Wednesday, February 9, 2011

အကုသိုလ်၊ သစ်ပင် နှင့် ၀န်းကျင်ထိန်းသိမ်းမှု



အကုသိုလ်၊ သစ်ပင် နှင့် ၀န်းကျင်ထိန်းသိမ်းမှု

လူထုထဲကို ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိတွေ ဖြန့်ဝေတဲ့နေရာမှာ ဘယ်လို လမ်းကြောင်းကဖြစ်ဖြစ် ပေးတတ်ရင် ရောက်တယ်ဆိုတာလေးကို အခုတင်ပေးမယ့် ဆောင်းပါးလေးက သက်သေပြနေပါတယ်။ စာဖတ်သူ ပရိသတ်တွေ များလာတဲ့ ဒီဆရာတော်လေးရဲ့ ဆောင်းပါးက ဘာသာရေး အသိသာမက ပတ်ဝန်းကျင်ထိန်းသိမ်းမှု အသိတွေကိုပါ ပေးနိုင်ခဲ့တာကို တွေ့ရှိရပါတယ်။ ဒီလို စာကောင်းပေမွန်လေးတွေကို ဘလော့ပေါ်က မိတ်ဆွေများနဲ့ပါ မျှဝေပေးချင်တာမို့ ဆရာတော်လေး ရဝေနွယ် (အင်းမ)ရေးတဲ့ အကုသိုလ်၊ သစ်ပင် နှင့် ၀န်းကျင် ထိန်းသိမ်းမှု ဆိုတဲ့ ဆောင်းပါးလေးကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။
...............................................................................................................
ဆရာတော် ရဝေနွယ်(အင်းမ) ၏ အကုသိုလ်၊ သစ်ပင် နှင့် ၀န်းကျင်ထိန်းသိမ်းမှု

မနက်စောစော ကော်ဖီသောက်ရင်းနဲ့ ပြုခဲ့တဲ့ ကုသိုလ် စာရင်းလေးကို ပြန်ဖတ်ရင်း၊ ပြန်တွေးဖြစ်ရင်းနဲ့ စိတ်က အလိုလို ကြည်နူးလာပါတယ်။ သိပ်များများ စားစားကြီး မဟုတ်ခဲ့ပေမယ့် တချို့ကုသိုလ်လေးတွေကိုတော့ ဒီနေ့အထိ သတိတရရှိနေတုန်းပါ။ ဥပမာ - အသက်(၅၀)ကျော် အသားမည်းမည်း အမျိုးသမီးကြီးတစ်ယောက် ခေါင်းပေါ်က မုန့်ဗန်းကြီး မှောက်ကျသွားလို့ ငိုနေတာ တွေ့ရတော့ ပါလာတဲ့ ငွေတချို့ကို ထုတ်လှူဖြစ်ခဲ့တာမျိုးလေးတွေပါ။ အဲဒီလို အပြုအမူ ကုသိုလ်လေးကို ပြန်ဖတ်မိတိုင်း၊ ပြန်တွေးမိတိုင်း ကြည်နူးရမြဲပါ။ စာလိုပြောရင်တော့ အပရစေတနာပေါ့။
ကုသိုလ်စာရင်းကို မှတ်တမ်းတင်ဖြစ်သလို ပြုခဲ့တဲ့ အကုသိုလ်စာရင်းကိုလည်း ဘယ်ညာပူးတွဲပြီး မှတ်တမ်းများတင်နိုင်ခဲ့ရင် ဘယ်စာရင်းက အလေးသာသွားမလဲ၊ ကုသိုလ်ကလား၊ အကုသိုလ်ကလား၊ ပုထုဇဉ်ပီပီ အကုသိုလ်တွေကို အကြိမ်ကြိမ်တွေးခဲ့၊ အကြိမ်ကြိမ်ပြောခဲ့၊ အကြိမ်ကြိမ်ပြုခဲ့တာပါ။ သီးသန့်မှတ်တမ်း မရှိခဲ့လို့ အရေအတွက် မသိရတာသာ ရှိမယ်။ တွေးခဲ့၊ ပြောခဲ့၊ ပြုခဲ့မိတာတွေကတော့ မမြင်ရတဲ့ အရေအတွက်တစ်ခု အနေနဲ့ တည်ရှိနေကြမှာပါ။
အဲဒီအတွေးတွေဖြစ်ရင်း အခုပြောပြမယ့် ၀တ္ထုလေးက စဉ်းစားစရာအဖြစ် ပေါ်လာခဲ့တာပါ။

မဇ္ဈိမဒေသ အိန္ဒိယနိုင်ငံမှာ ဥရုဝေလလို့ အမည်ရတဲ့ သဲတောင်ကြီး တစ်တောင် ရှိခဲ့ဖူးပါတယ်။
အဲဒီ သဲတောင်ကြီး ဖြစ်ပေါ်လာပုံသမိုင်းကြောင်းက ဒီလိုပါ။
မြတ်စွာဘုရား ပွင့်တော်မမူမီကာလ အဲဒီဝန်းကျင်ဒေသမှာ ရသေ့တစ်သောင်းနေထိုင်ခဲ့ကြပါတယ်။ တစ်ပါးနဲ့ တစ်ပါး ချစ်ခင်ရိုသေမှု ရှိသလို၊ တစ်ပါးရဲ့ စကားကိုလည်း တစ်ပါးက ရိုသေလိုက်နာလေ့ရှိပါတယ်။
တစ်နေ့မှာ ရသေ့တစ်သောင်းဟာ စည်းဝေးပွဲတစ်ခု ကျင်းပကြပါတယ်။ သူတို့ရဲ့ စည်းဝေးပွဲမှာ အဓိက အဆိုတင်သွင်းမှုနဲ့ ထောက်ခံမှု ကတိက၀တ်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
ငါ့ရှင် ရသေ့အပေါင်းတို့၊ ကာယကံအပြစ်နဲ့ ၀စီကံအပြစ်တွေကတော့ တစ်ပါးသူတွေ သိဖို့သိပ်ထင်ရှားတယ်။ မနောကံကျတော့ တစ်ပါးသူသိဖို့ မထင်ရှားတော့ဘူး။ ဒါ့ကြောင့် ရသေ့တစ်ပါးပါးဟာ ကာမဂုဏ်နဲ့ စပ်တဲ့ အကြံ၊ ဒေါသနဲ့ စပ်တဲ့ အကြံ၊ သူတစ်ပါးကို ညှဉ်းဆဲ သတ်ဖြတ်လိုတဲ့ အကြံ စတဲ့ အကြံတွေကို ကြံမိခဲ့ရင် ဘယ်သူမှ အပြစ်ပြောမယ့်သူ၊ ဆုံးမမယ့်သူ မရှိတော့ဘူး။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် ကိုယ်တိုင် အပြစ်တင်ပြီး ဒဏ်ခတ်တဲ့အနေနဲ့ အကုသိုလ်တစ်ခုခုကို ကြံခဲ့၊ တွေးခဲ့မိရင် မြစ်ဆိပ်က သဲကို ဖက်နဲ့ယူပြီး ဒီနေရာမှာ ပုံရမယ်။ ဒီအပြုအမူဟာ ကိုယ့်အပြစ်ကို ကိုယ်တိုင် ဒဏ်ထမ်းခြင်းဖြစ်တယ်။
ရသေ့တွေဟာ သူတို့ပြုခဲ့တဲ့ ကတိက၀တ်အတိုင်း အကုသိုလ် တစ်ခုခုကို ကြံမိ၊ တွေးမိတိုင်း မြစ်ဆိပ်ကနေ သဲကို ဖက်ရွက်နဲ့ သယ်ပြီး သတ်မှတ်ထားတဲ့ နေရာမှာ သွားပြီး ပုံလေ့ရှိပါတယ်။ ကာလာတွေကြာလာတော့ စောစောက ပြောခဲ့တဲ့ ဥရုဝေလလို့ ခေါ်တဲ့ ကြီးမားတဲ့ သဲတောင်ကြီး ဖြစ်လာခဲ့ပါတယ်။
ရသေ့တွေ စုပုံခဲ့တဲ့ သဲတောင်ကြီးဟာ ကာလကြာကြာတစ်ခုအထိ တည်ရှိနေခဲ့မှာပါ။ လူသားတွေက အဲဒီသဲတောင်ကြီးကို ကြည့်ပြီး တော်တော် အကုသိုလ်များတဲ့ ရသေ့တွေပါလားလို့ ဘယ်သူမှ ကဲ့ရဲ့မယ် မထင်ပါဘူး။ မကဲ့ရဲ့မယ့်အပြင် ဒီသဲတောင်ကြီးဟာ ရသေ့တွေရဲ့ ရိုးဖြောင့်မှု၊ မာယာသာဌေယျကင်းမှု၊ လူသားပီသတဲ့ သတ္တိရှိမှု စတဲ့ သင်္ကေတပြယုဂ်ကြီးပဲလို့ နှလုံးသွင်းပြီး ဆထက်ထမ်းပိုး တိုး၍တိုး၍သာ ကြည်ညိုဖြစ်ကြမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ လူသားတွေဟာ ရိုးဖြောင့်မှုကို ကြည်ညိုတတ်တဲ့ သဘာဝက အစဉ်အမြဲရှိနေတတ်ကြလို့ပါ။
ဒီခေတ်မှာကော ရသေ့တွေရဲ့ အပြုအမူကို အတုယူဖြစ်ရင် ကောင်းမလားလို့ပါ။
