Thursday, February 24, 2011

မိဘကျေးဇူးကို လျစ်လျူရှုသောနှလုံးသား



မိဘကျေးဇူးကို လျစ်လျူရှုသောနှလုံးသား

အကြင်သူသည် အိုမင်း၍ ပစ္ဆိမအရွယ်သို့ ရောက်ပြီးသော အမိအဖများကို ကျွေးမွေးပြုစုနိုင်စွမ်း သူဖြစ်လျက် မကျွေးမွေးမပြုစုချေ။ ထိုသူကို သူယုတ် မာဟူ၍ သိရာ၏။
အကြင်သူသည် အမိအဖကိုသော်လည်း ကောင်း၊ ညီအစ်ကိုကိုသော်လည်းကောင်း၊ အစ်မနှင့် နှမကိုသော်လည်းကောင်း ယောက္ခမမိန်းမသူ၊ ယော က်ျားသူကိုသော်လည်းကောင်း ရိုက်နှက်ပုတ်ခတ်၏။ ကြမ်းတမ်းသောစကားဖြင့် ညှဉ်းဆဲ၏။ ထိုသူကို သူ ယုတ်မာဟူ၍ သိရာ၏။
(သုတ္တနိပါတ်၊ ဥရဂ၀ဂ်၊ ၀သလသုတ်)
လူတိုင်းသည် လူ့လောကထဲသို့ မွေးဖွား ရောက်ရှိလာခြင်းမရှိသေးစဉ်၊ မိခင်၏ ၀မ်းကြာတိုက် တွင် သန္ဓေသားအဖြစ် ကိန်းအောင်းနေခဲ့ရသည်။ ထို စဉ်ကာလကပင် မိခင်၏ကျေးဇူးသည် သန္ဓေသားအပေါ် စတင်ဖူးပွင့်ခဲ့ခြင်းဖြစ်ပါ၏။ သန္ဓေသားကို ၀မ်းတွင် လွယ်ထားရပြီဆိုကတည်းက မိခင်ဖြစ်သူမှာ မိခင် မေတ္တာဖြင့် အနေအထိုင်၊ အသွားအလာအစားအသောက် အစစဆင်ခြင်ရတော့သည်။ အင်မတန်ကြိုက်နှစ်သက် သော အစားအစာဖြစ်စေ၊ သန္ဓေသားကို ထိခိုက်မည် ဟု ထင်မြင်ပါက စားလိုသော အာသာဆန္ဒကို ယတိ ပြတ်ချိုးနှိမ်ရသည်။ အပူအစပ်ပါသော အစားအစာတို့ ကို မည်မျှပင် နှစ်သက်နေစေ ရှောင်ကြဉ်ရသည်။ မတော်တဆချော်လဲသော် သန္ဓေသားကို ထိခိုက်မည် စိုးသောကြောင့် အသွားအလာလဲ အထူးဆင်ခြင်ရသည်။ သန္ဓေသားကမူ မိခင်၏ ၀မ်းကြာတိုက်တွင် ကိန်း အောင်းနေစဉ်အခါကပင် မိခင်ဖြစ်သူ၏ အစောင့်အ ရှောက်ဖြင့် မိခင်ဖြစ်သူ၏ အာဟာရကို အမှီပြုလျက် တဖြည်းဖြည်း ရှင်သန်ဖွံ့ဖြိုးလာသည်။
မိဘတို့ခမျာ သန္ဓေသားကို ချောချောမော မောအောင်အောင်မြင်မြင် မွေးဖွားလာစိမ့်သောငှာ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ကြိုတင်ပြင်ဆင်ရသည်။ မီး ဖွားချိန်ရောက်သောအခါတွင်လည်း မိခင်ဖြစ်သူခမျာ 'ယောက်ျားဖောင်စီး မိန်းမမီးနေ'ဆိုသည့်ပမာ ခက်ခက် ခဲခဲမွေးဖွားကြရပြန်သည်။ မိခင်တို့၏မွေးဖွားစဉ်ကာလ ခံစားရသော ကာယိကဝေဒနာကို မိခင်တို့သာ အသိ ဆုံးဖြစ်ပါ၏။ ကံမကောင်းအကြောင်းမလှသော မိခင် တို့မှာမူ အသက်နှင့်ရင်း၍ပင် သားသမီးကို မွေးဖွားပေး ခဲ့ရသည်။ ကာယိကဝေဒနာများ၊ ပူပန်သောကများ ဖြင့် မီးဖွားချိန်ကာလကို ကျော်ဖြတ်ပြီး၍ ရင်သွေးရ တနာကို အောင်မြင်စွာ မွေးဖွားပြီးသော အခါတွင်မူ သားသားမီးမီးတို့၏ မျက်နှာကိုကြည့်ပြီး ခံစားခဲ့ရသော ကာယိကဒုက္ခများ မေ့မေ့ ပျောက်ပျောက်၊ ပူပန် စိုးရိမ်ခဲ့ရသမျှလည်း နေလာနှင်းပျောက်။ မွေးကင်းစရင်သွေး ငယ်ကို တစိမ့်စိမ့်ကြည့် ရှုရင်း နှလုံးအိမ်တွင် မိဘမေတ္တာတို့ ယို ဖိတ်စိမ့်ထုံလာခဲ့ပေ သည်။
မွေးဖွားစ အရွယ်မှစတင်၍ တစ် နှစ်ခွဲအရွယ်အထိ မိခင်က ရင်မှဖြစ်သောနို့ချိုကို တိုက် ကျွေးသည်။ မှက်ခြင်ယင် မသန်းရအောင် တပင် တပန်း ဂရုစိုက်စောင့် ရှောက်ရသည်။ နုနယ် ငယ်ရွယ်လွန်းသေး သော ရင်သွေးငယ်သဘာဝ ကျောပူခေါင်းပူထခြင်း၊ လေထိုးလေအောင့်ခြင်းစသော ရောဂါများဖြစ်လာ သောအခါ မိခင်ဖခင်တို့မှာ အိပ်ရေးပျက်ခံလျက် ပြုစု ရပြန်သည်။ ထမင်းနှင့်အစားအစာတို့ကို စတင်စား နိုင်သောအရွယ်သို့ ရောက်သောအခါ မိဘတို့က ယုယုယယကြင်ကြင်နာနာ ခွံ့ကျွေးရသည်။ သားသမီး တို့၏အညစ်အကြေးများကို မရွံမရှာသုတ်သင်ပေးရ သည်။
ကျောင်းတွင် ပညာသင်ကြားသောအခါ၌ လည်း သားသမီးများ စိတ်ချမ်းသာပျော်ရွှင်စွာ ပညာ ဆည်းပူးနိုင်ရေးအတွက် လိုအပ်သမျှ ဖြည့်ဆည်း ထောက်ပံ့ကြရပြန်သည်။ အ၀တ်အထည်တို့ကို မိဘ တို့က သင့်တင့်ရုံခြိုးခြံဝတ်ဆင်စေကာမူ သားသမီးတို့ လူချင်းတူတူ သူချင်းမျှမျှလှလှပပဖြစ်အောင် ဆင်ယင် ပေးကြသည်။ မိမိတို့က မ၀၊ မလှနေစေ သားသမီးတို့ ၀စေလှစေရန် စိတ်ရောကိုယ်ပါ မညည်း မညူဆောင် ရွက်ပေးကြသည်။ သားသမီးတို့အတွက်ဆိုလျှင် နေပူ မိုးရွာမရှောင်၊ ညဥ့်နက်သန်းခေါင်မရွေး တွေဝေတွန့် ဆုတ်ခြင်းအလျှင်းမရှိမူဘဲ စိတ်ရော ကိုယ်ပါ လှိုက်လှိုက်လှဲလှဲသယ်ပိုးထမ်း ဆောင်ကြသည်။ သားသမီးအတွက် ဆိုလျှင် မာန်မာနချ၍ပင် လူအောက် သူအောက် အကျခံဆောင် ရွက်ပေးကြသည်။ သား သမီးတို့၏အသွေးအသား ခန္ဓာထဲတွင် အမိအဖတို့ ကျွေးမွေးပြုစုခဲ့သောကျေး ဇူးတရားများ ထာဝရသန္ဓေတည် ကိန်းဝပ်လျက်ရှိပါ၏။ မိဘတို့ ၏စောင့်ရှောက်မွေးမြူမှုမရှိသော် မည်သည့်သားသမီးမျှ အသက် ရှင်သန်နိုင်မည် မဟုတ်ပေ။
မိဘတို့သည် သားသမီး တို့၏အ ရေးကိစ္စ မှန်သမျှ ငါတို့၏ အ ရေးကိစ္စသာဖြစ်၏ဟူသော သဘောထားကို သူတို့၏ နှလုံးသား၌ ဓာတ်ပုံရိုက်ထားသည့်ပမာ ထာဝရစွဲ ထင်လျက်ရှိပါ၏။ မိဘတို့သည် သားသမီးတို့အကျိုး အတွက် ဆောင်ရွက်ခဲ့ကြရာ၌ 'အမျှော်'ဟူ၍ မြူမှုန် မျှမပါ။ ပကတိဖြူစင်ဝင်းပပါ၏။ မိဘတို့သည် သား သမီးတို့နှင့် ပတ်သက်လာသော် 'ရာနှုန်းပြည့်အပေး သမား' သက်သက်သာဖြစ်ပါ၏။ မိဘတို့သည် မည် သည့်သားသမီးတို့၏ အနှိုင်းမဲ့ကျေးဇူးရှင်ဟူသော အချက်မှာ လှပသောအမှန်တရားဖြစ်ပါ၏။ မည်သူမျှ ငြင်းပယ်၍မရနိုင်သော အမှန်တရားလည်းဖြစ်ပါ၏။
မိသားစုဟူသည် လူ့အဖွဲ့အစည်းတွင် အသိပ် သည်းဆုံး၊ အကျစ်လျစ်ဆုံး ယူနစ်တစ်ခုဖြစ်ပါ၏။ သံ ယောဇဉ်ကြိုးအနှောင်ဖွဲ့ဆုံး၊ ကရုဏာအကြင်နာ တရားတို့ အလွှမ်းခြုံဆုံး အစုငယ်လေးဖြစ်ပါ၏။ ကမ္ဘာ လောကတွင် အနွေးထွေးဆုံး၊ အလုံခြုံဆုံးရိပ်မြုံလေး တစ်ခုလည်းဖြစ်ပါ၏။ ဤရိပ်မြုံကလေးတွင် အမိအဖ တို့က ဘ၀တစ်လျှောက်လုံး သားသမီးတို့အကျိုးအတွက် အရာအားလုံးပေးဆပ်ခဲ့သည်။ အရာအားလုံး လွတ်လွတ် စွန့်လွှတ်သောအပေးသမားသက်သက်အနေဖြင့် သား သမီးတို့ဘ၀အနေမြင့် အခြေတင့်စေရန် အားထုတ်ကြိုး ပမ်းခဲ့သည်။
သားသမီးတို့လည်း ပညာတွေ ပြည့်စုံပြီ။ အလုပ်အကိုင်တွေနှင့်ဖြစ်လာပြီ။ ထိုအချိန်တွင် မိဘ တို့သည် အသက်အရွယ်ကြီးပြင်းလာပြီ။ ၀န်ထမ်းဆို လျှင် သက်ပြည့်ပင်စင်ယူရပြီ။ ကိုယ်ပိုင်လုပ်ငန်းဖြင့် အသက်မွေးသူတို့အဖို့လည်း အသက်အရွယ်အရ စိတ် သွားတိုင်း ကိုယ်မပါတော့။ လုပ်ကိုင်နိုင်စွမ်းရည် လျော့ ကျလာပြီ။ ခန္ဓာကိုယ်တွင်းအင်္ဂါများ ဟောင်းအိုလာ သောကြောင့် ကျန်းမာရေးလည်း အနည်းနှင့်အများ ချို့ယွင်းလာပြီ။ ဆေးဝါးအကူအညီတွေ လိုအပ်လာ ပြီ။ အလုပ်အကိုင်မရှိသောကြောင့် ၀င်ငွေလည်း လျော့ကျလာသည့်အပြင် ကျန်းမာရေးအတွက် အသုံး စရိတ်များလည်းမြင့်မားလာရာ ထိုအချိန်မျိုးတွင် မိအို ဖအိုတို့မှာ သားသမီးတို့၏ ကူညီထောက်ပံ့မှုကို မလွဲ မသွေ လိုအပ်လာပါသည်။
အမှန်တော့ အများစုသော မိဘတို့အနေ ဖြင့် သားသမီးတွေကို လူတစ်လုံးသူတစ်လုံးဖြစ်အောင် ရှိသမျှ ပစ္စည်းဥစ္စာများကို ပုံအောပံ့ပိုးခဲ့သောကြောင့် အသက်အရွယ်ကြီးပြင်းလာချိန်တွင် စုဆောင်းမိခြင်း မရှိတော့။ အကယ်၍ သားသမီးတို့ကို ကျွေးမွေးပြုစု ထောက်ပံ့ခြင်းအတွက် ကုန်ကျမည့်ငွေကြေးကိုသာ စု ဆောင်းထားရှိခဲ့လျှင် အမိအဖတို့တွင် 'အိုစာမင်းစာ' လုံလောက်နိုင်ပါသည်။ သားသမီးတို့အနေဖြင့် ''သြော်- ငါ့အမိအဖတို့၊ ငါတို့သားသမီးတွေအတွက် ငွေကြေး သုံးစွဲရသောကြောင့် အိုစာမင်းစာမဖူလုံရှာတာပါလား၊ ဒီအတွက် မိမိတို့မှာ တာဝန်အရှိဆုံးဖြစ်ပါကလား''ဟူ ၍ နှလုံးသွင်းအပ်ပါ၏။ စားဝတ်နေရေးအရလည်း ကောင်း၊ ကျန်းမာရေးအရလည်းကောင်း မိဘတို့တွင် အကူအညီလိုအပ်နေချိန်၌ ဖြည့်စွမ်းပေးဖို့ တာဝန်အရှိ ဆုံးသူမှာ သားသမီးတို့သာဖြစ်ပါ၏။
အယူဟူ၍မရှိ၊ အပေးချည်းသာရှိသော မိဘများ အိုမင်းမစွမ်းဖြစ်လာသောအခါ သားသမီးတို့ အနေဖြင့် မိဘတို့ကို တုံ့ပြန်၍ မြတ်မြတ်နိုးနိုးပြုစု စောင့်ရှောက် ရမည်ဖြစ်ပါသည်။ မိဘတွေက သားသမီးတွေအပေါ် သန့်စင်သော မေတ္တာကရုဏာအရင်းခံဖြင့် ကျွေးမွေး ပြုစုခဲ့ခြင်းဖြစ်သလို သားသမီးတို့က တုံ့ပြန်ကျေးဇူးပြု ရာတွင် မေတ္တာကရုဏာစိတ်အရင်းခံဖြင့် ပြုသင့်ပါ၏။ အကဲ့ရဲ့လွတ်ရုံ၊ အများအမြင်ကောင်းရုံ၊ ၀တ်ကျေတန်း ကျေမပြုအပ်ပါပေ။ နှစ်နှစ်ကာကာ ကျေးဇူးသိစိတ်ဖြင့် ရိုရိုသေသေလေး လေးမြတ်မြတ်ကျေးဇူးတုံ့ပြန်အပ်ပါ ၏။ ဤသည်နှင့် စပ်လျဉ်း၍ အရှင်တေဇိန္ဒာဘိဝံသ ဆရာတော်ကြီးက-
