင်။ ငယ်ငယ်က နားမလည်ခဲ့သော ဗလာကိုကျနော် ထိုအချိန်များမှာတော့ ကောင်းကောင်းနားလည်တတ်စပြုခဲ့ပါပြီ..။
စနစ်ဆိုးတစ်ခုအောက်မှာ ဘယ်သူတွေအဦးဆုံး စတေးခံနေရပါသလလို့ ကိုယ်ဟာကိုပြန်မေးမိတဲ့ အချိန်မှာကျနော် ရန်ကုန်တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်နေပါပြီ ။
ကျနော်တက်ခွင့်ရခဲ့သောကျောင်းမှာ မပျော်ပိုက်တိုင်း ကျနော်ထိုင်ဖြစ်တဲ့ဆိုင်က တောင်ငူဆောင်အရှေ့က ဦးချစ်ကန်တင်း။ ကြွေကျနေတဲ့ ရွက်သေတွေ ကိုငေးရင်း ၊ ကိုနေ၀င်းရဲ့ နောက်ဆုံးအိပ်မက်သီချင်းကိုခံစားနားထောင်ရင်း၊ ခံစားချက်အချို့ကို အဖန်ရည်နဲ့ မျောချရင်း နေတတ်ဖို့ကြိုးစားခဲ့တဲ့ အခိုက်မှာ ဗလာကောင်ကိုနာကျည်းခဲ့ရပါတယ်။ ဗလာကောင်ရယ်လေ.. လူငယ်တစ်ချို့ရဲ့ ခေါင်းထဲမှာ၊ လူငယ်တစ်ချို့ရဲ့ နှလုံးသားထဲမှာ၊ သူတို့ရှေ့က အနီရောင်ဖျော်ရည်တွေထဲမှာ ၊ သူတို့ပါးစပ်ပေါက်တွေကတစ်ဆင့် သူတို့ အသွေးသားထဲထိ ၀င်ရောက်နေရာယူနေကြလို့… ကံ့ကော်တွေသင်းတဲ့ ကျောင်းဝင်းဟာ အကျည်းတန်နေလေရဲ့။ အဲသည့်ခဏမှာ ဗလာကောင်ကြောင့် ကျနော့်ပါးပြင်ဟာ မျက်ရည်တို့စွန်းခဲ့ပေါ့။ ကျနော့်ကဗျာဟာ ပါးပြင်ထက်မျက်ရည်တို့ဝဲခဲ့ပေါ့…
“There ....
Chairs are empty
Also the tables
Surrounded by deserted chairs
O, see !
The atmosphere of real tranquility at
frequent dawns and twilights within the infinite beauty,
the lives of the Tables and Chairs in fearful silence…
The empty man is drinking tea from empty bowl with the empty hands indeed.
Empty cup after another, having and having, no more tea came out but finally instead,
Only my tears raining onto the table falling through my pale cheeks
And those tears form into a verse and fly into the sky reading itself
Letting me free from falling from any vows
Actually, I never love to take those tea of sorrows,
I do not want to puff those smokes of hopelessness.
I do not desire to sit at the cafe of sadness.
I do not wish to enjoy those evenings of depression.”
အယ့်သည်နေ့ကစလို့ ကျနော်သိလိုက်တာကကျနော်တို့အိပ်ကပ်ထဲ ဗလာကောင်ဝင်မလာဖို့ထက် ကျနော်တို့ နှလုံးသားထဲ ..အို…ကျနော်တို့ ဦးနှောက်တွေထဲဗလာကောင်ကို အ၀င်မခံသင့်ဘူးဆိုတာပါပဲ ..။
ကျနော်ခရီးတွေထွက်ခဲ့တယ်..။ ဂျစ်ပစီတစ်ယောက်လို…။ ကြိုးကြာငှက်တွေလို..။ တိမ်လို..။ လေလို..။ ကျနော်ဗလာကောင်နဲ့ ရဲရဲဝံ၀ံရင်ဆိုင်ခဲ့တယ်..။ ကျနော့်စီတိတ်တိတ်ကလေးဝင်လာတတ်တဲ့ဗလာကောင်ကို ပေါ်ပေါ်တင်တင်တွေ့ ရဖိုကျနော်ရွေးချယ်ခဲ့တဲ့နေရာတချို့က အ၀တ်ဗလာနဲ့ ကလေးတွေနေတဲ့အရပ်စီပါ။ တချို့ ကအပေါ်ပိုင်းဗလာလေးတွေ၊ တချို့ကအောက်ပိုင်းဗလာ… တော်တော်များများကတော့ ခြေထောက်ဗလာလေးတွေ..။
ဆရာတော်ဘုရားကမိန့်တယ်..။ အရင်ကဆိုသူတိုမျက်လုံးတွေဟာဗလာလေးတွေပါတဲ့ …။ ရင်ခွင်ဗလာ… နွေးထွေးမယ့်လက်မရှိ..နှစ်သိမ့်မယ့် စကားလုံးမရှိသော .. မျှော်လင့်ချက်မဲ့ .. မျက်လုံးဗလာလေးတွေတဲ့လေ….။ အေရာဝတီမြစ်ကြီးကိုပျာရည်မြစ်ဖြစ်အောင်လုပ်လို့ …ပဲခူးရိုးမတောင်တန်းကြီးကိုပေါင်မုန်ကြီးအဖြစ်ဖန်တီးပေးလိုက်လို့ သူတိုရဲ့ဗလာဝမ်းဗိုက်ကလေးတွေဖြည့်စည်းပေးလိုက်ရမှာလား ….။ သူတို့ရဲ့ ဗလာမျက်လုံးဗလာနလုံးသားတွေအတွက်ရော… ကျနော် တိုးတိုးလေးညည်းလိုက်မိပါတယ် … မလင်းပြာရေ… လမ်းရဲ့သယ်ဆောင်ရာ ..လမ်းရဲ့သယ်ဆောင်ရာတဲ့လား…..။ ။
ဟိုးအဝေးက တေးသံတပိုင်းတစကတော့ ကျွန်တော့နားအစုံလာရောက်လှောင်ပြောင်လို့…..
“ငယ်စဉ်က ကလေးတို့ဘ၀ဟာ ..ပျော်ပါးဖို့ရာလွယ်ပါတယ် …. “………
ကလေးအားလုံးပျော်နိုင်ကြပါစေလေ…………။
လင်းပြာ.။၊၊
("Empty Tables With Deserted Chairs"by kyawwuna အားခံစားပါသည်)