တစ်ခုတော့ ရှိတာပေါ့လေ၊ ရသေ့တွေလို ရန်ကုန်မြစ်ထဲ၊ ဒေါပုံမြစ်ထဲက သဲတွေယူပုံလို့တော့ ဘယ်ဖြစ်တော့မလဲ၊ တိုက်တာအဆောက်အဦတွေက နေ့စဉ်ဆောက်နေကြရတာဆိုတော့ သဲတွေက တိုက်တာ အဆောက်အဦတွေအတွက် အသုံးချနေရတာကိုး။
ဒါဆို ဘာလုပ်ကြရင် ကောင်းမလဲ၊ စဉ်းစားဖြစ်တာကတော့ သစ်ပင်စိုက်ကြရင် ကောင်းမလား လို့ပါ။
အကုသိုလ်တစ်ခုခုကို တွေးမိ၊ ပြောမိ၊ ပြုလုပ်မိတိုင်း သစ်ပင်တစ်ပင်ပင် စိုက်လိုက်ဖို့ပါပဲလေ။ သစ်ပင်စိုက်ဖို့ နေရာတစ်ခုကိုတော့ သတ်မှတ်ထားကြရမှာပေါ့။
ကာလကြာလာတာနဲ့အမျှ တောအုပ်ကြီးတစ်ခုဖြစ်လာမှာပါ။ ဒါဆို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းပြီးသားလည်း ဖြစ်၊ ရာသီဥတုကိုလည်း သာယာစေ၊ ပူအိုက်လှတဲ့ ရာသီဥတုကိုလည်း ကာကွယ်နိုင်၊ မိုးနည်းဒေသဆိုတာလည်း လျော့ပါး စသည်ဖြင့် တွေးမယ်ဆို အကျိုးသက်ရောက် မှုတွေ အများကြီးပါ။
ပြီးတော့ အဲဒီတောအုပ်ကြီးကို ဘယ်သူကမှ အကုသိုလ်တောအုပ်ကြီးလို့ ခေါ်မယ် မထင်ပါဘူး။ ဒါလူသားတွေရဲ့ ရိုးဖြောင့်မှု သင်္ကေတပြယုဂ်ကြီးတစ်ခုအဖြစ်ပဲ သတ်မှတ်ကြည်ညိုလေးစားဖြစ်ကြမှာပါ။
လူ့သဘာဝအရ ဘယ်သူမှ အကုသိုလ်နဲ့ မကင်းကြပါဘူး၊ အကုသိုလ်ကို ဖုံးကွယ်သူနဲ့ ဖွင့်လှစ်ဖော်ထုတ်ပြ၀ံ့သူသာ ကွာသွားပါလိမ့်မယ်။
နောက် လူ့သဘာဝတစ်ခုက အကုသိုလ်ကို ဖုံးကွယ်သူကို စက်ဆုပ်ပြီး ဖွင့်လှစ်ဖော်ထုတ်ပြ၀ံ့သူကို ကြည်ညိုလေးစားတတ်ကြတာပါ။ အဓိကကတော့ သစ်ပင်စိုက်ရဲတဲ့ သတ္တိပါ။
အဲဒီတောအုပ်ထဲမှာ အလွှာမျိုးစုံ၊ နယ်ပယ်စုံက လူတွေရဲ့ သစ်ပင်တွေကို တွေ့ကြရမှာပါ။
ဟောဒါကတော့ ဆရာ ချစ်ဦးညိုရဲ့ သစ်ပင်၊ ဒါကတော့ ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ သစ်ပင်၊ ဒါက ဆရာ ဦးဝင်းငြိမ်းရဲ့ သစ်ပင်၊ ဒါကတော့ ကိုဦးဆွေရဲ့ သစ်ပင်၊ ဒီသစ်ပင် လှလှကလေးကတော့ ဘယ်မင်းသမီးကလေးရဲ့ သစ်ပင်၊ ဒီသစ်ပင်ကြီးကတော့ ဘယ်စီးပွားရေးသမားကြီး သစ်ပင်၊ ဒီသစ်ပင် အမြင့်ကြီးကတော့ ဘယ်အထူးကု ဆရာဝန်ကြီး ရဲ့ သစ်ပင် စသည် စသည်ဖြင့်ပေါ့။ ကမ္ဗည်းမှတ်တိုင်တွေနဲ့ အလွှာမျိုးစုံ နယ်ပယ်စုံက လူတွေရဲ့ သစ်ပင်မျိုးစုံကို တွေ့ကြရမှာပါ။ ပြီးတော့ အဲဒီသစ်ပင်တွေကို ကြည့်ပြီး ကြည်ညိုမှု သဒ္ဓါတရားတွေလည်း ပွားဖြစ်ဦးမှာပါ။
တကယ်လို့သာ အဲဒီတောအုပ်ကြီးဖြစ်ခဲ့ရင် မိမိကိုယ်တိုင်လည်း သစ်ပင် သွားစိုက်လိုက်ချင်ပါတယ်။ ဘယ် နှစ်ပင်လောက် စိုက်ဖြစ်မယ်တော့ မသိပါဘူး။ စိုက်ဖြစ်ဖို့ကတော့ အသေအချာပါ။
တောအုပ်ကြီးသာ ဖြစ်လိုက်ပါတော့။