''မိဘကို ပြန်လည်ထောက်ပံ့ကြတဲ့အခါမှာ နည်းသိဖို့လိုတယ်။ အချို့က အကဲ့ရဲ့လွတ်ရုံဆိုတဲ့ သဘောနဲ့ ဖြန့်တော့ပေးကမ်းကြပါရဲ့။ ဒါပေမဲ့ သူတေင်း စားပေးပေးတယ်။ ဒီလိုမပေးကြနဲ့။ အသေအချာစည်း ကမ်းတကျဖြစ်စေရမယ်။ မိဘကို အမြင့်မှာ ထိုင်ခိုင်း သားသမီးက ရိုသေကျိုးနွံစွာ အောက်မှာထိုင်၊ လှူ မယ့်ငွေကြေးပစ္စည်းကို ခုံပေါ်တင်၊ သားသမီးက လက် အုပ်ချီကန်တော့ပြီး ပေးလှူကြ။ တို့ဘုန်းကြီးတွေကို မင်းတို့လူတွေက ရှိခိုးလှူဒါန်းကြသလိုပေါ့''
မိဘတို့ထံမှ ယူစရာရှိသည်များကို ရာနှုန်း ပြည့်ရုံမျှမက ပိုမိုလျှံလျှံသာသာထိုးထိုးရယူခဲ့သည်။ မိမိ တို့က ပြန်လည်ပေးဆပ်ရမည့်အချိန်တွင် တွန့်တွန့် တိုတိုဆုတ်ဆုတ်နစ်နစ်ဖြစ်နေပါက အဘယ်မှာလျှင် သားကောင်းသမီးကောင်းဖြစ်ပါမည်နည်း။ မိဘနှစ်ပါး အပေါ်တွင်မှ ကျေးဇူးကြွေးကို ပေးဆပ်ရကောင်းမှန်း မသိသော သူ၏နှလုံးသားသည် လူ့နှလုံးသားဖြစ်နိုင် ပါမည်လော။ မိဘနှစ်ပါးအပေါ်တွင်မှ မေတ္တာကရုဏာ ထားရကောင်းမှန်းမသိသောသူသည် အခြားသူစိမ်း တစ်ရံဆံသူများအပေါ်တွင် စိတ်ကောင်းစေတနာ ကောင်းမွေးမြူနိုင်ပါမည်လော။ အသက်သခင်ကျေးဇူး ရှင်မိဘနှစ်ပါး အတိဒုက္ခရောက်နေစဉ် မသိကျိုးကျွံပြု လျစ်လျူရှုရက်သော နှလုံးသားလောက် ရက်စက် သော နှလုံးသားအဘယ်မှာလျှင် ရှိနိုင်ပါအံ့နည်း။ မိဘ တို့အပေါ်တွင် တာဝန်မဲ့အေးစက်သော နှလုံးသားရှိ သူလောက် ကြောက်မတ်ဖွယ်ကောင်းသူမရှိနိုင်။ ဤ သည်နှင့်စပ်လျဉ်း၍ ရွှေကျင်သာသနာပိုင်ရွှေဟင်္သာ ဆရာတော်ကြီးက ဤသို့ ဆုံးမတော်မူခဲ့ပါ၏။
''မိဘ၀တ္တရားကိုမျှ မကျေပွန်သော သား သမီးတို့သည် ဤလောကကြီး၌ ဆရာသမားလူကြီး မိတ်သင်္ဂဟတို့နှင့်စပ်သော ၀တ္တရားကို ကျေပွန်နိုင် တော့မည်မဟုတ်။ ဆက်လက်၍ စဉ်းစားလျှင် မိဘ တို့အပေါ်၌ တာဝန်မကျေသော လူမျိုးသည် အလွန် ကြောက်မက်ဖွယ်ရာကောင်းသော လူစားအဖြစ်သို့ ကျရောက်ပေတော့သည်ဟု သတိထားရန် သင့်ပေ သည်။''