သစ်ပင်သွားစိုက်ရင်းနဲ့ အဲဒီတောအုပ်ကြီးထဲမှာပဲ ကိုယ့်ရဲ့ ပစ္စုပ္ပန်တည့်တည့်မှာ ဖြစ်နေတဲ့ စိတ်ကလေးကို သတိကပ်ပြီး ဘယ်လိုစိတ်ကလေး ဖြစ်နေသလဲ။ အဲဒီဖြစ်နေတဲ့ စိတ်ကလေးက ဘယ်လိုသဘောလေး ဖြစ်နေတာလဲ စသည်ဖြင့်ပေါ့။ ဥပမာ - လောဘဖြစ်နေတယ်ဆိုရင်လဲ လောဘလေးက ဘယ်လို သဘောလေး ဖြစ်နေတာလဲ၊ လောဘရဲ့ သဘောလေးက ဘယ်လိုလေးလဲ စသည်ဖြင့် ဖြစ်နေတဲ့ လောဘစိတ်ကလေးကို သတိကပ်ပြီး လောဘဖြစ်တယ်၊ လောဘဖြစ်တယ်ဆိုပြီး စိတ်ကို ရှုမှတ်တဲ့ စိတ္တာနုပဿနာခေါ်တဲ့ သတိပဌာန်တရားလေးလည်း ခန္ဓာကိုယ်တစ်နွေးစာလောက် ရှုမှတ်ချင်ခဲ့ချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီရှုမှတ်စဉ်ကာလလေးမှာ ငြိမ်းချမ်းတဲ့ ဘ၀လေးတစ်ခုခုကို တဒင်္ဂပဲဖြစ်ဖြစ် ရလိုက်ချင်လို့ပါ။

Environmental Issue (ရဝေနွယ် (အင်းမ)
http://greenmyanmar.blogspot.com/2008/02/blog-post_28.html