ရှေးအတိတ်ဘ၀များစွာက ရေစက်ရှိခဲ့ သောကြောင့်သာ ယခုဘ၀တွင် အမိအဖသားသမီး တော်စပ်ကြခြင်းဖြစ်ပါ၏။ တစ်အူထုံ့ဆင်းညီရင်း အစ်ကိုမောင်ရင်းနှမများအဖြစ် တော်စပ်ကြခြင်းဖြစ်ပါ ၏။ ယောက္ခမအဖြစ် တော်စပ်ရခြင်းဖြစ်ပါ၏။ အမိ အဖညီအစ်ကိုမောင်နှမဟူသော မိသားစုဝင်များသည် အရင်းနှီးဆုံးပုဂ္ဂိုလ်များဖြစ်သကဲ့သို့ အနီးစပ်ဆုံးပုဂ္ဂိုလ် များလည်းဖြစ်ပါ၏။ မိမိ၏ ကာယကံကြောင့်ဖြစ်စေ၊ ၀စီကံကြောင့်ဖြစ်စေ အမိအဖတို့ကိုလည်းကောင်း၊ ညီ အစ်ကိုတို့ကိုလည်းကောင်း၊ အစ်မနှမတို့ကိုလည်း ကောင်း၊ ယောက္ခမယောက်ျားသူ မိန်းမသူတို့ကိုလည်း ကောင်း၊ စိတ်နှလုံးထိခိုက်စေခြင်းမဖြစ်သင့်။ နာကျင် စေခြင်းမဖြစ်သင့်။ ရှေးရေစက်ကြောင့် တစ်မိသားစု ၀င်ဖြစ်လာသူ၊ ဆွေမျိုးတော်စပ်လာသူများကို မိမိက နွေးနွေးထွေးထွေး အေးအေးသာသာ ဆက်ဆံသင့်ပါ ၏။ ချစ်ချစ်ခင်ခင်ကြင်ကြင်နာနာ ဆက်ဆံသင့်ပါ၏။ မိမိ၏ အပြုအမူအပြောအဆိုများက မိဘတို့ကိုလည်း စိတ်ချမ်းသာစေသင့်သည်။ ညီရင်းအစ်ကိုတို့ကိုလည်း စိတ်ချမ်းသာစေသင့်သည်။ နှမအစ်မတို့ကိုလည်း စိတ် ချမ်းသာစေသင့်သည်။ ယောက္ခမ ယောက်ျားသူ မိန်းမသူတို့ကိုလည်း စိတ်ချမ်းသာစေသင့်သည်။ မိဘ ညီအစ်ကိုမောင်နှမတွေအပေါ်မှာ မေတ္တာစေတနာ ကောင်းမထားနိုင်သူ၏ နှလုံးသားသည် အကျည်းတန် နှလုံးသားသာဖြစ်ပါ၏။
အထက်ပါဘုရားရှင်၏ အဆုံးအမတော်အရ မိဘကျေးဇူးကို မဆပ်သောသူသည် မည်သို့သော ပုဂ္ဂိုလ်ဖြစ်ကြောင်း၊ မိဘညီအစ်ကိုမောင်နှမတို့အပေါ် ကာယကံဝစီကံတို့ဖြင့် ပြစ်မှားစော်ကားသောသူသည် မည်သို့သော ပုဂ္ဂိုလ်ဖြစ်ကြောင်း ကောင်းစွာသိမြင် နားလည်လျက် မိဘကျေးဇူးကို ပေးဆပ်တတ်သူများ ဖြစ်ရန်နှင့် မိဘညီအစ်ကိုမောင်နှမတို့ကို စိတ်နှလုံး ချမ်းမြေ့စေတတ်သူများဖြစ်အောင် ဘ၀တစ်လျှောက် လုံး အားထုတ်ကြိုးပမ်းသွားအပ်သင့်ပါသည်။ မိဘ ကျေးဇူးကို လျစ်လျူရှုသော နှလုံးသားမျိုးကို သိမ်း ပိုက်ထားမိခြင်းမရှိသင့်ပါပေ။ ။


မင်းနန်(မော်ကျွန်း)